အခန်း (၂၆) - နှလုံးသားနဲ့ ခံစားကြည့်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ
မုကျစ်မင်သည် ကူဟယ့်ရန်တစ်ယောက် မိမိဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသောအခါတွင် မျက်လုံးလေးကွေးသည်အထိ ပြုံးမိသွားသည်။ ကူဟယ့်ရန်ကို ဝမ်းပန်းတသာနှုတ်ဆက်လိုက်ရင်းဖြင့် အရိုအသေပေးလိုက်လေသည်။
''ကူရှုန်း ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်နှစ်က မြို့တော်အစွန်အဖျားမှာ လမ်းခွဲလိုက်ကြပြီးကတည်းက မတွေ့ဖြစ်ကြတော့တာပဲ။''
''အင်း။''
ကူဟယ့်ရန်က လက်သီးဆုပ်၍ အရိုအသေပြန်ပေးကာ ခေါင်းညိတ်ပြလိုက်သည်။
''နေကောင်းရဲ့လား။''
မုကျစ်မင်၏စိတ်အားထက်သန်မှုက လျော့ကျမသွားဘဲ တောက်ပစွာပြုံး၍ မေးလိုက်သည်။
''ဒေါ်လေးလျန်ကလည်း သတိရနေတာ။ သူက ကူရှုန်း နွေးနွေးထွေးထွေးမနေရမှာ၊ ကောင်းကောင်းမစားရမှာကို စိတ်ပူနေတာ။ ကျွန်တော်ဒီနေ့လာမယ်ဆိုတာကို သိတော့ ကူရှုန်းကောင်းကောင်းစားပြီး နေကောင်းရဲ့လားလို့လည်း မေးခိုင်းလိုက်သေးတယ်။''
ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။
''အင်း။ ကိုယ်အဆင်ပြေပါတယ်။''
''အဲ့လိုဆို ကောင်းပါပြီ။''
မုကျစ်မင်က ပို၍တောက်ပသောအပြုံးလေးကို ပြုံးပြလိုက်သည်။
''ကျွန်တော်က နန်းတွင်းအမိန့်အရ ဒီကို ကုံကျီဘာသာစကားသင်ယူဖို့ ရောက်လာတာ။ ကုံကျီဘာသာစကားကိုသင်ယူပြီး၊ ကုံကျီတိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို နားလည်အောင်လုပ်ပြီး တိုင်းပြည်နှစ်ခုကြားက အငြင်းအခုံဖြစ်ရတဲ့ဇစ်မြစ်ကို ရှာဖို့ ရောက်လာတာ။ အဲ့ဒါကြောင့် ကူရှုန်းကို ခဏလောက်တော့ ဒုက္ခပေးရဦးမယ်။ ကျွန်တော်က ခုမှရောက်လာတဲ့လူသစ်ဆိုတော့ စစ်တပ်ကစည်းမျဉ်းတွေနဲ့ ပက်သက်ပြီး ဘာမှများများစားစားမသိဘူး။ ကျွန်တော်အမှားလုပ်မိရင် ကူရှုန်းက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ မှားနေတာကိုလည်း သင်ကြားပြသပေးပါဦး။''
ကူဟယ့်ရန်က ပြန်ပြောလိုက်လေသည်။
''နန်းတွင်းအမိန့်တော်က တောင်လိုမျိုးပဲ လေးလံလှတယ်။ ကိုယ်တို့တွေ သည်းခံပြီး နေကြရတာပေါ့။''
မုကျစ်မင်နောက်မှ ဝမ်ဟယ့်ယင်က မိမိဘာသာ တွေးနေမိ၏။
'မြတ်စွာဘုရား! စစ်သူကြီးက သခင်လေးကို သဘောမကျတာများလား?!'
တစ်ဖက်တွင် စစ်သူကြီးနောက်မှပါလာသော စစ်သည်နှစ်ယောက်လည်း စဉ်းစားနေကြလေသည်။
'မြတ်စွာဘုရား! စစ်သူကြီးကူက ဘာလို့ ဒီလောက် ညင်ညင်သာသာ စကားပြောနေရတာလဲ?!'
''ဪ ဟုတ်သားပဲ၊ သူတို့နှစ်ယောက်က ဘယ်သူတွေလဲ။''
မုကျစ်မင်သည် ကူဟယ့်ရန်နောက်မှပါလာသော စစ်သည်နှစ်ဦးဆီသို့ အကြည့်ရောက်သွားသည်။
ကူဟယ့်ရန်က နောက်သို့ လှည့်ကြည့်လိုက်ပြီး ဘယ်ဘက်တွင် ရပ်နေသောသူနှင့် ပထမဆုံးမိတ်ဆက်ပေးသည်။ ထိုသူသည် အသက်သုံးဆယ်ကျော်ရှိပြီဖြစ်ပြီး ချည်ထည်ကို ဝတ်ထားသည်။ ဆံပင်ကို ဆံထုံးထုံး၍ အဆင်တန်ဆာတစ်ခုဖြင့် ချည်နှောင်ထားသည်။ လက်ထဲတွင် ဓားမပါပေ။ အရပ်ရှည်၍ ပိန်ပိန်ပါးပါးပင် ဖြစ်ကာ နူးညံ့သိမ်မွေ့သောအသွင်ဆောင်၍ ကြင်နာသနားတတ်သော မျက်နှာပိုင်ရှင်မျိုးဖြစ်သည်။
ကူဟယ့်ရန်က မိတ်ဆက်ပေးလိုက်လေသည်။
''ဒါက ရွှီကျိဝေ၊ စစ်ရေးအကြံပေး။''
''လတ်စသတ်တော့ စစ်ရေးအကြံပေးကိုး။''
မုကျစ်မင်က ရွှီကျိဝေဘက်သို့လှည့်၍ အရိုအသေပေးကာ မိမိဘာသာ မိတ်ဆက်ပေးလိုက်သည်။
အမှန်တွင် မုကျစ်မင်သည် ယခင်ဘဝက ထိုသူဖြင့် တွေ့ဖူးခဲ့သည်။ သူသည် စစ်သူကြီးတစ်ဦးမဟုတ်ဘဲ စစ်တပ်၏ စာရွက်စာတမ်းကိစ္စများ၊ ငွေရေးကြေးရေးကိစ္စများ၊ လက်နက်သိုလှောင်ခြင်းကိစ္စများ စသည့်ကိစ္စများအတွက် တာဝန်ယူရသောစစ်ရေးအကြံပေးဖြစ်သည်။ ရွှီကျိဝေသည် ရိုးရိုးကုပ်ကုပ်နေတတ်သည်ကို မှတ်မိသည်။ သူသည် အခြားသူများ၏ စကားနှင့် အမူအရာကို လေ့လာရာတွင် လွန်စွာတော်ကာ တစ်ဖက်သူ၏ စိတ်နှင့် ရည်ရွယ်ချက်ကိုလည်း ထိုးဖောက်မြင်နိုင်စွမ်းရှိသည်။
''မုသာ့ရန် (မုလူကြီးမင်း)။''
ရွှီကျိဝေက လက်သီးဆုပ်၍ ပြန်အရိုအသေးပေးကာ ပြောလိုက်သည်။
''အခုကစပြီး မုသာ့ရန်က စစ်တပ်ထဲမှာ နေရတော့မှာဆိုတော့ ဘာကိစ္စပဲရှိရှိ ကျွန်တော့်ဆီ လာခဲ့ပါ။ ကျွန်တော့်ဆီကနေ အမြဲ အကြံဉာဏ်တောင်းလို့ရပါတယ်။''
မုကျစ်မင်က ပြန်ဖြေလိုက်သည်။
''ကျေးဇူးတင်ပါတယ်။''
ထို့နောက်တွင် ကူဟယ့်ရန်က အခြားစစ်သည်တစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။
''ဒါက....''
အလယ်ပိုင်းလွင်ပြင်မှ လူများနှင့်မတူစွာ ထိုသူသည် ခက်ထန်ကြမ်းတမ်းသောအသွင်အပြင်ရှိပြီး ကျောဘက်တွင် ကျားကိုထမ်းပိုး၍ ခါးထက်တွင် ဝက်ဝံကို ချိတ်ထားသည်နှင့်တူသည်။ ကြီးကျယ်လှသော သူရဲကောင်းဟန်ပန်မျိုးနှင့်အတူ ထိုသူက လက်ဝှေ့ယမ်းပြပြီး ကူဟယ့်ရန်၏စကားကို ဖြတ်ပြောလိုက်သည်။
''ကျုပ်နာမည်က ရှဟုတ်ဟူပါ။ ကျုပ်ဘိုးဘေးတွေက ကုံကျီတိုင်းပြည်ကပါ။ နှစ်နိုင်ငံနယ်စပ်မှာပဲ ကြီးပြင်းလာရတော့ ငယ်ငယ်လေးကတည်းက ကုံကျီစကား ပြောတတ်ပါတယ်။''
''ရှောင်ရှုန်းတိ (ညီလေး) မင်းက ကုံကျီစကားကို သင်ချင်တယ်ပြောတယ်မလား။ စိတ်မပူနဲ့။ ကျုပ်တာဝန်ထားလိုက်။ ကျုပ်သင်ပေးမယ်။ ကုံကျီလူမျိုးနဲ့တွေ့ရင် ဘာမှမဖြစ်တော့တဲ့အထိ သင်ပေးမယ်လို့ အာမခံတယ်။ မင်းကို လက်ဆွဲနှုတ်ဆက်ပြီး မြို့ခံလို့ထင်ရတဲ့အထိကို သင်ပေးမယ်။''
''ကျေးဇူးအများကြီး တင်ပါတယ်။''
မုကျစ်မင်က ပြုံး၍ အရိုအသေပြန်ပေးလိုက်သည်။
''ရှောင်ရှုန်းတိ အဲ့လောက်ကြီး ယဉ်ကျေးနေဖို့မလိုပါဘူး။''
ရှဟုတ်ဟူက ပြောပြောဆိုဆိုဖြင့် မုကျစ်မင်၏ပခုံးကို အားဖြင့်ပုတ်၍ ပြောလိုက်သည်။
''စစ်တပ်ရဲ့ သစ်သားတံခါးကြီးကို ဖြတ်လာပြီးပြီဆိုမှတော့ ငါတို့က မိသားစုတွေပဲပေါ့။''
သူ၏လက်က သန်မာအားကောင်းသောကြောင့် မုကျစ်မင်သည်ပင် နာသွားသည်။ မျက်နှာက ပြုံးနေသော်လည်း ပခုံးကမူ ပြိုလဲကျတော့မည့်ဆဲဆဲပင်။
ထိုပုံစံကို ကူဟယ့်ရန်က သတိထားမိသောကြောင့် မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်သည်။
''အဲ့လောက် စိတ်လွတ်ကိုယ်လွတ် မလုပ်နဲ့။''
''ဪ! တောင်းပန်ပါတယ် ရှောင်ရှုန်းတိ!''
ရှဟုတ်ဟူက လက်ကိုပြန်သိမ်း၍ ပြောလိုက်သည်။
''အိုက်ယား!! ကျုပ်တို့လို ကြမ်းတမ်းတဲ့သူတွေက ကျင့်ဝတ်တွေကို အလေးမထားမိဘူး။ မြို့တော်က အထက်တန်းလွှာမိသားစုဆီက ချမ်းသာတဲ့သခင်လေးတွေလိုမျိုး ရှုပ်ထွေးတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း နားမလည်ဘူး။ ရှောင်ရှုန်းတိ ဗွေမယူဖို့ မျှော်လင့်ပါတယ်။''
''ရှဟုတ်ရှုန်းဆိုလိုတာကို နားလည်ပါတယ်။ ကျွန်တော်က ပြဿနာမရှိပါဘူး။''
မုကျစ်မင်က ပြောလိုက်လေသည်။
''ရှဟုတ်ရှုန်းက သဘာဝအတိုင်း သတ္တိရှိပြီး ရဲရင့်တယ်။ လေးနက်တဲ့မိတ်ဆွေဆက်ဆံရေးမှာ မြင့်မြတ်တဲ့သဘောထားပိုင်ဆိုင်ထားတဲ့ ယောက်ျားတစ်ယောက်ပါ။ ရှေးအချိန်တွေကတည်းက ဘယ်မြင်းစီးစစ်သည်နဲ့ သူရဲကောင်းတွေကများ ဒီလိုဓလေ့ထုံးတမ်းတွေကို ဂရုစိုက်နေလို့လဲ။''
''ရှောင်ရှုန်းတိက တကယ်အပြောကောင်းတဲ့သူပဲ။ ကောင်းတယ် အရမ်းကောင်းတယ်!''
ရှဟုတ်ဟူက ဝမ်းသာသွားသည်။
''မင်းက စစ်သူကြီးကူရဲ့ ညီနောင်ဖြစ်နေပြီဆိုမှတော့ ကျုပ်ရဲ့ ညီနောင်ပဲပေါ့။ နောင်ကျရင် စစ်စခန်းထဲက တစ်ယောက်ယောက်ကများ ပြဿနာလာရှာရဲရင် ကျုပ်ကို လာပြော။ သူတို့ကို ဆုံးမပေးမယ်။''
ရွှီကျိဝေက ဝင်ပြောလိုက်ရ၏။
''ဒုစစ်သူကြီးရှဟုတ် ကျွန်တော်တို့ရဲ့ စစ်တပ်စည်းမျဉ်းစည်းကမ်းတွေက တင်းကျပ်ပါတယ်။ ဘယ်သူကများ ပြဿနာရှာရဲမှာလဲ။ စကားကို ကြည့်ပြောပါ။ ပြီးတော့ မုကုန်းကျစ်က ဒီကို နန်းတွင်းအမိန့်နဲ့ လာခဲ့ရတာလေ။ မင်းကြီးကိုယ်စားရောက်လာတာ၊ သူက နန်းတွင်းတာဝန်တွေနဲ့ ရောက်လာရတာ....''
''အိုက်ယား!''
ရှဟုတ်ဟူက ရွှီကျိဝေ၏စကားများကို စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်၏။
''ကျုပ်က ဒီအတိုင်းပြောလိုက်တာပါ။ ဒါပေမဲ့ အမှန်တရားကိုပြောပြတာ။ ရှောင်ရှုန်းတိရဲ့ နူးညံ့သိမ်မွေ့တဲ့အသားအရေနဲ့ ချောမောတဲ့အသွင်အပြင်ကို ကြည့်လိုက်ပါဦး။ သူက ယောက်ျားဆိုပေမဲ့လို့ ကျုပ်တို့စစ်တပ်ကကျ ဝံပုလွေတွေလို၊ ကျားတွေလို ကြမ်းတမ်းရိုင်းစိုင်းတဲ့ယောက်ျားတွေပဲရှိတာ။ တစ်ယောက်ယောက်ကများ မကောင်းတဲ့စိတ်ရှိလာမယ်လို့ ဘယ်သူသိနိုင်မှာလဲ....''
ရှဟုတ်ဟူ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကူဟယ့်ရန်က မျက်မှောင်ကြုတ်၍ ကြည့်နေသောကြောင့်ပင်။ ကူဟယ့်ရန်၏အကြည့်များက သံလက်သည်းထုတ်လာသည့် သိမ်းဌက်တစ်ကောင်နှယ် ကြောက်စရာကောင်းလှကာ သွေးဆာလွန်း၍ အမဲလိုက်တော့မည့်ဟန်နှင့်တူ၏။
ရှဟုတ်ဟူသည် စစ်သူကြီးကူက အဘယ့်ကြောင့် ရုတ်တရက်ကြီး စိတ်တိုနေရသည်ကို နားမလည်သော်လည်း မိမိတွင် ပုန်ကန်တတ်သောနှုတ်မျိုး မရှိသောကြောင့် နာခံစွာဖြင့် ပါးစပ်ပိတ်သွား၏။
မုကျစ်မင်က နားလည်လွယ်သဖြင့် ရှဟုတ်ဟူ၏စကာများကြောင့် အနှောင့်အယှက်မဖြစ်ပေ။ ထို့အစား ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
''ရှဟုတ်ရှုန်း စိတ်မပူပါနဲ့။ ကျွန်တော်က အမြင်လောက်တော့ အားမနည်းပါဘူး။ အဲ့ဒါအပြင် ကျွန်တော်နဲ့အတူ ကိုယ်ရံတော်လည်း ပါလာပါတယ်။''
''အမှန်ပါပဲ။''
ဝမ်ဟယ့်ယင်သည် ထိုစကားများကို ကြားရသည်မှာ ငြီးငွေ့နေပြီဖြစ်သောကြောင့် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
''ငါရှိသေးတယ်ဆိုတာရော စဉ်းစားမိရဲ့လား။ ငါနဲ့အတူတူရှိနေတာကို ဘယ်သူက သခင်လေးကို အနိုင်ကျင့်ရဲမှာတဲ့လဲ။ သေချင်နေကြတာလား။''
ဝမ်ဟယ့်ယင်၏ မရိုမသေစကားများကို ကြားလိုက်ရသောကြောင့် မုကျစ်မင်က အမြန်ပင် တားလိုက်ရသည်။
''အားယင်!''
ဝမ်ဟယ့်ယင်က ပွစိပွစိပြော၍ ခေါင်းလှည့်သွားသည်။
အတော်ကြာတိတ်ဆိတ်နေသော ကူဟယ့်ရန်က ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လာကာ မုကျစ်မင်ကို ပြောလိုက်လေသည်။
''မင်း အခုကစပြီး စစ်စခန်းထဲမှာ နေရတော့မှာ။ တစ်ခုခုလိုအပ်တာရှိရင် သူတို့နှစ်ယောက်ကို သွားရှာလို့ရတယ်။''
''ကောင်းပြီ။''
မုကျစ်မင်က ခေါင်းညိတ်ပြလိုက်၏။
''ကျေးဇူးတင်ပါတယ် ကူရှုန်း။''
''အင်း ကိုယ်သွားတော့မယ်။ မင်းရဲ့တဲ အဆင်သင့်ဖြစ်ပြီ။ စစ်ရေးအကြံပေးရွှီ လမ်းပြပေးလိုက်ပါ။''
ကူဟယ့်ရန်က ပြောလိုက်လေသည်။ အကြည့်လွှဲပြီးနောက်တွင် မုကျစ်မင်ကို အရိုအသေပေး၍ လှည့်ထွက်သွားခဲ့သည်။
ယခင်ဘဝနှင့် အတူတူပင်။ ရိုးရှင်းသောစကားများကို ပြောပြီးနောက်တွင် ကူဟယ့်ရန်နှင့် မုကျစ်မင်သည် စစ်စခန်းထဲတွင် အပြန်အလှန်ဆက်သွယ်မှုမျိုး မရှိတော့ပေ။ ကူဟယ့်ရန်က မုကျစ်မင်ကို မြို့တော်သို့ ပြန်အောင် ဖိအားပေးသည့်အချိန်ထိ။
ယခုဘဝတွင်ပင် ကူဟယ့်ရန်သည် မည်သည့်အရာကိုမှ တောင်းဆိုရန် ရည်ရွယ်ချက်မရှိပေ။ သူသည် တစ်ယောက်တည်းနေလာရသည်မှာ ကြာပြီဖြစ်ကာ လမ်းဆုံးတွင် အလင်းရောင်လေးရှိမည်ကိုလည်း မယုံကြည်ဖူးပေ။
ကူဟယ့်ရန်က လှည့်ထွက်သွားကာ မြင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် သွားနေသည်။ ခြေနှစ်လှမ်း လှမ်းပြီးနောက်တွင်မူ ရပ်တန့်သွား၏။
မုကျစ်မင်က သူ၏လက်ကို ဆွဲထားသောကြောင့် ဖြစ်သည်။
''ကူရှုန်း။''
မုကျစ်မင်က တွန့်ဆုတ်စွာဖြင့် မေးလိုက်မိသည်။
''ဘာလို့ သွားဖို့ အဲ့လောက်ထိ ဆန္ဒစောနေရတာလဲ။ စစ်တပ်ကိစ္စတွေ လုပ်စရာရှိသေးလို့လား။''
ကူဟယ့်ရန်သည် မိမိ၏လက်ကို ဆွဲထားသောလက်ကို ငုံ့ကြည့်လိုက်သည်။ တစ်ယောက်ယောက်က မိမိကို မရွေ့နိုင်အောင်မန္တာန်ရွတ်ထားသကဲ့သို့ ကူဟယ့်ရန်တစ်ယောက် တောင့်တင်းသွားကာ မလှုပ်ရဲတော့ပေ။
''ဟုတ်တယ်....''
''ဒါပေမဲ့ ညဉ့်နက်နေပြီလေ။ စစ်တပ်ကိစ္စတွေက ကိုင်တွယ်ဖို့ ခက်ခဲတယ်မလား။ ဒါပေမဲ့လို့ ကူရှုန်းက ကိစ္စတိုင်းကို ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျတဲ့သူမျိုးလေ။ ကျွန်တော်လေးစားပါတယ် ကူရှုန်း။ ကောင်းကင်ဘုံရဲ့စည်းမျဉ်းစည်းကမ်းအတိုင်း စည်းချက်ညီညီ လှုပ်ရှားနိုင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေလို့ပေါ့။''
စိတ်ခံစားချက်အပြည့်ဖြင့် ပြောပြီးနောက်တွင် မုကျစ်မင်က ထပ်မံပြုံး၍ ပြောလိုက်သည်။
''အဲ့လိုဆို ကုရှုန်းအားရင် ကျွန်တော့်ဆီ လာတွေ့ဦးမှာမလား။''
ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။
''ကုံကျီတိုင်းပြည်နဲ့ပက်သက်ပြီး အကူအညီလိုတယ်ဆိုရင် ရှဟုတ်ဟူက ကိုယ့်ထက်အများကြီးပိုသိတယ်။''
မုကျစ်မင် ပြောလိုက်၏။
''အလုပ်ကိစ္စကြောင့် လာရှာမယ်လို့ ပြောတာမဟုတ်ပါဘူး။''
ကူဟယ့်ရန် တွေဝေသွားမိသည်။
''အဲ့လိုဆို ဘာအတွက်ကြောင့် လာရှာမှာလဲ။''
"...."
မုကျစ်မင် ပြုံးလိုက်ပြီး အတော်လေးရှက်သွားမိသည်။ သို့သော်လည်း နောက်ဆုံးတွင် ပြောလိုက်လေသည်။
''ဒီတိုင်း ကုရှုန်းနဲ့ စကားပြောချင်ရုံသက်သက်ပါ။ စကားပြောပြီး လက်ဖက်ရည်သောက်ကြတာပေါ့။ အဲ့လိုမျိုးပေါ့။ မရဘူးလား။''
ကူဟယ့်ရန် : "...."
တစ်သက်တာကြာရှည်သည်ဟုထင်ရသည်အထိ တိတ်ဆိတ်နေပြီးနောက်တွင် ကူဟယ့်ရန်က မိမိဘာသာ အားတင်းကာ ပြန်ဖြေလိုက်သည်။
''ကောင်းပြီလေ။''
''တကယ်လား!''
မုကျစ်မင်၏မျက်လုံးများက ဝမ်းသာမှုကြောင့် အရောင်လက်နေသည်။
ကူဟယ့်ရန်၏လေသံကမူ ပြောင်းလဲမသွားပေ။
''အင်း။''
လူငယ်နှစ်ဦးလုံး၏ အပြုအမူကို အကဲခတ်နေသော ရွှီကျိဝေကမူ ရုတ်တရက် အသံတိုး၍ ရှဟုတ်ဟူနားကပ်ကာ တီးတိုးဆိုလိုက်သည်။
''ဒုစစ်သူကြီးရှဟုတ်၊ ကျွန်တော် အရေးကြီးတဲ့ကိစ္စတစ်ခုကို အမှတ်ရသွားပြီ။''
''ဘာများလဲ။''
ရှဟုတ်ဟူက တွေဝေသွားသည်။
ရွှီကျိဝေက သက်ပြင်းချလိုက်ကာ
''ကျွန်တော်တို့စစ်သူကြီးကူက အခုမှ အသက် (၁၉) နှစ်ပဲ ရှိသေးတာပဲ။''
ရှဟုတ်ဟူ ပို၍တွေဝေသွားလေသည်။
''အဲ့ဒါက အားလုံးသိပြီးသားကိစ္စမဟုတ်လား။''
ရွှီကျိဝေက ခေါင်းခါပြကာ
''ခင်ဗျားနားမလည်ပါဘူး။''
''ဟမ်?''
ရှဟုတ်ဟူတစ်ယောက် တွေဝေနေဆဲပင်။
''နားမလည်ဘူးဆိုရင်လည်း ကျုပ်ကို ရှင်းပြလေ။''
''ဘာမှရှင်းပြစရာမရှိဘူး။''
ရွှီကျိဝေက ရှင်းပြရန် မထိုက်တန်ဟု ခံစားရသောကြောင့်သာ။
''နှလုံးသားနဲ့ ခံစားကြည့်ရမယ်။ သိရဲ့လား။''
''နှလုံးသားနဲ့ခံစားကြည့်ရမယ်?!''
***
Aurora Novel Translation Team