အခန်း (၂၂) - ကံကောင်းစွာဖြင့် ဤလောက၏ ဒီအပိုင်းငယ်လေးသည် သဲကန္တာရကဲ့သို့ မဟုတ်ခဲ့ပေ
မည်သူမျှ မသိစေရန် မုကျစ်မင်နှင့် ၀မ်ဟယ့်ယင်တို့သည် တိတ်ဆိတ်စွာ တံတိုင်းကို ကျော်တက်ကာ မုအိမ်တော်မှ ထွက်ခွာလာပြီး ကူအိမ်တော်သို့ မြင်းလှည်းဖြင့် သွားကြသည်။
ဝမ်းနည်းပူဆွေးရန် လာကြသော ဧည့်သည်များသည် နောက်ကျနေပြီဖြစ်၍ ပြန်သွားခဲ့ကြပြီ။ အဓိကတံခါးဝသည် လူသူကင်းမဲ့နေပြီး မီးတောက်များဖြင့် အဖြူရောင်မီးအိမ်နှစ်လုံးသည် ထူးဆန်းစွာ တောက်ပနေသည်။ မုကျစ်မင်က အဓိကတံခါးကို သွားခေါက်သော်လည်း တံခါးလာဖွင့်သူမှာ အတော်ကြာမှ ရောက်လာသည်။
ဝမ်ကျိုးချန် တံခါးဖွင့်လိုက်သောအခါ မုကျစ်မင်ကို မြင်လိုက်ရသဖြင့်
"ကုန်းကျစ်၊ ဒီနေ့ ဝမ်းနည်းပူဆွေးချိန် ကုန်ဆုံးသွားပါပြီ။ နောက်နေ့မှ ပြန်လာခဲ့ပါဗျ။"
"ကျွန်တော် ဝမ်းနည်းပူဆွေးဖို့ လာတာ မဟုတ်ပါဘူး။"
မုကျစ်မင်က ပြောလာသည်။
"စာရွက်စာတမ်းတွေ ပြန်ပေးဖို့ လာတာပါ။"
"စာရွက်စာတမ်းတွေ?"
ဝမ်ကျိုးချန် ရှုပ်ထွေးသွားသော်လည်း မုကျစ်မင်နှင့် ၀မ် (၁) ဟယ့်ယင်တို့ကို အိမ်တော်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
"ကုန်းကျစ်၊ ကျွန်တော်နဲ့အတူ အဓိကခန်းမဆောင်ကို လိုက်ခဲ့ပါဗျ။"
"မလိုပါဘူး။"
ဝမ်ကျိုးချန်မှာ အစေခံတစ်ဦးဖြစ်သော်လည်း မုကျစ်မင်က သူ့ကို အရိုအသေပြုလိုက်သည်။
"ခင်ဗျားရဲ့ ဇနီး ဒီမှာရှိလား။"
"ကျွန်တော့်ဇနီးကို ရှာတာလား။"
ဝမ်ကျိုးချန်က မေးလိုက်သည်။
"ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်အမေတို့က မီးဖိုချောင်မှာ ထမင်းစားနေကြပါတယ်။"
၀မ်ဟယ့်ယင်က တဲ့တိုးပြောလိုက်သည်။
"ခင်ဗျားတို့မိသားစု ညစာစားဖို့ အရမ်းနောက်ကျမနေဘူးလား။ ခင်ဗျားတို့ ပုံမှန်ဆို ဘယ်အချိန်စားကြတာလဲ။"
ဝမ်ကျိုးချန် ဘာမှ မရှင်းပြဘဲ ပြုံးလိုက်သည်။ မုကျစ်မင်သည် သူတို့ မကြာသေးမီက အလုပ်များနေခဲ့ကြသည်ကို သိနေသဖြင့် ယခုအချိန်က သူတို့ အနားယူပြီး ထမင်းပူပူစားနိုင်သည့် တစ်ခုတည်းသော အချိန်ဖြစ်ရမည်ဟု တွေးလိုက်သည်။
"ကျွန်တော့်ကို မီးဖိုချောင်ကို ခေါ်သွားပေးပါ။"
"ဟမ်... ဒါပေမဲ့ ကုန်းကျစ်၊ အဲ့ဒါက အစေခံတွေ နေတဲ့နေရာပါ။"
ဝမ်ကျိုးချန်က စိတ်ရင်းမှန်ဖြင့် ပြောသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ခေါ်သွားပေးပါ။"
မုကျစ်မင်က တိုက်တွန်းသည်။
ဝမ်ကျိုးချန် ဆက်မငြင်းတော့ဘဲ မုကျစ်မင်ကို မီးဖိုချောင်သို့ ခေါ်သွားသည်။ မီးဖိုချောင်က သန့်ရှင်းရေးမလုပ်ရသေးဘဲ ဟင်းသီးဟင်းရွက်ခြင်းများ၊ ဆွမ်းများ၊ ထင်းများဖြင့် ရှုပ်ပွနေသည်။ ကျွမ်းအာနှင့် ဒေါ်လေးလျန်တို့သည် မြေအိုးမီးဖိုရှေ့တွင် စုပုံနေပြီး ထမင်းစားနေကြသည်။ ဝမ်ကျိုးချန် လူခေါ်လာသည်ကို မြင်သောအခါ သူတို့မျက်နှာများ ရှုပ်ထွေးသွားသော်လည်း ရုတ်တရက် ကျွမ်းအာက သူတို့ထဲမှ တစ်ဦးကို မှတ်မိသွားသည်။ သူ(မ)က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် မုကုန်းကျစ်ဟု ကြိုဆိုလိုက်သည်။
မုကျစ်မင် သူ၏ အင်္ကျီလက်ထဲမှ စာရွက်စာတမ်းများကို ထုတ်ယူကာ
"ကျွန်တော် ညဥ့်နက်မှ လာရောက်လည်ပတ်ပြီး ခင်ဗျားတို့ရဲ့ ညစာစားချိန်ကို အနှောင့်အယှက်ပေးမိတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့သုံးယောက်နဲ့ ဆွေးနွေးရမဲ့ ကိစ္စတစ်ခုရှိလို့ပါ။"
ထိုသို့ပြောရင်း မုကျစ်မင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် ဟင်းသီးဟင်းရွက်ခြင်းအနီးရှိ မီးမွှေးရန် အသုံးပြုသော ခုံတိုလေးတစ်ခုကို ဆွဲထုတ်ကာ ဖော်ရွေစွာ ထိုင်လိုက်ပြီး စာရွက်စာတမ်းများအား ကျွမ်းအာကို ပေးလိုက်သည်။
"ကျွန်တော်ကိုယ်တိုင် မှတ်စုတွေ ထပ်ဖြည့်ထားပါတယ်။ တစ်ချက်လောက် ကြည့်ပြီး နားလည်လားဆိုတာ ပြောပြပါဦး။"
ကျွမ်းအာလည်း စာရွက်စာတမ်းများကိုယူကာ အလျင်အမြန် ဖတ်ကြည့်လိုက်သည်။ လုပ်ဆောင်ရမည့် ညွှန်ကြားချက်များကို ပိုမိုရိုးရှင်းစွာ၊ ဂရုတစိုက်ဖြင့် ရေးသားထားသည်ကို သူ(မ) သတိပြုမိသည်။ ဤအခြေအနေတွင် သူ(မ)၏မျက်လုံးများထဲ မျက်ရည်များ ပြည့်လာပြီး ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်သည်။
"နားလည်ပါပြီ။"
"ကောင်းပြီ"
မုကျစ်မင်က စိတ်အေးလက်အေး ခေါင်းညွတ်လိုက်သည်။
"တကယ်တော့... ကျွန်တော် ခင်ဗျားတို့သုံးယောက်နဲ့ စစ်သူကြီးကူရဲ့ ဈာပနအခမ်းအနားအကြောင်း ပြောချင်တာပါ။ ဒါပေမဲ့ ကျွန်တော်က အပြင်လူတစ်ယောက်ဖြစ်ပြီး စစ်သူကြီးကူက ကျွန်တော့်ဆွေမျိုး မဟုတ်တော့...."
"အဲ့လို မပြောပါနဲ့၊ ကုန်းကျစ်။"
ဒေါ်လေးလျန်က ပြောလိုက်သည်။
"ကုန်းကျစ် မြင်တဲ့အတိုင်းပါပဲ၊ ကျွန်မတို့ ဘာမှ မသိပါဘူး။ စစ်သူကြီးရဲ့ ဈာပနအခမ်းအနားကို ကူညီဆောင်ရွက်ပေးချင်သူ ရှိတယ်ဆိုတာ ကျွန်မတို့အတွက် ကံကောင်းခြင်းပါပဲ။"
မုကျစ်မင် အနည်းငယ် စိတ်သက်သာရာရသွားပြီး ဈာပနအခမ်းအနားအတွက် ကူလုပ်ပေးမည့်သူများကို ခေါ်ရန် လိုအပ်ကြောင်း ပြောပြလိုက်သည်။ ဝမ်းနည်းကြောင်း လာရောက်ဖော်ပြကြသူများအတွက် အစားအစာနှင့် လက်ဖက်ရည် တိုက်ကျွေးခြင်း၊ ခေါင်းတလားကို သင်္ချိုင်းသို့ သယ်ဆောင်ပေးမည့်သူများကို ရှာဖွေခြင်းစသည့် အလုပ်များပါဝင်သည်။ မုကျစ်မင်က သူတို့ လုပ်ဆောင်ရမည့်အရာများကို တစ်ခုချင်းစီ ညွှန်ကြားခဲ့သည်။ သို့ပေမဲ့ နောက်ဆုံးတွင် သူတို့သုံးယောက်လုံး အားလုံးမှတ်မိနိုင်မည် မဟုတ်မှာကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် လူများ လာရောက်ခြင်းမပြုမီ အထူးဂရုစိုက်ရမည့်အရာများကို ချရေးခဲ့ပြီး ထို့နောက် ဒေါ်လေးလျန်အား ပေးအပ်ခဲ့သည်။
အစေခံသုံးယောက်လုံးက မုကျစ်မင်ကား ငယ်ရွယ်သောအရွယ်၌ ဤမျှ စေ့စပ်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြသော်လည်း သူက သူတို့ကို ကူညီရန် အကောင်းဆုံး ကြိုးစားနေသည်ကို မြင်တွေ့ခဲ့ကြရသည်။ သူတို့သုံးယောက်လုံးသည် မုကျစ်မင်ကို အလွန်ကျေးဇူးတင်ခဲ့ကြပြီး မျက်လုံးများ မျက်ရည်များဖြင့် နီရဲလာကာ သူ့ကို ဦးညွတ်၍ စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်လိုခဲ့ကြသည်။
"ဒီရက်တွေက ခင်ဗျားတို့အတွက် ခက်ခဲခဲ့ပါတယ်။ ကျေးဇူးတင်စရာ မလိုပါဘူး။ တခြား ဘာမှ မရှိတော့ရင် ကျွန်တော် ပြန်ပါတော့မယ်။"
မုကျစ်မင်က ပြောပြီး ထွက်ခွာရန် ရည်ရွယ်ချက်ဖြင့် မတ်တတ်ရပ်လိုက်သည်။
သို့သော် ထိုအချိန်တွင် ဒေါ်လေးလျန်က ရုတ်တရက် ဒူးထောက်ကာ တုန်ရီနေသောအသံဖြင့် မုကျစ်မင်ကို တောင်းပန်လိုက်သည်။
"မုကုန်းကျစ်၊ တကယ်တော့ ကျွန်မ မုကုန်းကျစ်ကို အကူအညီတောင်းစရာတစ်ခု ရှိပါသေးတယ်။ ကျွန်မ မုကုန်းကျစ်ကို အတင့်ရဲပြီး တောင်းဆိုရတာပါ။"
"ကျေးဇူးပြုပြီး ထပါ။"
မုကျစ်မင် လန့်သွားပြီး ဒေါ်လေးလျန်ကို မတ်တတ်ရပ်နိုင်ရန် အလျင်အမြန် ကူညီလိုက်သည်။
"တခြား လိုအပ်တာရှိရင် ပြောပါ။ ကျွန်တော့်ကို ဒူးထောက်ပြီး တောင်းဆိုစရာ မလိုပါဘူး။"
ဒေါ်လေးလျန်က မုကျစ်မင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း အသံဝင်သွားသည်။
"မုကုန်းကျစ်၊ ကျေးဇူးပြုပြီး ကျွန်မတို့ သခင်လေးကို နားဝင်အောင် ကူပြောပေးပါဦး။"
မုကျစ်မင် တအံ့တဩဖြစ်သွားသည်။
"ကူရှုန်းလား။ သူ ဘာဖြစ်လို့လဲ။"
ဒေါ်လေးလျန်က ပြင်းပြင်းထန်ထန် ငိုကြွေးရင်း သက်ပြင်းချလိုက်သည်။
"သခင်လေးက ဝမ်းနည်းပူဆွေးတဲ့ ခန်းမထဲမှာ နှစ်ရက်နှစ်ညလုံး ဒူးထောက်နေတာ ထမင်းလည်း မစားဘူး၊ ရေတစ်စက်တောင် မသောက်ဘူး။ ခုနက ကျွန်မ သွားပြီး သူ့ကို ထမင်းပူပူလေးစားပြီး နားနားနေနေ,နေဖို့ ပြောခဲ့ပေမဲ့ သူက ထဖို့ ငြင်းနေတုန်းပါပဲ။"
မုကျစ်မင်၏ ရင်ထဲ၌ တစ်ဟုန်ထိုး တုန်လှုပ်သွားသည်။
"ကျွန်တော်က ဘယ်လိုလုပ်... ခင်ဗျားတို့လို သူနဲ့ ရင်းနှီးသူတွေတောင် ဆွဲဆောင်လို့ မရတာ။ ကျွန်တော့်လို အပြင်လူက ဘယ်လိုလုပ် ပြောလို့ရနိုင်မှာလဲ။"
ဒေါ်လေးလျန်က ခေါင်းခါလိုက်သည်။
"မုကုန်းကျစ်၊ ကျွန်မတို့က အစေခံတွေပါ။ စကားကို ကောင်းကောင်း မပြောတတ်ပါဘူး။ မုကုန်းကျစ်ကတော့ စာပေနဲ့ လူမှုရေး အသိပညာ ရှိပါတယ်။ မုကုန်းကျစ်က စကားပြော အရမ်းကောင်းပြီး သူ့ကို ပြောနိုင်မှာပါ။ မုကုန်းကျစ်က ကျွန်မတို့အားလုံးထက် ပိုပြီး ပြောလို့ရနိုင်မှာပါ။ ကျေးဇူးပြုပြီး ကြိုးစားကြည့်ပေးပါနော်။"
"ကျွန်တော်... ဒါပေမဲ့ သူက ကျွန်တော့်ကို သိပ်ဂရုမစိုက်ဘူး၊ သူက ကျွန်တော့်ကို အဲ့လို ဆက်ဆံတာ... ပြီးတော့ ဒီလောက်တောင် နောက်ကျနေပြီလေ... ရုတ်တရက် ဝင်ရောက်စွက်ဖက်ဖို့က အရမ်း မသင့်တော်ဘူး..."
မုကျစ်မင် ထပ်ခါတလဲလဲ တွန့်ဆုတ်နေကာ စကားများ လွတ်ထွက်နေသည်။
ဒေါ်လေးလျန်က သူ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်နှင့် စိတ်အားထက်သန်စွာ ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။
"မုကုန်းကျစ်၊ ကျွန်မတို့ သခင်လေးက ဂရုမစိုက်တာ မဟုတ်ပါဘူး။ သူက စကားမပြောတတ်တာပါ။ သူ ကလေးဘဝကတည်းက ကြိုက်တဲ့အရာတွေအကြောင်း တစ်ခါမှ မပြောဖူးဘူး။ တစ်ခါမှ ငြင်းခုံမဖူးဘူး။ ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်လည်း မဟုတ်ပါဖူး။ လူတိုင်းက သူ့ကို ရင့်ကျက်ပြီး စဉ်းစားတတ်တဲ့ လူငယ်တစ်ယောက်လို့ ပြောကြပေမဲ့ အဲ့ဒီလို ပြောလေလေ သူ ပိုဆိုးလေလေပါပဲ။ တခြားလူတွေက သူ့ကို နားမလည်ကြပေမဲ့ ကျွန်မက သူကြီးပြင်းလာတာကို မြင်ခဲ့ရတာပါ။"
"ဒီလောကမှာ မွေးရာပါ ခံနိုင်ရည်ရှိသူ ဘယ်သူရှိလို့လဲ။ ပုခက်ထဲမှာ ငိုကြွေးနေတဲ့ ကလေးငယ်တစ်ယောက် မဟုတ်ခဲ့တဲ့သူ ဘယ်သူရှိလို့လဲ။ သူ့ရဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုကို နားလည်ပေးနိုင်တဲ့သူ တစ်ယောက်လောက်သာ ရှိခဲ့ရင် သူ အချိန်တိုင်း အတင်းဟန်ဆောင်နေစရာ မလိုတော့ဘူး။ သူ ဘာကြောင့် သူ့ဝေဒနာတွေကို သူ့ရင်ထဲ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတယ်လို့ မုကုန်းကျစ် ထင်ပါသလဲ။"
ဒေါ်လေးလျန်၏ စကားများက မုကျစ်မင်ကို တုန်လှုပ်သွားစေပြီး သူ၏ စိတ်ထဲ၌ လှုပ်ရှားခြောက်ခြားသွားစေသည်။
မုကျစ်မင် သူ့ဘဝဟောင်း၌ လမ်းပေါ်က ပုံပြင်ပြောသူများက ကူဟယ့်ရန်သည် စစ်မြေပြင်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့စဉ်က အသက် ၁၇ နှစ်သာ ရှိသေးသည်ဟု ပြောခဲ့ကြောင်း၊ သူ့ကို ထူးချွန်ပြီး သူရဲကောင်းဆန်သော လူငယ်တစ်ဦးအဖြစ် ဖော်ပြခဲ့ကြောင်း ပြန်သတိရလိုက်သည်။ ထိုသူသည် စစ်မြေပြင်တွင် မည်သူမျှ မယှဉ်နိုင်ရုံသာမက သံသွေးသံမဏိစစ်သူကြီးတစ်ဦးလည်းဖြစ်ပြီး တစ်နိုင်ငံလုံးကို တုန်လှုပ်စေကာ တစ်ဖက်ရန်သူများကို ခြိမ်းခြောက်ခဲ့သည်။ သူက ကောင်းကင်ကိုပင် ရင်ဆိုင်ရဲလောက်အောင် ရဲရင့်ခဲ့သည်။
တစ်နိုင်ငံလုံးက ကူဟယ့်ရန်ကို မြင့်မြတ်သည့်နေရာမှာ တင်စားခဲ့ကြသည်။ ဒါပေမဲ့ သူ့မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီဆိုတာကိုရော ဘယ်သူများ တွေးမိခဲ့ဖူးလို့လဲ။ ဒါမှမဟုတ် ကူဟယ့်ရန် ရန်သူတွေရဲ့ ခေါင်းတွေကို ဖြတ်၊ သူတို့ရဲ့သွေးတွေနဲ့ သူ့ဓားကို ဆေးကြောခဲ့တဲ့အချိန်မှာ သူက ၁၇ နှစ်ထက် မပိုသေးဘူးဆိုတဲ့ အချက်ကိုရော ဘယ်သူက တွေးမိခဲ့လို့လဲ။
"ဟုတ်ကဲ့။"
မုကျစ်မင်က ဒေါ်လေးလျန်ကို ထရပ်နိုင်အောင် ကူညီပေးပြီး ပြောလိုက်သည်။
"ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။"
"ကျေးဇူးတင်ပါတယ်၊ မုကုန်းကျစ်။"
ဒေါ်လေးလျန်က သူ(မ)၏မျက်ရည်များကို သုတ်လိုက်သည်။
မုကျစ်မင်က ၀မ်ဟယ့်ယင်ကို ပြောလိုက်၏။
"အားယင်၊ ငါ့ကို ဒီမှာပဲ စောင့်နေလိုက်။"
"ဟုတ်ကဲ့။"
၀မ်ဟယ့်ယင် ခေါင်းညိတ်လိုက်ပြီး လက်မောင်းများကို လိပ်တင်လိုက်သည်။
"ကျွန်တော်လည်း အားနေမှာဆိုတော့ ဒီမီးဖိုချောင်က ဒီလောက် ရှုပ်ပွနေတာ၊ ကျွန်တော် ကူရှင်းပေးလိုက်ပါ့မယ်။"
ဒေါ်လေးလျန်က ၀မ်ဟယ့်ယင်ကို အလုပ်လုပ်ခွင့် မပေးဘဲ ဝမ်ကျိုးချန်ကို ၀မ်ဟယ့်ယင်အား ထိုင်ခိုင်းရန် အချက်ပြပြီး ကျွမ်းအာကို သူ့အတွက် သရေစာအချို့ ယူလာခိုင်းလိုက်သည်။
မုကျစ်မင် မီးဖိုချောင်မှ ထွက်ခွာပြီး ဝမ်းနည်းပူဆွေးသည့် ခန်းမသို့ သူ့ဘာသာသူ သွားခဲ့သည်။
လခြမ်း၏ အလင်းရောင်သည် မည်းမှောင်သော ညကို ဆန့်ကျင်၍ အေးစက်နေသည်။ ဝမ်းနည်းပူဆွေးသည့် ခန်းမရှေ့တွင် တစ်ကိုယ်တည်းနှင့် ဆိတ်ငြိမ်နေသော အဖြူရောင် ဝိညာဉ်ခေါ်အလံများ (၂) က လေနှင့်အတူ လှုပ်ရှားနေသည်။ အမွှေးတိုင်များနှင့် ရွှေစက္ကူများ မီးရှို့ရာမှ ထွက်လာသော မီးခိုးများသည် လေထဲတွင် ဝဲပျံနေ၏။ ကူဟယ့်ရန်သည် ခေါင်းတလားနှင့် ပူဇော်ရာပြားရှေ့တွင် ဒူးထောက်နေဆဲဖြစ်ပြီး အပြင်မှ တိုက်ခတ်လာသော လေ၏ ရှိုက်သံက ခန်းမ၏ ထောင့်တိုင်းသို့ ထိုးဖောက်ဝင်ရောက်နေသည်ကို နားထောင်နေသည်။
ကြာရှည်စွာ ဒူးထောက်ထားပြီးနောက် ကူဟယ့်ရန် မတ်တတ်ရပ်နိုင်ခြင်းမရှိတော့ပေ။ သူသည် ခေါင်းမူးနေရုံသာမက ခါးနာခြင်း၊ ဒူးခေါင်းများ တောင့်တင်းခြင်း၊ ပခုံးများ ချည့်နဲ့ခြင်းတို့ကိုပါ ခံစားနေရသည်။ သူ ဒီနေရာတွင် ဒူးထောက်နေခြင်းက အဓိပ္ပာယ်မရှိကြောင်း သိသော်လည်း အခြား ဘာလုပ်ရမည်ကို မသိတော့ချေ။ သူသည် ကောင်းကင်နှင့်မြေကြီး နှစ်ခုစလုံးက သူ့အား မေ့သွားစေချင်ခဲ့သည်။
ကူဟယ့်ရန် စောင့်ဆိုင်းနေမိသည်။ သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကုန်ဆုံးသွားပြီး မေ့လဲသွားစေရန် စောင့်နေခဲ့သည်။ ထိုအခါမှသာ သူ၏ မပြောနိုင်သော ဝမ်းနည်းမှုများအပါအဝင် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုပါ မှောင်မိုက်ထဲသို့ နှစ်မြှုပ်နိုင်လိမ့်မည်ပင်။
မုကျစ်မင်၏ ဘဝဟောင်းတွင် ကူဟယ့်ရန်သည် ဤကဲ့သို့ပင် ခုနစ်ရက်ကြာ ခံနိုင်ရည်ရှိခဲ့သည်။ ထမင်းမစား၊ ရေမသောက်ဘဲ သားသမီးဝတ္တရားအရ ဒူးထောက်နေခဲ့ပြီး မေ့လဲသွားလိုက်၊ ပြန်နိုးလာလိုက်နှင့် အကြိမ်ကြိမ် ဖြစ်ခဲ့သည်။
ဤဘဝတွင်လည်း ထိုသူက ထိုနည်းအတိုင်းပင် လုပ်ဆောင်လိမ့်မည်။
ထိုအချိန်တွင် ကူဟယ့်ရန်က ညင်သာသော ခြေသံများ သူ့ဆီသို့ ချဉ်းကပ်လာသည်ကို ကြားလိုက်ရသည်။ စိတ်အားမလိုအားမရဖြင့် ကူဟယ့်ရန် ခေါင်းကိုမော့ကာ မည်သူလာသည်ကို ကြည့်လိုက်သည်။ မူးဝေနေစဉ် သူ မေ့လဲသွားပြီဟု ထင်လိုက်ပြီး သူ မြင်တွေ့နေရသည်မှာ အိပ်မက်တစ်ခုဟုသာ ထင်နေခဲ့မိသည်။
'မဟုတ်ရင် ထိုသူက ဘယ်လိုလုပ် သူ့ကို လာတွေ့နိုင်မှာလဲ။'
မုကျစ်မင်သည် ကူဟယ့်ရန်ဘေး၌ ဒူးထောက်လိုက်ပြီး ပူဇော်ရာပြားအား ရိုသေစွာ ဦးညွတ်လိုက်သည်။
ဂါရဝပြီးနောက် မုကျစ်မင်က ခေါင်းကိုလှည့်၍ ကူဟယ့်ရန်ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် လူငယ်နှစ်ဦးသည် စကားတစ်ခွန်းမျှ မပြောဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
ဒေါ်လေးလျန်က မုကျစ်မင်အား ကူဟယ့်ရန်ကို ပြောပေးရန် တောင်းဆိုခဲ့သော်လည်း မုကျစ်မင် ဘာပြောနိုင်မည်နည်း။ တခြားသူများကို တိုက်တွန်းလိုသောအခါ ဘာပြောရမည်နည်း။ ဒေါ်လေးလျန်နှင့် အခြားသူများ မပြောရသေးသော စကားများဖြင့် ကူဟယ့်ရန်ကို အနားယူရန် မုကျစ်မင် ဘာပြောနိုင်မည်နည်း။
သို့ပေမဲ့ မုကျစ်မင်သည် ကူဟယ့်ရန်အား အနားယူရန် ပြောခဲ့လျှင်ပင် ကူမြောင်ကို ပြန်အသက်ရှင်လာစေမည်လား။ ကူဟယ့်ရန် တစ်ယောက်တည်းဖြစ်နေသည်ကို ရပ်တန့်စေမည်လား။
မုကျစ်မင် တိတ်ဆိတ်စွာ နေလိုက်သည်။ သူ့အနေနှင့် ကူဟယ့်ရန်ကို ပြောဆိုလိုခြင်းမရှိဘဲ ကူဟယ့်ရန်ကို တိတ်ဆိတ်စွာ အဖော်ပြုပေးလိုခြင်းသာ။
ဝမ်းနည်းပူဆွေးသည့် ခန်းမထဲတွင် ဖယောင်းတိုင်ဖြူများ၏ မီးတောက်များ တဖျပ်ဖျပ်လင်းနေစဉ် အေးသောလေက အပြင်မှ တိုက်ခတ်လာသည်။ ကူဟယ့်ရန် ထိုအချိန်တွင် နှေးကွေးစွာ ပါးစပ်ဖွင့်လိုက်ပြီး သူ့မျက်လုံးများက ကူမြောင်၏ ပူဇော်ရာပြားပေါ် ကျရောက်နေသည်။ သူ့အသံမှာ မကြားရလောက်အောင်ပင် တိုးညင်းနေကာ
"သူ စစ်ထွက်ခွာမသွားခင် ကိုယ် သူ့ကို ပြန်မလာရင် နောင်တရမှာလားလို့ မေးခဲ့တယ်။ သူကပြောတယ် ဘာနောင်တမှ မရှိဘူးတဲ့။ ကိုယ်တို့ နှုတ်ဆက်တဲ့နေ့မှာ သူ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာကို ကိုယ် ကြည့်နေခဲ့ရတာ။"
မုကျစ်မင်က သူ့ကိုကြည့်ပြီး တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ကူဟယ့်ရန်က 'ကိုယ် ဘာမှ မပြောခဲ့ဘူး' ဟူသော စကားစုကို ထပ်ခါတလဲလဲ ပြောနေသည်အား သူ ကြားနေရသည်။
ထိုစကားလုံးငါးလုံးတည်းသာ ရှိသော်လည်း ထိုအချိန်တွင် ကူဟယ့်ရန်ဘက်မှ ကူမြောင်အား မည်မျှများသော စကားများကို ပြောချင်ခဲ့မှန်း မည်သူမှ မသိနိုင်ပေ။ သို့ပေမဲ့ နောက်ဆုံးတွင် စကားတစ်ခုသာ ကျန်ရှိခဲ့သည် - ကိုယ် ဘာမှ မပြောခဲ့ဘူး။
ကူဟယ့်ရန်၏ မျက်လုံးအစုံ၏ နက်ရှိုင်းသောအပိုင်းတွင် ရှိနေသည့် ဂရုမစိုက်မှုများကို မျက်ရည်ကြည်များက ဖုံးလွှမ်းသွားပြီး ပါးပြင်ပေါ်သို့ ဖြည်းညင်းစွာ စီးကျလာသည်။ ချက်ချင်းဆိုသလို တစ်ကိုယ်တည်းမျက်ရည်များသည် မရပ်မနားနိုင်သော မိုးသည်းထန်စွာ ရွာသွန်းမှုအဖြစ် ပြောင်းလဲသွားသည်။ ဝမ်းနည်းဖွယ်သတင်းကို ရရှိပြီးကတည်းက တည်ငြိမ်နေခဲ့သော လူငယ်လေးသည် သူ့အား တစ်စုံတစ်ယောက်က အဖော်ပြုရန် ဆုံးဖြတ်လိုက်သည့်အချိန်တွင် ရှိုက်ကြီးတငင်ငင် ငိုကြွေးခဲ့သည်။
အေးခဲသော နှင်းများကျနေသည့် ဆောင်းညတစ်ညတွင် ဝမ်းနည်းပူဆွေးသည့် ခန်းမထဲ၌ မုကျစ်မင်က လက်ဆန့်ထုတ်လိုက်ပြီး အကူအညီမဲ့နေသော ကူဟယ့်ရန်ကို လက်မောင်းများဖြင့် ပွေ့ဖက်လိုက်သည်။ မုကျစ်မင်သည် ကူဟယ့်ရန်အား သူ့ပခုံးပေါ်တွင် ခေါင်းတင်ခွင့်ပြုလိုက်သည်။ ကူဟယ့်ရန်၏ မျက်ရည်များဖြင့် သူ့ရင်ဘတ်ကို စိုစွတ်စေခဲ့သည်။ ကူဟယ့်ရန်အား သူ့ရင်ခွင်ထဲ၌ သူ့ရှိုက်သံများကို ဝှက်ထားခွင့်ပြုလိုက်သည်။ ကူဟယ့်ရန်၏ တစ်ကိုယ်တည်း အေးစက်နေသော ကိုယ်ခန္ဓာကို လူသားဆန်သော နွေးထွေးမှုအနည်းငယ် ရရှိစေခဲ့သည်။
လောကကြီးသည် ဆိုးရွားသော အခြေအနေ၌ ရှိနေနိုင်သော်လည်း ကံကောင်းစွာဖြင့် ဤလောက၏ ဒီအပိုင်းငယ်လေးသည် သဲကန္တာရကဲ့သို့ မဟုတ်ခဲ့ပေ။
***
Aurora Novel Translation Team
Translator's Note:
(၁) ၀မ်ဟယ့်ယင်နှင့် ဝမ်ကျိုးချန်တို့ရဲ့ မျိုးရိုးအမည်တွေက စာလုံးတူ မဟုတ်တာကို ရှင်းရှင်းလင်းလင်း သိစေချင်တာပါ။ 闻 wén 鹤音 hè yīn (၀မ်ဟယ့်ယင်) နဲ့ 温 wēn 钟诚 zhōng chéng (ဝမ်ကျိုးချန်) ဒီလိုမျိုးပါ။
(၂) ဝိညာဉ်ခေါ် အလံ (招魂幡 zhāo hún fān): တရုတ်ရိုးရာ ဈာပနထုံးတမ်းစဉ်လာတွေမှာ ဝိညာဉ်ခေါ် အခမ်းအနား ကျင်းပရာမှာ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကို ဆွဲဆောင်ဖို့ တာအိုဘုန်းကြီးတွေက အသုံးပြုပါတယ်။ ရိုးရာပုံပြင်အရ ကွယ်လွန်သွားတဲ့သူရဲ့ ဝိညာဉ်က အဝေးကို မရောက်သေးကြောင်း ယုံကြည်ကြတယ်။ ဝိညာဉ်ကို နှုတ်ဆက်ပြီး ပြန်လာခွင့်ပြုပါက သေဆုံးသူက ပြန်လည်မွေးဖွားနိုင်သေးတယ်လို့ ဆိုကြပါတယ်။