Chapter (16)
"ဟင်?"
ယန်ကျစ်ချန်လည်း ခဏတာမျှ အံ့အားသင့်သွားခဲ့မိသည်။
"ငါ... မဟုတ်ပါဘူး။"
စုန့်ကွမ်းနန်သည် သက်ပြင်းချကာ အားကိုးရာမဲ့သွားပုံဖြင့် :"ထားလိုက်တော့။"
တစ်ဖက်က သူ့စကားကို လုံးဝ မယုံကြည်ပုံပင်။
"ဟင့်အင်း။ တကယ် မဟုတ်ပါဘူး။" စုန့်ကွမ်းနန်၏ အမူအရာကို မြင်သောအခါ ယန်ကျစ်ချန်မှာ :"သူတို့ကို ငါမသိဘူး။ ငါ့ကိုလိုက်ရှာနေတာတွေဘာတွေ မင်းလည်း မမြင်ဖူးဘဲနဲ့။"
စုန့်ကွမ်းနန်က ပြန်မဖြေဘဲ ခေါင်းသာ ငုံ့ထားလေသည်။
"ဟေ့ ငါ သူ့ကို သူငယ်ချင်းအဖြစ်တောင် မထည့်ထားဘူး။"
ယန်ကျစ်ချန်သည် သူ၏အိတ်ကပ်ထဲရှိ ဖုန်းကို လှမ်းယူလိုက်ချင်သော်လည်း PE စာသင်ခန်းထဲမှာ သူ့ဖုန်းကို ထားခဲ့မိသည်အား ပြန်သတိရသွားသည်။
'သေလိုက်ပါတော့'
သူ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ တစ်ဖက်ရှိ စုန့်ကွမ်းနန်သည် ဘာမှထပ်မပြောလာဘဲ စက်ပစ္စည်းအခန်း၏ သံတံခါးရှေ့မှာသာ ရပ်နေ၏။
တိမ်ဖုံးနေသော ကောင်းကင်၏ အလင်းရောင်ပါးပါးလေးသည် အခန်းထဲရှိ တစ်ခုတည်းသော အလင်းလေးပမာ လင်းလက်တောက်ပနေပြီး ယန်ကျစ်ချန်သည် သံစင်ပေါ်တွင် သံချေးတက်နေသော အရာများကို မြင်လိုက်ရသည်။ အမည်မသိ ဒေါသတစ်ခုက သူ့ရင်ထဲမှာ ပေါက်ဖွားလာ၏။
'ဒါဆို စုန့်ကွမ်းနန်က အဲဒီလူရမ်းကားတွေနဲ့ သူက တစ်ဖွဲ့တည်းလို့ ထင်နေတာလား။
ဒါပေမဲ့ သူမဟုတ်တာ အသိသာကြီးကို!'
စုန့်ကွမ်းနန်ကဲ့သို့ပင် သူသည်လည်း သားကောင်ဖြစ်ခဲ့သည်။ ယန်ကျစ်ချန်မှာ အထင်လွဲခံရခြင်းကို မုန်းတီးသောကြောင့် စုန့်ကွမ်းနန်ကို ရင်ဆိုင်ရန် ခေါင်းမာလှသော တွန်းအားကို ရုတ်တရက် ခံစားလိုက်ရ၏။
သူသည် ထိုအဖွဲ့နှင့် အမှန်တကယ် မပူးပေါင်းခဲ့ချေ။ သူ ထိုအကြောင်းကို ကြားသိခဲ့ရုံသာ ဖြစ်သည်။ ထို့အပြင် သူတို့ကို သော့ခတ်ထားမှုသည်လည်း အရှိန်အဟုန်ဖြင့် ဆုံးဖြတ်ချက်တစ်ခုသာဖြစ်သည်။
ဤသည်မှာ အစိုးရကျောင်းဖြစ်သည်။ မျက်နှာသာပေးမှုများက အများကြီး မရှိနေချေ။ စက်ပစ္စည်းအခန်း၏ သော့သည် PE ဆရာထံ၌ ရှိသင့်သည်။ ထို့ကြောင့် အနှီဒုက္ခအိုးဟာ အချိန်တိုလေးအတွင်း၌ မခိုးနိုင်လောက်ချေ။
'ဒီတော့…တံခါးကို တကယ် သော့ခတ်ထားတာလား။'
ဤအချက်ကို တွေးကြည့်ပြီးနောက် ယန်ကျစ်ချန်သည် စုန့်ကွမ်းနန်အနားမှ အမြန်ဖြတ်ကျော်ကာ တံခါးကို သူ့ပခုံးဖြင့် ဆောင့်တိုက်လိုက်သည်။ ဝုန်းဟူသော အသံကြီး ထွက်ပေါ်လာသောအခါ စုန့်ကွမ်းနန် မော့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ယန်ကျစ်ချန်ဆီသို့ သင့်လျော်သော အကြည့်တစ်ချက် ပေးလိုက်သည်။
"မင်းကို လှည့်စားဖို့အတွက်နဲ့တော့ သူတို့နဲ့ ပူးပေါင်းပြီး သိက္ခာမဲ့တဲ့ ကိစ္စကို ငါလုပ်မှာ မဟုတ်ဘူး။"
ယန်ကျစ်ချန် တိုတိုတုတ်တုတ်ပဲ ပြောလိုက်သည်။ စုန့်ကွမ်းနန်၏ လှုပ်ရှားမှုတို့ ခေတ္တ ရပ်တန့်သွားသလိုပင်။
သို့သော်လည်း သူသည် ထိုလူငယ်၏ အတွင်းစိတ်ထဲက အနှောက်အယှက်ကို မစိုးရိမ်လိုတော့ပေ။ သူ့ဘာသာ သတ္တုတံခါး လက်ကိုင်ကို ဆွဲကိုင်ကာ စတင် လှုပ်ယမ်းလိုက်သည်။ တံခါးမှာ သူ့ကြောင့် တဝုန်းဝုန်း တုန်လှုပ်လာ၏။ ထိုအခိုက်တွင် စုန့်ကွမ်းနန်သည်လည်း နောက်ဆုံးတွင်တော့ သူ၏ စိတ်ရှုပ်ထွေးမှုကို ဖယ်ချလိုက်ပုံရသည်။
"မင်းဘာလုပ်နေတာလဲ။"
"ဂရုမစိုက်နဲ့ !"
ယန်ကျစ်ချန် တံခါးကို ပြင်းပြင်းထန်ထန် ပိတ်ကန်လိုက်ပြန်သည်။ ပစ္စည်းခန်းပါ ကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် တံခါးအပြင်ဘက်မှ သံကြိုးချော်ကျသံကဲ့သို့ စူးရှသော အသံတစ်ချက် ထွက်ပေါ်လာသည်။
လေပြင်းတစ်ချက် အခန်းထဲ ဝှေ့ဝဲတိုက်ခတ်လာ၏။
တံခါးပွင့်လာပြီးနောက် အဝေးရှိ ကစားကွင်းကြီး ပြန်လည် ပေါ်ထွက်လာခဲ့သည်။ လတ်ဆတ်သော လေများ လျင်မြန်စွာ ဝင်ရောက်လာသောကြောင့် ယန်ကျစ်ချန် ချက်ချင်းပင် လန်းဆန်းသွားခဲ့သည်။
“ငါပြောပါတယ် ငါမဟုတ်ပါဘူးလို့။” သူက ဣန္ဒြေရှိသွားဟန် ဟန်ဆောင်လိုက်ပြီး။
"သူ့မှာ သော့မရှိလို့ တံခါးကို သော့မခတ်သွားဘူး။ ငါတို့ကို ဖြီးဖြန်းနေတာ။"
ထိုသို့ပြောပြီးနောက် ယန်ကျစ်ချန် လှည့်ထွက်သွားသည်။ သို့သော် ခြေတစ်လှမ်း လှမ်းပြီးနောက် သူ့အနောက်မှ အသံတစ်သံအား ကြားလိုက်ရသည်။
“တောင်းပန်ပါတယ်။” စုန့်ကွမ်းနန်၏အသံက သူ့အနောက်မှ တိုးညင်းစွာ လွင့်ပျံလာကာ : “ဒါ… ဒါပေမဲ့ ဖျာကို မရွှေ့ရသေးဘူး။”
…အာ။
ဖျာ။
ယန်ကျစ်ချန် တအံ့တသြဖြင့် တိခနဲ ရပ်လိုက်သည်။
သူ ထိုအရာကို မေ့သွားခဲ့သည်။
“ဟုတ်သားပဲ။”
ပြန်လှည့်ပြီးနောက် ခြောက်ကပ်ကပ်ဖြင့် တုံ့ပြန်လိုက်သည်။
“သွား…သွားကြရအောင် ဘာပဲဖြစ်ဖြစ် ငါတို့ အခုမသွားရင် နောက်ကျမှာ သေချာတယ်။”
ယန်ကျစ်ချန်၏ ဒေါသမှာ တံခါးဖွင့်လိုက်ရုံဖြင့် မပျောက်ကွယ်သွားသေး။ သူ ယခု စုန့်ကွမ်းနန်ကိုလည်း ဂရုမစိုက်ချင်တော့ချေ။ ထိုသို့ပြောပြီးနောက် ပါးစပ်ကိုပိတ်ကာ ဆွံ့အသွားဟန်ဖြင့် ဖျာကိုသာ ကူရွှေ့ပေးခဲ့သည်။
ဆရာသည် စိတ်မ၀င်စားဘဲ သူတို့ကို စကားအနည်းငယ် ပြောပြီးသာ ပြန်လွှတ်လိုက်သည်။ အားကစားခန်းမထဲ၌ ယန်ကျစ်ချန်သည် သူ့ဘေးတွင် ရပ်နေသော စုန့်ကွမ်းနန်ကို တစ်ချိန်လုံး လျစ်လျူရှုထားခဲ့သည်။ အတန်းပြီးသွားသည်နှင့် ခေါင်းငုံ့ပြီး ထွက်သွားလေ၏။
စာသင်ခန်းထဲ ပြန်ရောက်သောအခါ အတန်းခေါင်းဆောင် သွမ့်နင်ချန့်က နို့လက်ဖက်ရည်နှစ်ခွက်နှင့် အမြန်ပြေးချလာသည်။
"စိတ်မကောင်းပါဘူး အဲ့အရူးက နင်တို့ကို အခက်တွေ့အောင် လုပ်လိုက်တယ်မလား။ ဒီနို့လက်ဖက်ရည်နှစ်ခွက်က နင်တို့အတွက်ပါ။ ငါတကယ် တောင်းပန်ပါတယ်။"
ယန်ကျစ်ချန်လည်း အေးနေသေးသော နို့လက်ဖက်ရည်ကို လှမ်းယူလိုက်ပြီး :"အဲ့ဒီကောင်က ဟုတ်ပုံတော့ မပေါ်ပါဘူး။ မင်း ဘာလုပ်မှာလဲ။"
“မနက်ဖြန် ငါ့အစ်ကိုက သူ့ကိုရိုက်ဖို့ လာမှာ။” သွမ့်နင်ချန့်က ပြုံးလိုက်သည်။ :"အဆင်ပြေပါတယ်။ ဒီနေ့အတွက် အားနာပါတယ်ဟာ။ အရင်ရက်တွေက စုန့်ကွမ်းနန်က သူ့ရဲ့အိမ်စာတွေကို မထပ်ခဲ့ရဘူးလေ။ သူငါ့ကို အဲဒါတွေ လာပြောတာကို အဲ့ကောင်က နားလည်မှုလွဲသွားတာ။"
"အဲဒါကောင်းတယ်။" ယန်ကျစ်ချန်လည်း ပြုံးလိုက်သည်။
"မင်းလည်း သတိထားဦး။"
သွမ့်နင်ချန့် ပြုံးပြကာ လှည့်ထွက်သွားတော့သည်။ ယန်ကျစ်ချန် ပိုက်ကို ပါးစပ်ထဲ ထည့်လိုက်ချိန်၌ နို့လက်ဖက်ရည် နောက်တစ်ခွက်က သူ၏အမြင်အာရုံထဲ၌ ရုတ်တရက် ပေါ်လာ၏။
'..ဟမ်?'
သူသည် စုန့်ကွမ်းနန်၏ မျက်နှာကို မြင်ရရုံဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားရာ ခေါင်းကိုလှည့်လိုက်သည်။
"တောင်းပန်ပါတယ်။"
စုန့်ကွမ်းနန်၏အသံမှာ အနည်းငယ် ပျော့ပျောင်းနေသည်။
"ဒီနို့လက်ဖက်ရည်က မင်းအတွက်။"
ယန်ကျစ်ချန် ခဏလောက် ထိတ်လန့်သွားခဲ့သည်။ သူ့နှလုံးသားထဲရှိ နာမည်မဲ့ ဒေါသလှိုင်းများလည်း တစ်ဝက်ကျော်လောက် ရုတ်ခြည်း ငြိမ်သက်သွား၏။
“…အဆင်ပြေပါတယ် ပြဿနာမရှိဘူး။”
စုန့်ကွမ်းနန်၏ပုံရိပ်က အနည်းငယ် ရွေ့လျားသွားပုံရသည်။
"အဲဒါဆိုလည်း ကောင်းပါပြီ။"
…
ရာသီဥတု ဆိုးရွားလာခဲ့သည်။ နေ့ခင်းဘက်တွင်ပင် ကောင်းကင်ကြီးသည် ပို၍ အုံ့မှိုင်းနေ၏။
ယန်ကျစ်ချန်တွင် ထီးဆောင်တတ်သည့် အလေ့အကျင့် မရှိပေ။ သူ၏မွေးစားမိဘများမှာ သူ့ညီလေးကို အနုပညာစတူဒီယိုတစ်ခု ရှာဖို့ရာအတွက် ခေါ်သွားသောကြောင့် ဘယ်သူမှ သူ့ကို လာကူညီမှာ မဟုတ်ချေ။
သူသည် ရူပဗေဒအတန်း၏ ခဏတာ အနားယူချိန်ကို ခိုးယူကာ ကောင်းကင်ကြီးကို ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်ရင်း သက်ပြင်းလေးချလျက် ခေါင်းပေါ် လက်တင်လိုက်သည်။
'သေချာတာပေါ့။'
ညနေပိုင်း ကိုယ်တိုင်လေ့လာမှု ပြီးဆုံးချိန်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းချလာလေသည်။ ပူပြင်းသော နွေရာသီလေသည် မိုးရေကို ပိုတိုးရွာချစေခဲ့ရာ တစ်မြို့လုံးကို စိုစွတ်သော ရနံ့များက ညှင်းဆဲနေတော့၏။
ယန်ကျစ်ချန် အလွန် အိပ်ချင်လာသည်။ ကောင်းကင်ကြီးမှ ကြီးမားကျယ်ပြန့်စွာ ရွာချလာသည့် မိုးကို ကြည့်ပြီး အိမ်ကို တန်းတန်းမတ်မတ် ပြေးသွားချင်စိတ်တို့ ပေါက်ထွက်သွားသည်။
သို့ပေမဲ့ ခြေတစ်လှမ်း မလှမ်းလိုက်ရသေးခင် သူ့အဝတ်အစားများကို တစ်စုံတစ်ယောက်က လှမ်းဆွဲလာ၏။
"ငါ ထီးယူလာတယ်။"
စုန့်ကွမ်းနန်၏ အသံသြသြမှာ သူ့အနောက်မှ ထွက်ပေါ်လာသည်။ ယန်ကျစ်ချန် လှည့်ကြည့်လိုက်သောအခါ တစ်ဖက်လူသည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပုံရသည်အား တွေ့လိုက်ရလေသည်။
"အာ...ငါ...."
ယန်ကျစ်ချန်သည် ဤအဖြစ်ဟာ လျော်ကြေးပေးခံရသည့် ကြင်နာမှုဟု ထင်လိုက်သောကြောင့် အနည်းငယ် ဆွံ့အသွားမိသည်။
"အဆင်ပြေပါ့မလား။"
"အဆင်ပြေပါတယ်။ ငါ့အိမ်က မင်းတို့အိမ်ရဲ့အနောက်မှာပဲ။"
"မင်းဘယ်တုန်းက သိတာလဲ။" ယန်ကျစ်ချန် မထိန်းနိုင်ဘဲ ပြန်ကောက်မေးလိုက်မိသည်။
"ငါမင်းကိုတွေ့တယ်။" စုန့်ကွမ်းနန်က တိုတိုတုတ်တုတ်ပင်: "သွားကြရအောင်။"
သို့နှင့် အနည်းငယ် အံ့ဩသွားသော ယန်ကျစ်ချန်တစ်ယောက် တိတ်ဆိတ်နေစဥ် စုန့်ကွမ်းနန်က သူ၏ထီးကြီးကို ဖွင့်ကာ ယန်ကျစ်ချန်ကို မိုးရေထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ စုန့်ကွမ်းနန်သည် အလွန်အရပ်ရှည်ပြီး ထီးသည် သူ့မြင်ကွင်းကို တစ်စိတ်တစ်ပိုင်းသာ ပိတ်ဆို့ထား၏။ ခဏကြာသော် သူ၏ဘောင်းဘီခြေထောက်များ စိုစွတ်လာကာ သူ၏ခြေသလုံးသွယ်သွယ်များ၌ တင်းကျပ်စွာ တွယ်ကပ်နေတော့သည်။
သည်းသည်းမည်းမည်း ရွာနေသော မိုးသည် ကျယ်လောင်သော အသံနှင့်အတူ ထီးကို တပေါက်ပေါက် ရိုက်ခတ်လာသည်။ ဆူညံသံကြောင့် သူ၏ နားစည်များတောင် နာကျင်လာသလိုပင်။ ထိုစဥ် စုန့်ကွမ်းနန်မှ တစ်ခုခုပြောနေသည့် အသံအား မသဲမကွဲ ကြားလိုက်ရသည်။
"မင်း ဘာပြောလိုက်တာလဲ။"
သူဘာမှ ရှင်းရှင်းလင်းလင်း မကြားရသည့်အတွက် လှမ်းအော်မေးနေရ၏။
"ငါပြောတာက တောင်းပန်ပါတယ်လို့။ ငါ့ရဲ့ကြိုတင်တွေးခေါ်မှု ညံ့ဖျင်းသွားလို့ ဒီနေ့ မင်းကို နားလည်မှုလွဲသွားခဲ့တယ်။ နောက်တစ်ခါ မဖြစ်စေရဘူး။"
သူသည် ထိုစကားကို ပြောနေသည့်ကြားမှ အသံက တဖြည်းဖြည်း တိုးဖွလို့သွားသည်။ သို့ပေမဲ့ ယန်ကျစ်ချန်ကတော့ နားလည် သဘောပေါက်လိုက်သောကြောင့် ရယ်မောရင်းဖြင့် တုံ့ပြန်လိုက်သည်။
"ကောင်းပါပြီ။ ငါ့ကိုလည်း အိမ်ပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!"
မှုန်ဝါးနေသော မိုးရေများအောက်တွင် စုန့်ကွမ်းနန်၏မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသယောင်။
"မင်းဒီမှာ အမြဲနေနေခဲ့တာလား။"
ယန်ကျစ်ချန်သည် သူတို့ကြားရှိ အဆင်မပြေမှုများကို ဖြေလျှော့ပေးဖို့ ပေါ့ပေါ့ပါးပါး စကားဆက်လိုက်သည်။
စုန့်ကွမ်းနန်: “မဟုတ်ဘူး။ ကျောင်းတက်ရမှာမို့လို့ ဒီမှာပဲနေနေတာ။”
"အတန်းဖော်နဲ့ ငှားထားတဲ့အခန်းလား" ယန်ကျစ်ချန် ထပ်မေးသည်။
“မဟုတ်ဘူး။ မိသားစုရဲ့အခန်း.. ဒါပေမဲ့ ငါတစ်ယောက်တည်းနေတာ။” စုန့်ကွမ်းနန် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"မင်းရဲ့မိဘတွေက မင်းတစ်ယောက်တည်း နေတာကို စိတ်ချတယ်ပေါ့??" ယန်ကျစ်ချန် အံ့သြစွာဖြင့် ထပ်မေးလိုက်မိသည်။
"ကျင့်သားရနေပြီ။ တစ်ယောက်တည်းနေရတာ အဆင်ပြေတယ်။"
ဤစကားများသည် စုန့်ကွမ်းနန်၏ပုံရိပ်ကို ယန်ကျစ်ချန်၏မျက်လုံးများတွင် ရုတ်တရက် သနားစရာ အရုပ်ကလေးလို ဖြစ်သွားစေခဲ့သည်။
"မင်းပျင်းရင် ငါ့ကို လာရှာလို့ရတယ်။"
ယန်ကျစ်ချန် မိုးရေများကြားမှ ပြုံးပြလိုက်သည်။ :"ငါက ဒီမှာ အမြဲရှိနေမှာ !"
“ကောင်းပြီလေ။”
စုန့်ကွမ်းနန် အလျင်အမြန်ပဲ သဘောတူလိုက်သည်။
ယခု သူတို့သည် ယန်ကျစ်ချန်နေသည့် အဆောက်အအုံ အဝင်ပေါက်တွင် ရပ်နေကြသည်။ ယန်ကျစ်ချန် တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ လမ်းတစ်ဖက်ခြမ်းရှိ ဂိတ်ပေါက်တွင် ပျက်စီးကာ သံချေးတက်နေသည့် ဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။
'ချွန်းယွမ့် လူနေအိမ်ရာ'
ညဥ့်နက်နေ၍လား မသိ။ ရှုပ်ထွေးလှသော ထိုလမ်းကြားထဲသို့ ဦးတည်သွားသည့် လမ်းမှာ မှောင်မိုက်နေပေသည်။ အနီးနားရှိ အဆောက်အအုံများ၏ ကြီးမားအုံ့ဆိုင်းနေသော အရိပ်များသည် ထိုတံခါးရှိဆိုင်းဘုတ်ကို ဖုံးအုပ်ထားလေသည်။
'ချွန်းယွမ့်လူနေအိမ်ရာ.... ချွန်းယွမ့်လူနေအိမ်ရာ'
ချွန်းယွမ့်လူနေအိမ်ရာဟုခေါ်သော နေရာသည် ထိုနေရာတွင် မည်သည့်အချိန်က ပေါ်လာခဲ့သနည်း။
ယန်ကျစ်ချန်ကတော့ သိပ်ပြီး မမှတ်မိတော့ချေ။ သူသည် မွေးစားမိဘများနှင့်အတူ မကြာသေးမီကမှ ဤနေရာသို့ ပြောင်းရွှေ့လာသောကြောင့် သူ မမှတ်မိနိုင်သည်က အံ့သြစရာတော့ မဟုတ်ပေ။
စုန့်ကွမ်းနန်: "ရောက်ပြီ။"
ဤတော့မှ ယန်ကျစ်ချန်တစ်ယောက် သူနေသည့် အဆောက်အအုံအောက်ထပ်၌ ရပ်နေမိမှန်း သိလိုက်ရသည်။ လှေကားထစ်ရှိ ရွေ့လျားမှုဖြင့် အလိုအလျောက် ပွင့်လာသော မီးရောင်များက နွေးထွေးလှကာ ညနှောင်းပိုင်း မိုးရွာသွန်းမှု၏ အုံ့မှိုင်းမှုကို ဖယ်ရှားပေးလျက် ရှိသည်။
"အာ... ကျေးဇူးတင်ပါတယ်။"
ယန်ကျစ်ချန် တစ်ဖက်လူကို အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အသေးအဖွဲ့လေးပါ။"
စုန့်ကွမ်းနန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
ယန်ကျစ်ချန်သည် အောက်ထပ်တွင် ရပ်ကာ သူ၏ ထွက်ခွာသွားသော ပုံရိပ်လေး အဝေးရောက်သွားသည်အထိ ရပ်ကြည့်နေခဲ့သည်။
သူ၏အပေါ်ပိုင်း ခန္ဓာကိုယ်မှာ စိုစွတ်နေ၏။ အရောင်ဖျော့ဖျော့ အဝတ်အစားများက သူ၏ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေကာ သူ့အသားအရေကို ပိုမို ပေါ်လွင်သွားစေသည်။
ကောင်လေး၏ ကျောပြင်တွင် ထူးဆန်းပြီး နက်မှောင်သော အမည်မသိ ပုံစံများ ပြေးလွှားနေပုံရ၏။ မျဉ်းကြောင်းများသည် သူ့ကြွက်သားများ၏ ပုံသဏ္ဌာန်များကို ခြေရာခံထားသည့်အလား ပြေးလွှားနေကာ အရေပြားထဲအထိ ရောနှောသွားသဖြင့် ရေဆေးချရန် မဖြစ်နိုင်တော့ပေ။
စုန့်ကွမ်းနန်သည် လမ်းဖြတ်ကူးပြီး အုံ့ဆိုင်းနေသော အရိပ်များကြားတွင် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် လုံးဝ ထပ်မတွေ့ရတော့ချေ။
...
ထိုအဖြစ်အပျက်များကို ပြန်တွေးရင်း ယန်ကျစ်ချန်တစ်ယောက် သူ၏နှလုံးသားဆီက နာကြည်းမှုနှင့် နာကျင်မှုများကို ခံစားလိုက်ရသည်။
ထိုစဥ်က စုန့်ကွမ်းနန်ဟာ အမြဲတစေ အထီးကျန်နေခဲ့သော်ငြား သူ့အပေါ်ကိုမူ အနည်းငယ် ကွဲပြားသောဘက်ခြမ်းကို စတင်ပြသနေပုံရ၏။ သို့သော်လည်း ယန်ကျစ်ချန်သည် သူ့ကို ချဉ်းကပ်ရန် နောက်ထပ်အခွင့်အရေးကို ဘယ်သောအခါမှ မပေးခဲ့ဘဲ ထိုအထူးကုသမှုကို စိတ်ဆန္ဒအတိုင်း ရုပ်သိမ်းစေခဲ့မိသည်။
ယန်ကျစ်ချန်တစ်ယောက် သူ့ကိုယ်သူ နားနေခန်းထဲမှ အနည်းငယ် စိုစွတ်နေသော စောင်ဖြင့် ပတ်ထားရင်း သူ၏ညှပ်ရိုးပေါ်ရှိ အမှတ်အသားများကို မသိစိတ်အရ ထိလိုက်မိသည်။
'သူ ဘာလို့ ဆက်တွေးနေတာလဲ။'
'ဘာကြောင့်လဲ။'
'စုန့်ကွမ်းနန်ကြောင့်လား။'
'ဒါမှမဟုတ် ချွန်းယွမ့်လူနေအိမ်ရာကြောင့်လား။'
သူ၏ လက်ချောင်းထိပ်များမှာ မီးလောင်ကျွမ်းလာသလို ခံစားလိုက်ရပြီး သူ၏စိတ်အစဥ်ကလည်း ဓာတ်လိုက်သွားသလိုမျိုး တုန်လှုပ်သွားခဲ့သည်။
ယန်ကျစ်ချန် ထိတ်လန့်သွားသည်။
'ချွန်းယွမ့်လူနေအိမ်ရာ... ချွန်းယွမ့်လူနေအိမ်ရာ'
အမှန်မှာ စုန့်ကွမ်းနန်သည် ထိုရှုပ်ထွေးလှသော နေရာ၌ အချိန်အတော်ကြာ နေထိုင်ခဲ့သည်။ သူတို့ တက္ကသိုလ်တက်ပြီး ယန်ကျစ်ချန်၏ မွေးစားမိဘများ ပြောင်းရွှေ့သွားခဲ့ချိန်တွင်တောင် သူသည် ရံဖန်ရံခါ ထိုနေရာကို သွားနေဆဲ။
သို့သော်လည်း ထူးဆန်းသည့် အချက်မှာ ယန်ကျစ်ချန် ထိုနေရာကို တစ်ခါမျှ မရောက်ဖူးချေ။
တစ်ခါတလေ သူသွားကြည့်ချင်ကြောင်း ပေါ့ပေါ့တန်တန် ပြောတတ်သော်လည်း စုန့်ကွမ်းနန်ကတော့ ပြတ်ပြတ်သားသား သို့မဟုတ် လိမ္မာပါးနပ်စွာ ငြင်းဆိုခဲ့ပေသည်။
ပြီးတော့…
ထိုနေရာကို တွေးကြည့်မိသောအခိုက် ယန်ကျစ်ချန် အလွန်အမင်း ထူးဆန်းလှသည့် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။
အနှီလူနေအိမ်ရာ၏ ဝင်ပေါက်သည် လမ်းမကြီးပေါ်တွင်သာ တည်ရှိသည်။ သွားချင်လျှင်ပင် ရိုးရိုးလေး လမ်းလျှောက်ပြီး ဝင်ကြည့်လိုက်၍ ရသည်ပင်။
သို့သော်ငြားလည်း သူတို့ လမ်းခွဲလိုက်သော အချိန်၌ စုန့်ကွမ်းနန်၏နေရာကို သွားကြည့်ဖို့ သူဘာကြောင့် မစဉ်းစားမိတော့သနည်း။
သူ မတွေးမိတော့သည်က 'ချွန်းယွမ့်လူနေအိမ်ရာ' ဟူသော အမည် ဖြစ်ဟန်ရှိ၏။ သူသာ သတိရှိရှိသာ မတွေးမိပါက ၎င်းကို ယခင်က တစ်ခါမှ မမြင်ဖူးသကဲ့သို့ အလွယ်တကူ မေ့သွားနိုင်လောက်သည်။
ဤသည်က ပုံမှန်တော့ မဟုတ်ချေ။
ထိုအခိုက် သူ၏ငိုက်မျဉ်းမှု အားလုံး ချက်ချင်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး ဝုန်းခနဲ ထထိုင်လိုက်မိသည်။
သူ ထိုနေရာကို သွားကြည့်ဖို့တော့ လိုချေပြီ။
***
Aurora Novel Translation Team