no

Font
Theme

အခန်း (၃၅) - အတိတ်ဘဝရော ယခုဘဝမှာပါ ဘယ်တုန်းကမှ အခွင့်အရေး မရှိခဲ့သလို နောက်လည်း ရှိလာမှာ မဟုတ်ဘူး

ညဉ့်နက်သန်းခေါင်ယံ၌ ကူဟယ့်ရန်သည် မုကျစ်မင်ကို တည်းခိုခန်းသို့ ပြန်ချီလာစဉ် ရွာမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ မုကျစ်မင်သည် အလွန်မူးနေသောကြောင့် စကားပြောလျှင် လျှာက လေးလံနေသည်။ သို့သော် သူ တိတ်ဆိတ်မနေချင်သောကြောင့် မုကျစ်မင်သည် ဆက်ပြောနေသည်။

"ကူ~ ဟယ့်~ရန်~"

"ဟမ်?"

"ခင်ဗျားအတွက် သီချင်းလေး ညည်းပေးမယ်လေ၊ ကောင်းတယ်မလား။"

"အင်း။"

ထို့နောက် မုကျစ်မင်သည် ကူဟယ့်ရန်၏ နားထဲတွင် သီချင်းတစ်ပုဒ်ကို သီချင်း ညည်းစပြုသည်။ သူ မူးနေသောကြောင့် သူ၏ သီချင်းညည်းသံသည် သံစဥ်များ လွဲနေသည်။ မုကျစ်မင် သီချင်းညည်းပြီးသောအခါ သူ့ကိုယ်သူ ဝေဖန်လာသည်။

"ကျွန်တော် သီချင်းညည်းတာ အရမ်းဆိုးတာပဲ။"

ကူဟယ့်ရန်သည် သူ၏ နှုတ်ခမ်းထောင့်များကို အနည်းငယ် မြှင့်လိုက်ပြီး ညင်သာစွာ ပြုံးနေသည်။

"ခင်ဗျား ပြုံးနေတယ်။"

မုကျစ်မင်မှာ ထူးဆန်းသောအရာတစ်ခုကို တွေ့ရှိလိုက်သကဲ့သို့ ဘေးမှ ကူဟယ့်ရန်ကို စေ့စေ့ကြည့်ရင်း ပြောလိုက်သည်။

"ကျွန်တော် အခုမှ သတိပြုထားမိတယ်၊ ခင်ဗျား ပြုံးတာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။"

ကူဟယ့်ရန်က ပြောလိုက်သည်။

"မင်း အခု မြင်ပြီလေ။"

ခဏလောက် မုကျစ်မင်သည် လုံးဝ အံ့အားသင့်သွားသည်။ ထို့နောက် သူသည် ကြီးကျယ်သောအရာတစ်ခုကို တွေ့ရှိလိုက်သကဲ့သို့ မျက်လုံးများကို မှေးမှိတ်ကာ နှုတ်ခမ်းကို စူ၍ မပြုံးမိအောင် အတင်းအကျပ် ထိန်းထားသည်။

ထိုအချိန်တွင် ကူဟယ့်ရန်တစ်ယောက် နောက်ဆုံး၌ သူ တကယ် ပြန်လည်မွေးဖွားလာခဲ့ကြောင်း သဘောပေါက်သွားသည်။ သူ ဘဝသစ်တစ်ခုကို ရှင်သန်နေပြီး အရာအားလုံး အသစ်တဖန် ပြန်စနေပြီဖြစ်သည်။ ထို့ကြောင့် သူက ထိတ်လန့်တကြား လက်လျှော့ပြီး ဆုတ်ခွာသွားခြင်း မပြုသင့်ပေ။

ယခု၌ ကူဟယ့်ရန်ကား ဖူရီနှင့် ယှဉ်ပြိုင်ကြည့်လိုသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ကူဟယ့်ရန်သည် မုကျစ်မင် တီးတိုးပြောသည်ကို ကြားလိုက်ရသည်။

