Chapter (5)
စာသင်ခန်း (၅)
"ဘာ..."
ယန်ကျစ်ချန် မတုံ့ပြန်နိုင်သေးခင် စုန့်ကွမ်းနန်သည် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ရှေ့ကို လျှောက်သွားနေတော့သည်။ လူကို အေးခဲသွားစေနိုင်လောက်သော လေများက အရပ်ရပ်မှ ပြေးဝင် ရိုက်ခတ်လာသည်။ ယန်ကျစ်ချန်၏ အသက်ရှူသံများ မြန်ဆန်လာလာပြီး သူ၏အမြင်အာရုံကလည်း မှုန်ဝါးလို့လာ၏။
သူ့အတွက် တစ်ခုတည်းသော အလင်းရောင်မှာ စုန့်ကွမ်းနန်၏လက်မှ နွေးထွေးမှုသာ။
အချိန်အတိုင်းအတာ တစ်ခုအထိ လမ်းလျှောက်လာခဲ့ပြီးနောက် ယန်ကျစ်ချန်တစ်ယောက် သူသည် လူစည်ကားသော မြို့လယ်ခေါင်ထဲ ပြန်ရောက်လာကြောင်း ယောင်ဝါးဝါး ခံစားလာရသည်။
လမ်းမီးများသည် အဖြူရောင်တောက်တောက်ဖြင့် လင်းထိန်နေပြီး လမ်းတစ်လျှောက်ရှိ ဈေးဆိုင်များကလည်း တံခါးများ ဖွင့်ထားသည်။ လူတချို့ကလည်း သူတို့အနားမှ ရံဖန်ရံခါ ဖြတ်လျှောက်သွားကြ၏။
ထိုအခိုက် စုန့်ကွမ်းနန်လည်း ရပ်တန့်သွားသည်။ ယန်ကျစ်ချန် သတိမထားမိဘဲ ဆက်သွားနေမိရာ တစ်ဖက်လူ၏ ပခုံးကို ဆောင့်မိသွားတော့သည်။ သူ မော့ကြည့်လိုက်ချိန် တစ်ဖက်လူ၏ မည်းနက်သော သူငယ်အိမ်တို့အား တွေ့လိုက်ရ၏။ ၎င်းကြောင့် သူခံစားခဲ့ရသော ကြောက်မက်ဖွယ် ခံစားချက်ကို မထိန်းချုပ်ထားနိုင်တော့ပေ။ ယန်ကျစ်ချန် ရုတ်ခြည်း သတိပြန်ရလာပြီး
"တောင်းပန်ပါတယ်။"
"အဆင်ပြေတယ်။" စုန့်ကွမ်းနန်ကတော့ ရိုးရှင်းစွာပင် ပြန်ပြောခဲ့သည်။
"ပြန်သွားပြီး ရေနွေးသောက်လိုက်။"
တစ်ဖက်လူက အနည်းငယ် အေးစက်နေသော်လည်း ယန်ကျစ်ချန် မပြောဘဲလည်း မနေနိုင်ချေ။
"စုန့်ကွမ်းနန်။ မင်းက အရမ်းဖြောင့်တာပဲ။"
စုန့်ကွမ်းနန်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံရသည်။ သူ၏အမူအရာမှာ အနည်းငယ်လည်း မှင်တက်သွားပုံ ပေါ်လေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖြည်းညင်းစွာ ပြန်ပြောလာ၏။
“ဒီရက်ပိုင်းမှာ ညဘက် အပြင်မထွက်နဲ့။”
"ကောင်းပြီ ကောင်းပြီ။" ယန်ကျစ်ချန် ခေါင်းတဆက်ဆက် ညိတ်ပြလိုက်သည်။
"ငါ မှတ်ထားပါ့မယ်။"
ထို့နေ့က အဖြစ်အပျက်တို့မှာ သူတို့တွေ့ဆုံပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှများထဲမှ အသေးအဖွဲ့ ကိစ္စတစ်ခုမျှသာ ဖြစ်၏။ ယန်ကျစ်ချန်သည် စုန့်ကွမ်းနန်တစ်ယောက် အနည်းငယ် ထူးဆန်းသည်ကို သိနေသော်လည်း တစ်ခါမှ မမေးခဲ့ပေ။
ယခုမူ ထိုကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေ ပေါ်လာသဖြင့် ၎င်းကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။
စုန့်ကွမ်းနန်က ဘာလုပ်ရမှန်း သိနေတာလား။
ယန်ကျစ်ချန် အံ့သြမှင်တက်သွားခဲ့သည်။
လမ်းခွဲစဥ်ကလည်း ယန်ကျစ်ချန်သည် သူနှင့် အချိန်ရလျှင် ပြန်ဆုံဖို့ စုန့်ကွမ်းနန်အား အရှက်မဲ့စွာ တောင်းဆိုခဲ့သည်။ သို့သော်လည်း အေးစက်လှသော စုန့်ကွမ်းနန်သည် သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပြီး သူ၏ အဆက်အသွယ် နည်းလမ်းအားလုံးကိုပါ ပိတ်ဆို့ပစ်ခဲ့၏။
၎င်းမှာ ယနေ့အချိန်အထိပင်။
ယန်ကျစ်ချန် ခဏလောက် တုံ့ဆိုင်းသွားခဲ့ပြီးမှ WeChat ကိုဖွင့်ပြီး တစ်ဖက်လူကို သူငယ်ချင်းအဖြစ် ထည့်လိုက်သည်။ သူသည် စုန့်ကွမ်းနန်၏ ထိုကိန်းဂဏန်းများကိုတော့ ကောင်းစွာ ကျက်မှတ်ထားခဲ့၏။ အချိန်အတော် ကြာပြီးနောက်မှာပင် ၎င်းသည် ကြွက်သားမှတ်ဉာဏ်ကဲ့သို့ အမှားအယွင်းကင်းသော တိကျမှုဖြင့် စာရိုက်ထည့်နိုင်ခဲ့ဆဲ။
ပေါ်လာသည့် အကောင့်မှာ အတိအကျကို စုန့်ကွမ်းနန်ပင်။ ယန်ကျစ်ချန် ၎င်းကို ချက်ချင်း မှတ်မိ၏။ သူ၏ပရိုဖိုင်ပုံသည် မီးတဟုန်းဟုန်း တောက်နေသော ငန်းတစ်ကောင်ကဲ့သို့ ဘယ်သောအခါမှ မပြောင်းလဲခဲ့။
【စိတ်အနှောက်အယှက် ပေးမိလို့ တောင်းပန်ပါတယ်။ ငါ မကြာသေးခင်ကမှ သရဲနဲ့ တွေ့နေရတယ်။ အဆင်ပြေရင် ကူညီပေးပါဦး။】
ယန်ကျစ်ချန်သည် စကားလုံးတစ်လုံးစီကို သေသေချာချာ ရိုက်ပြီးနောက် ပို့ရန်ကို နှိပ်ချလိုက်သည်။ အင်တာနက်မှာ စက်ဝိုင်းပုံ ပတ်ချာလည်နေသဖြင့် သူ၏ သူငယ်ချင်းတောင်းဆိုချက်ကို ဦးစွာ ပေးပို့ခဲ့သည်။
…
တောင်းဆိုချက်ကို ပေးပို့ပြီးနောက် ယန်ကျစ်ချန် မျှော်လင့်ထားသည့်အတိုင်း တစ်ဖက်က ချက်ချင်း အကြောင်းမပြန်လာခဲ့ပေ။ ထိုစဥ် ရွှီကျားရန်က သူ့ကို လှမ်းပုတ်ကာ ပြောလာ၏။
"ယန်ကျစ်ချန်ရေ၊ ငါတို့ အသုံးဝင်တာတစ်ခု တွေ့ပြီထင်တယ်။"
ယန်ကျစ်ချန်လည်း ဖုန်းစခရင်ကို ပိတ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ ရွှီကျားရန်၏ ကွန်ပျူတာမှာ ပို့စ်တစ်ခုကို ဖွင့်ထားသည်အား တွေ့လိုက်ရ၏။
ပို့စ်မှာ လွန်ခဲ့သော ခြောက်နှစ်လောက်က တင်ထားခြင်းပင်။
【အထက်တန်း တန်းခွဲ ၄ အကြောင်းကို ကြားဖူးကြလား။】
[ခေါင်းစဉ်အတိုင်းပဲ။ အထက်တန်း ဒုတိယနှစ်၊ တန်းခွဲ ၄ ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က အတန်းသင်ကြားတာတွေ ရပ်နားထားတာ လူတိုင်း ကြားဖူးကြမယ်လို့ ယုံကြည်တယ်။
မငြူစူသေးနဲ့နော်... ငါ သိသလောက်တော့ သူတို့ အတန်းထဲက လူတော်တော်လေး သေသွားကြပြီတဲ့။ ဖျားနာခွင့်တွေ တောင်းထားပေမဲ့ တကယ်က သေသွားတာနော်။ အတွင်းဇာတ်လမ်းကို သိတဲ့သူရှိလား။]
ပို့စ်အောက်တွင် ဖြေကြားချက် အနည်းငယ်ရှိသည်။
[ချဲ့ကားမပြောပါနဲ့ကွာ။ လတ်တလောမှာ ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်ခု ဖြစ်နေတယ်လေ။ သူတို့အတန်းကလည်း အားလပ်ရက်မို့လို့။]
[အထောက်အထားရှိလား။ လူတွေ သေပြီဆို?? သက်သေတချို့တော့ ရှိဖို့လိုတယ်။ ကောလာဟလတွေ မဖြန့်ဖို့ အကြံပြုချင်ပါတယ်။]
[အော်... စိတ်လှုပ်ရှားစရာ ကောင်းသားပဲ။ ဖြစ်ပျက်ခဲ့တာကို သိတဲ့သူရှိရင် ရှင်းပြနိုင်မလား။]
ရွှီကျားရန်သည် ထိုအဓိပ္ပာယ်မရှိသော အဖြေများကို အမြန်ကျော်သွားကာ ပို့စ်တွင် ရေးထားသော စာရှည်ကို ထောက်ပြလိုက်သည်။
[မှန်တယ် မှန်တယ်။ ငါ့မှာ တန်းခွဲ ၄ က ငယ်သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူ အဲဒီအကြောင်းကို ပြောပြတာ။ သူတို့ အတန်းထဲမှာ လူသေတာတွေ ရှိတယ်၊ မင်း ခန့်မှန်းတာထက်တောင် အများကြီး ပိုသေးတယ်။ သူတို့ သေဆုံးသွားတဲ့ ပုံစံက ဆိုးဆိုးရွားရွားနဲ့ ကြေကွဲစရာ ကောင်းတယ်တဲ့။ အသေးစိတ်တော့ မပြောနိုင်ဘူး၊ အကျဉ်းချုပ်လေးပဲ ပြောမယ်။ အထက်တန်း ဒုတိယနှစ် တန်းခွဲ ၄ မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က အဲဒီနာမည်ကြီး ပုဂ္ဂိုလ်နဲ့ ပတ်သက်တယ်လို့ ပြောကြတယ်။ အဲဒီလူက သရဲဖြစ်သွားပြီး သူတို့ကို ခြောက်လှန့်နေတာတဲ့။]
ထိုအခါ တစ်ယောက်ယောက်က သူ၏မှတ်ချက်ကို ပြန်ဖြေလေသည်။
【တကယ်လား။ အဲဒီလူအကြောင်း တွေးရင်းတောင် ကြက်သီးထလာပြီ။]
[အဲဒီလူမိုက်က တကယ်သေပြီး သရဲအဖြစ်နဲ့ ပြန်လာတာလား။]
【သူ့အကြောင်း မပြောစမ်းပါနဲ့။ သူက အရင်တုန်းက ထူးဆန်းနေပေမဲ့ အခု သေသွားပြီလေ။ သူ့ကို ဒီလိုပြောနေတာတွေကို မရပ်နိုင်ကြဘူးလား။]
ယန်ကျစ်ချန်: "အဲဒီလူ...လူတော်တော်များများက သူ့ကို သိနေကြသလိုပဲ။ ဆိုတော့ ငါတို့လည်း သူ ဘယ်သူလဲဆိုတာ သိနိုင်လောက်တယ်"
"ဟုတ်တယ် ဒါပဲထင်တာပဲ။" ရွှီကျားရန်ကလည်း ခေါင်းညိတ်ပြီး -- "ဒါပေမဲ့ ထူးဆန်းတာက ပို့စ်တစ်ခုလုံးမှာ ဘယ်သူမှ သူ့နာမည်ကို မပြောခဲ့ကြဘူး။"
“အဲ့လိုများလား…” သူက ခေတ္တရပ်လိုက်ပြီး --: “ဒါက တားမြစ်ချက်တစ်ခုကို ချိုးဖျက်မိသလို ဖြစ်မှာ ကြောက်လို့များလား။”
တားမြစ်ချက်တစ်ခု။
အဘယ်အရာက တားမြစ်ချက် ဖြစ်နိုင်သနည်း။
အကယ်၍ ထိုလူသည် အနှီသွေးထွက်သံယို သရဲတစ္ဆေ ဖြစ်သွားခဲ့ပါက ထိုစဉ်က အဘယ်ကြောက်စရာကောင်းသော အရာများကို သူတွေ့ကြုံခဲ့ရသနည်း။
ယန်ကျစ်ချန်လည်း သူ၏ အခုန်မြန်နေသော နှလုံးကို ဖိနှိပ်ပြီး :“ဖျက်ပစ်တာ ဖြစ်နိုင်တယ်။ တကယ်လို့ သေခြင်းတရားလိုမျိုး ဆိုးရွားတဲ့ အဖြစ်အပျက်မျိုး ဖြစ်လာခဲ့ရင် နာမည်တွေနဲ့ ရေးထားတဲ့ ပို့စ်တွေကို ရှင်းပစ်ကြမှာပဲ။”
“အင်း…” ရွှီကျားရန် ခေါင်းညိတ်လိုက်သည်။ “ဖြစ်နိုင်တယ်။”
တွဲဖက် အထက်တန်းကျောင်း၏ အွန်လိုင်းဖိုရမ်သည် အချိန်အတော်ကြာ လှုပ်ရှားမှု မရှိခဲ့ပေ။ ဤဖြစ်ရပ်နှင့် ပတ်သက်သည့် ပို့စ်များသည် ဒေတာဖုန်မှုန့်များထဲတွင် ကြာရှည်စွာ မြှုပ်နှံခံထားရပုံပေါ်သည်။ ယခုမူ မရေရာသော အသေးစိတ်အချက်များသာ ကျန်ရှိတော့သည်။ ယန်ကျစ်ချန်မှာ သရဲသည် အထက်တန်း ဒုတိယနှစ် တန်းခွဲ ၄ မှဖြစ်ပြီး တစ်ချိန်က ကျောင်းဝင်းအတွင်း ကျော်ကြားခဲ့ဖူးသော ကောင်လေးတစ်ယောက် ဖြစ်နိုင်ကြောင်း၊ နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ခန့်မှန်းနိုင်ရုံမျှသာ ရှိ၏။
တခြားအရာတော့ မခန့်မှန်းတတ်တော့ချေ။
ဝမ်ရှင်းယွီသည် ထိုင်ခုံပေါ်မှ နောက်သို့ လှဲလိုက်ပြီး မျက်စိ မှိတ်ချလိုက်သည်။ ထိုစဥ် ရွှီကျင့်တစ်ယောက် သူ(မ)၏ အဆက်အသွယ်များကို လှန်ကြည့်ကာ ရုတ်တရက် သူတို့စကားဝိုင်းထဲ ဝင်ရောက်လာ၏။
"ငါမှတ်မိပြီ! တွဲဖက် အထက်တန်းကျောင်းမှာ ကျောင်းတက်ဖူးတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။"
သူ(မ)ဘာသာ တွက်ချက်ရင်း - "ငါသူ(မ)ကို အကူအညီတောင်းပြီး မေးကြည့်လိုက်မယ်။"
“ကောင်းလိုက်တဲ့ အကြံ!” ရွှီကျားရန် ပြုံးလိုက်သည်။ "ငါတို့တွေ အဖြေကို သိနိုင်ရင်တော့ ပိုကောင်းတာပေါ့။"
ကံမကောင်းစွာပင် ရွှီကျင့်၏ သူငယ်ချင်းသည် သူ(မ)အနေနှင့် ထိုကဲ့သို့သတင်းအကြောင်း ဘာမှ မကြားခဲ့ရကြောင်း ပြောကြားလာသည်။ သို့သော် သူ(မ)က တခြားသူတစ်ဦးဦးကိုတော့ တစ်ဆင့် အကူအညီ တောင်းပေးနိုင်၏။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ထိုအခိုက် ကျန့်ယွိဟန်လည်း နိုးလာကာ ကော်ဖီငါးခွက် ခြောက်ခွက်လောက် ဖျော်၍ တစ်ခွက်ပြီးတစ်ခွက် သောက်နေတော့သည်။
“မအိပ်ရင် အဲဒီနေရာကို မသွားဖြစ်ဘူး။”
ဤလေထုကြောင့် ကူးစက်ခံလိုက်ရသော ယန်ကျစ်ချန်သည်လည်း အခြားသူများနှင့် အတူ သောက်ခဲ့သည်။
အမှောင်ထု တဖြည်းဖြည်း ကျဆင်းလာသည်နှင့်အမျှ သူ၏စိတ်သည် ထူးထူးခြားခြား ကြည်လင်လာသည်။ ည ၁၁း၅၀ နာရီအထိ အိပ်ငိုက်နေခြင်းမျိုး မရှိခဲ့။ အခန်းထဲရှိ တခြားသူများလည်း ထိုနည်းတူပင်။
အချင်းချင်း တစ်ယောက်ကို တစ်ယောက်ကြည့်နေကြ၏။ ယန်ကျစ်ချန် အခြားသူများကို ကြည့်လိုက်ရာ ၎င်းတို့မှာ ဤညကို ထိုနည်းအတိုင်း ဖြတ်ကျော်ဖို့ ဆုံးဖြတ်ထားသလိုပင်။ သူတို့၏မျက်လုံးများမှာ သွေးထွက်တော့မည့်အလား ပြူးကျယ်လျက် ရှိသည်။
ဝမ်ရှင်းယွီ: "နင်တို့ အိပ်ငိုက်နေလား။"
"ဟင့်အင်း။" ရွှီကျင့် ခေါင်းခါလိုက်ပြီး --: "အရမ်းပင်ပန်းနေတာ။ ဒါပေမဲ့ ငါလုံးဝ မအိပ်ချင်ဘူး။"
"မအိပ်နဲ့။" ကျန့်ယွိဟန်က အံကြိတ်သံဖြင့် ပြောလိုက်သည်။
ယန်ကျစ်ချန်လည်း သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ဤအရာသည် ယာယီအတိုင်းအတာ တစ်ခုမျှသာ ဖြစ်သည်ဟု သူအမြဲတမ်း ခံစားနေရသည်။ သူတို့သည် ထာဝရ မအိပ်ဘဲ မနေနိုင်ကြချေ။
'ပြီးတော့… နိုးနေတာက သူတို့လွတ်မြောက်ဖို့ တကယ်ပဲ အထောက်အကူ ဖြစ်မှာလား။'
အတွင်းစိတ်က သံသယရှိနေသော်လည်း မျှော်လင့်ချက်၏ ချည်နှောင်မှုကို ခံနေရဆဲဖြစ်သည်။ ဖုန်းက အချိန်ကုန်မြန်နေသည်မှာ တဖြည်းဖြည်း မြန်လာပြီး မကြာခင်မှာပင် အချိန်က 11:59 ဖြစ်နေချေပြီ။
ကျန့်ယွိဟန်: "တခြားအရာတွေ အဆင်မပြေရင် ငါ့အမေကို တာအိုဘုန်းကြီးနဲ့ ဆက်သွယ်ခိုင်းလိုက်မယ်။ နတ်ဆိုးကို သုတ်သင်ဖို့ တာအိုဘုန်းကြီးတော့ လိုတယ်လေ။ သူ့လက်ထဲမှာတော့ မသေချင်ဘူး!"
ထိုအခိုက် အချိန်က ရုတ်တရက် ပြောင်းလဲသွားသည်။ တစ်ဆက်တည်းမှာပင် ပြင်းထန်သော ငိုက်မျဉ်းခြင်း လှိုင်းလုံးကြီးသည်လည်း ယန်ကျစ်ချန်၏စိတ်ကို လွှမ်းခြုံသွားလေသည်။ ယန်ကျစ်ချန် မျက်လုံးများကို မရည်ရွယ်ဘဲ မှိတ်ထားမိလိုက်သည့် တစ်ခဏ၌ပင် သူ၏အသိစိတ်က အကန့်အသတ်မဲ့ အမှောင်ထုထဲ ထိုးဆင်းသွားတော့သည်။
…
မျက်လုံးမဖွင့်ခင် အချိန်ဘယ်လောက် ကုန်သွားမှန်းပင် မသိ။ အရင်က ရင်းနှီးပြီးသား မျက်နှာကြက်၊ သံချေးတက်နေသော ခေတ်ဟောင်း ပန်ကာ၊ စားပွဲနှင့် ကုလားထိုင်များကလည်း ပျံ့ကျဲနေပြီး ကြမ်းပြင်ပေါ်မှာ အစွန်းအထင်းတို့ ရှုပ်ပွနေသည်။ အညစ်အကြေးလား သို့မဟုတ် သွေးလား သူ မပြောနိုင်ပေ။
"ဘာဖြစ်တာလဲ!" ကျန့်ယွိဟန်၏ ကြောက်လန့်တကြား အော်သံကြီးက သူ့နံဘေးမှ ထွက်ပေါ်လာသည်။
"ငါ မအိပ်ချင်ဘူးလေ။ ရုတ်တရက်ကြီး ဘယ်လိုလုပ် အိပ်ပျော်သွားတာလဲ။"
ယန်ကျစ်ချန်၏ ခေါင်းလည်း တဆတ်ဆတ် တုန်လာပြန်သည်။ ဇတ်ခနဲ ငုံ့ကြည့်လိုက်လေသော် ထိုနေ့က သူဝတ်ခဲ့သော အနက်ရောင် တီရှပ်ကိုပင် ၀တ်ဆင်ထားဆဲ။
နံပါတ် 300 သည်လည်း ကျောက်သင်ပုန်းပေါ်တွင် ပြန်ပေါ်လာချေပြီ။
ရွှီကျင့်က တုန်တုန်ယင်ယင်ဖြင့်: "ငါတို့ တကယ်ပဲ မလွတ်မြောက်နိုင်ဘူးလား။ ဘာ... ဘာဖြစ်နေတာလဲ။"
စူးရှသော အသံတချို့ ထွက်ပေါ်လာသည်။ ယန်ကျစ်ချန် ပြန်မော့ကြည့်လိုက်သောအခါ ကျန့်ယွိဟန်တစ်ယောက် ကြမ်းပြင်ပေါ်ရှိ စားပွဲခုံနှင့် ကုလားထိုင်များကို ကန်ထုတ်နေပုံအား တွေ့လိုက်ရလေသည်။
"မပြေးဘူးလား ! အချိန်စေ့မှာ စောင့်နေတာလား။"
ထိုသို့ပြောပြီးနောက် ကျန့်ယွိဟန်က စာသင်ခန်းထဲမှ လှည့်ထွက်သွားတော့သည်။ ဝမ်ရှင်းယွီလည်း သူ၏အနောက်မှ တိတ်တဆိတ် လိုက်သွားခဲ့၏။ ရွှီကျားရန်နှင့် ရွှီကျင့်တို့သည် အကြာကြီး တုံ့ဆိုင်းမနေဘဲ စာသင်ခန်းမှ အမြန်ထွက်သွားကြလေသည်။
ယန်ကျစ်ချန် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။ သူ သူတို့နောက်ကို လိုက်ဖို့ လုပ်နေချိန်၌ ရုတ်တရက် စာသင်ခန်းတစ်ဝိုက်တွင် ပြန့်ကျဲနေသော မှတ်စုစာအုပ် တော်တော်များများဆီ အကြည့်ရောက်သွားခဲ့၏။ ထိုစာအုပ်များအပေါ်၌ စာလုံးတချို့ ရေးထားသည်ကို ယောင်ဝါးဝါး မြင်လိုက်ရလေသည်။
ဒီမှတ်စုစာအုပ်တွေမှာ သဲလွန်စများ ရှိနိုင်မလား။
သို့ဖြင့် ဝပ်တွားဝင်သွားကာ စားပွဲခုံနှင့် ကုလားထိုင်များကြားတွင် လိုက်ရှာကြည်လိုက်သည်။
အများစုမှာ သာမန်အိမ်စာစာအုပ် သို့မဟုတ် ပြဋ္ဌာန်းစာအုပ်များသာ ဖြစ်သည်။ ယန်ကျစ်ချန် အံဆွဲများစွာကို အလျင်အမြန် ရှာဖွေခဲ့ရာ တစ်ခုတွင် ဒိုင်ယာရီတစ်အုပ် တွေ့ရှိခဲ့သည်။
ကျောက်သင်ပုန်းပေါ်ရှိ အချိန်က 198 သို့ ကျဆင်းသွားခဲ့ချေပြီ။ အချိန်ကျပ်လာသဖြင့် ယန်ကျစ်ချန်လည်း ကြာကြာမနေဝံ့ဘဲ စာအုပ်ကို ကုတ်အင်္ကျီထဲ အမြန်ထိုးထည့်ကာ ထွက်ခွာသွားခဲ့သည်။
အခြားသူများ၏ ရုပ်ပုံများသည် စင်္ကြံလမ်းမှ ပျောက်ကွယ်သွားခဲ့ချေပြီ။ သူလည်း အချိန်ရေတွက်ခြင်း ပြီးဆုံးသောအခါတွင် အင်းဆက်ကဲ့သို့ အနှီတစ္ဆေသရဲ လိုက်လာမည်ကို စိုးရိမ်သဖြင့် လှေကားမှ ပြေးဆင်းလာခဲ့သည်။
သို့သော် တတိယထပ်အရောက် တိခနဲ ရပ်သွားမိသည်။
ကျူးယန်တစ်ယောက် ယနေ့ စာသင်ခန်းထဲတွင် ပေါ်မလာခဲ့ချေ။
ဘာကြောင့် ကျူးယန် မရှိနေသနည်း။
ယန်ကျစ်ချန် သူတို့လမ်းခွဲခဲ့သည့် စာသင်ခန်းကို သတိရလိုက်သည်။ စင်္ကြံတွင် ထူထပ်သော အနက်ရောင် ခြေရာများကို ချက်ချင်း လိုက်ရှာကာ သွားစစ်ကြည့်ဖို့ ဆုံးဖြတ်ချက် ချလိုက်၏။
သူ ရှေ့ကို တိုးသွားပြီး စာသင်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ တဆတ်ဆတ် တုန်ခါနေသော တံခါးသံသည် အနှီတိတ်ဆိတ်မှုကို အလွန် ဆူညံသွားစေခဲ့သည်။
ယန်ကျစ်ချန် အထဲကို ချောင်းကြည့်လိုက်သောအခါ တစ်ချက်ကြည့်လိုက်သည်နှင့် သစ်သားစင်နံဘေးမှာ သွေးများ စွန်းထင်းနေသည်ကို တွေ့လိုက်ရ၏။
တစ်ခုခုတော့ ဖြစ်သွားပြီ။
ယန်ကျစ်ချန်၏ အသက်ရှူသံများ တုန်ခါသွားသည်။ နိမိတ်ဖတ်စရာ ကြိုတင်သတိပေးချက်က အကောင်အထည် ပေါ်လာပြီး သူ၏နှလုံးသားကို ဖော်မပြနိုင်သော ကြောက်ရွံ့မှုများဖြင့် ပြည့်သွားစေခဲ့သည်။
သူသည် စာသင်ခန်းထဲသို့မဝင်မီ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရန် နှစ်စက္ကန့်မျှ အချိန်ယူခဲ့ရသည်။
စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ချက်ချင်း ပေါ်လာတော့သည်။
စင်မြင့်အောက်ရှိ အံဆွဲကြီးသည် ထူထဲနေသော သွေးများစွာဖြင့် စွန်းထင်းနေ၏။ မသေသေးသော လူတစ်ယောက်၏ အသည်းအသန် ရုန်းကန်မှုကဲ့သို့ လက်ရာများသည်လည်း သစ်သားအံဆွဲနံရံများကို နက်နက်ရှိုင်းရှိုင်း ဖုံးအုပ်ထားသည်။
ကျူးယန် သေသွားပြီ။
ပြင်းထန်သော ကြောက်ရွံ့မှုလှိုင်း၏ အရှိန်အဟုန်သည် ပြင်းထန်သော ပျို့အန်ခြင်း ခံစားချက်တို့နှင့်အတူ လိုက်ပါလာ၏။ ထို့ကြောင့် ယန်ကျစ်ချန် အလိုလို နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိကာ မျက်ခုံးတို့လည်း တဆတ်ဆတ် တုန်လှုပ်သွားသည်။
ဘာလို့လဲ။
အဲဒီဟာက ထွက်သွားခဲ့ပြီ မဟုတ်ဘူးလား။
ယန်ကျစ်ချန် တောင့်တင်းနေမိသော အခိုက်အတန့်၌ အမှန်တရားကိုလည်း သဘောပေါက်လိုက်သည်။
သူနှင့် ရွှီကျားရန် စာသင်ခန်းထဲမှ ထွက်သွားသောအခါ ထိုအရာက စင်္ကြံတွင် မရှိခဲ့ပေ။ ၎င်းသည် အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေပြီး သူတို့ထွက်သွားသည်ကို တိတ်တဆိတ် စောင့်နေခဲ့ပေလိမ့်မည်။
သို့သော်လည်း ဘာကြောင့် ကျူးယန်ကို ပစ်မှတ်ထားရသနည်း။
ယန်ကျစ်ချန် နောက်တစ်ဖန် ပြန်လှည့်ကြည့်လိုက်သည်။
မျက်စိဖြင့် မြင်နိုင်လောက်သည့် လူသေအလောင်း သို့မဟုတ် အသားတစ်သျှူးနှင့် ပတ်သက်သည့် မည်သည့်အရာမျှ မရှိပေ။
ကျူးယန်တစ်ယောက် လေထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
***
Aurora Novel Translation Team