Chapter (3)
စာသင်ခန်း (၃)
ယန်ကျစ်ချန်၏ စိတ်အစဥ်တို့ တစ်ခဏတာလောက် လွတ်ထွက်သွားခဲ့သည်။
သူ အလိုလို နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သော်လည်း စားပွဲခုံကို တွန်းလိုက်မိကာ လဲကျနေသော ထိုင်ခုံကို နင်းမိသွား၏။ ခြေပါချော်ကျသွားသဖြင့် ထိန်းမနိုင်သိမ်းမရ နောက်သို့ လဲကျသွားပြီး ခေါင်းက ကြမ်းပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားခဲ့သည်။
ယန်ကျစ်ချန်၏ အမြင်အာရုံသည် ထိုနာကျင်မှုနှင့်အတူ မှုန်ဝါးသွားခဲ့လေသည်။ စုတ်ပြဲသွားသော နာကျင်ကိုက်ခဲမှုတစ်ခုက သူ၏ဦးနှောက်ကို အတင်းအကျပ် ဆုပ်ကိုင်ထားသည့် အတိုင်းပင်။ ထိုကြောက်စရာကောင်းသော အရာကို သူမှတ်မိသော်လည်း သူ့ခန္ဓာကိုယ်၏ဗီဇများက သူ့ကို မလှုပ်မယှက်ဖြစ်အောင် ထိန်းချုပ်ထားသည်။
'မဟုတ်ဘူး…'
'သူ မသေချင်ဘူး...'
အသက်ရှင်လိုသော စိတ်ဆန္ဒကြောင့် သူ၏မျက်လုံးများကို ဖွင့်ကာ အေးစက်သော အုတ်ကြွပ်ကြမ်းပြင်ပေါ်တွင် ထိုင်နိုင်ရန် သူ့ကိုယ်သူ တွန်းအားပေးနေခဲ့သည်။ သို့ပေမဲ့ ပြတင်းပေါက် အပြင်ဘက်တွင် မည်သူမျှ မရှိခဲ့။ အမှောင်ထုချည်းသာ ရှိကာ မည်သူမျှမရှိ။
ထိုအရာသည် စာသင်ခန်းတံခါးကို ထုရိုက်ကာ ထပ်မံ ဝင်ရောက်လာဖို့သာ ကြိုးစားပြန်သည်။ ရွှီကျားရန်သည် စားပွဲခုံကို မှီထားရာမှ ယန်ကျစ်ချန်ဘက်သို့ လှည့်အော်လေ၏။
"ကူညီနိုင်မလား ငါ ဆက်မထိန်းနိုင်တော့ဘူး !"
ယန်ကျစ်ချန်၏ ခေါင်းမှာ တသိမ့်သိမ့် တုန်ခါနေဆဲဖြစ်သည်။ သူသည် ခြေထောက်ကို ထိန်းချုပ်လိုက်သော်လည်း ရုတ်တရက် တံခါးရိုက်သံက ပြင်းထန်လာကာ သစ်သားတံခါး အနည်းငယ် ပွင့်သွားသည်ကိုပင် တွေ့လိုက်ရ၏။ သို့နှင့် သူ ရှေ့သို့ အမြန်ပြေးသွားပြီး ရွှီကျားရန်နှင့်အတူ တံခါးမဖွင့်သွားရန် ထိန်းထားခဲ့သည်။
ကျူးယန်က အထိတ်တလန့်ဖြင့်: "ဝင်လာပြီ! ငါတို့ဘာလုပ်ကြမလဲ။ ဝင်လာနေပြီ!"
ဝုန်း!
နောက်ထပ် အလွန်ပြင်းထန်သော အသံများ ထပ်ကြားလိုက်ရသည်။ ဖြစ်ပျက်သွားခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များကို ဖြည်းညင်းစွာ ပြန်စဥ်းစားနေစဥ် ယန်ကျစ်ချန်၏ လက်မောင်းတွင် သွေးကြောများ ထောင်နေချေပြီ။
'သူ့ကိုမြင်ပေမဲ့ ဘာလို့ဘာမှမလုပ်တာလဲ...'
'ဘာလို့လဲ…'
"ငါတို့ ဘာလုပ်ကြမလဲ !" ကျူးယန်က စိတ်ပျက်အားငယ်စွာဖြင့် -- :"ငါတို့ဘာလုပ်ကြမလဲ။ ငါတို့ဒီမှာ တကယ် သေသွားရတော့မှာလား။"
တံခါးရိုက်သံက သိသိသာသာ တိုးလာသည်။ စိတ်ရှုပ်နေသော ယန်ကျစ်ချန်မှာလည်း ကြောက်အားလန့်အားဖြင့် ကျူးယန်ဘက် ချာခနဲ လှည့်ကာ။
"တိတ်စမ်း! စင်ပေါ်တက်ပြီး အဲဒီနောက်မှာ သွားပုန်းနေလိုက်!"
ဝုန်း!
ထိုအရာက တံခါးကို ထုလာပြန်သည်။ ယန်ကျစ်ချန်ကြောင့် လန့်ဖျပ်သွားသော ကျူးယန်လည်း တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စင်မြင့်နောက်ကွယ်သို့ အရူးအမူး ပြေးသွားကာ ဝပ်နေတော့သည်။ တံခါးကို ထုရိုက်သံများနှင့် တံခါးဆီသို့ စေးကပ်နေသော အသားစများ တဖျပ်ဖျပ်ခတ်သံများသာ စာသင်ခန်းထဲတွင် ကျန်နေခဲ့သည်။
ယန်ကျစ်ချန်သည် ရွှီကျားရန်နှင့်အတူ ထိုရိုက်ခတ်မှုကို ခံနိုင်ရည်ရှိအောင် အံကြိတ်ကာ တောင့်ခံခဲ့သည်။ အချိန်က မည်မျှပင် ကြာသွားသည်မသိ သက်ရောက်မှုများ၏ တွန်းအားသည်လည်း တဖြည်းဖြည်း အားပျော့သွားကာ နောက်ဆုံးတွင်တော့ ရပ်တန့်သွားလေ၏။
ကျူးယန်သည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး သူ ချောင်းကြည့်ခါနီးတွင် ယန်ကျစ်ချန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင်တော့ ခြေသံများသည် တံခါးပေါက်နားမှ တဖြည်းဖြည်း ထွက်ခွာသွား၏။ အနှီခြေလှမ်းများမှာ အကွာအဝေး တစ်ခုဆီသို့ တရွေ့ရွေ့ဖြင့် ရွေ့လျားသွားပြီး လုံးလုံးလျားလျား ပျောက်ကွယ်မသွားမီ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သေးသည်။
ကျူးယန်လည်း ကြမ်းပြင်ပေါ်သို့ အားပြတ်ကာ လဲကျသွားတော့သည်။ လက်ရှိ၌ သူ၏မျက်နှာမှာ သေမင်းတမန်အလား ဖြူဖျော့နေချေပြီ။
ရွှီကျားရန်လည်း တစ်ကိုယ်လုံး အေးစက်သော ချွေးများစွာဖြင့် ဖုံးလွှမ်းသွားသည်။
ရွှီကျားရန်: "သွားပြီ။ တကယ်သွားပြီ !"
ယန်ကျစ်ချန် ကြမ်းပြင်ပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ တင်းမာသော အခိုက်အတန့်သည် ပြီးဆုံးသွားသော်လည်း သူ၏ခေါင်းသည် တစစနှင့် နာကျင်လာကာ ထိုနှစ်ယောက်ကို ပြီးပြည့်စုံသော စကားတစ်ခွန်းလောက် ပြောရန်ပင် မဖြစ်နိုင်သေးပေ။
"ဘာ... ဘာဖြစ်တာလဲ။"
ကျူးယန် စင်မြင့်နောက်ကွယ်မှနေ၍ ခေါင်းကို မဝံ့မရဲ ထွက်ကြည့်လိုက်သည်။ ယန်ကျစ်ချန်တစ်ယောက် နှုတ်ဆိတ်နေသေးသည်အား မြင်လိုက်ရသဖြင့် ရွှီကျားရန်က ဝင်ဖြေပေးလိုက်၏။
"ငါတို့အသံတွေကို ကြားနိုင်ပုံရတယ်။"
"ငါတို့အသံတွေကို ကြားရပြီး ဒီအခန်းထဲမှာ လူတွေရှိတယ်ဆိုတာ သိနေတာလား။" ကျူးယန်တစ်ယောက် အံ့သြစွာ မျက်လုံးပြူးသွားသည်။
"အဲဒီ သွေးစွန်းနေတဲ့ အညစ်အကြေးကောင်က နားတွေတောင် ရှိတယ်လား !"
"ငါတို့ကိုလည်း တွေ့နိုင်လောက်တယ်။ ဒါပေမဲ့ ငါ မသေချာဘူး။ အစောနက မင်းနဲ့ အရမ်းနီးနေတာလေ မင်း ဘာတစ်ခုမှ မတွေ့လိုက်ဘူးလား။"
ကျူးယန် တုံ့ဆိုင်းသွားပြီးမှ ခေါင်းခါလိုက်သည်။
"အဲဒီအချိန်တုန်းက ငါကြောက်နေတာ။ အဲဒီအရာကြီးကြောင့် လန့်နေတာဆိုတော့ ဘာမှ မတွေ့လိုက်ဘူး။"
ရွှီကျားရန်မှာ အနည်းငယ်စိတ်ပျက်နေပုံ ပေါ်သော်လည်း ဘာမှပြန်မပြောဘဲ :"စိတ်မဆိုးပါဘူး ရတယ်။ တခြားသူတွေရော ဘယ်လိုနေလဲ မသိဘူး။"
ယန်ကျစ်ချန်လည်း နောက်ဆုံးတွင်တော့ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်သောကြောင့် အေးစက်နေသော စားပွဲထောင့်ကို မှီပြီး ပြောပြလိုက်သည်။
"အစတုန်းက ပြတင်းပေါက်ကနေ ငါ့ကို မြင်သွားတယ်။"
"ပြီးတော့ရော?" ရွှီကျားရန် မတ်တပ် ထထိုင်လိုက်မိသည်။
“နောက်တော့ ငါ ခလုတ်တိုက်ပြီး လဲကျသွားတယ်။” ယန်ကျစ်ချန်က ဆက်ပြောသည်။ "ငါ့ကို မမြင်ရတော့ဘူး။ အဲဒါကြောင့် တခြားဘာမှ မလုပ်တော့တာ ဖြစ်မယ်။"
ရွှီကျားရန်လည်း သက်ပြင်းချလိုက်ကာ :"ငါတို့ လွတ်မြောက်ခဲ့တာ ကံကောင်းခြင်းတစ်ခုပဲ။"
အနည်းငယ် ပေါ့ပါးသွားသော လေထုသည် ဤအကြောင်းအရာနှင့် ပတ်သက်လာတော့ ချက်ချင်းပင် လေးလံလာပြန်သည်။ ကျူးယန်မှာ စိုးရိမ်တကြီးနှင့် ခေါင်းကုတ်လိုက်ပြီး :"ဘာတွေဖြစ်နေတာလဲ သိလား။ ဘာဖြစ်တာလဲ။ ငါတို့ ဘယ်လိုဖြစ်ကုန်တာလဲ။ ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ် ပိတ်လှောင်ခံထားရတာလဲ။"
အဖြေမရသဖြင့် ကျူးယန်ကပဲ :"ဒီကမ္ဘာမှာ သရဲတစ္ဆေတွေ တကယ်ရှိတာလား။"
ရွှီကျားရန်: "မသိဘူး။ ငါလည်း မသိဘူး"
ယန်ကျစ်ချန်ကတော့ ခေါင်းကို လှည့်ကာ စားပွဲထောင့်ဖြင့် နဖူးကို ထောက်ထားလိုက်သည်။ နောက်ဆုံးတွင်တော့ နာကျင် ကိုက်ခဲသော ဝေဒနာအချို့က အနည်းငယ် သက်သာလာလေပြီ။
ထိုအခိုက် သူ့စိတ်ထဲတွင် အမှတ်တရ အပိုင်းအစများ ပေါ်လာသည်။ လွန်ခဲ့သည့် နှစ်များက သူ့ရည်းစားဟောင်း စုန့်ကွမ်းနန်ကိုလည်း သူ အလားတူမေးခွန်းမျိုး မေးခဲ့ဖူး၏။ ထိုအချိန်က သူသည် စုန့်ကွမ်းနန် ငှားရမ်းထားသော တိုက်ခန်းတွင် နေထိုင်ခဲ့ပြီး ထိုအိမ်က ထောင့်စွန်းတွင် ယဇ်ပလ္လင်တစ်ခုကို တွေ့ခဲ့ဖူးသည်။
ယဇ်ပလ္လင်ပေါ်ရှိ ပုံရိပ်သည် ဘာကြောင့်ရယ်မသိသော်လည်း ယခုအခါ သူ၏မှတ်ဉာဏ်ထဲတွင် မှုန်ဝါးနေခဲ့သည်။ ယန်ကျစ်ချန်မှာ မီးခိုးသုံးလုံး ဆက်တိုက် တက်လာပြီး ပျောက်ကွယ်သွားသည်ကိုသာ သတိရတော့သည်။
"ဒီကမ္ဘာမှာ သရဲတွေရှိလား။" ယန်ကျစ်ချန်က ဝင်ပေါက်ကို မှီ၍ ကဲ့ရဲ့လှောင်ပြောင်လိုက်၏။
"စုန့်ကွမ်းနန် ငါ့ကိုပြောကြည့်!"
စုန့်ကွမ်းနန်သည် ယန်ကျစ်ချန်ကို ဂရုမစိုက်ဘဲ ပြန်စိုက်ကြည့်နေကာ သူ၏အမူအရာမှာ အထီးကျန်ဆန်တာကလွဲ၍ ဘာမှမထူးခြားသည့် အတိုင်းပင်။ သို့သော် “မယုံတာ အကောင်းဆုံးပါပဲ” ဟုသာ ရှင်းပြခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ယန်ကျစ်ချန်သည် စုန့်ကွမ်းနန်၏စကားကို အနည်းငယ် နားလည်လာသည်။ သူ့မျက်လုံးဖြင့်သာ တကယ်မမြင်ခဲ့လျှင် ဤကိစ္စ၏ အမှန်တရားကို သံသယဖြစ်မိနေဦးမှာပင်။
“နည်းနည်းတော့ ရှိလိမ့်မယ်။”
ယန်ကျစ်ချန်တစ်ယောက် ဖြည်းညင်းစွာ ထုတ်မပြောလိုက်ခင် သူ့ပခုံးများကို ဖိကြည့်လိုက်သည်။
"အမှန်ပဲ။" ရွှီကျားရန်လည်း ပြုံးလိုက်သည်။
"မဟုတ်ရင် ဒီလိုကိစ္စတွေကို ဘယ်လိုရှင်းပြမလဲ။"
သုံးယောက်သား ငြိမ်ကျသွားသည်။
တင်းမာသော လေထုသည် အချိန်အတိုင်းအတာ တစ်ခုအထိ ရွေ့လျားသွားခဲ့သည်။ ခဏအကြာ၌ ယန်ကျစ်ချန် အနည်းငယ် ပိုနေ၍ကောင်းလာသဖြင့် မတ်တပ်ထရပ်လိုက်သည်။
"ငါသွားကြည့်လိုက်ဦးမယ်။"
ရွှီကျားရန်လည်း ထရပ်လိုက်သည်။
"ငါလည်း အောက်ထပ်ဆင်းနိုင်မလား ကြည့်ချင်တယ်။"
ယန်ကျစ်ချန် သက်ပြင်းချကာ: "ကောင်းပြီ သွားရအောင်။"
ကျူးယန်မှာတော့ ဘယ်ညာကြည့်ကာ စာသင်ခန်းထဲသို့သာ ပြန်ဆုတ်သွားခဲ့သည်။
“မင်းတို့ သွားကြ။ ငါ့ခြေထောက်က မပျောက်သေးဘူးဆိုတော့ မင်းတို့ကို ဒုက္ခမပေးချင်ဘူး။"
သူက ခေတ္တရပ်လိုက်ပြီး :"တံခါးကို သေချာပိတ်သွားဖို့ သတိရနော်။"
...
ကျူးယန်ကို နေရာချပေးပြီးနောက် ယန်ကျစ်ချန်နှင့် ရွှီကျားရန်တို့ အတူတူ အောက်ထပ်သို့ ဆင်းသွားကြသည်။
သူတို့ အပြင်ထွက်လာသောအခါ တံခါးဝနားက ကြမ်းပြင်ပေါ်၌ ကျန်ခဲ့သော ခြေရာများကို ယန်ကျစ်ချန် တွေ့လိုက်ရသည်။ အချိန်အတန်ကြာသွားသဖြင့် ခြေရာများသည်လည်း အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားချေပြီ။ တစ်စုံတစ်ခုသည် အချိန်အတော်ကြာအောင် ရပ်နေခဲ့သလိုပင်။
စာသင်ဆောင်မှာ ခြောက်ထပ်ရှိသည်။ သူတို့သည် တတိယထပ်ရှိ စာသင်ခန်းတစ်ခုထဲ ပြေးလွှားခိုလှုံခဲ့ကြသည်။ ယခု လှေကားဆီရောက်ရန် လမ်းတစ်ဝက်သာ လျှောက်သွားရ၏။ ယန်ကျစ်ချန်တို့နှစ်ယောက် ခန္ဓာကိုယ်ကို ခပ်နိမ့်နိမ့်ဖြင့် ဝပ်တွားရင်း လှေကားထစ်ကို ဂရုတစိုက် ဆင်းလာခဲ့ကြသည်။
စင်္ကြံတွင်ဖြစ်စေ၊ လှေကားထစ်များ၊ ပြတင်းပေါက်များဖြစ်စေ မြင်နိုင်သမျှ အရာအားလုံးက အမှောင်ထုချည်းပင်။ ခြေလှမ်းလှမ်းတိုင်းတွင် ယန်ကျစ်ချန်၏ နှလုံးသားသည်လည်း ပိုမိုလေးလံလာ၏။
'ထွက်သွားနိုင်ပါ့မလား' ဟူသော မျှော်လင့်ချက်များက ပျောက်ကွယ်သွားတော့မည့်အလား။
ပထမထပ်သို့ ရောက်သောအခါ အဝေးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှီကျင့်: "ယန်ကျစ်ချန်! ရွှီကျား! ကျေးဇူးပဲ နင်တို့အသက်ရှင်နေသေးတယ်!"
စင်္ကြံရှိ ကျောက်စာတိုင်နောက်ကနေ ရွှီကျင့်တစ်ယောက် ချောင်းကြည့်လာသည်။
"ဝမ်ရှင်းယွီနဲ့ ကျန့်ယွိဟန်တို့ကို တွေ့လိုက်သေးလား။"
“ကျေးဇူးပါပဲ ဘုရားသခင်ရယ်။” ရွှီကျားရန်လည်း အသက်ရှင်ကျန်ရစ်သူ သူငယ်ချင်းကို တွေ့ရတော့ ဝမ်းသာသွားသည်။
ရွှီကျားရန်: "ငါတို့ သူတို့ကိုမတွေ့ဘူး။ ဒါပေမဲ့ ကျူးယန်တော့ အသက်ရှင်နေသေးတယ်"
“ကောင်းတယ် အဲဒါကောင်းတယ်” ရွှီကျင့် သက်ပြင်းချလိုက်သည် --:"အဲ့ဟာကြီး စောစောက ဒီက ဖြတ်သွားတာ။ ငါ ပုန်းနေလို့ပေါ့။ အဲဒါကြီး ငါ့ကို မတွေ့သွားဘူး။"
ရွှီကျားရန်: "အောက်ထပ်က ပင်မဝင်ပေါက်ကို စစ်ဆေးပြီးပြီလား။"
ရွှီကျင့်က သက်ပြင်းချလိုက်သည်။
“ငါစစ်ကြည့်တယ်။ ဒါပေမဲ့…တံခါးက သော့ခတ်ထားတာ။”
"သော့ခတ်ထားတာလား။" ယန်ကျစ်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်။ သံကြိုးကြီးနဲ့ သော့ခတ်ထားတာ။" ရွှီကျင့်က လေးလေးနက်နက် ပြောလာ၏။ :"ငါ နင်တို့ကို ခေါ်သွားပြီးပြမယ်။"
"ကောင်းပြီ။" ရွှီကျားရန် ခေါင်းညိတ်လိုက်သည်။
စာသင်ခန်း အနည်းငယ်အပြင် ပထမထပ်၏ ကျန်အခန်းကို ဧည့်ခန်းတစ်ခုဖြင့် နေရာယူထားသည်။ ဧည့်ခန်း၏ အလယ်ဗဟို၌ သန္တာကျောက်တုံးတစ်တုံး ရှိပြီး ၎င်း၏မူလ နက်နဲသော အနီအရောင်ကို ဖုံးကွယ်ထားသည့် အရာမှာ ဖုန်မှုန့်ထူထူများသာ ဖြစ်သည်။ ၎င်းသည်လည်း ကျောင်းအဆောက်အအုံ တစ်ခုလုံးကဲ့သို့ပင် ညှိုးနွမ်းချောက်ချားဖွယ် ကောင်းနေ၏။
စင်္ကြံလမ်းကိုဖြတ်၍ သန္တာကျောက်တန်း အခန်းကို ဖြတ်ပြီးနောက် တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးကို ချက်ချင်း တွေ့လိုက်ရလေသည်။ အံ့သြစရာကောင်းသည်က မှန်တံခါးနှစ်ပေါက်၏ နောက်ကွယ်မှာလည်း အမှောင်ထုကြီးသာ ရှိနေသည်။
လက်ကောက်ဝတ် အထူခန့်ရှိသော သံကြိုးအထူသည် တံခါးလက်ကိုင် ပတ်ပတ်လည်ကို ရစ်ပတ်ထားကာ သော့ခလောက်ကြီးဖြင့် ခတ်ထား၏။ ထို့အပြင် မှန်တံခါးကလန့်များကိုလည်း လုံခြုံစွာ သော့ခတ်ထားသည်။
'တံခါးကို ဖြိုချမှ ရမှာလား'
ယန်ကျစ်ချန် မျက်မှောင်ကြုတ်လိုက်သည်။
သို့ပေမယ့် အပြင်မှာ ဘာရှိလဲဆိုတာ မည်သူမျှ မသိကြချေ။
သူ အန္တရာယ်ကိုလည်း လက်ယှက်မခေါ်ချင်ပါ။
သူတွေးနေတုန်း ရွှီကျင့်က ရုတ်တရက် သူတို့နှစ်ယောက်ကို လှမ်းဆွဲလိုက်လေသည်။ သူ(မ)မျက်နှာက ဖြူဖျော့နေပြီး တိုးတိုးလေး သတိပေးလာ၏။
“နားထောင်!”
ယန်ကျစ်ချန် ခဏရပ်လိုက်သည်။ သူတို့အကြား တိတ်ဆိတ်နေချိန်တွင် ဝေးကွာလှသော နေရာမှ အသံများသည်လည်း သိသိသာသာ ရှင်းလင်းလာသည်။
စူးရှသော ခြေသံများ အဝေးမှ လွင့်ပျံလာသည်။
'အဲ့ဟာပဲ!'
ယန်ကျစ်ချန်၏ သူငယ်အိမ်တို့ ကျုံ့ဝင်သွားသည်။ သုံးယောက်သား လျင်မြန်စွာ တုံ့ပြန်ကာ ပြေးထွက်သွားကြသည်။
သို့ပေမဲ့ နောက်ကျသွားချေပြီ။
သွေးများ၊ အသားစများ ပုပ်ပွနေသော တစ္ဆေဟာ လှေကားထစ်ထဲမှာ ပေါ်ထွက်လာသည်။ ကျယ်ဝန်းသော ခန်းမကြီးကို ယခုအခါ အပြည့်မြင်နေရလေပြီ။
ယန်ကျစ်ချန်သည် ၎င်း၏ ကောက်ကွေးနေသော မျက်နှာနှင့် အေးစက်တောက်ပသော မျက်လုံးတစ်စုံကို အနှီပုပ်ပွနေသော အသားပုံအောက်တွင် ဝှက်ထားကြောင်း တွေ့လိုက်ရသည်။
သူ့အနောက်မှာတော့ အနီရောင်တောက်တောက် ခြေရာများက အစီအရီဖြင့် ကျန်ခဲ့သည်။ ထိုသွေးထွက်သံယို ခြေရာများသည် ရွှန်းလဲ့နေပြီး သွေးများစွာက သူ၏ခန္ဓာကိုယ်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ စီးကျနေသည်။
"ပြေး!"
ယန်ကျစ်ချန် မဆိုင်းမတွ လှေကားတစ်ဖက်ဆီသို့ ပြေးသွားခဲ့သည်။ သို့သော် ထိုအချိန်တွင် မှန်တံခါးအပြင်ဘက်ရှိ အမှောင်ထုက ဖျပ်ခနဲ လွင့်စင်သွားလေ၏။ ၎င်းမှာ မှင်ထူထူများ ပွက်ပွက်ဆူလာပြီး ချက်ချင်း လင်းသွားသကဲ့သို့ပင်။
သော့ခတ်ထားသော ဗီရိုကို ရုတ်တရက် ဖွင့်လိုက်သလို သို့မဟုတ် မျက်စိကွယ်နေသူတစ်ယောက် ရုတ်တရက် အလင်းရောင်တစ်ခုကို မြင်လိုက်ရသည့်နှယ်။
အရုဏ်တက်ချေပြီ။
***
Aurora Novel Translation Team