no

Font
Theme

အခန်း ၂၅: ဤဘဝ၌ ပြန်မတွေ့နိုင်သည့် အခိုက်အတန့်ဟူ၍ မရှိပေ

ကြည်လင်သော ကောင်းကင်တွင် တောငန်းများသည် တောင်ဘက်သို့ ပျံသန်းနေကြသည်။ ထိုနေ့သည် အတော်လေး အေးမြသော်လည်း မအေးပေ။ မုအိမ်တော်၏ အရှေ့ဘက်ခြံဝင်းရှိ အဆောင်ခန်း၌ ဝါးရွက်ကဲ့သို့ စိမ်းလန်းသော ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားသော မုကျစ်မင်တစ်ယောက် စားပွဲ၌ ထိုင်နေသည်။ ဝံပုလွေအမွေးဖြင့် ပြုလုပ်ထားသော စုတ်တံကိုကိုင်လျက် မုကျစ်မင်သည် ဧကရာဇ်မင်းမြတ်ထံသို့ တတိယမြောက် စာကို ရေးနေသည်။

ဆောင်းဦး၏ နွေးထွေးသော အလင်းရောင်သည် ခြံဝင်းပေါ်သို့ ကျရောက်လာသည်နှင့် ငှက်များက သီဆိုကြပြီး သစ်ပင်များ၏ အရွက်များသည် မြေပြင်ပေါ်သို့ တိတ်တဆိတ် ကြွေကျနေသည်။ အတောင်ပါသော အခန်းတွင် ချိုင်ဝေ့သည် မုကျစ်မင်အတွက် မှင်ကို တိတ်တဆိတ် သွေးပေးနေသည်။ ဝမ်ဟယ့်ယင်မှာ ကြမ်းပြင်ပေါ်တွင် ငြီးငွေ့စွာ လဲလျောင်းနေပြီး စားပွဲပေါ်ရှိ သစ်သီးပန်းကန်ထဲမှ စပျစ်သီးများကို လှိမ့်နေသည်။ နောက်ဆုံးတွင် သူ မအောင့်နိုင်တော့ဘဲ

"သခင်လေး၊ နောက်ထပ် မရေးပါနဲ့တော့။ စာ ၁၀ စောင် ဒါမှမဟုတ် အစောင် ၁၀၀ ရေးရင်တောင် သခင်မကြီးက သခင်လေးကို နယ်စပ်ကို သွားခွင့်ပေးမှာ မဟုတ်ဘူး။"

မုကျစ်မင် ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဆက်ရေးနေသည်။

"သခင်လေး...."

ချိုင်ဝေ့က တုံ့ဆိုင်းကာ

"မကြာခင် ဆောင်းရောက်တော့မယ်၊ မြောက်ပိုင်းမှာ..."

"ချိုင်ဝေ့ကျဲ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်။ စိတ်မပူပါနဲ့။"

မုကျစ်မင်က ညင်သာစွာ အားပေးလိုက်သည်။

ချိုင်ဝေ့ သက်ပြင်းချကာ နှုတ်ခမ်းကို စေ့ထားပြီး စကားမပြောတော့ဘဲ မှင်ကို ဆက်သွေးနေလိုက်သည်။

ဝမ်ဟယ့်ယင်က စပျစ်သီးတစ်လုံးကို ပါးစပ်ထဲ ထည့်ကာ လက်များကို ခေါင်းနောက်တွင် ထားပြီး

"ချိုင်ဝေ့ကျဲ၊ အရမ်းဝမ်းမနည်းပါနဲ့။ သခင်လေး နယ်စပ်ကို သွားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက အံ့ဖွယ်ကိစ္စ ဖြစ်ပေါ်လာမှပဲလေ! ဒီကိစ္စကို ၁၀ ရက်ကျော် ဆွေးနွေးပြီးသွားပြီ။ သခင်မကြီးက ခွင့်ပြုမှာ မဟုတ်သလို သခင်ကြီးကလည်း စကားတစ်ခွန်းမှ မပြောသေးဘူး။ ဧကရာဇ်မင်းမြတ်ကတောင် သခင်လေးရဲ့ စာတွေကို လျစ်လျူရှုထားပြီး မင်းသားခုနှစ်ကလည်း သူ့ကို သွားခွင့်မပြုဘူး။ သခင်လေး၊ သခင်လေး ဘာလို့ နယ်စပ်ကို သွားချင်တာလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ သခင်လေး ရူးနေတာလားဟင်။"

ချိုင်ဝေ့ သူ(မ)လက်ထဲက မှင်တုံးကို ချပြီး ဝမ်ဟယ့်ယင်၏ ခေါင်းကို ရိုက်ရန် သွားလိုက်သည်။

ဝမ်ဟယ့်ယင်က သူ့ခေါင်းကို ကိုင်ပြီး မဆုတ်မနစ် ဆက်ပြောသည်။

"ဒါ အမှန်ပဲလေ! မြို့တော်မှာ ပူပန်မှုကင်းကင်း နေရတာ မကောင်းဘူးလား။ သခင်လေးက ယန်မြို့စားရဲ့ သားပဲ။ မြို့တော်မှာ ဘာမဆို ရနိုင်သလို ဘာမဆို လုပ်နိုင်တယ်။ ဘာလို့ ဒုက္ခခံဖို့ နယ်စပ်ကို သွားချင်တာလဲ။ အဲ့ဒီမှာ အစားအစာတွေက နံပြီး ပျော့ဖတ်နေတယ်လို့ ကြားတယ်။ ဒါ့အပြင် သခင်လေး အရမ်းကြိုက်တဲ့ ကောက်ညှင်းမုန့်တွေလည်း မရနိုင်ဘူး။"

ချိုင်ဝေ့က သဘောတူကြောင်း ခေါင်းညိတ်ပြီး လက်ဝါးကို မြှောက်ကာ ဝမ်ဟယ့်ယင်ရဲ့ နဖူးကို ပုတ်လိုက်သည်။

"တကယ်လား။ ငါ လိုချင်တာဘာမဆို တကယ်ရနိုင်လား။"

လေပြည်ညင်းနှင့် လင်းလက်နေသည့် လရောင်ကဲ့သို့ ပြုံးနေသော မုကျစ်မင်က မေးလိုက်သည်။

"သေချာတာပေါ့!"

ဝမ်ဟယ့်ယင်က ကြမ်းပြင်ပေါ်မှ ခုန်ထလိုက်သည်။

"ဘာလိုချင်တာလဲ ပြော။ သခင်လေး ပြောလိုက်ရုံနဲ့ ကျွန်တော် သွားရှာပေးမယ်။"

မုကျစ်မင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ စကားပြောနေစဉ် သူ့စကားများတွင် ခိုင်မာပြီး ကြည်လင်အားကောင်းသော လေသံ ပါရှိပြီး သူ့မျက်လုံးများအတွင်း၌ ပင်လယ်တစ်ခု ဝှက်ထားသည်။

"ငါ့ကို 'ပျက်စီးနေတဲ့ သူဌေးသား' လို့ ရည်ညွှန်းပြီး ပြောနေကြတာကို လောကကြီးကို ရပ်တန့်စေချင်တယ်။"

"ယန်မြို့စားရဲ့ သားဖြစ်တဲ့ ငါက ယန်မြို့စားရဲ့ ဂုဏ်သတင်းနဲ့ ဘုန်းကျက်သရေကနေ လွတ်မြောက်ချင်ပြီး အဲ့ဒါကို မထိခိုက်စေချင်ဘူး။"

"ငါတို့ တိုင်းပြည်နဲ့ အိမ်နီးချင်းတိုင်းပြည်ကြားက ငြိမ်းချမ်းရေးက ငါ့ကြောင့် ဖြစ်တယ်လို့ သိစေချင်တယ်။ ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ လူသိများချင်တယ်။ ငါ့နာမည်ကို မုကျစ်မင်ဆိုပြီး လူသိများချင်တယ်။"

____

သုံးရက်အကြာ၌ မုကျစ်မင်၏ ဆရာဖြစ်သူ ကုံကျီတိုင်းပြည်နှင့်ပတ်သက်၍ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့သူ သံတမန်ဟောင်းချန်က ဧကရာဇ်မင်းမြတ်ထံ စာတစ်စောင် ရေးခဲ့သည်။ ထိုစာတွင် သူသည် သူ့ရဲ့ အသိပညာကို သူ့တပည့်များထံ ပေးအပ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ပြီး သူ့ရဲ့ အရိုက်အရာကို ဆက်ခံနိုင်သူမှာ မုကျစ်မင်သာ ဖြစ်ကြောင်း စကားလုံး ၃၀၀၀ ရေးသားခဲ့သည်။

ထိုနေ့မှ သုံးရက်အကြာတွင် မုကျစ်မင်သည် တော်ဝင်နန်းတော်သို့ ဝင်ရောက်ကာ တော်ဝင်ကွေ့ဖေးမယ်မယ်နှင့် စကားအတော်ကြာ ပြောဆိုခဲ့သည်။

ထိုနေ့မှာပင် ယန်အိမ်တော်သို့ တော်ဝင်အမိန့်တော်တစ်ရပ် ပို့ဆောင်ခဲ့သည်။ ထိုအမိန့်တော်တွင် မုကျစ်မင်အား ဓလေ့ထုံးတမ်းစဥ်လာဌာန၏ အရာရှိအဖြစ် ဆောင်ရွက်ပြီး ကုံကျီဘာသာစကားကို သင်ယူရန် အရှေ့မြောက်နယ်စပ်သို့ သွားရောက်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။

တော်ဝင်အမိန့်တော်အား မနာခံ၍မရပေ။

မုပေါ်ရန်နှင့် ကုန်းသခင်မတို့က တွန့်ဆုတ်နေသော်လည်း သူတို့ ဘယ်လောက်ပဲ စိတ်ဆင်းရဲနေပါစေ သဘောတူရုံမှလွဲ၍ အခြားမရှိတော့ပေ။

မြို့တော်မှ မထွက်ခွာမီ မုကျစ်မင်သည် ကူဟယ့်ရန်ထံသို့ ယူဆောင်သွားလိုသည့်အရာများ ရှိမရှိ ဒေါ်လေးလျန်အား မေးမြန်းရန် ကူအိမ်တော်သို့ သွားခဲ့သည်။

ဒေါ်လေးလျန်က မုကျစ်မင်ရဲ့ လက်ကို ကိုင်ပြီး

"မြောက်ပိုင်းက အရမ်းဝေးပြီး ခရီးသွားရတာ အရမ်းပင်ပန်းမှာပဲ။ မုကုန်းကျစ်ကို နယ်စပ်ကို ဘာလို့ ပစ္စည်းတွေ ယူဆောင်သွားခိုင်းရမှာလဲ။ မုကုန်းကျစ်က ရှောင်ရွှိုက်ကို ကျွန်မအစား အရိုအသေပြုပေးပြီး သူ့ကိုယ်သူ ဂရုစိုက်ဖို့ပဲ ပြောပေးစေချင်တယ်။"

ထို့နောက် မုကျစ်မင် ဖူကျီအန်းနှင့် ထပ်တွေ့ရန် နန်းတော်သို့ သွားခဲ့သည်။ ဖူကျီအန်းက ယခု အတော်လေး စိတ်တည်ငြိမ်နေသည်။ မုကျစ်မင်ကို သွားခွင့်မပြုချင်သော်လည်း သူ မငိုတော့ပေ။ မုကျစ်မင်က သူ့ကို ပြောလိုက်သည်။

"ငါ မရှိတုန်းမှာ မင်း စာကြိုးစားသင့်တယ်။"

'ငါ ပြန်လာတဲ့အခါ အိမ်ရှေ့စံမင်းသား ဖူချီက အရှေ့နန်းဆောင်ကို ဝင်လာလိမ့်မယ်။ ဖူရီက စူအရှင် (၁) အဖြစ် ဘိသိက်ခံမယ်၊ ဖူကျီအန်းလည်း ရှန်အရှင်အဖြစ် ဘိသိက်ခံရလိမ့်မယ်။ အဲ့ဒီအချိန်မှာ နိုင်ငံရေးပါတီတွေကြား ပြင်းထန်တဲ့ အငြင်းပွားမှုကြောင့် ဖြစ်ပေါ်လာမဲ့ အနာဂတ် သွေးထွက်သံယိုမှုရဲ့ ပထမဆုံး အရိပ်အယောင်ကို မြင်တွေ့ရလိမ့်မယ်။'

ဤအတွေးသည် မုကျစ်မင်၏ နှလုံးသားကို ရှုပ်ထွေးသော စိတ်ခံစားမှုများစွာဖြင့် ပြည့်စေခဲ့သည်။

သို့သော် ယင်းအကြောင်းကြောင့်ပင် မုကျစ်မင်က နယ်စပ်သို့ သွားချင်ခဲ့သည်။ အလုပ်အကိုင်တစ်ခုကို တည်ထောင်ခြင်းဖြင့်သာ သူ့အနေနှင့် မုမိသားစုကို ကာကွယ်နိုင်လိမ့်မည်။

သူ့ကို မသွားစေချင်သူများကို နှုတ်ဆက်ပြီးနောက် မုကျစ်မင်သည် ပေါ့ပါးသော အဝတ်အစားများနှင့် ခရီးထွက်ခဲ့သည်။ ဝမ်ဟယ့်ယင်က ကိုယ်ရံတော်အဖြစ် လိုက်ပါခဲ့သည်။

မုကျစ်မင် မြို့တော်မှ ထွက်ခွာပြီး ၁၁ ရက်မြောက်နေ့တွင် ဖူရီသည် တော်ဝင်ကွေ့ဖေးမယ်မယ်အား ရိုသေလေးမြတ်စွာ ရှိခိုးရန် ဖန်ယိနန်းဆောင်သို့ သွားခဲ့သည်။ တော်ဝင်ကွေ့ဖေးမယ်မယ်သည် လော်ဟန်ခုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်။ သူ(မ)က သူ့ကို မြင်သောအခါ ပြုံးပြီး သူ(မ)နှင့်အတူ ဖရုံစေ့စားရန် ခေါ်လိုက်သည်။ ထို့နောက် သူ(မ)က ပြောလိုက်သည်။

"လီကျူး ထွက်သွားတော့ ကျီအန်းမှာ သူနဲ့ အတူတူ စာသင်ဖော် မရှိတော့လို့ အထီးကျန်နေတာ။ အချိန်ရရင် ဖန်ယိနန်းဆောင်ကို လာလည်ပြီး သူနဲ့ ကစားပေးပါဦး။"

ဖူရီက သဘောတူကြောင်း ခေါင်းညိတ်သည်ကို မြင်ပြီးနောက် တော်ဝင်ကွေ့ဖေးမယ်မယ်က ဆက်ပြောသည်။

"ရီအာ၊ မင်း လီကျူးနဲ့ အတူတူ သွားချင်ခဲ့တာလား။ အားရား..မင်းတို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက အရမ်းရင်းနှီးခဲ့ကြတာ။ သူ မရှိတာ ရက်အနည်းငယ်ပဲ ရှိသေးပေမဲ့ ငါ သူ့ကို နည်းနည်းတောင် လွမ်းနေပြီ။"

ဖူရီသည် တော်ဝင်ကွေ့ဖေးမယ်မယ်၏ လှပသော မျက်နှာကို ကြည့်လိုက်ပြီး သူ(မ)၏ နွေးထွေးသော မျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာတွင် တိကျပြတ်သားမှုတစ်ခု ဝှက်ထားသည်ကို သတိပြုမိသည်။

"မယ်မယ် သူ့ကို အားကျနေတာလား။"

တော်ဝင်ကွေ့ဖေးမယ်မယ်က အနည်းငယ် ကြောင်သွားပြီး ဖူရီကို ကြည့်ရန် မျက်လုံးများကို ပင့်တင်လိုက်သည်။ ထို့နောက် သူ(မ)က ပြုံးကာ ပြောလိုက်သည်။

"ငါ ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ငါ့ရဲ့ ခရီးသွားမှတ်တမ်းကို မင်း ဖတ်ပြီးပြီပဲ။ ဘာလို့ အဲ့ဒါကို ပြန်ပြောနေတာလဲ။"

ဖူရီက ပြောလိုက်သည်။

"ကျွန်တော် မှားပြောမိလို့လား။ မယ်မယ်က မြစ်ချောင်းအင်းအိုင်တွေကို လှည့်လည်သွားလာပြီး သီချင်းတွေဆိုရင်း လွတ်လွတ်လပ်လပ် နေနိုင်ပါသေးတယ်-..."

တော်ဝင်ကွေ့ဖေးမယ်မယ်က လက်ကို ဆန့်ထုတ်ပြီး ဖူရီရဲ့ ခေါင်းကို မညှာမတာ ပုတ်လိုက်သည်။ သူ(မ)က ပုတ်နေရင်း ဒေါသတကြီး ပြောလိုက်သည်။

"ဘာလို့ ငါ့ရဲ့ နာကျင်မှုကို ဖော်ထုတ်နေတာလဲ။ ဟမ်? ဆက်မပြောတော့နဲ့။"

ဖူရီသည် ခေါင်းငုံ့ပြီး တိတ်နေကာ သူ(မ) သူ့ခေါင်းကို ပုတ်တာကို ခံနေလိုက်သည်။

တော်ဝင်ကွေ့ဖေးမယ်မယ်မှာ ပုတ်လေ ပိုဒေါသထွက်လေ ဖြစ်လာသည်။ ဤအချိန်တွင် သူ(မ) ဖူရီကို ဂရုမစိုက်ချင်တော့ပေ။ သူ(မ)က ဖရုံစေ့တစ်ဆုပ်ကို ဆုပ်ကိုင်ရင်း ရေရွတ်လိုက်သည်။

"ငါ့ရဲ့ လီကျူးလေး ဘယ်မှာ ရှိနေမလဲတောင် မသိတော့ဘူး...."

တစ်ချိန်တည်းမှာပင် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော သဲကန္တာရ၌ သဲများသည် ငွေရောင်လရောင်အောက်တွင် အဖြူရောင်အမြှုပ်များ ဖုံးလွှမ်းထားသော နှင်းနှင့်တူနေသည်။ အထက်ကောင်းကင်၌ လင်းလက်တောက်ပသော လသည် ကွေးနေသော ချိတ်တစ်ခုနှင့်တူသည်။ ခံတပ်အပြင်ဘက်မှ တံပိုးသံများ ကြားနေရသဖြင့် အရာရှိများသည် စစ်စခန်းရှိ တဲကြီးတစ်ခုအတွင်း၌ ထိုင်နေကြပြီး ယနေ့ သူတို့ လုပ်ဆောင်ခဲ့သည်များကို တပ်မှူးချုပ်ထံသို့ အစီရင်ခံနေကြသည်။

ကူဟယ့်ရန်သည် အသက် ၁၉ နှစ်သာ ရှိသေးသော်လည်း သူ့ရဲ့ ဂုဏ်သတင်းက အလွန်မြင့်မားသည်။ အရာရှိများသည် အစီရင်ခံနေချိန်မှလွဲ၍ စကားမပြောရဲတော့ဘဲ အသက်ရှူမှန်မှန်ဖြင့် နားထောင်နေကြသည်။ နောက်ဆုံးအရာရှိများ အစီရင်ခံသောအခါ ကူဟယ့်ရန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နံရံဆောက်လုပ်ခြင်း၊ စပါးသိုလှောင်ခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် အခြားကိစ္စရပ်များကို ဂရုတစိုက် နားထောင်ပြီး လိုအပ်သလို ဆုချခြင်း၊ အပြစ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးအရာရှိ အစီရင်ခံသောအခါ ကူဟယ့်ရန်သည် အနည်းငယ် စိတ်မပါ့တပါ့ဖြစ်နေပုံရပြီး တဲ၏ ကန့်လန့်ကာတံခါးကို အချိန်အခါအလိုက် ကြည့်နေခဲ့သည်။ အရာရှိက ဒါကို သတိပြုမိသည့်အခါ သူတစ်ခုခု မှားလုပ်မိပြီလို့ ထင်ပြီး ချွေးအေးများပင် ထွက်လာသည်။ သို့သော် သူ အစီရင်ခံပြီးသွားသည့်နောက် ကူဟယ့်ရန်က သူ့ကို အပြစ်မတင်ခဲ့ပေ။ အဲ့ဒီအစား ကူဟယ့်ရန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

''ဒုက္ခခံပေးလို့ ကျေးဇူးပါပဲ။''

ထိုအချိန်တွင် တဲ၏ ကန့်လန့်ကာကို မြှောက်လိုက်သည်။ စစ်သည်တစ်ဦးက လက်သီးဆုပ်ပြီး ဒူးတစ်ဖက်ထောက်ကာ

"အစီရင်ခံပါတယ်! တော်ဝင်တရားရုံးက ဓလေ့ထုံးတမ်းစဥ်လာဌာနရဲ့ အရာရှိတစ်ဦးကို စေလွှတ်လိုက်ပါတယ်။"

အရာရှိများသည် သူတို့၏ ရှောင်ရွှိုက်က ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသော်လည်း ကူအဆိပ်ဖြင့် အတိုက်ခံရသကဲ့သို့ ရုတ်တရက် ထရပ်လိုက်သည်ကို မယုံနိုင်စွာ ကြည့်နေကြသည်။ ကူဟယ့်ရန်သည် အထိတ်တလန့်ဖြင့် သူ့ရှေ့မှ စားပွဲပုလေးကိုပင် မှောက်သွားစေခဲ့သည်။

ရက်ပေါင်းများစွာ ခရီးသွားလာခဲ့ရသော ဖုန်ထူနေသည့် မြင်းလှည်းသည် သစ်သားစောင့်ကြည့်မျှော်စင်အနီးတွင် ရပ်တန့်သွားသည်အထိ ဖြည်းညင်းစွာ မောင်းနှင်လာခဲ့သည်။ ဝမ်ဟယ့်ယင်က မြင်းလှည်း၏ ကန့်လန့်ကာကို အရင်ဆုံး မြှောက်ပြီး ခုန်ဆင်းကာ မုကျစ်မင်ကို ကူညီရန် လှည့်လာခဲ့သည်။

မုကျစ်မင်ကား အပြာရောင် ချည်ထည်အဝတ်အစားများနှင့် လိမ်နေသော တိမ်ပုံစံဖြင့် အလှဆင်ထားသည့် ရိုးရိုးအဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထို့နောက် မုကျစ်မင်က ဝမ်ဟယ့်ယင်ကို သူ့အကူအညီ မလိုကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။ သူ မြင်းလှည်းပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်နှင့် မုကျစ်မင်က နှစ်ကြိမ် သုံးကြိမ် ချောင်းဆိုးလိုက်သည်။

ဝမ်ဟယ့်ယင်က သူ့လက်များကို ဖက်ပြီး 'သခင်လေးရဲ့ အခြေအနေကို ပြန်ကြည့်ပါဦး။' ဟု ပြောနေသကဲ့သို့ ခေါင်းခါလိုက်သည်။

မုကျစ်မင်က ပါးပါးလေး ပြုံးကာ

"တစ်ခါတလေလေး ချောင်းဆိုးလို့တောင် မရဘူးလား။"

ထို့နောက် သူ မော့ကြည့်ပြီး အဝေးကို စိုက်ကြည့်လိုက်သည်။ ညအမှောင်ထဲတွင် ကြိုးငါးဆယ်ကို လှန်ထားပြီး စစ်စခန်းတွင် မီးပုံကို စတင် ဖိုထားသည်။ နယ်စပ်ရှိ စစ်ပွဲက ယာယီအားဖြင့် ပြေလည်သွားပြီ ဖြစ်သည်။ စစ်စခန်းက တိတ်ဆိတ်ပြီး တည်ကြည်နေသော်လည်း သဲကန္တာရ၏ သဲဝါများထဲတွင် သွေးနံ့က ရှိနေဆဲပင်။

မုကျစ်မင် သက်ပြင်းချလိုက်စဉ် ရုတ်တရက် မြင်းခွာသံများ အဝေးမှ ချဉ်းကပ်လာသည်ကို ကြားလိုက်ရသဖြင့် ထိုဘက်သို့ လှည့်ကြည့်လိုက်သည်။

ငွေရောင်သံချပ်ကာဝတ်စုံနှင့် ခံ့ညားထည်ဝါသော လူငယ်စစ်သူကြီးသည် မြင်းစီးလျက် အရှိန်ပြင်းပြင်းဖြင့် လာနေသော်လည်း မကြာမီ မီတာအနည်းငယ်အကွာတွင် မြင်းကို ရပ်လိုက်သည်။ စစ်သူကြီးနောက်မှ လိုက်လာသော စစ်သည်နှစ်ဦးက စိတ်ရှုပ်ထွေးနေပုံရသော်လည်း သူတို့လည်း ထိုနည်းအတိုင်း လျင်မြန်စွာ လုပ်ဆောင်ခဲ့ကြသည်။

ထို့နောက် ကူဟယ့်ရန်သည် မြင်းပေါ်မှ ခုန်ဆင်းကာ မုကျစ်မင်အား အဝေးမှ ကြည့်ပြီး ခြေလှမ်းကျဲကြီးများဖြင့် သူ့ဆီသို့ လျှောက်လာခဲ့သည်။

***

Aurora Novel Translation Team

Translator's Note:

(၁) စူအရှင် (肅 sù): မူလအဓိပ္ပာယ်က '(တစ်ခုခုကို) စိတ်အားတက်ကြွပြီး လေးစားဖွယ် (နည်းနဲ့ လုပ်ဆောင်ခြင်း)' ကို ရည်ညွှန်းပေမဲ့လည်း နောက်ပိုင်းမှာ ၎င်း၏အဓိပ္ပာယ်ကို 'တည်ကြည်လေးနက်မှုနဲ့ ဂုဏ်သိက္ခာ' အပြင် 'အေးစက်မှု၊ ပြင်းထန်မှုနဲ့ ရှင်းလင်းမှု' အထိ တိုးချဲ့ခဲ့တယ်။ ဒါ့ကြောင့် ဒီဘွဲ့ကို 'တည်ကြည်တဲ့ ဘုရင်' ဒါမဟုတ် 'လေးစားဖွယ် ဘုရင်' လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment