no

Font
Theme

Chapter 55.1

လီဖုန်း၏သတိပေးချက်အပြီးတွင် ရွာလူကြီးက မျိုးစေ့ဝယ်ဖို့ရောက်လာသော လူတစ်သုတ်ကို ​မြေနှစ်ဧကအတွက် မျိုးစေ့လုံလုံလောက်လောက် ရောင်းချပေးခဲ့သည်။ ထိုထက်ပိုမရောင်းပေးခဲ့ပေ။ မျိုးစေ့များက အကန့်အသတ်ရှိသဖြင့် ရည်ရွယ်ချက်က မိသားစုအများအပြားကို စိုက်ခွင့်ပေးဖို့ဖြစ်သည်။ ထို့အပြင် ထန်ချွန်းမင်က လာမည့်နှစ်မှာ မျိုးစေ့များ ပိုမိုပြင်ဆင်ထားမယ်လို့ ကတိပေးခဲ့သည်။

၎င်းကြောင့် စပါးစေ့ စောစောဝယ်ထားကြသူများက အားရပါးရပြုံးလိုက်ကြပြီး နောက်ကျမှသိရ၍ အခွင့်အရေးလွတ်သွားသော လူတွေက လွန်စွာနောင်တရခဲ့ကြပြီး ကြမ်းပြင်ကို စိတ်ပျက်လက်ပျက် ထုရိုက်နေကြ၏။ သူတို့ဘာလို့တွန့်တိုပြီး ငွေဆုံးရှုံးမှာကြောက်ခဲ့တာလဲ?

အစပိုင်းမှာ ထန်ချွန်းမင် ဂျုံမျိုးစေ့ရောင်းမည့်အကြောင်း ထွက်ပေါ်လာခဲ့စဥ် သံသယဝင်နေသော တချို့မိသားစုများက တန်ရဲ့လားဟု ​မေးခွန်းထုတ်ခဲ့ကြသည်။ တစ်ပေါင်လေးဆင့်ငါးဆယ်နဲ့ရောင်းတာက အရှုံးပေါ်မယ်လို့ သူတို့ထင်ခဲ့ကြသည်။ မြို့ပေါ်က စျေးအကြီးဆုံး ဂျုံစပါးကပင် ဤမျှလောက်မကုန်ကျပေ။ သတိထားပြီး မစွန့်စားရဲတာက လူအများစုမှာတွေ့ရသည့် ပြဿနာတစ်ခုဖြစ်သည်။ ၎င်းကို သတိကောင်းခြင်းလို့ ခေါ်ပေမယ့် သူတို့က ထန့်ယွီ စပါးလာဝယ်သွားတာကို မတွေ့ခဲ့ရပေ။ သူတို့သာသိခဲ့လျှင် သူတို့ တုံ့ဆိုင်းနေမှာမဟုတ်ပေ။

ဒုတိယထုတ်ပြန်ချက်အပြီးမှာ တခြားသူများ၏ အတင်းအဖျင်းကို ယုံကြည်ခဲ့ပြီး ချီတုံချတုံဖြစ်ခဲ့သည့် လူတွေက နောင်တရလွန်းလို့ ထိုလူများ၏အိမ်ကိုသွားကာ ပွဲရှာချင်ခဲ့သည်။ ကောလာဟလဖြန့်ခဲ့သူက အပြင်မှာထိုင်နေဆဲပင်။ သူက တ​ခြားသူများနဲ့ စကားစမြည်ပြောနေသည်။ တခြားသူများက သူ့ဆီပြေးလာကာ ဒေါသတကြီး လက်သီးနဲ့ထိုးလိုက်လေသည်။ သူတို့မဝယ်လိုက်နိုင်သော မျိုးစေ့များက တစ်ပေါင်၄၅ဆင့်ရမည့် စပါးစိုက်ပျိုးနိုင်သည်ကိုသိလျှင် စိတ်ပြေနပြေ စကားစမြည်ထိုင်ပြောနေသူများက လန့်သွားကြလေသည်။

“မင်းကြိုက်သလောက်အော်နေလည်း အခုအသုံးမဝင်တော့ဘူး။ မျိုးစေ့တွေအကုန်ရောင်းထွက်သွားပြီ။ ဘာပဲဖြစ်ဖြစ် မင်းက ဝယ်ဖို့မရည်ရွယ်ထားဘူးမလား? မင်ကောအာက လူတွေကို ငွေလိုက်လိမ်နေတယ်လို့ လုပ်ကြံပြောဆိုခဲ့တာ မင်းမလား? ​အေး.. ဒီတစ်ခါမဝယ်လိုက်နိုင်ရင် နောက်နှစ်ထိစောင့်ရမယ်လို့ မင်​ကောအာကပြောတယ်။ မင်းအခု ​ပြဿနာရှာလိုက်ပြီဆိုတော့ မင်းအမည်ပျက်စာရင်းသွင်းခံရမှာ။ အမည်ပျက်စာရင်းဆိုတာဘာလဲသိလား? မင်းတို့လိုမိသားစုတွေကို ဘယ်တော့မှမရာင်းဖူးလို့ပြောတာ။ ခံလိုက်အဲ့မှာ… “ သူတို့ကို လှောင်ပြောင်နေသူက သက်ပြင်းချကာ ဒေါသတကြီးထွက်သွားခဲ့သည်။

တစ်ဖက်လူက အချိန်အတော်ကြာအောင် အသံမထွက်နိုင်တော့ပဲ ပုံမှန်နည်းလမ်းတွေက အလုပ်မဖြစ်တာကို တွေ့ရှိခဲ့သည်။ မင်ကာအာ အမည်ပျက်စာရင်းသွင်းလိုက်မှာကို သူတို့ကြောက်နေသည်။ သူတို့နားကလူများ မျက်နှာပျက်နေတာကိုတွေ့တော့ သူတို့က စိတ်ပျက်လက်ပျက် အိမ်ပြန်သွားခဲ့သည်။ သို့ပေသိ သူတို့ထဲကတစ်​ယောက်က စကားတစ်ခွန်းပြောခဲ့သေးသည်။ “ငါမင်းတို့ကို မဝယ်ခိုင်းခဲ့တာမှမဟုတ်တာ။ အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ?”

သတင်းက ထန်ချွန်းမင်ဆီ​ ရောက်သွားသောအခါ သူက အသာပြုံးလိုက်သည်။ သူက ကျိုးကြောင်းဆီလျော်မှုမရှိသော လူတွေနဲ့ ပတ်သက်ဖို့ ပျင်းရိလွန်းသည်။ သ်ု့ဖြစ်၍ သူက အမှတ်မဲ့အမှတ်မဲ့ပြောလိုက်လေသည်။ “ဘယ်သူမဆိုပြဿနာရှာနိုင်တယ်။ ဒါပေမယ့် သူတို့ ကျွန်တော့်ဆီက မျိုးစေ့ဝယ်ပိုင်ခွင့်မရှိတော့ဘူး။ သူတို့က တွန်းအားပေးလာမယ်ဆိုရင် ကျွန်တော့်အထွက်နှုန်းကိုပဲ ပြလိုက်မယ်။ ကျွန်တော် ဒီလူတွေနဲ့ ငြင်းခုံဖို့ပျင်းတယ်”

ကျန်းရှို့နဲ့ဝမ်မော့က ဂျုံစပါးငါးဧကစာဝယ်ခဲ့သည်။ တကယ်တော့ သူတို့မြေအားလုံးမှာ ဂျုံစိုက်လို့မဖြစ်ပေ။ သူတို့က ​ဆောင်းရာသီအတွက် တခြားဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖို့လိုသည်။ ထို့အပြင် အများကြီးစိုက်ပျိုးခြင်းက တခြားမိသားစုတွေကို မနာလိုဖြစ်စေပြီး ၎င်းက ထန်ချွန်းမင်အတွက် ဒုက္ခရောက်စေသည်။ ထန်ချွန်းမင်​က သူတို့ဦးလေးတွေဖြစ်သည့် လျိုရွှေ၊ ထျဲရွှေနှင့် တာရွေတို့ကိုလည်း ဂျုံစေ့များပေးခဲ့ပေမယ့် ၎င်းဂျုံစေ့များက ရွာလူကြီးဆီက မဟုတ်ပေ။

မိထွေးဖြစ်သူကိုတော့ ထန်ချွန်းမင်က ဂျုံစေ့နှစ်ရာကီလိုကို တိုက်ရိုက်ပို့ဆောင်ခဲ့သည််။ စိုက်ပျိုးဖို့အတွက်လား စားသုံးဖို့အတွက်လား ဆိုတာကတော့ သူ့အပေါ်မူတည်သည်။ သူက ရွာထဲကအခြေအနေကိုလည်း ရှင်းပြခဲ့ပြီး ဆုံးဖြတ်ချက်ချခိုင်းခဲ့သည်။ သူဂျုံစိုက်ပျိုးပြီးလျှင် လာမည့်နှစ်မှာ ရိတ်သိမ်းပြီး ဤနေရာကိုပို့လို့ရသည်။ အမြတ်ကွာခြားမှုတော့ ရှိမှာမဟုတ်ပေ။

ထန်ချွန်းမင်နှင့် လီဖုန်းက သူတို့၏လယ်ကွင်းမှာ ဆောင်းစပါးများကို စိုက်ပျိုးခဲ့သည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးရန်ကတော့ သူတို့၏ကိုယ်ပိုင်​မြေမှာ စိုက်ပျိုးဖို့နေရာလောက်သည်။ တခြားရွာသားများလိုပင် သူတို့က မုန်လာဥနှင့်ဂေါ်ဖီတွေ အများကြီးစိုက်ထားသည်။ တစ်မျိုးကို မုန်လာချဥ်ပြုလုပ်ရန် အသုံးပြုမှာဖြစ်ပြီး တစ်မျိုးက​တော့ ​ဆောင်းရာသီမှာလိုအပ်သည့် ဂေါ်ဖီချဥ်ပြုလုပ်မှာဖြစ်သည်။

သို့သော် ဂျုံစိုက်ပြီးသည့်နောက်မှာ အိမ်တစ်လုံး​ဆောက်မည့် တာဝန်တစ်ခုတိုးလာသည်။ သမားတော်ဟဲကပင် အ​မြန်ဆောက်ရန် တိုက်တွန်းခဲ့သည်။ သမားတော်ဟဲ သည်းမခံနိုင်လောက်သည်အထိ ၎င်းက အဆင်မပြေဖြစ်လာခဲ့သည်။ သူ့စကားအရ သူတို့သည် အိမ်အမြန်ဆောက်ပြီး လက်ထပ်ကာ အဘိုးကြီးအား တစ်နေကုန် အနှောင့်အယှက်မပေးသင့်တော့ပေ။

ထန်ချွန်းမင်က အဆင်မပြေဘူးလို့ ခံစားမိသည့်အတွက် အိမ်နောက်ဖေးမှာအိမ်​ဆောက်ရန် လီဖုန်းအား လူတစ်​ယောက်အမြန်ရှာခိုင်းခဲ့သည်။ အိမ်အမျိုးအစားကတော့ သူက နှစ်ထပ်ဆောက်ချင်ပေမယ့် စဥ်းစားပြီးနောက် ရိုးရာဓလေ့အတိုင်း ​ဆောက်လုပ်တာပိုကောင်းသည်။ သူက လီဖုန်းနဲ့တိုင်ပင်ပြီး အိမ်ရှေ့ခြံအပြင်အဆင်အတိုင်း သုံးခန်းတွဲအိမ်ကြီးကို ဘေးတစ်ဖက်တစ်ချက်ဆီမှာ အခန်းအပိုနှစ်ခန်းထည့်ရန် သဘောတူခဲ့သည်။ ဤနည်းအားဖြင့် အလုံးစုံပြင်ဆင်ခြင်းသည် ဝင်ပေါက်နှစ်ခုရှိသည့် ခြံပုံစံနှင့်တူသွားလိမ့်မည်။ အိမ်ရှေ့ခြံမှ ပင်မခန်းမကို ဖွင့်လိုက်လျှင် ထိုနေရာမှ နောက်ခြံကို တိုက်ရိုက်ဝင်ရောက်လို့ရလေသည်။

“ဆောင်းရာသီရောက်လာတော့မယ်။ အိမ်မှာ အပူပေးကြမ်းခင်းသုံးသင့်လား? အဲ့ဒါက ကလေးတွေအတွက် ပိုအဆင်ပြေလိမ့်မယ်။ ကျွန်တော်လည်း ခန်းပေါ်မှာတစ်နေကုန်နေစရာမလိုတော့ဘူး။ ပြီး​တော့ ကျွန်တော်တို့ သမား​တော်ဟဲရဲ့နေရာကိုလည်း ပြန်မွမ်းမံဖို့လိုတယ်။”

သူ ရောက်ခါစကအချိန်ကို ပြန်တွေးကြည့်တော့ သူက ခန်းကုတင်မှမခွာနိုင်ခဲ့ပေ။ ထန်ချွမ်းမင်က ဘယ်လိုသုံးနှုန်းရမလဲပင် မသိတော့ချေ။ ထိုအချိန်က သူသည် အသိုက်ဆောက်နေခဲ့တာဖြစ်၏။ အဆုံးမှာ ကိုယ်ဝန်ဆယ်လလွယ်ပြီး အားစန်းလေးကို မွေးဖွားခဲ့သည်။

သမားတော်ဟဲက စုံတွဲ၏ဆွေးနွေးမှုကို အပြုံးတစ်ခုဖြင့် နားထောင်ပြီး ဘာအကြံဉာဏ်မှမပေးခဲ့ပေ။ သို့ပေမယ့် သူက ဆောင်းရာသီမှာ သက်တောင့်သက်သာပိုရှိစေမည့် အပူပေးကြမ်းခင်းကိုတော့ လိုချင်သည်။ သူတို့သေချာဆွေးနွေးပြီးမှ သူကပြောလိုက်သည်။ “ငါ အားလုံးသောက်ဖို့ ပဲနို့နဲ့တို့ဖူးလုပ်လိုက်မယ်။ အားလင်း… မင်းအဘိုးကို ပဲနို့ဖျော်ဖို့ ကူညီပေးပါဦး။”

“ဟုတ်ကဲ့… ပဲနို့…” အားလင်းက လက်ခုပ်တီးလိုက်သည်။ အဘိုးဖြစ်သူက ဦးလေးဖုန်းအား ပဲနို့ဖျော်လို့ရသည့် ကျောက်ကြိတ်စက်ဝယ်ခိုင်းခဲ့သည်။ အားလင်းက ၎င်းကို စောင့်မျှော်နေတာကြာပြီပင်။ သမား​တော်ဟဲက အားလင်းလက်ကိုတွဲပြီး အပြင်ကို လျှောက်ထွက်သွားလေသည်။

သမားတော်ဟဲက လီဖုန်းအား ကျောက်ကြိတ်စက်ဝယ်ဖို့ပြောရာတွင် လီဖုန်းက သမားတော်ဟဲ၏ တို့ဟူးချက်ပြုတ်စွမ်းရည်ကို ချွင်းချက်မရှိကောင်းသည်ဟု ​ပြောခဲ့သည်။ သူတို့ မြောက်ပိုင်းမှာရှိခဲ့စဥ်က ဆောင်းရာသီတွင် စားဖို့အသီးအရွက် များများစားစားမရှိခဲ့ပေ။ စစ်တပ်ထဲရှိ နေရေးထိုင်ရေးက ပိုမိုခက်ခဲလာပြီး အခြေအနေတိုးတက်မှုစိုးစဥ်းမျှ မရှိခဲ့ပေ။ သမားတော်ဟဲဲ၏တို့ဟူးက လူကြိုက်အများဆုံးအစားအစာဖြစ်လာသည်။ သမားတော်ဟဲက ​ခြံထဲရှိ လတ်လတ်ဆတ်ဆတ် ပဲစေ့များကိုတွေ့သည့်အခါ ယင်းက သူ့အတွက် ပိုထူးခြားလာခဲ့သည်။ မြောက်ဘက်ရှိ အခြေအနေများက ခက်ခဲသော်လည်း ၎င်းက လွမ်းဆွတ်စရာတစ်ခုအဖြစ် တည်ရှိနေ၍ သူက သူ၏ကျွမ်းကျင်မှုကို ပြန်လည်ဖန်တီးလိုသည်။

ရွာတွင် အများသူငှာအသုံးပြုလို့ရသည့် ကျောက်ကြိတ်စက်ကြီးတစ်ခုရှိသော်လည်း သမားတော်ဟဲက သူ့မှာရှိသည့် စက်အသေးကိုသာသုံးချင်သည်။ သူက အားလင်းကိုပုံပြင်ပြောပြရင်း ကြိတ်စက်ကိုတွန်းလိုက်သည်။ အဖြူရောင်အရည်ပျစ်​ပျစ်က ​ကျောက်စက်မှထွက်လာပြီး သူတို့သတိမထားမိခင်မှာ အရည်ပုံးကြီးတစ်ပုံးရလာခဲ့သည်။ ထိုမှသာ သူတို့က ပုံပြင်ပြောတာရပ်ပြီး ပုံးကိုဆွဲကာ မီးဖိုချောင်ထဲဝင်လာသည်။ လီဖုန်းက ထိုနေရာမှာ မီးမွှေးပြီး အိုးကိုအပူပေးထားပြီးဖြစ်သည်။

သမားတော်ဟဲက ဘယ်သူ့အကူအညီမှမလိုခဲ့ပေ။ အိုးထဲပဲနို့မထည့်ခင် နှစ်ကြိမ်စစ်လိုက်သည်။ ကျန်ရှိသော ပဲမှုန့်များကို မသွန်ပစ်ပဲဖယ်ထားလိုက်သည်။ ထန်ချွန်းမင်က အိမ်အသစ်၏ပုံစံကို ရေးဆွဲပြီးနောက် ၎င်းကိုကြည့်ရန်ထွက်လာပြီး ဝင်ကူညီဖို့ လက်ဆေးလိုက်သည်။ သူက အဆီတစ်ဝက်ရှိသည့် ဝက်သားကိုယူကာ လှီးဖြတ်ပြီး ပဲမှုန့်လက်ကျန်နှင့် အသားလုံးဟင်းလျာတစ်မျိုး ချက်မှာဖြစ်သည်။

လီဖုန်း အိမ်အလုပ်ပြီးသောအခါ ထန်ချွန်းမင်လက်နှစ်ဖက်ဖြင့် အသားလှီးနေသည်ကို တွေ့လိုက်ရသည်။ သမားတော်ဟဲက အိုးအောက်ခြေမှာ ပဲနို့မကပ်စေရန် ပဲနို့ကို အဆက်မပြတ်မွှေနေသည်။ အားလင်းက ထန်ချွန်းမင်၏ ညွှန်ကြားချက်အတိုင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခွံခွာပြီး မျက်လုံးကို မတော်တဆပွတ်လိုက်မိရာ မျက်ရည်များကျလာသဖြင့် သူ့အားမူ၏ အလှောင်ခံလိုက်ရသည်။

ပဲနို့ကျိုပြီးနောက် လူအများအပြားက မီးဖိုချောင်ထဲတွင် ပဲနို့ကိုမြည်းစမ်းနေ၏။ အနံအရသာပြည့်စုံသော ပဲနို့ကို လူကြီးရောကလေးပါ ​ကြိုက်ကြသည်။ လီဖုန်းက ထန်ချွန်းမင်၏အလုပ်ကိုတာဝန်ယူကာ အသားကိုခုတ်ထစ်ပေးလိုက်သည်။ တို့ဟူးပြုလုပ်ရာတွင် အရေးကြီးဆုံးမှာ ပဲနို့ကိုပျစ်ခဲအောင်လုပ်ခြင်းဖြစ်၏။ ထန်ချွန်းမင်က တခြားသူများပြုလုပ်တာကို မြည်းစမ်းဖူးသော်လည်း ကိုယ်တိုင် မစမ်းကြည့်ဖူးပေ။ သူ့အရင်ဘဝက နှစ်သစ်ကူးရောက်သည့်အခါ ရွာသားတွေက ဧည့်သည့်များကို ကျွေးရန် အိမ်မှာတို့ဟူးပြုလုပ်လေ့ရှိသည်။

တို့ဟူးက သမားတော်ဟဲ၏လက်ထဲတွင် တဖြည်းဖြည်းပုံဖော်လာသည်။ အရသာရှိသော ပဲနို့ကို မြည်းစမ်းပြီးနောက် သူတို့က နူးနူးအိအိတို့ဖူးလေးကို စားလို့ရပြီဖြစ်၏။ သမားတော်ဟဲက တွဲစားရန် ငံ​ပြည်ရည်ကို ကိုယ်တိုင်လုပ်ခဲ့သည်။ သူအရင်ဆုံးမြည်းကြည့်လိုက်တော့ တို့ဟူးက ​မြောက်ဘက်မှလုပ်ခဲ့တာထက် အရသာပိုရှိလေသည်။ ယင်းက ပဲနှင့်ရေကြောင့်ဖြစ်မည်ဟု သူခန့်မှန်းလိုက်သည်။ သူက ပုံမှန်အားဖြင့် လက်ဖက်ရည်ဖျော်ရန် တွင်းရေသုံးပြီး လက်ဖက်ရည်ချစ်သူတစ်ယောက်အဖြစ် အိမ်ရှိတွင်းရေ၏ အရသာကွာခြားမှုကို သူသိခဲ့သည်။

အားလင်းအရွယ်ကလေးများက ချိုသောအစားအစာကို နှစ်သက်သည်။ ထို့ကြောင့် ထန်ချွန်းမင်​က တို့ဟူးထဲမှာ ယိုထည့်ကာမွှေပေးလိုက်သည်။ အားလင်းက သူ့ပန်းကန်ကိုကိုင်ပြီး လုံးဝမချပေ။ ယခုလေးတင်နိုးလာသော အားစန်းလေးက အခန်းတွင်းရှိ စားကောင်းသောက်ကောင်းနေသော လူတွေကိုကြည့်ကာ ဒေါသတကြီး လက်ဝေ့ယမ်းလိုက်သည်။ ကလေးတစ်ယောက်အနေဖြင့် ၎င်းကအနိုင့်ကျင့်ခံလိုက်ရသည်ဟု သူခံစားရသည်။

လက်ကျန်တို့ဟူးများကို တို့ဟူးထပ်လုပ်ရန် အသုံးပြုခဲ့သည်။ နူးနူးအိအိ တို့ဖူးစားချင်သူများရှိလျှင်တော့ ပျော်ပျော်ကြီးထပ်လုပ်ပေးမည်ဟု သမားတော်ဟဲကပြောခဲ့သည်။

/////////

Chapter 55.2

ပုံကြမ်းများထွက်လာပြီးနောက် လီဖုန်းက အားအင်ပြည့်နေပြီး ​ခြံနောက်ဘက်မှာအလုပ်လုပ်ဖို့ ချက်ချင်းပင် လူတွေရှာနေခဲ့သည်။ ယင်းက သူနဲ့ထန်ချွန်းမင်၏ အနာဂတ်အိမ်ဖြစ်သည်။ နောက်ဆုံးအသုတ် ဟင်းသီးဟင်းရွက်များ ပေးပို့ပြီးနောက်မှာ အိမ်နောက်ဖေးက လုံးဝကွဲပြားသွားခဲ့သည်။ နေရာပိုကျယ်စေရန်အလို့ငှာ သူတို့က အနောက်ဘ​က်နံရံကို ဖြိုချခဲ့ပြီး နေရာချဲ့ထွင်ခဲ့သည်။ အနောက်ဘက်ရှိ​မြေကွက်က မူလက သူတို့ဝယ်ယူခဲ့သော အနောက်တောင်တွင် ပါဝင်သည်။ သို့သော် လုံခြုံရေးအရ အိမ်ဆောက်လုပ်ရန် ဧရိယာဝန်းကျင်ကို တံတိုင်းဆောက်လုပ်ပြီးနောက် အိမ်သစ်ကို နဂိုရှိပြီးသားအိမ်ထက် ပိုမိုခိုင်ခံ့အောင် ​ဆောက်လုပ်ခဲ့သည်။

လယ်ယာစိုက်ပျိုးမှုပြီးစီးသွားသော ရွာသားများက လာကူညီကြသည်။ ဤသည်မှာ လီဖုန်းနှင့် ထန်ချွန်းမင်၏ အနာဂတ်အိမ်ဖြစ်တာကို အားလုံးသိကြ၍ သူတို့က ကူလုပ်ပေးရင်း နောက်ပြောင်ခဲ့ကြသည်။ လီဖုန်းနဲ့ အချိန်အကြာကြီးဖြတ်သန်းပြီးနောက် ယခင်က လူတွေပြောကြသလို သူ့မျက်နှာက မဆိုးမှန်းသိခဲ့ရသည်။ သူ့ပုံစံက လူသတ်ရောင်ဝါရှိသလိုမျိုး ကြိမ်းတမ်းသည်ဟု လူအများစုက ​ပြောခဲ့ဖူးသည်။ အနီးကပ်မကြည့်လျှင် သူ့မျက်ခုံးပေါ်က အမာရွတ်ကိုပင် မြင်နိုင်မည်မဟုတ်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက သန်မာပြီး အနည်းငယ်ခက်ထန်သည့် အမျိုးသားတစ်ဦးဖြစ်သည်။

လီဖုန်း၏အကန့်အသတ်ကို မထိသရွေ့တော့ သူက စကားပြောရလွယ်သော လူတစ်ဦးဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။ တစ်ယောက်ယောက်က နောင်ပြောင်လိုက်လေသည်။ “ဟေး… လီဖုန်း.. မင်းမျက်နှာပေါ်က ဒဏ်ရာက သက်သာဖို့ သိပ်မကြာခဲ့ဘူးနော်။”

သူ ပြန်ရောက်ခါစက ထိုအမာရွတ်သည် ရဲရင့်သောအမျိုးသားတစ်ချို့ကိုပင် ထိတ်လန့်စေခဲ့သည်။ အထူးသဖြင့် လီဖုန်း မျက်မှောင်ကြုတ်လိုက်သောအခါ သူ့တစ်ကိုယ်လုံးက နတ်ဆိုးတစ်ကောင်လိုပင် ​ကြောက်စရာကောင်းခဲ့သည်။ လီစုန့်ကမ်း၏မိသားစုက သူ့ကိုဘယ်လိုရင်ဆိုင်ရဲခဲ့လဲပင် သူတို့မသိတော့ပေ။

တခြားသူတွေနဲဲ့အတူ အလုပ်ကူလုပ်နေသော လီဖုန်းက တစ်ခုခုကို သတိရသွားပုံရသည်။ သူက တစ်ခုခုကို စဥ်းစားနေသလိုမျိုး မူလဒဏ်ရာကို သုတ်လိုက်သည်။ သူရောက်ခါစက သူ့ကိုကုသပေးခဲ့တာ သမားတော်ဟဲဖြစ်၏။ ထို့နောက် သူ့​အခြေအနေက ပြန်ကောင်းလာခဲ့သည်။ သူ ဒဏ်ရာရခါစက မျက်နှာတစ်ခုလုံး ပျက်စီးမလိုဖြစ်ခဲ့သည်။ ထို့အပြင် ပါးပြင်နှင့် နဖူးတွင်လည်းအမာရွတ်များရှိနေ၍ သမားတော်ဟဲက ၎င်းတို့ကိုဖယ်ရှားရန် နန်းတော်ထဲမှာ လျှို့ဝှက်ဆေးဝါးကို အသုံးပြုခဲ့သည်။ သူပြန်ရောက်တော့ ထန်ချွန်းမင်က အမာရွတ်​ကို အမှုမထားသဖြင့် လီဖုန်းကလည်း ဂရုမစိုက်ခဲ့ပေ။ ယခု လူတစ်ယောက်ပြောလာတာကို ကြား​တော့ သူက သတိလက်လွတ် ထိလိုက်မိသည်။ ယင်းက တခြားသူတွေပြောသလိုပင်။ နေရာလွတ်မှ အစားအသောက်များကြောင့် သူ့အတွင်းဒဏ်ရာတွေ တဖြည်းဖြည်းပြန်ကောင်းလာပြီး သူ့မျက်နှာပေါ်က အမာရွတ်တွေ မှေးမိန်သွားခဲ့တာဖြစ်သည်။

ဖြစ်ပျက်နေတာကိုသိသွား၍ သူက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ “ဖြစ်နိုင်တယ်… ငါ့ကိုယ်ငါ သိပ်သတိမထားမိခဲ့ဘူး။”

နောက်တစ်ယောက်ကလည်း ထပ်ပြောလိုက်သည်။ “မင်းက စိတ်ကြည်နေလို့ဖြစ်မယ်။ မင်းပျော်ရွှင်ရင် မင်းရဲ့ခန္ဓာကိုယ်လည်းသက်သာတယ်။ အမာရွတ်လည်း မြန်မြန်ပျောက််သွားလိမ့်မယ်။ ငါပြောနေကျစကားလိုပဲ လက်တွဲဖော်ရှာတဲ့နေရာမှာ အကျင့်စရိုက်ကောင်းဖို့နဲ့ ကောင်းကောင်းနေထိုင်ဖို့က အရေးကြီးဆုံးပဲ။ မင်း ရုပ်ရည်ကိုပဲအာရုံစိုက်နေရင် အဆုံးမှာ ဘယ်လိုဒုက္ခရောက်မလဲ ဘယ်သူမှမသိနိုင်ဘူး။”

“ဘာတွေဖြစ်နေတာလဲ? မင်းဘာလို့ဒါတွေပြောနေတာလဲ?” တစ်ယောက်ယောက်က အံ့အားသင့်စွာ မေးလိုက်လေသည်။

“မင်းတို့မသိသေးဘူးမလား? ကျန်းလန်ဟွာ ကွာရှင်းထားတာ မကြာသေးဘူးလေ။ ပြီးတော့ အဲ့ဒီလူက နောက်အိမ်ထောင်ပြုဖို့ ပြင်ဆင်နေပြီ။ သူ့ဇနီးလောင်းက ကျန်းလန်ဟွာထက် ပိုချောတယ်လို့ ငါကြားတယ်။ သူဘာတွေတွေးနေလဲ ငါမသိဘူး”

တစ်ဖက်တွင် ဟင်းသီးဟင်းရွက်ခူးရင်း အလုပ်ရှုပ်နေသော ကောငယ်လေးတစ်ယောက်ကလည်း တူညီသောအရာကိုပဲပြောခဲ့သည်။ လီဖုန်းနှင့် ထန်ချွန်းမင်က လက်မထပ်ရသေးပေမယ့် ရွာထဲက မိသားစုနောက်တစ်ခုက လက်ထပ်ဖို့စီစဥ်နေတာကြောင့် ၎င်းက ဆွေးနွေးစရာခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။

“ကွာရှင်းပြီး ပြန်ပို့ခံရလို​က်လို့ ဒီကောလေးရဲ့တန်ဖို့က ကျဆင်းသွားပေမယ့် အမျိုးသားကတော့ ဘာမှမဖြစ်သွားဘူး။ နှစ်ဝက်မပြည့်သေးပဲ သူကနောက်တစ်ယောက်ကို လက်ထပ်ဖို့ပြင်နေပြီ။ ဒါပေမယ့် ဒီလူက တကယ်ကိုတစ်ခုခုပဲ! အရင်တစ်ခေါက် ခံစားခဲ့ရတာမလုံလောက်လို့လား? အခုလည်း သူလက်ထပ်မယ့်တစ်ယောက်က အလှလေးတဲ့။ သူက သူ့ကိုလက်ထပ်ဖို့ ငွေဆယ့်ငါးပြားသုံးခဲ့တယ်။ ကျစ်…ကျစ်.. ကျန်းလန်ဟွာကို လက်ထပ်တုန်းကအချိန်ကို မှတ်မိလား? သူငွေအများကြီးသုံးခဲ့တာပဲလေ။ ဒါတွေအားလုံးကြောင့် သူ့မိသားစုက ဘယ်လောက်တောင် ငွေကုန်လိုက်မလဲ?”

“ ငွေဆယ့်ငါးပြားလား? သူအခုလက်ထပ်မှာ ဘယ်လူပျိုကောလေးလဲ?” လူငယ်တွေကြားမှာ သတင်းအမြန်ပျံ့နှံ့သွားခဲ့ပြီး တင်တောင်းငွေက ဘယ်လောက်လဲ သူတို့သိခဲ့ရသည်။ တစ်ယောက်ယောက်က မယုံနိုင်သလို ထမေးလိုက်သည်။

“အဲ့ဒီလူကိုယ်တိုင် ရွေးချယ်ခဲ့တာလို့ပြောတယ်။ မိသားစုထဲက လူကြီးတွေက သဘောမတူခဲ့ဘူး။ အရင်တစ်ခေါက် ကျန်းလန်ဟွာနဲ့ လပ်ထပ်တုန်းက သူက မိသားစုကထွက်ပြီး သီးသန့်ခွဲနေခဲ့တာ။ လူကြီးတွေကိုလည်း ဂရုမစိုက်ခဲ့ဘူး။ ဒီတစ်ကြိမ်မှာ လူကြီးတွေက သူတို့သားလေး​ လမ်းမှန်ပြန်ရောက်စေဖို့ အကျင့်စရိုက်ကောင်းတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ပေးချင်ခဲ့တယ်။ ဒါပေမယ့် ကြည့်ဦး… အခုက ကျန်းလန်ဟွာတုန်းကလိုပဲ။ သူကိုယ်တိုင်ရွေးချယ်ပြီး အခုဆို ဝင့်ကြွားနေသေးတယ်။”

“ငါလည်းကြားဖူးတယ်။ ဒီတစ်ယောက်က လူကောင်းမဟုတ်ဘူး။ သူက ကလေးရှိတဲ့မုဆိုးဖိုပဲ။ သူက ရွာမှာနာမည်ဆိုးနဲ့ ကျော်ကြားပြီး ယောကျာ်းပေါင်းစုံနဲ့ ပတ်သက်ခဲ့တယ်လို့ မွေးမိသားစုဘက်က ​တစ်ယောက်ယောက်ကပြောခဲ့တယ်။ ငါတို့ အေးချမ်းတဲ့ဘဝရနေမှ ရွာကိုဒုက္ခပေးမယ့်လူ နောက်တစ်ယောက်ရှိလာမှာစိုးရိမ်တယ်။”

စကားပြောပြီးသည်နှင့် ကောလေးက သက်ပြင်းချလိုက်သည်။ သို့သော် အားလုံးတိတ်ဆိတ်နေသည်ကိုတွေ့လျှင် သူက စကားမှားသွားမှန်းသိလို​က်သည်။ တကယ်တော့ မင်ကောအာသည်လည်း မုဆိုးဖိုဖြစ်ပြီး မင်ကောအာနဲ့ပတ်သက်၍ ကောလာဟလများရှိသော်လည်း သူက ချက်ချင်းပင် နောင်တရသွားလေသည်။ သူ့ပါးစ​ပ်ကိုသူရိုက်ရင်း ပြောလိုက်လေသည်။ “ကြည့်ပါဦး…ဒီပါးစပ်ကတော့.. ငါမရည်ရွယ်ပါဘူး.. မင်ကောအာ.. မင်ကောအာ ဘယ်လိုလူမျိုးလဲဆိုတာ ငါသိပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ သူ့လိုလူမျိုးက ရှားပါးမှန်းငါသိပါတယ်!”

ကျန်းရှို့၊ရှန်းဖူလန်နှင့် ဝမ်မော့တို့ အားလုံးရှိနေသည်။ ဤလူတွေက မင်ကောအာနှင့် သူတို့ဆက်ဆံရေးကိုစိုးရိမ်၍ သူတို့ကို မစော်ကားရဲပေ။ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။ သူတို့က ဝင်မစွက်ဖက်ချင်ပေ။ ထိုလူ ဘယ်သူနဲ့လက်ထပ်ချင်လဲဆိုတာ သူတို့ကိစ္စမဟုတ်ပေ။ မိသားစုထဲက သက်ကြီးရွယ်အိုများပင် မထိန်းချုပ်နိုင်ကြပေ။ သို့သော် သူတို့ကလည်း စိတ်ပူမိသည်။ ရွာ၏လေထုက မကြာသေးခင်ကမှ တိုးတက်လာတာဖြစ်သည်။ ဒုက္ခပေးတတ်သူ​ရောက်လာလျှင် ခေါင်းကိုက်စရာဖြစ်လာပေမည်။ ကျန်းလန်ဟွာရောက်လာတုန်းကလည်း ပြဿနာအများကြီးရှာခဲ့တာမလား?

ထန်ချွန်းမင်က ကလေးထိန်းရင်း အလုပ်ရှုပ်နေပြီး ကူညီရန်ရောက်လာသော လူများအတွက် နေ့လည်စာပြင်ဆင်ပေးရန်နှင့် ပစ္စည်းများဝယ်ပေးရန် ရှန်းဖူလန်အား ငွေပေးခဲ့သည်။ သို့သော် သူကရောက်မလာပဲ ဝမ်ယင်က လာကူညီခဲ့သည်။ သူ့လင်ပါသားက ကလေးထိန်းကျွမ်းကျင်လာတာကိုကြည့်ရင်း ဝမ်ယင်က မီးဖိုချောင်မှာကူပေးဖို့ နေရစ်ခဲ့သည်။ ဟင်းသီးဟင်းရွက်လှီးရင်းဖြင့် သူက စကားဝိုင်းကို ကြားလိုက်ရသည်။

ဝမ်ယင်က ၎င်းကိုစိတ်ထဲမထားပေ။ သူ့အမြင်အရ သူ့လင်ပါယား၏အကျင့်စရိုက်ကလည်း ဤကောလာဟလမျိုးကို ဂရုစိုက်မှာမဟုတ်ပေ။ သူက အသီးအရွက်လှီးတာရပ်မသွားပဲ တခြားသူများ၏ နေရခက်သောအမူအရာကိုကြည့်ကာ ပြောလိုက်လေသည်။ “ငါတို့ဘဝအဆင်ပြေလား မပြေဘူးလားဆိုတာ အိမ်ထောင်ဦးစီးအပေါ်မူတည်တယ်။ အိမ်ထောင်ဦးစီးက စီမံနိုင်ရင် သူတို့ဇနီးတွေက အပြင်ထွက်ပြီး ညည်းညူနေမှာမဟုတ်ဘူး။ လီဖုန်းက လူကောင်းတစ်ယောက်လို့ ငါထင်တယ်။ သူက ကိစ္စတွေထိန်းချု​ပ်နိုင်တယ်။”

လူတိုင်းက ထိုစကားကြားပြီး ရယ်မောလိုက်ကြသည်။ နေရခက်သော လေထုလည်း ပျောက်ကွယ်သွားခဲ့သည်။ “အမှန်ပဲ။ လီဖုန်း လူကောင်းဆိုတာ ဘယ်သူမသိလို့လဲ? သူက မိသားစုကိုဦးစားပေးပြီး ငွေလည်းရှာတယ်။ ကလေးလည်းထိန်းပေးတယ်။ မင်ကောအာရဲ့ကလေးကို ဘယ်လောက်ထိ ကောင်းကောင်းဆက်ဆံလိုက်သလဲ.. သူက သူတို့အပေါ် တကယ်ကောင်းတယ်။ ဒါပေါ့ မင်ကောအာကလည်း အရည်အချင်းရှိတယ်။ ဒီလိုလူကောင်းတစ်​ယောက်ကို ရှာတွေ့ခဲ့တဲ့ မင်ကောအာကို အားမကျတဲ့လူရှိသေးလား? ပြီးတော့ ဒီလိုလ​က်တွဲဖော်ရှာတွေ့ခဲ့တဲ့ လီဖုန်းကိုလည်း တခြားယောကျာ်းတွေက အားကျနေတာ။ ဂျုံစေ့ရောင်းပြီး ငွေဆယ်ပြားရှာနိုင်တာလေ။ ဘယ်ကောလေးက ဒီလောက်ငွေအများကြီးရှာနိုင်လို့လဲ?”

ထန်ချွန်းမင်က အဆုံးမှာ သူ့သားကိုချော့သိပ်နိုင်ခဲ့သည်။ သူက မောပန်းနေ၏။ အိမ်ထဲကအသံတွေက ဆူညံလွန်းတာကြောင့် သူက သူ့သားကို ဝမ်မော့အိမ်ကိုပို့ခဲ့သည်။ ဝမ်မော့၏​ယောက္ခထီးဖြစ်သူက ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးနေသည်။ ၎င်းက အဆင်ပြေပေမယ့် ထန်ချွန်းမင်က ကိစ္စအားလုံးကို တစ်ယောက်တည်းလုပ်ရသေးသည်။ သူက တခြားသူများကို အကုန်ခိုင်းလို့မရပေ။ သူ့ကလေးတွေအကြောင်း သူသာသိလို့ တခြားသူတွေကို ကိုင်တွယ်ခွင့််မပြုနိုင်ပေ။ သူ့သားလေး နို့သောက်သည့်အချိန်ဖြစ်စေ အိပ်ခါနီးဖြစ်စေ အော်ငိုတတ်ပြီး သူကလွဲ၍ တခြားသူချော့တာမခံပေ။ လီဖုန်းနဲ့သမားတော်ဟဲ ဘေးမှာရှိလျှင်ပင် သူက အငိုမတိတ်ပေ။

ဝမ်မော့၏ယောက္ခထီးဖြစ်သူ ​ကျန်းချန်မင်၏အားမူက မျက်ခုံးပေါ်ကချွေးကိုသုတ်နေသော ထန်ချွန်းမင်ကို ပြုံးကာ​ပြောလိုက်သည်။ “မင်းရဲ့သားက အိမ်ကတစ်ယောက်ထက် ဂရုစိုက်ရတာပိုလွယ်တယ်။ ငါတို့ကလေးက အရမ်းဆိုးတာ။” သူက သူနဲ့ဆော့ကစားခဲ့သည့် ကလေးငယ်ကိုကြည့်လို​က်သည်။ သူက ယခုချိန်မှာ သိုးနို့သောက်ကာ အိပ်ပျော်သွားပြီဖြစ်သည်။

ထန်ချွန်းမင်က နဖူးပေါ်ကချွေးကိုသုတ်လိုက်သည်။ သူ တကယ်ဆက်ထိန်းနိုင်ပါ့မလား မသိတော့ပေ။ ဤကလေးပိစိဖြင့် အရာအားလုံးက ခက်ခဲနေသည်။ သူက အိမ်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူကပြုံးကာပြောလိုက်သည်။ “ဘိုးဘိုး…. သူ့ကိုဆက်ကြည့်ထားပေးပါ။ ကျွန်တော်အိမ်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။ သူနိုးလာရင်ခေါ်လိုက်ပါ။”

“ဟုတ်ပြီ။ မင်းအလုပ်သွားလုပ်​တော့ ။ သူနိုးလာရင် ငါမင်းကိုခေါ်လိုက်မယ်။” ဘိုးဘိုးက အပြုံးတစ်ခုဖြင့်ပြောခဲ့သည်။ ယခုလိုကလေးထိန်းခြင်းက အပျင်းပြေသည်။ သူတို့အားမူအနားမှာရှိလျှင် သူတို့လေးတွေက ရွှင်ပြပြီး အားလုံးကိုပြုံးပြလေ့ရှိသည်။

ထန်ချွန်းမင်က လက်ယမ်းပြကာ အလျင်စလိုထွက်သွားခဲ့သည်။ အိမ်မှာ လူတိုင်းအလု​ပ်ရှုပ်နေပြီး သမားတော်ဟဲက အားလင်းကိုထိန်းဖို့ အပြည့်အဝတာဝန်ယူထားသည်။ ထန်ချွန်းမင်က သူ့ကိုဂရုမစိုက်နိုင်တော့ပေ။

သို့သော် ၎င်းက ထန်ချွန်းမင်​ အစတည်းကချမှတ်ခဲ့သော စည်းမျဥ်း​ကြောင့်ဖြစ်သည်။ ယခုလိုအလုပ်များနေသည့် အခြေအနေမှာပင် အားလင်း၊တာမောင်းနှင့် အာမောင်းတို့က မြင်းပေါက်လေးကို ဂရုစိုက်ဖို့မမေ့ကြပေ။ ကလေးသုံးယောက်က ၎င်းကြီးပြင်းလာတာကို​ကြည့်ရင်း အောင်မြင်မှုကြီးရခဲ့သလိုပင် ပိုကြိုးစားနေခဲ့သည်။

ကူညီပေးသူအများကြီးရှိတာကြောင့် အလုပ်တိုးတက်မှုကမြန်ဆန်သည်။ လဝက်မပြည့်ခင်မှာ နောက်ဖေးက အိမ်အသစ်ကြီး ​ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ လုပ်ငန်းစဥ်တစ်ခုလုံးအပြီးမှာ ထန်ချွန်းမင်က ပြိုလဲလုနီးပါးပင်။ မူလပိုင်ရှင် အိမ်ခွဲနေပြီး အိမ်အသစ်ဆောက်လုပ်ခဲ့စဥ်က ယခုလိုသက်ဝင်မနေတာကို သူမှတ်မိသည်။ ယခုမူ လူအုပ်စုလိုက်လာရောက်ပြီး လက်ဆောင်တွေယူလာခဲ့သည်။ လက်ဆောင်အားလုံးက သမားတော်ဟဲ၏အခန်းထဲမှာ ပြည့်နေသည်။

“ဖေဖေ… သားတို့ ဘယ်အချိန်အိမ်ပြောင်းလို့ရပြီလဲ?” အားလင်းက အိမ်အသစ်ကိုတစ်ပတ်ပတ်ရင်း ခန်းကုတင်ပေါ်မှာ လဲလျောင်းနေသော သူ့အားမူကို စိတ်လှုပ်ရှားစွာမေးလိုက်သည်။

ထန်ချွန်းမင်က သူ့ကလေး၏ခေါင်းကိုပုတ်လိုက်ပြီး “ခဏစောင့်ရမယ်။ မင်းဘယ်အခန်းကြိုက်လဲ အားလင်း? ဖေဖေဖယ်ထားပေးမယ်။”

“ဟုတ်ကဲ့” အားလင်းက ပျော်နေပေမယ့် စတင်စိတ်ပူလာခဲ့သည်။ “ဖေဖေ…. သားမှာ ကိုယ်ပိုင်အခန်းရှိရင် သားတို့တူတူနေလိုမရတော့ဘူးပေါ့။” အားလင်းက ရှုပ်ထွေးနေသည်။ သူက အိမ်အကြီးကြီးလိုချင်ပေမယ့် သူ့အားမူနဲ့နေပြီး အတူတူအိပ်ချင်သည်။ သူဘာလုပ်ရမလဲ?

“ဟားဟား..” ထန်ချွန်းမင်က သူ့သား၏စိုးရိမ်နေသော မျက်နှာကိုရယ်မောလိုက်ပြီး သူ့အား ခန်းကုတင်ပေါ်ဆွဲချလိုက်သည်။ သူတို့က ကလိထိုပြီး အတူတူရယ်မောနေစဥ် လျစ်လျူရှုခံလိုက်ရသော အားလင်းက အာအာလို့အော်ကာ ဆန္ဒပြနေသည်။ ထိုစဥ် လီဖုန်းရောက်လာပြီး သူ့ကိုကောက်ချီကာ ပါးစပ်းမှသွားရည်ကို သုတ်ပေးလိုက်လေသည်။

////////

Chapter 55.3

အိမ်အသစ်ဆောက်ပြီးသည်နှင့် ချက်ချင်းမပြောင်းနိုင်ပေ။ အစိုဓာတ်ကိုဖယ်ရှားဖို့ ခဏလောက်အခြောက်ခံဖို့လိုသည်။ ထို့အပြင် လီဖုန်း၏အစီအစဥ်အရ သူတို့ပြောင်းရွှေ့ရန် လက်ထပ်ပြီးသည်အထိ စောင့်ရမည်။ ထန်ချွန်းမင်က ယင်းကိုမကန့်ကွက်ခဲ့ပေ။ သို့သော် သူက သူတို့အိမ်အသစ်ကို တူတူပြောင်းသင့်လား ​ခြံ​ရှေ့မှာပဲနေသင့်သလား သမားတော်ဟဲကို မေးမြန်းခဲ့သည်။ သမားတော်ဟဲက သူ့အိမ်ကို ပြုပြင်မွမ်းမံမှုအချို့လုပ်ခဲ့သည်။ အပူပေးကြမ်းခင်းနှင့် မြေအုတ်များကပ်ခြင်း စသည်တို့ဖြစ်သည်။ ၎င်းကလုံလောက်ပြီး ထပ်ရွှေ့စရာမလိုတော့ဘူးလို့ သူခံစားလိုက်ရသည်။

လီဖုန်းကလည်း အိမ်မှာနေပြီး ပရိပဘောတချို့ပြုလုပ်ရန် လက်သမားတစ်ယောက်ကိုငှားခဲ့သည်။ အိမ်အသစ်က ပရိဘောဂအသစ် စုံစုံလင်လင်လိုအပ်မည်ဖြစ်ပြီး မင်္ဂလာပွဲအတွက် အချိန်မီပြင်ဆင်နိုင်မည်ဖြစ်သည်။

အိမ်အသစ်ဆောက်လုပ်ပြီးစီးသောအခါ အားလုံးမှာ စကားကောင်းများပြောဖို့ရှိနေသည်။ ဖျင်ရှန်ရွာတွင် ရွာလူကြီး၏အိမ်က အကောင်းဆုံးဟု ယူဆလို့ရသော်လည်း ယခုမူ ထန်ချွန်းမင်၏အိမ်အလှည့်ရောက်လာခဲ့သည်။ သပ်သ​ပ်ရပ်ရပ်ပြင်ဆင်ပြီးလို့ အလည်လာသူတွေ ရော​က်လာလျှင် ၎င်းက ချမ်းသာသောမိသားစုများထက် ပိုမိုကောင်းမွန်သည်ဟု ဆိုကြလိမ့်မည်။ သူတို့ ဤနေရာမှာနေလျှင် တစ်သက်လုံးပျော်ရွှင်လိမ့်မည်။ မိသားစုအများစုက ရိုးရှင်းသောခန်းကုတင်ကို ဆောက်ကြပေမယ့် အပြာရောင်အုတ်နှင့် အပူပေးကြမ်းခင်း၌ မည်သူကမျှ ငွေမသုံးချင်ကြပေ။ အခန်းကြီးအနည်းငယ်ဆောက်လုပ်ရုံဖြင့် ငွေပြားဒါဇင်ခန့် ကုန်ကျမှာဖြစ်သည်။

အိမ်ဆောက်နေစဥ်တွင် ထန်ချွန်းရုံက လာကူချင်သော်လည်း ဝမ်ယင်နှင့်ထန်ချွန်းမင်က ခွင့်မပြုခဲ့ပေ။ သူက ခွန်အားနည်းသည့် လူငယ်လေးတစ်ယောက်သာဖြစ်သည်။ သူဘယ်လိုကူညီနိုင်မှာလဲ? ကျောင်းမှာ စာကောင်းကောင်းသင်ပြီး ရွာလူကြီး၏သားနှစ်ယောက်တက်သည့် ကျောင်းကို​ နွေဦးအစောပိုင်းမှာဝင်ရောက်ရန်အလို့ငှာ ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေသင့်သည်။ ထိုကျောင်းက အနည်းငယ်နာမည်ကြီးပြီး ကျောင်းသားရွေးချယ်သော ဆရာက အလွန်တင်းကျပ်သည်။ ဝင်ခွင့်စာမေးပွဲမေးခွန်းများကို ဖြေနိုင်သူသာ ဝင်ရောက်လို့ရပြီး ငွေပေးသူတိုင်းဝင်လို့မရပေ။ ထိုအချိန်က ရွာလူကြီး၏သားနှစ်​ယောက်က စာ​မေးပွဲအောင်ခဲ့၍ အလွန်ဂုဏ်ယူစရာဖြစ်ခဲ့သည်။ ၎င်းကြောင့်ပင် သူ့မှာ သားနှစ်ယောက်အတွက် ကြီးမားသောမျှော်လင့်ချက်များရှိနေတာဖြစ်၏။

အနောက်ဘက်တောင်တွင် ကျန်းချန်မင်မွေးမြူထားသော သိုးပေါက်လေးတွေ ပိုများလာပြီဖြစ်သည်။ သို့သော် ယခုမူ ထန်ချွန်းမင်က သူတို့ကိုအစာကျွေးဖို့ နေရာလွတ်စမ်းရေကို တိတ်တိတ်လေးသုံးစရာမလိုတော့ပေ။ အားလုံးကို လီဖုန်းက လက်လွှဲယူထားသည်။ နေရာလွတ်ထဲက မြေနေရာကိုပင် လီဖုန်းက ပြန်လည်စီမံခဲ့ပြီး ထန်ချွန်းမင်က အရှက်မရှိ အလွန်ဂုဏ်ယူနေခဲ့သည်။

ကျန်းရှို့ အိမ်မှုကိစ္စပြီးသွားသောအခါ မင်ကောအာ၏အိမ်ကိုသွားလည်ကာ ကလေးထိန်းပေးပြီး အိမ်အလုပ်လုပ်ပေးရတာ နှစ်သက်နေဆဲဖြစ်သည်။ သူ သူ့ယောက္ခထီးကို ကြည့်ဖို့သွားသည့်အခါတိုင်း သူဟာ သူ့ယောက္ခထီးလင်မယား၏ အနိုင်ကျင့်ခံရသော်လည်း သူတို့ပေါ်တင်ထုတ်မပြောသရွေ့ ကျန်းရှိုက ပုံမှန်လိုပင် မကြားချင်ယောင်ဆောင်လေ့ရှိသည်။ သူ့အတွက်တော့ အိမ်ထောင်ဦးစီးက ဘာမှမပြောသရွေ့ အဆင်ပြေသည်။ ထို့အပြင် လီတာရှန်က သူ့အားမူနှင့် ဖခင်၏စကားကို နားထောင်မယ်လို့ သူမထင်ပေ။

ကျန်းရှို့နှင့်တာရှန်က မင်ကောအာနှင့်အတူ မြို့ထဲမှာငွေရှာ​နေသည်ကို ရွာသားတွေကြားခဲ့သဖြင့် တာရှန်၏အစ်ကိုကြီးက သူတို့ကိုချက်ချင်းခေါ်ခဲ့ပြီး သူတို့လု​ပ်သည့်အလုပ်နှင့် ငွေမည်မျှရသလဲ သိချင်ခဲ့သည်။

ထိုအချိန်က တာရှန်သည် သူနဲ့သီးသန့်ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ပိုက်ဆံက လက်ထဲမှာရှိနေ၍ တခြားသူများ၏ပြောစရာမဖြစ်စေရန် လူကြီးများကို လေးစားမှုပြခဲ့ရသည်။ သူတို့က သူတို့နှစ်ယောက်ကို ငွေငါးပြားပေးခဲ့သည်။ တာရှန့်မိဘတွေက အစ်ကိုကြီးကိုကူညီမလား သူတို့အတွက် သူတို့သုံးမလားဆိုတာကတော့ တာရှန်နဲ့သူ ဂရုမစိုက်ခဲ့ပေ။ သို့သော် အားလုံး၏ စစ်ဆေးမေးမြန်းချင်နေသော မျက်နှာကိုမြင်သောအခါ တာရှန်၏နှလုံးသား​က အေးစက်သွားခဲ့သည်။ သူတို့ဘာအလုပ်လု​ပ်လဲ ပြောပြလိုက်လျှင် အစ်ကိုကြီးမိသားစုက ဝေစုလိုချင်လာမှာလား ဒါမှမဟုတ် သူတို့ကို ခရိုင်မြို့ထိမှာ ဆိုင်ဖွင့်ပေးမည်လား…

တာရှန်၏ပင်ကိုယ်စရိုက်သည် မည်သူ့ကိုမျှစကားမပြောချင်သော ပုံစံမျိုးဖြစ်သည်။ သူဘာမှမပြောချင်လျှင် တာရှန်၏မိဘတွေ ဘာမှလုပ်လို့မရပေ။ သူ့မိဘတွေက သူ့ဘယ်လောက်ခေါင်းမာလဲသိသည်။ အိမ်ထောင်ပြုပြီးနောက် သူ့စိတ်ကဖောက်ပြန်သွားပြီး မိဘတွေနဲ့ အစ်ကိုကြီးကိုမေ့သွားကာ သူ့ကိုဘယ်သူပျိုးထောင်ခဲ့လဲပင် မစဥ်းစားတော့ချေ။

တာရှန်က သူတိုနဲ့အနေဝေးသွားခြင်းသည် ကျန်းရှို့ကြောင့်ဖြစ်သည်ဟု သူ့မိဘတွေက ယုံကြည်ခဲ့ပြီး သူတို့၏လု​ပ်ရပ်မှားနေတာကိုတော့ မသိခဲ့ပေ။ မိဘတော်တော်များက သားသမီးမွေးပြီးလျှင် သူတို့ကြိုက်သလိုဆက်ဆံလို့ရပြီး ကလေးများက မေးခွန်းမထုတ်ပဲ လက်ခံရမည်ဟု သူတို့ယုံကြည်ကြသည်။

“ဖေဖေ… အဖေ.. လက်ကျန်ငွေက ကလေးနှစ်ယောက်ရဲ့ကျောင်းစရိတ်ပါ။ အစ်ကိုကြီးရဲ့မိသားစုကို ကူညီဖို့ မတောင်းပါနဲ့။ ကျွန်တော် အဖေတို့ကို အနာဂတ်မှာစောင့်​ရှောက်ပေးမှာပါ။ ဒါပေမယ့် ဒီထက်ငွေမပေးနိုင်တော့ဘူး။” တာရှန်က ဘွင်းဘွင်းပြောလိုက်ပြီး စားပွဲပေါ်မှာ ငွေငါးပြားချန်ထားကာ ကျန်းရှို့ကိုဆွဲပြီး ထွက်လာခဲ့သည်။

“တာရှန်က သူ့အစ်ကိုကြီးကို မိသားစုလို့သတ်မှတ်သေးရဲ့လား? စီးပွားရေးအဆင်ပြေတယ်ဆိုရင် မိသားစုတွေအတူတူလုပ်လို့မရဘူးလား?” သူတို့ထွက်သွားပြီးနောက် တာရှန်၏အစ်ကိုက အိမ်ထဲကနေ ရေရွတ်လိုက်လေသည်။ သို့သော် စားပွဲပေါ်ကငွေကိုတွေ့တော့ သူ့မျက်လုံးက တောက်ပလာသည်။ သူက သူ့ကလေးအတွက် သုံးစွဲနိုင်ရန် ထိုပိုက်ဆံကိုတောင်းခဲ့သည်။ တာရှန်၏ကလေးတွေ ကျောင်းတက်နေတော့ သူ့ကလေးတွေကိုလည်း နောက်ကျမကျန်စေချင်ပေ။ သူ့ကလေးတွေက တခြားကလေးတွေလောက် မတော်ဘူးလို့ သူမယုံပေ။

“ဟုတ်တာပေါ့… တာရှန်က အခုဆိုရင် ဖုန်းမိသားစုကို သူ့အစ်ကိုအရင်းလိုဆက်ဆံနေတာ။” တာရှန်၏အစ်ကိုကြီးက မှုပ်ကုပ််ကုပ်ပြောလိုက်သည်။

အစ်ကိုအကြီးဆုံး၏မိသားစုက ဘယ်လောက်ပဲ ဆူညံနေပါစေ တာရှန်က လီဖုန်းရှေ့မှာ ဘာမှမပြောခဲ့ပေ။ ကျန်းရှို့က သူ့အိမ်ထောင်ဦးစီး ဘယ်လိုလူမျိုးလဲဆိုတာသိသဖြင့် သူသည်လည်း ထိုပြဿနာများကို ထန်ချွန်းမင်ရှေ့မှာမပြောခဲ့ပေ။ တာရှန်၏အစ်ကိုကြီးက မြို့ထဲက ရေခဲဆိုင်အကြောင်း သိသွားတာကို ကျန်းရှို့က ထန်ချွန်းမင်အား မပြောပြနိုင်ခဲ့ပေ။ မင်ကောအာက သူတို့မိသားစုကိုယုံကြည်လို့ ရေခဲလုပ်နည်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပြီး သူတို့သာ တခြားသူတွေကိုပြောပြလိုက်လျှင် ၎င်းက ရှက်စရာကောင်းပေမည်။

သို့​သော် ကျန်းရှို့က ငွေပေးပြီးလျှင် နှုတ်ဆိတ်နေမည်မဟုတ်ပေ။ ရက်အနည်းငယ်အကြာတွင် သူ့အစ်ကိုကြီးက သူတို့၏ကျေးဇူးမသိတတ်သည့် အပြုအမူအကြောင်းကို ကောလာဟလမဖွမီ လီမိသားစုက လူတွေက တာရှန် သူ့အစ်ကိုကြီးအား ငွေငါးပြားတိတ်တဆိတ်ပေးခဲ့သည်ကို ကြားသိခဲ့သည်။ ဤသတင်းက သတင်းကူဖြန့်ပေးခဲ့သော ရှန်းဖူလန်ထံမှ ထွက်လာခဲ့တာဖြစ်သည်။ သူက တာရှန်၏မိသားစုကို အနှောင့်အယှက်မရှိစေချင်ခဲ့ပေ။

နောက်တော့ ဂျုံစေ့ဝယ်ခြင်းကိစ္စများ ထွက်ပေါ်လာသောအခါ ကျန်းရှို့က ဘယ်လိုမျက်နှာပြရမလဲပင် မသိခဲ့ပေမယ့် ထန်ချွန်းမင်က ၎င်းနှင့်ပတ်သက်ပြီး သိသွားခဲ့သည်။ တာရှန်၏အစ်ကိုကြီးက ဂျုံစေ့များကို အလကားလိုချင်ခဲ့ပေမယ့် အဆုံးမှာ တာရှန်က သူတို့ကို မျိုးစေ့တစ်ဧကစာမပေးမီတွင် ငွေအတင်းအကြပ်တောင်းခဲ့သည်။ ၎င်းက သူတို့၏ကိုယ်ပိုင်မြေငါးဧကအတွက်ဖြစ်၍ ပေးစရာအပိုမျိုးစေ့မရှိခဲ့ပေ။

“သူတို့က ​တောင်းရဲ​သေးတယ်”!” ကျန်းရှို့က ထန်ချွန်းမင်ကို ဒေါသတကြီးပြောပြခဲ့သည်။ “ငါတို့က သူတို့ကို အလကားပေးမယ်လို့ထင်နေတာ.. အိပ်မက်မက်နေလိုက်လေ!” သူ မင်ကောအာကို မပြောပြဝံ့သည့်အချက်မှာ ထိုမိသားစု​က သူ့ထံမှ မျိုးစေ့အလကားရခဲ့သည်ဟု ယူဆခဲ့တာဖြစ်သည်။ သူတို့က ပစ္စည်းများကို အလကားရနေကျဖြစ်၍ အားလုံးလည်း သူတို့လို အလကားရတယ်ထင်နေသည်။ အစ်ကိုကြီးမိသားစု၏ အပြုအမူကိုကြည့်ရင်း ကျန်းရှိ့နဲ့တာရှန်က ပို၍ပင် သတိရှိလာခဲ့သည်။ သူတို့က ယခုလိုဖြစ်မှာစိုး၍ ငွေပေးဝယ်ခဲ့တာဖြစ်၏။

“ကံကောင်းတာက တာရှန်က ဘာကဘာလဲကောင်းကောင်းသိတယ်။ အစ်ကိုအရမ်းစိုးရိမ်စရာမလိုပါဘူး။” ထန်ချွန်းမင်က သူ့ကိုနှစ်သိမ့်လိုက်သည်။ တာရှန်က ဤကိစ္စမှာ ကောင်းကောင်းလု​​ပ်ခဲ့ပြီး သူက ကျောက်တာဟူနဲ့မတူပေ။ သူသာ ကျောက်တာဟူလိုဖြစ်ခဲ့လျှင် ထန်ချွန်းမင်က ကျန်းရှို့နဲ့အဆင်ပြေလည်း သူတို့မိသားစုနဲ့ ပတ်သက်မှာမဟုတ်ပေ။ သူက ခပ်ခွာခွာနေဖို့ နည်းလမ်းရှာမှာဖြစ်သည်။

“ဟုတ်တယ်..တာရှန်က သူတို့စကားကို နားထောင်သင့်လား နားမ​ထောင်သင့်ဘူးလားဆိုတာကိုသိတယ်။ သူက ကိစ္စတွေ​ကို သူ့ဘာသာ ကောင်းကောင်းကိုင်တွယ်နိုင်တယ်။” ကျန်းရှို့က ပြုံးလိုက်သည်။ မိသားစုတိုင်းမှာ ပြဿနာရှိသည်။ သို့သော် အရေးပါတာ အိမ်ထောင်ဦးစီးဖြစ်၏။ သူက တာရှန်ကိုလက်ထပ်ခဲ့ရတာ ကံကောင်းသည်။

“ကြည့်ပါဦး… ဂုဏ်ဆာနေလို​က်တာ။ တာရှန်ကို ခင်ဗျားပုံစံ လာကြည့်ခိုင်းရမယ်။” ထန်ချွန်းမင်က စနောက်လိုက်သည်။

“ဖွီ!” ကျန်းရှို့က သူ၏ဂုဏ်ယူနေသောမျက်နှာကို အမြန်ပြင်လိုက်ပြီး မင်ကောအာကို စနောက်လိုက်သည်။ ထို့နောက်သူက ​ခေါင်းစဥ်ပြောင်းလိုက်လေသည်။ “မင်း ချမ်မိသားစုကိိုသိလား?”

ထန်ချွန်းမင်က မီးသွေးခဲတံနှင့် ဝိုင်ပြုလုပ်သည့် ကိရိယာပုံကိုဆွဲနေပြီး ၎င်းတို့ကိုဖန်တီးရန် လူတစ်ယောက်ရှာဖို့ လီဖုန်းအားပြောဖို့ ရည်ရွယ်ထားသည်။ ကျန်းရှို့၏မေးခွန်းကိုကြားတော့ သူကရပ်ကာ မော့ကြည့်လိုက်သည်။ “ချမ်မိသားစုလား? ကျန်းလန်ဟွာရဲ့ ခင်ပွန်းဟောင်းမိသားစု?” သူက သူတို့နဲ့အကျွမ်းတဝင်မရှိလှပေ။ အထူးသဖြင့် ကျန်းလန်ဟွာ၏ ကွာရှင်းပြတ်ဆဲမှုအပြီးမှာ သူက အာရုံသိပ်မစိုက်နိုင်ခဲ့ပေ။ အပြင်ကိစ္စတွေကို လီဖုန်းစီမံတာဖြစ်၍ သူက ထိုအသေးအဖွဲကိစ္စများကို ဂရုမစိုက်ပါပေ။

“ဟုတ်တယ်.. သူတို့ပဲ။ ချမ်သဲဖူ.. ကျန်းလန်ဟွာရဲ့ခင်ပွန်းဟောင်းက နောက်အိမ်ထောင်ပြုတော့မှာ။ ငါမင်းကိုမပြောပြချင်ပေမယ့် သူတို့က မကြာခင်လက်ထပ်တော့မှာဆိုတော့ မင်းက အနှေးနဲ့အမြန်သိမှာပဲလေ။ ဒီတော့ နောက်ကျရင် တခြားသူတွေလာ​ပြောမှ မင်းသိရမှာစိုးလို့ ငါအရင်ပြောလိုက်တာ။”

ထန်ချွန်းမင်က ထိုကိစ္စကိုမသိပေ။ လီဖုန်းက ၎င်းနဲ့ပတ်သက်ပြီး တစ်ခုခုကြားခဲ့လောက်ပေမယ့် သူ့ကိုမပြောပြခဲ့ပေ။

ကျန်းလန်ဟွာ ကွာရှင်းပြီးကတည်းက သူ့ခင်ပွန်းဟောင်း ချမ်သဲဖူက ရွာမှပျောက်သွားခဲ့သည်။ သူက အပြင်မှာအလုပ်လုပ်ဖို့သွားခဲ့ပြီး ဆောင်းဦးရိတ်သိမ်းဖို့ပင် ပြန်မလာခဲ့သဖြင့် သူ့မိသားစုက သူ့ကို စာပို့ခဲ့ရသည်။ သူပြန်ရောက်ပြီး မကြာခင်မှာပဲ လက်ထပ်ဖို့ပြင်ဆင်နေတာက ရွာထဲမှာ ပြောစရာခေါင်းစဥ်တစ်ခုဖြစ်လာခဲ့သည်။ လူတိုင်းက ၎င်းကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိဖို့ သိပ်မကြာခဲ့ပေ။

ထန်ချွန်းမင်က ကျန်းလန်ဟွာကို အကောင်းမမြင်ပေ။ တခြားသူဆီမှ ပစ္စည်းခိုးရန် ဟွမ်စစ်ကုံးကိုမြှောက်ပေးခဲ့၍ သူကွာရှင်းရခြင်းအတွက် သူ့မှာသနားစိတ်မရှိခဲ့ပေ။ သူက ၎င်းကို ဝဋ်လို့သာတွေးသည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ သို့ပေမယ့် သူ့မှာ သူ့ခင်ပွန်းဟောင်းအတွက်လည်း ကောင်းသောခံစားချက်မရှိပေ။ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်တဲ့ ယောကျာ်းတစ်​ယောက်ကို ဘယ်သူကအထင်ကြီးမှာလဲ?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment