အခန်း (၂၁) - ငါနဲ့ လိုက်ခဲ့
နတ်ဆိုးကြယ်စစ်ပွဲကြောင့် ကျစ်ဝိန်းပန်း (၁) တို့၏ ငြိမ်းချမ်းရေးကို ထိခိုက်စေခဲ့သည်။ ဧကရာဇ်မင်းမြတ်က စစ်သူကြီးကူမြောင်အား ကျားအဆောင်အယောင် (၂) ပေးအပ်ကာ ယုံရန်စစ်တပ်မှ စစ်သည် ၇၀,၀၀၀ ကို အနောက်မြောက်ဒေသ၊ သဲဝါများ ပေါများရာဒေသသို့ ဦးဆောင်စေပြီး အနောက်ပိုင်းရုန်မျိုးနွယ်စုအား တွန်းလှန်၍ နယ်စပ်ကို ကာကွယ်ရန် စစ်ရေးအာဏာကို ချုပ်ကိုင်စေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် အနောက်ပိုင်းရုန်မျိုးနွယ်စုသည် စစ်ပွဲအတွက် အပြည့်အစုံ ပြင်ဆင်ထားပြီးဖြစ်သဖြင့် စစ်အေးတိုက်ပွဲသည် နှစ်ပေါင်းများစွာ ကြာရှည်နိုင်ဖွယ်ရှိသည်။
အချိန်များ ကုန်လွန်ခဲ့ပြီး ဆောင်းဦးအစသည် ဆောင်းရာသီ၏ အအေးဒဏ်သို့ ပြောင်းလဲသွားသည်။
အေးခဲသော ဆီးနှင်းကျနေသည့် ညတစ်ညတွင် အနောက်မြောက်နယ်စပ်မှ သားရေဖြူအိတ်ဖြင့် ပိတ်ထားသော စာတစ်စောင်ကို နန်းတော်နှင့် ကုအိမ်တော်သို့ ပေးပို့ခဲ့သည်။
ထိုည၌ ကူအိမ်တော်၏ အဆောင်ခန်းမများနှင့် ခန်းမဆောင်အားလုံးကို အဖြူရောင်ပိုးထည်များဖြင့် တိတ်ဆိတ်စွာ အလှဆင်ထားသည်။ မီးဖိုထဲတွင် ပြောင်းနှံပင်များနှင့် ဆန်ပင်များကို မီးရှို့ထားပြီး၊ ကြေးဒင်္ဂါးများနှင့် ရွှေစက္ကူများသည် ကျဆင်းနေသော နှင်းများနှင့်အတူ လေထဲ၌ လွင့်မျောနေသည်။ ကြီးမားသော ကူအိမ်တော်သည် အေးစိမ့်တိတ်ဆိတ်နေပြီး မည်သည့်အသံမှ မရှိပေ။ ၎င်းသည် လေးလံသော နှင်းများအောက်တွင် မြှုပ်နှံထားသကဲ့သို့ ဖြစ်နေသည်။
နောက်တစ်နေ့တွင် ကူဟယ့်ရန်က အဖြူရောင် ဝတ်စုံဖြင့် နယ်စပ်သို့ ခရီးနှင်ကာ အလောင်းကို မြို့တော်သို့ ပြန်သယ်ဆောင်ရာတွင် ကူညီခဲ့သည်။
ခုနစ်ရက်အကြာတွင် ကူမြောင် ကွယ်လွန်သည့် သတင်းသည် မြို့တော်အနှံ့ ပျံ့နှံ့သွားသည်။ တစ်ပြည်လုံးက ဝမ်းနည်းပူဆွေးကာ သက်ပြင်းချကြသည်။
"စစ်သူကြီးကူ မရှိတော့ရင် လူရိုင်းတွေက ငါတို့နယ်မြေကို ကျူးကျော်ပြီး ငါတို့ရဲ့ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေကို နင်းချေတော့မှာ မဟုတ်လား!"
တစ်လခွဲအကြာ၌ ကူမြောင်၏ အလောင်းမှာ မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီး ဈာပနအခန်းမကို ကုအိမ်တော်၏ အဓိကခန်းမဆောင်တွင် ထားရှိခဲ့သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ဖိတ်ခေါ်၍ ဝိညာဉ်ကို ငြိမ်သက်စေရန် ပရိတ်ရွတ်စေပြီး ခုနစ်ရက်အကြာတွင် ခေါင်းတလားကို စစ်ရေးဈာပနဖြင့် နောက်ဆုံး၌ မြှုပ်နှံမည်ဖြစ်သည်။
ယခင်ဘဝတွင် မုမိသားစုနှင့် ကူမိသားစုတို့သည် မည်သည့်ဆက်ဆံရေးမျှ မရှိခဲ့သဖြင့် ကူမြောင်၏ ကွယ်လွန်ခြင်းသည် မုမိသားစုအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ပေ။ ၎င်းသည် သားအဖနှစ်ယောက်ကြား စကားပြောဆိုစရာ ခေါင်းစဉ်တစ်ခုမျှသာ။
သို့သော် ဤဘဝတွင်မူ ကွဲပြားသည်။ ကူမိသားစု၏ သားက မုမိသားစု၏ သားအသက်ကို ကယ်တင်ခဲ့သည်။ ထို့ကြောင့် ကူမြောင်၏ ခေါင်းတလားကို လာရောက်ကြည့်ရှုရန် မုပေါ်ရန်သည် မုကျစ်မင်ကို ခေါ်ဆောင်ကာ ကူအိမ်တော်သို့ သွားရောက်ခဲ့သည်။
သားအဖနှစ်ယောက် နောက်ဆုံး ကူအိမ်တော်သို့ သွားရောက်ခဲ့စဉ်က တိတ်ဆိတ်ငြိမ်သက်သော နေရာကဲ့သို့ ဖြစ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် အဓိကတံခါးဝရှေ့တွင် ဧည့်သည်များ ပြည့်နှက်နေရုံသာမက အိမ်တော်သည် ပြာမှုန့်ကဲ့သို့ မီးခိုးရောင်သမ်းနေသည်။ တစ်ချိန်က ဤနေရာကို စိမ်းလန်းစိုပြည်စေခဲ့သော မြက်ပင်များသည်လည်း ညှိုးနွမ်းသွားခဲ့သည်။
ကူအိမ်တော်တွင် စုစုပေါင်း အစေခံသုံးဦးသာ ရှိသည်။ သူတို့သည် ဈာပနဧည့်သည်များကို တစ်ချိန်တည်း ဧည့်ခံနေရသဖြင့် အိမ်တော်အတွင်းရှိ အခြားအလုပ်များအတွက် တစ်စက္ကန့်မျှပင် အချိန်မပေးနိုင်ကြပေ။ ထို့ကြောင့် အိမ်တော်တစ်ခုလုံးသည် ကစဉ့်ကလျား ဖြစ်နေသည်။
နေ့တစ်ဝက်နီးပါးမျှ စောင့်ဆိုင်းပြီးနောက် မည်သူမျှ မုပေါ်ရန်နှင့် မုကျစ်မင်တို့ကို ဧည့်ခံရန် မလာကြပေ။ ထို့ကြောင့် သူတို့သည် ကိုယ်ဘာသာကိုယ် အိမ်တော်ထဲသို့ ဝင်ရောက်ကာ အဓိကခန်းမဆောင်သို့ ဦးတည်ခဲ့ကြသည်။
ဈာပနခန်းမထဲသို့ မဝင်မီ၌ မုကျစ်မင်၏ အကြည့်သည် ကူမြောင်၏ ပူဇော်ရာပြားရှေ့တွင် ဒူးထောက်နေသော ကူဟယ့်ရန်ပေါ်သို့ ချက်ချင်း စွဲကျန်နေခဲ့သည်။ ထိုသူကား ရိုးရိုးအဖြူရောင်ပိတ်ချည်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ကူဟယ့်ရန် ပူဇော်ရာပြားကို မည်မျှကြာအောင် စောင့်ရှောက်နေသည်ကို မသိရပေ။ သို့သော် သူက ခေါင်းငုံ့ကာ လုံးဝမလှုပ်ရှားဘဲ ဒူးထောက်နေသည်။ သူ၏ ပခုံးများသည် လေးလံသောဝန်ကို ထမ်းထားရသကဲ့သို့ ဖြစ်နေသော်လည်း မည်သို့ပင်ဖြစ်စေ သူက တစ်လက်မမျှ မလှုပ်ရှားခဲ့ချေ။ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မကြားယောင်ဟန်ပြုကာ သူက ဤလောက၏ အစိတ်အပိုင်းပင် မဟုတ်တော့သကဲ့သို့ ဖြစ်နေသည်။
မုကျစ်မင်၏ မူလအစီအစဉ်မှာ ကူအိမ်တော်သို့ လာ၍ ကူဟယ့်ရန်ကို နှစ်သိမ့်ရန်ဖြစ်သည်။ သို့သော် ကူဟယ့်ရန်ကို ဤကဲ့သို့ မြင်သောအခါ မုကျစ်မင်မှာ သူ ဘာမှလုပ်မပေးနိုင်ကြောင်း သိလိုက်သည်။
'သင် ခံစားနေရသော နာကျင်မှုကို မည်သူမျှ မသိလျှင် မည်သို့ မျှဝေနိုင်မည်နည်း။'
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက မုပေါ်ရန်နှင့် မုကျစ်မင်တို့ကို ဈာပနထုံးတမ်းစဉ်လာအတိုင်း ပြုလုပ်ရန် ခေါ်ဆောင်သွားပြီးနောက် ဈာပနခန်းမမှ ထွက်ခွာစေခဲ့သည်။ မထွက်ခွာစဉ်၌ မုကျစ်မင်သည် ဒူးထောက်နေဆဲဖြစ်သော ကူဟယ့်ရန်ကို လှည့်ကြည့်မိသည်။ ထိုသူ၏ ကိုယ်ဟန်အနေအထားသည် မပြောင်းလဲသေးဘဲ ကျောက်တုံးတစ်တုံးကဲ့သို့ ငြိမ်သက်နေဆဲပင်။
"မကြည့်နဲ့တော့၊ သွားကြစို့။"
မုပေါ်ရန် သက်ပြင်းချလိုက်သည်။ ဤလောကသည် မည်မျှ ခန့်မှန်း၍မရကြောင်း ညည်းတွားလိုက်၏။
မုကျစ်မင် သူ့အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ၏ နှလုံးသားက ဝမ်းနည်းမှုဖြင့် တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။ သူ ခေါင်းညွတ်လိုက်ပြီး မုပေါ်ရန်နောက်မှ လိုက်ပါသွားခဲ့သည်။ အမျိုးသားနှစ်ဦး ကုအိမ်တော်၏ ခြံဝင်းကို ဖြတ်လျှောက်လာစဉ် သူတို့နောက်မှ တစ်စုံတစ်ဦးက အော်ခေါ်လိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ယန်မြို့စားမင်း!"
မုပေါ်ရန် လှည့်ကြည့်လိုက်သောအခါ လူတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ဦးညွတ်ပြီးနောက် မုပေါ်ရန်က ပြောလိုက်သည်။
"အရှင်ဖိန့်၊ ခင်ဗျားလည်း ဈာပန လာတာလား။"
မြို့တော်၏ တရားသူကြီးဖြစ်သူ အရှင်ဖိန့်သည် ပြန်လည်ဦးညွတ်ကာ
"ဟုတ်တယ်။ အာ၊ ဒါပေမဲ့ ကျွန်တော် ယန်မြို့စားကိုလည်း တွေ့လို့ အမြန်လာနှောင့်ယှက်ရတာပါ။ ဒီလိုပါ၊ ကျွန်တော့်မှာ ရှုပ်ထွေးတဲ့ အမှုတစ်ခု ရှိပါတယ်။ ရုပ်အလောင်းမှာ ထူးဆန်းတာတွေ ရှိနေပါတယ်။ ယန်မြို့စားရဲ့ ဘိုးဘေးတွေထဲမှာ ရာဇဝတ်ရေးရာအရာရှိတစ်ဦး ရှိခဲ့တယ်လို့ ကျွန်တော် ကြားသိရပြီး ယန်မြို့စားက ဒီနယ်ပယ်မှာ ဗဟုသုတများစွာ ရှိတယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒီကိစ္စက အရေးတကြီးဖြစ်ပြီး ကျွန်တော် ယန်မြို့စားနဲ့ မတော်တဆ တွေ့ဆုံခဲ့တာကြောင့် ယန်မြို့စားအနေနဲ့ ကျွန်တော့်ကို ကူညီနိုင်မလားဆိုတာ သိချင်တာပါ။"
"အာ.... ဒါက ကျွန်တော့်ဘိုးဘေးတွေရဲ့ ဂုဏ်သတင်းပါ။ ကျွန်တော်ကတော့ နည်းနည်းပါးပါးလောက်ပဲ သိတာပါ။ အရှင်ဖိန့်လောက်တောင် မတော်ပါဘူး။ ဒါပေမဲ့ အရှင်ဖိန့်က ကျွန်တော့်ကို အလေးထားပြီး ကောင်းကောင်းမွန်မွန် ထင်မြင်ပေးတဲ့အတွက် ကျွန်တော် ငြင်းဆန်လို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်တော် တတ်နိုင်သမျှ ကူညီပါ့မယ်။"
မုပေါ်ရန် သဘောတူလိုက်ပြီး ခေါင်းလှည့်ကာ မုကျစ်မင်ကို ကြည့်၍ ပြောလိုက်သည်။
"လီကျူး၊ အပြင်ထွက်ပြီး မြင်းလှည်းပေါ်မှာ အဖေ့ကို စောင့်နေလိုက်။"
မုကျစ်မင် ခေါင်းညွတ်ကာ အရိုအသေပေးပြီး ကိုယ့်ဘာသာကိုယ် ထွက်ခွာသွားခဲ့သည်။ လျှောက်သွားရင်း မုကျစ်မင်သည် ယခင်က ကူအိမ်တော်သို့ သွားရောက်ခဲ့စဉ် အရှေ့အဆောင်တွင် မြင်တွေ့ခဲ့ရသော စိမ်းလန်းစိုပြည်သည့် ဝူထုန်သစ်ပင်များကို ရုတ်တရက် သတိရလိုက်သည်။
'ဒီရက်ပိုင်း သူတို့ကို ဂရုစိုက်မဲ့သူ ရှိပါ့မလားမသိဘူး။'
ထိုအတွေးနှင့်အတူ မုကျစ်မင်၏ ခန္ဓာကိုယ်က သူ့ဘာသာသူ မသိလိုက်ဘဲ လှုပ်ရှားသွားခဲ့သည်။ အရှေ့အဆောင်တည်ရှိရာဘက်သို့ မလျှောက်ဘဲ မနေနိုင်ခဲ့ချေ။ ထိုအချိန်၌ မုကျစ်မင် အနီရင့်ရောင်နံရံကို မှီပြီး ထိုင်နေသော အမျိုးသမီးငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ(မ)က ဈာပနဝတ်စုံကို ဝတ်ထားပြီး စာရွက်စာတမ်းများ အထပ်လိုက်ကို ကိုင်ထားရင်း စိတ်ပူပန်စွာ ငိုကြွေးနေလေသည်။
မုကျစ်မင် သူ(မ)အား မှတ်မိသည်။ သူ(မ)က ကူအိမ်တော်၏ အစေခံသုံးယောက်ထဲက တစ်ယောက်ဖြစ်သည့် ကျွမ်းအာပင်။
မုကျစ်မင် အနည်းငယ် လှမ်းတိုးလိုက်ပြီး ကျွမ်းအာကို မေးလိုက်သည်။
"အဆင်ပြေရဲ့လား။"
စိုးရိမ်တကြီး မေးခွန်းကို ကြားလိုက်သောအခါ ကျွမ်းအာသည် မျက်ရည်များ ဝိုင်းလျက် ခေါင်းမော့ကြည့်လိုက်သည်။ မုကျစ်မင် ဖြစ်ကြောင်း မြင်လိုက်သည်နှင့် သူ(မ) ထိတ်လန့်တကြား ကိုယ့်ကိုယ်ကိုယ် သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီးနောက် ချည့်နဲ့သောအသံဖြင့်
"မှတ်မိပါပြီ၊ မင်းက.... အာ! မုကုန်းကျစ်!"
"ဘာဖြစ်လို့လဲ။"
မုကျစ်မင်က မေးလာသည်။
"ကျွန်တော် ကူညီနိုင်တာများ ရှိမလား။"
"မုကုန်းကျစ်၊ ကျွန်မ...."
ကျွမ်းအာက သူ(မ)လက်ထဲမှ စာရွက်စာတမ်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရှက်ရွံ့စွာ ခေါင်းငုံ့ကာ ပြောသင့်မပြောသင့် တုံ့ဆိုင်းနေသည်။
"ကိစ္စမရှိပါဘူး။"
မုကျစ်မင်က သူ(မ)ကို နှစ်သိမ့်လိုက်သည်။
"ကျွန်တော် ကူညီနိုင်တာ တစ်ခုခုရှိရင် ပြောပါ။"
ကျွမ်းအာက ထိုစကားများကို ကြားလိုက်သောအခါ သူ(မ)၏ နောက်ဆုံးမျှော်လင့်ချက်ကို ရှာတွေ့လိုက်သကဲ့သို့ ဖြစ်နေသည်။ လည်ပင်းကနေ အံကြိတ်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။
"မုကုန်းကျစ်၊ တကယ်တော့ ကျွန်မ ဒါကို မုကုန်းကျစ်ကို မပြောသင့်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒါက ပုဂ္ဂိုလ်ရေးမိသားစုကိစ္စနဲ့ ပတ်သက်နေလို့ပါ။ ဒါပေမဲ့ မုကုန်းကျစ် သိတဲ့အတိုင်းပဲ ကူစစ်သူကြီးရဲ့ အိမ်တော်မှာက အစေခံသုံးယောက်ပဲ ရှိတာပါ။ ကျွန်မအပါအဝင်၊ ကျွန်မခင်ပွန်းနဲ့ ကျွန်မ ယောက္ခမတို့ပဲ ရှိတာ။ အခု စစ်သူကြီးကူ မရှိတော့ဘူးဆိုတော့ သခင်လေးကလည်း အရွယ်မရောက်သေးတဲ့အတွက် ဈာပနအခမ်းအနားအပြင်၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အခြားကိစ္စတွေကို ကျွန်မတို့ကပဲ ကြည့်ရှုပေးရမှာ။ ဒါပေမဲ့ ကျွန်မတို့ အလုပ်တွေ အများကြီးနဲ့ မအားမလပ်နိုင် ဖြစ်နေတယ်။"
"ဒီနေ့ ဈာပနကို လာရောက်တဲ့ ဧည့်သည်တွေအတွက် ညစာကို ကျွန်မတို့ ဘာမှ မပြင်ဆင်ရသေးဘူး။ အဲ့ဒါက မလုံလောက်သေးတဲ့အပြင် အခုလေးတင် နန်းတော်က မိန်းမစိုးတစ်ယောက်က ကျွန်မကို စာရွက်စာတမ်းအထပ်လိုက် ပေးပြီး စစ်သူကြီးရဲ့ ဈာပနကို ဒီစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။ ဒီစည်းမျဉ်းတွေထဲမှာ ဖိတ်ကြားသင့်တဲ့ ဧည့်သည်စာရင်းအပြင် ပေးအပ်သင့်တဲ့ လက်ဆောင်တွေလည်း ပါဝင်ပါတယ်။"
"မိန်းမစိုးက အများကြီး ပြောသွားပေမဲ့ ကျွန်မ တစ်ခုမှ နားမလည်ခဲ့ဘူး! တခြားတစ်ယောက်ယောက်ကို နားလည်လား မေးချင်ပေမဲ့ ကျွန်မခင်ပွန်းက ဘိုးဘေးခန်းမကို စောင့်ရှောက်ဖို့ အမွှေးတိုင်ထည့်နေတာနဲ့ ကျွန်မယောက္ခမက ဘုန်းတော်ကြီးတွေရဲ့ ဆွမ်းကို ပြင်ဆင်ပေးနေတာနဲ့..."
ကျွမ်းအာ စကားပြောလေလေ စိုးရိမ်စိတ်များ တိုးလာလေလေ ဖြစ်ပြီး မျက်ရည်များပင် ဝိုင်းလာသည်အထိ ဖြစ်လာသည်။ ထိုအခါ မုကျစ်မင်က ပြောလိုက်သည်။
"မထိတ်လန့်ပါနဲ့၊ စာရွက်စာတမ်းတွေကို ကျွန်တော့်ကို ပေးပါ။"
ကျွမ်းအာက စာရွက်စာတမ်းများကို မုကျစ်မင်ထံ အလျင်အမြန် ပေးလိုက်သည်။ ၎င်းတို့ကို လက်ခံရရှိပြီးနောက် မုကျစ်မင် သူလုပ်ဆောင်နေသည့်အရာက မသင့်လျော်ကြောင်း သဘောပေါက်လိုက်သည်။
ကျွမ်းအာတွင် အခက်အခဲများ ရှိသော်လည်း သူသည် ပြင်ပလူတစ်ဦးဖြစ်ပြီး ကူမြောင်၏ ဈာပနသည် ကုမိသားစုအတွက် အဓိကအရေးကြီးသော ကိစ္စဖြစ်သည်။ မုကျစ်မင် ဝင်ရောက်စွက်ဖက်ကာ ကုမိသားစု၏ အစေခံတစ်ဦးကို ညွှန်ကြားလိုက်ပါက၊ ၎င်းသည် သူ့လုပ်ပိုင်ခွင့်ကို ကျော်လွန်သည်⁸ဟု ဖြစ်သွားမည်။
မုကျစ်မင် တုံ့ဆိုင်းနေစဉ်မှာပင် မုပေါ်ရန်၏ အသံကို သူ့နောက်မှ ကြားလိုက်ရသည်။
"လီကျူး၊ အဲ့ဒီမှာ ဘာလုပ်နေတာလဲ။"
လန့်သွားသော မုကျစ်မင်မှာ စာရွက်စာတမ်းများကို သူ့လက်ထဲတွင် မသိစိတ်မှ ဖွက်လိုက်သည်။
မုပေါ်ရန်သာ ထိုကဲ့သို့ မယဉ်မကျေးလုပ်မှုကို သိသွားပါက မုကျစ်မင်ကို သုံးရက်ကြာ ဆူပူကြိမ်းမောင်းပြီး နားတစ်ဝက်ပိတ်သွားသည်အထိ ဆူပူလိမ့်မည်။
မုကျစ်မင် စာရွက်စာတမ်းများကို ဖွက်လိုက်သည်နှင့် မုပေါ်ရန် ရောက်လာကာ
"မင်းကို မြင်းလှည်းပေါ်မှာ စောင့်နေဖို့ ငါ မပြောခဲ့ဘူးလား။ မင်းက ဒီနားမှာ လာကစားနေပြီး ငါပြောတာကို နားမထောင်တာလား။"
ကျွမ်းအာက အတော်ပင် ဉာဏ်ကောင်းသူဖြစ်ပြီး ဤအခြေအနေကို မြင်သောအခါ စာရွက်စာတမ်းများအကြောင်းကို လုံးဝ မပြောတော့ပေ။ ထိုအစား သူ(မ)သည် အရိုအသေပေးကာ
"ယန်မြို့စားကို ဂါရဝပါတယ်။ ဒီအစေခံက ဝမ်းနည်းနေတာတွေ့လို့ မုကုန်းကျစ်က ကျွန်မကို ကြင်နာစွာ နှစ်သိမ့်ပေးနေတာပါ။"
ထိုအခါ မုပေါ်ရန်၏ မျက်နှာက အတော်လေး ပျော့ပြောင်းသွားသည်။ သူသည် မုကျစ်မင်ကို ဆူပူကြိမ်းမောင်းခြင်း ရပ်လိုက်ပြီး သူ့ကို အိမ်တော်မှ ထွက်ခွာစေခဲ့သည်။
____
မုကျစ်မင် စာရွက်စာတမ်းအထပ်လိုက်ကို မှားယွင်းစွာ အိမ်သို့ ယူဆောင်သွားခဲ့သည်။ ညစာစားပြီးနောက် မုကျစ်မင်က သူ့အဆောင်ခန်းတွင် တစ်ယောက်တည်း ထိုင်ကာ စာရွက်စာတမ်းများကို ကြည့်နေစဉ် ခေါင်းစတင်ကိုက်လာသည်။ ခဏလောက် စဉ်းစားပြီးနောက် သူသည် မြင်းမွေးနှင့်လုပ်ထားသည့်စုတ်တံ၊ မှင်၊ မှင်သွေးကျောက်နှင့် စာရွက်များကို ထုတ်ယူလိုက်သည်။ စကားတစ်ခွန်းမျှ မပြောဘဲ သူသည် စားပွဲတွင် ထိုင်ကာ စာရွက်စာတမ်းများကို တစ်ခုချင်းစီ ဖတ်ရှုခဲ့သည်။
နာရီဝက်ကျော်အကြာတွင် မုကျစ်မင် နောက်ဆုံး၌ ဝံပုလွေမွေးဖြင့် ပြုလုပ်ထားသော ကလောင်ကို ချလိုက်ပြီး စက္ကူပေါ်ရှိ လတ်ဆတ်သော မှင်စာလုံးများကို လေမှုတ်၍ ခြောက်စေသည်။ ထို့နောက် သူက ၎င်းကို ဂရုတစိုက် လိပ်ကာ သူ့လက်ထဲတွင် ဝှက်ထားပြီး မတ်တတ်ရပ်လိုက်သည်။ သူ၏ အဆောင်ခန်းတံခါးကို ဖွင့်ပြီးနောက် မုကျစ်မင်သည် ခေါင်းကို ကိုင်းညွတ်ကာ ဘေးခန်းမသို့ အော်ခေါ်လိုက်သည်။
" အားယင်!"
မုကျစ်မင် အော်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ဦး၏ အက်ျီလက်ထည်များ လေထဲတွင် လွင့်မျောသွားသံကို ကြားလိုက်ရသည်။ အလျင်အမြန် ချဉ်းကပ်လာသည့် အသံကို ကြားပြီးနောက် ဝမ်ဟယ့်ယင်သည် အပြာရင့်ရောင် ကိုယ်ရံတော်ဝတ်စုံဖြင့် မုကျစ်မင်ရှေ့သို့ ဆင်းသက်လာသည်။
ဝမ်ဟယ့်ယင်သည် နားအလွန်ပါးပြီး ဘေးချင်းကပ်နေထိုင်သောကြောင့် မုကျစ်မင် အော်လိုက်သည်နှင့် တစ်ပြိုင်နက် ရောက်ရှိလာနိုင်ခဲ့သည်။
"သခင်လေး၊ ဘာဖြစ်လို့လဲ။"
ဝမ်ဟယ့်ယင်က မေးလာသည်။
မုကျစ်မင် ပြောလိုက်သည်။
"ငါ အပြင်သွားရမယ်၊ ငါနဲ့ လိုက်ခဲ့။"
"ညသန်းခေါင်ကြီး အပြင်သွားရမှာလား။"
ဝမ်ဟယ့်ယင်သည် စိတ်ရှုပ်ထွေးသွားသည်။
"ဘယ်ကို သွားမှာလဲ။"
မုကျစ်မင်မှာ အသံကို နှိမ့်ကာ
"ငါ စစ်သူကြီးကူရဲ့ အိမ်တော်ကို သွားမလို့။ ငါ့မိဘတွေ မသိအောင် လျှို့ဝှက်သွားရမယ်။"
***
Aurora Novel Translation Team
Translator's Note:
(၁) ကျစ်ဝိန်းပန်း (紫薇 zīwēi): ရှေးခေတ်တုန်းက 'နျန်' လို့ခေါ်တဲ့ ကြမ်းတမ်းတဲ့သားရဲက လူသားတွေကို ဝါးမျိုပြီး လောကကြီးကို အန္တရာယ်ပြုခဲ့တယ်လို့ ဒဏ္ဍာရီမှာ ဆိုထားကြပါတယ်။ ဒါပေမဲ့ နတ်မင်းကြီးက ခရမ်းရောင်ကြယ် (紫微星 zīwēi xīng) ကို 'နျန်' ကို ထိန်းချုပ်ဖို့ လောကကို စေလွှတ်ခဲ့တယ်။ အဲ့ဒီနောက် ခရမ်းရောင်ကြယ်က လောကကြီး ငြိမ်းချမ်းစေဖို့ ကျစ်ဝိန်းပန်းအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ကျစ်ဝိန်းပန်းတွေက ခရမ်းရောင်ကြယ်ရဲ့ အသွင်ပြောင်းလဲမှုဖြစ်လို့ ဂုဏ်သိက္ခာနဲ့ ကံကောင်းခြင်းကို ကိုယ်စားပြုပါတယ်။ အဲ့အခြေအနေမှာ မကောင်းတဲ့ (ဒါမှမဟုတ် ကံမကောင်းတဲ့) ကြယ်တစ်ပွင့် လောကကြီးကို ကျရောက်လာပြီး ငြိမ်းချမ်းတဲ့ ကျစ်ဝိန်းပန်းကို နှောင့်ယှက်တာက တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ မတည်ငြိမ်တဲ့ အခြေအနေကို ကိုယ်စားပြုတာပါ။
(၂) ကျားအဆောင်အယောင် (虎符 hǔfú): ရှေးခေတ်တရုတ်ပြည်မှာ ဧကရာဇ်မင်းမြတ်က တပ်တွေကို စေလွှတ်ဖို့ အသုံးပြုတဲ့ ကျားပုံသဏ္ဌာန် ကြေး ဒါမှမဟုတ် ရွှေနဲ့ ပြုလုပ်ထားတဲ့ အပိုင်းနှစ်ပိုင်းပါ တိုကင်တစ်ခုပါ။ ဘယ်ဘက်ခြမ်းကို စစ်သူကြီးကို ပေးပြီး ညာဘက်ခြမ်းကို ဧကရာဇ်က ထိန်းသိမ်းထားပါတယ်။ အပိုင်းနှစ်ပိုင်းပေါင်းမှသာ ကိုင်ဆောင်သူက တပ်တွေကို ရွှေ့ပြောင်းဖို့ အခွင့်အာဏာ ရရှိတာပါ။