Chapter (2)
စာသင်ခန်း (၂)
"ဘာကြီးလဲ။ ငါ့ကိုဘယ်သူခေါ်လာတာလဲ။"
ကျူးဟန်တစ်ယောက် ကျယ်လောင်သော အသံနှင့်အတူ စားပွဲထောင့်ကို ထိတ်လန့်တကြား ကန်လိုက်မိသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ခေါင်းကိုလည်း တင်းနေအောင် ဆုပ်ထားသည်။
"ဒါက စာသင်ခန်းမလား။ ဘယ်သူလုပ်တာလဲ ! နောက်ပြောင် ကစားနေတာလား!"
ဆားငန်ရည်အလား အနံ့အသက်တို့က လေထဲ၌ ပြည့်လျှံနေသည်။ အခန်းထဲတွင် စားပွဲခုံများနှင့် ထိုင်ခုံများ ပြန့်ကျဲနေသေးသည်။ စာသင်ခန်းတံခါးကို သတ္တုဗီရိုငယ်တစ်ခုက မျက်နှာမူထားကာ စာအုပ်များမှာတော့ စားပွဲခုံများနှင့် ကုလားထိုင်များ၏ ပတ်ပတ်လည်တွင် ပြန့်ကျဲနေ၏။ "အထက်တန်း ဒုတိယနှစ်၊ တန်းခွဲ ၄" ဟူသော စာလုံးများသည် စာသင်ခန်းနောက်ဘက်ရှိ ကျောက်သင်ပုန်းပေါ်တွင် မှုန်ဝါးစွာ တည်ရှိနေသည်။
ဤစာသင်ခန်းသည် နေ့ခင်းဘက်က အခန်းနှင့် အတူတူပင်။
ယန်ကျစ်ချန်လည်း ပတ်ဝန်းကျင်ကို ကြောင်အစွာဖြင့် စိုက်ကြည့်နေမိသည်။ စာသင်ခန်း၏ ညစ်ပတ်သော မှန်ပြတင်းပေါက်မှတစ်ဆင် ရောင်ပြန်ဟပ်နေသော သူ၏မျက်နှာကို မြင်လိုက်ရသည်။
သူ၏မျက်နှာသည် ထူးထူးခြားခြား ဖြူဖျော့နေပြီး မျက်လုံးများက အေးစက်၊ စူးရှလှသည်။ ၎င်းမှာ ကြောက်စရာကောင်းသော သရဲတစ္ဆေတစ်ကောင်သဖွယ် အငွေ့အသက်ကို ပေးစွမ်းနိုင်နေ၏။
ညအိပ်ရာဝင်ခါနီးတွင် သူသည် များသောအားဖြင့် ညအိပ်ဝတ်စုံ ဝတ်ထားတတ်သော်လည်း ယခုအခါ ဘာကြောင့်ရယ်မသိ နေ့ခင်းဘက်၌ ဝတ်ထားခဲ့သည့် အနက်ရောင် တီရှပ်ကိုသာ ၀တ်ထားမိသည်။
တခြားလူများကလည်း ထိုနည်း၎င်းပင်။ ဝမ်ရှင်းယွီသည် သူ(မ)၏ဆံပင်ကို စည်းကာ ဆံညှပ်ဖြင့် ညှပ်ထားဆဲဖြစ်ပြီး ရွှီကျင့်သည်လည်း ဘောင်းဘီတိုကို ၀တ်ထား၏။ လူတိုင်း၏ မျက်နှာသည် အလောင်းကောင်များကဲ့သို့ ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေသည်။
"မဟုတ်ဘူး။ ဘယ်သူမှ နောက်ပြောင်နေတာ မဟုတ်ဘူး!"
ရွှီကျားရန်သည် သူ၏ မျက်နှာပေါ်က ပုံမှန်အပြုံးကိုပင် မထိန်းနိုင်တော့ဘဲ ဘေးပတ်ဝန်းကျင်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။
ရွှီကျားရန်: "ငါတို့အားလုံးဒီမှာ... ငါတို့အားလုံး ဒီကိုရောက်နေတာ။"
ထိုစဥ် ကျူးဟန်က ဒေါသတကြီး ခေါင်းနောက်ကို လှမ်းရိုက်လိုက်သည်။
"ဒါက နောက်ပြောင်နေတာ မဟုတ်ရင် ဘာလုပ်နေကြတာလဲ။ တကယ့်သရဲ ဖြစ်နိုင်လို့လား။"
ညဘက်ဖြစ်သောကြောင့် သူတို့၏အသံများသည် တခြားအခန်းများဆီ ပျံ့သွားနိုင်သည်အထိ ကျယ်လောင်သော်လည်း လူတိုင်း၏ အသံမှာ ဝေးဝေးသို့ မထွက်သွားဘဲ ချည်သိုးမွှေးလုံးထဲ ပိတ်မိနေသကဲ့သို့ ဖြစ်နေသည်။
"အော်နေတာ ရပ်တော့!"
ထိုစဥ် ဝမ်ရှင်းယွီဝင်လာကာ ကျူးယန်ကို လှမ်းတားလိုက်ပြီး သူ(မ)၏ပခုံးများကိုလည်း ပြန်ပွတ်သပ်နေမိ၏။
"ဘာဖြစ်နေလဲဆိုတာတောင် မသိသေးဘူး။ နင်က ဘာလို့ဒီလောက် အလျင်လိုနေရတာလဲ။"
ထိုအခါ ကျူးယန်လည်း မကျေမနပ်ဖြင့် ပါးစပ်ပိတ်သွားတော့သည်။
စာသင်ခန်း၏ အပြင်ဘက် ပြတင်းပေါက်မှ မှုန်ဝါးဝါးသော ရုပ်ပုံအချို့ကိုသာ မြင်နိုင်သည်။ ယန်ကျစ်ချန်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ မြင်ကွင်းကို မမြင်နိုင်ကြောင်း သတိပြုမိ၏။ အပြင်ဘက်တွင် တိတ်ဆိတ်နေပြီး ပြင်းထန်သော အမှောင်ထုတစ်ခုသာ ရှိသည်။
စင်္ကြံအနီးရှိ အခြားတစ်ဖက်မှ ပျက်စီးနေသော သစ်သားတံခါးသည် တစ်ဝက်တစ်ပျက် ပွင့်နေပြီး မီးမရှိသော လမ်းကြောင်းနှင့် ပြန့်ကျဲနေသော ပစ္စည်းအချို့ကို မှုန်တီမှုန်ဝါး ထင်ရှားစေသည်။ ဘိလပ်မြေနှင့် ကြွေပြားလက်ရန်းများကအစ မှောင်မည်းနေ၏။ ရှင်းရှင်းပြောရလျှင် ကျောင်းဝင်း၏ ပုံမှန်မြင်ကွင်းတစ်ခုသာမက ကောင်းကင်မှ လနှင့် တိမ်များကိုပင် မမြင်နိုင်ချေ။
ထိုစဥ် ခေတ်ဟောင်း ပန်ကာက တုန်ခါသွားပြန်သည်။ ၎င်း၏ အသံမှာ အားလုံးကို မိုးကြိုးပစ်ချလာသည့်အလား ဝုန်းခနဲ တုန်လှုပ်သွားစေခဲ့သည်။ တစ်ဆက်တည်းမှာပင် ရွှီကျင့်၏အသံ ထွက်လာသည်။
"ကျောက်သင်ပုန်းကို ကြည့်! ဘာလဲ အဲဒါဘာလဲ။"
ယန်ကျစ်ချန်လည်း ထိုအသံကြားသည်နှင့် ချာခနဲ လှည့်ကြည့်လိုက်တော့သည်။
စာသင်ခန်းအရှေ့ရှိ ကျောက်သင်ပုန်းသည် မူလက ဗလာကျင်းနေခဲ့၏။ ယခုမူ ညစ်ပတ်နွမ်းနယ်နေသော အနှီမျက်နှာပြင်ပေါ်တွင် မြေဖြူခဲဖြင့် ရေးထားသော ဂဏန်းသုံးလုံး ရုတ်တရက် ပေါ်လာသည်။ ၎င်းမှာ ဂဏန်းများကို ယခုမှ စရေးတတ်သည့် ကလေးတစ်ယောက် ရေးနေသည့်အလား ကွေးကွေး ကောက်ကောက်ပုံစံမျိုးပင်။ ဂဏန်းနှစ်လုံးသည် လုံးလုံးနီးပါး ထပ်နေသဖြင့် အထူးအဆန်းလို ဖြစ်နေသည်။
ယန်ကျစ်ချန် အနည်းငယ် ထိတ်လန့်သွားသည်။
သူသည် စာသင်ခန်းကို ယခုလေးတင် ရှင်းရှင်းလင်းလင်း စကင်န်ဖတ်ခဲ့သော်လည်း ထိုနံပါတ်များကို မတွေ့ခဲ့ရပေ။ အတွေးထဲ ခေတ္တ ပျောက်ကွယ်သွားမိသည်နှင့်ပင် ဖျပ်ခနဲ အသံတစ်သံ ထွက်ပေါ်လာ၏။ ကျောက်သင်ပုန်းပေါ်ရှိ နံပါတ်များသည် ရုတ်တရက် ပြောင်းလဲသွားလေပြီ။
မည်သို့ ပြောင်းလဲနေသည်ဖြစ်စေ ၎င်းမှာ ကလေးဆန်သော လက်ရေးဖြစ်နေဆဲပင်။ သို့သော်လည်း အနှီကျောက်သင်ပုန်းပေါ်ရှိ အရောင်ဖျော့ဖျော့ကပင် ယန်ကျစ်ချန်၏ ကျောရိုးကို အေးစိမ့်သွားစေခဲ့သည်။
“ဒီနံပါတ်တွေ…” ရွှီကျားရန်သည်လည်း ကျောက်သင်ပုန်းပေါ်ရှိ အပြောင်းအလဲကို သတိပြုမိသည်။
ရွှီကျားရန် : “ဘယ်လိုလုပ် ပြောင်းသွားလဲ။”
"ဘယ်သူမှမရှိဘူး။" ရွှီကျင့်လည်း တုန်လှုပ်သွားပြီး :"အဲဒီမှာဘယ်သူမှ မရှိဘူး။ ဒါကိုဘယ်လိုလုပ် လုပ်နိုင်မှာလဲ။"
သူ(မ) စကားပြောနေစဉ်တွင် နံပါတ်သည် ၂၄၆ ၌ ခေတ္တ ရပ်သွားခဲ့သည်။ ယန်ကျစ်ချန် တုန်တုန်ယင်ယင်ဖြင့် စကားပြောခါနီးတွင် စူးရှသော အသံတစ်ချက်က စာသင်ခန်းအတွင်း ပဲ့တင်ထပ်သွားတော့သည်။
ဝုန်း!
ထိုနံပါတ်သည် တခြားနေရာသို့ ကျဆင်းသွားသည့်နှယ်။
ဝုန်း!
ယန်ကျစ်ချန်သည် ကြောက်လန့်တကြား ခုန်ထကာ အသံ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။
ဝုန်း! ဝုန်း!
၎င်းက သတ္တုဗီရိုငယ် တစ်ခုဆီမှ ဖြစ်သည်။ သတ္တုကိုယ်ထည်သည် ပြင်းထန်စွာ တုန်ခါသွားကာ ၎င်း၏ ပါးလွှာသော တံခါးသည် ပြင်းထန်လှသော ရိုက်ခတ်မှုအောက်တွင် အပြင်ဘက်သို့ လွင့်ကျသွားလေသည်။
အဖွဲ့ထဲရှိ တံခါးနှင့် အနီးဆုံးဖြစ်သော ကျန့်ယွိဟန်မှာ ချက်ချင်းပင် ထိတ်လန့်စွာ ထခုန်လိုက်လေ၏။ ထိုအခိုက် ယခင်က ဆူညံနေခဲ့သော လူအုပ်ကြီးသည်လည်း တိခနဲ တိတ်ကျသွားခဲ့သည်။
ထိုအချိန်တွင် သက်ရောက်မှုက ပိုမိုပြင်းထန်လာသည်။ ကျယ်လောင်သော တဝုန်းဝုန်း အသံများသည် ယန်ကျစ်ချန်၏ နားစည်များဘေးမှ တစ်စုံတစ်ခု လာရောက်ရိုက်ခတ်နေသလိုပင် ဖြစ်သောကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားမိ၏။
ကျောက်သင်ပုန်းပေါ်ရှိ နံပါတ်သည် ၂၃၉ သို့ ကျဆင်းသွားခဲ့သည်။ လူတိုင်း၏ မျက်လုံးများသည် မှောင်မိုက်သော စင်္ကြံနှင့် သတ္တုလော့ကာကို တစ်ချက်စီ ကြည့်နေကြကာ တစ်ဖက်က တုန်လှုပ်ချောက်ချားဖွယ် တစ်စုံတစ်ခု ပေါက်ကွဲလုဆဲဆဲ ဖြစ်နေသည်။
ဝုန်း!
နောက်ထပ် အသံတစ်သံ ထွက်လာပြန်သည်။
ဘဲဥပုံသဏ္ဌာန် အမှတ်အသားတစ်ခုသည် သတ္တုကိုယ်ထည်၏ အလယ်ဗဟိုတွင် အဖုအထစ်တစ်ခုသဖွယ် ပေါ်ထွက်လာ၏။
သေချာကြည့်လျှင် ၎င်းသည် နှာခေါင်းနှင့်ပင် တူသယောင်ယောင်။
သတ္တုဗီရိုငယ်က သိပ်မကြီး။ ၂၄ လက်မ ခရီးဆောင်အိတ်ကိုတောင် မထည့်နိုင်လောက်ချေ။ သို့သော် ထိုကဲ့သို့ ကျဉ်းကျပ်ပြီး ကျဉ်းမြောင်းသော နေရာတစ်ခုမှာ လူတစ်ယောက်ကို ဖုံးကွယ်ပေးထားသည့်အလား။
၎င်းကို သဘောပေါက်လိုက်သည့်အခိုက် ယန်ကျစ်ချန်မှာ သူ့ကျောရိုးအောက်အထိ အေးစက်သွားသလို ခံစားလိုက်ရလေသည်။
သူတို့ ဤနေရာ၌ ဆက်နေ၍ မဖြစ်တော့ချေ။
အပြင်ဘက်ရှိ စင်္ကြံမှာ ကြောက်စရာကောင်းလှသော လေထုတို့နှင့် ပြည့်နှက်နေသော်လည်း စာသင်ခန်းထဲတွင် အဆက်မပြတ် ပြောင်းလဲနေသော နံပါတ်များနှင့် သတ္တုဗီရိုငယ်ထဲမှ လွတ်မြောက်ဖို့ ရုန်းကန်နေသည့် တစ်စုံတစ်ခု ရှိနေ၏။
ထို့အပြင် ကျောက်သင်ပုန်းပေါ်ရှိ ကိန်းဂဏန်းများသည် အန္တရာယ်ရှိသော အမှတ်သို့ ရောက်ရှိတော့မည်။ သူတို့ ဤစာသင်ခန်းထဲမှ မဖြစ်မနေ ထွက်ကိုထွက်ရမည်။ သူ အံကြိတ်ကာ ခြေထောက်ကို မြှောက်၍ လှည့်ထွက်လာခဲ့သည်။
"အချိန် ရေတွက်နေကတည်းက ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ဖြစ်လာနိုင်လောက်တယ်ဆိုတဲ့ ခံစားချက်ကို ငါ ခံစားနေရတာ။"
"ဟေ့ မင်းဘာလို့ပြေးနေတာလဲ။ ငါတို့အပြင်မှာ ဘာဖြစ်နေမှန်းတောင် မသိဘူးလေ!" ကျူးယန် ကမန်းကတန်း အော်လိုက်သည်။
ကျူးယန်: "ဒီဟာက ဘာမှန်းတောင်မသိဘဲနဲ့... ငါတို့က ခြောက်ယောက်ရှိတယ်။ တစ်ကောင်တည်းကို ကြောက်နေတာလား။"
"ဒါကြီးက ဘာလဲဆိုတာ ငါလည်းမသိဘူး။" ယန်ကျစ်ချန် ခေါင်းမလှည့်ဘဲ ပြောလိုက်သည်။ :"ဒါက ငါတို့မထိန်းနိုင်တဲ့ အရာလည်း ဖြစ်နိုင်တယ်။ ငါတို့ အခုမပြေးရင် အရမ်းနောက်ကျသွားနိုင်တယ်!"
"ဒါပေမဲ့..."
ကျူးယန် တစ်ခုခု ထပ်ပြောချင်သော်လည်း ယန်ကျစ်ချန်က စာသင်ခန်းထဲမှ အမြန်ထွက်သွားလေပြီ။
အပြင်ဘက်တွင်တော့ ငါးညှီနံ့အလား လေထုသည် အနည်းငယ် ပျော့သွားပုံရသည်။ စင်္ကြံလမ်းသည် သူ၏အမြင်အာရုံ ရောက်နိုင်သလောက် အဆုံးတိုင်အောင် မည်းမှောင်နေပြီး စာသင်ခန်းတံခါးများမှာလည်း အလွန်အမင်း ဟောင်းနွမ်းနေသည်။ သူတစ်ယောက်တည်း နေ့ခင်းဘက်က လာခဲ့သည့် လမ်းကြောင်းအတိုင်းသာ လှေကားထစ်ဆီသို့ ဦးတည်သွားနေတော့သည်။
သူ့အနောက်မှ ခြေသံများ ပဲ့တင်ထပ်လာကာ ရွှီကျင့်က သူ့ကို အမြန် ဖမ်းမိသွားသည်။
"ယန်ကျစ်ချန် အောက်ထပ်ကို ဆင်းမလို့လား။"
"ဟုတ်တယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေအရတော့ ငါတို့ ရုန်းထွက်နိုင်ပါ့မလား မသေချာဘူး"
ထိုစကားဝိုင်းသည် အနည်းငယ် တိတ်ဆိတ်သွားပြီး လေထုအငွေ့အသက်မှာလည်း တင်းမာလာ၏။ မကြာခင်မှာပင် ရွှီကျားရန်နှင့် ကျန့်ယွိဟန်၊ ဝမ်ရှင်းယွီတို့လည်း အမီလိုက်လာခဲ့ကြသည်။
ရွှီကျင့်: "ကျူးယန် ဘယ်မှာလဲ။"
ကျန့်ယွိဟန်မှ ဒေါသတကြီးဖြင့်: "သူက သတ္တုဗီရိုထဲက ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ လူတိုင်း အဲဒီမှာပဲနေသင့်တယ်လို့ အခိုင်အမာ ပြောနေတာလေ... ဒီမှာ ဘယ်သူကသူနဲ့ ကစားချင်မှာလဲ။"
"ဒါ..."
ရွှီကျားရန် ခေါင်းခါရင်း: "ငါတို့ သူ့ကို နားချဖို့ ကြိုးစားပေမဲ့ မရခဲ့ဘူး။ ငါတော့ ဒီကိစ္စက အရမ်းကြောက်စရာကောင်းတယ်လို့ ခံစားနေရတယ်။ "
"မေးစရာမလိုပါဘူး။ ဒါက သရဲနဲ့တွေ့နေတာ အသိသာကြီး" ကျန့်ယွိဟန်က တင်းမာသောမျက်နှာဖြင့် ပြောလိုက်သည်။ -- "ငါတို့ အဲဒီ အဝါရောင် စာရွက်ကို နေ့ခင်းဘက်တုန်းက ဆုတ်ဖြဲလိုက်တာလေ။ ငါတို့ကြောင့် အဲဒီတစ်ခုခု ထွက်လာတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် အခု ညဘက်ကျတော့ အဲ့ဟာက ငါတို့အားလုံးကို ဒီနေရာဆီ ပြန်ခေါ်လာတာပဲ။"
"ဒီကမ္ဘာမှာ သရဲ ဘယ်လိုလုပ် ရှိနိုင်မှာလဲ !" ဝမ်ရှင်းယွီက မေးခွန်းထုတ်သည်။
“အဲဒါ ရှိတယ်လို့ ပြောရင် ရှိတယ်လို့ပဲ သဘော...”
ကျန့်ယွိဟန် ခါးသက်စွာ ရယ်လိုက်ပြီး စကားဆက်ချင်သော်ငြား သူ၏စကား တစ်ဝက်လောက် အရောက်မှာတော့ ကျူးယန်၏အသံက အပေါ်ထပ်မှနေ၍ ထွက်လာသည်။
"ရတယ် ရတယ် ရတယ်။ မင်းတို့အားလုံး ပြေးကြပြီပေါ့လေ။ ငါ့ကိုဒီမှာ ထားခဲ့တယ်ပေါ့ ဟုတ်ပြီ!" ကျူးယန်၏အသံသည် သူ့အဆုတ်ထိပ်မှ အော်ဟစ်နေသည့် အတိုင်းပင်။
"မင်းတို့ဘယ်မှာလဲ။ ငါ အခုလာနေပြီ!"
ဝမ်ရှင်းယွီ ချက်ချင်းတုံ့ပြန်ရန် ကြိုးစားချင်သော်လည်း ရုတ်တရက် ကျန့်ယွိဟန်က သူ(မ)ပါးစပ်ကို လှမ်းပိတ်ထားလိုက်သည်။
"စကားမပြောနဲ့။ မင်းတို့ မစဉ်းစားမိဘူးလား အချိန်ရေနေတာ မကြာခင် ပြီးတော့မယ်ကွ။”
ကျန့်ယွိဟန် သတိပေးစကားဆိုရင်း အေးစက်သော အငွေ့အသက်က သူ့ကျောရိုး အောက်ဖက်သို့ ပြေးဆင်းသွားသည့်နှယ် ခံစားလိုက်ရလေသည်။ လှေကားထစ်တွင်ရှိ လူအနည်းငယ်၏ လျင်မြန်သော အသက်ရှူသံမှလွဲ၍ သေမင်းတမန် ရောက်လာသည့်အလား တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။
သူတို့ ကျူးယန်ကို ကယ်တင်ရမှာ မဟုတ်ဘူးလား။
လူတိုင်း၏ အမူအရာမှာ ရုန်းကန်မှုကို ပြသနေသော်လည်း မည်သူမျှ စကားပြောမထွက်ခဲ့။
"ပြော! မင်းတို့ဘယ်မှာလဲ။"
ကျူးယန်မှာ စိုးရိမ်နေပုံရပြီး သူ၏ခြေသံများသည် လှေကားထစ်ဆီသို့ တစ်ဟုန်ထိုး ခုန်ဆင်းနေပုံပေါ်သည်။
"မင်းတို့က ဘာသဘောလဲ။ ငါ့ကိုရောင်းစားလိုက်တာလား။"
ကျန့်ယွိဟန်က စကား လုံးဝမပြောဘဲ လှည့်ကာ အောက်ထပ်သို့ ဆက်လက် ဆင်းသွားခဲ့သည်။ တခြားသူများမှာ ခေတ္တ တုံ့ဆိုင်းသွားကြသော်လည်း မကြာခင်မှာပင် ကျူးယန်၏ ခြေသံများနှင့် ရောထွေးနေသော နောက်ထပ်ခြေသံတစ်သံလည်း ကပ်လျက် ထွက်ပေါ်လာ၏။
သို့သော် ကျူးယန်၏ခြေသံများနှင့် မတူဘဲ ထိုခြေသံများသည် လေးလံပြီး ဆွဲငင်ယူလာရသလိုပင်။ ၎င်း၏ ခြေထောက်များမှာ မကြွနိုင်သောကြောင့် ထိုလူသည် ခန္ဓာကိုယ်ကို ရှေ့သို့သာဆွဲယူနေရသည်။
ယန်ကျစ်ချန်၏ သူငယ်အိမ်တို့ ကျုံ့ဝင်သွားသည်။
"ငါလူး!" ကျူးယန်၏ နာကျင်စွာ အော်သံကြီး ထွက်ပေါ်လာခဲ့သည်။
"မင်းက ဘာကောင်လဲ။ ကယ်ကြပါ ကယ်ကြပါ !!!"
သူ၏ ပြေးလာနေသော အရှိန်အဟုန်သည်လည်း ရုတ်တရက် မြန်လာပြီး တခြားသူများရှိနေသည့် လှေကားထစ်ဆီသို့ ပြေးဆင်းလာလေသည်။ ယန်ကျစ်ချန် မော့ကြည့်လိုက်သောအခါ ကျူးယန်၏ ထိတ်လန့် တုန်လှုပ်နေသော မျက်နှာကို တွေ့လိုက်ရ၏။
သူ၏မျက်နှာနောက်တွင် လက်တစ်ဖက်က သူ့ဆီသို့ ဆန့်တန်းထားသည်။ ထိုလက်မောင်းသည် အရေပြားမရှိ ပုပ်ပွနေကာ နီညိုသော အသားစများပင် ပေါ်နေချေပြီ။ ၎င်း၏ လက်ဆစ်များကို လိမ်ကောက်ရင်း ကျူးယန်ဆီသို့ ဦးတည်သွားသည်။
"ပြေး!"
ယန်ကျစ်ချန် အော်လိုက်သည်။
ကျူးယန်လည်း သူ့အသံကိုကြားတော့ တွေးမနေဘဲ ဘေးနားကို လှည့်ရှောင်ရင်း ထိုလက်ကို ရှောင်နိုင်လိုက်သည်။ စင်္ကြံရှိ အခြားသူများသည်လည်း လျင်မြန်စွာ တုံ့ပြန်ပြီး အောက်ထပ်သို့ တဝုန်းဝုန်း ခြေသံများဖြင့် ပြေးဆင်းသွားကြတော့၏။
နောက်ဆုံးတွင် ယန်ကျစ်ချန် ထိုအရာကို လုံးလုံးမြင်လိုက်ရသည်။
၎င်းက လူတစ်ပိုင်း ဖြစ်ပုံပင်။
ဦးခေါင်း၊ လက်၊ ခြေတို့ ပါရှိသောကြောင့် ၎င်းသည် လူဖြစ်နိုင်သည်ဟုတော့ ပြောနိုင်သည်။
သို့သော် ၎င်း၏အရေပြားသည် ရက်ရက်စက်စက် အခွံခွာထားရသကဲ့သို့ပင်။ ၎င်း၏တစ်ကိုယ်လုံးမှာ သွေးစွန်းနေသော အသားများစဖြင့်သာ ပြည့်နေသည်။ ၎င်း၏ အဆစ်များသည် တွန့်လိမ်ကာ ဖရိုဖရဲဖြစ်နေသောကြောင့် ကြောက်မက်ဖွယ်ကောင်းသော အင်းဆက်ပိုးကောင်နှင့်ပင် တူလေ၏။
ဒါကြီးက အသက်ရှင်နေသေးတာလား။
စဉ်းစားချိန်မရသဖြင့် ယန်ကျစ်ချန် လှည့်ပြေးတော့သည်။
"ကူညီပါ ကူညီပေးပါဦး!" ကျူးယန်မှာ နာကျင်စွာ အော်နေဆဲ။
"ငါ့ခြေချင်းဝတ်တွေ လိမ်နေပြီ! ငါ့ကို ကူညီပါဦး ဒီမှာ... အား! ငါ့ကို မထိနဲ့ ငါ့ကို မထိနဲ့!"
ထိုအရာသည် ကျူးယန်၏ရှေ့တွင် ရပ်နေပြီး ကျူးယန်ကလည်း အော်ဟစ်ကာ မဆင်မခြင် ကန်ကျောက်နေခဲ့သည်။
သို့သော် ပျက်စီးလွယ်ပုံရသော အရာသည် တကယ်တော့ မတုန်မလှုပ်သာ ဖြစ်နေပြီး သူ၏ သွေးစွန်းနေသော လက်ကို ဆန့်ထုတ်ကာ ကျူးယန်၏ လက်ကောက်ဝတ်ကိုပင် ဆုပ်ကိုင်ထား၏။
စက္ကန့်ပိုင်းလေး အတွင်းမှာပင် ကျူးယန်သည် နောက်ဆုံးမှာတော့ ရုတ်တရက် သန်မာသွားသည့်အလား သူ့ကိုယ်သူ လှန်လိုက်ရာ လှေကားမှ ပြုတ်ကျသွားတော့သည်။ သူသည် ယန်ကျစ်ချန်တို့ ရှေ့တည့်တည့်သို့ လေသံများနှင့်အတူ ဆင်းသက်လာခဲ့သည်။
"အား..!" ကျူးယန် နာကျင်စွာ ညည်းတွားလိုက်သည်။
"မသွားနဲ့ မသွားနဲ့။ ငါ့ကို ကူညီပါ။"
ယခုအချိန်တွင် ရွှီကျားရန်လည်း ယန်ကျစ်ချန်၏ အနားတွင် ရှိနေခဲ့သည်။ ကျူးယန် အလူးအလဲ ခံစားနေရသည်ကို ကြည့်ပြီး နှစ်ယောက်သား အကြည့်ချင်း ဖလှယ်မိကြသည်။
"ငါတို့ အဲလိုလုပ်လို့ မရဘူး။" ရွှီကျားရန် အံကြိတ်လိုက်သည်။
မြင်လျက်သားနှင့် ဒုတိယအကြိမ် သေခိုင်း၍တော့ မဖြစ်တော့ချေ။ ယန်ကျစ်ချန်လည်း ခေါင်းညိတ်လိုက်ပြီး ရွှီကျားရန်နှင့်အတူ ကျူးယန်ကို ပြေးဆွဲယူကာ အနီးဆုံးထပ်ကို ပြေးတက်သွားခဲ့တော့သည်။
လေးလံလွန်းလှသော ခြေသံများက ရပ်တန့်မသွားသေးချေ။ ကျူးယန် လှေကားမှ ပြုတ်ကျပြီးနောက် အနှီအရာကြီးကလည်း သူတို့သုံးယောက်ဆီသို့ ဆက်လျှောက်လာခဲ့သည်။
ဤထပ်ရှိ စာသင်ခန်းများတွင် သစ်သားတံခါးများကို တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲဖြစ်သည်။ ပြတင်းပေါက်များမှတစ်ဆင့် လှမ်းကြည့်လိုက်ရာ စားပွဲခုံနှင့် ကုလားထိုင်တန်းများကို သပ်သပ်ရပ်ရပ် စီထားကာ မည်သူမျှ အသုံးမပြုထားသည့် အတိုင်းပင်။
ဤကဲ့သို့ ပြေးခြင်းက အဓိပ္ပာယ် သိပ်မရှိလှပေ။
ယန်ကျစ်ချန်လည်း ရွှီကျားရန်ကို ဖမ်းကိုင်လိုက်ပြီး ကျူးယန်ကို သူ့ဘက်သို့ တွန်းထုတ်လိုက်သည်။ ထို့နောက် နောက်သို့ ခြေနှစ်လှမ်းပြန်ဆုတ်လိုက်ကာ သစ်သားတံခါးကို ကန်ချလိုက်တော့၏။ ပြီးသည်နှင့် သုံးယောက်သား အထဲကို အမြန် ပြေးဝင်သွားကြသည်။ ယန်ကျစ်ချန်သည် ပြတင်းပေါက်ကို လော့ချပြီး ရွှီကျားရန်ကတော့ တံခါးကို ကာရန်တားရန် စားပွဲအများအပြားကို တွန်းထုတ်လာသည်။
ကျူးယန်က မြေပြင်ပေါ် လှဲချလိုက်ပြီး :"ကျေးဇူးတင်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ်။"
သူ၏လေသံက အမောစို့တော့မည့်အလား : "မဟုတ်ရင် ငါ ခုနက...."
ဝုန်း!
ကျယ်လောင်သော အသံနှင့်အတူ ကျူးယန်၏ စကားတို့လည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ရွှီကျားရန်မှာ လွင့်လုနီးပါးဖြစ်နေသော စားပွဲများနှင့် ကုလားထိုင်များကို ဆုပ်ကိုင်လိုက်ရာ သူ၏မျက်နှာသည် ဒေါသအမျက်ကြောင့်သာမက ကြောက်ရွံ့မှုကြောင့်ပါ အရောင်ဖျော့သွားလေ၏။
ယန်ကျစ်ချန်က ပြတင်းပေါက်နားမှာ ရှိနေသေးသည်။ ထိုအခိုက် စာသင်ခန်းတံခါးကို ကြိမ်ဖန်များစွာ ရိုက်နှက်နေသည့် သွေးစွန်းနေသော အရာများကို သူ မြင်လိုက်ရသည်။
၎င်း၏ စေးကပ်သော ကိုယ်ထည်သည် သစ်သားတံခါးတွင် အနက်ရောင် အစက်အပြောက်များအား ကျန်ရစ်စေခဲ့ပြီး အသားများကို ခြစ်ထုတ်ကာ ရသည့်အပေါက်ကြားမှ ညှစ်ဝင်တော့မည့်အလား။ ယန်ကျစ်ချန် မအီမသာ ဖြစ်သွားသည်။ ရွှီကျားရန်ကို ပြေးကူညီဖို့ ပြင်လိုက်ချိန်မှာတော့ သူ၏လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွား၏။
'ဘာဖြစ်တာလဲ။'
ယန်ကျစ်ချန်၏ နှလုံးခုန်သံများ ဆောင့်ခုန်သွားသည်။ ထိုအရာသည် ရုတ်တရက် ငြိမ်သွားပြီးမှ ခေါင်းကို ဆတ်ခနဲ လှည့်လိုက်သည်။
အဖြူရောင် မျက်လုံးတစ်စုံသည် ယန်ကျစ်ချန်အပေါ် တိုက်ရိုက် စိုက်ကြည့်နေချေသည်။
***
Aurora Novel Translation Team