Chapter (14.1)
စာသင်ခန်း (၁၄.၁)
စတုတ္ထညတွင်လည်း ယန်ကျစ်ချန် ထိုစာသင်ခန်းထဲတွင် မျက်လုံးဖွင့်လိုက်သည်။ သူသည် ပထမဆုံး ထွက်သက်ဝင်သက်ကို ရင်းနှီးပြီးသားဖြစ်သော်လည်း ကြောက်စရာကောင်းလောက်သည့် အေးစက်သော လေထုကြောင့် ထိတ်လန့်နေရဆဲ။
စာသင်ခန်းသည် မနေ့က ထွက်သွားခဲ့သည့်အတိုင်း ရှုပ်ပွနေတုန်းပင်။ ကြမ်းပြင်မှာ သွေးစွန်းသော ခြေရာများဖြင့် ဖုံးလွှမ်းထားသည်။ ယန်ကျစ်ချန် စားပွဲခုံကို လှမ်းအားပြု၍ မတ်တပ်ထရပ်လိုက်စဥ် ရွှီကျားရန်နှင့် ကျန့်ယွိဟန်တို့၏ အကြည့်များဖြင့် ဆုံသွားသည်။
"ဒါဆို ငါတို့ အခု ဘယ်လိုရှာကြမလဲ။" ကျန့်ယွိဟန်က စိတ်တိုတိုဖြင့် :"အချိန်ရေတာက ပြည့်တော့မှာ။"
ယန်ကျစ်ချန် ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။
"ဒီမှာစောင့်ရအောင်။"
"ဘာ?"
ကျန့်ယွိဟန် အံ့အားသင့်စွာ အော်လိုက်ပြီးနောက် သူဘာကိုဆိုလိုသည်ကို လျင်မြန်စွာ သဘောပေါက်သွားသည်။
"မင်းဆိုလိုတာက ဒီအရာပေါ်လာဖို့ ငါတို့စောင့်နေမယ်။ ပြီးတော့ ကျောက်စိမ်းဆွဲသီးကို ဖိချေပစ်မှာလား။"
"ဟုတ်တယ်။" ယန်ကျစ်ချန် ခေါင်းညိတ်လိုက်ပြီး --:"အနည်းဆုံးတော့ အဲဒီလူကို ငါတို့ခေါ်နိုင်တယ်လေ။ ငါတို့ဘာသာ တစ္ဆေကို တိုက်ရိုက်ရင်ဆိုင်ရမှာ မဟုတ်ဘူး။"
ကျန့်ယွိဟန်က မျက်မှောင်ကြုတ်လျက်: "ဒါပေမဲ့ ဒီစာသင်ခန်းက အရမ်းကြောက်ဖို့ကောင်းတယ်ကွ! ဒီမှာ မနေချင်ဘူး!"
ယန်ကျစ်ချန်: "ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲ့ဟာကြီး ဒီမှာပဲ ပေါ်လာခဲ့တာ။ ဒီနေရာက အခြေခံအားဖြင့် သူ့ရဲ့ 'ကျောက်ဆူးအမှတ်' ထဲက တစ်ခုပဲ။ ငါတို့ထွက်ပြေးရင်တောင်မှ တစ္ဆေက ကြမ်းပြင်တစ်ခုလုံးကို မြေလှန်ပြီး လိုက်ရှာနေလို့ရတယ်။”
"ကောင်းပြီလေ။" ကျန့်ယွိဟန်သည် နောက်သို့ နှစ်လှမ်းဆုတ်ကာ စာသင်ခန်းတံခါးဝတွင် ရပ်၍ :"အဲဒီလူက စိတ်ချရမယ်လို့ မျှော်လင့်ပါတယ်။"
ကျောက်သင်ပုန်းပေါ်ရှိ ရေတွက်နေသော နံပါတ်များက တဖြည်းဖြည်း လျော့နည်းလာနေလေပြီ။
ယန်ကျစ်ချန်သည် စာသင်ခန်းထဲတွင် သတ္တုဗီရိုငယ်ကို သတိထားပြီး ကြည့်နေ၏။ သူတို့ ပထမဆုံး ရောက်သည့်နေ့၌ အချိန်ရေခြင်း ပြီးဆုံးခါနီးတွင် သတ္တုဗီရိုငယ်အတွင်းမှ ဆူညံသံများ စတင်ထွက်ပေါ်လာခဲ့သည်။
'ဒီသရဲက... သတ္တုပုံးထဲက ရုန်းထွက်နိုင်ပါ့မလား။'
ယန်ကျစ်ချန် အသက်ပြင်းပြင်းရှူရင်း သူ့ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အာရုံစိုက်ကာ သတ္တုဗီရိုကိုလည်း စိုက်ကြည့်နေသည်။ ယနေ့ညတွင်လည်း စာသင်ခန်းမှာ တိတ်တိတ်ဆိတ်ဆိတ်ပင်။
ရုတ်တရက် အအေးဓာတ်က သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
သတ္တုဗီရို၏ တွယ်ကပ်မှုသည် ကျန်အရာအားလုံးကို နစ်မြုပ်သွားစေသည်။ သို့သော်လည်း ဘာကြောင့်ရယ်မသိ ယန်ကျစ်ချန်မှာ တခြားအရာတစ်ခု၏ အသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရလေ၏။
'အဲဒါဘာလဲ။'
သူ စိတ်မသက်မသာ ခံစားလာရသည်။
မည်သို့ပင်ဖြစ်စေ ယခုမူကား အလွန်နောက်ကျသွားပုံပင်။
ကျောက်သင်ပုန်းပေါ်ရှိ နံပါတ်များသည် ဂဏန်းတစ်ခုတည်းသို့ ကျဆင်းသွားခဲ့သည်။ ၎င်းကို တွေးနေစဥ် နောက်ဆုံးတော့ ကြီးမားလှသည့် '0' ဟူသော ဂဏန်းကြီးဟာ ကျောက်သင်ပုန်းပေါ်၌ ထင်ရှားစွာ ပေါ်ထွက်လာတော့သည်။
သတ္တုဗီရိုငယ်၏ တုန်ခါနေမှုက ရုတ်တရက် ရပ်သွားသောကြောင့် ယန်ကျစ်ချန်၏ နှလုံးသားမှာ တင်းကျပ်လာသည်။
သို့သော်လည်း စာသင်ခန်းထဲတွင် မည်သို့မျှ မပြောင်းလဲသွားခဲ့ချေ။
စားပွဲခုံများနှင့် ကုလားထိုင်များသည် ကြမ်းပြင်ပေါ်တွင် လျော့ရိလျော့ရဲ စောင်းနေသေးသည်။ သတ္တုဗီရို၏ တဝုန်းဝုန်း တုန်လှုပ်နေခြင်းသည် ၎င်းတို့၏ ထင်ယောင်ထင်မှားမျှသာ ဖြစ်နေသည့်နှယ်။ ထို့အပြင် ကြမ်းပြင်ပေါ်ရှိ သွေးစွန်းသော ခြေရာများကလည်း အေးခဲနေ၏။
သို့သော် ထိုအချိန်တွင် ယန်ကျစ်ချန်သည် နောက်ဆုံးတွင် သတ္တုဗီရိုငယ်၏ အသံဖြင့် ဖုံးအုပ်ထားခဲ့သော ထိုအသံတစ်သံကို ကြားလိုက်ရသည်။
၎င်းမှာ မရေမတွက်နိုင်သော စေးကပ်ကပ် မြွေများ ကြမ်းပြင်ပေါ်တွင် ဆွဲငင်ရွေ့လျားနေသော အသံများပမာ။ အနီးကပ် နားထောင်ကြည့်လိုက်သောအခါ တံခါးခေါက်သံကိုပင် ကြားနေရသည်။
'တစ်ခုခုမှားနေပြီ…!'
တစ်ခဏချင်းမှာပင် ယန်ကျစ်ချန်သည် သူ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားမှန်း သဘောပေါက်သွားလေ၏။
“သွားတော့!”
သူသည် ချက်ချင်းပင် ရွှီကျားရန်နှင့် ကျန့်ယွိဟန်တို့ကို လက်ပြပြီး တံခါးဆီ အသည်းအသန် ပြေးထွက်သွားတော့သည်။
စာသင်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် သိမ်မွေ့သော အသံများက ပို၍ပင် ရှင်းလင်းလာသည်။ ယန်ကျစ်ချန်သည် မည်သည့် ဦးတည်ရာသို့ ပြေးရမည်ကို မဆုံးဖြတ်နိုင်မီတွင် နွမ်းခြောက်နေသော သွေးနီရောင် လက်မောင်းတစ်ခုက သူ့အမြင်အာရုံထဲ ပေါ်လာသည်။
ထိုလက်မောင်းနှင့် တွဲထားသော လက်၏ အကြောအဆစ်များက ခြောက်သွေ့ကာ စေးကပ်နေသော အသားစများစွာဖြင့် ဖုံးအုပ်ထားသည်။ ယန်ကျစ်ချန် မျက်လုံးတို့ပြူးသွား၏။ ထိုစဥ် စင်္ကြံအဆုံးမှ သူ့ဆီသို့ တွားသွားလာနေသော အရပ်ပုပု သွေးအလောင်းတစ်လောင်းကို မြင်လိုက်ရလေသည်။
တစ်ဆက်တည်း တွားသွားသံများကလည်း ပိုလို့တောင် ကြည်လင်လာ၏။ သူ၏အမူအရာမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး မရေမတွက်နိုင်သည့် သွေးစွန်းနေသော အလောင်းအလွှာများသည် ထောင့်တစ်ဝိုက်မှ တွားသွား ထွက်လာကြကာ သူတို့သုံးယောက်ကို ဆုပ်ကိုင်လိုက်ကြသည်။
"ယန်ကျစ်ချန်!"
ကျန့်ယွိဟန် ထအော်လိုက်သည်။
ယန်ကျစ်ချန်လည်း စာသင်ခန်းထဲတွင် ပြန်ပုန်းနေချင်လိုက်၏။ သို့တိုင် သူပြန်လှည့်ကြည့်လိုက်တော့ ပျက်စီးနေသော သစ်သားတံခါးက တင်းတင်းကျပ်ကျပ် ပိတ်ထားလေပြီ။ တံခါးပေါက်၏ အက်ကွဲနေသည့်ကြားမှ ကြောက်မက်ဖွယ်ကောင်းသော အေးစက်စက် မျက်လုံးတစ်စုံက သူတို့ကို စေ့စေ့ကြည့်နေသည်။
သိပ်နောက်ကျသွားပြီ။
ယခုကဲ့သို့ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်လိုက်ရသောကြောင့် ယန်ကျစ်ချန်၏ စိတ်တို့ ခဏတာမျှ လွတ်ထွက်သွား၏။ သို့သော်လည်း မြန်မြန် ဆုံးဖြတ်ချက် ချလိုက်နိုင်သေးသည်။
"မြန်မြန် တံခါးကို ဖြိုချ!"
တံခါးကို ချိုးဖျက်လိုက်၍ အထဲကအကောင်ဟာ မူလသွေးစိမ်ထားသော အလောင်းဖြစ်ခဲ့လျှင် ကျောက်စိမ်းဆွဲသီးကို ဖျက်ဆီးပြီး သူတို့ကိုယ်သူတို့ ကယ်တင်နိုင်လိမ့်မည်။
ယန်ကျစ်ချန်သည် သစ်သားတံခါးကို အစွမ်းကုန် ရိုက်လိုက်သော်လည်း တံခါးသည် တစ်ကြိမ်သာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် မလှုပ်မယှက်သာ ဖြစ်နေသည်။
စင်္ကြံ၏ အဆုံးနှစ်ဖက်တွင် မရေမတွက်နိုင်သော ကြောက်စရာ ကောင်းလှသည့် သွေးဖုတ်ကောင်များသည် သွေးပျက်ဖွယ် တွားသွားကာ ၎င်းတို့ကို သေမင်းထံရောက်အောင် တွန်းပို့နေကြချေပြီ။ ရွှီကျားရန်သည်လည်း ပူးပေါင်းကာ တံခါးကို ဖွင့်လိုက်သော်ငြား သူတို့နှစ်ယောက်သည် အတွင်းရှိ သွေးအလောင်းကောင်၏အားကို မယှဥ်နိုင်ခဲ့။ တိုက်ခိုက်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။
ထို့ကြောင့် ပထမညတွင် သွေးအလောင်းလက်မှ လွတ်မြောက်သွားရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့အနက်မှ တစ်ဦးတည်းရှိနေသည့် တစ်စုံတစ်ဦးကို အခွင့်ကောင်းယူ၍ ထိုလူနှင့် အရေခွံလဲလှယ်ကာ အယောင်ဆောင်လိုခဲ့ခြင်းကြောင့် ဖြစ်သည်။
ထိတ်လန့် တုန်လှုပ်နေသည့် အခိုက်အတန့်တွင် ဤအတွေးက ယန်ကျစ်ချန်၏ စိတ်ထဲ ပေါ်လာခဲ့သည်။ တစ်ဖက်မှ သွေးဖုတ်ကောင်များကလည်း အလုံးအရင်းဖြင့် နီးကပ်လာနေသည်။
"ယန်ကျစ်ချန်! ကျောက်စိမ်းဆွဲသီးကို မြန်မြန် ဖိလိုက်။" ကျန့်ယွိဟန်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်ပြီး :"အခုချက်ချင်း ဖျက်ဆီးလိုက်! မင်းမလုပ်ရင် ငါတို့သေလိမ့်မယ်!"
ယန်ကျစ်ချန် သူ့လက်ထဲရှိ ကျောက်စိမ်းဆွဲသီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ယခုအခိုက်၌ တံခါးက မလှုပ်မယှက်ပင်။ စာသင်ခန်းထဲက မကောင်းဆိုးဝါး မျက်လုံးဟာ မူလသွေးဖုတ်ကောင် ဟုတ်မဟုတ် ဆိုသည်ကိုလည်း သူတို့အနေနှင့် အတည်မပြုနိုင်လောက်ချေ။
သို့ပေမဲ့ လက်ရှိရှင်သန်မှုကသာ ပိုအရေးကြီးလေသည်။ ထို့ကြောင့် ယန်ကျစ်ချန် တုံ့ဆိုင်းမနေတော့ဘဲ ကျောက်စိမ်းဆွဲသီးကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချရန် ကြံရွယ်လိုက်၏။
သို့သော် ထိုအချိန်တွင် စာသင်ခန်းတံခါးက ရုတ်တရက် ဝုန်းခနဲ ဆွဲဖွင့်ခံလိုက်ရသည်။
အရှိန်ကြောင့် သူနှင့် ရွှီကျားရန်တို့ ရှေ့သို့ ပစ်လဲကျသွားကြသည်။ ထိုအခိုက် သူတို့ရှေ့တွင် အရေပြားမပါ အသားချည်းသာ ဖုံးထားသော ခြေတစ်စုံက နေရာချလာခဲ့လေသည်။
ယန်ကျစ်ချန် သူ့ခေါင်းကို မမြှောက်ခင်မှာပင် သွေးတွေရွှဲနေသော အလောင်းကောင်က သူ့လက်ကောက်ဝတ်ကို ဖမ်းမိသွားချေပြီ။
စေးကပ်ကပ်နှင့် ကြောက်စရာကောင်းသော ခံစားမှုတစ်ခုက သူ့စိတ်အပေါ် လွှမ်းမိုးသွားသည်။ ယန်ကျစ်ချန်သည် ကျောက်စိမ်းဆွဲသီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူတို့၏ နောက်ဆုံး ရှင်သန်မှု မျှော်လင့်ချက်ကို ကာကွယ်ရန် အသည်းအသန် ကြိုးစားနေ၏။
သွေးအလောင်း၏ လိမ်ထားသော လက်ချောင်းအရိုးများသည် ယန်ကျစ်ချန်၏ လက်ဖဝါးထဲသို့ ထိုးဖောက်လာသည်။ စူးစူးရှရှ နာကျင်မှုတစ်ခုက သူ့နှလုံးသားထဲ တိုးဝင်လာသည်။ ယန်ကျစ်ချန် သူ့လက်ကို ဆွဲထုတ်ဖို့ ကြိုးစားသော်ငြား သွေးအလောင်းက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။
"ယန်ကျစ်ချန်! ယန်ကျစ်ချန်! အား—!"
ကျန့်ယွိဟန်၏ စူးစူးဝါးဝါး အော်သံကြီးက အနီးနားမှ ထွက်ပေါ်လာခဲ့သည်။ ယန်ကျစ်ချန် အလိုလို တုန်လှုပ်သွားကာ ကျောက်စိမ်းဆွဲသီးကို သူ၏ အခြားလက်တစ်ဖက်သို့ လွှဲရန် ကြိုးစားလိုက်သည်။
ရုတ်တရက် ရွှီကျားရန်၏ အော်ဟစ်သံကလည်း သူ့ဘေးနားမှ ထွက်ပေါ်လာသည်။
"သူတို့ သူတို့ လာနေပြီ!"
သူ့မျက်လုံးထောင့်မှတစ်ဆင့် သွေးလက်များစွာကို တွေ့လိုက်ရသည်။
ထိုလက်များသည် ရွှီကျားရန်ကို ကိုင်ဆွဲကာ စာသင်ခန်းထဲမှ ဆွဲထုတ်လိုက်ကြသည်။ ရွှီကျားရန်သည် အဆက်မပြတ် ရုန်းကန်နေသော်လည်း သွေးအလောင်းများ၏ အရေအတွက်မှာ လျင်မြန်စွာ တိုးလာနေကာ သူကိုယ်တိုင်ပါ အရိုးထွက်နေသော အသားများထဲတွင် လျင်မြန်စွာ နစ်မြုပ်သွားခဲ့သည်။
'မဟုတ်ဘူး...'
နာကျင်မှုသည် သူ့လက်ဖဝါးမှ ဦးနှောက်အထိ တစ်လျှောက်လုံး တိုးလာသည်။ ယန်ကျစ်ချန် အသက်ပြင်းပြင်းရှူရင်း သူ့လက်တစ်ဖက်က ကျောက်စိမ်းဆွဲသီးကို လှမ်းကိုင်လိုက်ခိုက် သွေးများဖုံးလွှမ်းနေသော အလောင်း၏ ခြေထောက်အောက်၌ နင်းချခံလိုက်ရတော့၏။
အရိုးကွဲသွားသံများပင် ကြားလိုက်ရသည်။ ယန်ကျစ်ချန် မည်သို့မျှ မတုံ့ပြန်နိုင်သေးခင် အပေါ်မှ စူးစူးရဲရဲ ရယ်မောသံကြီးကို ကြားလိုက်ရတော့သည်။ ခေါင်းကို မော့ကြည့်ဖို့ ရုန်းကန်နေခိုက် သွေးရွှဲနေသည့် မျက်နှာကြီးမှာ အောက်ငုံ့လာပေသည်။
၎င်း၏ပါးစပ်မှာ ရွံစရာကောင်းစွာ လှုပ်ယမ်းသွားကာ မီးခိုးရောင်အရိုးများ ပေါ်ထွက်နေ၏။ ၎င်းက ယန်ကျစ်ချန်၏နဖူးကို လှမ်းဆွဲလိုက်သည်။
လှုပ်ရှားမှုများက လျင်မြန်လှသည်။ ယန်ကျစ်ချန်၏ နှေးကွေးသော အသိစိတ်လေး သူ့ဦးနှောက်သို့ မရောက်မီတွင် ၎င်း၏လက်ချောင်းများက သူ့နဖူးကို ထိသွားခဲ့ပြီဖြစ်သည်။
အသဲခိုက်အောင် နာကျင်လှသော ဝေဒနာတစ်ခု သူ့ခေါင်းထဲ ဖြတ်ဝင်လာခဲ့သည်။
ယန်ကျစ်ချန်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူငယ်အိမ်များလည်း ကျုံ့သွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ တစ်ခုခု ဖြစ်ပျက်တော့မည်ကို သိနေသော်လည်း လက်ကိုတောင် မလှုပ်နိုင်တော့ချေ။
'စုန့်ကွမ်းနန်...'
'သူဘယ်မှာလဲ။ သူ…'
ယန်ကျစ်ချန်၏ အသိစိတ်တို့ မှုန်ဝါးနေပြီဖြစ်သဖြင့် သူ့အတွေးများကလည်း ဦးတည်ရာမဲ့ ပျံ့လွင့်နေသည်။
'စုန့်ကွမ်းနန်...'
ရုတ်တရက် ပြင်းထန်လှသော နာကျင်မှုတစ်ခုသည် သူ၏ မှုန်ဝါးသော အသိစိတ်မှတစ်ဆင့် သူ့စိတ်ထဲသို့ စိမ့်ဝင်သွားသည်။
အနက်ရောင်မြူခိုးများက လေထဲသို့ လိမ့်တက်လာကာ ယန်ကျစ်ချန်၏ အမြင်အာရုံ အလုံးစုံကို လွှမ်းခြုံသွားခဲ့သည်။ ယန်ကျစ်ချန်ခမျာ အေးခဲနေသော လေကို ရှူရှိုက်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။
စုန့်ကွမ်းနန် သူ့ရှေ့မှာ ရပ်နေပြီ။
သူတကယ်လာခဲ့ပြီ။
သူသည် သွေးများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်ကာ သူ၏ ဖြူဖျော့သော တာအိုဝတ်ရုံသည် ထူထပ်လွန်းသော မြူထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။
ထိုသူက ခေါင်းကို အေးစက်စွာ ငုံ့ထားပြီး နောက်ပြန်လှည့်ကာ သွေးအလောင်းဆီသို့ သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။
ထိုလက်သည် ယန်ကျစ်ချန် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆုပ်ကိုင်ခဲ့ဖူးသော လက်ဆစ်များ၊ ရှည်လျားခိုင်မာသော လက်ချောင်းများနှင့် အတူတူပင်။ သွေးအလောင်းသည် ခြေလှမ်းပေါင်းများစွာ နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာရင်း ခန္ဓာကိုယ်ကို တွန့်ကွေးကာ ထွက်ပြေးရန် ကြိုးစားလေသည်။
သို့သော် စုန့်ကွမ်းနန်၏ လှုပ်ရှားမှုများသည် နှေးကွေးသော်လည်း ရှောင်လွှဲ၍မရ။ သူသည် အလောင်း၏ ခေါင်းပေါ်သို့ သူ၏လက်ကို ဖိချလိုက်လေရာ သွေးအလောင်းသည် ဝူးဝူးဝါးဝါး အသံများ ထုတ်လွှတ်ကာ လူအရေပြားကလည်း ၎င်း၏ကိုယ်ပေါ်မှ ချော်ကျသွားသည်။ စုန့်ကွမ်းနန်၏ ဖြူဖျော့သော လက်ချောင်းထိပ်များမှာ ဦးခေါင်းခွံထဲ ဆက်လက် စိုက်သွင်းနေသောကြောင့် ယန်ကျစ်ချန်မှာ အရိုးများ၏ ကွဲအက်သံကိုပင် ကြားနေရသည်။
သွေးအလောင်းခမျာ နောက်ဆုံးတော့ တဖြည်းဖြည်းနှင့် ရုန်းကန်နိုင်စွမ်း မရှိတော့ပေ။ ၎င်း၏ ခန္ဓာကိုယ်မှာ ရံဖန်ရံခါသာ ဖြည်းဖြည်းချင်း လှုပ်ယမ်းသွားခဲ့သည်။
***
Aurora Novel Translation Team