no

Font
Theme

အခန်း (၃၂) - ကူဟယ့်ရန်၊ ခင်ဗျားက လွယ်လွယ်နဲ့ စိတ်ဓာတ်ကျတတ်တာပဲ

နှစ်ရက်အကြာ၌ ကူဟယ့်ရန်နှင့် မုကျစ်မင်တို့သည် စစ်တန်းလျားရှိ လူအားလုံးကို နှုတ်ဆက်ခဲ့ကြသည်။ မြင်းတစ်ကောင်စီ စီးကာ အရှေ့ဘက်သို့ တစ်ဟုန်ထိုး သွားကြပြီး နေ့ရောညပါ ခရီးနှင်ခဲ့ကြသည်။

သူတို့ခရီးလမ်းတွင် ညအိပ်ရန် စခန်းတစ်ခုကိုတွေ့ရှိခဲ့ပြီး နောက်တစ်နေ့မနက်၌ ခရီးဆက်ခဲ့ကြသည်။ ညနေအထိ ခရီးသွားပြီး ဂိုဘီ သဲကန္တာရကို ဖြတ်ကျော်ပြီးနောက် သူတို့ရှေ့တွင် စိမ့်စမ်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

သူတို့သည် မြင့်မားသောနေရာတွင် ရပ်နေကြပြီး အောက်သို့ ငုံ့ကြည့်လိုက်သောအခါ လခြမ်းပုံသဏ္ဍာန်ရှိသော ကြီးမားကြည်လင်သည့် ရေကန်ကြီးတစ်ခုကို တွေ့မြင်ခဲ့ရသည်။ သစ်ပင်ရှည်များနှင့် မြက်ပင်စိမ်းလန်းစိုပြေကာ အသက်ဝင်မှုအပြည့်ရှိသော ပေါ့ပလာ သစ်တောအတွင်း၌ ရွာငယ်လေးတစ်ခု ပုန်းကွယ်နေသည်။ သဲကန္တာရ၏ အ၀ါရောင်သဲများကြားတွင် ကျန်ရစ်ခဲ့သော ဝှက်ထားသည့် ရတနာတစ်ခုနှင့်တူ၏။

မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် မြင်းများကို ရပ်ပြီး အဝေးမှ ငေးကြည့်နေကြသည်။ မုကျစ်မင်က ပြောလိုက်သည်။

"ဒီဟာ ဖြစ်နိုင်တယ်။"

"အင်း။"

ကူဟယ့်ရန်က ခေါင်းညိတ်သည်။

မုကျစ်မင် ပြောလိုက်သည်။

"ဒီနေရာက ကျွန်တော် ထင်ထားတာထက် ပိုကြီးတာပဲ။"

ကူဟယ့်ရန်: "ရွာနဲ့မတူဘူး။ မြို့နဲ့ပိုတူတယ်။"

မုကျစ်မင်က ခေါင်းညိတ်ပြီး

"ဟုတ်တယ်! သွားကြည့်ရအောင်။"

သူတို့သည် ရေကန်အထိ မြင်းစီးသွားသောအခါ ရေကန်ဘေးတွင် ရေခပ်နေသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူ(မ)၏ အ၀တ်အစားများသည် ထူးခြားသည်။ တကျင်း၏ ဘရိုကိတ်ဝတ်ရုံများနှင့် ဆင်တူသော်လည်း သူ(မ)ကိုယ်ကို နွေးထွေးစေရန် အသုံးပြုသော သားမွေးနှင့် သူ(မ)၏ ဆံပင်၌ ကျစ်ထားသော ကျစ်ဆံမြီးများသည် ကုံကျီတိုင်းပြည်မှ အသုံးပြုသော ကျစ်ဆံမြီးများနှင့် ဆင်တူသည်။ မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်စုံတစ်ခုကို သဘောတူညီလိုက်ကြသည့်ပုံရသည်။ ထို့နောက် နှစ်ယောက်စလုံး မြင်းပေါ်မှ ဆင်းလာပြီး မြင်းဇက်ကြိုးကို ကိုင်ကာ အမျိုးသမီးဆီသို့ လျှောက်သွားကြသည်။

အမျိုးသမီးက ရေကို သားရေအိတ်ကြီး ငါးလုံး ခြောက်လုံးလောက်ခန့် ထည့်ပြီးနောက် လက်များကို ခါးပေါ်တင်ကာ ညင်သာစွာ သက်ပြင်းချလိုက်သည်။ ချွေးများကို သုတ်ပြီးနောက် သားရေအိတ်အားလုံးကို လျှော်ကြိုးဖြင့် ချည်ပြီး အိမ်သို့သယ်ရန် ပြင်ဆင်နေသည်။ ထိုအချိန်တွင် မြင်းခွာသံကို ကြားလိုက်ရသည်။ သူ(မ)က အံ့အားသင့်စွာ မော့ကြည့်လိုက်သောအခါ ရုပ်ရည်ချောမောသော ကုန်းကျစ် နှစ်ဦး သူ(မ)ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ကုန်းကျစ်တစ်ဦးသည် အခြားသူထက် ပိုမြန်မြန် လျှောက်လာပြီး သူ(မ)၏ ရှေ့တွင် ရပ်နေသည်။ သူသည် ရိုးရိုးရှင်းရှင်း အထူအပါး ဘရိုကိတ်ဝတ်ရုံနှင့် တိမ်နှင့် ကြိုးကြာ ပုံစံဖြင့် အလှဆင်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ယဉ်ကျေးသိမ်မွေ့စွာ သူ(မ)ကို ဦးညွတ်ကာ မေးလာသည်။

"မိန်းကလေး၊ ဒီရွာမှာ တည်းခိုခန်း ဒါမှမဟုတ် နေထိုင်စရာ နေရာရှိလား။"

အဝေးက ခရီးသည်များနှင့် တွေ့ဆုံနေကျဖြစ်ပြီး လူသစ်များကို မကြောက်တတ်သည့်ပုံပေါ်သော အမျိုးသမီးက ကြင်နာစွာ ပြုံးပြီး မေးလာသည်။

"ဒီကကုန်းကျစ်နှစ်ဦးက ဘာကြောင့် ဒီကိုလာတာလဲ။"

မုကျစ်မင်က ပြန်ဖြေသည်။

"ကျွန်တော်က ဆေးဖက်ဝင်အပင်တွေ စုဆောင်းဖို့လာတာပါ။ နယ်စပ်အနီးမှာ 'ဝိညာဉ်ပိတ်လှောင်ဆေးပင်' ဆိုတဲ့ ဆေးပင်တစ်မျိုး ပေါက်တယ်လို့ ကြားတယ်။ ကျွန်တော့်မိတ်ဆွေကောင်းရဲ့ အဖေက နေမကောင်းဖြစ်နေပြီး သူ့ရောဂါကို ကုသဖို့ ဒီဆေးပင် လိုအပ်တယ်။"

"ကျွန်မ နားလည်ပြီ။"

အမျိုးသမီးက ခေါင်းညိတ်လာသည်။

"တိုင်းပြည်နှစ်ခုကြား စစ်ပွဲစကတည်းက ဆေးဆရာတွေ ဒီကို မလာတာ ကြာပြီ။ မြို့မှာ တည်းခိုခန်းသေးသေးလေးတစ်ခုတော့ရှိတယ်၊ ဒါပေမဲ့ လပေါင်းများစွာ ပိတ်ထားတာ။ ကျွန်မ ကုန်းကျစ်နှစ်ဦးကို အဲ့ကို လိုက်ပို့ပေးပါ့မယ်။"

"ကျေးဇူးတင်ပါတယ်။"

မုကျစ်မင်က လက်ကို ဆုပ်ကိုင်ပြီး ကျေးဇူးတင်စကားဆိုသည်။

"မိန်းကလေးကို ကျေးဇူးတင်တဲ့အနေနဲ့ ရေအိတ်တွေကို ကျွန်တော်တို့ မြင်းတွေပေါ် တင်ပြီး သွားလို့ရပါတယ်။"

အမျိုးသမီးက ငြင်းဆိုခြင်းမရှိဘဲ

"ဒါဆိုရင် ကုန်းကျစ်နှစ်ဦးကိုပဲ ဒုက္ခပေးရတော့မယ်။"

"ဒါက အပန်းမကြီးပါဘူး။"

မုကျစ်မင် ပြောပြီးနောက် အမျိုးသမီးအတွက် ရေအိတ်များကို သွားကောက်သည်။ သို့သော် သူ မယူရသေးခင် ကူဟယ့်ရန်က စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို ကျော်သွားကာ ရေအိတ်များကို အလွယ်တကူ ကောက်ယူပြီး သူ့မြင်းနောက်ကျောပေါ် တင်လိုက်သည်။

သုံးဦးသား လခြမ်းပုံသဏ္ဍာန်ရှိသော ရေကန်ဘေးအတိုင်း ရွာသို့ လျှောက်သွားကြသည်။ အဝေးမှကြည့်လျှင် ပေါ့ပလာ သစ်တောအတွင်းရှိ အ၀ါရောင်မြေသားဖြင့် ဆောက်ထားသော အိမ်များမှ မီးခိုးများ ထွက်နေသည်ကို တွေ့မြင်နိုင်သည်။ တိတ်ဆိတ်ငြိမ်းချမ်းပုံရသည်။ ထိုအခါ မုကျစ်မင်က သက်ပြင်းချပြီး

"ဒီနေရာက ကုံကျီတိုင်းပြည်နဲ့ အရမ်းနီးတယ်၊ မကြာသေးခင်က တိုင်းပြည်နှစ်ခုကြား စစ်ပွဲဖြစ်ပွားခဲ့တာ။ ဒီနေရာက ဘယ်လိုလုပ် ငြိမ်းချမ်းနေနိုင်တာလဲ။"

အမျိုးသမီးသည် ပြန်ဖြေလိုက်သည်။

"ကုံကျီတိုင်းပြည်နဲ့ အရမ်းနီးလို့ပဲ ငြိမ်းချမ်းစွာ နေထိုင်နိုင်တာပေါ့။ ဓားပြတွေက ကုံကျီတိုင်းပြည်ကို ကြောက်ပြီး တခြားတိုင်းပြည်က စစ်သည်တွေနဲ့ တွေ့မှာကြောက်လို့ ဒီနေရာကို ခြေချဖို့ ဘယ်တော့မှ မဝံ့ရဲကြဘူးလေ။"

မုကျစ်မင်က အံ့အားသင့်ပြီး မေးလိုက်သည်။

"ကုံကျီစစ်တပ်က ဒီနေရာကို လုယက်ဖို့ မလာဘူးလား။"

"သူတို့ မလာဘူး၊ ကျွန်မတို့မှာ ကာကွယ်ပေးထားတဲ့ ကျောက်တုံးရှိတယ်လေ။"

အမျိုးသမီးက ပြုံးပြီး ပြန်ဖြေသည်။

မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပို၍ပင် အံ့အားသင့်လာကြသည်။

"ကျောက်တုံး?"

"ဟုတ်တယ်။"

အမျိုးသမီးက ခေါင်းညိတ်သည်။

"ကျောက်တုံး။"

ထိုသို့ပြောပြီးနောက် သုံးဦးသား ရွာထဲသို့ရောက်ရှိခဲ့ကြသည်။ ထိုအချိန်၌ အမျိုးသမီးက နေရာတစ်ခုကို ညွှန်ပြပြီး

"ဒါက အဲဒီကျောက်တုံးပဲ။"

မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် အမျိုးသမီး ညွှန်ပြသောနေရာသို့ ကြည့်လိုက်ရာ ကျောက်တုံးကြီးတစ်လုံးကိုသာ တွေ့မြင်ခဲ့ရသည်။ ၎င်း၏ အရွယ်အစားမှာ လူတစ်ဦးစာခန့် အရပ်ရှည်ပြီး နှစ်ဦးစာခန့် အကျယ်ရှိသည်။ အ၀ါရောင်မြေသားဖြင့် ပြုလုပ်ထားသော မြို့တံခါးရှေ့တွင် ထားရှိသည်။ ထိုကျောက်တုံးတွင် စာလုံးများစွာ ထွင်းထုထားသည်။ ထိုကျောက်တုံးသည် ဤနေရာတွင် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့ပုံရပြီး သဲကန္တာရ၏ အ၀ါရောင်သဲများနှင့် လေတိုက်ခြင်းကြောင့် စာလုံးများကို အချိန်ကြာလာသည်နှင့်အမျှ လုံးဝနီးပါး ဖျက်ပစ်ခဲ့သည်။ စာလုံးများက ဝေဝါးနေသောကြောင့် ကျောက်တုံးပေါ်တွင် ဘာရေးထားသည်ကို နားမလည်နိုင်ပါ။

"ဒီကျောက်တုံးရှိနေသရွေ့ ကုံကျီတိုင်းပြည်က ဒီရွာကို ဘယ်တော့မှ လုယက်ဖို့ မလာဘူး။"

အမျိုးသမီးက တိကျစွာ ပြောလာသည်။

မုကျစ်မင်က အံ့အားသင့်စွာ မေးလိုက်သည်။

"ဒါပေမဲ့... ကျောက်တုံးတစ်တုံးက ကုံကျီတိုင်းပြည်ရဲ့ လုယက်ခြင်းကနေ ဒီရွာကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ။"

"ကျွန်မကိုယ်တိုင်လည်း သေချာမသိဘူး။"

အမျိုးသမီးက ခေါင်းခါလိုက်သည်။

"ဒီရွာမှာ အသက် ၁၀၀ ရှိတဲ့ အဘွားအိုတစ်ဦး ရှိတယ်လို့ ကြားတယ်။ သူ(မ)ကတော့ ဘာကြောင့်လဲဆိုတာ သိနိုင်လိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ဘယ်သူမေးမေး သူ(မ)က 'လောကကြီး ပြောင်းလဲသွားပြီ၊ အချိန်မတန်သေးဘူး။' အဲဒီစကားလုံးတွေကိုပဲ ထပ်ခါထပ်ခါ ပြောလိမ့်မယ်။ ပြီးရင် သူ(မ)က ဝမ်းနည်းစရာတစ်ခုခုကို စဉ်းစားမိသလိုမျိုး သက်ပြင်းချရုံသက်သက်ပဲ လုပ်လိမ့်မှာ။"

မုကျစ်မင်သည် အမျိုးသမီး၏ စကားများကို ကြားသောအခါ ကျောက်တုံးကြီးကို မှင်တက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ ထူးဆန်းသည့်အရာ မရှိကြောင်း အတည်ပြုပြီးနောက် သူ ပို၍ပင် စိတ်ရှုပ်သွားသည်။ သို့သော် ဘယ်လိုသဲလွန်စမှ ရှာမတွေ့နိုင်သောကြောင့် အမျိုးသမီးနောက် လိုက်ပါသွားရသည်။

သူတို့သည် ရေအိတ်များကို အမျိုးသမီးအိမ်သို့ ပို့ဆောင်ပေးခဲ့ကြပြီး အမျိုးသမီးက ကူဟယ့်ရန်နှင့် မုကျစ်မင်တို့ကို တည်းခိုခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

သို့သော် တည်းခိုခန်းဟု ခေါ်သော်လည်း မီးဖိုပါသော အထပ်နှစ်ထပ်ရှိသော အ၀ါရောင် မြေအိမ်သာဖြစ်သည်။ တည်းခိုခန်းပိုင်ရှင်မှာ လပေါင်းများစွာ ဧည့်သည်မရှိသဖြင့် ကြာမြင့်စွာ ပိတ်ထားရသောကြောင့် ဧည့်သည်များ တည်းခိုမည့် အခန်းများကို သေချာစွာ သန့်ရှင်းရေးလုပ်ပေးနေရသည်။

မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် ညဉ့်နက်သည်အထိ စောင့်ခဲ့ကြရသည်။ တည်းခိုခန်းပိုင်ရှင်က အခန်းကို သန့်ရှင်းရေးလုပ်ပြီးချိန်၌ ညဉ့်နက်နေပြီဖြစ်သည်။ သစ်သားစားပွဲဘေးတွင် ထိုင်နေသော မုကျစ်မင်သည် ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ငိုက်မြည်းနေသည်။ မကြာခင်မှာ တည်းခိုခန်းပိုင်ရှင်က အပေါ်ထပ်မှ အလျင်အမြန် ဆင်းလာပြီး နွေးထွေးစွာဖြင့်

"ဧည့်သည်တို့၊ အခန်း အဆင်သင့်ဖြစ်ပါပြီ။ ကြာကြာစောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်။ အပေါ်ထပ်ကို အမြန်သွားပြီး အနားယူလို့ရပါပြီ။"

မုကျစ်မင်က ချက်ချင်း မတ်တတ်ရပ်ပြီး မေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ အခန်းက ဘယ်မှာလဲ။"

တည်းခိုခန်းပိုင်ရှင် ပြန်ဖြေလိုက်သည်။

"အပေါ်ထပ်က ဘယ်ဘက်ကို ချိုးပြီး ပထမဆုံးအခန်းပါ။"

ထိုအခါ ကူဟယ့်ရန်က မျက်မှောင်ကြုတ်လိုက်သည်။

"အခန်းတစ်ခန်းထဲလား။"

တည်းခိုခန်းပိုင်ရှင်က ခေါင်းညိတ်ပြီး

"စိတ်မပူပါနဲ့ ဧည့်သည်၊ အဲဒီအခန်းက လူနှစ်ယောက်အတွက် လုံလောက်ပါတယ်။ သီးခြား ခုတင် နှစ်လုံးလည်း ရှိတယ်။"

ကူဟယ့်ရန် တိတ်ဆိတ်သွားသည်။

မုကျစ်မင်က ကူဟယ့်ရန်တွင် တစ်ခုခု မှားနေသည်ကို သိသောအခါ သူ တွေးလိုက်မိသည်။

'သူ ငါနဲ့ တစ်ခန်းထဲ အတူမနေချင်လို့နဲ့ တူတယ်။'

ဒါကြောင့် မုကျစ်မင်က ပြောလိုက်သည်။

"ဟယ်ရှုန်း၊ ဟယ်ရှုန်းက တခြားသူနဲ့ တစ်ခန်းထဲ အတူမနေချင်ရင် အရင်သွားနားလိုက်ပါ။ ကျွန်တော် တည်းခိုခန်းပိုင်ရှင်ကို ကျွန်တော့်အတွက် နောက်ထပ်အခန်းတစ်ခန်း သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါ့မယ်။"

ကူဟယ့်ရန်က မုကျစ်မင်ကို မော့ကြည့်ပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ

"မလိုဘူး... ဒါလည်း အဆင်ပြေပါတယ်.."

နှစ်ရက်ကြာ ခရီးဆက်ခဲ့ပြီးနောက် မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် ပင်ပန်းလွန်းသဖြင့် စကားများများ မပြောဖြစ်ကြ။ သူတို့အခန်းကို ရောက်သောအခါ အိပ်ရာဝင်ရန် ပြင်ဆင်ပြီး အိပ်ပျော်သွားကြသည်။ နောက်တစ်နေ့မနက်၌ မုကျစ်မင် နိုးလာသောအခါ ကူဟယ့်ရန်ကို တည်းခိုခန်းတွင် မတွေ့ချေ။ မုကျစ်မင် အံ့အားသင့်စွာဖြင့် အိပ်ရာမှ ထကာ ဆံပင်ကို စည်းနှောင်လိုက်သည်။ ကူဟယ့်ရန်ကို ရှာရန် အောက်ထပ်ဆင်းတော့မည့်အချိန်၌ အခန်းတံခါး ပွင့်လာပြီး ကူဟယ့်ရန်က ရေဇလုံကို ကိုင်ကာ ဝင်လာသည်။

မုကျစ်မင်က ပြုံးပြီး မေးလိုက်သည်။

"ဟယ်ရှုန်း၊ ဟယ်ရှုန်း ဘယ်သွားနေတာလဲ။"

ကူဟယ့်ရန်သည် မျက်လုံးကို အောက်သို့ လျှော့ချပြီး ကြည်လင်သော ရေဇလုံကို သစ်သားစားပွဲပေါ် တင်လိုက်သည်။

"မျက်နှာသစ်ဖို့ ဒီရေကို သုံးလိုက်။"

"ကျေးဇူးအများကြီးတင်ပါတယ် ဟယ်ရှုန်း။"

မုကျစ်မင်က ထပ်ခါထပ်ခါ ကျေးဇူးတင်စကားဆိုလိုက်သည်။ ကြည်လင်သော ရေဇလုံနားသို့ ချဉ်းကပ်လာသောအခါ မုကျစ်မင်သည် ရေမှာ နွေးနေကြောင်း သိလိုက်ရသည်။ မအေးလွန်း မပူလွန်းဘဲ သက်တောင့်သက်သာ အပူချိန်မှာ အတိအကျဖြစ်သည်။

မုကျစ်မင် ခဏလောက် မှင်တက်သွားပြီး ကူဟယ့်ရန်ကို အလျင်အမြန် ကြည့်လိုက်သည်။ သို့သော် ကူဟယ့်ရန်သည် ရေဇလုံကို ချပြီးသည်နှင့် သူ့ခုတင်အစွန်းတွင် ထိုင်ကာ သူ့ဓားကို စတင်သုတ်နေပြီး မုကျစ်မင်ကို အာရုံစိုက်လိုပုံ မပေါ်ပေ။ မုကျစ်မင်ကတော့ သူ့အကြည့်ကို ခါးသီးစွာ ရုပ်သိမ်းလိုက်ရသည်။

မုကျစ်မင် မျက်နှာသစ်ပြီး အ၀တ်အစား သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီးနောက် တည်းခိုခန်းပိုင်ရှင်က နံနက်စာအဖြစ် နွေးထွေးသော ဂျုံယာဂုနှင့် ပန်ကိတ်တို့ကို ယူလာပေးသည်။ ထိုကဲ့သို့ နံနက်စာဖြင့် တစ်နေ့တာလုံး စိတ်လန်းဆန်းနိုင်သည်။ နံနက်စာ စားပြီးနောက် ကူဟယ့်ရန်နှင့် မုကျစ်မင်တို့သည် တည်းခိုခန်းပိုင်ရှင်ကို သွားရှာပြီး မြို့တံခါးအနီးရှိ ကျောက်တုံးကြီးအကြောင်း မေးမြန်းခဲ့ကြသည်။ သို့သော် တည်းခိုခန်းပိုင်ရှင်က ခေါင်းခါပြီး

"အဲ့ကျောက်တုံးရဲ့ အကာအကွယ်ကြောင့် ကုံကျီတိုင်းပြည်က ရွာကို ဘယ်တော့မှ လုယက်ဖို့ မလာဘူးဆိုတာပဲ သိတယ်။ အကြောင်းအရင်းကိုတော့ သေချာမသိဘူး။"

မုကျစ်မင်က သူ့ကို ကျေးဇူးတင်ပြီး နှုတ်ဆက်ခဲ့သည်။ ထို့နောက် မုကျစ်မင်က ကူဟယ့်ရန်ကို မေးလိုက်သည်။

"ဟယ်ရှုန်း၊ ဟယ်ရှုန်း အမြင်မှာ ကျောက်တုံးတစ်တုံးက တခြားတပ်ဖွဲ့တွေက ရွာတစ်ရွာကို လုယက်တာကနေ ဘယ်လိုကာကွယ်နိုင်မလဲဟင်။"

ကူဟယ့်ရန်က ခေါင်းခါလိုက်သည်။

မုကျစ်မင်က ရယ်မောပြီး

"ကျွန်တော် အရမ်းရှုပ်ထွေးနေတယ်။ ကျောက်တုံးကို သေချာကြည့်ဖို့ ကျွန်တော်တို့တူတူ သွားကြရအောင်လေ။"

ကူဟယ့်ရန်က ပြန်ဖြေသည်။

"အင်း။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment