အခန်း (၃၃) - ခင်ဗျား ပူတယ်လို့ ခံစားရလား
မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် မြို့တံခါးအနီးရှိ ကျောက်တုံးကြီးဆီသို့ လျှောက်သွားကြသည်။ သဲမုန်တိုင်းများ၊ အေးစိမ့်မှုနှင့် ကန္တာရ၏ ပူပြင်းမှုကြားတွင် ထိုကျောက်တုံးသည် နှစ်ပေါင်း ၁၀၀ ကျော်ကြာ တည်ငြိမ်စွာ ရပ်တည်နေခဲ့သည်။
လုံးဝတိတ်ဆိတ်စွာ စောင့်ဆိုင်းနေသကဲ့သို့ပင်။ မုကျစ်မင်သည် ပထမဆုံး ချဉ်းကပ်သူဖြစ်သည်။ သူက ကျောက်တုံး၏ ကြမ်းတမ်းသော မျက်နှာပြင်ကို ပွတ်သပ်လိုက်သောအခါ စိတ်ထဲတွင် တိုးညင်းစွာ ရေရွတ်လိုက်သည်။
'မင်းက ဘာလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာလဲ။'
"အဲဒီမှာ စာလုံးတွေရှိတယ်။"
ကူဟယ့်ရန်က မလှုပ်မရှားနှင့် ရပ်နေပြီး မုကျစ်မင်အတွက် လေတချို့ကို ကာဆီးပေးရင်း ပြောလာသည်။
မုကျစ်မင် ခေါင်းညိတ်လိုက်သည်။ သူက မနေ့ကတည်းက ကျောက်တုံးပေါ်ရှိ စာများကို သတိပြုမိခဲ့သည်။
နှစ်ယောက်သား ကျောက်တုံးကို သေချာစွာ ကြည့်ရှုသောအခါ စာလုံးများသည် ဆိုးဆေးဖြင့် ရေးထားခြင်းမဟုတ်ကြောင်း၊ ထွင်းထုထားတာသာ ဖြစ်ပြီး လေတိုက်၍ သယ်ဆောင်လာသော သဲများကြောင့် အများစုမှာ မှေးမှိန်သွားကြောင်း သတိပြုမိကြသည်။ ထို့ကြောင့် နှစ်ဦးစလုံး ကျောက်တုံးပေါ်တွင် ဘာရေးထားသည်ကို နားမလည်နိုင်ခဲ့ကြခြင်းဖြစ်သည်။ စာလုံးများထက် သင်္ကေတများနှင့် ပိုတူသေးသည်။
မုကျစ်မင်သည် ထို 'စာလုံးများ' ကို အချိန်အတော်ကြာ ကြည့်နေပြီး မှင်တက်နေသည့်နှယ် ထွင်းထုထားသော အမှတ်အသားများကိုပင် လက်ဖြင့်တို့ထိခဲ့သည်။ ထို့နောက် မုကျစ်မင်သည် ခေါင်းကိုစောင်းကာ အောက်သို့ ငုံ့ကြည့်ပြီး အချိန်အတော်ကြာ စဉ်းစားနေသည်။
သို့သော် မည်မျှပင် စဉ်းစားစေကာမူ ဘာမှ စိတ်ထဲပေါ်မလာပေ။
နေ့လယ်ခင်းရောက်သောအခါ နှစ်ယောက်စလုံး ဗိုက်ဆာနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
ထို့ကြောင့် သူတို့၌ ရွာထဲသို့ ပြန်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။ သူက စက္ကူ၊ စုတ်တံနှင့် မင်တို့ကို ငှားရမ်းကာ ကျောက်တုံးပေါ်ရှိ စာလုံးများကို ကူးယူပြီး တည်းခိုခန်းသို့ ယူဆောင်ကာ ပိုမိုနီးကပ်စွာ လေ့လာရန် စီစဉ်ခဲ့ကြသည်။
နောက်ဆုံး၌ တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ရှေ့ခန်းမတွင် တည်းခိုခန်းပိုင်ရှင်ကို မတွေ့သော်လည်း မကြာမီ ခြံဝင်းထဲမှ ဆူညံသံအချို့ကို ကြားလိုက်ရသည်။
သူတို့ထွက်သွားသောအခါ တည်းခိုခန်းပိုင်ရှင်သည် ခြံဝင်းထောင့်တွင် သံချေးတက်နေသော သံအဖုံးတစ်ခုကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ဤသံအဖုံးသည် အ၀ါရောင်မြေသားဖြင့် ဖုံးအုပ်ထားသည်။ သေချာမကြည့်ပါက မြေပြင်နှင့် တစ်သားတည်းဖြစ်နေသော သံအဖုံးဖြစ်ကြောင်းပင် သတိမထားမိနိုင်ပေ။
"ဟေး၊ ကုန်းကျစ်နှစ်ဦး ပြန်လာပြီလား။"
တည်းခိုခန်းပိုင်ရှင်က နွေးထွေးစွာ နှုတ်ဆက်လာသည်။
မုကျစ်မင် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒီမှာ ဘာလုပ်နေတာလဲ သူဌေး။"
တည်းခိုခန်းပိုင်ရှင်က လက်ဖမိုးဖြင့် ချွေးသုတ်ပြီး ပြန်ဖြေသည်။
"ဒီမှာ ကန်စွန်းဥ သိမ်းတဲ့ မြေအောက်ခန်းတစ်ခုရှိတယ်။ အဲဒါကို ဖွင့်ချင်လို့၊ လေဝင်လေထွက်ကောင်းအောင် နေရောင်ခြည်ရအောင် လုပ်ချင်တာ။ ဒါပေမဲ့ ဒါက ဘယ်လောက်တောင် သံချေးတက်နေလဲ မသိဘူး၊ ဖွင့်လို့မရတော့လို့။ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး။ အားရား.."
"ကျွန်တော်တို့ ကူညီပေးမယ်။"
မုကျစ်မင်က လက်ကိုခေါက်တင်ပြီး ကုန်းလိုက်ကာ သံအဖုံး၏ လက်ကိုင်ကို ကိုင်လိုက်သည်။ သို့သော် သူ အားစိုက်မထုတ်နိုင်ခင်မှာပင် သူ့နားနားသို့ ကပ်လာသော ကူဟယ့်ရန်၏ စကားကို ကြားလိုက်ရသည်။
"လွှတ်လိုက်၊ ကိုယ် လုပ်လိုက်မယ်။"
မုကျစ်မင်က သူ့ကို လှည့်ကြည့်သည်။
"ကိုယ့်ကို လုပ်ခွင့်ပေး။"
ကူဟယ့်ရန်က ထပ်ပြောသည်။
မုကျစ်မင်သည် လက်ကိုင်ကို နာခံစွာ လွှတ်ပေးပြီး ကူဟယ့်ရန်ကို လမ်းဖယ်ပေးလိုက်သည်။ ထို့နောက် ကူဟယ့်ရန်သည် လျှောက်လာကာ လက်ကိုင်ကို ဆုပ်ကိုင်ပြီး မျက်မှောင်ကြုတ်ကာ အနည်းငယ် အားစိုက်ထုတ်လိုက်ရာ နောက်ဆုံးတွင် သံအဖုံးကို မြှောက်လိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင် တုံးတိတိ အသံတစ်ခု ထွက်လာပြီး မြေအောက်ခန်း အောင်မြင်စွာ ပွင့်သွားသည်။
"အားရား! ကျေးဇူးတင်ပါတယ် ကုန်းကျစ်!"
တည်းခိုခန်းပိုင်ရှင်က ကျေးဇူးတင်စွာဖြင့်
"ဒီက ကုန်းကျစ်နှစ်ဦး ဗိုက်ဆာနေကြပြီလား။ ကျွန်တော် ထမင်းဟင်းတွေ သွားပြင်ဆင်လိုက်ဦးမယ်!"
တည်းခိုခန်းပိုင်ရှင်က အစားအစာကို ကြိုတင်ပြင်ဆင်ထားသောကြောင့် ဖြစ်နိုင်သည်၊ ဟင်းလျာများကို အလွန်လျင်မြန်စွာ ကျွေးမွေးခဲ့သည်။ မုကျစ်မင်နှင့် ကူဟယ့်ရန်တို့ ထိုင်ပြီး မကြာမီ တည်းခိုခန်းပိုင်ရှင်သည် သစ်သားဗန်းပေါ်တွင် ဟင်းလျာအချို့အပြင် ပန်းကန်လုံးကြီးများကို ယူလာပြီး သစ်သားစားပွဲပေါ်တွင် တင်လိုက်သည်။
"ကုန်းကျစ်တို့ ကောင်းကောင်းစားသောက်ကြပါ။ စားပြီးရင် သန့်ရှင်းရေးလုပ်ဖို့ ကျွန်တော့်ကို ခေါ်လိုက်နော်။"
"ခဏလေး သူဌေး၊ ဒါက ဘာလဲဟင်။"
မုကျစ်မင်က စားပွဲပေါ်၌ တင်ထားသော လက်တစ်ဝက်ခန့် အရွယ်ရှိသော မြေအိုးကို ညွှန်ပြရင်း အံ့အားသင့်စွာ မေးလိုက်သည်။
"ဒါက ကျွန်တော်တို့ရဲ့ အထူးဟင်းလျာပဲ။ 'နို့ချဉ်' (၁) လို့ခေါ်တယ်။ ခုနက ကုန်းကျစ်တို့က ကျွန်တော့်ကို မြေအောက်ခန်းဖွင့်ဖို့ ကူညီပေးခဲ့လို့ ဒါကို ကုန်းကျစ်တို့ကို လက်ဆောင်ပေးတာပါ!"
တည်းခိုခန်းပိုင်ရှင်က ပြုံးပြီး ပြန်ဖြေသည်။
"သူဌေး၊ ခင်ဗျားက အရမ်းကြင်နာတတ်တာပဲ။ ကျေးဇူးတင်ပါတယ်။"
မုကျစ်မင်က ပျော်ရွှင်စွာ မြေအိုး၏ အဖုံးကို ဖွင့်လိုက်သည်။ ပြင်းထန်သော၊ ချိုမြိန်သော၊ အဆီပြန်သော နို့ရနံ့သည် သူ့နှာခေါင်းထဲသို့ ၀င်လာသည်။ ပန်းကန်လုံးသေး နှစ်လုံးယူပြီးနောက် မုကျစ်မင်သည် မြေအိုးထဲမှ နို့နှစ်ရောင် အဖြူရည်များကို လောင်းထည့်ပြီး ပန်းကကန်လုံးတစ်လုံးကို ကူဟယ့်ရန်ကို ပေးလိုက်သည်။
"ဒီမှာ ဟယ်ရှုန်းအတွက်။ ဒီအထူးအရသာရှိတဲ့ အစားအစာကို သူဌေးက ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်တို့ကို ပေးတာဆိုတော့ မြည်းကြည့်ရအောင်လေ။"
ကူဟယ့်ရန်က ပန်းကန်လုံးအသေးလေးကို ယူပြီး မုကျစ်မင်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် တစ်ငုံသောက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အရသာက ဘယ်လိုနေလဲ။"
မုကျစ်မင်က မေးလာသည်။
ကူဟယ့်ရန်က တိုးတိုးလေးပြောသည်။
"...အရမ်းချိုတယ်။"
ထိုသို့ပြောပြီးနောက် ပန်းကန်လုံးကို ကောက်ယူပြီး နောက်တစ်ငုံ ထပ်သောက်သည်။ ဤတစ်ကြိမ်၌ ကူဟယ့်ရန်မှာ အရင်ကထက် ပိုနှေးနှေး သောက်လိုက်သည်။ အရသာကို သေချာစွာ တိုင်းတာနေသကဲ့သို့ သူသည် လက်ထဲရှိ ပန်းကန်လုံးကို ဉာဏ်ရည်ထက်မြက်သော မျက်နှာဖြင့် စိုက်ကြည့်နေသည်။ ခဏကြာပြီးနောက် နောက်ဆုံးတွင် ကူဟယ့်ရန်က ပြောလာသည်။
"မဆိုးပါဘူး၊ မင်း ကြိုက်မှာပါ။"
မုကျစ်မင်သည် ကူဟယ့်ရန်၏ လုပ်ရပ်များကို ကြည့်သောအခါ အလွန်အမင်း ပြုံးမိသည်ကို မထိန်းနိုင်တော့ပေ။ ထိုအချိန်တွင် မုကျစ်မင် သူ၏ အတိတ်ဘဝကို တွေးမိလိုက်သည်။
'အဲဒီတုန်းက ငါတို့ မရင်းနှီးခဲ့ဘူး၊ တစ်ယောက်ကိုတစ်ယောက် သိပ်မသိကြဘူး။ တခြားလူတွေ ကူဟယ့်ရန်အကြောင်း ပြောတာကို ကြားတိုင်း သူ့ကို အမှန်တကယ် ရှိနိုင်တယ်လို့ မထင်ဘဲ အူကြောင်ကြောင် ခံစားရတယ်။ နောက်ဆုံး ကူဟယ့်ရန်အကြောင်းကို သူက သစ္စာရှိပြီး တရားမျှတမှုရှိတဲ့ တိုင်းပြည်ကို အမှုထမ်းပြီး ကာကွယ်ပေးတဲ့ သံမဏိနှလုံးသားရှိတဲ့ စစ်သူကြီးလို့ လူသိများတယ်ဆိုတာကလွဲလို့ ဘာမှ မမှတ်မိတော့ဘူး။'
'ဒါပေမဲ့ အခု ငါ့မျက်စိရှေ့မှာ ရှိနေတဲ့ အဲဒီ ကူဟယ့်ရန်က လမ်းပေါ်က ပုံပြင်ပြောသူတစ်ယောက် ပြောပြတဲ့ ပုံပြင်ထဲက ဇာတ်ကောင်တစ်ယောက် မဟုတ်တော့ဘူး။ သူက ကြိုက်တာနဲ့ မကြိုက်တာလည်းရှိတဲ့ အသားနဲ့ အရိုးနဲ့ ဖွဲ့စည်းထားတဲ့ လူငယ်တစ်ယောက်၊ သူ 'အရမ်းချိုတယ်' လို့ တီးတိုးပြောတုန်းက သူက အရမ်း ချစ်စရာကောင်းတဲ့ သူတစ်ယောက်ပဲ။'
မုကျစ်မင် မှင်တက်သွားသည်။
'ခဏလေး... ငါ ခုနက ကူဟယ့်ရန်ကို... ချစ်စရာကောင်းတယ်လို့ တွေးမိလိုက်တာလား။'
'သွေးထွက်သံယို စစ်မြေပြင်မှာ တိုက်ခိုက်ခဲ့ပြီး လက်တစ်ဖက်တည်းနဲ့ လူ ၁၀ ယောက်ကို နိုင်တဲ့ ထွားထွားကြိုင်းကြိုင်းစစ်သူကြီးကိုလေ... ချစ်စရာကောင်းတယ်လို့ ငါ တကယ်ထင်မိလိုက်တာလား။'
'ဟစ်... ငါ ရူးသွားပြီလား။'
"ဘာဖြစ်တာလဲ။"
ကူဟယ့်ရန်က ရုတ်တရက် ပါးစပ်ဖွင့်ပြီး မုကျစ်မင်ကို လက်တွေ့လောကသို့ ပြန်ခေါ်ကာ ပြောလိုက်သည်။
"အမ်း..."
မုကျစ်မင် အလွန်အမင်း ရှက်ရွံ့သွားသောကြောင့် သူ၏ တုန်လှုပ်နေသော စိတ်ခံစားချက်များကို ဖုံးကွယ်ရန် ခေါင်းကို ငုံ့ထားရသည်။
"ကျွန်တော်... ဒီအရသာရှိတဲ့ အစားအစာတွေက တကျင်းရဲ့ ဓလေ့ထုံးစံတွေနဲ့ မကိုက်ညီဘူးလို့... ကုံကျီတိုင်းပြည်က ကြိုက်တဲ့ အစားအစာတွေနဲ့ ပိုတူတယ်လို့ ထင်မိလို့ပါ။"
"..."
ကူဟယ့်ရန်သည် မုကျစ်မင်ကို အနည်းငယ် သံသယဖြစ်ဟန်ဖြင့် ကြည့်သော်လည်း နောက်ဆုံးတွင် မမေးတော့ဘဲ တုံ့ပြန်လိုက်သည်။
"အင်း။"
ထို့နောက် မုကျစ်မင်သည် တည်ငြိမ်ဟန် ဟန်ဆောင်ကာ ဆက်ပြောသည်။
"ကုံကျီတိုင်းပြည်ရဲ့ ဓလေ့တွေက ရဲရင့်တယ်၊ ကြမ်းတမ်းတယ်၊ ပွင့်လင်းတယ်။ ဥပမာအားဖြင့် သူတို့က အသားကို စားပွဲပေါ်မတင်ခင် ဘယ်တော့မှ မလှီးဖြတ်ဘူး၊ တစ်တုံးလုံးကို စားမဲ့သူဆီ တိုက်ရိုက်ပို့ပေးတယ်။ ဒီဓလေ့ကြောင့် တကျင်းပညာရှင်အများစုက ကုံကျီလူမျိုးတွေကို ရိုင်းစိုင်းပြီး လူရိုင်းဆန်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့လိုမထင်ဘူး။ လောကကြီးဟာ ကျယ်ပြောသလို ကွဲပြားခြားနားတယ်။ စဉ်းစားကြည့်ရင် နေရာတိုင်းမှာ သူ့ရဲ့ထူးခြားတဲ့ အလှတရားနဲ့ ထူးခြားချက်တွေ ရှိတယ်။ နောက်ဥပမာတစ်ခုက ကုံကျီစာရေးနည်းက ပန်းချီကားနဲ့တူတယ်၊ သူတို့ရဲ့ ဖတ်နည်းကလည်း တကျင်းနဲ့ တော်တော်ကွာခြားတယ်။ သူတို့က..."
မုကျစ်မင်သည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူသည် နေရာတွင် ရပ်တန့်သွားပြီး မျက်လုံးများ မတည်ငြိမ်ဘဲ ရှေ့သို့ တည့်တည့်ကြည့်နေသည်။
ကူဟယ့်ရန်က ဘာဖြစ်တာလဲဟု မမေးနိုင်ခင် မုကျစ်မင်သည် ကျောက်တုံးမှ ယူလာသော စာရွက်ကို အလျင်အမြန် ကောက်ယူလိုက်သည်ကို သူတွေ့လိုက်ရသည်။ စာရွက်ပေါ်ရှိ စာသားကို ကြည့်လိုက်သောအခါ မုကျစ်မင်သည် ဝမ်းသာအားရ ထရပ်ကာ အော်ဟစ်လိုက်သည်။
"ကျွန်တော် သိပြီ!"
"ဘာကိုလဲ။"
ကူဟယ့်ရန်က မေးလိုက်သည်။
မုကျစ်မင်က ပြောလာသည်။
"ဒီစာလုံးတွေက ကုံကျီဘာသာစကားက လာတာ! သူတို့ရဲ့ စာရေးနည်းရဲ့ ဖတ်တဲ့ နည်းက အောက်ကနေ အပေါ်၊ ဘယ်ဘက်ကနေ ညာဘက် လာတာ။ ဒါက ကျွန်တော်တို့နဲ့ လုံးဝဆန့်ကျင်ဘက်ပဲ! ဒါကြောင့် ပထမဆုံး မြင်လိုက်တာနဲ့ ကျွန်တော် မမှတ်မိနိုင်တာ!"
အသိဉာဏ်ပွင့်လင်းလာပြီးနောက် နှစ်ဦးစလုံး စားသောက်ခြင်းကို ဂရုမစိုက်နိုင်တော့ဘဲ ဗိုက်ဖြည့်ရန် ပေါင်မုန့်ပြုတ်တစ်လုံးကိုသာ ယူကာ မြို့တံခါးသို့ အလျင်အမြန် ပြန်သွားကြသည်။
လေနှင့် သဲတို့သည် ကျောက်တုံးပေါ်ရှိ ထွင်းထုထားသော အမှတ်အသားများကို တိုက်စားခဲ့သော်လည်း မုကျစ်မင်ကား လိမ္မာပါးနပ်သူဖြစ်သည်။ စာသားကို တစ်ဝက်ခန့်မှန်းပြီး တစ်ဝက်မှားယွင်းစွာ မှတ်ယူခြင်းဖြင့် ကျောက်တုံးပေါ်တွင် ရေးထားသည်ကို အလုံးစုံ နားလည်နိုင်ခဲ့သည်။
ကုံကျီတိုင်းပြည်၌ တစ်ချိန်က အင်အားကြီးမားသော ဘုရင်တစ်ပါးရှိခဲ့သည်။ ဂုဏ်ထူးဆောင်ဘွဲ့အမည်မှာ 'မြင့်မြတ်သော ခန်းဘာအယ်' ဖြစ်သည်။ ငယ်ရွယ်စဉ်က ကုံကျီတိုင်းပြည်တွင် အကြမ်းဖက်စစ်ရေးနှင့် နိုင်ငံရေး အာဏာသိမ်းမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ရှုံးနိမ့်သော အဖွဲ့အစည်းအနေဖြင့် ဤရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စိတ်ကောင်းနှလုံးကောင်းရှိသော ရွာသားများသည် သူ့ကို မဆိုင်းမတွဖြင့် ဂရုစိုက်ကာ စောင့်ရှောက်ခဲ့ကြသည်။ နောက်ပိုင်း၌ ကုံကျီတပ်များ ရောက်ရှိလာသောအခါ ရွာတစ်ခုလုံးကို ရှာဖွေပြီး လူများကို နှိပ်စက်ညှဉ်းပန်းကာ ထွက်ဆိုချက်များ ရယူခဲ့ကြသည်။ သို့သော် ထိုအချိန်က ကလေးငယ်လေးသာ ရှိသေးသော ခန်းဘာအယ်ကို ထိုလိုက်လံဖမ်းဆီးသူများထံ မည်သူမျှ မအပ်ခဲ့ကြပေ။ ရွာသားများသည် ကုံကျီတိုင်းပြည်၏ နိုင်ငံရေး အငြင်းပွားမှုများကို မသိခဲ့ကြချေ။ သူတို့သည် ကလေးတစ်ဦးကို ကာကွယ်ရန် သူတို့၏ ခေါင်းမာမှုနှင့် စိတ်ကောင်းစေတနာကိုသာ အခြေခံ၍ လုပ်ဆောင်ခဲ့ကြသည်။
ထိုအဖြစ်အပျက်ပြီးနောက် ခန်းဘာအယ်သည် ကုံကျီတိုင်းပြည်သို့ ပြန်လည်ရောက်ရှိပြီး ဘုရင်ဖြစ်လာခဲ့သည်။ နန်းတက်ပြီးနောက် သူ ပထမဆုံးလုပ်ခဲ့သောအရာမှာ ကျေးဇူးတင်ကြောင်းကို ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထွင်းထုကာ နောက်ပိုင်းတွင် ရွာအ၀င်ဝ၌ ထားရှိရန်ဖြစ်သည်။ ဤနည်းဖြင့် ခန်းဘာအယ်က ကျိန်ဆိုခဲ့သည်- ဤကျောက်တုံးရှိနေသရွေ့ ကုံကျီလူမျိုးများသည် ဤရွာရှိ လူအားလုံးကို မိတ်ဆွေများအဖြစ် မှတ်ယူကြလိမ့်မည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ခန်းဘာအယ်လည်း နတ်ရွာစံသွားခဲ့ပြီဖြစ်သည်။ သို့သော် သူပြုခဲ့သော ကျိန်ဆိုချက်သည် မပျက်မယွင်း တည်ရှိနေပြီး မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခဲ့သည်။
မုကျစ်မင်က ကျောက်တုံးတစ်တုံးသည် တခြားတပ်များကို ဤရွာအား လုယက်ခြင်းမှ မည်သို့တားဆီးနိုင်သည်ကို နောက်ဆုံးတွင် နားလည်သွားပြီး ကုံကျီတိုင်းပြည်တွင် ပြုလုပ်ထားသော မြေပုံတစ်ခု၌ ဤရွာကို 'မိတ်ဆွေ' ဟု အဘယ်ကြောင့်ခေါ်ဆိုသည်ကိုပင် နားလည်သွားခဲ့သည်။ သို့သော် ကုံကျီတိုင်းပြည်သည် တကျင်းကို ရုတ်တရက် ကျူးကျော်ရန် အဘယ်ကြောင့် တပ်များစေလွှတ်ခဲ့သည်မှာ မသေချာသေးပေ။
ရှုပ်ထွေးသော ခံစားချက်များဖြင့် မုကျစ်မင်နှင့် ကူဟယ့်ရန်တို့သည် တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။ သူတို့ရောက်သောအခါ ညနေစောင်းနေပြီဖြစ်သည်။ နေ့လယ်စာ ကောင်းကောင်း မစားခဲ့ရသော်လည်း ညစာကိုတော့ ကောင်းကောင်း စားနိုင်ကြသည်။
ကူဟယ့်ရန်နှင့် မုကျစ်မင်တို့သည် နေ့လယ်တွင် အလျင်စလို ထွက်သွားခဲ့ကြသောကြောင့် တည်းခိုခန်းပိုင်ရှင် ပေးခဲ့သော နို့ချဉ်ကို မုကျစ်မင် သောက်ရန် အခွင့်အရေး မရခဲ့ပေ။ ထို့ကြောင့် ညစာစားချိန်တွင် မုကျစ်မင် ပထမဆုံးလုပ်ခဲ့သောအရာမှာ ထိုအရည်ကို မြည်းစမ်းရန်ဖြစ်သည်။ နို့ချဉ်ကို ပန်းကန်လုံးသေးတစ်ခုထဲသို့ လောင်းထည့်ပြီးနောက် ၎င်းကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။ ချက်ချင်းဆိုသလို မုကျစ်မင်သည် ၎င်း၏ နူးညံ့ပျော့ပျောင်းသော အသွင်အပြင်နှင့် ထူးခြားချိုမြိန်သော အရသာကို ခံစားလိုက်ရသည်။
ကူဟယ့်ရန်တစ်ယောက် မှန်ကန်စွာ ခန့်မှန်းခဲ့သည်။ မုကျစ်မင်သည် ၎င်းကို အလွန်နှစ်သက်သည်။ သူ မကြုံဖူးသေးသော ဤအရည်ကို ကြိုက်နှစ်သက်သောကြောင့် မုကျစ်မင်သည် တဖြည်းဖြည်း ပို၍သောက်မိသည်။ ညစာစားပြီးနောက် မြေအိုးထဲရှိ နို့ရည်သည် အကုန်နီးပါး ဖြစ်သွားပြီး အများစုမှာ မုကျစ်မင်၏ ဗိုက်ထဲသို့ ရောက်သွားခဲ့သည်။
သူတို့ စားသောက်ပြီးသောအခါ နှစ်ဦးသား တည်းခိုခန်းပိုင်ရှင်အား သစ်သားစားပွဲကို သန့်ရှင်းရေးလုပ်ခိုင်းပြီး လက်ဖက်ရည်အချို့ ယူလာခိုင်းသည်။ ထိုအချိန်၌ ကူဟယ့်ရန်က တုံ့ဆိုင်းစွာဖြင့် စကားစပြောသည်။
"ကျေးဇူးပြုပြီး ပြောပြပါဦး..."
"အင်း?"
ယခု ပေါ့ပေါ့ပါးပါး ထိုင်နေပြီး လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားသော မုကျစ်မင်သည် ကူဟယ့်ရန်ကို မျက်စိမှေးကာ ကြည့်လိုက်သည်။
"ဟယ်ရှုန်း၊ ပြောစရာရှိရင် ပြောလေ။"
ကူဟယ့်ရန် နောက်ဆုံးတွင် မေးလိုက်သည်။
"ဒေါ်လေးလျန်နဲ့ ကျန်တဲ့သူတွေရော၊ သူတို့ ဘယ်လိုနေကြလဲ။"
မုကျစ်မင်က ပြုံးပြီး ပြန်ဖြေသည်။
"ဒေါ်လေးလျန်ရော၊ သူ့သားနဲ့ ချွေးမတွေ အားလုံးရော အဆင်ပြေပါတယ်။ ဝမ်ကျိုးချန်နဲ့ မိန်းကလေးကျွမ်းအားတို့က လွန်ခဲ့တဲ့တစ်နှစ်က သားလေးတစ်ယောက် ရခဲ့တယ်။ ကလေးလေးက ချစ်စရာကောင်းပြီး တော်တော်လည်း တော်တယ်။ နာမည်တောင် ကျွန်တော် ရွေးပေးခဲ့တာ! နယ်စပ် ငြိမ်းချမ်းတဲ့အခါ မြို့တော်ကို ပြန်ပြီး သူတို့ကို သွားကြည့်လိုက်ပါ။ သူတို့ ခင်ဗျားကို အရမ်းလွမ်းနေကြတာ။ ဒေါ်လေးလျန်က ခင်ဗျား ငယ်ငယ်တုန်းကအကြောင်းကို မကြာခဏ ပြောပြလေ့ရှိတယ်၊ ခင်ဗျားက ဓားလေ့ကျင့်တာကို အရမ်းအာရုံစိုက်နေလို့ စားချိန်အိပ်ချိန်တောင် မေ့တတ်တယ်တဲ့။ သူက ခင်ဗျားကို... အင်း... စစ်တပ်စခန်းမှာ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူးတဲ့... ပြီးတော့ ခင်ဗျား ကောင်းကောင်းစားဖို့ မေ့နေမှာကို ကြောက်တယ်လို့လည်း ပြောဖူးတယ်..."
မုကျစ်မင်သည် နောက်ဆုံးစာကြောင်းကို အနည်းငယ် ဝိုးတဝါး ပြောခဲ့သည်၊ အကြောင်းမှာ သူ့တွင် တစ်ခုခု မှားနေသည်ကို မကြာမီ သတိပြုမိသောကြောင့်ဖြစ်သည်။ အံ့အားသင့်စွာဖြင့် ကူဟယ့်ရန်ကို မော့ကြည့်လိုက်သောအခါ မုကျစ်မင်က မေးလိုက်သည်။
"ဟယ်ရှုန်း၊ ခင်ဗျား ပူတယ်လို့ ခံစားရလား...?"
***
Aurora Novel Translation Team
(၁) နို့ချဉ် 酿奶 (niàng năi); နို့ဝိုင် (乳酒 rūjiů)၊ ကူမစ် (တူရကီ)၊ အေရာ့ဂ် (မွန်ဂို) စသည်ဖြင့်လည်း လူသိများပါတယ်။ ဒီအဖျော်ယမကာက အာရှလွင်ပြင်အလယ်ပိုင်း၊ တူရကီနဲ့ မွန်ဂိုနွယ်ဖွားတွေဖြစ်တဲ့ ကာဇက်၊ ဘက်ရှကီ၊ ကယ်လ်မစ်၊ ကာဂျစ်၊ မွန်ဂိုနဲ့ ယာကွတ်စ်ခ်တို့အတွက် အရေးပါခဲ့ပါတယ်။ ဒီအဖျော်ယမကာကို တရုတ်ပြည်မြောက်ပိုင်းကနေမှ ခီတန်၊ ဂျူရ်ချင်၊ ဟန်ဂေရီနဲ့ ဟန်တရုတ်တို့ကလည်း သမိုင်းကြောင်းအရ သောက်သုံးခဲ့ကြပါတယ်။ အဲ့ဒါကို လတ်ဆတ်တဲ့ မြင်းနို့ကနေ အချဉ်ဖောက်ခြင်းနဲ့ ပေါင်းခံထားတာပါ။ ဝိုင်က သဘာဝအဖြူရောင်ရှိပြီး ဒိန်ချဉ်ထက် ပိုအရည်ပျော်ပြီး ချောမွေ့တဲ့ အသွင်အပြင်ရှိပါတယ်။