no

Font
Theme

Chapter (15.1)

စာသင်ခန်း (၁၅.၁)

လွန်ခဲ့သော ၁၀ မိနစ်။

စာသင်ခန်းတံခါး မထင်မှတ်ဘဲ ပိတ်သွားပြီးနောက် ကျန့်ယွိဟန်၏ အဝတ်အစားများသည် သွေးများစိုရွှဲနေသော အလောင်းကောင်များထံမှ ဖမ်းမိသွားသည်။

သေခြင်းတရားသည် သူ့အပေါ်၌ တစ်ဖန် ဆင်းသက်လာခဲ့သည်။

မနေ့ကကဲ့သို့ သို့မဟုတ် ယခင်နေ့က ကဲ့သို့ပင်။

မနေ့တစ်နေ့က သူ ဝမ်ရှင်းယွီအား သွေးအလောင်းဆီသို့ မဆိုင်းမတွ တွန်းထုတ်ပစ်ခဲ့သည်။ မနေ့ကလည်း အလားတူပင်။ သူနှင့်အတူ ထွက်ပြေးနေခဲ့သော ရွှီကျင့်ကို သွေးအလောင်းဝမ်ရှင်းယွီလက်ထဲ ရောက်သွားအောင် တွန်းထုတ်ခဲ့ပြန်သည်။

သူ(မ)တို့ မသေခင်အချိန်လေး၌ သူ(မ)တို့၏ စိတ်ပျက်လက်ပျက် အကြည့်များသည် သူ၏နှလုံးသားထဲတွင် ဖျောက်ဖျက်၍ မရနိုင်သော အမှတ်အသားတစ်ခုနှယ် စွဲကပ်နေခဲ့သည်။

သို့သော် သူ ဂရုမစိုက်ချေ။

မိမိ သတ်ပစ်သည်ကို မည်သူမျှ မမြင်သည်သာမက သက်သေလည်း မရှိချေ။ သူဟာ အသက်ရှင်သန်ဖို့ ကြိုးစားနေခဲ့ခြင်းဖြစ်ရာ သူသာ ရှင်သန်နိုင်လျှင် နောက်မှာ ဖြစ်ပျက်ခဲ့သည်များက ဘာမျှ အရေးမကြီးတော့ပေ။

ယခုတော့ သူ၏ရှေ့၌ သတ်ပုတ်ခံရမည့် ဆိတ်တစ်ကောင်မျှ မရှိနေခဲ့။

"ယန်ကျစ်ချန် ! ကျောက်စိမ်းဆွဲသီး၊ ကျောက်စိမ်းဆွဲသီးကို မြန်မြန်ချိုး !"

"မြန်မြန် !!"

မူကသွေးအလောင်းက လက်ရှိနေရာမှာ သေချာပေါက် ရှိနေလောက်၏။ ကတုတ်ကျင်းဝတ်စုံ ဝတ်ထားသည့် ထိုလူကို ယခုအချိန်မှာ မခေါ်နိုင်လျှင် သူတို့အားလုံး ဤနေရာမှာ သေကြရလိမ့်မည်။

သူ အသည်းအသန် ရုန်းကန်ခဲ့ရသည်။ သွေးအလောင်းများသည် မီးတောက်များ တဟုန်းဟုန်း တောက်နေသလို လက်များဖြင့် သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ အဝေးသို့ ဆွဲထုတ်သွားနေကြသည်။

အသက်ကင်းမဲ့ပြီး ကြောက်စရာကောင်းသော မျက်နှာများကို မြင်လိုက်ရသည့် အခိုက်အတန့်၌ ကျန့်ယွိဟန်၏ ကျောရိုးတို့ အေးစိမ့်သွားတော့သည်။ အံကြိတ်ကာ သူ၏ အဝတ်အစားများပေါ် တွယ်ကပ်နေသော လက်များကို ခါထုတ်နိုင်စေဖို့ အဝတ်အစားများကို ဆုတ်ဖြဲလိုက်သော်လည်း သွေးစွန်းနေသော အရိုးစုများကြားတွင် ကြောက်မက်ဖွယ် ကောင်းသော မျက်နှာကို မြင်လိုက်ရလေသည်။

ထိုမျက်နှာသည် လူ့အရေပြားတွင် တွယ်ကပ်နေဆဲ ဖြစ်ပြီး ယခုအခါတွင်တော့ သွေးများစွာ စွန်းထင်းနေ၏။ သို့သော် ၎င်းက ရွှီကျင့်၏မျက်နှာ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သေးသည်။

'ရွှီကျင့်...'

သူ၏ လှုပ်ရှားမှုများ အလိုလို ရပ်တန့်သွားသည်။

ထိုအချိန်တွင် 'ရွှီကျင့်' ၏ သူငယ်အိမ်များထဲတွင် ထူးဆန်းပြီး အဆိပ်တောက်တောက်များသဖွယ် သွေးလှိုင်းများ ဖြာထွက်လာ၏။ သူ(မ)သည် သွေးစွန်းနေသော အလောင်းများကြားမှ ရုတ်တရက် ခုန်ထွက်လာခဲ့ကာ ကျန့်ယွိဟန်အား ပွေ့ဖက်လိုက်လေသည်။

ဝှစ်ခနဲ လေသံနှင့်အတူ သူ့ခေါင်းနောက်ဖက်သည် ကြမ်းပြင်ပေါ် ပြင်းပြင်းထန်ထန် ဆောင့်ချမိသွားကာ သူ၏အမြင်အာရုံကို ရုတ်ခြည်း မှုန်ဝါးသွားစေခဲ့၏။ ထိုအချိန်တွင် 'ရွှီကျင့်' သည် သူ(မ)၏ လက်သည်းများဖြင့် သူ့လက်ကို အပြင်းအထန် ဆုပ်ကိုင်လိုက်ကာ သွေးစွန်းအလောင်းများ၏ အစုအဝေးထဲသို့ ဆွဲငင်သွားသည်။

ထိုအဖြစ်ကြောင့် ကျန့်ယွိဟန်လည်း အော်ဟစ်ကာ အရူးအမူး ရုန်းကန်နေလေတော့သည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ သွေးအလောင်းများသည် သူ့ကို အရေပြားမခွာဘဲ ယင်းအစား ဖမ်းဆွဲ၍သာ တိကျသော ဦးတည်ရာဆီသို့ ဆွဲခေါ်သွားကြ၏။

ထိုစဥ် ရုတ်တရက် 'ရွှီကျင့်'လည်း ရပ်တန့်သွားခဲ့သည်။

သို့နှင့် ကျန့်ယွိဟန်၏ အမြင်အာရုံတို့ တဖြည်းဖြည်း ကြည်လင်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများ ပျောက်ကွယ်သွားသည်နှင့် သူ့ကိုယ်သူ လှေကားထစ်တစ်ခုနား ရောက်ရှိနေကြောင်း သိလိုက်ကာ ချက်ချင်း ထထိုင်လိုက်၏။

သူ့ရှေ့တွင်မူ တုတ်ချောင်းသဏ္ဌာန် အင်းဆက်ကဲ့သို့ ထူးထူးခြားခြား ခန္ဓာကိုယ် အချိုးအစားရှိသော သွေးအလောင်းတစ်လောင်း ရပ်နေသည်။ ကျန့်ယွိဟန်ခမျာ ကြောက်စိတ်များသာ သူ၏စိတ်အစဥ်တို့အပေါ် လုံးလုံးလျားလျား လွှမ်းခြုံသွားသလို ခံစားလိုက်ရချေ၏။

ထို့နောက် တွေးပင် တွေးမနေဘဲ ခုန်ထကာ အလောင်းကောင်၏ ဆန့်ကျင်ဘက်သို့ ပြေးသွားခဲ့သည်။ သို့ပေမဲ့လည်း သူ၏လမ်းကြောင်းကို နောက်ထပ် သေးငယ်သော သွေးအလောင်းများက ပိတ်ဆို့ထားကြလေသည်။

၎င်းတို့ကို လျစ်လျူရှုရင်း ကျန့်ယွိဟန်တစ်ယောက် သွေးအလောင်းကောင်ကို မြေပြင်ပေါ်သို့ ခေါက်သိပ်လိုက်သော်လည်း သူ့ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲပင်။

'လွှတ်လေ! လွှတ်!'

ကျန့်ယွိဟန်လည်း သွားများကို အံကြိတ်ကာ ထိုအလောင်းကောင်၏ ခေါင်းအား အကြိမ်ကြိမ် ကန်ထုတ်လိုက်သည်။ ထိုအလောင်း၏ ဦးခေါင်းခွံမှ သွေးများစွာ ဖိတ်စင်ကျနေသော်လည်း ၎င်းတို့က လွှတ်ပေးရန် အရိပ်အယောင် မပြလာပေ။

အလွန်ကြောက်စရာကောင်းသော သွေးအလောင်းကလည်း နီးကပ်လာချေပြီ။ ကျန့်ယွိဟန်၏ မျက်လုံးများသည် ထိတ်လန့်မှုများကြောင့် အလွန်အမင်း တုန်ရီနေသော်လည်း သူသည် အနှီသွေးအလောင်းများလက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဤအလောင်းကောင်များသည် သူ့အား ချုပ်နှောင်ထားရန် ခွန်အားရှိသမျှနီးပါးကို အသုံးပြုခဲ့သည်။

နောက်ဆုံး သွေးများစွာဖြင့် အရေပြား မခွာခင်အထိ သူ မလွတ်မြောက်နိုင်ခဲ့။ သူသည် ပိုးကောင်နှင့်တူသော အလောင်းကောင်ကို ကြည့်နေစဥ် တစ်စုံတစ်ခုကို ရုတ်တရက် ရိပ်မိသွားခဲ့သည်။

ဤသွေးအလောင်းသည် အဘယ်ကြောင့် ကျူးယန်၏ အရေပြားကို ၀တ်ထားရသနည်း။

မူလသွေးအလောင်းက ဤအရာလား။

ဤသို့ဆိုလျှင် စာသင်ခန်းတံခါးကို ပိတ်ဆို့ထားသော ထိုသွေးအလောင်းမှာ သူတို့ မသိလိုက်သော တခြားအရာတစ်ခု ဖြစ်လိမ့်မည်။

သူ၏အသိစိတ် နောက်ဆုံးအခိုက်အတန့်သို့ အရောက်တွင်တော့ ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။

'အားလုံးအတူတူ သေကြရအောင်။'

ထိုအချိန်၌ သူ၏ ပြင်းပြင်းထန်ထန် အတွေးများက ရုတ်တရက် အဆိပ်ပြင်းလာခဲ့သည်။

...

လက်ရှိအချိန်တွင် ကျန့်ယွိဟန်၏ မျက်လုံးများသည် ယန်ကျစ်ချန်နှင့် ရွှီကျားရန်တို့ကို စေ့စေ့ကြည့်ရှုနေ၏။ သူ၏ပါးစပ်က အနည်းငယ် ပွင့်နေပြီး သူ့သွားများကြားတွင် မည်းမှောင်သော ကွက်လပ်တစ်ခု ပေါ်လာသည်။

ကျောက်စိမ်းဆွဲသီး၏ အပိုင်းအစများ ကြမ်းပြင်ပေါ် တဖြုတ်ဖြုတ် ပြန့်ကျဲသွားသည်။ ယန်ကျစ်ချန် အလွန်အမင်း သတိထားနေပြီး ချက်ချင်း နောက်ပြန်ဆုတ်လိုက်ကာ ကျန့်ယွိဟန်ကို အဝေးမှသာ မျက်နှာမူလိုက်သည်။

စုန့်ကွမ်းနန် လက်စတုံးခဲ့သော သွေးအလောင်းများ၏ အရိုးများကြားတွင် ကျောင်းသား ID ကတ်ကို သူမြင်လိုက်ရသည်။ ထိုကျောင်းသား မှတ်ပုံတင်ကတ်တွင် ရေးထားသော အမည်မှာ ကျောက်ကျောက်ပင်။

၎င်းက မူလသွေးအလောင်း မဟုတ်ချေ။ မူလသွေးအလောင်းသည် အစောပိုင်းတုန်းက ကျန့်ယွိဟန်ကို သတ်ရန် အပြင်မှာသာ ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် အခိုးအငွေ့ ဖြူဖြူလေးများ လွင့်ထွက်ကာ မှော်ဆန်လှသော လူသားအသွင်သဏ္ဌာန်သို့ ဖြည်းညင်းစွာ ပေါင်းစပ်သွားသည်။ ထိုလူသားမှာ ကျောက်စိမ်းဆွဲသီး ပေးခဲ့သည့် အမျိုးသားပင်။

ကတုတ်ကျင်းအင်္ကျီ ဝတ်ထားသည့် အမျိုးသား၏ ရုပ်သွင်သည် အဖြူရောင်အခိုးအငွေ့များထဲတွင် ပေါ်ထွက်လာကာ သူ၏တစ်ကိုယ်လုံးမှာ တစ္ဆေအရိပ်လို ခပ်ဖျော့ဖျော့သာ အရိပ်ထင်နေသည်။

"သူလား။"

ထိုသူက စာသင်ခန်းတံခါးဝရှိ ကျန့်ယွိဟန်ကို လှမ်းကြည့်လိုက်သည်။

"သူပဲ!" ယန်ကျစ်ချန် ခေါင်းညိတ်လိုက်သည်။

ထိုလူက သက်ပြင်းရှိုက်ရင်း: "သေသွားပြန်တာပဲ။"

ယန်ကျစ်ချန် တိတ်ဆိတ်နေခဲ့၏။ ထို့နောက်တွင် တစ်ဖက်လူမှ နောက်ထပ် မှတ်ချက်တစ်စုံတစ်ရာမျှ မပေးတော့ချေ။

သူ၏ခန္ဓာကိုယ်တစ်ဝက်သည် ရုတ်တရက် ပြိုကျသွားပြီး သဲများအဖြစ်သို့ ပြောင်းလဲသွားသည်။ ပြီးသည့်နောက် တဖြည်းဖြည်းနှင့် သူ့ကိုယ်ခန္ဓာ၏ အခြားတစ်ဝက်နှင့်အတူ မြေပြင်ပေါ်တွင် သဲတစ်ပုံမျှသာ ကျန်ခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော စင်္ကြံထက်တွင် ထိုသဲများသည် လေ၏ အကူအညီမပါဘဲ ရွေ့လျားသွားပြီး သွေးများ ဖုံးလွှမ်းနေသော အလောင်းဆီသို့ လွင့်ပျံသွားကာ ၎င်းကို ဖုံးအုပ်ပစ်ခဲ့သည်။

'ဒါက ဘာလဲ။'

ယန်ကျစ်ချန်သည် သဲထဲတွင် ထည့်ပိတ်ခံထားရသော သွေးအလောင်းကို သေသေချာချာ စိုက်ကြည့်နေသည်။ ထိုသွေးအလောင်းသည် ဖမ်းချုပ်ခံလိုက်ရခြင်းအပေါ် မကျေမနပ်ဖြင့် ရုန်းကန်နေရပုံရသောကြောင့် သဲပုံသဏ္ဌာန်မှာ အဆက်မပြတ် ရွေ့လျားနေ၏။

ယန်ကျစ်ချန်မှာ ၎င်းထံမှ အော်ဟစ်သံကို ကြားလိုက်ပုံရသလိုလိုပင်။ ယောက်ျားလေးအသံဖြစ်ကာ ၎င်း၏ခန္ဓာကိုယ် တစ်ဝက်ခန့်ရှိ အရေပြားသည် ပို၍ပို၍ ဖျော့တော့လာခဲ့သည်။

ထို့နောက် တစ်ခဏချင်းတွင် သွေးများဖြင့် ဖုံးလွှမ်းနေသော အလောင်းကောင်ကြီး ငြိမ်ကျသွားသည်။

သို့သော် ထိုလူ၏မျက်နှာသည် ဖြူဖျော့ဖျော့ဖြစ်နေရာမှ ဖြူပြာရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး အလောင်းတစ်လောင်းနှင့်ပင် ဆင်တူလာ၏။

"သူကဘာလဲ။" ရွှီကျားရန်သည် သူ့ဘေးနားက ယန်ကျစ်ချန်ကို တိုးတိုး ကပ်ပြောလိုက်သည်။

"တစ္ဆေဖမ်းနေတာလား။"

“အဲ့လိုပဲ ဖြစ်မယ်။” ယန်ကျစ်ချန် ခေါင်းညိတ်၍ ထောက်ခံလိုက်၏။

ခဏအကြာတွင် ထိုလူသည် အိတ်ကပ်ထဲမှ ကြွေပုလင်းကို ဆွဲထုတ်လိုက်သည်။ သူ လှုပ်ရှားသွားသော ပုံသဏ္ဌာန်သည် ခဏတာမျှသာ ဖြစ်သော်လည်း အနှီကြွေပုလင်းကမူ ဤအိပ်မက်ထဲတွင် အမှန်တကယ် တည်ရှိနေသကဲ့သို့ ရှင်းရှင်းလင်းလင်း ပေါ်လာသည်။

ထိုလူက ပုလင်းကို ဝက်အူလှည့်ဖြုတ်လိုက်မှသာ အတွင်းမှ အမှုန်အမွှားများသည် သွေးနီရောင်ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ဤအခိုက်တွင် ယန်ကျစ်ချန်လည်း လက်တွေ့ဘဝတုန်းက ဤစာသင်ခန်းသို့ ရောက်ရှိလာသောအခါ၌ ကျူးယန်တစ်ယောက် ဤကြွေပုလင်းနှင့်တူသော အရာတစ်ခုကို ရိုက်ချိုးခဲ့မိကြောင်း ရုတ်ခြည်း ပြန်သတိရသွားသည်။

“ပြန်လာခဲ့!”

ထိုလူက အေးစက်စွာ အော်လိုက်သည်။

ထူးခြားဆန်းကြယ်သော လေပြင်းတစ်ချက်က စာသင်ခန်းထဲသို့ ရုတ်တရတ် ဝင်ရောက်လာ၏။ ထိုလေသည် လှုပ်ရှားမှုအာရုံ အားလုံးကို သယ်ဆောင်လာသည့်အလား သွေးစွန်းနေသော အလောင်းကောင်ကို သဲပြင်ပေါ်မှ ခွာပစ်လိုက်သည်။

အနံ့အသက်ဆိုးများ ပြင်းထန်စွာ လွင့်ပျံလာသောကြောင့် ယန်ကျစ်ချန်၏ အမြင်အာရုံများပင် မှုန်ဝါးသွားရသည်။ တစ်ဖက်ရှိ သွေးအလောင်းလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

ယန်ကျစ်ချန်၏ အကြည့်အောက်၌ပင် စာသင်ခန်းသည် ရုတ်တရက် အစစ်အမှန်မဟုတ်သလို မှုန်ဝါးလာချေသည်။ မြင်နေရသမျှ အရာအားလုံးဟာ ပန်းချီကားတစ်ချပ်အလား ပျောက်ကွယ်သွားပြီး တဖြည်းဖြည်းနှင့် မှောင်မည်းနေသည့် ကွက်လပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

"ပြီးသွားပြီ။"

အသံတစ်သံ ထွက်လာခိုက် ယန်ကျစ်ချန် ဖျတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။

သူတို့ ပြန်ရောက်လာပြီ။

သူ၏နောက်ကျောကို ထိကြည့်လိုက်သည်နှင့် သူ့အဝတ်အစားများသည် အေးစက်သော ချွေးများကြောင့် ရွှဲရွှဲစိုနေသည်ကို တွေ့လိုက်ရသည်။ လေအေးပေးစက်ကြောင့် သူ့အဝတ်အစားများက သူ့အရေပြားမှာ တွယ်ကပ်နေပြီး အလွန်အမင်း ရင်တထိတ်ထိတ် ဖြစ်သွားစေသည်။

သူ အသက်ရှင်ပြီ။

ယန်ကျစ်ချန် သူ၏ခေါင်းကို အနည်းငယ် ရှင်းသွားအောင် ဆုပ်ထားလိုက်သည်။

တကယ်ကို ပြီးသွားလောက်ပေပြီ။

ပြီးသွားခဲ့သော ပြဿနာများကို ဤအနေအထားဖြင့် တွေးနေချိန်၌ အပေါ်ထပ် အိပ်ရာမှ သွေးနှစ်စက် စီးကျလာ၏။ ယန်ကျစ်ချန်တစ်ယောက် ထိုအဖြစ်မှန်ကို ပြန်တွေးကြည့်ကာ အပေါ်ထပ်တွင် လဲလျောင်းနေသူဟာ ကျန့်ယွိဟန်ပင် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

'ပြီးတော့ သူ…'

ယန်ကျစ်ချန် ထထိုင်လိုက်ပြီး အပေါ်ထပ်အိပ်ရာပေါ် ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း ကျန့်ယွိဟန်၏တစ်ကိုယ်လုံးမှာ သွေးများစွာ ဖုံးလွှမ်းနေခဲ့လေပြီ။

လူသားအရေပြားသည် သူ၏နံဘေးတွင် ပြန့်ကျဲနေပြီး အိပ်ရာခင်းများနှင့် စောင်များကလည်း သွေးများဖြင့် ရွှဲနစ်နေ၏။ ပြင်းထန်သော အနံ့အသက်များက အခန်းထဲ၌ အင်မတန် ပြည့်လျှံလျက်။

သေသွားပြီ။

တကယ် သေသွားချေပြီ။

ရွှီကျားရန်လည်း နိုးလာသည်။

သွေးစွန်းနေသော ကြမ်းပြင်ကြားတွင် နှစ်ယောက်သား ကြောက်လန့်တကြား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တစ်ယောက်မျှ စကားမပြောနိုင်ခင် အခန်းတံခါးက တွန်းဖွင့်ခံလိုက်ရသည်။

သရဲဖမ်းခဲ့သော အမျိုးသားက အပြင်ဘက်တွင် ရပ်နေ၏။

လရောင်သည် ပြတင်းပေါက်မှနေ၍ စင်္ကြံထက်သို့ ဖြာကျနေသဖြင့် သူ၏မျက်နှာမှာ အင်မတန် ကြောက်စရာ ကောင်းနေသည်။

“ဒီသရဲကို ဖြေရှင်းပြီးပြီမို့လို့ မင်းတို့ မနက်ဖြန် ထွက်သွားလို့ရပြီ။"

'ထွက်သွားလို့ရပြီ။'

'ဒီအတိုင်းပဲ... ထွက်သွားလို့ ရသွားပြီလား။'

ယန်ကျစ်ချန်သည် ကပ်ဘေးတစ်ခုမှ မထင်မှတ်ဘဲ လွတ်မြောက်သွားရသောကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။

'အတန်းဖော်တွေ အများကြီး သေကုန်ပြီးမှ နောက်ဆုံးတော့ လွယ်လွယ်နဲ့ ပြီးသွားတယ်တဲ့လား။'

“ကောင်းလိုက်တာ!” ရွှီကျားရန်မှာတော့ နောက်ဆုံးတွင် တောက်တောက်ပပ ပြုံးနိုင်သွားပြီဖြစ်သည်။

“နောက်ဆုံး… နောက်ဆုံးတော့ ပြီးသွားပြီ။”

တစ်ဖက်လူ၏ အမူအရာက အနည်းငယ် မည်းမှောင်သွားသည်။

"တစ္ဆေနဲ့ နတ်တွေအကြောင်း ဒီကိစ္စကို လုံးဝ မပေါက်ကြားစေနဲ့။" ထိုလူ၏လေသံက တင်းမာလာသည်။ :"မင်းတို့ရဲ့ အတန်းဖော်တွေ သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အတွင်းပိုင်း အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောလို့ မရဘူး။ အသေးစိတ် အချက်အလက်တွေကို ငါတို့ကပဲ ကိုင်တွယ်သွားမယ်။"

"...ကောင်းပြီ။" ရွှီကျားရန် ခေတ္တရပ်တန့်လိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။

စကားဝိုင်း ရပ်တန့်သွားသောကြောင့် ဧည့်ခန်းသည်လည်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ခဏကြာသော် ကတုတ်ကျင်းဝတ်ထားသော အမျိုးသားက မေးလာသည်။

“ထူးဆန်းတာတစ်ခုခု ကြုံခဲ့ရသေးလား။”

"ဒီနေ့ အိမ်မက်ထဲမှာလား။"

"မရှိပါဘူး။" ရွှီကျားရန်က ချက်ချင်း ခေါင်းခါလိုက်ပြီး :"ကျွန်တော်တို့ ကျောက်စိမ်းဆွဲသီးကို ချိုးလိုက်ပြီးတော့ ခင်ဗျား ရောက်လာတာပဲလေ။"

သူသည် ယန်ကျစ်ချန်အတွက် စုန့်ကွမ်းနန်ကိစ္စအား တက်ကြွစွာ ဖုံးကွယ်ထားလိုက်သည်။

"အင်း မရှိဘူး။"

ယန်ကျစ်ချန်ကပါ ခေါင်းညိတ် သဘောတူလိုက်သည်။

သူတို့နှစ်ယောက်လုံး ငြိမ်သက်နေကြ၏။ ထိုလူစိမ်းကတော့ သူတို့ဟာ ယုံရပါ့မလားဆိုတာ မသေချာပုံပေါ်လေသည်။ သူ၏အကြည့်များက အေးစက်ပြီး ခံစားချက်ကင်းမဲ့ကာ သူတို့နှစ်ယောက်လုံးအပေါ် လွှမ်းခြုံထားသည်။

'သူ တစ်ခုခုကို သတိထားမိသွားတာလား။'

ယန်ကျစ်ချန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူသည် စုန့်ကွမ်းနန်နှင့် အချစ်ရေးကိစ္စကို ထုတ်ဖော်မပြချင်ပါ။ အထူးသဖြင့် စုန့်ကွမ်းနန်က သရဲတစ္ဆေ ဖြစ်နေသောကြောင့်ပင်။ သူ့ရှေ့မှလူသည် သရဲတစ္ဆေနှင့် ဆက်ဆံရသူ ဖြစ်သည်။

ထို့အပြင် ထိုသူသည် 'ထူးဆန်းတဲ့ အရာ' ဟု တမင်တကာ ထည့်ပြောခဲ့ဖူး၏။

ခဏအကြာတွင် ကတုတ်ကျင်းဝတ်ထားသော အမျိုးသားက ထပ်ပြောလာသည်။

“ထားလိုက်တော့။ သွားရအောင် နောက်တစ်နေရာရှာပြီး ဆက်အိပ်ကြပေါ့။”

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment