အခန်း (၃၆) - ကျွန်တော့်ကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်
နောက်တစ်နေ့တွင် မုကျစ်မင်နိုးလာသောအခါ၌ အရုဏ်တက်ချိန်ပင်ရောက်နေပြီဖြစ်သည်ကို သိလိုက်လေသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါတွင် ကူဟယ့်ရန် အခန်းထဲတွင် မရှိတော့သည်ကို သတိထားမိသည်။ ထို့နောက်တွင် မုကျစ်မင်က ဖြည်းဖြည်းချင်းဖြင့် အိပ်ရာမှထလိုက်ပြီး နဖူးကို ဘယ်ဘက်လက်ဖြင့် ဖိထားမိလိုက်သည်။ ခန္ဓာကိုယ်ကလည်း အသိတရားပြန်ကပ်သွားပြီဖြစ်သောကြောင့် မုကျစ်မင်သည် မနှစ်မြို့စွာဖြင့် ခေါင်းကို ရိုက်လိုက်မိသည်။
နိုးပြီးပြီးချင်းတွင် စိတ်ထဲသို့ ဝင်လာသော ပထမဆုံးအတွေးမှာ -
'ငါတော့ သေသာသေလိုက်ချင်တာပဲ'
တစ်ကိုယ်လုံးသည်လည်း သက်တောင့်သက်သာမရှိလှပေ။ ကြောက်စရာကောင်းလောက်အောင် ခေါင်းက ထိုးကိုက်နေပြီး ဗိုက်ထဲတွင်လည်း ဗလာကျင်းနေသောကြောင့် ထကြွသောင်းကျန်းနေပြီဖြစ်သည်။
ဒုတိယအတွေးသည်လည်း -
'ငါသေချင်နေတုန်းပဲ။'
မနေ့ညက ဖြစ်ခဲ့သည်ကို မမှတ်မိတော့ပေ။ မုကျစ်မင်နောက်ဆုံးမှတ်မိသည်မှာ ကူဟယ့်ရန်ကို မိမိအား ကန်ထုတ်ရန် တောင်းဆိုခဲ့ခြင်းပင် ဖြစ်သည်။
တတိယအတွေးကမူ -
'ငါတကယ် သေလိုက်ချင်တယ်။'
မုကျစ်မင်သည် မနေ့ညကဖြစ်ခဲ့သည်များကို မမှတ်မိသော်လည်း အရက်မူးသည့်အခြေအနေတွင် ရူးရူးမိုက်မိုက်များ လုပ်တတ်သည်ကိုမူ သိထားသည်။
မုကျစ်မင် အသက် (၁၂) နှစ်တွင် ဆောင်းဦးလယ်ပွဲတော် (၂) ၏ ပြန်လည်ပေါင်းစည်းရေးစားသောက်ပွဲတွင် ရှုံဟွမ်အရက် (၁) သောက်ခဲ့သည်။ နောက်တစ်နေ့ နိုးလာသောအခါ၌ မင်များစွန်းထင်းလျက်သားအနေအထားဖြင့် တွေ့လိုက်ရသည်။ မူးလာသောအခါတွင် အရူးတစ်ယောက်ကဲ့သို့ စည်းမျဉ်းစည်းကမ်းများကို ကူးနေကြောင်း ချိုင်ဝေ့က ပြောပြသည်။ မည်သူမှ မိမိကို တား၍မရခဲ့ပေ။
ရေးခဲ့သည်မှာ စက္ကူပေါ်၌ ရေးခဲ့ခြင်းမဟုတ်ဘဲ နံရံများ၊ စားပွဲများ၊ အဝတ်များ၊ စောင်များနှင့် ပန်းအိုးများပေါ်တွင် ရေးခဲ့ခြင်းဖြစ်သည်။ ရေးသင့်သည့်နေရာတွင် မရေးဘဲ မရေးသင့်သည့်နေရာများတွင် ရေးခဲ့ခြင်းဖြစ်၏။
ထိုအချိန်မှစ၍ မုကျစ်မင်သည် ဝိုင်ကို အရသာခံသည်က ရှားသည်။ သောက်စရာပေါများသည့် ပွဲတစ်ခုသို့ တက်ရောက်ရမည့်ကိစ္စများ ရှိသောအခါတွင် မုကျစ်မင်သည် မမူးစေရန်အတွက် တတ်နိုင်သမျှ အနည်းအကျဉ်းသာ သောက်သည်။
မမျှော်လင့်ထားစွာဖြင့် ယခုတစ်ခေါက်တွင် အသိစိတ်လွတ်သွားသည်အထိ အသောက်လွန်သွားခဲ့သည်။
'ပြီးတော့လည်း အဲ့ဒါက ကူဟယ့်ရန်ရှေ့မှာဖြစ်သွားတာ။'
ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖျစ်ညှစ်လိုက်ရင်းဖြင့် မုကျစ်မင်တစ်ယောက် အိပ်ရာထက်သို့ ပြန်လဲလိုက်ကာ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်မှတ်မိရန် ကြိုးစားနေသည်။ သို့သော်လည်း မည်မျှပင် ကြိုးစားသော်လည်း လတ်တလောတွင်မူ မှတ်ဉာဏ်က အလွတ်ကြီးသာဖြစ်၏။
မုကျစ်မင်သည် စိတ်ထဲတွင် အော်ငိုနေမိစဉ်တွင်ပင် အခန်းတံခါးပွင့်လာကာ ကူဟယ့်ရန်က တည်ငြိမ်စွာဖြင့် အခန်းထဲသို့ ဝင်လာသည်။
မုကျစ်မင်က တအံ့တဩဖြင့် မော့ကြည့်လိုက်ပြီး ကူဟယ့်ရန်ဖြင့် အကြည့်ချင်းဆုံသွားသည်။ အကြည့်ချင်းဆုံနေသည်က အတော်လေးကြာသွားသည်ဟု ခံစားမိကာ ပထမဆုံးအကြည့်လွှဲလိုက်သူမှာ ကူဟယ့်ရန်ဖြစ်သည်။ ထို့နောက်တွင် အိပ်ရာဆီသို့ လျှောက်လာသည်။ ရောက်သောအခါ၌ ကူဟယ့်ရန်က မုကျစ်မင်လက်ထဲသို့ တစ်ခုခုထည့်ပေးလိုက်သည်။
ဗိုက်ဖြည့်တင်းရန်အတွက် ပူပူနွေးနွေးကောက်ညှင်းဆန်ပြုတ်ချိုချိုလေးဖြစ်သည်။ အရက်အလွန်အကျွံသောက်ပြီး ဗိုက်အောင့်နေသည့်မုကျစ်မင်အတွက် အလိုအပ်ဆုံးအရာပင်။
''အာ...ကျေးဇူးတင်ပါတယ်။''
မုကျစ်မင်က အမြန်ပင် ကျေးဇူးတင်လိုက်၏။
ကူဟယ့်ရန်က ခေါင်းညိတ်ပြလိုက်ပြီး မတုန်လှုပ်သောအသံဖြင့် ပြောလိုက်လေသည်။
''သောက်လိုက်ပါ။''
မုကျစ်မင်သည် ဇွန်းကို ကောက်ယူကာ ဆန်ပြုတ်ကို ညင်သာစွာမွှေ၍ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်မိသည်။
''ဟယ်ရှုန်း ကျွန်တော်...မနေ့က တော်တော်မူးနေတာလား။''
ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။
''အင်း။''
မုကျစ်မင်က ထူးဆန်းစွာ ပြုံးပြလိုက်ပြီး
''ကျွန်တော် ထူးထူးဆန်းဆန်းတွေများ လုပ်မိသွားသေးသလား။ ကျွန်တော်..... ဘာမှမမှတ်မိတော့ဘူး...''
ကူဟယ့်ရန်၏မျက်ဝန်းတို့က အနည်းငယ်မျှ တုန်ယင်နေပြီး မေးလိုက်မိသည်။
''မင်း ဘာမှမမှတ်မိဘူးလား။''
''ဟင့်အင်း။ ကျွန်တော် ဘာမှမမှတ်မိဘူး။''
မုကျစ်မင်သည် ကူဟယ့်ရန်၏မျက်နှာကို ဂရုတစိုက်ကြည့်၍ ပြောလိုက်သည်။
''ကျွန်တော်က ကလေးဘဝကတည်းက သောက်ရင် လွယ်လွယ်နဲ့မူးတတ်ပြီး ရူးရူးမိုက်မိုက်ကိစ္စတွေလည်း လုပ်တတ်တယ်။ နောက်တစ်နေ့ ပြန်နိုးလာရင်လည်း မူးတုန်းက လုပ်ခဲ့တာတွေကို ဘာမှမမှတ်မိဘူး။ မနေ့ညက ဟယ်ရှုန်းကိုများ လန့်သွားစေမိသေးလား။ အလွန်အကျွံတွေများ လုပ်မိသေးလား။''
ကူဟယ့်ရန်က တီးတိုးပြောလိုက်သည်။
''မလုပ်ပါဘူး။''
''ဘာပဲဖြစ်ဖြစ် ကျွန်တော်တောင်းပန်ပါတယ်။''
မုကျစ်မင်က ပြောလိုက်လေသည်။
''ကျွန်တော့်ကို ဂရုစိုက်ပေးလို့ကျေးဇူးတင်ပါတယ်။''
''မင်း ဆန်ပြုတ် မြန်မြန်မသောက်ရင် အေးသွားတော့မယ်။''
ကူဟယ့်ရန် ပြောလိုက်လေသည်။
''အခုသောက်ပါ့မယ်''
မုကျစ်မင်က ခေါင်းငုံ့၍ အမြန်ပင် ဆန်ပြုတ်ကို သောက်လိုက်သည်။ သောက်နေရင်းဖြင့် မျက်လုံးထောင့်မှတစ်ဆင့် ကူဟယ့်ရန်ကို အကဲခတ်နေသည်။ ကူဟယ့်ရန်က ပုံမှန်အတိုင်း တည်ငြိမ်နေသည်ကို တွေ့ရကာ မိမိကိုလည်း မနှစ်မြို့မှုမျိုးကို မပြသသဖြင့် မုကျစ်မင် တွေးလိုက်မိသည်။
'မနေ့ညက ငါ မူးပြီးတော့ ဆိုးဆိုးဝါးဝါးတွေမလုပ်မိဘဲ ဒီအတိုင်း အိပ်ပျော်သွားတာများလား။'
ဆန်ပြုတ်သောက်ပြီးနောက်တွင် မုကျစ်မင်၏ဗိုက်သည်လည်း အတော်လေးနေသာထိုင်သာရှိသွားပြီဖြစ်သည်။ ထို့ကြောင့် မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် နောက်ထပ်ခရီးစဉ်ကို စတင်ဆွေးနွေးတိုင်ပင်ကြသည်။
ယခုတွင် မိမိတို့နားလည်ချင်သောမေးခွန်းများအားလုံးကို ကျောက်တုံးက ဖြေပြီးပြီးဖြစ်ကာ ကျိုးကြောင်းဆီလျော်သောကိစ္စမှာ စစ်တန်းလျားသို့ ပြန်ရန်သာ ဖြစ်၏။ သို့သော်လည်း မုကျစ်မင်စိတ်ထဲတွင် ကိစ္စတစ်ခု ကျန်နေသေးသည်။
''ဟူရှုန်း ကျွန်တော်တို့ ရွာကို စစရောက်ချင်းတုန်းက တွေ့ခဲ့တဲ့မိန်းကလေးကို မှတ်မိလား။ ရေခတ်နေတဲ့တစ်ယောက်လေ။''
မုကျစ်မင်က မေးလိုက်သည်။
''အင်း။''
ကူဟယ့်ရန်က ခေါင်းညိတ်ပြလိုက်သည်။
''သူ(မ)က အဘွားအိုတစ်ယောက်အကြောင်းပြောသွားတယ်လေ။ ရွာထဲမှာ အဲ့အဘွားအိုကပဲ ကျောက်တုံးက ဘာကြောင့် ရွာကို ကုံကျီတိုင်းပြည်ကျူးကျော်လာမှာကို တားဆီးပေးတာလဲဆိုတဲ့အကြောင်းကို သိတဲ့ တစ်ဦးတည်းသောသူတဲ့။''
မုကျစ်မင်က ပြောလိုက်လေသည်။
''အဲ့အဘွားကိုသွားတွေ့ချင်တယ်။ သူ(မ) တစ်ခုခုသိလောက်မယ်ထင်တယ်။ ကျွန်တော်တို့သိချင်တဲ့အရာမျိုးပေါ့။''
ကူဟယ့်ရန်က ပြောလိုက်လေသည်။
''အဲ့လိုဆိုလည်း သူ(မ)ကို သွားတွေ့ကြတာပေါ့။''
.........
မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် ရွာတွင် ပထမဆုံးဆုံခဲ့သည့်မိန်းကလေးကို သွားရှာကြသည်။ ထို့နောက်တွင် ထိုမိန်းကလေးက အဘွားအိုသည် ရွာစွန်တွင်နေကြောင်း၊ မျိုးရိုးနာမည်မှာ ဖုန်းဖြစ်ကြောင်း စိတ်အားထက်သန်စွာဖြင့် ရှင်းပြသည်။ မိန်းကလေးကို ကျေးဇူးတင်စကားဆိုပြီးနောက်တွင် ရွာအစွန်အဖျားသို့ သွားကြသည်။ ထိုနေရာတွင် စန္ဒကူးပင်နှင့် မီးခိုးများပတ်ချာဝိုင်းနေသော ဘိုးဘေးဘုံကျောင်းအိုကြီးကို တွေ့လိုက်ရသည်။ မိမိတို့ရှေ့ရှိ မြေကွက်လပ်ကျယ်ကြီးတွင် ကျောက်တုံးများဖြင့် ဆော့ကာ၊ ကန်ကာကစားနေကြသော ကလေးများစွာကို တွေ့လေသည်။
မုကျစ်မင်က ပြုံး၍ လျှောက်လာသည်။
''မင်းတို့ထဲက ဘယ်သူကများ အဘွားဖုန်းကို သိကြလဲ။''
ဝက်မြီးကျစ်ဆံမြီးကျစ်ထားသောကောင်လေးက မော့ကြည့်ကာ ပြောလိုက်သည်။
''ကျွန်တော့်အဘွားကို ရှာနေတာလား။''
''အဘွားဖုန်းက ကလေးရဲ့ အဘွားလား။''
မုကျစ်မင်က ထိုကလေးကိုကြည့်လိုက်ပြီး ကောင်လေးနားတွင် သူ၏အရပ်နှင့်တူသွားအောင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ချိုမြသောအပြုံးလေးပြုံး၍ မေးလိုက်လေသည်။
''အစ်ကိုတို့ကို သူ့ဆီခေါ်သွားပေးလို့ရမလား။''
''ကောင်းပြီ။''
ကောင်လေးက ခေါင်းညိတ်ပြလိုက်ပြီး မုကျစ်မင်နှင့် ကူဟယ့်ရန်တို့က ဘိုးဘေးဘုံကျောင်းရှိ မြေဝါဖြင့်တည်ဆောက်ထားသည့်အိမ်လေးဆီသို့ ခေါ်သွားသည်။ ခြံဝန်းထဲသို့ မရောက်ခင်တွင်ပင် ကောင်လေးက ခြေထောက်ဗလာဖြင့် ပြေးဝင်သွားသည်။
''အမေ အဖေ။ ဒီကလူတွေက အဘွားကို တွေ့ချင်လို့တဲ့။''
ရွာထဲမှလူများသည် ခင်မင်ရင်းနှီးတတ်ကာ ထိုမိသားစုကလည်း ခြွင်းချက်မဟုတ်ပါပေ။ အိမ်ထဲဝင်လာသောမုကျစ်မင်နှင့် ကူဟယ့်ရန်တို့ကို နှုတ်ဆက်ပြီးနောက်တွင် အလည်လာရသည့်အကြောင်းရင်းကို မေးကြသည်။
မုကျစ်မင် ခေါင်းညွတ်၍ အရိုအသေပေးကာ ပြောလိုက်သည်။
''ဒီကို ဒေသထုံးတမ်းဓလေ့တွေကို မှတ်တမ်းတင်ဖို့ ရောက်လာကြတာပါ။ ကျွန်တော်တို့က ရွာရှေ့မှာရှိတဲ့ ကျောက်တုံးကြီးပေါ်က လက်ရေးလှစာသားနဲ့ ပန်းချီကို အရမ်းစိတ်ဝင်စားလို့ပါ။ အဘွားဖုန်းက အဲ့ဒါတွေက ဘာကိုဆိုလိုတာလဲဆိုတာသိတယ်လို့ ကြားထားလို့ လာပြီးအကြံဉာဏ်တောင်းရတာပါ။''
''ဪ အဲ့လိုကိုး။''
အိမ်ရှင်က ခေါင်းညိတ်ပြကာ အတော်လေးထူးဆန်းစွာဖြင့် ပြောလိုက်သည်။
''အဘွားဖုန်းက ဒီနေ့ နေ့သိပ်မကောင်းဘူး။ ခေါင်းနည်းနည်းကိုက်နေတာလေ။ အဲ့ဒါကြောင့် အနားယူနေတယ်။ မနက်ဖြန်ညနေပိုင်းလောက်ကျမှ ပြန်လာခဲ့ကြပါ့လား။''
''ဆိုးဝါးတဲ့တိုက်ဆိုင်မှုပဲ။''
မုကျစ်မင်က နောင်တရစွာဖြင့် ပြောလိုက်သည်။
''အဲ့လိုဆို မနက်ဖြန်ကျမှပဲ လာခဲ့ပါတော့မယ်။''
အိမ်ရှင်များကို နှုတ်ဆက်ပြီးနောက်တွင် မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် တိတ်တဆိတ်ဖြင့်သာ တည်းခိုဆောင်သို့ ပြန်သွားကြသည်။ တည်းခိုဆောင်နား ရောက်ခါနီးတွင် မုကျစ်မင်သည် မိမိဘာသာမေးခွန်းထုတ်နေသည်ကို မရပ်တံ့နိုင်ပေ။
''မနေ့ညက ငါတကယ်ပဲ ဘာမှထူးထူးဆန်းဆန်းမလုပ်ခဲ့ဘူလား။''
ကူဟယ့်ရန်ကမူ မုကျစ်မင်ကို ကြည့်လိုက်သောအခါ၌ မုကျစ်မင်၏မျက်နှာတွင် မူး၍ ဘာလုပ်ခဲ့သည်ကိုမသိလိုက်သော ခါးသက်မှုတို့ဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။
''မင်း ရွာဝင်ပေါက်က တံခါးပေါ်ကို တက်ခဲ့တာ။''
မုကျစ်မင် :''…ဘာ? ကျွန်တော်က ဘယ်အပေါ်ကိုတက်ခဲ့တာ? ဘယ်လိုလုပ် အဲ့ပေါ်ရောက်သွားရတာလဲ။''
ကူဟယ့်ရန်က ခေါင်းခါပြလိုက်သည်။
အကူအညီမဲ့မှုနှင့် ရယ်စရာကောင်းမှုကို တစ်ပြိုင်နက်တည်းခံစားလိုက်ရကာ မုကျစ်မင်က ပြောလိုက်လေသည်။
''အဲ့လိုဆို ကျွန်တော်က ဘယ်လိုလုပ် အဲ့အပေါ်ကို ရောက်သွားရတာလဲ။''
ခေတ္တမျှတွန့်ဆုတ်နေပြီးနောက်တွင် နောက်ဆုံး၌ ကူဟယ့်ရန် ဖွင့်အံချလိုက်သည်။
''ကိုယ်မင်းကို ချီသွားတာ။''
မုကျစ်မင် ကြောင်နေမိကာ မတုံ့ပြန်နိုင်ပေ။ ထို့နောက်တွင်မှ အမြန်ပင် ခေါင်းဦးညွတ်၍ အရိုအသေပေးလိုက်သည်။
''ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဟယ်ရှုန်း။''
ကူဟယ့်ရန်က သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။
''ကိစ္စကြီးမဟုတ်ပါဘူး။''
မုကျစ်မင်သည် မိမိဘာလုပ်ခဲ့သည်ကို သိလိုက်ရသောအခါမှ စိတ်သက်သာရာရသွားသော်လည်း အနည်းငယ်မျှ စိတ်ပျက်မိသွားသည်။
'ငါက ဘာလို့ မမှတ်မိရတာလဲ။ ကူဟယ့်ရန်က ငါ့ကိုမပြီး သူ့ကျောပေါ်မှာသယ်သွားတာကို ဘယ်လိုလုပ် မမှတ်မိနိုင်ရတာလဲ။'
မုကျစ်မင်နှင့် ကူဟယ့်ရန်တို့ တည်းခိုဆောင်ထဲသို့ ဝင်လာသော်လည်း တည်းခိုဆောင်တွင် ခြေချလိုက်သည်နှင့်ပင် နေရာတွင် နှစ်ဦးသား အေးခဲသွားကြသည်။
အတော်ကြာ ဧည့်သည်မရသည့်တည်းခိုဆောင်လေးတွင် ဧည့်သည်အသစ်တစ်ယောက် ရောက်နေသည်။ ထိုလူသည် ဓားသမားနှင့်တူကာ မီးခိုးရောင်ချည်အင်္ကျီခပ်ထူထူကို ဝတ်ဆင်ထားသည်။ ပြတင်းပေါက်နားတွင်ထိုင်နေကာ ဝင်လာသံကို ကြားသောအခါတွင် ထိုသူက လှည့်ကြည့်လိုက်သည်။ မုကျစ်မင်နှင့် ကူဟယ့်ရန်တို့ကို မြင်သောအခါတွင် လျှို့ဝှက်သောလူ၏မျက်လုံးများက အနည်းငယ်အံ့ဩသွားဟန်တူသည်။
စစ်ပွဲပြီးခါစဖြစ်ပြီး ရွာလေးသည် ကုံကျီတိုင်းပြည်နှင့် လွန်စွာနီးသည်။ ယခုအချိန်တွင် သာမာန်လူများက ဝေးလံခေါင်ဖျားသောရွာလေးဆီသို့ လာရန်မှာ မဖြစ်နိုင်ပေ။
ထိုသူ၏အကြည့်များက မုကျစ်မင်နှင့် ကူဟယ့်ရန်တို့ဆီရောက်သွားကာ အံ့ဩစွာဖြင့် မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။ သို့သော်လည်း မကြာခင်ပင် အကြည့်လွှဲသွားသည်။
တစ်ဖက်တွင်မူ မုကျစ်မင်သည် ထိုသူ၏မျက်နှာကို မြင်လိုက်ရသည့်အခါ၌ တုန်လှုပ်သွားသည်။ မိမိ၏အတွေးများ ပေါ်သွားမည်ကို ကြောက်သောကြောင့် မုကျစ်မင်က ကြမ်းပြင်ကိုသာ ကြည့်နေသည်။ ပျာယာခတ်သွားသဖြင့် မည်သို့လမ်းလျှောက်ရမည်ကိုပင် မေ့သွားကာ နေရာတွင်သာ အေးခဲသွားလေ၏။
''ဘာဖြစ်တာလဲ။''
ကူဟယ့်ရန်က တစ်ခုခုမူမမှန်သည်ကို သတိထားမိသောကြောင့် အသံတိုးတိုးဖြင့် မေးလိုက်သည်။
''ဘာမှမဟုတ်ဘူး။ အခန်းထဲပြန်ကြရအောင်။''
မုကျစ်မင်က ကူဟယ့်ရန်ကို ပြုံးပြလိုက်သည်။
ကူဟယ့်ရန်လည်း ထပ်မမေးတော့ဘဲ ဒုတိယထပ်ဆီသို့သာ လျှောက်လာခဲ့သည်။ မုကျစ်မင်က ကူဟယ့်ရန်နောက်မှ ကပ်လိုက်ကာ သူ၏အပြုံးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ထိုသူက မည်သူဆိုသည်ကို မုကျစ်မင် သိထားသည်။ သူ၏နာမည်သည် ရှောင်ယန်ဖြစ်ကာ ဖူရီ၏လျှို့ဝှက်ကိုယ်ရံတော်တစ်ယောက်ဖြစ်သည်။
ယခင်ဘဝက မုကျစ်မင်သည် ထိုလူနှင့် တစ်ခါဆုံဖူးသည်။ ထိုအချိန်က သူသည် လောဘကြီးလွန်းကာ သူ၏ဘဝတွင် ငွေသာအရေးကြီးဆုံးဟု မှတ်ယူထားသူ ဖြစ်သည်။ ထိုသို့သူမျိုးကို အဘယ့်ကြောင့် ကိုယ်ရံတော်အဖြစ် ဘေးနားမှာထားထားရသနည်းဟု မုကျစ်မင်က ဖူရီကို မေးခဲ့ဖူးသည်။ ထိုစဉ်က ဖူရီက ပြန်ဖြေခဲ့လေသည်။
''မင်း သူ့ကို ငွေပေးနိုင်တာနဲ့ သူက အလုပ်ကို ကောင်းကောင်းလုပ်လိမ့်မယ်။ စိတ်မပူနဲ့။''
'ရှောင်ယန်က ဘာလို့ နယ်စပ်မှာ ရောက်နေရတာလဲ။ ဖူရီက သူ့ကို တစ်ခုခုခိုင်းထားတာနဲ့ ဆက်စပ်နေတာများလား။'
***
Aurora Novel Transalation Team
Translator's Note
(၁) 雄黄酒 ရှုံဟွမ်အရက် - အရက်နီ၊ ဝိုင်နီ။ သလဲကျောက်အရသာပေါင်းခံထားတဲ့အရက် သို့မဟုတ် အချဉ်ဖောက်ထားတဲ့အရက်ပါ။
(၂) 中秋佳节 - ဆောင်းဦးလယ်ပွဲတော်၊ လပွဲတော်၊ လမုန့်ပွဲတော်လို့လည်း လူသိများပြီး တရုတ်ရိုးရာပွဲတော်တစ်ခုပါ။