အခန်း (၂၇) - မူးလာတာနဲ့ ကမူးရှူးထိုးတွေ လုပ်တော့တာပဲ
နယ်စပ်အလွန်တွင် မိတ်ဆွေဟောင်းဖြင့် ပြန်လည်ဆုံစည်းရခြင်း၏ပျော်ရွှင်မှုက ခရီးရှည်ကြီး၏ ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောပေးလိုက်သည်။ မုကျစ်မင်သည် ကူဟယ့်ရန်ကို နှုတ်ဆက်စကားဆိုပြီးနောက်တွင် ရွှီကျိဝေနောက်သို့လိုက်ကာ စစ်စခန်းထဲသို့ လိုက်ပါသွားသည်။
ရွှီကျိဝေသည် စစ်တန်းလျားတွင် နေထိုင်သော်လည်း အသွင်အပြင်ပုံစံက စိတ်သဘောထားနူးညံ့သည့် ကျက်သရေရှိသောစာသင်သားပုံစံနှင့်တူသည်။ မုကျစ်မင်၏တဲရှိရာသို့ လျှောက်လာရင်းဖြင့် မုကျင်မင်နှင့် ရွှီကျိဝေသည် အပြန်အလှန်စကားပြောလာကြသည်။ တဲသို့ ရောက်ပြီးနောက်တွင် ရွှီကျိဝေက အမြန်ပင် မုကျစ်မင်ကို ပြောလိုက်သည်။
''တစ်နေ့တာအတွက် လိုအပ်တာရှိရင် ကျွန်တော့်ကို လာရှာလို့ရပါတယ်။''
ထိုသို့ပြောပြီးနောက်တွင် ရွှီကျိဝေက ပြုံးပြလိုက်ပြီး
''ကျွန်တော်တို့စစ်သူကြီးရဲ့တဲက မုသာ့ရန်ရဲ့တဲ အရှေ့ဘက်မှာ ရှိပါတယ်။''
''ကျေးဇူးတင်ပါတယ် စစ်ရေးအကြံပေးရွှီ။''
မုကျစ်မင်က ဦးညွတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
''နောက်ကျနေပြီပဲ မုသာ့ရန်။ ကောင်းကောင်းအနားယူပါ။''
ရွှီကျိဝေက မိမိဘာသာ ဆင်ခြေပေး၍ ပြန်သွားလေသည်။
ထိုအချိန်တွင် မုကျစ်မင်နှင့် ဝမ်ဟယ့်ယင်တို့သာ တဲထဲတွင် ကျန်ခဲ့သည်။ တစ်ချိန်လုံး ချုပ်တည်းထားရသောဝမ်ဟယ့်ယင်သည် နောက်ဆုံးတွင် အနားယူရလေပြီ။ မုကျစ်မင်နှင့် စကားပြောနေရင်းဖြင့် ဝမ်ဟယ့်ယင်သည် စောင်များနှင့်သားမွေးများကို ကောက်ယူကာ ဝါးခုတင်ပေါ်တွင် ခင်းလိုက်သည်။
''သခင်လေး၊ ဒီလောက် အေးတိအေးစက်နိုင်တဲ့စစ်သူကြီးကို ဘာလို့ ပြုံးရွှင်နေတဲ့မျက်နှာမျိုး အမြဲပြနေရတာလဲ။ သူကတော့ သခင်လေးကို လုံးဝကြိုက်တဲ့ပုံမပေါ်ဘူးဆိုတာကို မြင်နေရတယ်။''
မုကျစ်မင်သည် ခေါင်းမှ အစိမ်းရောင်ကျောက်စိမ်းခေါင်းပတ်အဆင်တန်ဆာကို ချွတ်ကာ ရယ်လိုက်မိသည်။
''အဲ့လောက်တောင်သိသာနေတာလား။''
''သိသာတာပေါ့! စစ်သူကြီးကူက သခင်လေးနဲ့ မပက်သက်ချင်ဘူးဆိုတာ အရှင်းကြီးပဲကိုး။ သခင်လေးကသာ တွေ့ကြမယ်ပြောနေတာ တွေ့ရင်ရော ဘာအကြောင်းများ ပြောကြမှာလဲ။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး တိတ်ဆိတ်နေပြီး တစ်ယောက်ကိုတစ်ယောက် မျက်လုံးအပြူးသားနဲ့ ထိုင်ကြည့်နေကြမှာလား။''
ဝမ်ဟယ့်ယင်က မကျေမနပ်ဖြင့် ခနဲ့လိုက်သည်။
မုကျစ်မင် ရယ်လိုက်မိလေသည်။ ရှည်လျားနက်မှောင်သောဆံကေသာကို ဖြေချလိုက်သောအခါတွင် ရေတံခွန်နှယ် ပခုံးထက်သို့ ကျဆင်းနေသည်။ ထို့နောက်တွင် အိပ်ရာဘေးမှ ကြေးဇလုံထဲရှိရေနွေးဖြင့် မိမိဘာသာ ဆေးကြောလိုက်သည်။
''အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ အိပ်တော့။ ငါတို့ ရက်ပေါင်းများစွာ မနားမနေခရီးထွက်လာရတာ။ ငါပင်ပန်းနေပြီ။''
နောက်တစ်နေ့မနက်တွင်မူ ဝမ်ဟယ့်ယင်သည် တဲပြင်မှ ဆူဆူညံညံအသံများကြောင့် နိုးလာသည်။ သမ်း၍ အကြောဆန့်လိုက်ပြီး အိပ်ရာထက်မှ ခေါင်းထောင်ကြည့်လိုက်သောအခါ၌ စာရေးစားပွဲရှေ့တွင် ထိုင်နေသောမုကျစ်မင်ကို တွေ့လိုက်ရသည်။ မုကျစ်မင်သည် တစ်ခုခုကို ရေးရင်းဖြင့် အလုပ်ရှုပ်နေသည်။ ဆံပင်များကို ဖြန့်ချထားပြီး မနေ့ညက ဝတ်ထားသော ဝါးရွက်များကဲ့သို့ စိမ်းလှသည့်ဝတ်စုံကိုသာ ဝတ်ထားဆဲဖြစ်သည်။
''ဘာလုပ်နေတာလဲ သခင်လေး!''
ဝမ်ဟယ့်ယင်က ချက်ချင်းပင် အိပ်ရာပေါ်မှ ဆင်းလာကာ မုကျစ်မင်ရှိရာသို့ အပြေးရောက်လာသည်။ ဝမ်ဟယ့်ယင်သည် မုကျစ်မင်၏ဝတ်ရုံကို သေချာချည်ပေးလိုက်ပြီး ပြောလိုက်၏။
''မနက်ပိုင်းဆို ဒီလောက်အေးနေတာ။ အင်္ကျီသေချာမဝတ်ရင် အအေးမိလိမ့်မယ်။ အင်္ကျီသေချာဝတ်စမ်းပါ!!''
ဝမ်ဟယ့်ယင်သည် မုကျစ်မင်၏ခါးပတ်ကိုဆွဲ၍ ချည်ပေးရန် ကြိုးစားလိုက်သော်လည်း ခေတ္တမျှကြာပြီးနောက်တွင် ဝမ်ဟယ့်ယင်က သေချာမတပ်တတ်ဖြစ်နေသည်။ နောက်ဆုံးတွင် မုကျစ်မင်က ဝမ်ဟယ့်ယင်ကို ဘေးသို့တွန်းထုတ်လိုက်ပြီး မိမိဘာသာ အင်္ကျီကို ပြင်ဝတ်လိုက်သည်။
''အိမ်ကိုစာရေးနေတာ။ ဘေးကင်းကင်းရောက်ကြောင်း ပြောမလို့လေ။ မင်းအကြောင်း ထည့်ပြီး ရေးစေချင်တာများရှိလား။''
''ပြောစရာအများကြီးရှိတယ်!''
ဝမ်ဟယ့်ယင်က စားပွဲကို ရိုက်ချလိုက်ကာ အားရပါးရပြောလိုက်လေသည်။
''ကျွန်တော့်အတွက် ရေးပေးပါ။ ရေးလိုက်။ သခင်လေးက စောင့်ရှောက်ပေးဖို့ခက်တယ်။ ကျွန်တော်စောင့်ရှောက်ပေးတာအောက်မှာလည်း မနေဘူး။ သခင်လေးကို သေချာကိုင်တွယ်ပေးမဲ့လူရှာရတော့မယ်လို့။ ရေးလိုက် ချရေးလိုက်!!''
မုကျစ်မင်က ခေါင်းညိတ်ပြလိုက်သည်။
''ကောင်းပြီ ကောင်းပြီ။''
ထို့နောက်တွင် စာရွက်ပေါ်မှ စုတ်တံကို ကောက်ကိုင်လိုက်ပြီး ရေးလိုက်သည်။
''အားလုံးအဆင်ပြေပါတယ်။ ကျွန်တော်လည်း ကျန်းမာရေးကောင်းပြီး ဘာမှစိတ်ပူစရာမရှိပါဘူး။ အမေနဲ့အဖေလည်း နေကောင်းဖို့ ဆုတောင်းပေးလိုက်ပါတယ်။''
မုကျစ်မင်က စာရေးပြီးနောက်တွင် စာပို့ဌာနသို့သွားကာ ထိုစာကို စာပို့စစ်သည်အား ပေးလိုက်ပြီး စစ်တန်းလျားသို့ ပြန်လာလိုက်သည်။ တဲထဲသို့ ပြန်ရောက်သောအခါတွင် မွန်းလွဲပိုင်းရောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် စစ်သားလေးတစ်ယောက်ရောက်လာပြီး သတင်းပို့လေသည်။
''မုသာ့ရန်၊ မုသာ့ရန်အတွက် စားစရာယူလာပေးတာပါ။''
''လာပို့ပေးလို့ ကျေးဇူးပါ။''
မုကျစ်မင်ကို ထိုစစ်သားလေးကို ကျေးဇူးတင်စကားပြောပြီးနောက်တွင် ဝမ်ဟယ့်ယင်က အစားအသောက်သေတ္တာကို ယူလိုက်သည်။
စစ်သားလေး ပြန်သွားသောအခါတွင် ဝမ်ဟယ့်ယင်သည် မိမိဘာသာ အနားမနေရခြင်းကြောင့် ညည်းတွားလိုက်မိသည်။
''ကျွန်တော်တို့ တောင်တန်းဖြူတွေကိုဖြတ်ပြီး မြောက်ပိုင်းကို ခရီးနှင်လာရကတည်းက အစားအသောက်က အရင်စားဖူးသမျှထဲမှာ အဲ့လောက်မဆိုးဖူးဘူး။ နေ့တိုင်း ပန်ကိတ်နဲ့ သိုးသားစွပ်ပြုတ်ကိုပဲစားရတယ်။ ပူပူနွေးနွေးဆိုရင်တော့ အဆင်ပြေပါရဲ့။ အေးသွားလိုက်တာနဲ့ အရသာက မသတီစရာကောင်းပြီး အနံ့ကလည်း အတော်ဆိုးဝါးတယ်။ တစ်လမ်းလုံး အဲ့လိုမျိုး စားလာရတယ်ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ကျွန်တော်ထင်တာတော့ စစ်တပ်ထဲက အစားအသောက်ကလည်း အဲ့လိုမျိုးပဲ.....ဟမ်....''
ဝမ်ဟယ့်ယင်၏စကားများက ရပ်သွားသည်။
''ဘာဖြစ်တာလဲ။''
မုကျစ်မင်က ပဟေဠိဖြစ်သွားဟန်ဖြင့် မေးလိုက်သည်။
ဝမ်ဟယ့်ယင်က အစားအသောက်သေတ္တာထဲမှ သစ်ကြားသီးအစာသွပ်မုန့်ပန်းကန်ပြားလေးကို ဆွဲယူလိုက်ပြီး ပြောလိုက်သည်။
''သစ်ကြာသီးအစာသွပ်မုန့်လား။ စစ်တပ်ထဲမှာ ဘယ်လိုလုပ် အစာသွပ်မုန့်ရှိရတာလဲ။''
''စစ်တပ်ရဲ့စားဖိုဆောင်မှာ ဒီလိုအစားအသောက်မျိုးတွေကို ကျွမ်းကျွမ်းကျင်ကျင်ချက်တတ်တဲ့ စားတော်ကဲတစ်ယောက် ရှိလောက်မယ်ထင်တယ်။ အခုနယ်စပ်က အခြေအနေက တည်ငြိမ်နေတာဆိုတော့ စစ်တပ်ထဲမှာလည်း အစားအသောက်ပေါလောက်တယ်။ ဒီလိုမျိုး အစားအသောက်တွေလုပ်ပြီး စစ်သည်တွေကို ဆုချတာမျိုးက ပုံမှန်ပါပဲ။''
မုကျစ်မင်ကလည်း ထိုအစာသွပ်မုန့်ကို မြင်သောအခါတွင် အံ့ဩမသွားပေ။ ယခင်ဘဝလည်း အံ့ဩခဲ့ပြီးဖြစ်သောကြောင့်ပင်။
ယခင်ဘဝတွင် မုကျစ်မင်သည် စစ်တန်းလျားတွင် တစ်လနီးပါးနေခဲ့ရသည်။ နေ့တိုင်းပင် မိမိဆီသို့ မုန့်ပဲသရေစာများနှင့် အစာသွပ်မုန့်များ ပို့ပေးတတ်သည်။ နေ့တိုင်းနီးပါး မတူသောအစားအစာများကို ပို့ပေးတတ်၏။
ဝမ်ဟယ့်ယင်က မုကျစ်မင်ရှေ့၌ သစ်ကြားသီးပန်းကန်ကို ချပေးကာ ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ပြလိုက်မိသည်။
နှစ်ဦးသား စားပြီးသွားသောအခါတွင် ခေတ္တမျှ အနားယူကြသည်။ ထို့နောက်တွင် မုကျစ်မင်က ဝမ်ဟယ့်ယင်နှင့်အတူ ဒုစစ်သူကြီးရှဟုတ်ဆီသို့ သွား၏။ ရှဟုတ်ဟူက မိမိတဲဆီသို့ ရောက်လာသူနှစ်ဦးကို နွေးထွေးစွာဖြင့် ကြိုဆိုလိုက်သည်။
''အနှောင့်အယှက်များ ပေးမိသွားသလား။''
မုကျစ်မင်က အရိုအသေးပေး၍ နှုတ်ဆက်လိုက်သည်။
''ဒုစစ်သူကြီးရှဟုတ် အခုအားလား သိချင်မိတယ်။ ကျွန်တော် မေးစရာလေးတွေရှိလို့ပါ။''
''ဒါပေါ့!အားတာပေါ့!!''
ရှဟုတ်ဟူသည် ပြုံးပြလိုက်ကာ မုကျစ်မင်ကို စားပွဲဘေးမှ ထိုင်ခုံတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
''ရှောင်ရှုန်းတိက ကုံကျီဘာသာစကားကို သင်ချင်နေတာမလား။ လာခဲ့ လာခဲ့။ ကုံကျီတိုင်းပြည်ကသူတွေ အချင်းချင်းဘယ်လိုနှုတ်ဆက်ကြလဲဆိုတာ သင်ပေးမယ်။''
မုကျစ်မင်က မျက်လုံးလေးများ ကွေးသွားသည်အထိ တောက်ပစွာပြုံးပြကာ ရှဟုတ်ဟူကို ကုံကျီဘာသာစကားဖြင့် ပြောလိုက်သည်။
''ဒုစစ်သူကြီးရှဟုတ် တကယ်တော့ ကျွန်တော်က ကုံကျီဘာသာစကားနဲ့ အချင်းချင်းဘယ်လိုနှုတ်ဆက်ရမလဲဆိုတာကို သိပြီးသားပါ။''
ရှဟုတ်ဟူသည် နေရာတွင် အေးခဲသွားကာ ကုံကျီဘာသာစကားဖြင့် ပြန်ဖြေလိုက်သည်။
''ရှောင်ရှုန်းတိက ကုံကျီဘာသာစကားကို ကောင်းကောင်းပြောတတ်တာပဲ။ ကျုပ်ထက်တောင်မှ ပိုပြီးကောင်းကောင်းပြောတတ်သေးတယ်။ အဲ့လိုဆို ဘယ်လိုဆဲရမလဲဆိုတာ သင်ပေးမယ်။ လာ ကျုပ်နောက်က လိုက်ဆို။ ခွေးမသား! ကျုပ်ဆဲသလို ပီပီသသ လိုက်ဆို။ ခွေးမသား!''
မုကျစ်မင်က ခွက်ထိုးခွက်လန်ရယ်လိုက်ပြီး ပြောလိုက်သည်။
''တကယ်တော့ ကျွန်တော်က အဲ့ဒါကိုလည်း သိတယ်။''
ယခင်ဘဝတွင် မုကျစ်မင်သည် စစ်တပ်ထဲ၌ နေခဲ့သည့်လတွင် ကုံကျီဘာသာစကားကို ရှဟုတ်ဟူဆီမှ သင်ယူခဲ့ခြင်းဖြစ်သည်။ ရက်နှစ်ဆယ်အတွင်းတွင် ကုံကျီဘာသာစကားဖြင့် မည်သို့ ဆဲရေးတိုင်းထွာရမည်ကိုလည်း ရှဟုတ်ဟူဆီမှ သင်ယူခဲ့ပေသည်။
''ကောင်းတယ်!''
ရှဟုတ်ဟူက ပေါင်ကို လက်ဝါးဖြင့်ရိုက်ကာ ပြောလိုက်သည်။
''အဲ့လိုဆို ကျုပ်က ဘာသင်ပေးရမှာလဲ။ ခင်ဗျားကပဲ ကျုပ်ကိုသင်ပေးနေသလိုမျိုး ခံစားနေရပြီ။''
ထို့ကြောင့် မုကျစ်မင်သည် မိမိလာလည်ရသည့်အကြောင်းရင်းကို ပြောလိုက်သည်။
''ဒုစစ်သူကြီးရှဟုတ်က ကျွန်တော့်ကို မြှောက်ပင့်နေတာပဲ။ တကယ်တာ့ ကျွန်တော်က ဒုစစ်သူကြီးကို မေးစရာရှိလို့လာတာပါ။ ဒုစစ်သူကြီးက ယုံရန်စစ်တပ်ကလူမဟုတ်ဘဲ အရှေ့မြောက်ပိုင်းနယ်စပ်မှာ စခန်းချထားတာလို့ ကြားထားတယ်။ စစ်ပွဲပြီးမှသာ စစ်သူကြီးကူရဲ့လက်အောက်ကို ရောက်လာတာဆို။''
ရှဟုတ်ဟူက ခေါင်းညိတ်ပြလိုက်သည်။
''အမှန်ပါပဲ။''
''တကျင်းက တစ်ချိန်တုန်းက ကုံကျီတိုင်းပြည်နှင့် ဆက်ဆံရေးကောင်းခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ကုံကျီတိုင်းပြည်က ကျွန်တော်တို့ကို ကျူးကျော်ဖို့ စစ်တပ်စေလွှတ်လိုက်တယ်လေ။ ဒုစစ်သူကြီးက ဒီနယ်စပ်မှာ နေတာ အချိန်ကြာပြီဆိုတော့ အသုံးဝင်မဲ့တစ်ခုခုကိုများ သတိထားမိသေးလား။''
မုကျစ်မင်က မေးလိုက်လေသည်။
ရှဟုတ်ဟူကမူ ထိုအကြောင်းကို တွေးပင်တွေးမနေဘဲ ချက်ချင်း ပြောပြလိုက်သည်။
''သိတာပေါ့ ရှောင်ရှုန်းတိရဲ့။ ကျုပ်ပြောမယ်။ ပိုင်မြို့က နယ်စပ်နားမှာ ရှိတာကို သိတယ်မလား။ တိုင်းပြည်နှစ်ခုလုံးက အဲ့မြို့မှာ မကြာခဏကုန်သွယ်တတ်ကြတယ်။ အာ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အဲ့နေရာက အရမ်းကို စည်ကားခဲ့တာ။ ဈေးတွေကလည်း လူတွေရှုပ်ယှက်ခတ်ပြီး လမ်းတွေကလည်း လူအပြည့်ပဲ။ လူမျိုးစုံက ပစ္စည်းမျိုးစုံကို ရောင်းဝယ်ကြတယ်။ ဒါပေမဲ့လို့ အချို့သောအကြောင်းတွေကြောင့်နဲ့ပဲ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး တကျင်းကို ကုန်သွယ်ဖို့ရောက်လာတဲ့ ကုံကျီကုန်သည်တွေက နည်းသည်ထက်နည်းလာတယ်လေ။ စစ်မဖြစ်ခင် လပိုင်းလောက်ကဆို ကုံကျီတိုင်းပြည်က ဘယ်သူ့ကိုမှ နယ်စပ်ကို ဖြတ်သွားခွင့်မပေးတော့ဘူး။ တကယ်တော့ ကုံကျီတိုင်းပြည်မှာ အဲ့အချိန်တုန်းက အတွင်းရေးပြဿနာတွေ ဖြစ်နေခဲ့တာ။ ဒါပေမဲ့လို့ ဘယ်သူမှ အဲ့ကိစ္စကို အာရုံမစိုက်မိကြတော့ အားလုံး မသိခဲ့ကြဘူး။''
''ပိုင်မြို့က စစ်စခန်းနဲ့ ဝေးလား။''
မုကျစ်မင်က မေးလိုက်သည်။
''နီးပါတယ်။ မြင်းနဲ့ဆို အသွားအပြန် တစ်နာရီလောက်ပဲကြာမယ်။''
ရှဟုတ်ဟူက ပြောလိုက်သည်။
''ရှောင်ရှုန်းတိ မင်းပိုင်မြို့ကို သွားချင်တယ်ဆိုရင် စစ်သူကြီးကူကို ခွင့်ပြုစာတစ်စောင် ရေးခိုင်းရလိမ့်မယ်။ မဟုတ်ရင် စစ်တပ်လျားကို အဝင်အထွက်လုပ်ဖို့က မလွယ်ဘူး။''
မုကျစ်မင်က ခေါင်းညိတ်ပြလိုက်သည်။
''အကြံပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ စစ်သူကြီးကူက....ပုံမှန်ဆို အလုပ်တွေအရမ်းများတယ်လား။''
''စစ်သူကြီးကူလား။ သူက အလုပ်အရမ်းကြိုးစားတယ်။ စစ်စခန်းထဲ ကိစ္စအကြီးအသေးမှန်သမျှကို စောင့်ရှောက်ပေးတယ်။ သူက နတ်ဘုရားတစ်ပါးလိုပဲ။''
ရှဟုတ်ဟူသည် ကူဟယ့်ရန်အကြောင်း ပြောနေစဉ်တွင် အသံနေအသံထားက လေးစားသောလေသံအပြည့်ပါသည်။
''သူ ကျုပ်ရဲ့တပ်ခွဲကို ထောက်ပံ့ပေးဖို့ စစ်သည်တွေကို ဦးဆောင်လာတော့ အဲ့တုန်းက ကျုပ်ပထမဆုံးစဉ်းစားမိလိုက်တာက ဒီလောက်ကိစ္စကြီးကို ဘယ်လိုလုပ် (၁၉) နှစ်သားလေးက လုပ်နိုင်မှာတုန်းပေါ့။ ဒါပေမဲ့လို့ ကျုပ်တို့ သူနဲ့အတူနေမှ သိလိုက်ရတာက သူက တိုက်ပွဲတစ်ပွဲတောင် မရှုံးဖူးဘူး။ သူ့ကိုပဲ စိတ်ထဲကနေ ကျေးဇူးတင်နေမိတယ်။ ကျုပ်က ကုံကျီတိုင်းပြည်က ဆင်းသက်လာသူဆိုတော့ အရင်တိုက်ပွဲတွေမှာတုန်းက လူတော်တော်များများက ကျုပ်နောက်ကွယ်မှာ ကျိန်ဆဲကြပြီး တိုင်းတစ်ပါးသားလို့ ခေါ်ကြတယ်။ ဒါပေမဲ့ စစ်သူကြီးကူကတော့ ကျုပ်ကို တစ်ခါလေးမှ သံသယမဝင်ခဲ့ဘူး။ သူ့စိတ်ရင်းနဲ့ ကျုပ်ကို ယုံကြည်ခဲ့တာ။ ကျုပ်ကိုတောင် ယုံရန်စစ်တပ်ကို ဦးဆောင်ခိုင်းသေးတယ်။ ယုံရန်စစ်တပ်အကြောင်းပြောမှ ဒီမှာ ကိစ္စအားလုံးက အဆင်ပြေနေပြီဆိုပေမဲ့လို့ စစ်တပ်စည်းမျဉ်းတွေကတော့ တင်းကျပ်လွန်းတယ်။ အင်း ကျုပ်ကတော့ အသားမကျသေးဘူး။ အာ....ဟုတ်သားပဲ!!!''
ရှဟုတ်ဟူက တစ်ခုခုကို အမှတ်ရသွားပြီး ထလိုက်ကာ တဲအတွင်းပိုင်းထဲသို့ ဝင်သွားသည်။ ပြန်ရောက်လာသောအခါတွင် မျှော်လင့်မထားစွာဖြင့် ဝိုင်အိုးတစ်အိုးကို သယ်လာသည်။ မုကျစ်မင်ရှေ့တွင် ချပေးလိုက်ပြီး ရှဟုတ်ဟူက ပြောလိုက်လေသည်။
''ရှောင်ရှုန်းတိ ဒီဝိုင်အိုးကိုယူသွား။ ယုံရန်စစ်တပ်နဲ့ မပေါင်းခင်ကတည်းက ဖွက်ထားတာ။ ဒါပေမဲ့ ကျုပ်က အခု ယုံရန်စစ်တပ်က ဖြစ်နေပြီဆိုတော့ သောက်လို့မရတော့ဘူး။ ဘယ်လိုခိုးသောက်ရမလဲဆိုတာကိုလည်း မသိဘူး။ အဲ့ဒါကြောင့် ခုထိဖွက်ထားတာ။ ရှောင်ရှုန်းတိက စစ်တပ်ကမဟုတ်ဘူးဆိုတော့ စည်းမျဉ်းတွေကို လိုက်နာနေစရာမလိုဘူး။ အဲ့ဒါကြောင့် ရှောင်ရှုန်းတိကို ပေးလိုက်ပြီ။''
မုကျစ်မင် မငြင်းနိုင်ခင်တွင်ပင် ဝမ်ဟယ့်ယင်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။
''ကျွန်တာ်တို့ သခင်လေးက မသောက်နိုင်ဘူး။ သူက သောက်တာတော်တော်ညံ့တယ်။ မသောက်တာကမှ ပိုကောင်းသေးတယ်။ သူမူးသွားပြီဆိုတာနဲ့ ကမူးရှူးထိုးတွေဖြစ်ပြီး လူတွေကိုတောင် မမှတ်မိတော့ဘူးလေ။ အဆိုးဆုံးကတော့ နောက်တစ်နေ့ အမူးပြေသွားရင် ဘာလုပ်ခဲ့လဲဆိုတာကို မမှတ်မိတော့တာပဲ။''
မုကျစ်မင်၏ပါးလေးများက နီရဲသွားသည်။
''အဟမ်း!!'
ရှဟုတ်ဟူက ရယ်လိုက်ပြီး မုကျစ်မင်တစ်ယောက် လက်ဖြင့် အရိုအသေပေးလိုက်သည်။
''ကျွန်တော်တော့ ဒုစစ်သူကြီးရှဟုတ်ကို ရယ်အောင်လုပ်မိပြီ။ ကျွန်တော် ဒီဝိုင်ကို လက်ခံလို့မဖြစ်ပါဘူး။ ဒုစစ်သူကြီးကပဲ ဒါကို ဆက်သိမ်းထားလိုက်ပါ။''
ရှဟုတ်ဟူအား နှုတ်ဆက်ပြီး တဲထဲမှ ထွက်သောအခါတွင် ဝမ်ဟယ့်ယင်က မေးလိုက်လေသည်။
''သခင်လေး အခု ဘယ်ကိုသွားကြမလဲ။''
မုကျစ်မင်က ပြုံး၍ ပြောလိုက်လေသည်။
''ငါတို့ရဲ့ စစ်သူကြီးကူကို သွားရှာပြီး စစ်တန်းလျားထဲ အဝင်အထွက်ခွင့်ပြုမိန့်တစ်စောင် တောင်းမလို့။''
***
Aurora Novel Translation Team