no

Font
Theme

အခန်း (၂၃) - သူ့အား မျိုးဆက်မရှိ ဖြစ်လုနီးပါး ဖြစ်စေခဲ့သည့် စိတ်ကြည်လင်စေသော ကန်သွင်းချက်

ငိုကြွေးပြီးနောက် ကူဟယ့်ရန်သည် မုကျစ်မင်၏ ရင်ခွင်ထဲ၌ မေ့လဲသွားရာ မုကျစ်မင်အား လန့်သွားစေသည်။ ထို့နောက် မုကျစ်မင် ကူဟယ့်ရန်ကို ပွေ့ချီပြီး ဒေါ်လေးလျန်အား ခေါ်လိုက်ရာ ဆူဆူပူပူ ဖြစ်သွားကြသည်။ ကူဟယ့်ရန်အား သူ့အဆောင်ခန်းဆီသို့ အလျင်အမြန် ပွေ့ချီသွားပြီး သူ၏ ခုတင်ပေါ်တွင် လဲလျောင်းပေးခဲ့သည်။ ထိုအခါမှသာ ကူဟယ့်ရန်က ပင်ပန်းနွမ်းနယ်မှုကြောင့် မေ့လဲသွားကာ နောက်ဆုံးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြောင်း သူတို့ မြင်တွေ့ခဲ့ရသည်။ ကူဟယ့်ရန် တိတ်ဆိတ်စွာ အနားယူနိုင်ရန် သူတို့လည်း တိတ်တဆိတ် ထွက်ခွာသွားခဲ့လိုက်သည်။

အရာအားလုံး အဆင်ပြေသွားချိန်၌ သန်းခေါင်ယံပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ နှင်းများ ဆက်လက်ကျဆင်းနေသဖြင့် ဒေါ်လေးလျန်က မုကျစ်မင်အား ကူအိမ်တော်တွင် တည်းခိုရန် တောင်းဆိုသော်လည်း မုကျစ်မင်က ယဉ်ကျေးစွာ ငြင်းဆန်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သူမျှ မသိစေဘဲ တိတ်တဆိတ် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး မနက်ဖြန်မနက်တွင် နန်းတော်သို့ပင် ဝင်ရောက်ရဦးမည် ဖြစ်သည်။

"ဒါပေမဲ့ မုကုန်းကျစ်၊ မုကုန်းကျစ်မှာ ဆီဒင်ထိုင်ခုံ ဒါမှမဟုတ် မြင်းလှည်းမှ မရှိတာ။ ပြီးတော့ ညမထွက်ရအမိန့်ကလည်း စနေပြီလေ။"

ဒေါ်လေးလျန်က စိုးရိမ်တကြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်တော်က ယန်မြို့စားရဲ့ သားပါ။ ကင်းလှည့်အစောင့်တွေက ကျွန်တော့်ကို တွေ့ရင်တောင် ဘာမှ လုပ်မှာ မဟုတ်ပါဘူး။"

မုကျစ်မင်က ဒေါ်လေးလျန်အား နှစ်သိမ့်လိုက်ပြီး နှုတ်ဆက်ကာ ၀မ်ဟယ့်ယင်နှင့်အတူ ထွက်ခွာခဲ့သည်။

သူတို့ ထွက်ခွာသွားသည်နှင့် မုကျစ်မင်က သူ၏ ရိုးသားမှုကို ချက်ချင်း ဆုံးရှုံးသွားပြီး သူခိုးများကဲ့သို့ နံရံများနှင့် ကပ်လျက် ၀မ်ဟယ့်ယင်နောက်သို့ လိုက်ပါသွားသည်။

မုကျစ်မင် တော်ဝင်တပ်သားများ ဖမ်းမိမည်ကို ကြောက်ခြင်း မဟုတ်ဘဲ၊ ဖမ်းမိပါက မုပေါ်ရန်ထံသို့ ပို့ဆောင်ခံရမည်ကိုသာ ဖြစ်သည်။ တစ်နည်းအားဖြင့် မုကျစ်မင်သည် အဖမ်းခံရခြင်းထက် မုပေါ်ရန်က သူ့ကို ရိုက်နှက်ဆူပူမည်ကို ပိုကြောက်ခြင်းဖြစ်သည်။

'နည်းနည်းလေး အရိုက်ခံရရင်လည်း အရိုက်ခံရပါစေတော့။'

သွက်လက်သော ကြောင်များကဲ့သို့ လူငယ်နှစ်ဦးသည် အိမ်ပြန်လမ်း၌ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြပြီး ကင်းလှည့်စောင့်များကို ရှောင်ရှားရန် နံရံများပေါ်မှလည်း ကျော်တက်ခဲ့ကြသည်။ သူတို့က တိတ်ဆိတ်စွာပင် အခြားသူများ၏ အိမ်များကို ဖြတ်သန်းသွားလာခဲ့ကြပြီး ထိုသူတို့၏ အိပ်ချိန်ကို နှောင့်ယှက်မိသည့်အတွက် စိတ်ထဲမှ တောင်းပန်ခဲ့ကြသည်။ နံရံဆယ်ခုကျော်ကို ကျော်တက်ပြီးနောက် မုကျစ်မင်မှာ မသွားနိုင်တော့ဘဲ မိသားစုတစ်ခု၏ အပြင်ဘက်ခြံဝင်းရှိ ကောက်ရိုးပုံဘေးတွင် ထိုင်လိုက်ရသည်။ မုကျစ်မင် သူ၏လက်မောင်းများကို ပွတ်သပ်ပြီး အနည်းငယ် အနားယူနေစဉ် ၀မ်ဟယ့်ယင်က သူ့ဘေးတွင် ရပ်စောင့်နေခဲ့သည်။

ထိုအချိန်တွင် မုကျစ်မင် ရုတ်တရက် တစ်ခုခုကို တွေ့ရှိလိုက်သည်။ သူသည် ထိုမိသားစု၏ ကောက်ရိုးပုံကို ကောက်ယူရန် လက်လှမ်းလိုက်စဉ် ၀မ်ဟယ့်ယင်က သူ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ၀မ်ဟယ့်ယင်က သူ၏ သခင်လေး ဘာလုပ်နေသည်ကို မေးရန် ပြင်ဆင်နေစဉ် မုကျစ်မင်က ကောက်ရိုးပုံကို ရွှေ့လိုက်သည်ကို သူ မြင်လိုက်ရပြီး နံရံ၌ ခွေးတိုးပေါက်တစ်ခုကို တွေ့ရှိလိုက်သည်။

"အား! ခွေးတိုးပေါက်! ဒီခြံဝင်းထဲမှာ ခွေးရှိတာလား။"

၀မ်ဟယ့်ယင်ကား ကလေးဘဝက ခွေးကိုက်ခံရဖူးသောကြောင့် ခွေးများကို ကြောက်ရွံ့ပြီး ခွေးတိုးပေါက်ကို မြင်လိုက်ရသောအခါ သူ့အသံ၌ ထိတ်လန့်မှုများ ပါဝင်နေသည်။

မုကျစ်မင် ပြန်မဖြေဘဲ ၀မ်ဟယ့်ယင်ကို ဆွဲချလိုက်ပြီး ကုန်းထိုင်စေကာ အရွယ်အစားကို နှိုင်းယှဉ်လိုက်သည်။

"အရွယ်အစားက အံဝင်ခွင်ကျပဲ၊ ငါတို့ ကောင်းကောင်း တိုးသွားလို့ ရတယ်။"

၀မ်ဟယ့်ယင်၏ ပါးစပ်မှာ တုန်ယင်သွားသည်။

"ဘယ်သူက ခွေးတိုးပေါက်ကို တိုးမှာလဲ။ သခင်လေး တိုးချင်ရင်တိုး ကျွန်တော် မလိုက်ဘူး။ ကျွန်တော်က နံရံပေါ် မတက်နိုင်တာ မဟုတ်ဘူး၊ ကျွန်တော်က သံဓါးရိုးလို ယောက်ျားတစ်ယောက်ပဲ..."

မုကျစ်မင်: "ဝုဖ်!"

၀မ်ဟယ့်ယင်တစ်ယောက် 'ဟောင်သံ'ကို ကြားလိုက်သည်နှင့် ခွေးတိုးပေါက်ထဲသို့ ဝင်သွားသည်။

မုကျစ်မင်က နောက်ကနေ ကပ်လိုက်သွားပြီး ခွေးတိုးပေါက်အား ပိတ်ရန် ကောက်ရိုးပုံကို မူလနေရာသို့ ပြန်ထားရန်လည်း မမေ့ခဲ့ပေ။

ထိုအချိန်၌ ၀မ်ဟယ့်ယင်က စိတ်တိုကာ အရှက်ရပြီး ဒေါသတကြီးဖြစ်သွားသည်။

"သခင်လေး! ဘာလို့ ဒီလို လုပ်ရတာလဲ! သခင်လေးက အရမ်း ရိုင်းတာပဲ! ဖြောင့်မတ်တဲ့သူလို မလုပ်ဘူး! သခင်လေး အရမ်းလွန်နေပြီနော်! ကျွန်တော် စိတ်ဆိုးတယ်!"

မုကျစ်မင်: "မနက်ဖြန် အနောက်ဘက်လမ်းကျဉ်းလေးကနေ မီးဖိုဖုတ်နှမ်းကပ်ပေါင်မုန့် နှစ်ခု ဝယ်ပေးမယ်။"

၀မ် 'သံဓါးရိုး' ဟယ့်ယင်: "သခင်လေးက အရမ်း ကြင်နာတတ်တာပဲ။"

မုကျစ်မင်: "ကဲ သွားကြရအောင်။ မုအိမ်တော်နဲ့ နီးနေပြီ၊ ငါလည်း အရမ်းပင်ပန်းနေပြီ။"

သို့သော် ထိုအချိန်တွင် လမ်းထိပ်မှ ဒေါသထွက်နေသော ဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကင်းလှည့်အစောင့်အချို့က အော်လိုက်ကြသည်။

"ဘယ်သူလဲ!"

၀မ်ဟယ့်ယင်က မုကျစ်မင်၏ လက်မောင်းကို ဆွဲကာ ဆွဲခေါ်သွားပြီး ထွက်ပြေးတော့သည်။ ခဏကြာကြာ ပြေးပြီးနောက် လူငယ်နှစ်ဦးသည် ကင်းလှည့်အစောင့်များက သူတို့ကို လိုက်ဖမ်းနေသည်ကို တွေ့ရှိလိုက်သည်။ ထိုအခါ ၀မ်ဟယ့်ယင်သည် မုကျစ်မင်အား လမ်းကျဉ်း၏ အမှောင်ဆုံးအပိုင်းသို့ ခေါ်သွားသည်။

"သခင်လေး၊ ကျွန်တော် အစောင့်တွေကို အာရုံပြောင်းပေးပါ့မယ်။ အပြင်မှာ လှုပ်ရှားသံတွေ ဘာမှ မကြားရတော့တဲ့အထိ ဒီမှာ စောင့်နေပြီးမှ အိမ်တော်ကို ပြန်ပြေးလိုက်။"

မုကျစ်မင်သာ သူ့နောက် လိုက်ပြေးပါက ၀မ်ဟယ့်ယင်ကို ပို၍ ဒုက္ခပေးသလို ဖြစ်မည်ကို သိသဖြင့် မုကျစ်မင် တတ်နိုင်သမျှ ပုန်းနေလိုက်သည်။

"သတိထားဦး။"

"စိတ်မပူပါနဲ့။ ဒီသာမန်အစောင့်တွေလောက်က ကျွန်တော့်ကို ဘယ်တော့မှ ဖမ်းနိုင်မှာ မဟုတ်ပါဘူး။"

၀မ်ဟယ့်ယင်က ယုံကြည်မှုရှိစွာ ပြောပြီး ခေါင်းလှည့်ကာ အခြားလမ်းကျဉ်းသို့ ပြေးသွားပြီး အစောင့်များ၏ အာရုံကို ဖမ်းစားရန် ရည်ရွယ်ချက်ရှိရှိ ဆူညံသံအချို့ကို ပြုလုပ်လိုက်သည်။

ညသည် မှောင်မိုက်ပြီး လေတိုက်ခတ်နေသလို ညဦးပိုင်းက ကျဆင်းခဲ့သော နှင်းများကြောင့် မြေပြင်မှာ ချောနေသဖြင့် အစောင့်များအတွက် ၀မ်ဟယ့်ယင်ကို ဖမ်းမိရန် မလွယ်ကူချေ။ ၀မ်ဟယ့်ယင်သည် သူ၏ ချင်ကုန်းပညာရပ်ကို အားကိုးကာ အိမ်ခေါင်မိုးများနှင့် နံရံများပေါ်မှ ပျံသန်းနိုင်ခဲ့ပြီး ကင်းလှည့်အစောင့်များကို အောင်မြင်စွာ ကျော်ဖြတ်သွားခဲ့သည်။ အချိန်ကို တွက်ချက်ပြီးနောက် ၀မ်ဟယ့်ယင်သည် မုကျစ်မင် မုအိမ်တော်သို့ ပြန်ရောက်နေလောက်ပြီဟု ခံစားမိသဖြင့် ခုန်တက်ပြီး အရိုင်းဆန်စွာ ပြေးသွားကာ ကင်းလှည့်အစောင့်များကို လုံးဝ ဖယ်ရှားရန် ရည်ရွယ်ခဲ့သည်။

ထိုအချိန်တွင် အစောင့်များက ပိုးသားအနီရောင်ဖျော့ဖျော့ ကြိုးကြာပုံစံများဖြင့် ချည်ထိုးထားသော အဝတ်အစားများ ဝတ်ဆင်ထားပြီး ခါးတွင် ဓားကို ဆောင်ထားသည့် လူငယ်တစ်ဦးနှင့် တိုက်မိသွားသည်။ ထိုလူငယ်အား မျက်စိစူးစူးစိုက်စိုက် ကြည့်ပြီးနောက် အစောင့်ခေါင်းဆောင်က ၀မ်ဟယ့်ယင် ထွက်ပြေးသွားသည့်ဘက်သို့ လက်ညှိုးထိုးပြကာ အော်လိုက်သည်။

"ဖိန့်ကုန်းကျစ်! ပျံသန်းနေတဲ့ သူခိုးကို ဖမ်း!"

ထိုလူငယ်သည် ခေါင်းလှည့်ကြည့်လိုက်သောအခါ မိုးပြာရောင် ပုံရိပ်တစ်ခု လေထဲမှာ လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုလူငယ်သည် သူ့နောက်သို့ အပြေးအလွှား လိုက်သွားသည်။

၀မ်ဟယ့်ယင်သည် လှိုင်းတွန့်အိမ်ခေါင်မိုးများပေါ်မှ ပေါ့ပေါ့ပါးပါး ခုန်ကျော်လိုက်ပြီး သူ ထားခဲ့သော ကင်းလှည့်အစောင့်များ သူ့ကို ဖမ်းနိုင်တော့မည် မဟုတ်ဟု မျှော်လင့်နေသည်။ ဤအကြောင်းကြောင့်ပင် ၀မ်ဟယ့်ယင် အတော်လေး စိတ်အေးသွားပြီး မုအိမ်တော်သို့ ပြန်ရန် အသင့်ပြင်လိုက်သည်။

မမျှော်လင့်ဘဲ သူ လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ ၀မ်ဟယ့်ယင်၏ နားများမှာ အလွန်ပါးသဖြင့် လေထဲတွင် ဝှေ့ယမ်းနေသော လက်ဖဝါးသံကိုပင် သူ ကြားနိုင်ခဲ့ပြီး ထိုအရာက သူ့ဆီသို့ တိုက်ရိုက် ဦးတည်နေသည်။

၀မ်ဟယ့်ယင် အလျင်အမြန် ဘေးသို့ ရွှေ့ကာ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ လက်ဖဝါးကို ရှောင်ရှားပြီးနောက် သူသည် မည်သည့် အားနည်းချက်ကိုမျှ ဖော်ထုတ်လိုခြင်းမရှိသဖြင့် သူ့ကို ခုနက တိုက်ခိုက်ခဲ့သောသူ၏ ပခုံးကို ဆွဲကိုင်လိုက်သည်။

ဖိန့်ဟန်ထန် လှည့်လိုက်ပြီး ၀မ်ဟယ့်ယင်၏ လက်ကို တံတောင်ဆစ်ဖြင့် ပိတ်ဆို့လိုက်သည်။ သူတို့ လက်ချင်း ထိုးသတ်နေကြစဉ် သူတို့၏မျက်လုံးများက တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။

၀မ်ဟယ့်ယင်၏ မျက်နှာကို မြင်လိုက်သည်နှင့် ဖိန့်ဟန်ထန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ပြုံးလိုက်ကာ နောက်ဆုံး၌ ပြောလိုက်သည်။

"ဒီလောက် ငယ်ငယ်လေးနဲ့ စာမသင်ဘဲ သူခိုးဖြစ်ဖို့ သင်ယူနေပြီလား။"

"ဘယ်သူက သူခိုးလဲ။"

၀မ်ဟယ့်ယင် ဒေါသတကြီး ဖြစ်သွားသည်။

"ကျွန်တော် အိပ်လို့မရလို့ လမ်းလျှောက်ထွက်တာ မဖြစ်နိုင်ဘူးလား! ထိပ်ပြောင်တိုင်း ဘုန်းကြီးလို့ မထင်နဲ့! ခင်ဗျား ကျွန်တော့်ကို မှားစွပ်စွဲနေတာ!"

ဖိန့်ဟန်ထန် ပြုံးလိုက်သည်။

"မဟုတ်သေးပါဘူး၊ ညမထွက်ရအမိန့်က..."

သူ စကားမဆုံးခင် ၀မ်ဟယ့်ယင်က ရုတ်တရက် ခြေထောက်ကို မြှောက်ကာ ဖိန့်ဟန်ထန်၏ ပေါင်ကြားကို ပြင်းပြင်းထန်ထန် ကန်လိုက်သည်။

ဖိန့်ဟန်ထန်: "????"

၀မ်ဟယ့်ယင်၏ ရက်စက်မှုနှင့် အရှက်မဲ့မှုကြောင့် ဖိန့်ဟန်ထန် ချက်ချင်း အားလျော့သွား၏။ သူသည် သူ၏ အနာဂတ်သားများနှင့် မြေးများကို မဆုံးရှုံးစေရန်အတွက် နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ ဖိန့်ဟန်ထန် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းထားပြီး ပြန်ကြည့်လိုက်သောအခါ ၀မ်ဟယ့်ယင်သည် ထွက်ပြေးသွားပြီး ည၏ မှောင်မိုက်ထဲသို့ ပျောက်ကွယ်သွားပြီဖြစ်သည်ကို တွေ့ရှိလိုက်သည်။

ဖိန့်ဟန်ထန်က ၀မ်ဟယ့်ယင်၌ ငွေမပါကြောင်း သိသဖြင့် သူ ထွက်ပြေးသွားသည့်အတွက် စိုးရိမ်ခြင်း သို့မဟုတ် စိတ်တိုခြင်းမရှိပေ။ ၀မ်ဟယ့်ယင်ကို လိုက်ဖမ်းရန်ပင် စိတ်မဝင်စားတော့ပေ။ သူ ညကောင်းကင်ကို ကြည့်၍ ရယ်မောလိုက်ပြီး အော်လိုက်သည်။

"ကောင်ငယ်လေး၊ မင်းရဲ့ မျက်နှာကို ငါ မှတ်ထားလိုက်ပြီ။ ဒီဘဝမှာ ငါနဲ့ ထပ်မတွေ့နိုင်တဲ့ အရည်အချင်း မင်းမှာ ရှိပါစေလို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ငါ မင်းကို ဖမ်းမိလို့ကတော့ မင်းကို သေချာပေါက် သင်ခန်းစာကောင်းကောင်း ပေးရလိမ့်မယ်။"

____

တစ်ဖက်တွင် မုကျစ်မင်က မုအိမ်တော်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ဘေးတံခါးကို ခေါက်ပြီးနောက် ညတံခါးစောင့်က ဖွင့်ပေးခဲ့ပြီး မုကျစ်မင်ကို အပြင်၌ မြင်လိုက်ရသောအခါ အံ့ဩသွားခဲ့သည်။ မုကျစ်မင်က ထိုလူငယ်အား လျှို့ဝှက်ထားရန် တောင်းဆိုပြီးနောက် သူ့ခြံဝင်းထဲသို့ အပြေးပြန်သွားခဲ့သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် မုကျစ်မင်သည် သူ၏ အဆောင်ခန်းရှေ့တွင် ချိုင်ဝေ့ ရပ်နေပြီး စိုးရိမ်သော မျက်နှာဖြင့် သူ(မ)၏ နီရဲနေသော လက်များကို ပွတ်သပ်ကာ ရှေ့တိုးနောက်ဆုတ် လုပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

"ချိုင်ဝေ့ကျဲ!"

မုကျစ်မင် အလျင်အမြန် အော်ခေါ်လိုက်သည်။

ထိုအခါ ချိုင်ဝေ့က ပျော်ရွှင်စွာ မော့ကြည့်လိုက်ကာ

"သခင်လေး! သခင်လေးနဲ့ အားယင် ဘယ်ရောက်နေတာလဲ! ကျွန်မ တစ်ညလုံးနီးပါး ဒီမှာ စောင့်နေတာ၊ ဒါပေမဲ့ ပြန်မလာကြဘူး။ ကျွန်မ စိုးရိမ်လို့ သေတော့မယ်။"

"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အရမ်း မြန်မြန် ထွက်သွားခဲ့ရလို့ ကျဲကို အကြောင်းကြားဖို့တောင် မေ့သွားခဲ့တာ။ ကျွန်တော့်မိဘတွေကို မပြောထားရသေးဘူးမလား။"

ချိုင်ဝေ့က ပြန်ဖြေသည်။

"သခင်ကြီးနဲ့ သခင်မကြီးကို အကြောင်းကြားလိုက်ရင် အခုချိန်မှာ သခင်မကြီးက မီးအိမ်တွေနဲ့ သခင်လေးကို လမ်းပေါ်မှာ လိုက်ရှာနေမှာ။"

"ဒါပေါ့။"

မုကျစ်မင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အပြစ်ရှိသလို ခံစားရရင်း ပြောလိုက်သည်။

"ချိုင်ဝေ့ကျဲ၊ ရာသီဥတုက အခု အရမ်း အေးနေတာ။ ကျဲ အေးနေမှာ သေချာတယ်။"

"ကျွန်မ မအေးပါဘူး။"

ချိုင်ဝေ့ ပြုံးလိုက်သည်။

"သခင်လေး၊ ပြန်ရောက်လာလို့ ကျွန်မ ပျော်ပါတယ်။ နောက်ဆုံးတော့ စိတ်အေးရပြီ။ အာ၊ ဒါပေမဲ့ အားယင်ရော ဘယ်မှာလဲ။"

ချိုင်ဝေ့ ထိုစကားပြောပြီးသည်နှင့် ၀မ်ဟယ့်ယင်က ခေါင်မိုးစွန်းပေါ်သို့ ခြေချကာ လေထဲမှ ပျံသန်းလာပြီး မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်သည်။

"ချိုင်ဝေ့ကျဲ၊ ကျွန်တော် ဒီမှာ! သခင်လေး၊ ကျွန်တော် အဖမ်းခံရလုနီးပါးပဲ။ ကံကောင်းစွာနဲ့ ကျွန်တော်က စိတ်ကြည်လင်စေတဲ့ ကန်သွင်းခြင်းနည်းပညာကို အသုံးပြုဖို့ လုံလောက်အောင် ထက်မြက်ခဲ့လို့ ထွက်ပြေးလာနိုင်ခဲ့တာ!"

မုကျစ်မင် အကျယ်ကြီး ရယ်မောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထို 'နည်းပညာ'၏ အမည်ကို သူက ရွေးချယ်ခဲ့သူဖြစ်သောကြောင့်ပင်။

"တကယ် ကန်ခဲ့တာလား။"

၀မ်ဟယ့်ယင်က ပြန်ဖြေသည်။

"နည်းနည်းလေးပါ။"

"ကောင်းတာပေါ့။"

မုကျစ်မင် ရယ်လိုက်သည်။

"မဟုတ်ရင်တော့ ကပ်ဘေးဆိုးကြီး ဖြစ်လာနိုင်တယ်။"

ချိုင်ဝေ့ သူတို့ ဘယ်သွားခဲ့သည်ကို မမေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် မုကျစ်မင်က အတော်လေး စည်းကမ်းရှိသည်ကို သူ(မ) သိထားသောကြောင့်ပင်။ ညဘက်တွင် အိမ်တော်မှ ထွက်ခွာရလောက်အောင် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ခဲ့ပုံရမည်။

"ကောင်းပြီ၊ မြန်မြန် အနားယူလိုက်ကြပါ။ နောက်တစ်ခါ နောက်ကျမှ အပြင်ထွက်ရမယ်ဆိုရင်တော့ ကြိုပြောရမယ်နော်။ ကျွန်မကို ဒီလို ထပ်ပြီး စိုးရိမ်အောင် မလုပ်ပါနဲ့။"

လူငယ်နှစ်ဦးလုံးသည် ဆန်ကောက်နေသော ကြက်များကဲ့သို့ ခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်ကဲ့!"

____

ခုနစ်ရက်အကြာ၌ ရှိုက်သံကဲ့သို့သော လေတိုက်ခတ်မှုနှင့် အရိုးများအထိ စိမ့်ဝင်သော အေးခဲသည့် နှင်းများက သစ္စာရှိသော စစ်သူကြီးကူ၏ ဈာပနကို ကြိုဆိုခဲ့သည်။ ထိုနေ့တွင် မြို့တော်ရှိ သာမန်ပြည်သူများပင် ဈာပနအခမ်းအနား၌ ပါဝင်ခဲ့ကြသည်။

ထိုနေ့မှာပင် နယ်စပ်ရှိ စစ်ပွဲအစီရင်ခံစာကို မြို့တော်သို့ ပေးပို့ခဲ့သည်။ ၎င်းသည် တော်ဝင်တရားရုံးရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဂယက်ထစေပြီး သမိုင်းမှတ်တမ်းများတွင် သွေးနှင့် မျက်ရည်တို့၏ မှတ်တမ်းများကို ထပ်ပေါင်းပေးခဲ့သည်။ ကူစစ်သူကြီး ကွယ်လွန်သွားခြင်းကြောင့် နယ်စပ်ရှိ စစ်သည်များ၏ စိတ်ဓာတ်များ ဖရိုဖရဲဖြစ်သွားခဲ့ပြီး အနောက်ပိုင်းရုန်မျိုးနွယ်စုသည် ကျေးရွာတစ်ရွာလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ရွာကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းရုန်မျိုးနွယ်စုက ရွာသားများကို သတ်ဖြတ်ပြီး ရွာကို လုယက်ဖျက်ဆီးရင်း လမ်းတစ်လျှောက်ရှိ အရာအားလုံးကို မီးရှို့ခဲ့သည်။ လက်ရှိတွင် အနောက်မြောက်ပိုင်းသည် ကစဉ့်ကလျား ဖြစ်နေပြီး ချက်ချင်း ပြင်ဆင်ရန် လိုအပ်နေသည်။

နောက်နေ့တွင် ကူဟယ့်ရန်က ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုရန် နန်းတော်သို့ ဝင်ရောက်ခဲ့သည်။ သူသည် အနောက်ပိုင်းရုန်မျိုးနွယ်စုကို တိုက်ခိုက်ရန် သူ့ဖခင်၏ ယုံရန်စစ်တပ်ကို ဦးဆောင်ပြီး အနောက်မြောက်နယ်စပ်သို့ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။

ဧကရာဇ်မင်းမြတ်သည် ယင်းကို သဘောမတူဘဲ သူ့ကိုပင် တားမြစ်ရန် ကြိုးစားခဲ့သည်။

"မင်းက အခု ကူမိသားစုရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ၊ ပြီးတော့ မင်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ မင်း တစ်ခုခု ဖြစ်သွားခဲ့ရင် ကျို့ချွမ်း*အောက်မှာ မင်းအဖေကို ငါ ဘယ်လို မျက်နှာပြရမလဲ။ မင်းကို စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ ခန့်အပ်ချင်ရင်တောင် မင်း အိမ်ထောင်တစ်ခုတည်ထောင်ပြီးမှပဲ စောင့်ရမယ်။ စိတ်မပူပါနဲ့၊ တစ်နှစ်တာ ဝမ်းနည်းပူဆွေးမှုပြီးရင် ငါကိုယ်တိုင် မင်းကို လက်ထပ်ပေးမယ်။"

(*ငရဲပြည်)

ကူဟယ့်ရန် ဒူးထောက်ပြီး ဦးညွတ်လိုက်သည်။ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဦးညွတ်လိုက်တိုင်း စကားလုံးတစ်လုံး ထွက်ပေါ်လာသည်။

"ယုံရန်စစ်သည် ၇၀,၀၀၀ အနက် ၅၀,၀၀၀ က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး အချို့က သေဆုံးခဲ့ကြပါပြီ။"

"မင်္ဂလာပွဲအခမ်းအနားက ဂုဏ်နဝါတ်နဲ့ ဗုံသံတွေ ပတ်လည်မှာ ပဲ့တင်သံတွေထပ်နေတဲ့အချိန်မှာ ပျော်ရွှင်ဖို့ မင်္ဂလာဆောင်ကို ဆုတောင်းပေးကြပါတယ်။ ဒါပေမဲ့ အဲ့ရွာအစွန်းမှာရှိတဲ့ အလောင်း ၁၀,၀၀၀ ရဲ့ တိတ်ဆိတ်မှုကို ဘယ်သူက ကြားနိုင်ပါ့မလဲ။"

"တိုင်းပြည် ပြိုလဲသွားရင် ကျွန်တော့်ဖခင် သေဆုံးခဲ့ရတာက အလကားဖြစ်သွားပါလိမ့်မယ်။ အဲ့အခါကျရင် သူ ကျို့ချွမ်းအောက်မှာ ဘယ်လိုလုပ် ငြိမ်းချမ်းစွာ အနားယူနိုင်မှာလဲ။"

ကူမြောင် စစ်ပွဲတွင် ကျဆုံးသွားသောအခါ တစ်တိုင်းပြည်လုံးက သက်ပြင်းချလိုက်ကြသည်။ စစ်သူကြီးကူ မရှိတော့ရာ နယ်စပ်ကို မည်သူက တည်ငြိမ်အောင် လုပ်ဆောင်နိုင်မည်နည်း။

လူတိုင်းအတွက် အရေးအကြီးဆုံးအရာမှာ ယခုအချိန်တွင် 'စစ်သူကြီးကူ' လိုမျိုး လူတစ်ဦး ရှိနေရန်ပင်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment