အခန်း (၃၀) - မုကျစ်မင် ရူးသွားပြီလား?!
''တစ်သက်လုံးစာအတွက် ပြောချင်တဲ့စကားတွေများ အကုန်ထုတ်သုံးလိုက်တာလား။''
မုကျစ်မင်က သံသယဖြင့် မေးလိုက်မိသည်။
''ပြန်လည််းမဖြေဘူး။ တစ်သက်လုံး စကားထပ်မပြောတော့ဘူးလား။''
ကူဟယ့်ရန် : "မဟုတ်ပါဘူး...."
မုကျစ်မင်က ပြောလိုက်သည်။
''မဟုတ်ဘူးလား။ အခုကစပြီး ကျွန်တော်တို့ ဘာမှပြောစရာမရှိတော့ဘူလား။''
ကူဟယ့်ရန် : "မဟုတ်ဘူး"
မုကျစ်မင် : "မဟုတ်ဘူးလား။ အဲ့လိုဆိုတစ်သက်လုံး....ကျွန်တော့်ကို ဘာမှထပ်မပြောချင်တော့ဘူးပေါ့။''
ကူဟယ့်ရန်သည် အနည်းငယ်မျှ စိတ်ပူသွားကာ မြန်မြန်ပြောလိုက်၏။
''ကိုယ့်မှာ ပြောစရာတွေရှိတယ်။''
မုကျစ်မင်က အင်းဟုသာ စိတ်ပျက်ပျက်ဖြင့် သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။
''ပြောစရာရှိတယ်ဆိုရင်တောင်မှ ပြောမှာမဟုတ်ဘူးမလား။''
ကူဟယ့်ရန်သည် မုကျစ်မင်က မိမိအား အထင်အမြင်လွဲမည်ကို စိတ်ပူမိသည်။ ကူဟယ့်ရန်မှာ ဘာပြောရမည်ကိုပင် မစဉ်းစားမိတော့ဘဲ တဲ့တိုးပြောလိုက်လေသည်။
''ကိုယ်က မင်းကို မကောင်းပြောတာလည်းမဟုတ်သလို စကားမပြောတော့မှာမျိုးလည်း မဟုတ်ဘူး....''
သို့သော်လည်း မိမိပြော၍မဆုံးခင်တွင်ပင် မိမိရှေ့မှလူငယ်လေးက ခေါင်းငုံ့သွားသည်ကို မြင်လိုက်ရသည်။ မုကျစ်မင်က နှုတ်ခမ်းလေးများကွေးကာ မရယ်မိအောင် ထိန်းထားရသည်။
ကူဟယ့်ရန် : "...."
မိမိက ကျီစယ်နေခြင်းဖြစ်သည်ကို ကူဟယ့်ရန် သိသွားသောအခါတွင် မုကျစ်မင်သည် ပါးစပ်ကို လက်ဖြင့်အုပ်၍ မရယ်မိအောင် အတော်ထိန်းထားရသည်။ ထို့နောက်တွင် မုကျစ်မင်က ပြောလိုက်၏။
''ကျွန်တော်က လေ့ကျင့်ရေးကွင်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတော့ အပြစ်ပေးခံရသင့်ပါတယ်။ ဒါပေမဲ့လို့ ကူရှုန်းက ကျွန်တော့်ကို အပြစ်မတင်ရုံတင်မက ယဉ်ကျေးသမှုနဲ့ ဆက်ဆံပေးခဲ့တယ်။ အဲ့ဒါအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီလိုမျိုး မျက်နှာသာပေးခံရတာအတွက် ဝမ်းသာမိတယ်။ နောင်ကျရင် ဒီအရာတွေအတွက် သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်။ အဲ့ဒါကြောင့်မို့လို့ ကူရှုန်းကို ခက်ခဲအောင် မလုပ်တော့ပါဘူး။''
မုကျစ်မင်သည် ထိုစကားများကို ဖြောင့်မတ်မှန်ကန်သောလေသံမျိုးဖြင့်ပြောလိုက်ကာ ဆော့ကစားတတ်သည့်သဘောသဘာဝကို အပြည့်အဝဖုံးကွယ်ထားလိုက်နိုင်သည်။ သို့သော်လည်း မုကျစ်မင်က ကူဟယ့်ရန် ထပ်၍မပြောနိုင်စေရန် ရည်ရွယ်ချက်မျိုးဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး ကူဟယ့်ရန်တစ်ယောက်ကမူ ရယ်ရမည်လားမသိ ငိုရမည်လားမသိ ဖြစ်သွားသည်။ သူသည် စကားနည်းသောသူဖြစ်သောကြောင့် ယခုတစ်ခေါက်တွင် ပြောစရာစကားပင် ပျောက်ဆုံးသွားသည်။ မိမိသည် မုကျစ်မင်၏တစ်ဝက်လောက်ပင် ကောင်းကောင်းမပြောတတ်သည်ကို သိသောကြောင့် မျက်လွှာချ၍ ခေါင်းညိတ်ပြလိုက်သည်။
''အင်း။''
သို့သော်လည်း ကူဟယ့်ရန်က သိမ်မွေ့စွာဖြင့် ထပ်ပေါင်းပြောလိုက်လေသည်။
''ကိုယ်မင်းကို စကားမပြောချင်တာ မဟုတ်ပါဘူး။''
မုကျစ်မင်က မျက်လုံးလေးများကွေးသည်အထိ ကူဟယ့်ရန်ကို ပြုံးပြလိုက်သည်။
''ဟာသသက်သက်ပါ။ ကူရှုန်း စိတ်ထဲထားဖို့မလိုပါဘူး။''
ကူဟယ့်ရန်က ခေါင်းမော့၍ မုကျစ်မင်ကို ကြည့်လိုက်သော်လည်း ကြည့်လိုက်လျှင်ကြည့်လိုက်ချင်းပင် ကူဟယ့်ရန် အလန့်တကြားဖြင့် ခေါင်းငုံ့ကာ အရိုအသေပေးနေမိသည်။ မိမိသည် ဘုံကိုးဘုံအထက်က ကြည်လင်လှသော ကွမ်းဟန်နန်းတော် (၁) ကို လိုချင်တပ်မောနေမိသော်လည်း လောကကြီးတွင် မသေမျိုးတစ်ယောက်၏ မသေဆေးဆိုသည်ကို မပိုင်ဆိုင်နိုင်သကဲ့သို့ ခံစားနေမိသည်။ မိမိဘာသာ စိတ်ကူးပုံဖော်ကြည့်နေမိ၏။
''ဝပ်တွားကျားအမြောက်....''
''ဟမ်?''
မုကျစ်မင်က ရှင်းရှင်းလင်းလင်း မကြားလိုက်သောကြောင့် ပြန်မေးလိုက်သည်။
ကူဟယ့်ရန်သည် ခေတ္တမျှတိတ်ဆိတ်နေပြီးနောက်မှ ထပ်ပြောလိုက်၏။ အသံကမူ အမြဲတစေ အေးစက်နေသည်။
''ဒီအမြောက်နှစ်ခုက ယမ်းမှုန့် မထည့်ရသေးဘူး။ မင်းက စိတ်ဝင်စားတယ်ဆိုမှတော့ ကြည့်ကြည့်တာပေါ့။''
မုကျစ်မင်က ပြုံး၍ မေးလိုက်လေသည်။
''ကူရှုန်းကရော စိတ်မဝင်စားဘူးလား။ တူတူကြည့်မှာမဟုတ်လား။''
ကူဟယ့်ရန် : "အင်း ကောင်းပြီလေ...."
လူငယ်နှစ်ဦးသည် ဝပ်တွားကျားအမြောက်ရှိရာသို့ သွားကြည့်လိုက်သောအခါတွင် သံကိုယ်ထည်ပေါ်၌ ကျားခေါင်းပုံထွင်းထားသည်ကို တွေ့ရသည်။ အသက်ဝင်လာကာ စက်လက်နက်များကလည်း ထူးခြားလှသည်။ မုကျစ်မင်က အနီးကပ်ငုံ့ကြည့်ပြီး မျက်ဝန်းထဲတွင် ချီးကျူးသဘောကျမှုဖြင့် ပြည့်လျှံနေသည်။ ကူဟယ့်ရန်ကမူ စက်လက်နက်နှင့်ပက်သက်၍ ဘာမှမသိသောကြောင့် ဘေးထွက်ကာ မုကျစ်မင်ပြောမည်ကိုသာ တိတ်ဆိတ်စွာနားထောင်နေသည်။
မုကျစ်မင်က ဝပ်တွားကျားအမြောက်ကို ကြည့်ပြီးနောက်တွင် ကိုယ်ကိုပြန်မတ်၍ ကူဟယ့်ရန်ဘက်သို့ ခေါင်းလှည့်ကာ ပြုံးပြလိုက်သည်။
''စစ်ရေးဌာနအလုပ်ရုံတစ်ခုလုံး ပြာယာခတ်အောင်အလုပ်ရှုပ်တဲ့အထိ အားထုတ်ထားတာက ထိုက်တန်ပါပေတယ်.....''
သို့သော်လည်း မုကျစ်မင်၏အသံက တဖြည်းဖြည်းတိုးဝင်သွားကာ တစ်ခုခုကို မြင်လိုက်မိသကဲ့သို့ ကူဟယ့်ရန်နောက်သို့ အကြည့်ရောက်သွားသည်။
မုကျစ်မင်ကြည့်နေသောနေရာကို ကူဟယ့်ရန်လှည့်ကြည့်လိုက်သောအခါတွင် သစ်သားဘောင်ခတ်ကာ ချိတ်ထားသော ကုံကျီဘာသာစကားဖြင့် မှတ်ချက်ရေးထားသည့် ရှေးဟောင်းသိုးသားရေမြေပုံတစ်ချပ်ကို တွေ့လိုက်ရသည်။ ထိုအရာသည် လက်နက်ဂိုဒေါင်ထဲတွင် သိမ်းထားသော အခြားလက်နက်များနှင့်အတူ စစ်ပွဲမှ ရထားသည့် ပစ္စည်းတစ်ခုဖြစ်သည်ကို ကူဟယ့်ရန် မှတ်မိသွားသည်။ သို့သော်လည်း မည်သည့်အရာက မုကျစ်မင်၏အာရုံကို ဖမ်းစားလိုက်သည်ကိုမူ ကူဟယ့်ရန် သေချာမသိပေ။
''အဲ့နေရာက ဘာလဲ။''
မုကျစ်မင်က ရုတ်တရက် ပြောလာသည်။
''ဘာကိုလဲ။''
ကူဟယ့်ရန်က ပဟေဠိဖြစ်သွားသည်။
မုကျစ်မင်က ရှေ့ထွက်ကာ မြေပုံပေါ်ရှိ နှစ်နိုင်ငံနယ်စပ်ကြားမှ မင်စက်လေးတစ်စက်ကို ညွှန်ပြလိုက်သည်။ ထိုအစက်လေးဘေးတွင် ကုံကျီဘာသာဖြင့် စာအချို့ရေးထားသည်။
ကူဟယ့်ရန်က မြေပုံပေါ်မှ မင်စက်ရှိရာနေရာကို စဉ်းစား၍ ပြန်ဖြေလိုက်သည်။
''ရွာတစ်ရွာပါ။''
''ရွာလား။''
မုကျစ်မင်က မေးလိုက်လေသည်။
''နယ်စပ်နဲ့အရမ်းနီးလွန်းတဲ့နေရာပဲ။ တကျင်းက ပိုင်တာလား ကုံကျီက ပိုင်တာလား။''
ကူဟယ့်ရန်က ပြန်ဖြေသည်။
''တကျင်းက ပိုင်တာ။''
မုကျစ်မင်၏မျက်ဝန်းများက အနည်းငယ်မျှ တုန်ယင်သွားပြီး သိုးသားရေမြေပုံကို ငေးကြည့်နေမိသည်။ ခေတ္တမျှကြာပြီးနောက်တွင် ရုတ်တရက် ပြောလိုက်သည်။
''အဲ့ရွာကို သွားချင်တယ်။''
သို့သော်လည်း မုကျစ်မင် ထိုစကားကို ပြောလိုက်လျှင်ပြောလိုက်ချင်းပင် ကူဟယ့်ရန်က ချက်ချင်းမျက်မှောင်ကြုတ်၍ တားလိုက်၏။
''မရဘူး။''
ကူဟယ့်ရန်က ဝင်တားလိုက်သောကြောင့် မုကျစ်မင် ကြောင်အမ်းသွားကာ မေးလိုက်မိသည်။
''အမ်.....ဘာလို့လဲ။''
''အဲ့နေရာက စစ်စခန်းနဲ့ အရမ်းဝေးလွန်းတယ်။ ကုံကျီပိုင်နက်နဲ့လည်း အရမ်းကပ်နေတယ်။ စစ်ပွဲက ခုမှ အခြေကျခါစရှိသေးတယ်။ နယ်စပ်မှာလည်း ဓားပြတွေအများကြီးရှိတယ်။''
ကူဟယ့်ရန်က တိုက်တွန်းလိုက်သည်။
''မင်းမသွားရဘူး။ လမ်းက စိတ်မချရဘူး။''
မုကျစ်မင်က ပြောလိုက်လေသည်။
''ကျွန်တော့်ကိုယ်ရံတော် ပါပါတယ်။''
ကူဟယ့်ရန်၏ထွက်ဆိုချက်ကမူ ခိုင်မာမြဲမြံလှသည်။
''မရဘူး။''
ကူဟယ့်ရန်ဖြင့် ငြင်းခုံနေမည့်အစား မုကျစ်မင်က မြေပုံကို ထပ်ညွှန်ပြလိုက်ပြီး မေးလိုက်သည်။
''ဒီသိုးသားရေမြေပုံက စစ်ပွဲက သိမ်းရထားတဲ့ပစ္စည်းမလား။ အစက ကုံကျီတိုင်းပြည်က ပိုင်တာလား။''
''အမှန်ပဲ။''
ကူဟယ့်ရန်က ခေါင်းညိတ်ပြလိုက်သည်။
''အခြားနည်းနဲ့ပြောရမယ်ဆိုရင် ဒီမြေပုံမှာပြထားတဲ့နေရာနာမည်တွေကို ကုံကျီဘာသာစကားနဲ့ပဲ ရေးထားတယ်။ စစ်သူကြီး၊ ဒီအစက်လေးဘေးမှာ ရေးထားတဲ့ ကုံကျီစကားကို ကြည့်ကြည့်လိုက်ပါ။''
မုကျစ်မင်က သိုးသားရေမြေပုံပေါ်က အစက်လေးကို အသာလက်ညှိုးထောက်ပြလိုက်သည်။ မိမိ၏အလုပ်အတွက် သဲလွန်စရှာတွေ့သွားသောကြောင့် ဝမ်းသာသွားကာ မုကျစ်မင်က ပြောလိုက်လေသည်။
''ကုံကျီဘာသာစကားနဲ့ဆို ဒီစကားလုံးက မိတ်ဆွေလို့ အဓိပ္ပာယ်ရတယ်။ ကုံကျီတိုင်းပြည်က ဒီမထင်မရှားရွာလေးကို ဘာလို့ အဲ့နာမည်ပေးထားရတာလဲ။ တကျင်းမှာရော မိတ်ဆွေဆိုတဲ့နာမည်ပဲလား။ နန်းတွင်းညီလာခံက စေလွှတ်လိုက်တဲ့ သံတမန်ဖြစ်တဲ့ကျွန်တော်က အဲ့ကိစ္စကို ဘယ်လိုလုပ် မစုံစမ်းဘဲနေနိုင်မှာလဲ။''
မုကျစ်မင်၏စကားများက ကူဟယ့်ရန်ကို ခေတ္တမျှ တွန့်ဆုတ်သွားစေသည်။ သို့သော်လည်း အဆုံးသတ်တွင် ကူဟယ့်ရန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြန်သည်။
''အန္တရာယ်များလွန်းတယ်။''
ထိုအချိန်တွင် မုကျစ်မင်တစ်ယောက် မိမိဘာသာ တွေးနေမိသည်မှာ -
'ဘယ်လောက်အန္တရာယ်များများ ကိစ္စမရှိဘူး။ ကျွန်တော့်ကို လာတားလို့မရဘူး။ သွားမှာပဲ။'
ထို့နောက်တွင် မုကျစ်မင်သည် သစ်သားဘောင်ထဲမှ သိုးသားရေမြေပုံကိုယူကာ ဂရုတစိုက်ဖြင့်လိပ်၍ အင်္ကျီလက်ထဲသို့ ထည့်လိုက်သည်။
''ဒါကို အရင်ငှားသွားပါမယ်။ နောက်မှပဲ စစ်သူကြီးကူကို ပြန်ပေးတော့မယ်။''
ကူဟယ့်ရန်က မျက်မှောင်ကြုတ်လိုက်သော်လည်း မုကျစ်မင်ကို မတားသကဲ့သို့ ဘာမှလည်းမပြောပေ။ ကူဟယ့်ရန်၏ ဒေါသမွှန်နေသောမျက်နှာကို မြင်ရသောအခါတွင် အခြေအနေတင်းမာလာသည်ကို ဖြေလျှော့ရန်အတွက် မုကျစ်မင်က ဟာသနှောလိုက်သည်။
''စစ်သူကြီးကူ၊ ကျွန်တော်ရဲ့ကိုယ်ရံတော်က ကျွန်တော့်ကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို မယုံဘူးဆိုရင် ဘာလို့ ကိုယ်တိုင်မလိုက်ခဲ့တာလဲ။''
ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။
''ကောင်းပြီ။''
မုကျစ်မင်က ခေါင်းညိတ်ပြလိုက်၏။
''အင်းပါ ကျွန်တော်သိပါတယ်။ ကူရှုန်းမှာက စစ်တပ်တာဝန်တွေနဲ့ ဝန်ပိနေရတာ။ ဘယ်လိုလုပ်....ခဏ.... ခုနက ဘာပြောလိုက်တာလဲ။''
မုကျစ်မင်တစ်ယောက် မယုံနိုင်သောအကြည့်မျိုးဖြင့် ကူဟယ့်ရန်ကို ကြည့်လိုက်ပြီး မျက်တောင်လေး ပေကလပ်ပေကလပ် ခတ်ကာ နားကြားမှားသွားသည်ဟု ထင်နေမိ၏။
''မင်းသွားချင်တယ်ဆိုရင် ကိုယ်လည်း လိုက်ခဲ့မယ်။''
ကူဟယ့်ရန်က ဖြေလိုက်၏။
''သေချာလို့လား။''
မုကျစ်မင်က မေးလိုက်လေသည်။
ကူဟယ့်ရန်က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
''ဒါပေမဲ့ ကူရှုန်းက စစ်စခန်းကို ဘယ်လိုလုပ် ထားခဲ့လို့ရမှာလဲ။ နေ့တိုင်း စစ်ရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေရတာမဟုတ်လား။''
မုကျစ်မင်က ထပ်မေးလိုက်ပြန်သည်။
ကူဟယ့်ရန်က ပြန်ဖြေလိုက်သည်။
''အခု အရာအားလုံးအဆင်ပြေပြီဆိုတော့ ကိုယ်တို့ စစ်ပွဲကနေ အနားယူထားကြတာ။ နံရံဆောက်တဲ့ကိစ္စနဲ့ ရိက္ခာသိုလှောင်တာရယ်၊ နယ်စပ်ကို စောင့်ကြည့်တာကလွဲလို့ တခြားဘာကိစ္စမှမရှိဘူး။ ယုံရန်စစ်တပ်က သူတွေက စည်းကမ်းလိုက်နာကြတယ်။ ကိုယ်သွားတယ်ဆိုရင်တောင်မှ ဘယ်သူမှ နားကြမှာမဟုတ်ဘူး။ အဲ့ဒါအပြင် ကိုယ့်အပြင် စစ်တပ်ထဲမှာ အခြားအာဏာပြင်းတဲ့စစ်သူကြီးတွေ ရှိသေးတာပဲ။ ကိုယ်မရှိရင်တောင်မှ ဘယ်ကိစ္စမှ ကြန့်ကြာနေမှာမဟုတ်ဘူး။''
''ကောင်းပြီလေ။''
မုကျစ်မင်က ချက်ချင်းပင် ချီးကျူးလိုက်သည်။ ထို့နောက်တွင် ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်သောလေသံဖြင့် ပြောလိုက်သည်။
''အဲ့လိုဆို စစ်သူကြီးက ကျွန်တော်နဲ့အတူ အမှန်တရားကို စုံစမ်းစစ်ဆေးကြတာပေါ့။ စစ်သူကြီးနဲ့အတူ ခရီးထွက်ခွင့်ရလို့ တကယ်ကံကောင်းပါတယ်။ စစ်သူကြီးကူကို ကျေးဇူးတင်ပါတယ်! ကျွန်တော်တို့ နောက်နှစ်ရက်နေရင် ထွက်ကြမယ်။ ဘယ်လိုလဲ စစ်သူကြီး။''
ကူဟယ့်ရန်က မုကျစ်မင်ကိုကြည့်၍ မျက်လုံးအိမ်ထဲ ပျော်ရွှင်မှုလှိုင်းတို့က ကခုန်မြူးထူးနေဟန်တူသည်။
''အင်း။''
ကိစ္စကို ထိုသို့ဆုံးဖြတ်လိုက်သော်လည်း ကန့်ကွက်သူတစ်ဦးကမူ ရှိနေသည်။
စာပို့ဌာနသို့ စာပို့ပြီး ပြန်ရောက်လာခါစဖြစ်သော ဝမ်ဟယ့်ယင်သည် ထိုအကြောင်းကို သိလိုက်ရသောအခါတွင် ကောင်းကင်မြေကြီး နှစ်ခြမ်းကွဲ၍ တောင်များပြိုကျကာ ပင်လယ်ကြီး ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။
''ကျွန်တော့်ကို ခေါ်မသွားရုံတင်မကဘဲ ဒီလောက်အေးတိစက်နိုင်တဲ့စစ်သူကြီးကို ခေါ်သွားမယ်တဲ့လား။ သူနဲ့ နှစ်ယောက်တည်း သွားကြမှာလား။''
''မင်းပြောတာအမှန်ပဲ။''
မုကျစ်မင်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ဟယ့်ယင်က ထခုန်လိုက်ပြီး မုကျစ်မင်ရှေ့တွင်ရပ်၍ သခင်လေးဖြစ်သူ၏အင်္ကျီလက်စကိုဆွဲကာ တုန်လှုပ်စွာဖြင့် ပြောလိုက်၏။
''သခင်လေး ရူးသွားတာလား။ အဲ့စစ်သူကြီးက ပိုက်ဟွားဇစ် (၂) မဟုတ်လား။ သူ သခင်လေးကိုယ်ပေါ်မှာ အချစ်ကူအဆိပ်များ သုံးလိုက်တာလား?! သခင်လေးရဲ့ခေါင်းကို အရိုက်ခံထားရတာများလား။ မဟုတ်လည်း ခန္ဓာကိုယ်ကို သရဲဝင်စီးခံထားရတာလား။ ကောင်းကင်ဘုံနဲ့ မာတာမိခင်မြေကြီးရေ! ခင်ဗျားပဲ ရူးသွားတာလား မဟုတ်ရင်လည်း ရူးသွားတဲ့သူက ငါများလား?!!!''
***
Aurora Novel Translation Team
(၁) ကွမ်းဟန်နန်းတော် 广寒 - တရုတ်ဒဏ္ဍာရီတွေအရ လပေါ်မှာရှိတဲ့နန်းတော်ပါ။ ကွမ်းဟန်နန်းတော်ဆိုတာက လနတ်သမီးချန်အယ် လပေါ်ကိုထွက်ပြေးသွားပြီး နေတဲ့နန်းတော်လို့ အသိများပါတယ်။ ဒဏ္ဍာရီတွေထဲမှာတော့ အမတမက်မွန်းသီးတွေကိုစောင့်ရှောက်ရသူ၊ အနောက်ဘက်နတ်ဘုရားမယ်တော်ကြီးက ချန်အယ်ရဲ့ခင်ပွန်း ဟုတ်ရီကို မသေဆေးပေးလိုက်တယ်။ ဟုတ်ရီကတော့ ဆေးကို မိန်းမကို လုံခြုံတဲ့နေရာမှာ သိမ်းခိုင်းထားတယ်။ ဒါပေမဲ့ တစ်နေ့ကျ ဟုတ်ရီရဲ့တပည့်တွေက မသေဆေးကို ခိုးဖို့ကြိုးစားတော့ ချန်အယ်လည်း ရွေးချယ်စရာမရှိတော့ဘဲ မသေဆေးကို သောက်လိုက်ရတယ်။ ချက်ချင်းဆိုသလိုပဲ ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။ နောက်တော့ကျ လပေါ်ကို ရောက်သွားတယ်ပေါ့။ နောက်ထပ်ဒဏ္ဍာရီတွေ ပြောကြတာကတော့ ချန်အယ်က သူ့ရဲ့ငယ်ရွယ်လှပမှုကို ထိန်းသိမ်းချင်လို့ မသေဆေးကို သောက်လိုက်တာတဲ့။ နောက်ဆုံးကျ သူ(မ)က လပေါ်က ဘာမှမရှိတဲ့ အေးစက်နေတဲ့နန်းတော်ကြီးထဲမှာပဲ တစ်ယောက်တည်းနေသွားရတော့တယ်။
(၂) ပိုင်ဟွားဇစ် 拍花子 - ထူးခြားတဲ့အရည်အချင်းရှိတဲ့လူအုပ်က ငွေတွေကို စွမ်းအားသုံးပြီး လှည့်စားယူတာကို ပြောတာပါ။ အစွမ်းနဲ့စိတ်ညှို့ပြီး ငွေထုတ်ပေးအောင် တောင်းတာမျိုးပါ။ တကယ်တော့ ဆေးခတ်ပြီး လူကိုလိမ်တာပေါ့။ လူတွေကို သတိမကပ်အောင် ဆေးခတ်လို့ရအောင်လို့ အချို့သူတွေကကျ သူတောင်းစားယောင်ဆောင်ကြတယ်။ ဒီစကားလုံးက ကလေးသူငယ်ညှင်းပန်းနှိပ်စက်သူကိုလည်း ရည်ညွှန်းပါတယ်။