no

Font
Theme

အခန်း (၂၉) - ဒီတစ်ဘဝလုံးပြောမဲ့စကားတွေကိုများ ထုတ်သုံးလိုက်လေရော့လား

ဆောင်းဦးနှောင်းပိုင်းတွင် မနက်ခင်းများက အေး၍မြူထူနေသော်လည်း နေထွက်လာသည်နှင့် မြင်ကွင်းက ဝေဝါးမနေတော့ပေ။ ကူဟယ့်ရန်ကို ရှာမတွေ့သောမုကျစ်မင်သည် တဲဆီသို့ ပြန်လာသောအခါ၌ ရှဟုတ်ဟူဖြင့် တိုးလေသည်။

ရှဟုတ်ဟူက ဝပ်တွားကျားအမြောက် (၁) ကို စစ်ရေးပြကွင်းသို့ သွားပို့ပေးခြင်းဖြစ်သည်။ ရှဟုတ်ဟူက မုကျစ်မင်ကို မြင်သောအခါတွင် နွေးထွေးစွာဖြင့် နှုတ်ဆက်လိုက်သည်။

''ရှောင်ရှုန်းတိ ဘယ်ကိုသွားမလို့လဲ။''

မုကျစ်မင်က အရိုအသပေးကာ ပြန်ဖြေလိုက်သည်။

''ဒုစစ်သူကြီးရှဟုတ်၊ ကျွန်တော်က စစ်သူကြီးကူကို ပိုင်မြို့ရဲ့ အောက်ရုံးတရားသူကြီး (၂) နဲ့ ဒေသခံအာဏာပိုင်တွေအကြောင်း သွားမေးမလို့ပါ။ ဒါပေမဲ့ စစ်သူကြီးကူက သူ့တဲထဲမှာ မရှိဘူး။''

''ပိုင်မြို့ရဲ့ အောက်ရုံးတရားသူကြီးလား။ သူက အလကားပါ။''

ရှဟုတ်ဟူက ထိုသူအကြောင်းကို ပြောသည့်အခါတွင် မျက်နှာက ဒေါသဖြင့် ရှုံ့တွနေကာ စီရင်စုတရားသူကြီးအကြောင်းကို မကျေမနပ်ဖြင့် စပြောလေသည်။

''ကျုပ်တို့ ရှေ့တန်းမှာ စခန်းချနေတုန်းက ကုံကျီစစ်တပ်ကို ခုခံဖို့ ကျရှုံးသွားလို့ မသေအောင်လို့ ပိုင်မြို့ကို အပြေးပြန်ဆုတ်ခဲ့ရတယ်။ အစကတော့ အောက်ရုံးတရားသူကြီးရဲ့စစ်သည်တွေနဲ့ လူပြန်ဖွဲ့ပြီး ကုံကျီစစ်တပ်ကို အတူတူခုခံကြမယ်ပါ့။ ဒါပေမဲ့လို့ သူ့ကို သွားတောင်းဆိုဖို့သွားတော့ အဲ့အောက်ရုံးတရားသူကြီးက သူ့မိသားစုနဲ့ ထွက်ပြေးသွားတာ ကြာလှပြီတဲ့လေ။ သူ့ကို အခုထိမမိသေးဘူးလို့ကြားတာပဲ။''

''သူ့လူတွေကိုထားပြီး ထွက်ပြေးသွားတာလား။''

မုကျစ်မင်သည် ထိုစကားကို ကြားရသောအခါတွင် အံ့ဩသွားသည်။ လောကကြီးတွင် ထိုသို့ မကြင်နာတတ်သော လူသားမဆန်သည့်လူများလည်း ရှိလိမ့်ဦးမည်ဟု ထင်မထားမိခဲ့ပေ။

''အဟုတ်ပဲ!''

ရှဟုတ်ဟူက တံတွေးစင်မတတ် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

''သူက သူ့အသက်ကလွဲလို့ ဘာကိုမှ ဂရုမစိုက်တတ်တဲ့သူမျိုးပဲ။''

မုကျစ်မင်၏သံသယများက ပို၍ရှင်းလင်းလာသည်။

'အဲ့အခွန်သတိပေးစာကို အောက်ရုံးတရားသူကြီးက ကပ်ထားတာဖြစ်မယ်။ မင်းကြီးနဲ့ဒီနေရာနဲ့က ကောင်းကင်ဘုံလောက်ဝေးတယ််ဆိုတိုင်း ပြည်သူတွေကို ဖိနှိပ်ပြီး အခွန်တိုးကောက်နေတာပဲ။'

မုကျစ်မင်သည် ထိုကိစ္စက ကုံကျီတိုင်းပြည်၏ ရုတ်တရက်တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိမရှိ စဉ်းစားနေရင်းဖြင့် ရှဟုတ်ဟူ၏အော်သံကို ကြားလိုက်ရသည်။

''ဟေး ဖြည်းဖြည်း! သတိထားမလေ။ မင်းဘာာသာမင်း မခိုက်မိစေနဲ့ဦး။''

မုကျစ်မင်က မော့ကြည့်လိုက်သောအခါတွင် မိမိတို့သည် စကားပြောရင်းဖြင့် လမ်းလျှောက်လာရာမှ လေ့ကျင့်ရေးကွင်းထဲသို့ ရောက်နေပြီဖြစ်ကြောင်းကို သတိထားလိုက်မိသည်။ ထိုအချိန်တွင် ရှဟုတ်ဟူက စစ်သားများစွာကို မှာကြားကာ ဝပ်တွားကျားအမြောက်များကို အထဲသို့ သယ်ခိုင်းနေသည်။ မုကျစ်မင်၏အကြည့်က ဝပ်တွားကျားအမြောက်များဆီသို့ ရောက်သွားကာ အမြောက်များဆီတွင် အကြည့်များက ကော်ကဲ့သို့ ကပ်နေသည်။ တောက်ပလွန်းနေသောကြောင့် ထိုပစ္စည်းများဆီမှ အကြည့်မလွှဲနိုင်ပေ။

''ဒါက စစ်ရေးဌာနက ထုတ်လိုက်တဲ့ နောက်ဆုံးထုတ်အမြောက်တွေလား။ မီးညှိလိုက်ရင် မိုးခြိမ်းသံလိုမျိုး အသံအား အရမ်းပြင်းတယ် ကြားဖူးတယ်။ ကျယ်လွန်းလို့ တောထဲတောင်ထဲက တိရစ္ဆာန်တွေတောင်မှ လန့်ဖျပ်ပြီး ထွက်ပြေးသွားကြတယ်တဲ့။ အံ့ဩစရာကောင်းတဲ့ မှော်ဆန်တဲ့ပစ္စည်းပဲ။''

''ရှောင်ရှုန်းတိက ဒီလိုမျိုး စက်လက်နက်တွေကိုလည်း စိတ်ဝင်စားမယ်လို့ ထင်မထားခဲ့ဘူး။''

ရှဟုတ်ဟူက ရယ်လိုက်သည်။

''ရှောင်ရှုန်းတိပြောတာ အမှန်ပါပဲ။ ဒီဝပ်တွားကျားအမြောက်တွေကို မနေ့ကမှ စစ်တန်းလျားကို ပို့လိုက်တာ။ အမြောက်ရဲ့အားကို ညီနောင်တွေ သိအောင် စမ်းပြမလို့။ ရှောင်ရှုန်းတိစိတ်ဝင်စားတယ်ဆိုရင် ကျုပ်တို့နဲ့အတူလာကြည့်လို့ရပါတယ်။''

''ကျွန်တော်က စစ်သားတစ်ယောက်မဟုတ်ဘူးလေ။ စည်းမျဉ်းအရ လေ့ကျင့်ရေးကွင်းထဲကို ဝင်ဖို့ မသင့်ပါဘူး။''

သို့သော်လည်း မုကျစ်မင် ပြော၍ မဆုံးခင်တွင်ပင် ရှဟုတ်ဟူက မုကျစ်မင်၏ပခုံးကို ဖိနှိပ်လိုက်ပြီး လေ့ကျင့်ရေးကွင်းထဲသို့ တွန်းလွှတ်လိုက်သည်။

''စည်းမျဉ်းဆိုတာ သက်မဲ့လေ။ လူတွေက သက်ရှိပဲကိုး! လာကြည့်ရုံတင်လေးပဲဟာ၊ လာပါ...''

လေ့ကျင့်ရေးကွင်းက ကြီးလှသောကြောင့် အဆုံးကိုပင် မမြင်နိုင်ပေ။ စစ်သည်များသည် လေ့ကျင့်ရေးအတွက် အမျိုးမျိုးသောစတုရန်းပုံစံအခင်းအကျင်းတွင် တန်းစီနေကြသည်။ တချို့က လက်ဗလာဖြင့်တိုက်ခိုက်ကာ အချို့က မြားပစ်နေကြပြီး အချို့ကမူ ဓားကိုင်၍ အချင်းချင်းရင်ဆိုင်တိုက်နေကြသည်။ လူများစွာရှိသော်လည်း ပြီးပြည့်စုံသောအစဉ်တိုင်းပင် ဖြစ်၏။

စစ်သည်များက ရှဟုတ်ဟူတစ်ယောက် ကျက်သရေရှိသောအသွင်အပြင်ရှိသည့် လှပခံ့ညားသောသခင်လေးတစ်ယောက်ကို လေ့ကျင့်ရေးကွင်းသို့ ခေါ်လာသည်ကို တွေ့လိုက်သောအခါတွင် ပါးစပ်အဟောင်းသားဖြင့် တုန်လှုပ်သွားကြသည်။

''ဒုစစ်သူကြီးရှဟုတ် ဘာလုပ်တာလဲ။ ဒါက ဘယ်သူလဲ....''

''ဒါက နန်းတွင်းညီလာခံက စေလွှတ်လိုက်တဲ့ ထုံးတမ်းဓလေ့ဌာနက အရာရှိလေ။''

ရှဟုတ်ဟူက ဝမ်းပန်းတသာဖြင့် လူအုပ်ကြီးအား မုကျစ်မင်နှင့် မိတ်ဆက်ပေးလိုက်သည်။

မုကျစ်မင်က ခပ်သွက်သွက်လေး အရိုအသေပေးလိုက်ပြီး အားလုံးကို နှုတ်ဆက်လိုက်လေသည်။

အားလုံးက စစ်သည်များ ဖြစ်ကြသော်လည်း ယုံရန်စစ်တပ်၏အနေအထားသည် ကောင်းမွန်ကာ ရင်းနှီးသက်ဝင်လွယ်သောအနေအထားမျိုး ရှိသည်။ အားလုံးက လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး မုကျစ်မင်ကို ချီးကျူးလိုက်ကြသည်။

''သခင်လေးအကြောင်းကို ကြားဖူးထားပါတယ်။ ဒါပေမဲ့လို့ ဒီလောက်ငယ်မယ်လို့တော့ မထင်ခဲ့ဘူး။ သခင်လေးက လူတွေကြားက နဂါးနဲ့ဇာမဏီဖြစ်မယ် (၃)''

''ဒါပေမဲ့ ဒုစစ်သူကြီးရှဟုတ် ဘာလို့ ရှောင်ရှုန်းထိုက် (၄) ကို လေ့ကျင့်ရေးကွင်းထဲကို ခေါ်လာရတာလဲ။''

တပ်ဦးစစ်သူကြီးတစ်ယောက်က တွေဝေလျက်သားဖြင့် မေးလိုက်သည်။

''သူက စက်လက်နက်တွေနဲ့ပက်သက်ပြီး နည်းနည်းသိထားတယ်။ ငါတို့ကလည်း ဒီနေ့ ဝပ်တွားကျားအမြောက်ကို စမ်းကြမှာဆိုတော့ သူ့ကို ကြည့်ဖို့ ခေါ်လာခဲ့တာ။''

ရှဟုတ်ဟူက ရှင်းပြလိုက်သည်။

''အကြံမဆိုးဘူးပဲ။''

ကူဟယ့်ရန်၏လူယုံ၊ ယွိလင်စစ်သူကြီး၏ လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။

''ယုံရန်စစ်တပ်မှာ စည်းမျဉ်းတွေရှိတယ်။ စစ်သားမဟုတ်တဲ့သူတွေကို လေ့ကျင့်ရေးကွင်းထဲ ဝင်ခွင့်မပေးဘူး။ ဒီကိစ္စကိုသာ စစ်သူကြီးကူသိသွားရင် သေချာပေါက် ဒေါသထွက်လိမ့်မယ်။ ရှဟုတ်ဟူ စစ်တပ်တုတ်နဲ့ အပြစ်ပေးခံရမှ ငိုမနေနဲ့။''

မုကျစ်မင်က ကူဟယ့်ရန် ဒေါသထွက်မည်ဟုသောစကားကို ကြားလိုက်သောအခါတွင် ပြာယာခတ်သွားကာ ထွက်သွားချင်တော့သည်။ မုကျစ်မင်က ဒုတပ်မှူးကို အရိုအသေပေးလိုက်ပြီးနောက်တွင် ပြောလိုက်လေသည်။

''အားလုံးကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ စစ်တပ်မှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်ဆိုမှတော့ သတိထားပြီး လိုက်နာသင့်တာပေါ့။ ကျွန်တော်က ဒီအပြစ်ကို ကျူးလွန်မိမှတော့ စစ်သူကြီးကူ သိမသွားစေဖို့ မျှော်လင့်ပါတယ်။''

ထိုသို့ပြောပြီးနောက်တွင် မုကျစ်မင်က အလျင်စလို လှည့်ထွက်သွားသည်။ သို့သော်လည်း လောကကြီးသည် အဓိပ္ပာယ်မရှိသော၊ ကံမကောင်းလှသည့် တိုက်ဆိုင်မှုများဖြင့် ပြည့်နှက်နေမည်ဟု မုကျစ်မင် မည်သို့သိမည်နည်း။ မုကျစ်မင်လှည့်ကြည့်လိုက်သောအခါတွင် ကူဟယ့်ရန်က မိမိရှိရာသို့ လာနေသည်ကို တွေ့လိုက်ရသည်။

ကူဟယ့်ရန်၏မျက်နှာသည် ကြောက်စရာကောင်းအောင် ဒေါသမွှန်နေသည်။ သူသည် အသက် (၁၉) နှစ်သာရှိသေးသော်လည်း ကြော့ရှင်းသောမျက်ခုံး၊ တင့်တယ်သောမျက်လုံးနှင့် ချောမောသောမျက်နှာရှိသော အမျိုးသားတစ်ယောက် ဖြစ်သည်။ ထို့နောက်တွင် စစ်မြေပြင်၌ တိုက်ပွဲဝင်ပြီး လက်တွင် ရန်သူသွေးစွန်းထင်းစေခဲ့သော စစ်သူကြီးတစ်ဦးလည်း ဖြစ်နေပြန်သည်။ မုကျစ်မင်က ဖြည်းဖြည်းချင်း လျှောက်လာပြီး အကြည့်များက မှောင်မိုက်သည်ထက် မှောင်မိုက်လာသည်။ မည်သူမှ စကားတစ်ခွန်း မပြောရဲကြပေ။

ကူဟယ့်ရန်က လူအုပ်နားသို့ ချည်းကပ်လာသောအခါတွင် အကြည့်တို့က အားလုံးရှိရာသို့ ရောက်သွားကာ နောက်တွင်မှ မုကျစ်မင်ထံတွင် ရောက်သွား၏။ အေးစက်သောလေသံဖြင့် ကူဟယ့်ရန်က မေးလိုက်သည်။

''မင်းကို ဘယ်သူက ဒီကို လာခွင့်ပြုတာလဲ။''

ကူဟယ့်ရန်၏အေးစက်သောအသံက မုကျစ်မင်၏နှလုံးသားကို တုန်ယင်သွားစေသည်။ မုကျစ်မင် တစ်ခုခုမပြောနိုင်ခင်တွင်ပင် ရှဟုတ်ဟူက ရှေ့ထွက်ပြီး မုကျစ်မင်ကို နောက်ဆုတ်နေရန် ပြောလိုက်သည်။ ထို့နောက်တွင် ရှဟုတ်ဟူက လက်သီးဆုပ်၍ မြေကြီးပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ တောင်းပန်လိုက်၏။

''စစ်သူကြီး ကျုပ်ပါ။ မုရှုန်းတိက အသစ်ရောက်လာတဲ့ ဝပ်တွားကျားအမြောက်ကို စိတ်ဝင်စားနေတာတွေ့လို့ ကြည့်ဖို့ ခေါ်လာမိတာပါ။ စစ်သူကြီး အပြစ်ပေးချင်တယ်ဆိုရင် ကျုပ်တစ်ယောက်တည်းကိုပဲ အပြစ်ပေးပါ။''

ကူဟယ့်ရန်က မျက်မှောင်ကြုတ်လိုက်ကာ

''ထ။''

ထိုသို့ပြောပြီးနောက်တွင် ကူဟယ့်ရန်၏အကြည့်တို့က ရှဟုတ်ဟူဆီမှ မုကျစ်မင်ဆီသို့ ပြန်ရောက်သွားသည်။

''လိုက်ခဲ့။''

ကူဟယ့်ရန်၏လေသံက အေးစက်လွန်းလှကာ မေးခွန်းထုတ်စရာလည်း ရှိနေသည်။ ပြောပြီးနောက်တွင် ကူဟယ့်ရန်က လှည့်ထွက်သွားကာ မည်သူ့ကို

မှ စောဒကတက်ရန်၊ ငြင်းဆန်ရန် အခွင့်အရေးမပေးဘဲ ထွက်သွားလေသည်။

မုကျစ်မင်က စိုးရိမ်တကြီးဖြင့် နောက်မှ လိုက်လာကာ ကူဟယ့်ရန်၏ခြေလှမ်းကို အမီလိုက်ရန် ကြိုးစားလိုက်သည်။ တစ်ဖက်တွင်မူ လူအုပ်သည် ကြောင်နေကာ မယုံကြည်နိုင်စွာဖြင့် အချင်းချင်းကြည့်လိုက်မိကြ၏။

ရှဟုတ်ဟူကမူ မြေကြီးပေါ်တွင် ဒူးထောက်နေဆဲဖြစ်ပြီး ကြောင်အမ်းနေသောအမူအရာဖြင့် စဉ်းစားနေရှာသည်။

'ငါ့အမှားတွေပါ။ ဒါပေမဲ့လို့ စစ်သူကြီးကူက ငါ့ကို အပြစ်မပေးဘူး။ အဲ့အစား နန်းတွင်းညီလာခံက လွှတ်လိုက်တဲ့ အရာရှိကိုများ ခက်ခဲအောင် လုပ်တော့မလားပဲ။'

ခံတပ်အလွန်တွင် သူရိယနေမင်းကြီးသည် ကျယ်ပြောသောကောင်းကင်ထက်၌ တစ်စင်းတည်း ထွန်းလင်းနေကာ အားကောင်းသောလေက နေရာအနှံ့၌ ကခုန်နေပြီး လူအများကို ချောက်ကမ်းပါးအစွန်အဖျားတွင် ရပ်နေရသကဲ့သို့ ခံစားရစေသည်။ မုကျစ်မင်က ကူဟယ့်ရန်နောက်သို့လိုက်လာပြီး ဘာလုပ်၍ဘာကိုင်ရမည်ကို မသိဖြစ်နေသည်။ သို့သော်လည်း ဘာမှမပြောဝံ့ပေ။ မျက်ခုံးပင့်၍ ကူဟယ့်ရန်ကို ကြည့်လိုက်သောအခါတွင် သူသည် ယနေ့တွင် သံချပ်ကာမဝတ်ဘဲ တိမ်လွှာတိမ်သားပုံစံ ရွှေချည်မျှင်ထိုးထားသောခါးပတ်ပါသည့် အနက်ရောင်ဝတ်စုံ ဝတ်ထားသည်ကို သတိထားမိသည်။ ထိုအဝတ်အစားများက ကူဟယ့်ရန်၏ ဖြောင့်မတ်သောခန္ဓာကိုယ်အနေအထားဖြင့် လိုက်ဖက်လွန်းလှကာ မိမိတို့နှစ်ဦးကြားမှ တိတ်ဆိတ်မှုတွင် တည်ငြိမ်လေးနက်ခြင်းကို ထည့်ပေါင်းလိုက်သည်နှင့်တူသည်။

မုကျစ်မင်တစ်ယောက် အနည်းငယ်မျှ ရှက်သွားမိသည်။ မိမိသည် ကူဟယ့်ရန်ကို ရိုးသားစွာသဘောကျမိကာ ထိုသူဖြင့် သာမန်ကာလျှံကာ မိတ်ဆွေဆက်ဆံရေးမျိုးကို မလိုချင်ပေ။ သို့သော်လည်း ယနေ့ကိစ္စဖြစ်သွားသည့်အတွက် ကူဟယ့်ရန်က မိမိကို ယခင်ကထက်ပင် ပို၍မထုံတတ်သေးဖြင့် ဆက်ဆံလာမည်ကို မုကျစ်မင် စိုးရိမ်လာမိ၏။

ဝမ်းနည်းမှုက မုကျစ်မင်၏ရင်ဘတ်ထဲတွင် မြင့်တက်လာသဖြင့် သက်ပြင်းချလိုက်မိသည်။ ထိုအချိန်တွင်ပင် ကူဟယ့်ရန်က တဲတစ်လုံးရှေ့၌ ရပ်သွားသည်။ ထိုတဲသည် ဖောက်ထွင်း၍မရဟန်ရှိကာ အရှေ့နှင့်အနောက် နှစ်ဖက်လုံးတွင် စစ်သည်များ အထပ်ထပ်စောင့်ကြပ်နေသည်။ စစ်သည်များက ကူဟယ့်ရန်ကို မြင်သောအခါတွင် အမြန်ပင် လက်သီးဆုပ်၍ အရိုအသေပေးလိုက်ကြသည်။ ကူဟယ့်ရန်က ပြန်ခေါင်းညိတ်ပြပြီး မုကျစ်မင်ဘက်သို့လှည့်ကာ ပြောလိုက်၏။

''အထဲဝင်ခဲ့။''

မည်သည့်နေရာသို့ ခေါ်သွားသည်ကို မသိသော မုကျစ်မင်ကမူ ကူဟယ့်ရန်နောက်မှသာ လိုက်ဝင်သွားမိသည်။ တဲထဲသို့ ဝင်သွားသောအခါတွင် မျက်လုံးများက ချက်ချင်းပင် အံ့ဩတုန်လှုပ်မှုဖြင့် အပြူးသားဖြစ်သွားသည်။

တဲထဲတွင် ဓားများ၊ လေးများ၊ မြားများနှင့် ပုဆိန်သွားတပ်လှံတံများကို ဘယ်မှညာအထိ ခင်းကျင်းထားသည်။ မိမိတို့ရှေ့တွင် သံလက်သည်းများဖြင့် ထောက်ထားသည့် ဝပ်တွားကျားအမြောက်နှစ်ခုက ထည်ဝါစွာ ရှိနေသည်။

မုကျစ်မင်သည် ရှက်လွန်းသောကြောင့် စကားတစ်ခွန်းပင် မပြောနိုင်ပေ။ တစ်ဖက်တွင်မူ များသောအားဖြင့် တိတ်ဆိတ်နေတတ်သော ကူဟယ့်ရန်က ဦးစွာ စကားစပြောလာသည်။ မုကျစ်မင်ကိုကြည့်လိုက်ပြီး ကူဟယ့်ရန်က တီးတိုးပြောလိုက်သည်။

''လေ့ကျင့်ရေးကွင်းမှာသုံးတဲ့ ဓားတွေမြားတွေက သေချာချိန်ထားတာမျိုးမရှိဘူး။ အဲ့ဒါကြောင့် အမှားလုပ်မိရင် ခိုက်မိဖို့လွယ်တယ်။ မင်းက ကိုယ်ခံပညာလည်းမတတ်ဘဲနဲ့ ကိုယ်ရံတော်ကိုကျ ခေါ်မလာဘူး။ မင်း ဝပ်တွားကျားအမြောက်ကို စိတ်ဝင်စားတယ်ဆိုရင် လက်နက်တိုက်ကို လာကြည့်လေ။ မင်းမှာ ကိုယ့်ရဲ့တံဆိပ်ပြားရှိသားပဲ။ အဲ့ဒါကြောင့် စစ်စခန်းမှာ ဆန္ဒရှိသလို ဝင်ထွက်သွားလာနိုင်တယ်။''

မုကျစ်မင်မှာ မယုံကြည်နိုင်ဖွယ် အေးခဲနေမိကာ ကူဟယ့်ရန်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ အသက်ပြင်းပြင်းရှူပြီးနောက်တွင် မုကျစ်မင်က မိမိလက်မောင်းကို မိမိဘာသာ တတ်နိုင်သမျှ ဆိတ်ဆွဲကြည့်လိုက်သည်။ နာကျင်မှုက အစစ်အမှန်ဟုတ်နေသောအခါမှသာ ထိန်းထားသည့်သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်မိတော့သည်။

''ဘာဖြစ်လို့လဲ။''

ကူဟယ့်ရန်က မျက်မှောင်ကြုတ်၍ မိမိ၏ပုံစံက ခက်ထန်လွန်းသဖြင့် မုကျစ်မင်များ လန့်သွားသလားကို သိချင်သွား၏။

မုကျစ်မင်ကမူ အတော်လေး မိန်းမောတွေဝေလျက်သားဖြင့် မေးလိုက်မိသည်။

''တစ်သက်တာလုံးစာအတွက် ကျွန်တော့်ကို ပြောချင်တဲ့ စကားတွေများ အကုန်ထုတ်သုံးလိုက်တာလား။''

ကူဟယ့်ရန် : "...."

***

Aurora Novel Translation Team

Translator's Note:

(၁) ဝပ်တွားကျားအမြောက် 虎蹲炮 - ရှေးခေတ်တရုတ်ပြည်မှာသုံးတဲ့ တာရှည်ပစ်တဲ့ အမြောက်တိုကို ပြောတပါ။ ပစ်ဖို့ဆိုရင် လက်နက်ကို ဝပ်နေတဲ့ကျားလိုမျိုး သေချာနေရာချိန်ပေးရပါတယ်။ နာမည်လိုမျိုးပဲပေါ့။ ဝပ်တွားကျားအမြောက်က အားမပြင်းတဲ့ ရှေးကျတဲ့လက်နက်တစ်ခုပါ။ တောင်ပေါ်ကနေ တိုက်တာတွေ၊ တောထဲနေတိုက်တာတွေနဲ့ လယ်ကွင်းမှာတိုက်တာတွေ၊ အမြောက်ရဲ့တည်နေရာကို ဖွက်ထားလို့ရတဲ့နေရာမျိုးမှာ တိုက်တာတွေအတွက် သင့်တော်ပါတယ်။

(၂) အောက်ရုံးတရားသူကြီး 知县 - ရှေးတရုတ်ပြည်ရဲ့ အရာရှိရာထူးပါ။ ဗဟိုအစိုးရရဲ့ အနိမ့်ဆုံးအဆင့်ပါ။ မင်းကြီးက နန်းတွင်းစာမေးပွဲအောင်တဲ့သူတွေထဲနေကပြီး အောက်ရုံးတရားသူကြီးကို ခန့်ထားတတ်ပါတယ်။ ဒါပေမဲ့လို့ အောက်ရုံးတရားသူကြီးက ရုံးကိစ္စသာမက အခြားအထူးစွမ်းရည်တွေပါ လိုအပ်တယ်။ ရုံးမှာဆိုရင် အောက်ရုံးတရားသူကြီးက အထက်လူကြီးတွေရဲ့ကိစ္စတွေကို လုပ်ပေးရသလို တစ်ခါတလေ လက်အောက်ငယ်သားတွေပုန်ကန်တာကိုလည်း သည်းခံရသေးတယ်။ သူ့တာဝန်က အခွန်ကောက်တာကို စစ်ဆေးဖို့၊ လမ်းတံတားတွေနဲ့ ရေထိန်းချုပ်တာတွေကို စစ်ဆေးဖို့၊ တရားသူကြီးအဖြစ်နဲ့ အမှုတွေကို ဖြေရှင်းပေးဖို့၊ ဆင်းရဲသူတွေကို ကူညီပေးဖို့၊ ဓလေ့ထုံးတမ်းတွေကို လုပ်ဆောင်ဖို့၊ ပညာရေးဆိုင်ရာကိစ္စတွေနဲ့ ကျောင်းတွေကို ထောက်ပံ့ဖို့၊ ပြီးတော့ မင်းကြီးက လုပ်ခိုင်းတဲ့အခြားကိစ္စတွေကိုလည်း လုပ်ပေးရပါတယ်။

(၃) 人中龙凤 - တရုတ်စကားအသုံးအနှုန်း။ သာမန်လူတွေကြားထဲမှာ ထင်ပေါ်တဲ့ခေါင်းဆောင်၊ ခွဲခြားလို့ရတဲ့လူတစ်ယောက်လို့ ပြောချင်တာပါ။ ရှေးခေတ်အချိန်ကာလတုန်းကတော့ မင်းကြီးက နဂါးဖြစ်ပြီး မိဖုရားခေါင်ကြီးက ဇာမဏီဖြစ်ပါတယ်။ အဲ့ဒါကြောင့်လူတွေကြားထဲက နဂါးနဲ့ဇာမဏီဆိုတာက လူအုပ်ကြားထဲမှာမှ အထူးချွန်ဆုံး၊ အရေးပါဆုံး၊ အာဏာအရှိဆုံးနဲ့ ပါရမီအထူးဆုံးလူကို ရည်ညွှန်းတာပါ။

(၄) 兄台 - ရွယ်တူ၊ သူငယ်ချင်းအချင်းချင်း အပြန်အလှန်လေးစားသမှုနဲ့ခေါ်တဲ့အခေါ်အဝေါ်ပါ။ အသက်တူ မဟုတ်ဘဲ မျိုးဆက်တူပြီး အသက်နည်းနည်းကြီးတဲ့အမျိုးသားတွေကြားက အသုံးအနှုန်းပါ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment