အခန်း (၂၈) - စစ်သူကြီးစိတ်ထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ
စစ်ဦးစီးချုပ်၏တဲထဲတွင်မူ ရွှီကျိဝေသည် ကူဟယ့်ရန်ကို စားနပ်ရိက္ခာသိုလှောင်ခြင်းနှင့် အဆောက်အအုံနံရံများ စသဖြင့် အမျိုးမျိုးသောကိစ္စများကို အစီရင်ခံတင်ပြနေသည်။ ထိုကိစ္စများသည် ထပ်ခါတလဲလဲဖြစ်နေသော အသေးအမွှားကိစ္စများသာ ဖြစ်သည်။ သို့သော်လည်း ရွှီကျိဝေက ထိုစစ်တပ်ရေးရာကိစ္စများကို သယ်လာသောကြောင့် နေ့စဉ် ထပ်တလဲလဲလုပ်နေရပါသော်လည်း ကူဟယ့်ရန်သည် အမှားကင်းရန်အတွက် ရွှီကျိဝေကို တစ်ခုချင်းစီ အစီရင်ခံရန် တောင်းဆိုထားခြင်းဖြစ်သည်။
ရွှီကျိဝေ စပြောနေစဉ်တွင်ပင် စစ်သည်တစ်ယောက်က ရုတ်တရက်ပင် သတင်းပို့လာသည်။
''စစ်သူကြီးကို သတင်းပို့ပါတယ်။ အပြင်မှာ စစ်သူကြီးကို တွေ့ဖို့ လူတစ်ယောက် ရောက်နေပါတယ်။''
ကူဟယ့်ရန်က မေးလိုက်သည်။
''ဘယ်သူလဲ။''
စစ်သည်လေးက ဖြေလိုက်သည်။
''နန်းတွင်းညီလာခံက ပို့လိုက်တဲ့ ထုံးတမ်းဓလေ့ဌာနက အရာရှိပါ။''
ကူဟယ့်ရန်၏ မျက်ဝန်းများက တိတ်တဆိတ်တုန်ယင်သွားကာ ပြန်ဖြေရန် အချိန်ယူလိုက်ရသည်။
''ငါသိပြီ။''
စစ်သည်လေးက မေးလိုက်ည်။
''မုသာ့ရန်ကို ဝင်ခိုင်းလိုက်ရမှာပါလား။''
ကူဟယ့်ရန်က ပြန်ဖြေလိုက်၏။
''ခဏ။''
ထို့နောက်တွင် ကူဟယ့်ရန်က ခေါင်းလှည့်ကာ ရွှီကျိဝေကမေးလိုက်သည်။
''အစီရင်ခံတာက ပြီးပြီလား။''
''မပြီးသေးပါဘူး။''
စစ်သူကြီးကူက မုသာ့ရန်ကို ဦးစွာဝင်ခိုင်းမည်ဟု ထင်သောကြောင့် တစ်ခုခုကို ပြောချင်မိသည်။ သို့သော်လည်း မျှော်လင့်မထားစွာဖြင့် ကူဟယ့်ရန်က ပြောလိုက်သည်။
''အဲ့လိုဆို ဆက်အစီရင်ခံပါ။''
ရွှီကျိဝေက ကြောင်သွားသော်လည်း အမြန်ပင် ဆက်၍အစီရင်ခံလေသည်။ သို့သော်လည်း ရွှီကျိဝေ တစ်ခွန်းမဟနိုင်ခင်တွင်ပင် ကူဟယ့်ရန်က ထပ်ပြောလိုက်သည်။
''ဆယ်လုံးတည်းနဲ့ ပြီးအောင်ပြော။''
ရွှီကျိဝေ၏စိတ်ထဲတွင်မူ :
'ဆယ်လုံးတည်းနဲ့ ဘယ်လိုမှ အပြီးမပြောနိုင်ဘူး!'
တဲပြင်တွင်မူ မုကျစ်မင်သည် မိမိရောက်လာသည်ကို စစ်သည်လေး သတင်းပို့ရန် တဲထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။ အမှန်တွင် သူသည် အနည်းငယ်မျှ စိတ်ပူနေမိသည်။ မိမိ၏ ရုတ်တရက်ရောက်လာမှုက ကူဟယ့်ရန်ကို အနှောင့်ယှက်ဖြစ်မည်၊ မဖြစ်မည်ကို မသေချာသောကြောင့် ဖြစ်၏။
မသက်မသာခံစားနေရစဉ်တွင်ပင် ရွှီကျိဝေက တဲပြင်သို့ ထွက်လာသည်။ မုကျစ်မင်ကို မြင်သောအခါတွင် ရွှီကျိဝေက လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
''မုသာ့ရန်။''
''စစ်ရေးအကြံပေးရွှီ။''
မုကျစ်မင်ကလည်း အရိုအသေပြန်ပေးလိုက်သည်။
''စစ်သူကြီးကူ အလုပ်များနေတာလား။''
ရွှီကျိဝေ၏မျက်ဝန်းများက အပြုံးတစ်ခုဖြင့် အရောင်လက်သွားသည်။
''မုသာ့ရန် ရောက်လာပြီဆိုမှတော့ စစ်သူကြီးကူက အလုပ်များနေရင်တောင် အားလပ်အောင် လုပ်ပေးပါလိမ့်မယ်။''
ထိုစကားကို ကြားသောအခါတွင် မုကျစ်မင် ကြောင်သွားသည်။ ထိုစကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်နိုင်ခင်တွင်ပင် သတင်းသွားပေးသောစစ်သည်လေးက တဲပြင်သို့ ထွက်လာသည်။
''သာ့ရန်၊ စစ်သူကြီးက တဲထဲကို ဝင်ဖို့ ဖိတ်လိုက်ပါတယ်။''
မုကျစ်မင်က ကူဟယ့်ရန်ကို စောင့်မနေခိုင်းရဲပေ။ ရွှီကျိဝေကို နှုတ်ဆက်ပြီးနောက်တွင် ဝမ်ဟယ့်ယင်ကို တဲပြင်တွင် စောင့်ခိုင်းထားလိုက်သည်။ ထို့နောက်တွင် မုကျစ်မင်က တဲထဲသို့ ဝင်လာသောအခါ၌ ကူဟယ့်ရန်သည် စားပွဲရှည်အနိမ့်ရှေ့တွင် ထိုင်နေကာ ထိုစားပွဲပေါ်တွင်လည်း စစ်ပွဲအကြောင်းအရာများပါသည့် ပင်းရှူဝါးချပ်ပြားများ ရှိပေသည်။ ထိုသူက မုကျစ်မင်ကို အမြန်ပင် အရိုအသေပေးလိုက်လေသည်။
''နှုတ်ဆက်ပါတယ် စစ်သူကြီး။''
''ထိုင်ပါ။''
ကူဟယ့်ရန်သည် မိမိနှင့်မျက်နှာချင်းဆိုင်မှခုံကို ညွှန်ပြလိုက်သည်။ ထိုင်ခုံကို နူးညံ့သော အဖြူရောင်မြေခွေးမွေးဖြင့် အုပ်ထားပြီး ရိုးရှင်းလှသည့်အပြင်အဆင်ရှိသည့်တဲကြီးဖြင့် ပနံသင့်နေသည်။
မုကျစ်မင်က ဝတ်ရုံကိုမ၍ ထိုင်လိုက်ပြီး အလေးအနက်ဖြင့် ဆိုလိုက်၏။
''စစ်သူကြီး၊ ကျွန်တော် စစ်သူကြီးနဲ့ ဆွေးနွေးစရာရှိိလို့ပါ။''
မုကျစ်မင်က မိမိကို အလုပ်ကိစ္စဖြင့် လာတွေ့မည်ဟု မထင်ထားမိသော ကူဟယ့်ရန်သည် အတော်လေးကြောင်သွားကာ ပဟေဠိဖြစ်သွားဟန်ရှိသည်။
''ဘာကိစ္စများလဲ။''
''ကျွန်တော်က နန်းတွင်းအမိန့်တော်အရ ဒီကို ကုံကျီဘာသာစကားသင်ယူဖို့ရောက်လာရသလို ကုံကျီတိုင်းပြည်က ရုတ်တရက်ကြီး စစ်တပ်လွှတ်ပြီး ဘာကြောင့် တိုက်ခိုက်ရတာလဲဆိုတဲ့အကြောင်းရင်းကို လာရှာတာပါ။ ဒီကနေသိပ်မဝေးတဲ့ ပိုင်မြို့မှာ သဲလွန်စအချို့ရှိမယ်လို့ ကြားထားတယ်။ စစ်သူကြီးကူက ကျွန်တော့်အတွက် စစ်တပ်ထဲအဝင်အထွက် ခွင့်ပြုစာတစ်စောင်ရေးပေးဖို့ လာတောင်းဆိုတာပါ။''
မုကျစ်မင်က နားဝင်ချိုသောအသံဖြင့် ပြောလိုက်သည်။
ကူဟယ့်ရန်က နားလည်သောကြောင့် ခါးမှ ရွှေရည်လောင်းထားသည့်ငွေပြားကိုထုတ်ယူ၍ စားပွဲပေါ်တွင်တင်ကာ မုကျစ်မင်ဘက်သို့ တိုးပေးလိုက်သည်။
မုကျစ်မင်က ထိုတံဆိပ်ပြားကိုကြည့်လိုက်သောအခါတွင် ထိုပေါ်၌ ယွိလင်စစ်သူကြီးဟု ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။
''ဒါရှိရင် စစ်တပ်ထဲကို အဝင်အထွက်လုပ်လို့ရတယ်။''
ကူဟယ့်ရန်က ဆိုလိုက်သည်။
''ဒါ....ဒါက မင်းကြီးချီးမြှင့်ထားတာမလား....''
မုကျစ်မင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆိုလိုက်သည်။ သူသည် တံဆိပ်တုံးထုထားသည့် ခွင့်ပြုစာတစ်စောင်ကိုသာ လိုချင်ခြင်းဖြစ်သော်လည်း ကူဟယ့်ရန်က ထိုအစား တန်ဖိုးကြီးသောပစ္စည်းတစ်ခုကို ပေးလိမ့်မည်ဟု မည်သို့သိမည်နည်း။
''အင်း''
ကူဟယ့်ရန်က ခေါင်းညိတ်ပြလိုက်သည်။
''ပိုင်မြို့ကို သွားတဲ့အခါကျရင် မင်းနဲ့အတူ အစောင့်နည်းနည်းလောက် ခေါ်သွားဖို့မမေ့နဲ့။''
''ဒီတံဆိပ်ပြားကို ယုံယုံကြည်ကြည်နဲ့ပေးလိုက်လို့ ကျေးဇူးအများကြီးတင်ပါတယ် ကူရှုန်း။''
မုကျစ်မင်က အသက်ပြင်းပြင်းရှုပြီး ကျေးဇူးတင်စွာဖြင့် တံဆိပ်ပြားကိုယူကာ လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။
''ဒါကို ကောင်းကောင်းထိန်းသိမ်းပါ့မယ်။ ကူရှုန်းပေးခဲ့တဲ့အတိုင်း ပြန်ပေးပါ့မယ်။''
ကိစ္စကြီးကို ဆွေးနွေးပြီးနောက်တွင် ကူဟယ့်ရန်က မုကျစ်မင်ဆီမှ အကြည့်မခွာနိုင်ပေ။ သိမ်မွေ့ညင်သာသောလေသံလေးဖြင့် ပြောလိုက်လေသည်။
''အခု....ကိုယ်တို့ စကားပြောကြမလား။''
မုကျစ်မင်သည် အထပ်လိုက်ပုံထားသောစာရွက်စာတမ်းများကို ကြည့်၍ မိမိဘာသာ တွေးလိုက်မိသည်။
'ဒုစစ်သူကြီးရှဟုတ်ပြောတာတော့ ကူရှုန်းက စစ်တပ်ရဲ့ ကိစ္စကြီးကိစ္စလေးအားလုံးကို တာဝန်ယူရတယ်တဲ့။ အဲ့ဒါအပြင် စစ်ရေးအကြံပေးရွှီကလည်း သူနဲ့စကားပြောသွားတာ မကြာသေးဘူး။ အင်း အခု ကူရှုန်းအတော်လေး အလုပ်များနေမှာ။ ငါက ဘယ်လိုလုပ် သူ့ကို နှောင့်ယှက်လို့ရမှာလဲ။'
ထို့ကြောင့် မုကျစ်မင်က တွေးတောကာ ပြောလိုက်သည်။
''မဟုတ်တာ မဟုတ်တာ။ နောက်ကျမှ ကူရှုန်းအားတဲ့အချိန်မှပဲ သက်သက်လာပြီး အနှောင့်အယှက်ပေးပါတော့မယ်။ အဲ့ဒါဆို အခု ကျွန်တော် ပြန်လိုက်ပါဦးမယ်။''
ကူဟယ့်ရန် : "အင်း...."
ကူဟယ့်ရန်သည် မုကျစ်မင် တဲထဲမှ ထွက်သွားသည်ကို ကြည့်ပြီးနောက်တွင် မျက်လွှာချလိုက်သည်။ စိတ်ရှုပ်သွားရသောခံစားချက်မျိုးဖြင့် အတော်ကြာသည်အထိ မလှုပ်မယှက်ဖြင့် တိတ်ဆိတ်စွာထိုင်နေမိသည်။
မုကျစ်မင်ကမူ တံဆိပ်ပြားယူပြီးနောက်တွင် သဲလွန်စအချို့ရှာရန် ပိုင်မြို့ကို ရက်ပေါင်းအတော်ကြာအောင် တောက်လျှောက်သွားလာခဲ့သည်။
စစ်စခန်းမှ ပိုင်မြို့သို့ တစ်နာရီခန့် လှည်းစီးရသည်။ ထိုနေရာသည် လူရှုပ်ကာ ကြွယ်ဝချမ်းသာခဲ့သောနယ်စပ်မြို့လေး ဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် စစ်ပွဲပြီးနောက်တွင် တစ်ချိန်တစ်ခါက အရှိန်အဝါမျိုးကို ပြန်မမြင်ရတော့ပေ။ သို့သော်လည်း နယ်စပ်မှအခြေအနေများကို ဖြေရှင်းပြီးနောက်တွင် စစ်ပွဲကြောင့်တိမ်းရှောင်ခဲ့ရသောလူများသည် မိမိအိမ်သို့ ပြန်ရောက်လာကြပြီးဖြစ်ကာ လူသူကင်းမဲ့သောနေရာက အနည်းငယ်မျှ သက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။
မုကျစ်မင်နှင့် ဝမ်ဟယ့်ယင်သည် ရှဟုတ်ဟူပြောသော ဈေးသို့သွားခဲ့ကြသည်။ သို့သော်လည်း ထိုနေ့တွင် ဆိုင်အချို့သာဖွင့်ကာ ဆေးဖက်ဝင်ပင်များ၊ အဝတ်အစားများနှင့် လူသုံးကုန်များကို ရောင်းချနေကြသည်။ အခြားသောအဆောက်အအုံများကို စွန့်ပစ်ထားကြကာ ပင့်ကူအိမ်များတက်နေသည့် ပျက်စီးယိုယွင်းနေသောဆိုင်များလည်း ရှိသည်။ လမ်းမများကို ငုံ့ကြည့်လိုက်လျှင် တစ်ချိန်တစ်ခါက လူရှုပ်ကာစည်းကာခဲ့သောပုံရိပ်ကို စိတ်ကူးကြည့်နိုင်သည်။
မုကျစ်မင်သည် ရက်ဆက်၍ လာရောက်ကြည့်ရှုသော်လည်း မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ပေ။ သို့သော်လည်း ပိုင်မြို့တွင် နေထိုင်သူများသည် ကုံကျီလူမျိုးများအကြောင်းပြောလျှင် မမုန်းကြသည်ကို သတိထားမိသည်။ အားလုံးသည် အတိတ်ကို အောက်မေ့သတိရတတ်သူများဖြစ်သည့်အလျောက် ကုံကျီတိုင်းပြည်ဖြင့် မိမိတို့သည် တစ်ခါက မိတ်ဆွေအပေါင်းအသင်းများ ဖြစ်ခဲ့ဖူးသည်ကို အောက်မေ့နေဟန်တူသည်။
ယနေ့တွင် မုကျစ်မင်သည် ဈေးထဲသို့ ရောက်လာပြန်ကာ လမ်းမတစ်လျှောက်မှ လူများကို စတင်မေးမြန်းကြည့်သည်။ မိုးချုပ်ခါနီးအထိ ရှာကြည့်သော်လည်း ဘာသတင်းမှမရသောကြောင့် မုကျစ်မင်တစ်ယောက် စိတ်ပျက်လာလေသည်။ ထိုအချိန်တွင် ရုတ်တရက်ပင် တစ်ခုခုကို သတိထားမိသွားကာ ရှေ့သို့သွားကြည့်လိုက်သည်။
ဈေးလမ်းအဆုံးရှိ မဟော်ဂနီဘုရားနောက်၌ သတိပေးစာဆိုင်းဘုတ်တစ်ခုရှိသည်။ သတိပေးစာဆိုင်းဘုတ်ပေါ်တွင် စုတ်ပြဲနေသည့် သတိပေးစာအဟောင်းများ ရှိလေသည်။
မုကျစ်မင်သည် အနီးကပ်သွားကြည့်ကာ သတိပေးစာအမျိုးမျိုးမှ ရေးထားသောစကားလုံးများကို ကြိုးစား၍ဖတ်ကြည့်နေသည်။ ရုတ်တရက်ပင် ဝမ်ဟယ့်ယင်က အနားသို့ကပ်လာပြီး ပြောလိုက်၏။
''သခင်လေး ကျွန်တော် စောနက အစာသွပ်မုန့်ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တယ်။ အဲ့မှာ သစ်ကြားသီးအစာသွပ်မုန့်ရတယ်။ ကျွန်တော်တို့ စစ်တပ်ထဲကို ပို့ပေးတဲ့သစ်ကြားသီးအစာသွပ်မုန့်နဲ့ အတော်လေးကိုတူတယ်။ သခင်လေးကြိုက်လား။ ကျွန်တော် ဝယ်ခဲ့ရမလား။''
သတိပေးစာဆိုင်းဘုတ်ကိုသာ အာရုံစိုက်နေသောမုကျစ်မင်ကမူ ဝမ်ဟယ့်ယင်ပြောသည်ကို နားမထောင်ပေ။ ဝမ်ဟယ့်ယင်က မုကျစ်မင်တစ်ယောက် စဉ်းစားရင်းအလုပ်များနေသည်ကို မြင်သောအခါတွင် အလိုက်သတိဖြင့် ပါးစပ်ပိတ်သွားပြီး ထပ်ပြီးမနှောင့်ယှက်ရဲတော့ပေ။
သတိပေးစာအများစုတွင် အုပ်ချုပ်သူအစိုးရ၏တံဆိပ်တုံးကို ထုထားပြီး ဈေးထဲမှ ဆိုင်စည်းကမ်းများကို ဖော်ပြထားကာ ရန်ဖြစ်ခြင်းကိုလည်း တားမြစ်ထားခြင်း၊ စသဖြင့်အကြောင်းအရာများကို ရေးထားသည်။ သို့သော်လည်း မုကျစ်မင်၏အာရုံကို ဖမ်းစားနိုင်လိုက်သည်မှာ အခွန်သတိပေးစာပင် ဖြစ်သည်။
''ဆယ်ခုမှာ ငါးခုယူမယ်တဲ့လား။ တကျင်းရဲ့စီးပွားရေးအခွန်က အဲ့လောက်မမြင့်ပါဘူး....''
မုကျစ်မင်က မိမိဘာသာ ပြောလိုက်ရင်းဖြင့် သတိပေးစာကို ဆွဲဖြုတ်လိုက်သည်။
မုကျစ်မင်သည် ထိုသတိပေးစာကို အင်္ကျီလက်ထဲသို့ ထိုးထည့်ရန် ပြင်လိုက်စဉ်တွင် ဝမ်ဟယ့်ယင်က လက်ထုတ်ပေးလိုက်သည်။
''ဒီစုတ်ပြတ်နေတဲ့စာရွက်က ညစ်ပတ်လွန်းတယ်။ ကျွန်တော်ယူခဲ့မယ်။''
''မလိုဘူး။''
ထိုအခါမှသာ မုကျစ်မင်လည်း ဝမ်ဟယ့်ယင်က မိမိဘေးတွင် ရှိသည်ကို သတိထားမိသွားသည်။ သတိပေးစာကို သိမ်းလိုက်ပြီးနောက်တွင် ဝမ်ဟယ့်ယင်ကို ပြုံးပြ၍ ပြောလိုက်သည်။
''သွားကြစို့။ မှောင်နေပြီ။ စစ်တန်းလျားကို မြန်မြန်ပြန်ရမယ်။''
ဝမ်ဟယ့်ယင်က မှောင်စပြုနေပြီဖြစ်သောကောင်းကင်ကို မော့ကြည့်လိုက်သည်။ သစ်ကြားသီးအစာသွပ်မုန့်နှင့်ပက်သက်၍ ထပ်မပြောတော့ဘဲ မုကျစ်မင်နှင့်အတူ အမြန်ပင် ပိုင်မြို့မှ ပြန်လာကြပေသည်။
နောက်တစ်နေ့ မနက်အစောတွင် စစ်တန်းလျားရှိ စစ်တပ်လေ့ကျင့်ရေး၏ ကျယ်ကျယ်လောင်လောင်အသံများက ကျယ်လောင်ပြီး ရှင်းလင်းလှသည်။ မုကျစ်မင် နိုးလျှင်နိုးချင်းပင် ချောင်းဆိုးလိုက်သည်။ ဆောင်းရာသီရောက်လာပြီဖြစ်ကာ နေ့ရက်များက အေးသည်ထက်အေးလာပြီဖြစ်သည်။ မနက်ခင်းလေပြည်ကပင် အေးနေပြီဖြစ်၍ မုကျစ်မင်သည် ထိုလေဖြင့် အသားမကျသေးပေ။ ကျေးဇူးတင်စရာကောင်းသည်မှာ ချောင်းနှစ်ခါဆိုးပြီးသောအခါတွင် ပြန်ကောင်းသွားသည်။ မဟုတ်လျှင် ဝမ်ဟယ့်ယင်က မိမိကို သေသည်အထိ ဆူတော့ပေမည်။
နိုးလာပြီဖြစ်သောကြောင့် ပြန်အိပ်ပျော်ရန်ခက်သည်။ ထို့ကြောင့် မုကျစ်မင် ထလိုက်ပြီး အဝတ်အစားလဲလိုက်သည်။ ယနေ့တွင် မုကျစ်မင် အိမ်သို့ပို့လိုက်သောစာက မြို့တော်သို့ ရောက်လောက်ပြီဖြစ်ကာ ဝမ်ဟယ့်ယင်က စာပို့ဌာနသို့သွား၍ မနေ့တစ်နေ့က ရေးထားသည့်စာကို သွားပို့ပေးနေသည်။ မုကျစ်မင်လည်း အချိန်မဖြုန်းနေတော့ဘဲ မနေ့ကတွေ့ခဲ့သည့် သတိပေးစာနှင့်ပက်သက်ပြီးပြောရန် ကူဟယ့်ရန်ကို သွားရှာသည်။ သို့သော်လည်း ကူဟယ့်ရန်၏တဲဆီသို့ ရောက်သောအခါတွင် အပြင်ဘက်၌ စောင့်ကြပ်နေသောစစ်သားများက စစ်သူကြီးမရှိကြောင်း ပြောလိုက်လေသည်။
မုကျစ်မင်တစ်ယောက် ဝမ်းနည်းစွာဖြင့် လျှောက်လာကာ တဲတွင်စောင့်နေသောစစ်သားနှစ်ဦးက စကားပြောနေသည်ကို ကြားလိုက်ရသည်။
''လတ်တလော စစ်သူကြီးက အရုဏ်တက်ချိန်ဆို စစ်တန်းလျားကနေထွက်သွားပြီ။ သူ ဘယ်မှာဘာသွားလုပ်တာလဲ ဘယ်သူမှမသိကြဘူး။''
''ငါတော့ စစ်သူကြီး ပိုင်မြို့ကိုသွားပြီး ပစ္စည်းသွားဝယ်တာလို့ ထင်တာပဲ။''
''စစ်သူကြီးက ဘာပစ္စည်းကိုများ နေ့တိုင်းလိုမှာတဲ့လဲ။ သူက အစကတည်းက အလုပ်များတာ။ တဲထဲက ဖယောင်းတိုင်ဆိုရင် အမြဲတမ်း သန်းခေါင်လောက်ကျမှ ငြိမ်းတယ်။ ဘာပစ္စည်းကိုဝယ်ဖို့အတွက် နေ့တိုင်း မနက်အစောကြီးထပြီး အသွားအပြန်လုပ်နေရတာလဲ။ သူ့နားချိန်ထဲကနေ တစ်နာရီလောက်အချိန်ကုန်မှာကို။''
''စစ်သူကြီးကူ ဘာတွေးနေလဲဆိုတာတော့ ကောင်းကင်ဘုံပဲ သိလိမ့်မယ်။''
***
Aurora Novel Translation Team