အခန်း (၃၁) - ကူဟယ့်ရန်က မုကျစ်မင်ကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ
မုကျစ်မင်ခမျာ ဝမ်ဟယ့်ယင်၏ တုန်လှုပ်နေမှုကြောင့် သူ့အား ရှင်းပြရန် အားထုတ်ခဲ့ရသည်။
"ငါပြောတာကို နားထောင်ပါဦး၊ ငါ ရှင်းပြပါ့မယ်။"
ဝမ်ဟယ့်ယင်သည် မုကျစ်မင်အား လှုပ်ယမ်းခြင်းကို ရပ်ပြီး လက်များကို ပြန်ရုပ်လိုက်ကာ မျက်လုံးများ ပြူးကျယ်လျက် မုကျစ်မင် ရှင်းပြသည်ကို စောင့်ဆိုင်းနေခဲ့သည်။
မုကျစ်မင်မှာ သူ့ဝတ်ရုံစကို ဖြန့်ပြီး စိတ်ရှည်လက်ရှည် ပြောလိုက်သည်။
"မင်းပဲ စဉ်းစားကြည့်လိုက်၊ ဒါက အရှေ့မြောက် နယ်စပ်ဖြစ်ပြီး၊ ငါတို့က ဒီနေရာနဲ့ မရင်းနှီးဘူး။ စစ်သူကြီးကူက ဒီမှာ တစ်နှစ်ကျော် တပ်စွဲထားတာဆိုတော့ မြေမျက်နှာပြင်ကို ငါတို့ထက် ပိုရင်းနှီးတာ မဖြစ်သင့်ဘူးလား။ လမ်းမှာ ဓားပြတွေနဲ့ တွေ့ရင် စစ်သူကြီးကူက ပြေးဖို့ အကောင်းဆုံးနေရာကို မသိဘူးလား။"
ဝမ်ဟယ့်ယင်သည် သူ၏ မေးစေ့ကို ကိုင်ပြီး ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"ဟင်း... အဲ့ဒါကတော့ ဟုတ်လောက်တယ်။"
မုကျစ်မင်က ထပ်ပြောသည်။
"ဒါ့အပြင် အရှေ့မြောက်နယ်စပ်က စစ်ပွဲက ကုံကျီတိုင်းပြည်က တမင်တကာ ဖန်တီးခဲ့တာ မဟုတ်ဘဲ၊ တကျင်းနဲ့ ဆက်စပ်နေတယ်လို့ ငါ အမြဲ ခံစားနေရတယ်။ ဒီစုံစမ်းစစ်ဆေးမှုက အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင်... ဒါပေမဲ့ ဒါက အရမ်း စွန့်စားရလွန်းတယ်၊ ပြီးတော့ ငါက ဘာမှမဟုတ်တဲ့သူတစ်ယောက်လေ။ တခြားသူတွေအနေနဲ့ ငါက လိမ်တယ်၊ ယုံလို့မရဘူးလို့ မပြောလောက်ကြဘူးလား။ ဒါပေမဲ့ စစ်သူကြီးကူက မတူဘူး။ သူက လူသိများပြီး အရမ်းလေးစားခံရတဲ့သူတစ်ယောက်။ စစ်သူကြီးကူရဲ့ စကားတွေကို ယုံလို့မရဘူးလို့ ဘယ်သူက ပြောရဲမှာလဲ။"
ဝမ်ဟယ့်ယင်က ဆက်ပြီး စဉ်းစားသည်။
"ဟင်း... ဒါကတော့ ကောင်းတဲ့အကြောင်းပြချက်ပဲ။"
မုကျစ်မင်က ပြုံးပြီး ပြောသည်။
"ဒါကြောင့် ငါက စစ်သူကြီးကူနဲ့ သွားရမှာပေါ့။"
"ဒါဆို ကျွန်တော်ကရော ဘာလို့ မလိုက်ရတာလဲ။"
ဝမ်ဟယ့်ယင်က မေးလိုက်သည်။
"လူများလေ အကူအညီပိုရလေ မဟုတ်ဘူးလား။"
မုကျစ်မင် ပြောလိုက်သည်။
"အကူအညီပိုရတာက ကောင်းပေမဲ့ အာရုံစိုက်မှု ပိုများလာစေလိမ့်မယ်လေ။ ငါတို့ သွားမဲ့ရွာက ကုံကျီတိုင်းပြည်ရဲ့ နယ်မြေနဲ့ အရမ်းနီးတယ်။ နိုင်ငံနှစ်ခုကြားက စစ်ပွဲက ခုမှ ရပ်သွားတာဖြစ်ပေမဲ့ ရန်လိုတဲ့တင်းမာမှု အခြေအနေမှာ ရှိနေသေးတယ်။ ငါ့ရဲ့ အထောက်အထားသာ ပေါ်သွားရင် အလွယ်တကူ ဖမ်းမိနိုင်တယ်။ ငါက သိုင်းပညာ မတတ်လို့၊ မဟုတ်ရင် တစ်ယောက်တည်း သွားမှာ။"
"နည်းနည်းတော့ အဓိပ္ပာယ်ရှိပါတယ်... ဒါပေမဲ့..."
ဝမ်ဟယ့်ယင်သည် စကားလုံးများ ရှာမရဖြစ်နေသည်။ သူ၏ ခေါင်းကို ကုတ်နေရင်း နောက်ဆုံး၌ ပြောလာသည်။
"ဒါပေမဲ့ အဲဒီစစ်သူကြီးက သခင်လေးကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ။"
မုကျစ်မင် ရယ်လိုက်သည်။
"ငါတို့က ရန်သူတွေမှ မဟုတ်တာ၊ ဘာလို့ သူက ငါ့ကို အနိုင်ကျင့်မှာလဲ။"
ဝမ်ဟယ့်ယင်က သူ၏ နှုတ်ခမ်းကို စူပြီး ပြောလိုက်သည်။
"သူက သခင်လေးကို သိပ်သဘောမကျတာကို ကျွန်တော်သိတယ်။ သခင်လေးတို့နှစ်ယောက် အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်သွားပြီး သခင်လေးက သူ့ကို ဆွဲချနေတယ်လို့ သူက ထင်ရင် သခင်လေးကို ထားခဲ့မှာ မဟုတ်ဘူးလား။ အဲ့ဒါဆိုရင် ကျွန်တော် ဘယ်သူ့ကို သွားတိုင်ရမှာလဲ။"
"သူက အဲ့လိုလူမျိုး မဟုတ်ပါဘူး။"
မုကျစ်မင်က ပြောလာသည်။
"သူ ငါ့ကို သဘောမကျရင်တောင် ငါ့ကို ဝန်ထုပ်ဝန်ပိုးလို့ သဘောထားမှာ မဟုတ်ဘူး။"
ဝမ်ဟယ့်ယင်က သံသယဖြင့် ညည်းညူလာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က သခင်လေး ပြောတာကို ဘယ်တုန်းကမှ မငြင်းနိုင်ခဲ့ဘူးလေ၊ ပြီးတော့ သခင်လေး လုပ်ချင်တာကိုလည်း ကျွန်တော် တားလို့မရပါဘူး။"
မုကျစ်မင်သည် သူ၏မျက်လုံးများကို ကွေးညွတ်ပြီး ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ မထိခိုက်ဘဲ ပြန်လာမယ်လို့ ကတိပေးတယ်။"
ဝမ်ဟယ့်ယင်က ဆက်ပြီး တိုးတိုးလေး ပြောနေသော်လည်း သူ့သဘောထားမှာ အရင်လို ခက်ထန်တော့ခြင်း မရှိပေ။
ဝမ်ဟယ့်ယင်၏ ကန့်ကွက်မှုအပြင် စစ်တပ်ရှိ အရာရှိများကလည်း သဘောမတူကြချေ။
သဲကန္တာရ၏ ညဉ့်နက်ကောင်းကင်တွင် လသည် ချွန်ထက်သော ချိတ်တစ်ခုနှင့်တူနေပြီး စစ်တပ်စခန်း၌ ထင်းမီးပုံသည် လောင်ကျွမ်းနေပြီဖြစ်သည်။ စစ်သူကြီးချုပ်၏ တဲထဲတွင် ယုံရန်စစ်တပ်မှ တပ်ဦးစစ်သူကြီးတစ်ဦးက စစ်သူကြီးကို ဂါရဝပြု ဦးညွတ်ပြီး တဲ့တိုး ပြောလိုက်သည်။
"စစ်သူကြီး၊ စစ်သူကြီး သွားလို့မရပါဘူး။ ဒီစစ်တပ်စခန်းကနေ အဲဒီရွာကို သွားဖို့ နှစ်ရက်ကြာပြီး၊ ကုံကျီတိုင်းပြည်ကနေ အဲဒီရွာကို သွားဖို့ကတော့ နေ့တစ်ဝက်ပဲ ကြာပါတယ်။ ကုံကျီတိုင်းပြည်က စစ်သူကြီး အဲဒီမှာ ရှိနေတာကို သိရင် သူတို့ တပ်တွေ စေလွှတ်ပြီး စစ်သူကြီးကို ဖမ်းမှာ သေချာတယ်။ အဲဒါဆိုရင် ကျွန်တော်တို့က နောက်ကျသွားပါလိမ့်မယ်။"
"အင်း.."
ကူဟယ့်ရန် ခေါင်းညိတ်လိုက်သည်။
"ရိက္ခာသိုလှောင်တာကို ခင်ဗျားကို တာဝန်ပေးထားခဲ့မယ်။"
တပ်ဦးစစ်သူကြီး: "....စစ်သူကြီး၊ ကျွန်တော်ပြောတာ ကြားလိုက်ရဲ့လား။"
ကူဟယ့်ရန်: "အင်း၊ ရိက္ခာသိုလှောင်တာက ရှုပ်ထွေးတယ်။ သတိထားဖို့ မမေ့နဲ့။"
တပ်ဦးစစ်သူကြီး: "...."
ထို့နောက် ဒုစစ်သူကြီးက ပြောလာသည်။
"စစ်သူကြီးက အတင်းအကျပ် သွားမယ်ဆိုရင်တောင် တပ်ခွဲငယ်လေးတစ်ခု ခွဲထွက်လိုက်ပြီး ကျွန်တော်တို့ကို ရွာနားက မနီးမဝေးနေရာမှာ တပ်စွဲခွင့် ပေးပါ။"
ကူဟယ့်ရန် ခေါင်းခါလိုက်သည်။
"မဖြစ်ဘူး၊ စစ်ပွဲက မကြာသေးခင်ကမှ ငြိမ်သက်သွားတာ။ နယ်စပ်ကို တပ်တွေ စေလွှတ်ရင် အငြင်းပွားစရာ ဖြစ်ဖို့ လွယ်တယ်။ ခင်ဗျားတို့က တပ်တွေကို လေ့ကျင့်ပေးဖို့ တာဝန်ယူလိုက်။ ကျန်တဲ့ စစ်ရေးတာဝန်တွေကိုတော့ စစ်ရေးအကြံပေးရွှီက တာဝန်ယူပါလိမ့်မယ်"
ကူဟယ့်ရန်သည် စစ်ရေးကိစ္စများကို သူ့ဘာသာသူ ခွဲဝေပေးပြီးနောက် အကြံဉာဏ်များကို နားမထောင်ဘဲ ပြောလိုက်သည်။
"တခြားကိစ္စတွေ မရှိတော့ရင် သွားအနားယူကြတော့။"
အရာရှိများစွာက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကူကယ်ရာမဲ့ ဖြစ်နေကြသော်လည်း နောက်ဆုံးတွင် ဂါရဝပြု ဦးညွတ်ပြီး စစ်သူကြီးချုပ်၏ တဲထဲမှ ထွက်ခွာသွားကြသည်။ ထိုစဉ် ကူဟယ့်ရန်သည် တစ်ခုခုကို ရုတ်တရက် သတိရပြီး ရှဟုတ်ဟူ၏ နာမည်ကို ခေါ်လိုက်သည်။
ရှဟုတ်ဟူသည် ကူဟယ့်ရန်က သူ့ကို မုကျစ်မင်အား လေ့ကျင့်ရေးကွင်းသို့ ခွင့်ပြုချက်မရှိဘဲ ခေါ်လာခဲ့ခြင်းအတွက် အခု အပြစ်ပေးတော့မည်ဟု ထင်ကာ ဒူးထောက်လိုက်ပြီး အပြစ်ပေးခံရန် စောင့်ဆိုင်းနေခဲ့သည်။
သို့သော် အဲ့အစား ကူဟယ့်ရန်က သူ့ကို မေးလာသည်။
"ဓလေ့ထုံးတမ်းစဥ်လာဌာနက အရာရှိရဲ့ ကုံကျီဘာသာစကား သင်ယူမှု ဘယ်လိုရှိလဲ။"
ရှဟုတ်ဟူက 'ဟင်' ခနဲ အသံထွက်ပြီး ပြောလိုက်သည်။
"ကျွန်တော်က မုသာ့ရန်ကို ဘာမှ သင်ပေးစရာ မလိုပါဘူး။ သူက ကုံကျီဘာသာစကားကို ကျွန်တော့်ထက်တောင် ပိုပြောတတ်ပါသေးတယ်။"
ကူဟယ့်ရန် ခဏမျှ မှင်တက်သွားပြီး သူ၏မျက်ခုံးများက ဖြည်းညင်းစွာ တွန့်ချိုးသွားသည်။
"မင်းထက်တောင် ပိုပြောတတ်သေးတယ်?"
'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့အရင်ဘဝတုန်းက မုကျစ်မင်က ကုံကျီဘာသာစကားကို အကောင်းဆုံး သင်ယူနိုင်ဖို့ နေ့တိုင်း တပ်ထဲမှာ အရမ်းကြိုးစားခဲ့တာကို သေချာ မှတ်မိတယ်။'
"ဟုတ်ပါတယ်။"
ရှဟုတ်ဟူက ပြန်ဖြေသည်။
"သူက အရမ်းကို ချောမွေ့စွာ ပြောတတ်ပါတယ်။ ကျွန်တော် နားမလည်တဲ့ စကားလုံးတွေကိုတောင် သူက နားလည်နေပါသေးတယ်။"
ကူဟယ့်ရန်သည် ခဏလောက် ငြိမ်သက်နေပြီး ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်ပြီ။"
အရာရှိများစွာသည် စစ်သူကြီးချုပ်၏ တဲထဲမှ ထွက်သွားပြီးနောက် မုကျစ်မင်နှင့် တိုက်ဆိုင်စွာ တွေ့ဆုံသောကြောင့် တစ်ယောက်ပြီးတစ်ယောက် "မုသာ့ရန်" ဟု နှုတ်ဆက်ကြသည်။
"မင်္ဂလာညနေခင်းပါ စစ်သူကြီးတို့။"
မုကျစ်မင် ဦးညွတ်လိုက်သည်။
"စစ်သူကြီးကူက သူ့တဲထဲမှာ ရှိလားဟင်။"
"ရှိပါတယ်။"
ရွှီကျိဝေက ပြန်ဖြေသည်။
မုကျစ်မင် ထပ်မံ ဦးညွတ်ကာ ကျေးဇူးတင်လိုက်သည်။ ထို့နောက် မုကျစ်မင်က တဲကန့်လန့်ကာတံခါးကို စောင့်နေသော စစ်သားငယ်လေးအား ပြောသည်။
"ကျွန်တော် စစ်သူကြီးကူနဲ့ ပြောစရာ ရှိတယ်လို့ သူ့ကို သတင်းပို့ပေးပါ။"
စစ်သားငယ်လေးသည် မုကျစ်မင်အတွက် ကန့်လန့်ကာ၏ တစ်ထောင့်ကို တိုက်ရိုက်မတင်ပေးပြီး ပြောလိုက်သည်။
"မုသာ့ရန်၊ တိုက်ရိုက် ဝင်လို့ရပါတယ်။ စစ်သူကြီးက ကျွန်တော်တို့ကို မုသာ့ရန်လာရင် သတင်းပို့စရာ မလိုဘူးလို့ ညွှန်ကြားထားပါတယ်။"
မုကျစ်မင် ခေါင်းညိတ်လိုက်သည်၊ စစ်သားငယ်လေးကို ကျေးဇူးတင်ပြီး တဲထဲသို့ ဝင်သွားခဲ့သည်။
ထိုစဉ် ရွှီကျိဝေမှာ ခေါင်းညိတ်ကာ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။
အရာရှိများ တဲများသို့ အနားယူရန် သွားပြီး တခြားသူ မရှိတော့သည့်အခါ တပ်ဦးစစ်သူကြီးသည် ရွှီကျိဝေအား အပြစ်တင်သည့် သဘောဖြင့် မေးလာသည်။
"ကျိဝေ၊ မင်းက ဘာလို့ စစ်သူကြီးကူကို တိုက်တွန်းဖို့ ငါတို့နဲ့ မပူးပေါင်းရတာလဲ။"
ရွှီကျိဝေသည် ရိုးရိုးလေး ပြုံးပြီး ပြောလိုက်သည်။
"စစ်သူကြီးကူက အမြဲတမ်း အလယ်အလတ်ကျကျ လုပ်ဆောင်တာပဲလေ၊ ဒါကြောင့် ကျွန်တော်တို့ အရမ်းပူပန်စရာ မလိုပါဘူး။"
"ဒါပေမဲ့ မင်းကတော့ သူ့ကို တိုက်တွန်းသင့်တာပေါ့။"
ဒုစစ်သူကြီးက ပြောလာသည်။
ရွှီကျိဝေက ပြောလိုက်သည်။
"စစ်သူကြီးကူကို တိုက်တွန်းဖို့ တကယ် မလိုအပ်ပါဘူး။ အခုချိန်မှာ သူ့ကို တိုက်တွန်းတာက စစ်သူကြီးရဲ့ ဘဝတစ်သက်တာ ကိစ္စ (၁) ကို နှောင့်နှေးစေရုံပဲဖြစ်မယ်။"
"ဘဝတစ်သက်တာ ကိစ္စက ဘာလဲ။"
တပ်ဦးစစ်သူကြီးက တွေဝေသွားသည်။
ရွှီကျိဝေ သက်ပြင်းချပြီး 'လူတိုင်းက တုံးပြီး ငါပဲ ဒါကို နားလည်တယ်။' ဟု ပြောသည့်အလား နာကျင်သော လေသံဖြင့် ပြောသည်။
"ဒါက နှလုံးသားနဲ့ပဲ ခံစားလို့ရတဲ့ အရာပါ။"
"နှလုံးသားနဲ့ပဲ ခံစားရတာ?"
____
စစ်သူကြီးချုပ်၏ တဲ၌။
တဲကန့်လန့်ကာကို မတင်လိုက်သောအခါ အပြင်ဘက်မှ လေအနည်းငယ် တိုးဝင်လာပြီး စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးလျှံများ တဖျတ်ဖျတ် လင်းလက်နေသည်။ ကူဟယ့်ရန်က မော့ကြည့်လိုက်သောအခါ မီးလျှံ၏ အလင်းရောင်မှာ သူ၏မျက်လုံးများ၌ ထင်ဟပ်နေသည်။
ကူဟယ့်ရန်က သူ့နောက်တွင် ဖုံးကွယ်ထားသော အဖြူရောင် မြေခွေးမွေးဖုံးထားသည့် ထိုင်ခုံကို တိတ်ဆိတ်စွာ ဆွဲထုတ်ပြီး စားပွဲဘေးတွင် ချလိုက်သည်။ သို့သော် မုကျစ်မင်က သတိမထားမိဘဲ ကျပန်းထိုင်ခုံတစ်ခု ရှာရန် ကြိုးစားနေသည်။ ထိုသို့ မြင်သောအခါ ကူဟယ့်ရန်က ပြောရုံသာ တတ်နိုင်တော့သည်။
"ဒီမှာ ထိုင်ပါ။"
မုကျစ်မင် ထိုင်တော့မည့်ဆဲဆဲတွင် ကူဟယ့်ရန်က သီးခြားထိုင်ခုံတစ်ခုကို ညွှန်ပြနေသည်ကို မြင်လိုက်ရသောကြောင့် သူ ထိုင်ရာမှ ထပြီး နေရာပြောင်းရသည်။ အဖြူရောင် မြေခွေးမွေးထိုင်ခုံပေါ်တွင် တည့်တည့်ထိုင်ပြီးနောက် မုကျစ်မင်က မျက်လုံးများကို မော့ကြည့်လိုက်ရာ ကူဟယ့်ရန်၏ စားပွဲသည် စာရွက်စာတမ်းများဖြင့် ပြည့်နေသေးသည်ကို တွေ့လိုက်ရသည်။ မုကျစ်မင် တွေးလိုက်သည်။
'ဒီခရီးစဉ်ကို စိုးရိမ်စရာမရှိအောင် သွားနိုင်ဖို့ သူက အခု မသေချာတဲ့ကိစ္စတွေ အများကြီးကို ဖြေရှင်းနေရမှာပဲ။'
"မင်းကို ဘာများ ကူညီပေးရမလဲ။"
ကူဟယ့်ရန်က သူ၏မျက်ခုံးအလယ်ကို ညှစ်ရင်း မေးသည်။
"ကိစ္စနည်းနည်းတော့ ရှိပါတယ်။"
မုကျစ်မင်က ပြုံးပြီး ပြောသည်။
"ပထမဆုံးအနေနဲ့ အဲဒီရွာလေးကို သွားတဲ့အခါ တခြားသူတွေရဲ့ အာရုံစိုက်မှုကို ရှောင်ရှားဖို့ ကျွန်တော်တို့က ဆေးပင်တွေ စုဆောင်းဖို့ ခရီးသွားနေတဲ့ သာမန်လူတွေအဖြစ် ဟန်ဆောင်သင့်ပါတယ်။ စစ်သူကြီး ဘယ်လိုထင်လဲ။"
"ဆေးပင်တွေ စုဆောင်းတာလား။"
ကူဟယ့်ရန်က တွေဝေသွားသည်။
"ဟုတ်ပါတယ်။"
မုကျစ်မင် ခေါင်းညိတ်လာသည်။
"ကုံကျီတိုင်းပြည်နဲ့ တကျင်းနယ်စပ်မှာ 'ဝိညာဉ်ပိတ်လှောင်ဆေးပင်' လို့ခေါ်တဲ့ အဖိုးတန်ဆေးပင်တစ်မျိုး ပေါက်ရောက်တယ်လို့ ကျွန်တော် ကြားဖူးတယ်။ အဲဒီရွာမှာ လူတော်တော်များများ အဲဒီအကြောင်းကြောင့်ပဲ အခြေချနေထိုင်ကြတာဆိုတော့ ကျွန်တော်တို့က အလွယ်တကူ သံသယဝင်ခံရမှာ မဟုတ်ပါဘူး။"
"ကောင်းပြီလေ။"
ကူဟယ့်ရန် ခေါင်းညိတ်လိုက်သည်။
"ဒုတိယတစ်ခုကရော?"
"ဒုတိယတစ်ခုကတော့... အမ်း..."
မုကျစ်မင်က ကူဟယ့်ရန်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် ပြုံးနေသည်။
"စစ်သူကြီးရဲ့ အိမ်နာမည်က ဘာလဲလို့ မေးလို့ရလားဟင်။"
ကူဟယ့်ရန် အနည်းငယ် မှင်တက်သွားသည်။ မုကျစ်မင်က ဘာလို့ ဒါကို သိချင်တာလဲဆိုတာ နားမလည်ပေမဲ့လည်း သူ ပြန်ဖြေလိုက်သည်။
"ယွီယိ၊ 'တောက်ပစွာ လင်းလက်ခြင်း' (၂) လို့ အဓိပ္ပာယ်ရတယ်။"
"ဒါပါပဲ။"
မုကျစ်မင်က ထပ်ရှင်းပြသည်။
"စစ်သူကြီးက အခု နာမည်ကြီးပြီး လူသိများတဲ့သူဆိုတော့ ဒီခရီးစဉ်အတွက် နာမည်ဝှက်တစ်ခု ယူသင့်ပါတယ်။"
ကူဟယ့်ရန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို စစ်သူကြီးအနေနဲ့ နာမည်ဝှက်တစ်ခု ရွေးပြီးတာနဲ့ ကျွန်တော့်ကို ပြောပြဖို့ တောင်းဆိုပါတယ်။"
မုကျစ်မင်က ပြုံးပြီး ဂါရဝပြုလိုက်သည်။
ကူဟယ့်ရန် တွေဝေနေသော်လည်း နောက်ဆုံး၌ ညင်သာစွာ ပြောလိုက်သည်။
"ကိုယ့်ကို တစ်ခု ရွေးပေးနိုင်မလား။"
မုကျစ်မင် မှင်တက်သွားသည်၊ ခဏလောက် အံ့ဩသွားသော်လည်း သူ၏မျက်လုံးများကို ချက်ချင်း ကွေးညွတ်ပြုံးလိုက်သည်။
"စစ်သူကြီးရဲ့ အသိအမှတ်ပြုမှု ရတာ ကျွန်တော် တကယ်ကို ကံကောင်းပါတယ်။ ဒါဆို ကျွန်တော် သတ္တိရှိရှိနဲ့ အကြံဉာဏ်တစ်ခု ပေးပါရစေ။ စစ်သူကြီးရဲ့ ဂုဏ်ထူးဆောင်နာမည်နဲ့ ပေးထားတဲ့နာမည်ထဲက စာလုံးတစ်လုံးစီကို ရွေးတာ မကောင်းဘူးလား။ ဥပမာ ဟယ် နဲ့ ယွီ။ ပေါင်းလိုက်ရင် ဟယ်ယွီ။ ဒါကို စစ်သူကြီး သဘောကျလားဟင်။"
ကူဟယ့်ရန်က မုကျစ်မင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
".... သဘောကျတယ်။"
မုကျစ်မင်ကား နွေဦးလယ်ပွဲတော်၏ နွေးထွေးသော နေရောင်ခြည်ကဲ့သို့ ပြုံးနေသည်။ မုကျစ်မင်သည် လက်များကို သူ့ရှေ့တွင် ထားကာ ပေါ့ပေါ့ပါးပါး ဦးညွတ်ပြီး နောက်ပြောင်စွာ ပြောလိုက်သည်။
"ဒါဆို နောက်ရက်အနည်းငယ်အတွက် ဟယ်ရှုန်းကို ကျွန်တော် ဒုက္ခပေးရတော့မယ်။"
***
Aurora Novel Translation Team
Translator's Note:
(၁) ရွှီကျိဝေက 终身事 (zhōng shēn shì) လို့ ပြောခဲ့တာပါ။ အဲ့ဒါက 'လက်ထပ်ထိမ်းမြားခြင်း ကိစ္စ' လို့ အဓိပ္ပာယ်ရပေမဲ့ 'ဘဝတစ်သက်တာ ကိစ္စ' လို့လည်း အဓိပ္ပာယ်ပြန်နိုင်ပါတယ်။ ဒါကြောင့် ရွှီကျိဝေက အိမ်ထောင်ရေးကို ရည်ညွှန်းနေပေမဲ့ တပ်ဦးစစ်သူကြီးက အခြားအဓိပ္ပာယ်ကို နားလည်သွားတာပါ။
(၂) (潘岳 pān yuè) ဖန်ယွဲ့ (၂၄၇-၃၀၀) အနောက်ပိုင်း ကျင်းမင်းဆက် (၂၆၅-၃၁၆) ရဲ့ 《笙賦》ကနေ ယူထားတာပါ။ မူရင်းစာကြောင်းမှာ- 愀愴惻減,虺韡眜熠 (qiǎo chuàng cè yù, huī wěi yù yì) က ဝမ်းနည်းကြေကွဲဖွယ် ကောင်းပြီး ရှက်ရွံ့ဖွယ်ကောင်းပေမဲ့လည်း တောက်ပပြီး လှပနေတယ်လို့ ဆိုလိုပါတယ်။