no

Font
Theme

အခန်း (၃၄) - မူးယစ်ပြီး အထိန်းအချုပ်မဲ့ဖြစ်နေခြင်း

ကူဟယ့်ရန် အံ့အားသင့်သွားသည်။

"ပူတယ်?"

မုကျစ်မင်သည် နဖူးကို ကိုင်လိုက်ပြီး အသက်ကို ရှူသွင်းရှူထုတ်ကာ တိုးညင်းသောအသံဖြင့် ပြောလာသည်။

"...ဟုတ်တယ်၊ ဘာလို့ ဒီလောက်ပူပြီး အသက်ရှူကျပ်နေသလို ခံစားရတာလဲ။"

ကူဟယ့်ရန် မျက်မှောင်ကြုတ်ကာ တံခါးများနှင့် ပြတင်းပေါက်များကို လှည့်ကြည့်လိုက်သည်။ တံခါးများတွင် အပေါက်များရှိပြီး ပြတင်းပေါက်များမှာ ပွင့်လျက်ရှိသည်ကို တွေ့သောအခါ သူတွေးလိုက်သည်။

'ဒီရွာက မြောက်ပိုင်းနယ်စပ်မှာ တည်ရှိပြီး ဆောင်းဝင်လာတာနဲ့အမျှ ရာသီဥတုက အေးနေပြီလေ။ သူ ဘယ်လိုလုပ် ပူနေပြီး အသက်ရှူကျပ်နေသလို ခံစားရနေတာလဲ။'

ကူဟယ့်ရန်သည် စိုးရိမ်တကြီး မုကျစ်မင်ကို ကြည့်ရင်း မေးလိုက်သည်။

"မင်း ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေတာလား။"

"မသိဘူး၊ ဒါပေမဲ့... ကျွန်တော်.. မူးဝေနေသလို ခံစားရတယ်..."

မုကျစ်မင် ခေါင်းခါယမ်းကာ အကြည့်များကို စုစည်းရန် ကြိုးစားသော်လည်း မည်သို့ပင်ဖြစ်စေ မျက်လုံးများမှာ မတည်ငြိမ်သေးချေ။ မျက်လုံးများကို ပါးလွှာသော မြူလွှာတစ်ခု ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။ မုကျစ်မင်သည် နဖူးကို ဖိကာ သူ့တွင် ဘာမှားနေသည်ကို စဉ်းစားရန် ကြိုးစားသည်။ ရုတ်တရက် သူ့လက်အနီးရှိ ဗလာကျင်းနေသော မြေအိုးကို မျက်လုံးရောက်သွားသည်။

တည်းခိုခန်းပိုင်ရှင်သည် ခြံဝင်းမှ အဓိကခန်းမဆောင်သို့ ၀င်လာချိန်၌ မုကျစ်မင်သည် ကျန်ရှိနေသေးသော သတိနှင့် တည်ငြိမ်မှု၏ နောက်ဆုံးအစွန်းကို ဆုပ်ကိုင်ကာ တည်းခိုခန်းပိုင်ရှင်ကို မေးလိုက်သည်။

"သူဌေး၊ ဒီနို့ရည်ကို ဘာနဲ့လုပ်ထားတာလဲ။ ဒါ... သေရည်နဲ့ ရောထားတာလား။"

တည်းခိုခန်းပိုင်ရှင်က ပျော်ရွှင်စွာ ရယ်မောပြီး

"ကုန်းကျစ်၊ ဘာတွေပြောနေတာလဲ။ သေရည်နဲ့ ဘယ်လိုလုပ် ရောလို့ရမှာလဲ။"

မုကျစ်မင် သက်ပြင်းရှည်ကြီး ချလိုက်သည်။

သို့သော် ထိုအချိန်တွင် တည်းခိုခန်းပိုင်ရှင်က ထပ်ပြောသည်။

"ဒါက သေရည်ပဲလေ!"

မုကျစ်မင်: "...."

မုကျစ်မင် လက်နှစ်ဖက်ဖြင့် ခေါင်းကို ကိုင်ထားသောကြောင့် သူ့မျက်နှာသည် ပျက်စီးနေပုံပေါ်သည်။ ရုတ်တရက် မုကျစ်မင်က ထိုင်နေရာမှ ခုန်ထကာ ဘေးတွင်ထိုင်နေသော ကူဟယ့်ရန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ

"ကျွန်တော့်ကို ထိုးလိုက်၊ မြန်မြန်! အခုပဲ၊ မြန်မြန်လုပ်! မဟုတ်ရင် နောက်ကျသွားလိမ့်မယ်!"

ကူဟယ့်ရန်သည် စိုးရိမ်တကြီး မျက်မှောင်ကြုတ်ကာ မေးလိုက့သည်။

"ဘာဖြစ်နေတာလဲ။"

မုကျစ်မင်က မူးဝေစွာ ပြန်ဖြေသည်။

"ကျွန်တော် သတိလစ်တော့မယ်။"

ထိုစကားများ သူ့ပါးစပ်မှ ထွက်သည်နှင့် မုကျစ်မင်သည် ရှေ့သို့ မှောက်လျက်ဖြင့် ကူဟယ့်ရန်၏ လက်မောင်းထဲသို့ လဲကျသွားသည်။

ကံကောင်းထောက်မစွာ ကူဟယ့်ရန်၏ လက်မောင်းများမှာ သန်မာပြီး ကိုယ်ဟန်အနေအထား တည်ငြိမ်သောကြောင့် မုကျစ်မင်သည် သစ်သားခုံပေါ်မှ မပြုတ်ကျဘဲ အဆိုးဆုံး အခြေအနေတစ်ခုကို ရှောင်ရှားနိုင်ခဲ့သည်။ ဥပမာ ကူဟယ့်ရန်သည် မုကျစ်မင်နှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခြင်းမျိုး ဖြစ်နိုင်သည်။ အရာအားလုံး အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသောကြောင့် ကူဟယ့်ရန်သည် ချက်ချင်း ပြန်လည်သတိမဝင်နိုင်ဘဲ မုကျစ်မင်ကို သူ့လက်မောင်းထဲတွင် တောင့်တင်းစွာ ကိုင်ထားလိုက်သည်။

အချိန်အတော်ကြာသည်ဟု ခံစားရပြီးနောက် ကူဟယ့်ရန်သည် နောက်ဆုံးတွင် သူဘာလုပ်နေသည်ကို သတိပြုမိပြီး မုကျစ်မင်ကို သက်တောင့်သက်သာ လဲလျောင်းနိုင်ရန် လက်မောင်းများကို အလျင်အမြန် ရစ်ပတ်လိုက်သည်။ ကူဟယ့်ရန်က မုကျစ်မင်ကို အကြိမ်အနည်းငယ် ခေါ်သော်လည်း မုကျစ်မင် ပြန်မဖြေပေ။ ထိုအစား မုကျစ်မင်မှာ တီးတိုးရေရွတ်နေသည်။ မုကျစ်မင်၏ ပါးပြင်များသည် နီရဲနေပြီး အိပ်ချင်နေသော အမူးသမားတစ်ယောက်နှင့် တူနေလေသည်။

ကူဟယ့်ရန်သည် အကူအညီမဲ့ပြီး စိတ်သောကရောက်နေပုံပေါ်သည်။

ခဏလောက် စဉ်းစားပြီးနောက် ကူဟယ့်ရန် မုကျစ်မင်ကို ညင်သာစွာ ပွေ့ချီကာ သစ်သားခုံပေါ်တွင် တင်လိုက်ပြီး ခဏနားစေသည်။ ထို့နောက် ကူဟယ့်ရန်က ထ၍ ခြံဝင်းထဲသို့ လျှောက်သွားကာ တည်းခိုခန်းပိုင်ရှင်အား ရေနွေးတစ်ခွက် တောင်းရန်ပြင်လိုက်သည်။

သို့သော် ကူဟယ့်ရန် အဓိကခန်းမဆောင်သို့ ပြန်ရောက်သောအခါ မုကျစ်မင် ပျောက်ဆုံးနေသည်။

မကြာသေးမီက အနည်းငယ်ဟနေသော တည်းခိုခန်း၏ သစ်သားတံခါးသည် ယခု အပြည့်အ၀ ပွင့်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် မုကျစ်မင်သည် တံခါးမှ လျှောက်သွားခဲ့ကြောင်း ထင်ရှားသည်။

ကူဟယ့်ရန် ချက်ချင်း ထိတ်လန့်သွားပြီး ရေနွေးခွက်ကို မြေပြင်ပေါ်သို့ လွှတ်ချကာ မုကျစ်မင်ကို ရှာရန် တည်းခိုခန်းမှ အလျင်အမြန် ထွက်သွားသည်။

ညနက်သန်းခေါင်၌ လေတိုက်သံသာ ရှိပြီး အေးစိမ့်သော လသည် ကောင်းကင်၌ တိတ်ဆိတ်စွာ မြင့်မားစွာ တည်ရှိနေသည်။ ရွာကား မကြီးသောကြောင့် ကူဟယ့်ရန်သည် မုကျစ်မင်ကို ရှာတွေ့ရန် အချိန်အကြာကြီး မယူရပေ။

မုကျစ်မင်မှာ ရွာအ၀င်ဝရှိ အ၀ါရောင်မြေသားဖြင့် ပြုလုပ်ထားသော တံခါးတိုလေးပေါ်တွင် ထိုင်နေသည်။ သူသည် ခံတပ်နံရံကို မှီကာ ကောင်းကင်ကို မော့ကြည့်ရင်း ခြေထောက်များကို လွှဲနေသည်။ တိတ်ဆိတ်သော လရောင်သည် သူ၏ ဗလာကျင်းနေသော မျက်လုံးများထဲသို့ ကျရောက်သောအခါ သူ့ကို အနည်းငယ် အထီးကျန်ပြီး ဝမ်းနည်းဖွယ်ကောင်းပုံပေါ်စေသည်။

မြေသားတံခါးသည် အမြင့် ၃ မီတာအောက်သာ ရှိသောကြောင့် လုံးဝ မမြင့်သော်လည်း မုကျစ်မင်သည် ယခု မူးယစ်ပြီး စိတ်ရှုပ်ထွေးနေသောကြောင့် ပြုတ်ကျပါက အန္တရာယ်များနိုင်သည်။

ကူဟယ့်ရန် သူ၏ ချင်ကုန်းကို အသုံးပြု၍ မြို့တံခါးကို အလွယ်တကူ ခုန်ကျော်ပြီး မုကျစ်မင်၏ နောက်တွင် ရပ်နေလိုက်သည်။

မုကျစ်မင်က ကူဟယ့်ရန်ကို လှည့်ကြည့်သော်လည်း ဘာမှ မပြောပေ။

ကူဟယ့်ရန်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

"မင်း ပြန်သွားချင်လား။"

မုကျစ်မင်က ပြန်မေးသည်။

"ဘယ်ကို ပြန်ရမှာလဲ။"

ကူဟယ့်ရန်က ပြောလိုက်သည်။

"တည်းခိုခန်းကိုလေ။"

"ဒီမှာ နေလို့ မကောင်းဘူးလားဟင်။"

"မကောင်းဘူး။ လေတအားတိုက်ပြီး အပြင်မှာ အရမ်းအေးတယ်။ မင်း အအေးမိသွားနိုင်တယ်။"

မုကျစ်မင် ခေါင်းငုံ့ကာ တွဲလောင်းကျနေသော ခြေထောက်များကို မှိန်းလျက်ကြည့်ရင်း မသိသော အရာများနှင့် မရောက်နိုင်သော အရာများကို တွေးနေသည်။ ထိုအချိန်တွင် မုကျစ်မင်သည် ဖြည်းညင်းစွာ ပါးစပ်ဖွင့်ကာ ကြားရခက်လောက်သော အသံဖြင့်

"ကျွန်တော် ခုန်ချချင်တယ်။"

ကူဟယ့်ရန်သည် ထိုစကားကို ကြားသောအခါ မှင်တက်သွားပြီး မုကျစ်မင်နှင့် ပိုမိုနီးကပ်စွာ ရပ်ရန် ခြေတစ်လှမ်း တိုးလိုက်သည်။

"မင်း မူးနေတယ်။"

မုကျစ်မင် ထပ်မံ စကားမပြောတော့ပေ။

ကူဟယ့်ရန် ခဏတာ စဉ်းစားပြီး မေးလိုက်သည်။

"ဘာလို့ ခုန်ချချင်တာလဲ။"

မုကျစ်မင် ပြုံးလိုက်သော်လည်း သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းသည်။ သူ ဖြည်းညင်းစွာ ပြောလာသည်။

"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ နှင်းတွေကျတဲ့ညက အရမ်းအေးလို့... နောက်ထပ် တောင့်မခံနိုင်တော့ဘူး..."

ထိုစကားများ ပြောပြီးသည်နှင့် မုကျစ်မင်၏ မျက်လုံးများမှ မျက်ရည်နှစ်သွယ်သည် ရေတံခွန်ကဲ့သို့ စီးဆင်းလာသည်။ မုကျစ်မင်၏ နူးညံ့သော ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသော ကြည်လင်သော မျက်ရည်များသည် ဖြူဖျော့သော လရောင်နှင့် ရောယှက်ကာ နောက်ဆုံးတွင် အ၀ါရောင်သဲများပေါ်သို့ ကျရောက်သွားသည်။ ထိုအချိန်၌ မုကျစ်မင်မှာ ငိုကြွေးခြင်းအား မထိန်းနိုင်တော့ချေ။

အမှန်စင်စစ် မုကျစ်မင်မှာ နေ့တိုင်း ကြောက်ရွံ့နေခဲ့သည်။ သူသည် တူညီသောအမှားများကို ထပ်ခါထပ်ခါ ကျူးလွန်မိမည်ကို ကြောက်ရွံ့ခဲ့ပြီး အရာအားလုံး ထပ်မံဖြစ်ပျက်လာမည်ကိုလည်း ကြောက်ရွံ့ခဲ့သည်။ မုမိသားစုကို သူ မကာကွယ်နိုင်မည်ကို ကြောက်ရွံ့ခဲ့သည်။ တစ်နေ့တွင် နိုးထလာသောအခါ ကောင်းကင်နှင့် မြေကြီးအကြားတွင် လုံးဝအထီးကျန်စွာ ကျန်ရစ်ခဲ့ပြီး အသက်ရှင်လိုစိတ်မရှိသော ထိုနှင်းထူထပ်သော ဝမ်းနည်းဖွယ်ညသို့ ပြန်ရောက်သွားမည်ကို ကြောက်ရွံ့ခဲ့သည်။

မုကျစ်မင်က သူ၏ အတိတ်ဘဝကို မကြာခဏ အိပ်မက်ဆိုးများ မက်လေ့ရှိသည်။ သူသည် ဖခင်၏ ခေါင်းဖြတ်ခံရခြင်း၊ မိခင်၏ ပျက်စီးနေသော ဘုရားကျောင်းတစ်ခုတွင် အေးခဲသေဆုံးခြင်း၊ တော်ဝင်ကွေ့ဖေးမယ်မယ်၏ မိမိကိုယ်ကို ကြိုးဆွဲချခြင်း၊ ဖူကျီအန်း၏ အဆိပ်သောက်ခြင်း၊ ကျွမ်းအာ၏ လှေကားမှ ပြုတ်ကျကာ ကလေးနှင့်အတူ သေဆုံးခြင်းနှင့် ဝမ်ဟယ့်ယင်၏ လမ်းမပေါ်၌ ဒဏ်ရာများနှင့် အဆင်းမလှသော အမာရွတ်များဖြင့် ဖုံးလွှမ်းလျက် သေဆုံးလျက် တွေ့ရှိခြင်းတို့ကို အိပ်မက်မက်ခဲ့သည်။

သင် ဂရုစိုက်သောသူများနှင့် ဘဝ၌ သေခြင်းဖြင့် ခွဲခွာရခြင်းသည် အလွန်အမင်း နာကျင်စရာကောင်းလှသည်။

မုကျစ်မင်က အသက်ရှူမဝသည်အထိ ငိုကြွေးသောအခါ တစ်စုံတစ်ယောက်သည် သူ၏ မျက်နှာတစ်ဖက်ကို တို့ထိပြီးနောက် မေးစေ့ကို ညင်သာစွာ မော့တင်လိုက်သည်။ မုကျစ်မင် ဆက်လက်ငိုကြွေးနေစဉ် ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ ကူဟယ့်ရန်၏ နက်ရှိုင်းသော မျက်လုံးများနှင့် ဆုံမိသွားသည်။

ထို့နောက် ကူဟယ့်ရန် မုကျစ်မင်၏ မျက်ရည်များကို သုတ်ရန် လက်ကို လှန်လိုက်သည်။ ထိတ်လန့်တုန်လှုပ်သော လေသံဖြင့် သူက ပြောလာသည်။

"မငိုနဲ့တော့။"

မုကျစ်မင်ကား သူ့ကို လျစ်လျူရှုကာ ဆက်လက်ငိုကြွေးနေသည်။

ကူဟယ့်ရန်သည် ဤမူးယစ်နေသော လူသားမှာ ဘာကိုတွေးနေသည်ကို နားမလည်နိုင်သောကြောင့် ခဏလောက် စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။

"မင်း ခုန်ချချင်ရင် ခုန်ချလိုက်။ ကိုယ် ဖမ်းပေးမယ်။"

မုကျစ်မင်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ရုတ်တရက် တုံ့ပြန်မှုတစ်ခု ပြုလုပ်လိုက်သည်။ သူ အလျင်အမြန် ပြန်မော့ကြည့်သောအခါ မုကျစ်မင်က တရှိုက်ရှိုက် ငိုကြွေးရင်း မေးလာသည်။

"ခင်ဗျား ကျွန်တော့်ကို တကယ် ဖမ်းပေးထားမှာလား။"

"အင်း..အင်း။"

ကူဟယ့်ရန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ကိုယ် မင်းကို မြို့တံခါးအောက်ကနေ ဖမ်းပေးထားမယ်။ မင်းကို ဘာမှ မထိခိုက်စေရဘူး။"

မုကျစ်မင်က သူ၏ မေးစေ့ကို ပွတ်သပ်နေဆဲဖြစ်သော လက်ကို ဆုပ်ကိုင်ပြီး ထပ်မေးသည်။

"ပြီးရင်ရော ဘယ်လိုဆက်လုပ်မလဲ။"

ကူဟယ့်ရန် အံ့အားသင့်သွားသော်လည်း မုကျစ်မင်၏ စကား၏ အဓိပ္ပာယ်ကို သူ နားမလည်သောကြောင့် ပြန်မဖြေရဲပေ။ မုကျစ်မင်ကတော့ မျက်ရည်များဖြင့် ထပ်မံမေးသည်။

"နောင်မှာ ကျွန်တော် ပြန်ကျသွားရင်ရော ခင်ဗျား ကျွန်တော့်ကို ဆက်ဖမ်းဦးမှာလား။"

"ကိုယ် မင်းဘေးမှာ ရှိနေသရွေ့..."

ကူဟယ့်ရန်က ပြောလိုက်သည်။

"ကိုယ် မင်းကို သေချာပေါက် ဖမ်းပေးထားမယ်။"

မုကျစ်မင်: "ကျွန်တော် မခုန်ချချင်တော့ဘူး။"

ထို့နောက် မုကျစ်မင်သည် ထရပ်လိုက်သော်လည်း မူးနေသောကြောင့် ယိုင်တိုင်ယိုင်တိုင်ဖြစ်ကာ ကြောက်လန့်တကြား ခံတပ်နံရံကို မှီလိုက်ရသည်။ ကူဟယ့်ရန် မုကျစ်မင်ကို ကာကွယ်ရန် လက်များကို အလျင်အမြန် ဆန့်ထုတ်လိုက်ရာ ကံကောင်းထောက်မစွာ မုကျစ်က ဟန်ချက်မပျက်ဘဲ မလဲကျခဲ့ချေ။ လေတိုက်ခတ်နေသောနေရာ၌ ရပ်နေသော မုကျစ်မင်သည် သူ မြို့တံခါးအပေါ်တွင် ရောက်နေကြောင်း သတိပြုမိသောကြောင့် တီးတိုးရေရွတ်လိုက်သည်။

"ဘယ်လိုတောင် ထူးဆန်းနေတာလဲ။ ဒီလောက် အမြင့်ကြီးကို ငါ ဘယ်လိုလုပ် ဒီကိုရောက်လာရတာလဲ။"

ကူဟယ့်ရန်: "....."

'မုကျစ်မင် မူးနေတဲ့အချိန်မှာ ဒီလိုမျိုး လုပ်ပြီး ဒီလိုပုံစံဖြစ်မယ်လို့ ငါ တကယ်မထင်ထားဘူး။'

"ကျွန်တော်... မဆင်းနိုင်တော့ဘူး... ကျေးဇူးပြုပြီး... ကျွန်တော့်ကို ချီပြီး ဆင်းပေးပါလား။"

လေတိုက်ခတ်သောကြောင့် မုကျစ်မင်သည် မူးဝေလာပြီး စကားကို သေချာစွာ မပြောနိုင်တော့ပေ၊ လျှာသည် လိမ်ကောက်နေသကဲ့သို့ ဖြစ်နေသည်။

"အင်း။"

ကူဟယ့်ရန် ခေါင်းညိတ်ပြီး လှည့်ကာ ကုန်းလိုက်သည်။

မုကျစ်မင်က ကူဟယ့်ရန်၏ ကျောကို မှီကာ လည်ပင်းကို ဖက်ထားလိုက်ပြီး မည်သို့သော အကြောင်းပြချက်မှ မရှိဘဲ စိတ်သက်သာရာ ရသွားသည်။ သူ ခံစားရသော စိတ်ငြိမ်းချမ်းမှုသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ ကူဟယ့်ရန်သည် မုကျစ်မင်ကို ကျောပေါ်တင်ကာ မြို့တံခါးမှ ခုန်ဆင်းသောအခါ ဘာအန္တရာယ်မှ မရှိဘဲ ကူဟယ့်ရန်သည် မြေပြင်ပေါ်သို့ ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့သည်။

ဘေးကင်းစွာ ဆင်းသက်ပြီးနောက် ကူဟယ့်ရန် မုကျစ်မင်ကို မချထားခဲ့ချေ။ ထိုအစား သူ တီးတိုးပြောလိုက်သည်။

"မျက်လုံးမှိတ်ပြီး နားနေလိုက်။ ကိုယ် မင်းကို တည်းခိုခန်းကို ပြန်ချီသွားပေးမယ်။"

မုကျစ်မင်က ကူဟယ့်ရန်၏ လည်ပင်းကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ခေါင်းခါယမ်းသည်။ မုကျစ်မင်၏ ခေါင်းသည် ဘေးသို့ စောင်းနေသောကြောင့် ခေါင်းခါယမ်းသောအခါ သူ၏ ပါးပြင်သည် ကူဟယ့်ရန်၏ လည်ပင်းဘေးကို ပွတ်တိုက်သွားသည်။

"ကျွန်တော် မအိပ်ချင်ဘူး။ ကူယွီယိ၊ ခင်ဗျား ကျွန်တော်ကို အဲ့အထိ ချီသွားရင် မပင်ပန်းဘူးလား။"

'သူ ငါ့ကို ပေးထားတဲ့နာမည်ကို ဒီလောက် လွယ်လွယ်ကူကူ ခေါ်နေတာဆိုတော့ တကယ်မူးနေပြီပဲ။'

ကူဟယ့်ရန် ပြောလိုက်သည်။

"မပင်ပန်းပါဘူး။"

"ကျေးဇူးတင်ပါတယ်၊ ခင်ဗျားက အရမ်းကြင်နာတတ်တာပဲ။"

မုကျစ်မင်က ပြုံးလိုက်သည်။

ကူဟယ့်ရန်သည် မုကျစ်မင်၏ ထိုစကားများကို ကြားသောအခါ သူ၏ရှေ့ရှိ ငြိမ်းချမ်းသော ရွာကို အာရုံမဲ့စွာ ကြည့်နေသည်။ ကူဟယ့်ရန်က မုကျစ်မင်၏ နွေးထွေးသော ရင်ဘတ်သည် သူ၏ကျောပြင်ကို ထိကပ်နေသည်ကို ခံစားရင်း၊ သူ၏ ညင်သာပြီး သိမ်မွေ့သော အသက်ရှူသံကို နားထောင်ရင်း ရုတ်တရက် တွေးလိုက်သည်။

'ဖြစ်နိုင်တာက၊ ဒီဘဝက ငါ့ရဲ့ အရင်ဘဝနဲ့ မတူတော့ဘူး။'

'အရာအားလုံး အစကနေ ပြန်စနေပြီဆိုတော့ မုကျစ်မင်က သူ့ရဲ့ အရင်ဘဝကို မမှတ်မိတော့ဘူး၊ အဲဒီတုန်းက သူ ဘယ်လောက် ပျော်ရွှင်ခဲ့တယ်ဆိုတာလည်း မသိတော့ဘူး။ ဒါ့အပြင် ဖူရီနဲ့ သူတို့ဟာ တစ်ချိန်က ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ အကောင်းဆုံး စုံတွဲဖြစ်ခဲ့တယ်ဆိုတာလည်း သူ မသိတော့ဘူး... အဲ့ဒါဆို ငါ သူ့ရဲ့ ချစ်ခင်မှုကို ရဖို့ အခွင့်အရေး ရှိတယ်လို့ ဆိုလိုတာလား။'

'မုကျစ်မင်ရဲ့ အကြည့်တွေကို ငါ့ဆီမှာပဲ အမြဲထားနိုင်အောင် ငါ လုပ်နိုင်ပါ့မလား။ ဒီဘဝမှာ တောင်တွေနဲ့ မြစ်တွေကြားက နူးညံ့တဲ့ လေပြည်တွေအောက်မှာ၊ ပြီးတော့ မယုံနိုင်လောက်အောင် လှပတဲ့ လရောင်အောက်မှာ ငါ နေနိုင်ပါ့မလား။'

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment