အခန်း (၂၄) - တတ်နိုင်သမျှ အနားယူပြီး အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို မရောစေနဲ့
ကူမြောင်၏ ဈာပနပြီးနောက် ငါးရက်မြောက်နေ့တွင် အနောက်မြောက်နယ်စပ်၌ တပ်စွဲထားသော ယုံရန်စစ်တပ်၏ စစ်သူကြီး ဝိန်းလင်ယွမ်ထံသို့ တော်ဝင်အမိန့်တော်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ မဟာစစ်သူကြီးဘွဲ့ကို သူ့အား ချီးမြှင့်ခဲ့ပြီး အနောက်ပိုင်းရုန်မျိုးနွယ်စုကို ဆက်လက်တိုက်ခိုက်ကာ နိုင်ငံကို ကာကွယ်ရန် အမိန့်ပေးခဲ့သည်။ ကူမြောင်၏ သားဖြစ်သူအား ယုံရန်စစ်တပ်၏ ရှောင်ရွှိုက် (၁) အဖြစ် "ယွ်ိလင် ဒုစစ်သူကြီး" ဘွဲ့ကို ပေးအပ်ခဲ့သည်။ ယုံရန်စစ်တပ်ကို အားဖြည့်ရန် စစ်သည် ၃၀,၀၀၀ ကို အနောက်မြောက်နယ်စပ်သို့ ဦးဆောင်ရန်လည်း အမိန့်ပေးခဲ့သည်။
နောက်တစ်နေ့၌ ဖူကျီအန်းသည် ချင်နာရီ (၂) အထိ အိပ်ခဲ့သည်။ နောက်ဆုံး နိုးလာသောအခါ သူ အံ့အားသင့်သွားသည်။
အကြောင်းရင်းမှာ မုကျစ်မင်က သူ့အသက်ကို မယူခြင်း သို့မဟုတ် ဖူကျီအန်း ခုတင်ပေါ်မှ ထလာသည်အထိ သူ့ကို အော်ဟစ်ခြင်း မရှိသောကြောင့် ဖြစ်သည်။
ဖူကျီအန်း ထလာပြီး ဘေးတွင် စောင့်နေသော နန်းတွင်းအစေခံအား မုကျစ်မင် အဘယ်ကြောင့် မလာခဲ့သည်ကို မေးမြန်းခဲ့သည်။ နန်းတွင်းအစေခံက ပြုံးလျက်
"မနေ့က ယန်မြို့စားရဲ့သား တော်ဝင်ကွေ့ဖေးမယ်မယ်ကို ဂါရဝလာပြုတုန်းက ဒီနေ့ သူ လုပ်စရာရှိလို့ နန်းတော်ထဲကို ဝင်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တော်ဝင်ကွေ့ဖေးမယ်မယ်ကလည်း သဘောတူခဲ့ပါတယ်။"
ဖူကျီအန်း ခေါင်းကုတ်ပြီး ရေရွတ်လိုက်သည်။
"ဒီနေ့ မုကောကော ဘာလုပ်ဖို့ရှိလို့လဲ။ အို့! ခဏလေး၊ ဒီနေ့က ငါ့ရဲ့ ရှီဖူ မြို့တော်က ထွက်ခွာမဲ့နေ့ပဲ! ငါ သူ့ကို သွားတွေ့ရမယ်! အား!!"
မင်းသားခုနှစ်က အော်ဟစ်ပြီး အလျင်အမြန် ထလိုက်သည်။ သို့သော် နန်းတွင်းအစေခံက သူ့ကို ဆွဲထားပြီး ပြောလိုက်သည်။
"အရှင့်သား၊ စိတ်အေးအေးထားပါ။ ဒီအချိန်လောက်ဆို စစ်တပ်က မြို့တော်ကနေ ထွက်သွားလောက်ပြီ။"
မြို့တော်အစွန်အဖျား၌ ဗုံသံနှင့် တံပိုးသံများ ပဲ့တင်ထပ်နေပြီး အလံများ လေထဲတွင် လွင့်နေသည်။ စစ်သည် ၃၀,၀၀၀ သည် နယ်စပ်သို့ သွားရန် အသင့်ဖြစ်နေသည်။
စစ်ဝတ်စုံ ဝတ်ဆင်ထားသော ကူဟယ့်ရန်က မြင်းပေါ်တွင် ထိုင်နေသည်။ သူ့ဘေးတွင် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ဖိန့်ဟန်ထန်လည်း မြင်းစီးနေသည်။ ခံ့ညားထည်ဝါသော စစ်တပ်ကို ကြည့်ရင်း ဖိန့်ဟန်ထန် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
"ငါ့အဖေက ငါ့ကို မင်းနဲ့အတူတူ စစ်ပညာသင်ယူဖို့ စစ်သူကြီးကူရဲ့ အိမ်တော်ကို စေလွှတ်တုန်းက မင်းနဲ့ ငါက အသက် ခြောက်နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီပဲ။"
"မင်း ငါ့ကို ဒီလောက်ထိ လိုက်ပို့စရာ မလိုပါဘူး။ ပြန်တော့။"
ကူဟယ့်ရန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ပါပြီ။"
ဖေဟန်ထန်က ကူကယ်ရာမဲ့စွာ ခေါင်းညွတ်ပြီး ပြုံးလျက်
"မင်းက နှုတ်ဆက်စကားတွေ ပြောရတာ မကြိုက်တော့ ငါ မပြောတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ ပြောချင်တာက....မင်း အမြန်ပြန်လာတာ ကောင်းမယ်။ ငါ မင်းကို သေရည်တိုက်ပြီး ရေကန်မှာထင်ဟပ်နေတဲ့ လကို ကြည့်ရင်း ပျော်ပါးကြမယ်လေ။"
"ကောင်းပြီ။"
ကူဟယ့်ရန်က သေချာစွာ ခေါင်းညွတ်လိုက်သည်။
ဖိန့်ဟန်ထန် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ သူ မြင်းနှင့်အတူ မြို့တော်သို့ ပြန်လာစဉ် မြင်းလှည်းတစ်စီးကို ကျော်ဖြတ်သွားခဲ့သည်။
ကူဟယ့်ရန်က မြင်းကို စီတန်းထားသော လူတန်းကြီးရဲ့ ရှေ့ကို မောင်းနှင်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ရုတ်တရက် မြင်းလှည်းတစ်စီးက လမ်းဘေးမှာ ရပ်လိုက်သည်။ ဖုန်မှုန့်များ မပျောက်သေးခင် လူတစ်ယောက်က မြင်းလှည်းရဲ့ ကန့်လန့်ကာကို ဖွင့်ပြီး ခုန်ဆင်းလာခဲ့သည်။ ထိုလူက ပတ်ဝန်းကျင်ကို ကြည့်ရှုနေရင်း သူ၏မျက်လုံးများက ကူဟယ့်ရန်နှင့် လေထဲတွင် တွေ့ဆုံသွားသည်။ ထိုအခါ သူသည် ကူဟယ့်ရန်ဆီသို့ အလျင်အမြန် လျှောက်သွားသည်။
သူ့နောက်တွင် ၀မ်ဟယ့်ယင်က ကိုင်းညွတ်ပြီး ကန့်လန့်ကာကို မြှောက်လိုက်သည်။ မူလက သူသည် မြင်းလှည်းပေါ်မှ ဆင်းကာ မုကျစ်မင်နောက်သို့ လိုက်ချင်သော်လည်း ကူဟယ့်ရန်က မလှမ်းမကမ်းမှာ ရှိနေသည်ကို မြင်သောအခါ မြင်းလှည်းထဲသို့ ပြန်ဝင်သွားသည်။
ကူဟယ့်ရန် အလျင်အမြန် လှည့်ပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။ သူ မြေပြင်ပေါ်သို့ ဆင်းသက်သည်နှင့် မုကျစ်မင်က သူ့ရှေ့တွင် ရပ်နေသည်။
နှစ်ဦးသား ခဏကြာအောင် တစ်ဦးကိုတစ်ဦး ကြည့်နေကြသော်လည်း ကူဟယ့်ရန်က ဦးစွာ အကြည့်လွှဲလိုက်သည်။ သူက မေးလိုက်သည်။
"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။"
တုံ့ဆိုင်းခြင်းမရှိဘဲ မုကျစ်မင်က ပြန်ဖြေသည်။
"ကူရှုန်းကို လိုက်ပို့ချင်လို့ လာခဲ့တာ။"
ကူဟယ့်ရန် ရုတ်တရက် မျက်လုံးများကို ပင့်တင်လိုက်ပြီး အံ့အားသင့်ကာ ရှုပ်ထွေးသွားသည်။ ခဏအကြာတွင် သူသည် ချက်ချင်း သူ့အမူအရာကို ပြန်ထိန်းကာ အကြည့်ကို နှိမ့်ချလိုက်သည်။
"အင်း။"
မုကျစ်မင်က မေးလိုက်သည်။
"ဘာဖြစ်လို့လဲဟင်။ ကုရှုန်းကို လိုက်ပို့လို့ မရဘူးလား။"
ကူဟယ့်ရန်: "...ရတယ်။"
မုကျစ်မင် ပြုံးလိုက်၏။ ခဏကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် မေးလိုက်သည်။
"ကူရှုန်း၊ ခရီးသွားရာမှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းစကားတွေနဲ့ စိတ်ထိခိုက်စရာ နှုတ်ဆက်စကားတွေ ကြားချင်လား၊ ဒါမှမဟုတ် ကူရှုန်း ကျွန်တော် ပြောချင်တာကို ကြားချင်လား။"
ကူဟယ့်ရန်: "မင်း ပြောချင်တာကို ပြော။"
"ဒါဆို...."
ယန်မြို့စားရဲ့ သားက အနည်းငယ် ရှက်ရွံ့ပြီး တုံ့ဆိုင်းနေသည်။
"နယ်စပ်က ပတ်ဝန်းကျင်က အန္တရာယ်များတယ်။ ကူရှုန်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော်။"
ကူဟယ့်ရန် ခေါင်းညိတ်ပြလိုက်သည်။
"..အင်း။"
"ကုရှုန်းအစား ဒေါ်လေးလျန်ရဲ့ မိသားစုကို ကျွန်တော် ဂရုစိုက်ထားပါ့မယ်။"
မုကျစ်မင်က ကတိပေးလိုက်သည်။
ကူဟယ့်ရန် အနည်းငယ် ကြောင်သွားသော်လည်း ကူအိမ်တော်ရှိ အစေခံများသည် မုကျစ်မင်၏ ဂရုစိုက်မှုကို လိုအပ်ရသည့် အကြောင်းရင်းအား သူ မမေးခဲ့ပေ။ ထိုအစား ဤသို့သာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
"ပြီးတော့...."
ပုံမှန်အားဖြင့် စကားပြောရာ၌ ထက်မြတ်သည့် မုကျစ်မင်သည် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေ၏။
"ကုရှုန်း၊ ကုရှုန်း ကောင်းကောင်းစားသင့်တယ်။ တတ်နိုင်သမျှ အနားယူပြီး... ပြီးတော့ အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို မရောစေနဲ့နော်။"
ကူဟယ့်ရန် ဆက်ပြီး ခေါင်းညိတ်နေလိုက်သည်။
"အင်း..အင်း။"
"ပြီးတော့....ပြီးတော့....အမ်...ပြီးတော့...."
မုကျစ်မင် ထပ်ခါထပ်ခါ စဉ်းစားနေခဲ့ပြီမှ နောက်ဆုံးတွင် ပြောနိုင်ခဲ့သည်။
"မထိခိုက်စေနဲ့။"
ကူဟယ့်ရန် မျက်လုံးများကို ကျဉ်းမြောင်းစေပြီး တိတ်ဆိတ်နေလိုက်သည်။
သူ ဘာမှ မပြောတာကို မြင်ပြီးနောက် မုကျစ်မင် အနည်းငယ် ထိတ်လန့်သွားပြီး အလျင်အမြန် မေးလိုက်သည်။
"ဘာလို့ ပြန်မဖြေတာလဲ။ ကျွန်တော် စကားပြောတာ မှားသွားလို့လား။"
ကူဟယ့်ရန်က ညင်သာစွာ ပြောလိုက်သည်။
"စစ်ပွဲမှာ မထိခိုက်ဖို့က မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် မင်းကို ကိုယ် ကတိမပေးနိုင်ဘူး။"
မုကျစ်မင် ကြာမြင့်စွာ ငေးမောနေမိပြီး သူ့နှလုံးသားက မထင်မှတ်ဘဲ နာကျင်လာသည်။ ထို့နောက် သူ သက်ပြင်းရှည် ချလိုက်သည်။
ရုတ်တရက် စစ်သည်တစ်ဦး မြင်းစီးလာပြီး တိုက်တွန်းလိုက်သည်။
"ရှောင်ရွှိုက်၊ နောက်ကျနေပြီ။ ထွက်ခွာဖို့ အချိန်တန်ပြီ။"
ကူဟယ့်ရန်က စစ်သည်ကို ခေါင်းညိတ်ပြလိုက်သည်။
"အင်း။"
ထို့နောက် သူသည် မုကျစ်မင်ကို ကြည့်ရန် ခေါင်းလှည့်ကာ
"ကိုယ် သွားတော့မယ်။"
သူ စက္ကန့်အနည်းငယ်ကြာ ရပ်တန့်ပြီး ထပ်ပြောလိုက်သည်။
"ကိုယ့်ကို လိုက်ပို့ပေးလို့ ကျေးဇူးပါပဲ။"
"သေချာပေါက် ပို့ရမှာပေါ့။"
မုကျစ်မင် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကူရှုန်းက ကျွန်တော့်ရဲ့ ကယ်တင်ရှင်ပဲလေ။"
ကူဟယ့်ရန်က ခေါင်းညိတ်ပြီး မထီမဲ့မြင်စွာဖြင့်
"ကိုယ် သိပါတယ်....."
မုကျစ်မင်က ကူဟယ့်ရန်ပြောသော 'ကိုယ် သိပါတယ်။' ဟူသည့် စကား၏ အဓိပ္ပါယ်ကို နားမလည်ပေမဲ့ သူ ဘာမှ မပြောနိုင်ခင် ကူဟယ့်ရန်က ထပ်ပြောလိုက်သည်။
"မင်း မြင်းလှည်းဆီကို ပြန်သင့်တယ်။"
မုကျစ်မင် ပျော်ရွှင်သွားပြီး ပြုံးလျက် ပြောလိုက်သည်။
"ကူရှုန်း၊ ခင်ဗျားကို လိုက်ပို့ဖို့ လာခဲ့တာ ကျွန်တော်လေ။ ကျွန်တော်က မြင်းလှည်းနဲ့ ဘယ်လိုလုပ် အရင်ပြန်နိုင်မှာလဲ။ ကုရှုန်း ထွက်သွားတာကို ကျွန်တော် မြင်ရမှ ဖြစ်မှာပေါ့။"
ကူဟယ့်ရန်က မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြောလိုက်သည်။
"ပြန်တော့။"
မုကျစ်မင်သည် ကူဟယ့်ရန်က ဒီကိစ္စအား အတင်းအကျပ် တောင်းဆိုလိမ့်မည်ဟု မထင်ထားပေ၊ ထို့အပြင် ကူဟယ့်ရန်၏ အမူအရာက စိတ်မပျော်တော့ဘူးဟု မြင်သည့်အခါ သူ ပြောသည့်အတိုင်း လုပ်ရတော့သည်။ ခေါင်းငုံ့ပြီးနောက် မုကျစ်မင်က နှုတ်ဆက်စကား ထပ်ပြောကာ လှည့်ပြီး မြင်းလှည်းဆီသို့ ပြန်လျှောက်သွားသည်။
ကူဟယ့်ရန်က မုကျစ်မင် လျှောက်သွားတာကို ကြည့်နေသည်။ မုကျစ်မင် မြင်းလှည်းပေါ်သို့ ရောက်သည်နှင့် သူ လှည့်ပြီး မြင်းပေါ်သို့ ပြန်ခုန်တက်လိုက်သည်။ ထို့နောက် သူသည် စစ်သည်များစီတန်းထားသော အတန်း၏ ရှေ့ဆုံးအထိ မြင်းကို မောင်းနှင်သွားခဲ့သည်။
မုကျစ်မင်က မြင်းလှည်းထဲသို့ ဝင်ရန် ကန့်လန့်ကာကို မြှောက်လိုက်သောအခါ ၀မ်ဟယ့်ယင်က သူ့ကို ကူညီရန် လက်ကို ဆန့်လိုက်သည်။
"သခင်လေး လမ်းဘေးမှာ ရပ်ပြီး စစ်တပ်ကြီး ထွက်သွားတာကို ကြည့်ပြီးမှ မြင်းလှည်းဆီကို ပြန်လာမှာ စိုးရိမ်နေတာ။ ကံကောင်းလို့ မလုပ်ခဲ့ဘူးပဲ။ မဟုတ်ရင် စစ်တပ်ထွက်သွားဖို့ စောင့်နေတုန်း လေထဲမှာ လွင့်နေတဲ့ ဖုန်မှုန့်တွေကြောင့် အဆုတ်ကို ထိခိုက်စေနိုင်တယ်။ ဖုန်မှုန့်တွေကို အကြာကြီး ရှူမိရင် သခင်လေးရဲ့ ရောဂါဟောင်း ပြန်ထလာလိမ့်မယ်။ အဲ့ဒါဆိုရင် သုံးရက်သုံးည ချောင်းဆိုးပြီးမှ ပြန်ကောင်းလာမှာ။"
"ငါ အဲ့လောက်ထိ အားနည်းပြီး ဖျားနာတတ်တာ မဟုတ်ဘူး။"
မုကျစ်မင်က စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
"ဒါက ဖုန်မှုန့်လေးပဲဟာကို၊ ငါ ခါထုတ်လိုက်ရုံနဲ့ ရတယ်။"
"၈ နှစ်သားတုန်းက အဆုတ်ရောဂါနဲ့ သွေးအန်ပြီး သုံးနှစ်ကြာ ကုသမှု ခံယူပြီးမှ ပြန်ကောင်းလာတာ ဘယ်သူလဲ။"
၀မ်ဟယ့်ယင်က မုကျစ်မင်ရဲ့ အားနည်းချက်ကို ရက်စက်စွာ ဖော်ထုတ်လိုက်သည်။
"အဲ့တုန်းက ငါ အသက် ၈ နှစ်ပဲ ရှိသေးတာလေ!"
မုကျစ်မင်က ဒေါသတကြီး အော်လိုက်သည်။
"အဲ့ဒီအချိန်ကနေ ဘယ်လောက်ကြာသွားပြီလဲ။ ငါ ပြန်မကောင်းရတော့ဘူးလား။"
၀မ်ဟယ့်ယင် သူ့ပါးစပ်ကို ရှုံ့မဲ့ပြီး သူ့ရဲ့ ထင်မြင်ချက်ကို မပြောတော့ပေ။
မုကျစ်မင် မြင်းလှည်း၏ ကန့်လန့်ကာကို ထပ်မြှောက်လိုက်သည့်အခါ သူ မှီလိုက်ပြီး တောက်ပသော နေရောင်ခြည်ကို မျက်နှာမူနေသည့် စစ်ချီအလံများကို မြင်လိုက်ရသည်။ စစ်သားအရေအတွက်သည် အလွန်အမင်းများသောကြောင့် အဆုံးကို မမြင်နိုင်ပေ။ ဆိုလိုသည်မှာ သူသည် ကူဟယ့်ရန်ရဲ့ ပုံရိပ်ကိုလည်း မမြင်နိုင်ချေ။
"သခင်လေး၊ ကျွန်တော်တို့ အိမ်တော်ကို ပြန်ကြမှာ မဟုတ်ဘူးလား။"
၀မ်ဟယ့်ယင်က မေးလာသည်။
"အင်း၊ သွားကြရအောင်။"
မုကျစ်မင်က မျက်လုံးကို မှိတ်ချပြီး ပြောလိုက်သည်။
ထို့နောက် မြင်းလှည်းသည် မြို့တော်သို့ ဖြည်းညင်းစွာ ပြန်မောင်းသွားပြီး စစ်တပ်က ဆန့်ကျင်ဘက်လမ်းသို့ ချီတက်သွားသည်။ တိုင်းပြည်၏ ကျယ်ပြောလှသော မြေမျက်နှာပြင်၌ လူများသည် တွေ့ဆုံရန် အခွင့်အရေးများ ရှိသလို ခွဲခွာရမည့် အချိန်များလည်း ရှိပေသည်။
နောက်နှစ် နွေဦးအစ၌ အနောက်မြောက်နယ်စပ်တွင် ဖြစ်ပွားနေသော စစ်ပွဲက သိသိသာသာ ငြိမ်သက်သွားခဲ့သည်။ သုံးလအတွင်းတွင်ပင် အနောက်ပိုင်းရုန်မျိုးနွယ်စုသည် မြို့များအား ရမ်းသမ်းသတ်ဖြတ်ရာကနေ ရှုံးနိမ့်ကာ အလျင်အမြန် ထွက်ပြေးခဲ့ကြရသည်။
စစ်ပွဲအစီရင်ခံစာ မြို့တော်သို့ ရောက်လာသည့်အခါ လူတိုင်းက နယ်စပ်၌ ဘာတွေများ ဖြစ်ပျက်ခဲ့သည်လည်းဟု အံ့အားသင့်ခဲ့ကြသည်။
နောက်ထပ်ရောက်လာသော စစ်ပွဲအစီရင်ခံစာက ဒီသံသယကို ဖြေရှင်းပေးခဲ့သည်။
ကူဟယ့်ရန်က စစ်ပွဲ ခုနစ်ကြိမ် တိုက်ခိုက်ပြီး အင်အားနည်းနည်းနှင့် အင်အားကြီးသည့် ရန်သူကို အနိုင်ယူခဲ့သည်။ နောက်ဆုံး၌ သူက ယုံရန်စစ်တပ်၏ အထူးတပ်ဖွဲ့များအား ရန်သူ၏ အတွင်းပိုင်းထဲသို့ တိုက်ရိုက် ဦးဆောင်ဝင်ရောက်ပြီး ရန်သူ့စခန်းကို တဲ့တိုး ဝင်တိုက်ကာ အနောက်ပိုင်းရုန်မျိုးနွယ်စု၏ ခေါင်းဆောင်ကို အရှင်ဖမ်းခဲ့သည်။
ထိုအချိန်မှစ၍ ကူဟယ့်ရန်၏ ဂုဏ်သတင်းသည် မည်သူနှင့်မျှ မတူတော့ချေ။
အနောက်မြောက်နယ်စပ်တွင် တပ်စွဲထားသော ကူဟယ့်ရန်သည် အနောက်ပိုင်းရုန်မျိုးနွယ်စု၏ ကျန်ရှိနေသော အင်အားများကို တိုက်ခိုက်ရာတွင် နှစ်ဝက်ကျော် အချိန်ကုန်ဆုံးခဲ့သည်။ သူသည် ကာကွယ်ရေးလိုင်းများ တည်ဆောက်ခဲ့ပြီး စစ်သည်များအား လေ့ကျင့်ပေးကာ ပြည်သူများ၏ တည်ငြိမ်မှုကို ကာကွယ်ပေးခဲ့သည်။
တစ်နှစ်အကြာတွင် အသက် ၁၈ နှစ်အရွယ် ကူဟယ့်ရန်အား စစ်သူကြီးဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပြီး "ယွိလင် စစ်သူကြီး" ဟူသော ဂုဏ်ထူးဆောင်အမည်ကို ရရှိခဲ့သည်။ ဤဘွဲ့နှင့်အတူ သူသည် ကူမြောင်၏ နေရာကို ဆက်ခံကာ ယုံရန်စစ်တပ်၏ တပ်မတော်စစ်ဦးစီးချုပ်၏ ဂုဏ်သိက္ခာရှိသော ရာထူးကိုလည်း ရယူခဲ့သည်။
နောက်ခြောက်လအကြာ၌ တောင်တန်းဖြူ၏ အရှေ့မြောက်ဘက်ရှိ ကုံကျီတိုင်းပြည်မှ ရုတ်တရက်ဆိုသလို စစ်သည်များ စုဆောင်းကာ ကျူးကျော်လာခဲ့သည်။ နိုင်ငံနှစ်ခုသည် မူလက ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ကုန်သွယ်ရေး ဖလှယ်မှုများပင် ပြုလုပ်ခဲ့ကြသဖြင့် ကုံကျီတိုင်းပြည်က ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။ အရှေ့မြောက်နယ်စပ်ရှိ စစ်သူကြီးများပင်လျှင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။ မကြာမီ မြို့သုံးမြို့ကို ကုံကျီတိုင်းပြည်၏ ရဲရင့်ပြီး ကျွမ်းကျင်သော စစ်သည်များက သိမ်းပိုက်ခဲ့သည်။ ထိုသို့ဖြင့် စစ်ပွဲနောက်တစ်ခုသည် အလယ်ပိုင်းလွင်ပြင် (၃) သို့ ပျံ့နှံ့တော့မည် ဖြစ်သည်။
ကူဟယ့်ရန်အား ယုံရန်စစ်တပ်ကို ဦးဆောင်ကာ အရှေ့မြောက်နယ်စပ်ကို ထောက်ပံ့ရန် အမိန့်ပေးခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ထိုလူငယ်သည် မျှော်လင့်ချက်များနှင့် ကိုက်ညီစွာ ကုံကျီတိုင်းပြည် စစ်တပ်ကို အနိုင်ယူခဲ့ပြီး သိမ်းပိုက်ခံထားရသော မြို့သုံးမြို့ကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုနှစ်တွင် ထူးခြားထက်မြက်ပြီး အရည်အချင်းရှိသော လူငယ်စစ်သူကြီးတစ်ဦး၏ ဇာတ်လမ်းသည် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုနှစ်မှာပင် ဧကရာဇ်မင်းမြတ်က ရွှမ်သယ်ခန်းမ၌ အမတ်များနှင့်အတူ ကုံကျီတိုင်းပြည်က စစ်သည်များ စုဆောင်းကာ ကျူးကျော်လာရသည့် အကြောင်းရင်းကို ဆွေးနွေးခဲ့သည်။
အမတ်များက ပြောဆိုခဲ့ကြသည်။
"အဲ့လူရိုင်းတွေက လောဘကြီးနေတာဖြစ်မယ်! သူတို့က ကျွန်တော်မျိုးတို့ရဲ့ မြေ၊ အစားအစာ၊ နွားနဲ့ အဝတ်အထည်တွေကို လောဘကြီးနေတာ။ ကျွန်တော်မျိုးတို့ အင်အားသုံးပြီး သူတို့ကို ဟန့်တားသင့်တယ်။"
ဆွေးနွေးမှုများကြားတွင် ယန်မြို့စားက အကြံပေးခဲ့သည်။
"ယခင် ဧကရာဇ်မင်းမြတ် ငယ်ရွယ်ပြီး အာဏာရှိစဉ်က ကဗျာ၊ စာပေ၊ ဂီတတို့ကို ဖလှယ်ဖို့ ကုံကျီတိုင်းပြည်ကို သံတမန်တွေ စေလွှတ်တာကို စတင်ဆောင်ရွက်ခဲ့တယ်။ အဲ့အချိန်ကစပြီး ကျွန်တော်မျိုးတို့ တိုင်းပြည်နှစ်ခုက နှစ်ပေါင်းများစွာ ထိုဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ပြီး ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ ယခု ဧကရာဇ်မင်းမြတ် နန်းတက်တာ နှစ် ၂၀ ကျော်နေပြီ။ ကျွန်တော်မျိုး ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ တော်ဝင်တရားရုံးရဲ့ အရပ်သားဘက်နဲ့ စစ်ဘက်ဆိုင်ရာ အမတ်တွေထဲမှာ ကုံကျီဘာသာစကားကို သိတဲ့သူ ဘယ်သူရှိလဲလို့ တွေးမိတယ်။ တိုင်းပြည်နှစ်ခုကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမဲ့ သံတမန်အဖြစ် ဆောင်ရွက်ဖို့ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နိုင်မဲ့သူ ဒီတိုင်းပြည်မှာ ရှိပါသလား။"
ဧကရာဇ်မင်းမြတ်သည် ဤစကားကို ကြားသောအခါ ထင်မြင်ယူဆချက် အလွန်မှန်ကန်သည်ဟု ခံစားရသည်။ မုပေါ်ရန်၏ စကားများသည် နားမကြားသူများကို နားစွင့်စေပြီး မျက်စိကွယ်သူများကို မြင်စေခဲ့သလိုပင်။
ချက်ချင်းပင် ဧကရာဇ်မင်းမြတ်က ဓလေ့ထုံးတမ်းဝန်ကြီးဌာနမှ လူတစ်ဦးကို ရွေးချယ်ပြီး ကုံကျီဘာသာစကားကို သင်ယူပြီး အရှေ့မြောက်နယ်စပ်သို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ နယ်စပ်အခြေအနေ အနာဂတ်တွင် တည်ငြိမ်လာသောအခါ နိုင်ငံနှစ်ခုလုံးကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းရန် သံတမန်အဖြစ် စေလွှတ်ဖို့ရာ ပြင်ဆင်ရန်ဖြစ်သည်။
သို့သော် ဤသည်မှာ အန္တရာယ်များသော အလုပ်ဖြစ်သည်။ နယ်စပ်ရှိ လက်ရှိ ရှုပ်ထွေးသောအခြေအနေကို ထည့်မတွက်ထားရင်တောင် အနာဂတ်မှာ သံတမန်က ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေရှိသည့် နိုင်ငံကို ခရီးသွားသောအခါ ထောင်ချခံရခြင်း သို့မဟုတ် သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ခြေရှိသည်။
ဧကရာဇ်မင်းမြတ်က ကိုယ်စားလှယ်လောင်းကို မဆုံးဖြတ်နိုင်သေးသည့်အချိန်မှာ လူတစ်ဦးက ကူညီကာ စေတနာ့ဝန်ထမ်းရန် စာတစ်စောင် တင်သွင်းခဲ့သည်။
မမျှော်လင့်ထားသော၊ သို့မဟုတ် စေတနာ့ဝန်ထမ်းလိမ့်မည်ဟု ထင်မထားသော ထိုသူမှာ ယန်မြို့စား၏ သားငယ် မုကျစ်မင်ပင်။
***
Aurora Novel Translation Team
Translator's Note:
(၁) ရှောင်ရွှိုက် (少帥 shào shuài): စစ်တပ်မှာ အသုံးများတဲ့ တရားဝင်မဟုတ်တဲ့ ဘွဲ့ပါ။ ပုံမှန်အားဖြင့် စစ်ဘက်ဆိုင်ရာရာထူးနဲ့ မသက်ဆိုင်ဘဲ အများအားဖြင့် စစ်တပ်တစ်ခုရဲ့ တပ်မှူးချုပ်ရဲ့ သားကို ရည်ညွှန်းတာပါ။ ငယ်ရွယ်တဲ့ တပ်မှူးချုပ် ဒါမှမဟုတ် ခေါင်းဆောင်ကိုလည်း ရည်ညွှန်းပါတယ်။
(၂) ချင်နာရီ (辰時 chén shí): ရှေးခေတ်က အသုံးပြုခဲ့တဲ့ နှစ်နာရီခွဲ စနစ်မှာ မနက် ၇ နာရီ ကနေ ၉ နာရီအတွင်းပါ။
(၃) အလယ်ပိုင်းလွင်ပြင် (中原 zhōng yuán): ဟေနန်၊ အနောက်ပိုင်း ရှန်တုံ၊ တောင်ပိုင်း ရှန်ရှီနှင့် ဟေပေ အပါအဝင် ဝါးမြစ်ဝှမ်း၏ အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများဖြစ်သည်။