"ကူဟယ့်ရန်၊ ကျွန်တော့်ရဲ့ အရင်ဘဝတုန်းက ဖီးနစ်နိဗ္ဗာန် အနီရောင်ကျောက်စိမ်းပြားကို ခင်ဗျားဆီ ပြန်မပေးခဲ့တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။"

မုကျစ်မင် ထိုသို့ပြောသည်နှင့် သူ့အား ကျောပေါ်၌ ချီထားသော လူသည် လမ်းလျှောက်နေခြင်းကို ရပ်လိုက်ပြီး တုန်ရီလာသည်ဟု ခံစားလိုက်ရသည်။

"ဘာဖြစ်လို့လဲဟင်။"

မုကျစ်မင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ထိုအချိန်တွင် အေးစိမ့်သော လသည် မည်းမှောင်သော တိမ်တိုက်များနောက်တွင် ပုန်းကွယ်သွားပြီး အေးသောလေသည် ဝမ်းနည်းကြေကွဲမှုများ ရောနှောနေသည်။

ဆောင်းရာသီသည် ကန္တာရသို့ ချဉ်းနင်းဝင်ရောက်လာတော့သည်။ လေထုသည် အလွန်အမင်း အေးစိမ့်သောကြောင့် ခန္ဓာကိုယ်ထဲသို့ ရေခဲကဲ့သို့ ထိုးဖောက်ဝင်ရောက်လာသကဲ့သို့ ခံစားရသည်။ နှင်းကျတော့မည့်ပုံပင်။

ထိုတိတ်ဆိတ်မှု၌ နစ်မြုပ်နေစဉ် ယခုအချိန်အထိ ကူဟယ့်ရန်အတွက် ထူးဆန်းနေခဲ့သောအရာများသည် သူ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာစပြုလာသည်။

မုကျစ်မင်သည် ယခု ကုံကျီဘာသာစကားကို အလွန်ကျွမ်းကျင်စွာ ပြောနိုင်ပြီး ရှဟုတ်ဟူ၏ သင်ကြားပြသမှု မလိုအပ်တော့ခြင်း၊ ကျောက်တုံးပေါ်၌ ရေးထားသည်ကို နားလည်ရန် မုကျစ်မင်မှာ နေ့တစ်ဝက်သာ ကြာမြင့်ခဲ့ခြင်း၊ ကုံကျီစာရေးနည်းကိုပင် နားလည်ခြင်း၊ ၎င်းမှာ ယခုမှ စလေ့လာသည့် မည်သူမဆို မလုပ်နိုင်သောအရာဖြစ်သည်။

ထို့ထက် အရေးကြီးသည်မှာ ကူဟယ့်ရန်သည် သူတို့၏ အတိတ်နှင့် ပစ္စုပ္ပန်ဘဝကြားရှိ ရှုပ်ထွေးသောနယ်ပယ်တွင် သူက မုကျစ်မင်နှင့်အတူ ထိုတံတားပေါ်တွင် တကယ် လျှောက်ခဲ့သည်ကို မှတ်မိနေခြင်းဖြစ်သည်။

ကူဟယ့်ရန် သက်ပြင်းရှည်ကြီး ချလိုက်ပြီး တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။

"မုကျစ်မင်၊ မင်း... မင်းသားငါးနဲ့ မင်းရဲ့ ဆက်ဆံရေးကို မှတ်မိသေးလား။"

ဖူရီအကြောင်း ပြောသောအခါ မုကျစ်မင်သည် စိတ်ထဲတွင် ကဲ့ရဲ့ရှုံ့ချခြင်းကို မထိန်းနိုင်တော့ချေ။ ကူဟယ့်ရန်က ရုတ်တရက် သူ့ကို ထိုကဲ့သို့ မေးခွန်းမျိုး ဘာကြောင့် မေးသည်ကို မုကျစ်မင် နားမလည်သော်လည်း သူသည် မူးနေခြင်းသာဖြစ်ကာ လုံးဝ သတိမေ့မြောနေခြင်းမဟုတ်သောကြောင့် ပြန်ဖြေသည်။

"မှတ်မိတာပေါ့။ သဘာဝကျကျ လုံးဝမေ့လို့မရတဲ့ အရာတစ်ခုပဲဟာကို။"

ကူဟယ့်ရန်၏ မျက်လုံးများ ချက်ချင်း မည်းမှောင်သွားသည်။ ထိုအချိန်မှစ၍ သူ၏ မျက်လုံးထဲရှိ နက်ရှိုင်းသော ရေအိုင်သည် လုံးဝ ငြိမ်သက်သွားသည်။ မည်သည့်အရာနှင့် မည်သူကမျှ သူ၏ မျက်လုံးထဲတွင် နောက်ထပ် လှိုင်းထန်မှုများ မဖြစ်ပေါ်စေနိုင်တော့သကဲ့သို့ပင်။

သက်ပြင်းချပြီးနောက် ကူဟယ့်ရန် သူ၏ အရင်ဘဝက နယ်စပ်သို့ နောက်ဆုံး စစ်ချီတက်ခြင်းမပြုမီ ရက်များကို ပြန်သတိရသွားသည်။ ထိုအချိန်တွင် သူသည် ညဉ့်နက်သန်းခေါင်တွင် မကြာခဏ နိုးထလာပြီး သူ၏လက်များသည် အလွန်အမင်း တုန်လှုပ်သောကြောင့် သူဆုပ်ကိုင်ထားသမျှ အရာအားလုံး မြေပြင်ပေါ်သို့ ရောက်သွားတတ်သည်။ ကူဟယ့်ရန်သည် နေ့စဉ်နှင့်အမျှ မည်သည့်အကြောင်းပြချက်မှ မရှိသော ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် နှိပ်စက်ခံခဲ့ရပြီး တစ်နေ့တွင် သူသည် ရိုင်းစိုင်းသော အပြုအမူတစ်ခုကိုပင် ကျူးလွန်ခဲ့သည်။

သူ မထွက်ခွာမီ တစ်ရက်အလိုတွင် ကူဟယ့်ရန်သည် မုကျစ်မင်ကို ရှာရန် ယန်မြို့စား၏ အိမ်တော်သို့ သွားခဲ့သည်။

သို့သော် ပွင့်ပွင့်လင်းလင်း သွားရောက်မည့်အစား ကူဟယ့်ရန်သည် အိမ်တော်၏ နံရံကို ကျော်ကာ ခြံဝင်းထဲသို့ ခိုးဝင်ခဲ့သည်။

နောက်ဆုံးအချိန်၌ သူသည် မုကျစ်မင်ကို အဝေးမှသာ ကြည့်ရှုလိုခဲ့သည်။

နွေဦးနှောင်းပိုင်းတွင် ကူဟယ့်ရန်သည် နေ့လည်ပိုင်း၌ ခြံဝင်းထဲသို့ ဝင်ရောက်သောအခါ လေပြည်သည် ဝိုင်၏ အနံ့ဖြင့် မူးယစ်နေသည်။ ကူဟယ့်ရန်က ခြံဝင်းထဲရှိ ကျောက်ဆောင်အတုနောက်တွင် ပုန်းနေစဉ် ဖူရီသည် မုကျစ်မင်ကို တစ်စုံတစ်ခု ပြောနေသည်ကို တွေ့လိုက်ရပြီး ထို့နောက်...

ထို့နောက် ဖူရီသည် ခေါင်းကို ငုံ့ကာ မုကျစ်မင်ကို နမ်းလိုက်သည်။

သူ၏ အရင်ဘဝတုန်းက ကူဟယ့်ရန်မှာ သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းကာ ရွှံ့ပေနေသော သူ၏ ဘွတ်ဖိနပ်များကို စိုက်ကြည့်နေခဲ့သည်။

ဤဘဝတွင်တော့ လုံးဝ ဖြူဖျော့သော မျက်နှာဖြင့် ကူဟယ့်ရန်သည် လရောင်မရှိသောကြောင့် မည်းမှောင်နေသော ကောင်းကင်ကို မော့ကြည့်နေသည်။

'တစ်ယောက်တည်း ဒီမြေပေါ်မှာ လှည့်လည်သွားလာခဲ့ပြီး သူများရဲ့ အချစ်ကြောင့် ကွဲကြေသွားတဲ့ မှန်ကို (၁) ပြန်ပြင်ဖို့ ခက်ခဲတယ်။ ဒီဘဝမှာရော အရင်ဘဝမှာပါ မင်းနဲ့ ငါက ချစ်ခင်စုံမက်ဖို့ အခွင့်အရေး ဘယ်တုန်းကမှ မရှိခဲ့သလို နောက်လည်း ရှိလာမှာ မဟုတ်ဘူး။'

'အစကနေ အဆုံးအထိ ငါ့ရဲ့ မှားယွင်းတဲ့ စိတ်ကူးယဉ်အိပ်မက်တွေကပဲ လှည့်စားခဲ့တာ ထင်တယ်။'

____

ကူဟယ့်ရန်ကား ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မုကျစ်မင် မသိဘဲ သူ၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းများလည်း အဖြေမရခဲ့ပေ။ ရုတ်တရက် လေအေးတစ်ချက် တိုက်ခတ်လာပြီး အအေးဒဏ်ကို မခံနိုင်သော မုကျစ်မင် တုန်ယင်သွားသည်။

ထိုအချိန်၌ ကူဟယ့်ရန်သည် သူ၏ စိတ်အာရုံမှ ပြန်လည်သတိဝင်လာပြီး မုကျစ်မင်ကို ကျောပေါ်တင်ကာ တည်းခိုခန်းထဲသို့ အလျင်အမြန် လျှောက်သွားသည်။

နှစ်ယောက်သား နောက်ဆုံးတွင် တည်းခိုခန်းရှိ သူတို့၏ အခန်းသို့ ပြန်ရောက်သောအခါ ကူဟယ့်ရန်က စိတ်ရှုပ်ထွေးနေဆဲဖြစ်သော မုကျစ်မင်ကို ခုတင်ပေါ်တွင် ညင်သာစွာ တင်ပေးလိုက်သည်။ သို့သော် မုကျစ်မင်သည် ကူဟယ့်ရန်၏ ကျောပြင်မှ ဆင်းသည်နှင့် ခုတင်ပေါ်တွင် ထထိုင်ကာ တစ်စုံတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ လှည့်သွားရန် ပြင်နေသော ကူဟယ့်ရန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

ကူဟယ့်ရန်က ပြောလိုက်သည်။

"မင်းအတွက် ရေနွေးတစ်ခွက် သွားယူပေးမယ်။"

မုကျစ်မင်သည် မျက်ရည်များဝိုင်းနေသော မျက်လုံးများဖြင့်၊ မပျောက်နိုင်သော ရေငွေ့များဖြင့် ကူဟယ့်ရန်ကို စူးစိုက်ကြည့်ရင်း မေးလာသည်။

"ကျွန်တော်က ဘယ်သူလဲ။ ခင်ဗျားကရော ဘယ်သူလဲ။ ကျွန်တော်တို့ကရော ဘယ်မှာလဲ။"

ကူဟယ့်ရန် မဖြေနိုင်ခင် မုကျစ်မင်က သူ့ကို ဖြတ်ပြောသည်။

"ခဏလေး၊ မပြောနဲ့ဦး။ ကျွန်တော့်ကိုယ်ကျွန်တော် မှတ်မိနိုင်တယ်။"

အမူးသမားလေးကား ခေါင်းငုံ့ကာ ကူဟယ့်ရန်၏ လက်မောင်းကို တင်းတင်းဆွဲလိုက်သည်။

"ခင်ဗျား... ခင်ဗျား... အနားကပ်လာပါဦး။ ကျွန်တော် နည်းနည်း မူးနေလို့ ခင်ဗျားမျက်နှာကို သေချာမမြင်ရဘူး။ နည်းနည်းလေး ကုန်းလာပေးပါလား။"

ကူဟယ့်ရန် ခုတင်ဘေးတွင် နာခံစွာ ကုန်းလိုက်သည်။ ထိုသို့မြင်သောအခါ မုကျစ်မင်က ပြုံးကာ ကူဟယ့်ရန်၏ မျက်နှာကို တို့ထိရန် လက်ကို ဆန့်တန်းလိုက်သည်။ ကူဟယ့်ရန်၏ ခန္ဓာကိုယ်သည် ကျောက်တုံးကဲ့သို့ တောင့်တင်းသွားပြီး တစ်လက်မပင် မရွှေ့ရဲချေ။

ဖယောင်းတိုင်အလင်းရောင်၏ အကူအညီဖြင့် မုကျစ်မင်သည် ကူဟယ့်ရန်၏ လှပသော မျက်နှာ၊ မျက်ခုံးနှင့် မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

'သူ ဘယ်သူလဲဆိုတာ ငါ သိတယ်။'

'သူက အပြင်ပန်းမှာ အေးစက်ပြီး ဂရုမစိုက်တဲ့ပုံပေါက်တဲ့သူတစ်ယောက်ပဲ။ ဒါပေမဲ့ တကယ်တော့ သူက နွေဦးစမ်းချောင်းလေးလို နူးညံ့သိမ်မွေ့ပြီး ထိရှလွယ်တဲ့သူတစ်ယောက်ပဲ။'

'သူက ငါ့ကို မကြိုက်ပေမဲ့ လူတိုင်းကို ယဉ်ကျေးမှု၊ သဒ္ဓါတရားနဲ့ ဖြောင့်မတ်မှုတွေနဲ့ ဆက်ဆံတယ်။'

'သူ့ဘဝတစ်ခုလုံးကို တိုင်းပြည်နဲ့ လူတွေကို အစွမ်းကုန် ကြိုးစားပြီး အမှုထမ်းဖို့မှာပဲ မြှုပ်နှံထားတယ်။ အဲဒီလို သစ္စာစောင့်သိမှုက သမိုင်းစာမျက်နှာတွေမှာ ထာဝရ ထွင်းထုထားပြီးသားပဲ။'

'သူက ချစ်ခင်တတ်ပြီး ဖြောင့်မတ်တယ်။ သူ့ရဲ့အိမ်တော်မှာ အလုပ်လုပ်နေတဲ့ လူတွေကိုလည်း မိတ်ဆွေတွေလို သဘောထားတဲ့ လူတစ်ယောက်ပဲ။'

'သူက တကယ်ကောင်းတယ်။ သူ့အကြောင်းက အားလုံး ကောင်းတယ်၊ သူ့ရဲ့ ပေးထားတဲ့နာမည်နဲ့ အမည်ခံနာမည်ကတောင် ကောင်းသေးတယ်။ ဟယ့်ရန်၊ ယွီယိ။ ဒီလို တောက်ပပြီး ပြင်းထန်တဲ့ မီးတောက်နဲ့ (၂) သူက ဝိညာဉ်တွေ၊ နတ်ဆိုးတွေ၊ ဘီလူးတွေနဲ့ နတ်ဆိုးတွေကိုတောင် သတ်ပစ်ဖို့ ရဲရင့်နိုင်တယ်။'

မုကျစ်မင်ကား အလွန်အမင်း မူးနေသောကြောင့် သတိလစ်လုနီးပါးဖြစ်နေပြီး ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာသည်။ မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း ညင်သာစွာ အော်ပြောလိုက်သည်။

"ခင်ဗျားက... ယွီကောကောပဲ။"

သူ့ရှေ့က လူသည် အံ့အားသင့်သွားပြီး မျက်တောင်များ အနည်းငယ် တုန်ခါသွားသည်။ ကူဟယ့်ရန်သည် သူ၏ နားကို မယုံနိုင်ဖြစ်နေသည်။

ကူဟယ့်ရန်သည် သူ နားကြားမှားပြီထင်သောအခိုက်အတန့်တွင် မုကျစ်မင်သည် သူ၏ အံ့အားသင့်မှုကို လျစ်လျူရှုကာ ထပ်မံအော်ဟစ်သည်။

"ယွီကောကော!"

ဤတစ်ကြိမ်၌ ကူဟယ့်ရန် နားကြားမှားရန် မဖြစ်နိုင်တော့ချေ။

ကူဟယ့်ရန်၏ နှုတ်ခမ်းများ တုန်ယင်လာပြီး သူ စဉ်းစားနေပုံရကာ ထပ်ခါထပ်ခါ တီးတိုးရေရွတ်ခဲ့သည်။

"ယွီ (၃)... ကောကော?"

"အင်း..အင်း။"

မုကျစ်မင်က ဂုဏ်ယူစွာ ခေါင်းညိတ်သည်။

ကူဟယ့်ရန် သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ၏ သွေးများသည် ချက်ချင်း အေးစက်သွားသည်။ မျက်လုံးများကို မှိတ်လိုက်ရင်း ကူဟယ့်ရန်သည် သူ၏ မျက်နှာကို တို့ထိနေသော မုကျစ်မင်၏ လက်ကို ဆုပ်ကိုင်ကာ အောက်သို့ ချလိုက်သည်။ လေသံခြောက်ကပ်စွာဖြင့် ကူဟယ့်ရန်က ပြောလိုက်သည်။

"မင်း မူးနေတယ်၊ ပြီးတော့ လူမှားနေပြီ။ ကိုယ်က မင်းရဲ့ ယွီကောကော မဟုတ်ဘူး။ မင်းအတွက် ရေနွေးတစ်ခွက် သွားယူပေးမယ်။"

ကူဟယ့်ရန် ပြောပြီးနောက် သူသည် ထရပ်ကာ အခန်းမှ ထွက်သွားသည်။

ကူဟယ့်ရန်က ထိုသို့ခေါ်ခြင်းကို မကြိုက်ဟု မုကျစ်မင် ထင်လိုက်သည်။ ခဏလောက် သူ စိတ်ဓာတ်ကျပြီး ဝမ်းနည်းသွားသည်။

မကြာမီ ကူဟယ့်ရန် ရေနွေးတစ်ခွက်ကို အခန်းထဲသို့ ယူဆောင်လာသည်။ ခွက်ကိုယူပြီးနောက် မုကျစ်မင်သည် ခေါင်းငုံ့ကာ ဖြည်းညင်းစွာ အကုန်သောက်လိုက်သည်။ ကူဟယ့်ရန်က မုကျစ်မင် ရေသောက်ပြီးသည်ကို မြင်သောအခါ ဗလာခွက်ကို ယူရန် လက်ကို ဆန့်တန်းလိုက်သည်။

ထိုအချိန်တွင် မုကျစ်မင်သည် ကူဟယ့်ရန်၏ လက်ကို ဆုပ်ကိုင်ကာ သူ့ကို မော့ကြည့်ပြီး မေးလာသည်။

"ခင်ဗျားက ကျွန်တော့်ရဲ့ ယွီကောကော မဖြစ်ပေးနိုင်ဘူးလား။"

ကူဟယ့်ရန် ပြောစရာ စကားမဲ့သွားသည်။

မုကျစ်မင် တီးတိုးပြောလိုက်သည်။

"ယွီကောကောက ကျွန်တော့်ကို မကြိုက်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို ပိုက်ဆံချမ်းသာတဲ့ ကလေးတစ်ယောက်လို့ ထင်လို့၊ ပြီးတော့ အများကြီး ဆော့ကစားရတာကိုပဲ ကြိုက်တယ်လို့ ထင်လို့တဲ့။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်က အဲ့ဒီလို မဟုတ်ပါဘူး။ ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို နည်းနည်းလေးတောင် ကြိုက်ပေးလို့ မရဘူးလားဟင်။ နည်းနည်းလေးပါပဲနော်။"

ကူဟယ့်ရန်: "သူ မင်းကို မမုန်းပါဘူး။ သူ မင်းကို ကြိုက်လာပါလိမ့်မယ်။"

'ငါ့ရဲ့ အရင်ဘဝတုန်းကလိုပဲ မင်းရဲ့ မျက်လုံးထဲမှာ သူတစ်ယောက်တည်းပဲ ရှိခဲ့တာ။ သူက မင်းကို ပျော်ရွှင်တဲ့ ဘဝတစ်ခုကို အတူတကွ ပိုင်ဆိုင်ရမယ်လို့ ကတိပေးခဲ့တယ်။ အသက်ကြီးတဲ့အထိ စုံတွဲတစ်တွဲအနေနဲ့ ပျော်ရွှင်စွာ နေထိုင်ရမဲ့ ဘဝတစ်ခုပေါ့။ ငါကတော့ ဖြတ်သွားဖြတ်လာ တစ်ယောက်ပါ။ မင်းရဲ့ ကျန်ရှိတဲ့ ဘဝမှာ မင်းရဲ့ ပျော်ရွှင်မှုကို ငါ နှောင့်ယှက်မှာ မဟုတ်ပါဘူး။'

"တကယ်လား။"

မုကျစ်မင်သည် ကူဟယ့်ရန်၏ စကားများကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။

"ယွီကောကောက နောင်ကျရင် ကျွန်တော့်ကို တကယ် ကြိုက်လာမှာလား။"

ကူဟယ့်ရန်: "သူ ကြိုက်လာမှာပါ။"

မုကျစ်မင် မျက်လုံးများ မှေးမှိတ်ကာ ပြုံးလိုက်သည်။ ကူဟယ့်ရန်၏ လက်ကို ပို၍ တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။

"ကောင်းပြီလေ၊ ကျွန်တော် စောင့်နေမယ်။"

"အိပ်တော့။"

ကူဟယ့်ရန်သည် မျက်နှာလွှဲလိုက်သည်။

ထိုည၌ မုကျစ်မင် ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ပေ။ စိတ်ရှုပ်ထွေးနေသော အခြေအနေတွင် သူသည် ထူးဆန်းသော အိပ်မက်များ အမျိုးမျိုး မက်ခဲ့သည်။ သူ၏ အိပ်မက်ထဲတွင် ကန္တာရနယ်စပ်၏ လေအေးသည် အခန်းကို ဖြတ်သန်းသွားသည်ကို ညည်းသံတိုးတိုးကဲ့သို့ သူ အနည်းငယ် ကြားနေရသည်။

***

Aurora Novel Translation Team

Translator's Note:

(၁) 难补鸾镜碎 nán bŭ luán jìng suì, 'ကွဲကြေသွားသော မှန်' က ကဗျာတွေမှာ သေဆုံးတာ ဒါမှမဟုတ် လမ်းခွဲတာကြောင့် ကွဲကွာသွားတဲ့ စုံတွဲတွေကို ရည်ညွှန်းတဲ့ ဥပမာအဖြစ် အများအားဖြင့် အသုံးပြုတာပါ။

(၂) ကူဟယ့်ရန်ရဲ့ ပေးထားတဲ့နာမည်နဲ့ အမည်ခံနာမည်တွေနဲ့ စကားလုံးကစားခြင်းပါ။ 赫炎 hè yán က 'ကြီးမားသော မီးလောင်ခြင်း' ဒါမဟုတ် 'အားကြီးသော မီးတောက်' လို့ အဓိပ္ပာယ်ရပြီး 煜熠 yù yì က 'တောက်ပပြီး လောင်ကျွမ်းခြင်း' လို့ အဓိပ္ပာယ်ရတာကြောင့်ပါ။

(၃) ကူဟယ့်ရန် အံ့အားသင့်သွားရတဲ့ အကြောင်းအရင်းက မုကျစ်မင်က ဖူရီအကြောင်း ပြောနေတယ်လို့ သူထင်တာကြောင့်ပါ။ ဒါပေမဲ့ တကယ်တော့ မုကျစ်မင်က ဖူရီရဲ့နာမည်က 诣 yì မဟုတ်ဘဲ ယွီယိ (ကူဟယ့်ရန်ရဲ့ အိမ်နာမည်) က 熠 yi ကို အသုံးပြုနေတာပါ။ ( အဲ့မှာ လွဲနေလိုက်ကြ 🙂 )

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment