Chapter (12)
စာသင်ခန်း (၁၂)
“ဟုတ်တယ် မင်းပြောတာမှန်တယ်။”
ရွှီကျားရန်လည်း ခေါင်းညိတ်လိုက်သည်။
"အဲဒါကြောင့် မင်းကိုစတွေ့တုန်းက ငါ အနားသိပ်မကပ်တာ။ မင်းက လူလား ဒါမှမဟုတ် လူအရေပြားထဲက သရဲလား ငါမသိဘူးလေ။"
"သက်သေပြဖို့ ငါ့မှာ နည်းလမ်းမရှိဘူး။"
ယန်ကျစ်ချန်လည်း မျက်မှောင်ကြုတ်လိုက်သည်။ အခြေအနေက တကယ်ကို ရှုပ်ထွေးပါ၏။
ရွှီကျားရန်လည်း အားကိုးရာမဲ့သွားပုံဖြင့်: "ငါ့မှာလည်း သက်သေပြစရာ မရှိဘူး။ နောက်ပြီး ငါအမြဲခံစားနေရတာက....."
သူက ခဏရပ်လိုက်ပြီး: "ဒီသရဲရဲ့အမူအရာက သူ့ရဲ့လက်ရှိ အမူအကျင့်နဲ့ ဆက်စပ်နေတာများလား။"
မှန်ပေသည်။ ယန်ကျစ်ချန်လည်း တွေးလိုက်မိသည်။ ၎င်းက အကြံကောင်းတစ်ခု ဖြစ်နိုင်၏။ သို့သော် ၎င်း၏အပြုအမူဆိုင်ရာ ယုတ္တိဗေဒကို ယခု မည်သို့နားလည်နိုင်မည်နည်း။
ယန်ကျစ်ချန်: “ဒီအခြေအနေမှာ ငါတို့ စာသင်ခန်းကို သွားရမှာပဲ။”
"ဟုတ်တယ်... ငါတို့ တစ်ယောက်တည်း မနေတာ ပိုကောင်းမယ်လို့ ခံစားရတယ်။" ရွှီကျားရန် ခေါင်းကုတ်လိုက်သည်။
"ကျူးယန်လည်း တစ်ယောက်တည်း နေတုန်းက သေသွားတာ။ ရွှီကျင့်နဲ့ ဝမ်ရှင်းယွီလည်း ဒီလိုပဲ။"
ယန်ကျစ်ချန် ခေါင်းညိတ်ရင်း: "ဒါဆို ငါတို့ရဲ့ ယုံကြည်မှုကို အခုပဲ ထိန်းထားလိုက်ရအောင်။ အနည်းဆုံးတော့ အခုအချိန်မှာ မင်းရဲ့စကားပြောပုံက အရင်အတိုင်းပဲ။ ဒီသရဲက မှတ်ဉာဏ်တွေကို မဖတ်နိုင်ရင် ငါတို့ အချင်းချင်း လုံခြုံနေသေးတယ်။"
အကြောင်းတစ်ခုခုကြောင့် ရွှီကျားရန်၏စကားသည်လည်း မှန်သည်ဟု သူ ခံစားနေရသည်။
ကွဲကွာသွားပြီးနောက် အခြားတစ်ဦးကို အစားထိုးထားခြင်း ရှိမရှိကို ၎င်းတို့ အတည်မပြုနိုင်ခြင်းကြောင့်ချည်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယန်ကျစ်ချန်သည် အထီးကျန်ခြင်းအတွက် စိတ်မသက်မသာ ခံစားလိုက်ရသောကြောင့်ပင်။
အဘယ်ကြောင့် ဟူသည်ကိုတော့ သူ ရှင်းမပြနိုင်ခဲ့ပေ။
"ဒါမှမဟုတ်...တစ်ရက်စောင့်လိုက်မလား။" ရွှီကျားရန်က ထပ်ပြီး စဉ်းစားသည်။ --:"မနက်ဖြန် စာသင်ခန်းထဲမှာ ငါတို့နိုးလာပြီးရင် သဲလွန်စတွေ ထပ်ရှာလို့ရတယ်။"
ယန်ကျစ်ချန်လည်း ထိုအချက်ကို စဉ်းစားနေခဲ့တာပင်။
“ဒါက တကယ်လုံခြုံတဲ့ နည်းလမ်းပဲ။ မနက်ဖြန်အထိ စောင့်ရအောင်။ အသက်ရှင်နေတဲ့သူ ရှိလား မရှိဘူးလားဆိုတာ ငါတို့ သိရလိမ့်မယ်။"
ရွှီကျားရန်: "ဟုတ်တယ်။ ငါတို့ ရဲတွေဆီကနေလည်း အကူအညီတောင်းလို့ရတယ်။ ဒါပေမဲ့ မနက်ဖြန် ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။"
ယန်ကျစ်ချန် : "ငါတို့ ရှင်သန်ဖို့ ကိုယ့်လမ်းကိုယ်ရှာဖို့ ရှိလာရင်ရော? ဒါမှမဟုတ် ငါတို့က ဒါကို ဆွဲထုတ်လိုက်လို့ အိပ်မက်က သူ့အလိုလို ပြောင်းလဲသွားတဲ့အထိ သွားနေရင် ငါတို့ဘက်က ပိုလို့တောင် အကူအညီမဲ့သွားလိမ့်မယ်။"
"သေဆုံးသူတွေက ပိုများလာပြီ သွေးတွေ အလောင်းတွေ ပိုများလာနေတယ်။ ကျန့်ယွိဟန် အသက်ရှင်နေသေးလား ဆိုတာတောင် မသိရသေးဘူး။ ငါတို့ အမြန်လုပ်သင့်တယ် ထင်တယ်။"
ရွှီကျားရန်လည်း တိတ်ဆိတ်သွားသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် :“ဒါဆို… သွားကြရအောင်။”
သူ့အမူအရာက လေးလံနေကာ :"မင်းမှန်ပါတယ်။ စောင့်နေတာက အဓိပ္ပာယ်မဲ့တယ်။ အတူတူတက်ကြရအောင်။"
…
နှစ်ယောက်သား သဘောတူညီမှုအသစ်ကို ရရှိခဲ့သည်။ သူတို့သည် ခြောက်လွှာရှိ စာသင်ခန်းနှင့် မနီးမဝေး စတုတ္ထထပ်တွင် ရှိနေပြီ ဖြစ်သည်။
တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု အပြည့်အ၀ မပေးနိုင်သေးသောကြောင့် လှေကားထစ်ကိုလည်း တစ်မီတာအကွာအဝေးမှ တက်ခဲ့ကြသည်။
ထိုသရဲသည် ၎င်းတို့၏ ရည်ရွယ်ချက်များကို အောင်မြင်စွာ ဖတ်နိုင်မလား မသိ။ သို့သော် ၎င်းတို့တွေ ဤကိစ္စ၏ဇာစ်မြစ်ကို ချဉ်းကပ်လာသောအခါတွင် ယန်ကျစ်ချန်စိတ်ထဲ အေးစက်မှုကို အတိုင်းသား ခံစားလိုက်ရသည်။
ဘယ်သူကမှ အသံမထွက်ရဲကြသလို သူတို့၏ခြေသံများကတောင် လုံးလုံး တိတ်ဆိတ်နေခဲ့၏။
ခဏအကြာတွင် ကြောက်စရာကောင်းသော ထိုစာသင်ခန်းကို မြင်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် စာသင်ခန်းတံခါး၌ တစ်ယောက်မှ မရှိပေ။ သွေးအလောင်းနှင့် သူတို့၏ အတန်းဖော်များသည်လည်း ဤစင်္ကြံတွင် ရှိပုံမပေါ်။
ယန်ကျစ်ချန်သည် အဝေးမှ တစ်ဝက်တစ်ပျက်ပွင့်နေသော သစ်သားတံခါးနှင့် ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် ကုလားထိုင်များကို မြင်လိုက်ရသည်။
တိတ်ဆိတ်နေခဲ့သော အကြောက်တရားက သူ့အပေါ် လွှမ်းခြုံသွားပြန်သည်။ ယန်ကျစ်ချန် အသက်ပြင်းပြင်းရှူကာ အတွင်းစိတ်ထဲရှိ ခုခံအားကိုလည်း ဖိနှိပ်ရင်း ရှေ့သို့ ဆက်တိုးလိုက်သည်။
အခန်းမှာ သူတို့ထားခဲ့သည့် အတိုင်းပင်။
ပြန့်ကျဲနေသော စာရွက်များ၊ ကျောင်းသုံးစာအုပ်များကို စားပွဲခုံနှင့် ကုလားထိုင်များကြားတွင် စုပုံထားသည်။ မည်းမှောင်သော အရောင်မှာ ရောနှောနေသော သွေးပမာ။
ယန်ကျစ်ချန် အောက်ကို ငုံ့ကြည့်လိုက်သောအခါ ကြွေပြား ကြမ်းပြင်ပေါ်၌ သွေးစွန်းနေသော ခြေရာများကို တွေ့လိုက်ရလေသည်။
ခြေရာများသည် အရွယ်အစား အမျိုးမျိုးရှိပြီး အချို့မှာ မူလသွေးအလောင်းနှင့် မသက်ဆိုင်ပေ။
သူတို့ အချိန်ဖြုန်းနေ၍ မရချေ။ ထို့ကြောင့် ဝင်လာသည်နှင့် တစ်ပြိုင်နက် ရေးထားသော အချက်အလက် ပါ၀င်သည့် အရာများကို စတင်ရှာဖွေခဲ့သည်။
ဤသည်မှာ အသက်ရှင်သန်ရေးနှင့် ပြည့်နေသော စာသင်ခန်းဖြစ်သည်။ ကျောင်းသုံးစာအုပ်များကို တစ်မူထူးခြားသော လက်ရေး မှတ်စုများဖြင့် ဖုံးအုပ်ထားသည်။ ကောက်နုတ်ချက်များနှင့် မှားယွင်းသော အဖြေများကို စုစည်းထားသည့် မှတ်စုစာအုပ်များကို စားပွဲအံဆွဲအမျိုးမျိုးတွင် ဝှက်ထားသည်။ ယန်ကျစ်ချန်သည် အခြားဒိုင်ယာရီများစွာကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။
ကံမကောင်းစွာဖြင့် ကျောက်ကျောက်ကဲ့သို့ နေ့စဉ်မှတ်တမ်းကို မည်သူမျှ မသိမ်းဆည်းခဲ့။ ထိုဒိုင်ယာရီများတွင် အချက်အလက် အနည်းငယ်သာ ပါရှိပြီး 'ချန်ယွဲ့ကွမ်း' ဟုခေါ်သော ပုဂ္ဂိုလ်ကို လုံးဝဖော်ပြထားခြင်း မရှိပေ။
ရွှီကျားရန်လည်း စာသင်ခန်းကို စတင်ရှာဖွေခဲ့သည်။ သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဆဲ ဖြစ်ပြီး တံခါးဆီသို့ မကြာခဏ လှမ်းလှမ်းကြည့်နေမိသည်။
ယန်ကျစ်ချန်သည် ဝပ်တွားရင်း သွေးစွန်းနေသော ခြေရာများကို ကျော်တက်ကာ ရှုပ်ပွနေသည့် စားပွဲများနှင့် ကုလားထိုင်များကို ရွှေ့လိုက်သည်။ ထိုစားပွဲများနှင့် ကုလားထိုင်များက ပြန့်ကျဲနေသဖြင့် မလွှဲမရှောင်သာ ကျယ်လောင်စွာ ပြိုကျသွားသည်။
ရွှီကျားရန် လန့်ဖျပ်သွားပြီး ထခုန်လုနီးပါး ဖြစ်သွားခဲ့သော်လည်း ယန်ကျစ်ချန်ကတော့ စားပွဲနှင့် ကုလားထိုင်များအောက်မှ လျင်မြန်စွာ တွားသွားပြီး အောက်ခြေမှ မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်၏။
မှတ်စုစာအုပ်တွင် နာမည် ရေးမထားပေ။ ထူးထူးခြားခြား ရိုးရိုးရှင်းရှင်းပုံစံပင်။ ထို့အပြင် ဆွဲထုတ်လိုက်သည်နှင့် အချိန်တိုလေးအတွင်းမှာပင် အဖုံးသည် ပြုတ်ကျလုနီးပါး ဖြစ်နေခဲ့သည်။
ယန်ကျစ်ချန်သည် ပထမစာမျက်နှာကို ဖွင့်လိုက်ပြီး ကန့်လန့်ဖြတ် စာရွက်ပေါ်တွင် မတူညီသော လက်ရေးစာတန်းများကို တွေ့လိုက်ရသည်။
[ဒီနေ့ လောင်ရွှီ မလာဘူးလား။]
[မလာဘူး သူမလာဘူး။ သခင်လေးက နေမကောင်းဖြစ်နေလို့ လောင်ရွှီ ခွင့်ယူထားတယ်။]
[ဟေး! ဟေး!]
[သူ မကြာခင် ထွက်သွားတော့မှာ။ သူမရှိရင် အတန်းခေါင်းဆောင်က ငါတို့နာမည်ကို ချရေးရဲမှာ မဟုတ်ဘူး။]
[…]
အားလုံးက သာမန်စကားဝိုင်း ဖြစ်သော်လည်း ယန်ကျစ်ချန်ကတော့ ကျောက်ကျောက်ဆီက မျဉ်းကြောင်းတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းကို သတိထားမိလိုက်၏။
ဤမှတ်စုစာအုပ်သည် စုတ်ပြဲလုနီးပါး ဖြစ်နေချေပြီ။ ၎င်းကို ကျောင်းသားများက အတန်းထဲတွင် အပြန်အလှန်စကားဝိုင်းအတွက် အသုံးပြုခဲ့ခြင်း ဖြစ်ပေမည်။ ယန်ကျစ်ချန် တက်ကြွသွားပြီး စာမျက်နှာများကို ဆက်လက် လှန်လှောလိုက်သည်။
ပထမစာမျက်နှာ အနည်းငယ်သည် ပျင်းစရာကောင်းသော စကားဝိုင်းများသာ ဖြစ်သည်။ သို့ပေမယ့် စာမျက်နှာတစ်ခု အရောက်တွင်တော့ စုတ်ဖြဲထားသော အရာများ ရုတ်တရက် ပေါ်လာသည်။ ယန်ကျစ်ချန် စာမျက်နှာများကို အကြမ်းဖျင်း ရေတွက်ကြည့်လိုက်သောအခါ စာမျက်နှာများစွာကို အတင်းအကျပ် ဖြဲထားပုံရသည်အား တွေ့လိုက်ရ၏။
ဒါက အထောက်အထား တစ်ခုခုကို ဖျက်ဆီးနေတာများလား။
ချန်ယွဲ့ကွမ်း၏ သေဆုံးမှုကို တွေးတောရင်း ယန်ကျစ်ချန် တုန်လှုပ်ချောက်ချားသွားသည်။
ထို့နောက် မှတ်စုစာအုပ်၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
[သွားပြီ?]
[သွားပြီ...]
[သူတို့က မင်းကို ဘာလို့ထပ်မေးနေတာလဲ။]
[မသိဘူး...တော်တော် စိတ်ရှုပ်စရာကောင်းတယ်။]
[မင်းမိဘတွေက မမေးတော့ဘူးလား။]
[ဟင်အင်း သူတို့က ငါ့ကို ဂရုမစိုက်ဘူး။]
[ကောင်းပြီ။]
[စာသင်ခန်းထဲမှာ အနံ့တွေထွက်နေတယ်။]
[ပေါက်ကရ! သေချာပေါက် ထွက်နေမှာပေါ့ဟ]
[ကြောက်စရာကြီး]
[ဂရုစိုက်မနေနဲ့။ အဲဒါက ငါတို့နဲ့ ဘာဆိုင်လို့လဲ။]
...
အခု အရေးကြီးသည့်အပိုင်းကို ရောက်လာသည့်အတွက် ယန်ကျစ်ချန် ဝမ်းသာအားရ ဖြစ်လာသလို ခံစားလိုက်ရသည်။ ဤသည်မှာ ချန်ယွဲ့ကွမ်း ကွယ်လွန်ပြီးနောက်ကာလတွင် သူတို့ပြောခဲ့သော စကားများ ဖြစ်နိုင်သည်။
ရွှီကျားရန်သည်လည်း ယန်ကျစ်ချန်၏ အမူအရာကို သတိပြုမိသည်။ သူ အပြေးရောက်လာပြီး ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွား၏။ ယန်ကျစ်ချန် စာမျက်နှာများကို ဆက်လက် လှန်လှောလိုက်သည်။
[ကျောက်ကျောက်က တကယ် ငါတို့နဲ့အတူတူ မနေဘူးလား။]
[သူ့ကို ကြည့်ဦး။ သူက ငါတို့နဲ့ ခပ်ခွာခွာ နေချင်နေသလိုပဲ။]
[အရှက်ကိုမရှိဘူး။ သူက ပါဝင်ရမှာကို ကြောက်နေတာ။]
[ဟမ့် သူ့မှာ ပိုက်ဆံနည်းနည်း ရှိတော့ရော ဘာဖြစ်လဲ။]
[မေ့လိုက်... သူ့ကို လျစ်လျူရှုလိုက်ကြရအောင်။]
[ထားလိုက် ထားလိုက်။ အခု ပြီးသွားပြီပဲဟာ ပြောစရာမလိုတော့ဘူး။]
...
ယန်ကျစ်ချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကျောက်ကျောက်သည် ချန်ယွဲ့ကွမ်း၏ သေဆုံးမှုနှင့် ဆက်နွယ်နေမည်ကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းနိုင်သည်။ သူ့ရှေ့ရှိ မှတ်စုစာအုပ်ကို ကြည့်ခြင်းအားဖြင့် ကျောက်ကျောက်သည် သူ့သူငယ်ချင်းများနှင့် အဆက်အသွယ်ဖြတ်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။
"ဒါ..." ရွှီကျားရန် တိုးတိုးလေး ရေရွတ်ရင်း :"ဒီကျောင်းသားတွေ လူတစ်ယောက်လုံး သေသွားပြီးတာတောင်မှ ဘယ်လိုလုပ် ဒီလောက် တည်ငြိမ်နိုင်ရတာလဲ။"
ယန်ကျစ်ချန်မှာ သူ၏နှုတ်ခမ်းကို ဖွဖွကိုက်ရင်း တိတ်ဆိတ်နေကာ အမြန် ဆက်ဖတ်လိုက်သည်။ တိတ်ဆိတ်နေမှုအတွင်း စာမျက်နှာများ လှန်နေသည့် အသံကိုသာ ကြားနေရသည်။
သို့သော် အာရုံအားလုံးကို မှတ်စုများဆီ လုံးလုံး စုပ်ယူခံထားရသော ယန်ကျစ်ချန်နှင့် ရွှီကျားရန်တို့သည် ၎င်းတို့ရွှေ့ထားသော စားပွဲနှင့် ကုလားထိုင်များကြားတွင် အနက်ရောင်တစ်စုံတစ်ခု ပျံ့နှံ့နေသည်ကိုတော့ သတိမထားမိလိုက်ပေ။
၎င်းသည် အလွန်ပျစ်ပြီး အသက်ရှင်နေပုံရပြီး ပွင့်လင်းသော နေရာတစ်ခုဆီသို့ ဖြည်းညင်းစွာ စုပုံလာနေ၏။
ခဏအကြာ၌ ခြေနှစ်ချောင်း ပုံသဏ္ဌာန်က ခိုင်မာစွာ ပေါ်ထွက်လာသည်။
【 ကျောက်ကျောက် အခုတလော သူ့အရင်ပုံစံကို ပြောင်းသွားပြီလား။]
[ဟုတ်တယ်။ သူဘာလို့ ငါတို့ဆီ ချက်ချင်း ပြန်လှည့်လာတာလဲ။]
【ငါတို့နဲ့ ခင်ချင်တယ်လို့တောင် ပြောနေသေးတယ်။ အရမ်းကြောက်ဖို့ ကောင်းတာပဲ။】
【နင်ပြောမှ ကြက်သီးတောင်ထလာပြီ.. ငါ ဒီနေ့ သူ့ကို ရှောင်ရမယ်။]
【ဟုတ်ပါပြီ၊ အရမ်းမိုက်လွန်းပါတယ်။】
[ဟေး... မင်းတို့ရော ခံစားရလား။ ကျောက်ကျောက် ပြောတဲ့ပုံက အဲဒီကောင်နဲ့တူတယ်လို့ ခံစားရတယ်... 】
[အဲဒါကို မပြောစမ်းပါနဲ့။ သူ့အကြောင်းကို ရှောင်လိုက်။ အဲဒီလူအကြောင်း မပြောနဲ့ ကံဆိုးလွန်းတယ်။ 】
…
【ငလူး ငလူး! ရူးနေလား။ ကျောက်ကျောက် သေပြီ?]
【ဟင်??? ?】
【မဟုတ်သေးပါဘူး။ ကျောက်ကျောက် ဘယ်လိုသေသွားတာလဲ]
[ကျောက်ကျောက်ရဲ့ အရေပြားက ကျွတ်ထွက်နေတာ။ သူ့တစ်ကိုယ်လုံးကို အသားစတွေချည်း ဖုံးထားတာတဲ့။ သေနေတာ ရက်တော်တော်ကြာပြီ ထင်တယ်!!!]
[ရက်ကြာပြီ? ဒါဆို ငါတို့နဲ့ အတန်းတက်နေတာ ဘယ်သူလဲ။]
နောက်ဆုံးတွင် ကျောက်ကျောက်၏ သေဆုံးခြင်းအကြောင်း အပိုင်းနား ရောက်လာသည်။
ယန်ကျစ်ချန် တုန်လှုပ်သွားသည်။ ဘာကြောင့်ရယ်မသိ သူသည် ထူးဆန်းသော အနံ့ကို ရနေပုံရ၏။ ထိုရနံ့ကြောင့် စာသင်ခန်းထဲမှ ရုတ်ခြည်း လှည့်ထွက်ပြေးချင်လာသလိုပင်။
မည်သို့ပင်ဖြစ်စေ အရင်ဆုံးဖတ်ရမည်။
သူသည် သွားများကို အံကြိတ်ကာ ဆက်၍ လှန်လိုက်သည်။
[ကြောက်စရာကောင်းတယ်။ တကယ် ကြောက်စရာကြီး !]
[ဒါက ကြောက်စရာ မဟုတ်သေးဘူး။ သူက အားလုံးနဲ့ မိတ်ဖွဲ့ချင်နေတာနော်....]
[ကျန့်ရှီးကျွင့် မင်းဘာလို့ ထူးထူးဆန်းဆန်းကြီး ထပြောနေတာလဲ။]
[မဟုတ်ပါဘူး ဘာမှ မထူးဆန်းပါဘူး။]
အသစ်ပေါ်လာသော ဆွေးနွေးပွဲများတွင် ထူးဆန်းသော လက်ရေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုလက်ရေးသည် 'ကျန့်ရှီးကျွင့်' ဟုခေါ်သော ကျောင်းသား၏ လက်ရေးဖြစ်သည်။ ဤလူသည် ကျောက်ကျောက်၏ ဒိုင်ယာရီထဲတွင်လည်း ပါခဲ့ပြီး ကျောက်ကျောက်နှင့် သူ၏အပေါင်းအပါများ ချန်ယွဲ့ကွမ်းကို သတ်ဖြတ်ခြင်း နောက်ကွယ်မှ စီမံသူဖြစ်နိုင်သည်။
သို့သော် ထိုလက်ရေးစာကြောင်းသည် ယခင်စာများတွင် တစ်ခါမျှ မပေါ်ခဲ့ဖူးပါ။ စာရွက်ပေါ်တွင် လေးလံသော အမှတ်အသားများကို ရေးတတ်သည့် ကလေးတစ်ယောက်ကဲ့သို့ သို့မဟုတ် လေဖြတ်နေသူအလား ကောက်ကွေးနေပြီး မညီမညာ ဖြစ်နေသည်။
ဒါက…
ယန်ကျစ်ချန် ရုတ်တရတ် တားမြစ်ထားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
မှတ်စုစာအုပ်၏ နောက်ဆုံးစာမျက်နှာသာ ကျန်ရှိတော့သည်။ ယန်ကျစ်ချန် ဖျတ်ခနဲ လှန်လိုက်သောအခိုက် နောက်ဆုံး ဆွေးနွေးမှုလေးကို တွေ့လိုက်ရ၏။
ပြန့်ကျဲနေသော စကားဝိုင်းမှာ အချိန်အတော်ကြာနေပုံရသည်။
[ကျန့်ရှီးကျွင့်လည်း သေပြီ…]
[…]
[ငါတို့ မှတ်စုစာအုပ်ထဲမှာ သူ စာဝင်ရေးခဲ့သေးတယ်။]
[မဟုတ်ဘူး သူက ငါတို့နဲ့ သူငယ်ချင်း ဖြစ်ချင်ခဲ့တာ။]
[ဘာသူငယ်ချင်း ဖြစ်ချင်တာလဲ ! ဝမ်စုန့်ယွိ မင်းလည်း ရူးသွားပြီလား။]
[သေသွားတဲ့ ဝမ်စုန့်ယွိလည်း ဒီလိုစကားပဲ ပြောခဲ့တာမလား။]
[အားလုံး ရူးကုန်ကြပြီ။ အားလုံး ရူးကုန်ကြပြီ။ ငါ ဒီမှတ်စုစာအုပ်ထဲမှာ ဘယ်တော့မှ မရေးတော့ဘူး။ အရမ်းကြောက်ဖို့ ကောင်းလွန်းတယ်...]
[ငါက မင်းတို့နဲ့ သူငယ်ချင်း ဖြစ်ချင်ခဲ့တာ။]
နောက်ဆုံးစာကြောင်းကို ထိုကြောက်စရာကောင်းသော၊ လေးလံသော လက်ရေးဖြင့် ရေးထားသည်။ ယန်ကျစ်ချန် မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ဟိုတုန်းက ဖြစ်ပျက်ခဲ့သည်များကို ဖြည်းညင်းစွာ သဘောပေါက်သွား၏။
ဤအုပ်စုငယ်ထဲရှိလူများ အားလုံးသည် ချန်ယွဲ့ကွမ်း၏လက်ထဲ၌ သေဆုံးသွားကြခြင်း ဖြစ်သည်။ ချန်ယွဲ့ကွမ်းမှ သူတို့ကို သတ်ပစ်လိုက်ကာ သူတို့၏ အရေပြားကို ၀တ်ဆင်ထားခဲ့သည်။
'ဒါက တကယ် သူတို့နဲ့ သူငယ်ချင်းဖြစ်ချင်ခဲ့တာလား။'
'ဒါက ထူးဆန်းလွန်းတယ်။'
'ဒါ သရဲမဟုတ်ဘူးလား။'
ယန်ကျစ်ချန်၏ အတွေးများ တုန်လှုပ်နေချိန်မှာပင် ရုတ်တရက် စာသင်ခန်းထဲရှိ ထူးဆန်းသောအနံ့က ပိုပြင်းထန်လာသည်။
'နေဦး... ဒါက...'
'ဒါ...ဒါက သွေးပုပ်နံ့ပဲ။'
ယန်ကျစ်ချန်၏ အချက်ပေး ခေါင်းလောင်းသံများ ချက်ချင်း ထွက်ပေါ်လာပြီး အကြည့်များက စာသင်ခန်းထဲ လှည့်ပတ်သွားခဲ့သည်။ ကျူးယန်၏ မျက်နှာသည် အနှီပိုးကောင်နှင့်တူသော အလောင်းပေါ်တွင် ချိတ်ဆွဲထားပေသည်။
၎င်းက ခေါင်းကို စောင်းထားပြီး ထုံကျင်နေသည့် သူငယ်အိမ်တို့ဖြင့် သူတို့နှစ်ယောက်ဆီ တိုက်ရိုက် စိုက်ကြည့်နေလျက် ရှိ၏။
***
Aurora Novel Translation Team