no

Font
Theme

Chapter 53.1

“အစာကျွေးခြင်း”

အနောက်တောင်ကုန်းက လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ ကလေးများ၏ရယ်မောသံများဖြင့် အဖော်ပြုပေးနေသည့် မြင်းပေါက်လေးတစ်ကောင်က လူကြီးတချို့အပါအဝင် ကစားနေသော ကလေးအားလုံးကို ဆွဲဆောင်ခဲ့သည်။ အလယ်တွင် ရွာလူကြီးမိသားစုမှ ကောင်လေးနှစ်ယောက်ဦးဆောင်သည့် ကလေးတစ်စုက မြင်းစီး​နေကြသည်။

 

လီဖုန်းက အနောက်တောင်ကို ပြုပြင်မွမ်းမံနေချိန်တွင် မြင်းမွေးမြူခြင်းဆိုင်ရာ ကိစ္စရပ်ကိုလည်း ထည့်စဥ်းစားခဲ့တာကြောင့် သူက မြင်းပြိုင်ပွဲအတွက် အတော်လေးညီညာသော လမ်းကြောင်းတစ်ခုကို ချန်ထားခဲ့သည်။ နေရာက သိပ်မကျယ်ပေမယ့် သူ့အိမ်နောက်ဖေးမှာ ချုပ်ထားတာထက်ပိုကောင်းသည်။

 

လီချိန်ကျူနှင့် လီချိန်ကျုံးက ခရိုင်မြို့မှာ အများကြီးမြင်တွေ့ဖူးသော်လည်း သူတို့က ထယွင်ဟုခေါ်သော မြင်းပေါက်လေးကို သဘောကျနေဆဲဖြစ်ပြီး မြင်းပေါက်လေးကို ဦးဆောင်ရင်း တောင်ပေါ်လမ်းမှာ ပျော်ရွှင်စွာပြေးနေခဲ့သည်။

 

လီချိန်ကျုံးက သူ့အစ်ကို၏ပခုံးကိုမှီကာ အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “သနားစရာပဲ! ကျွန်တော်က ကျင်းဖုန်းကိုစီးချင်တာ။ အဲ့ဒီမြင်းက အရမ်းခမ်းနားကြီးကျယ်တယ်။ ဒါပေမယ့် ကျင်းဖုန်းက အစ်ကိုအားဖုန်းစကားပဲနားထောင်တယ်။”

 

လီချိန်ကျူက သူ၏ပျင်းရိလေးတွဲနေသော ညီလေးကို မကျေမနပ်ကြည့်ကာ သူ့နဖူးကို လက်ချောင်းများဖြင့်ပုတ်ပြီး ပြောလိုက်လေသည်။ “အဲ့ဒီမြင်းရဲ့ဇစ်မြစ်ကိုသိလို့လား? သူ့ကို တခြားလူတွေ လွယ်လွယ်စီးလို့ရပါ့မလား? ကျွတ်.. ကျွတ်.. အစ်ကိုဖုန်းက ရိုးရှင်းတဲ့စစ်သားတစ်ယောက်လို့ ငါမထင်ဘူး။ ငါ့အဖေနဲ့တခြားသူတွေကတောင် ကျင်းဖုန်းဘယ်လောက်အင်အားကြီးလဲမသိဘူး။ အဲ့ဒီမြင်းက အနောက်တောင်ထက်တောင် တန်ဖိုးကြီးတယ်။”

 

မတိုင်ခင်က ညီအစ်ကိုနှစ်ယောက်သည် အစ်ကိုလီဖုန်း ပိုက်ဆံဖြုန်းနေသည်ဟု သူတို့ဖခင်ညည်းညူတာကို ကြားဖူးပေမယ့် ကျင်းဖုန်းကိုတွေ့ပြီး​နောက်မှာ ညီအစ်ကိုနှစ်ယောက်က တန်ဖိုးမသိသော သူတို့ဖခင်ကို တိတ်တဆိတ်လှောင်ပြောင်လိုက်တော့သည်။ သို့သော် ယခုမူ သူတို့ဖခင်က အိမ်တွင် မင်ကောအာကို ခဏခဏချီးမွမ်းလေ့ရှိပြီး သူတို့ကလည်း မင်ကောအာကို အလွန်တရာအံ့သြဖွယ်ကောင်းတယ်လို့ ထင်မိသည်။

  

“အမှန်ပဲ။ ဒါပေမယ့် ငါတို့ ကျင်းဖုန်းကိုစီး​လို့မရတဲ့အတွက် ထယွင်လေး ကြီး​ပြင်းလာဖို့ပဲ စောင့်မျှော်နေလိုက်ပါမယ်။” လီချိန်ကျုံးကလည်း ပွင့်လင်းသည်။ ခဏကြာတော့ သူက ခုန်လိုက်ပြီး မြင်းပေါက်လေးနောက်ကို ပြေးသွားလေသည်။

သူ့နောက်မှာကျန်နေခဲ့သော လီချိန်ကျူက ခေါင်းခါလိုက်သည်။ ရှေ့မှာ အားလင်းကိုစောင့်ကြည့်နေပြီး သူနဲ့စကား​ပြောနေသော ထန်ချွန်းရုံကို သူ အမှီလိုက်ခဲ့သည်။ သူက မနီးမဝေးရှိ ကျောက်မိသားစု၏ကလေး ကျောက်သုန့်ကိုလည်း ကြည့်လိုက်သည်။ ထိုကောင်လေးက ဝတုတ်ကလေးဖြစ်ခဲ့ဖူးသော်လည်း ယခု ခပ်ပိန်ပိန်ဖြစ်နေသည်။ သူက ဘာမှမပြောလိုက်ပေ။ သူ သူရွာမှာရှိနေစဥ် တခြားကလေးများကို အနိုင်ကျင့်တတ်သည့် ဤကလေးကို သူသဘောမကျပေ။

&&&

 

တကယ်တော့ ထန်ချွန်းမင်မှာ သန့်ရှင်းရေးမလုပ်ရသေးသော မြေကွက်တစ်ကွက်ရှိသည်။ အလုပ်အားလုံးပြီးတော့ ထန်ချွန်းမင်က သိုးဒါဇင်အတွက် ဆောင်းတွင်းအစာကျွေးရန် ပြင်ဆင်ဖို့ လူတစ်ယောက်ခေါ်ပေးဖို့ လီဖုန်းအားပြောလိုက်သည်။ တကယ်တော့ နေရာလွတ်နှင့်ဆိုလျှင် သူက အိမ်ကသိုးတွေကို ကျွေးမွေးရန် စိတ်ပူစရာမလိုပေမယ့် သိုးတွေများလာတော့ လူတွေက သူတို့ကို အာရုံစိုက်လာကြသည်။ တခြားလူတွေက ဘယ်လိုသံသယမဝင်မလဲ.. သူက အစိမ်းရောင်မွေးမြူရေးအစာတွေကို ဆက်တိုက်ထုတ်ယူနေတာလေ..

 

ယင်းပြဿနာကိုဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်။ ယင်းမှာ ဆောင်းရာသီတွင် အသုံးပြုရန်အတွက် အစိမ်း​ရောင်မွေးမြူရေးအစာများကို အချဥ်ဖောက်ပြီး ထုတ်ပိုးခြင်းဖြစ်သည်။ ထို့အပြင် သစ်ရွက်စိမ်းက တိရစ္ဆာန်များအတွက် အာဟာရဖြစ်ပြီး ရာသီ​ပေါ်မွေးမြူရေးအစာလိုပင် ကောင်းလေသည်။ တခြားသူများက ၎င်းကိုသင်ယူပြီး မွေးမြူရေးအတိုင်းအထွာကို ချဲ့ထွင်ရန် အသုံးပြုနိုင်ပါက အကောင်းဆုံး​ဖြစ်သည်။

စမ်းသပ်မှုအောင်မြင်ပြီးနောက် ၎င်းကိုဖြန့်ဖြူးရလည်း ကိစ္စမရှိပေ။ ယင်းက မွေးမြူရေးနည်းလမ်းကို မပေါ်လွင်စေပဲ အာရုံစူးစိုက်မှုနည်းပါးစေလိမ့်မည်။

  

“မင်ကောအာ.. ဒါတကယ်အလုပ်ဖြစ်မှာလား?” လီဖုန်းက မင်ကောအာပြောခဲ့သမျှကို တစ်ခုပြီးတစ််ခု အလွတ်ကျက်ခဲ့သည်။ ဟိုအရင်တုန်းက မင်ကောအာသည် ကောက်ပဲသီးနှံစိုက်ပျိုးရန် သူ့အား ​တောင်ခြေမှာ လယ်မြေအနည်းငယ်ဖွင့်ခိုင်းခဲ့သည်။ ကောက်ပဲသီးနှံများက ယခုချိန်တွင် ပွင့်လန်းနေပြီး အစေ့ပင်ထွက်နေကာ မင်ကောအာက ၎င်းတို့အားလုံးကို အစာကျွေးရန်သုံးချင်ခဲ့သည်။

  .

“အလုပ်ဖြစ်ပါ့မလား​​တော့မသိဘူး။ ဒါပေမယ့် အလုပ်ဖြစ်ရင် ကျွန်တော်တို့သိုးတွေရဲ့ ဆောင်းတွင်းစားစရာအတွက် စိတ်ပူစရာမလိုတော့ဘူး။ ကျွန်တော်တို့ကြိုးစားကြည့်ရမယ်…” ထန်ချွန်းမင်က တခြားလူတွေလုပ်တာ မြင်ဖူးပေမယ့် သူကိုယ်တိုင်မလုပ်ဖူး၍ အောင်မြင်ပါ့မလားမသိပေ။

သို့သော် နည်းလမ်းမှန်သရွေ့ သူလုပ်နိုင်မယ်လို့ ယုံကြည်သည်။ သစ်ရွက်စိမ်းနည်းလမ်းက မခက်ခဲတာကြောင့် ရိုးရှင်းသည့် နည်းလမ်းလို့ပြောလို့ရပေမယ့် နည်းနည်းတော့ခက်ခဲပြီး သစ်ရွက်စိမ်းများကို တစ်နေ့တည်းမှာ ရိတ်သိမ်းသိုလှောင်ဖို့သည်။

  

“အင်း…”လီဖုန်းက ထန်ချွန်းမင်ထက်ပိုမြင်သည်။ ထန်ချွန်းမင်က တိရစ္ဆာန်မွေးမြူခြင်း၏ အလာအလာကိုသာမြင်ခဲ့သော်လည်း လီဖုန်းက မြောက်ပိုင်းရှိ လူရိုင်းများနှင့် စစ်ပွဲကိုမြင်ခဲ့သည်။ တာချင်မင်းဆက်က ​မြောက်ပိုင်းလူရိုင်းများနှင့် တိုက်ခိုက်သည့်အခါတိုင်း သူတို့၏မြင်းတပ်တွင် ဆုံးရှုံးမှုများစွာ ကြုံခဲ့ရ​သည်။

ဇစ်မြစ်မှာ တာချင်မင်းဆက်တွင် မြင်းကောင်းများမရှိတာကြောင့် ၎င်းတို့ကို ယဥ်ပါးစေရန် ခက်ခဲခဲ့သည်။ အစာကျွေးခြင်းပြဿနာကို ဖြေရှင်းခြင်းက မြင်းမွေးခြင်းအပေါ် အကျိုးသက်ရောက်မှုရှိမရှိကို သူမသိခဲ့ပေ။

 

သမားတော်ဟဲက ဤကိစ္စကို အလွန်စိတ်ဝင်စားနေပြီး အိမ်အလုပ်ပြီးလို့ ကူညီရန်ရောက်လာသော ဝမ်ယင်လက်ထဲသို့ အားစန်းလေးကို ထည့်ပေးလိုက်သည်။

သူက လက်နောက်ကျောပစ်ကာ အပြင်ထွက်သွားခဲ့ပြီး ရွာသားများကို ရံဖန်ရံခါနှုတ်ဆက်နေခဲ့သည်။ ယခုချိန်မှာတော့ သူက ဟွမ်လန်နှင့်တူညီသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိသည့် သမားတော်တစ်ယောက်မှန်း လူတိုင်းသိ​၍ ရွာသားများက ထိုလူကို အလွန်လေးစားသည်။

 

ထို့အပြင် ဤလူက သူ့ကျေးဇူးရှင်ဖြစ်ကြောင်း လီဖုန်းက ​ပြောပြခဲ့၍ လူအများစုက ကျေးဇူးဆပ်ရမှာကိုသိသဖြင့် သူတို့က ထိုဆရာဝန်မျိုးကို ကြင်နာပေးသည်။

 

အားလုံးက ​မြေပဲစိုက်ခင်းကို အမြန်ရိတ်သိမ်းဖို့ ကူညီခဲ့သည်။ မြေပဲနွယ်ပင်များနှင့် ပဲနွယ်ပင်များကိုစုဆောင်းကာ သိုးစာကျွေးရန် သိုးခြံဘေးမှာ သိုလှောင်ခဲ့ကြသည်။ လီဖုန်းနှင့် ထန်ချွန်းမင်ရောက်ရှိလာသောအခါ ဦးလေးတာနှင့် သူတို့အဖွဲ့က သဘောတူထားသည့်အတိုင်း လေးထောင့်တွင်းကို တူးပြီးပြီဖြစ်သည်။

ရွာလူကြီးကလည်း လက်နောက်ပစ်ကာ ကြည့်နေပြီး သူတို့ရောက်လာတာကိုတွေ့သောအခါ သူက လက်ယမ်းပြပြီး ခေါ်လိုက်သည်။ “အခု ဒီတွင်းတူးပြီးပြီဆိုတော့ ဘာဆက်လုပ်မှာလဲ?”

  

“ဆီစိမ်ပိတ်ဘယ်မှာလဲ? ဆီစိမ်ပိတ်ကိုဖြန့်ပြီး လေလုံအောင်ချည်ရမယ်။” ခေတ်သစ်တွင် လေလုံသည့်ပလက်စတစ်ကိုသုံးကြပြီး ဤနေရာမှာတော့ ဆီစိမ်ပိတ်ပဲရှိသည်။ သို့သော် ဆီစိမ်ပိတ်၏ချုပ်ရိုးများက ပြဿနာတစ်ခုဖြစ်တာ​ကြောင့် ထန်ချွန်းမင်က ဤစမ်းသပ်မှုအောင်မြင်မယ်လို့ မယုံ​ကြည်ပေ။

“ပြီးရင် အစိမ်းရောင်မွေးမြူစာတွေကို လှီးရမယ်။” ပထမ​ဆုံးအကြိမ်စမ်းသပ်မှုက ဆီစိမ်ပိတ်ကိုသုံးရပြီး နေရာကလည်းမကျယ်ပေ။ ဖြစ်နိုင်လျှင် နက်ဖြန်မှာ သစ်ရွက််စိမ်မီးဖိုကို ဆောက်လို့ရသည်။

 

တွင်းရှိ​မြေဆီလွှာက ပိပြားသွားခဲ့သည်။ ထန်ချွန်းမင်၏စကားကိုကြားသော် ဦးလေးတာနှင့် ဦးလေးလျို၏သားက ဆီစိမ်ပိတ်ခင်းရန် ချက်ချင်းပင် အောက်ခုန်ဆင်းသွားခဲ့သည်။ လီဖုန်းက သူတို့နောက်လိုက်ပြီး ကူညီခဲ့သည်။ တခြားသူတွေက အနီးနားရှိ အစိမ်းရောင်မွေးမြူစာများကို ခုတ်ထွင်နေသည်။

 

မင်ကောအာ ညွှန်ကြားခဲ့သည့် ဆီစိမ်ပိတ်က လေဝင်လေထွက်ကိုတား​ဆီးရန် သေချာချုပ်ထားကြောင်း လီဖုန်းသိသည်။ သို့ဖြစ်၍ သူက ဆီစိမ်ပိတ်ပျက်စီးသွားမှာမကြောက်ပဲ နှစ်လွှာကို တင်းတင်းကျပ်ကျပ် ချထားလိုက်သည်။ ခုတ်ထစ်ထားသော လတ်လတ်ဆတ်ဆတ် စိုစိုစွတ်စွတ် အစေ့အဆန်များကို ထန်ချွန်းမင်၏အမိန့်အရ ထိုတွင်းထဲသို့ ပစ်ချလိုက်သည်။

ထန်ချွန်းမင်က တွင်းထဲရှိ စိုထိုင်းစများကို စစ်ဆေးနေစဥ် တွင်းထဲရှိလူများက ခြေထောက်ဖြင့် တက်နင်းကာ အပေါ်တက်လာကြသည်။ ခြောက်သွေ့လွန်းနေလျှင် သူ ရေနည်းနည်းဖြန်းပေးရလိမ့်မည်။

 

တစ်လွှာချင်းပင် စိုထိုင်းစကို တက်နင်းကာ လူတွေအပေါ်ရောက်လာခဲ့သည်။ ထန်ချွန်းမင်က လူတစ်ယောက်ကို အပေါ်တက်လာခိုင်းပြီး ထုတ်ပိုးရန် ဆီစိမ်ပိတ်ကို လှန်စေကာ မွေးမြူစာတွေကို တင်းတင်းကျပ်ကျပ် ထုတ်ပိုးစေခဲ့သည်။ ထို့နောက် သူတို့က မြေကြီးဖြင့်ဖုံးကာ အပြီးပိတ်လိုက်သည်။ တစ်လကြာလျှင် ၎င်းနည်းအလုပ်ဖြစ်မဖြစ်ကို ​ဖွင့်ကြည့်နိုင်မည်ဖြစ်သည်။

 

တွင်းထဲကိုဝင်သွားခဲ့သော လူအများက ချွေးပျံနေကြသည်။ ရိုးရှင်းသော လုပ်ဆောင်ချက်အနည်းငယ်ကို လုပ်ရတယ်လို့ ထင်ခဲ့သော်လည်း ၎င်းက စွမ်းအင်အများကြီးကုန်ခဲ့သည်။ စားစရာကို ခုတ်ထွင်ခဲ့သူများကလည်း ပိုလို့​တောင်ပင်ပန်းလေသည်။ သူတို့က မရပ်မနားအလုပ်လုပ်ခဲ့ပြီး သူတို့၏လက်များက နာနေသည်။ အနီးရှိလူတစ်ယောက်က သူတို့ကို သောက်ရေခပ်ပေးခဲ့သည်။ သမားတော်ဟဲနှင့် ရွာလူကြီးက အနီးအနားတွင်ထိုင်ကာ စကားစမြည်ပြောနေ၏။

 

အရင်တုန်းက​ ဆောင်းရာသီမှာ ကျွဲနွားသိုးတွေက ဘာစားလဲ? မြက်ခြောက်ကလွဲ၍ သူတို့ဘာမှမတွေးတတ်ခဲ့ပေ။ ဆောင်းရာသီတွင် တိရစ္ဆာန်အမြောက်အများရှိသော မိသားစုများက ဆောင်းတွင်းစာကျွေးသည့်ဝန်ကိုလျှော့ရန် အရေအတွက်တချို့ကို ရောင်းချလေ့ရှိသည်။

ရွာလူကြီးက သူ၏ဆေးလိပ်ဆေးတံကိုထုတ်ကာ တစ်ချက်ရှိုက်ပြီး ရယ်မောလိုက်သည်။ “ကျုပ်တို့က မင်ကောအာရဲ့ဦးဆောင်မှု​နောက်ကို လိုက်နေပြီး ကိုယ့်ကိုယ်ကို အရူးလုပ်နေတာ။ သမားတော်ဟဲ မရယ်ပါိဲနဲ့။”

  

“မဟုတ်တာ. အောင်မြင်ရင်အရမ်းကောင်းမှာပဲ။ ရွာလူကြီးက မျှော်လင့်စောင့်စားနေမှာပေါ့။” သမားတော်ဟဲက မုတ်ဆိတ်ပွတ်ကာ ရယ်မောလိုက်သည်။

ရွာလူကြီးက ကျယ်လောင်စွာရယ်မောလိုက်သည်။ ဒါပေါ့ သူအောင်မြင်ဖို့မျှော်လင့်တယ်….

 

ထန်ချွန်းမင်က ရေတစ်ငုံသောက်ပြီး အားလုံးကိုပြောလိုက်သည်။ “ဒီနေ့လာကူညီတဲ့လူအားလုံးကို ဆင့်ငါးဆယ်ပိုပေးပါမယ်။ အဲ့ဒါကို စာရင်းစာအုပ်မှာအရင်မှတ်ထားပြီး လကုန်ကျမှ ပေါင်းရှင်းပါမယ်။” ဝိုင်းကူပေးသူများက ထိုစကားကြားတော့ ပြုံးသွားလေသည်။

မင်ကောအာက ရက်ရောသူဖြစ်၍ သူတို့က မငြင်းခဲ့ပေ။ ဤသည်မှာ မင်ကောအာ၏ကြင်နာမှုဖြစ်၍ သူတို့က မင်ကောအာနှင့် ဖုန်းရှောင်ကျစ်ကို ကျေးဇူးဆပ်ရန် အကောင်းဆုံးလုပ်ဖို့သာလိုသည်။

 

ဆောင်းရာသီစပါးရိတ်သိမ်းချိန် ကုန်ဆုံးပြီးနောက် ရွာက ပျော်ရွင်မှုအပြည့်ရှိနေခဲ့သည်။ အစိုးရလွှတ်လိုက်သော လူတွေက ရွာကိုအခွန်လာကောက်သည့်အခါတွင်လည်း သူတို့က ပျော်ရွင်မှုကို မဖုံးမဖိနိုင်ခဲ့ပေ။ ဤသည်မှာ ရှားပါးသော စံချိန်တင်ရိတ်သိမ်းနှစ်ဖြစ်ပြီး ထန်ချွန်းမင်ဘက်က စံချိန်တင်ရိတ်သိမ်းမှုက သူတို့ကို ပိုပျော်ရွှင်စေသည်။

ထန်ချွန်းမင်၏မျိုးစေ့များကို လာမည့်နှစ််မှာ အသုံးပြုခြင်းဖြင့် သူတို့မြေ၏အထွက်နှုန်းက တစ်ဝက်ကနေ နှစ်ဆအထိတိုးနိုင်ပြီး မိသားစုက ဝင်ငွေအများကြီးရနိုင်သည်။

 

ထန်ချွန်းမင်၏မိသားစုမှ ရိပ်သိမ်းသော စပါးများကို ဂိုထောင်မှာ သိမ်းဆည်းသိုလှောင်ခဲ့ပြီး လီဖုန်း၏မြေမှ ရိ​တ်သိမ်းထားသော စပါးများကို သူ့အိမ်သို့ တိုက်ရိုက်ပို့ခဲ့သည်။ မနာလိုဖြစ်သူအနည်းငယ်မှလွဲ၍ ရွာရှိတခြားလူများက ဝမ်းသာခဲ့သည်။

ဖုန်းရှာင်ကျစ်ကိုယ်တိုင်က မီးဖိုမဖွင့်ဘူးဆိုတာ သူတို့မမြင်ကြလို့လား? စပါးတွေကို မင်ကောအာရဲ့အိမ်ကိုမပို့လို့ ဘယ်သူ့အိမ်ပို့မှာလဲ?

 

ပေးဆောင်ရမည့်အခွန်များနှင့်ပတ်သက်၍ ထန်ချွန်းမင်က ငွေနှင့်အစားထိုးပြီး စပါးကိုတော့ သူသိမ်းထားလေသည်။ လီဖုန်းနှင့် သူစိုက်ပျိုးထားသော စ​ပါးက အပြင်ကစပါးနှင့်ကွာခြား၍ အခွန်အဖြစ်ပေးဆောင်လျှင်ပင် ၎င်း၏အရည်အသွေးကြောင့် အခွန်လျှော့ပေးမှာမဟုတ်ပေ။ သို့ဖြစ်၍ သူက သူနဲ့လီဖုန်း၏အိမ်ထောင်စုအတွက် ငွေပေးချေခဲ့သည်။

 

ထန်ချွန်းမင်က ဂို​ထောင်ထဲတွင် သိမ်းဆည်းထားသော စပါးကို ဘာလုပ်ရမလဲမသိသေးပေမယ့် လူတစ်ယောက် ရောက်လာခဲ့သည်။

 

ထန်ချွန်းမင်က ခြံထဲတွင် အပြုံးတစ်ခုဖြင့် ရပ်နေသော ထန့်ယွီကိုတွေ့သောအခါ အာစေးမိသွားသည်။ ဆိုင်ရှင်ချီကလည်း သူနဲ့အတူလိုက်လာသည်။ သူ့ပစ္စည်းများကို ပစ်မှတ်ထားနေသည့် ဤလူနှစ်ယောက်၏တောင်းဆိုချက်ကို သူမငြင်းနိုင်ပါပေ။

  

“ထန်ဖူလန်… မင်းငါတို့ကို မောင်းတော့မထုတ်ဘူးမလား? ငါတို့က ဒီကို ရိုးရိုးသားသားလာခဲ့တာပါ။” ထန့်ယ်ီက ပြုံးကာ ထန်ချွန်းမင်ကို ဦးညွတ်လိုက်သည်။

 

လီဖုန်းက အနားရောက်လာပြီး ထန်ချွန်းမင်၏ပခုံးကိုဖက်ကာ အထဲကိုတွန်းပို့လိုက်သည်။ ထို့​နောက် သူက သူတို့နှစ်ယောက်ကိုပြောလိုက်သည်။ “အထဲမှာဆွေးနွေးရအောင်။”

 

“ကောင်းပြီ..ကျေးဇူးပါ…အစ်ကိုလီဖုန်း…” ထန့်ယွီက အင်တိုက်အားတိုက် ပြောလိုက်သည်။

///////

Chapter 53.2

ဝမ်ယင် ယနေ့အိမ်မှာမရှိ၍ ထန်ချွန်းမင်က သူ့ကလေးကို သူကိုယ်တိုင်ပြုစုနေရသည်။ သူက ယခုလေးတင် ကလေးကိုထားခဲ့ပြီး အိမ်ထဲဝင်သွားတော့ ငိုသံကိုကြားလိုက်ရသည်။ အားလင်းက သူနဲ့ကစားနေသည်။

အရွယ်ရောက်ပြီးသူမရှိသော်လည်း ညီအစ်ကိုနှစ်ယောက်က ပျော်နေကြသည်။ အားလင်းက သူ၏သစ်သားကျားရုပ်ကို ပေးလိုက်သည်။ သူက တခြားသူများကိုပေးဖို့ တွန့်တိုသော်လည်း သူ့ညီလေးကတော့ ကွာခြားသည်။ သူက အစ်ကိုကြီးဖြစ်၍ သူ့ညီလေးကို ကာကွယ်ရမည်။

အရသာရှိသော စားစရာနှင့် ပျော်ရွှင်စရာကိစ္စများကို လုပ်နေစဥ်တွင် သူက သူ့ညီလေးကိုပဲတွေးသည်။ သို့သော် သူ့ညီလေးဘာမှစားလို့မရဘူးလို့ သူ့အားမူကပြောထားတာ​ကြောင့် အားလင်းက ညီလေးကိုသနားပြီး ပိုရက်ရောလေသည်။

  

“ဦးလေးထန့်….ဦးလေးချီ။” အားလင်းက သူတို့ကိုခေါ်လိုက်သည်။

  

“လိမ္မာတဲ့ကလေး” ဆိုင်ရှင်ချီက အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ ထန့်ယွီက လူအများ၏နှလုံးသားကို ဘယ်လိုအနိုင်ယူရမလဲသိတာကြောင့် သူက ကလေးကြိုက်နှစ်သက်သော သရေစာမုန့်ကို ထုတ်ပေးလိုက်သည်။

 

သမားတော်ဟဲက ဤနေရာမှာမရှိပေ။ သူက ဟူလန်ကျုံးနဲ့အတူ ဆေးဖက်ဝင်အရွက်များစုဆောင်းရန် တောင်ပေါ်လိုက်သွားခဲ့သည်။ လီဖုန်းက သူတို့နဲ့အတူလိုက်ချင်ပေမယ့် သူတို့နှစ်ယောက်က တောင်အနက်ဆုံးထိမသွားပဲ အပြင်မှာပဲလမ်းလျှောက်မည်ဟုဆိုကာ ငြင်းဆန်ခဲ့သည်။ သို့သော်လည်း လီဖုန်းက သူတို့နဲ့အတူ အ​ဖော်နှစ်ယောက်ထည့်ပေးလိုက်သည်။

 

လီဖုန်းလောင်းထည့်ပေးသော လက်ဖက်ရ​ည်ကိုသောက်ပြီးနောက် ထန့်ယွီက ထန်ချွန်းမင်ကို ချက်ချင်းပြောလိုက်သည်။ “ထန်ဖူလန်… အစ်ကိုလီဖုန်း..ကျွန်တော်အပိုစကားမပြောတော့ဘူး။ ခင်ဗျားတို့ စပါးဘယ်လောက်ပေးနိုင်လဲ သိချင်ပါတယ်။ ဒါပေါ့… ထန်ဖူလန်ရဲ့မိသားစုက ဒီနှစ်မှာ စပါးအများကြီးရှိမှာမဟုတ်ဘူး။ ဒီတော့ စားဖို့ချန်ထားပြီး ကျန်တာဆိုအဆင်ပြေပါတယ်။ ခင်ဗျားတို့ နောက်နှစ်မှာ ​ပိုစိုက်နိုင်မှာပါ။”

 

ထန်ချွန်းမင်က သူ့ကို စိတ်ပျက်သယောင် မျက်စောင်းထိုးလိုက်သည်။ “ကျွန်တော့်မိသားစုမှာ စပါးအများကြီးမရှိတာ ခင်ဗျားသိပါတယ်။ ကျွန်တော်နောက်နှစ်အတွက် ဘယ်လိုသိမ်းထားရမလဲ?” ဆိုင်ရှင်ချီနှင့် ရှောင်ရွှင်းကျိက ဖျင်ရှန်ရွာကို မကြာခဏလာလေ့ရှိသည်။

အချိန်အတော်ကြာပြီးနောက် သူတို့က သူတို့မိသားစုမှာ ဖြစ်ပျက်သမျှအားလုံးကိုသိသည်။ သူက သူ့လယ်ဧကအနည်းငယ်မှ ဂျုံစပါး၁၀၀၀ကီလိုဂရမ် ရိတ်သိမ်းနိုင်ခဲ့သည်။ လီဖုန်းက အနည်းငယ်သာရိတ်သိမ်းနိုင်ခဲ့သည်။ သူ့မှာနေရာနည်းနည်းကျန်သေးပေမယ့် သူ့မိသားစုကလွဲ၍ သူက ထုတ်သုံးမှာမဟုတ်ပေ။

 

ထန့်ယွီက နှစ်ကြိမ်တိတိ ခြောက်ကပ်ကပ်ရယ်မောလိုက်ပေမယ့် အရှက်မရှိစျေးဆစ်လိုက်သေးသည်။ “ဒါဆို နည်းနည်းပဲပေးလေ။ ငါက ဒါကိုစားဖို့သုံးမှာ​ပါ။ ဒီပမာဏက စားသောက်ဆိုင်အတွက် မလောက်ဘူး။”

ဆိုင်ရှင်ချီ၏မျက်နှာတွန့်သွားသည်။ သူက စားသောက်ဆိုင်အကြောင်းတွေးနေ၍ ထန်ဖူလန်၏မျက်နှာ ပြောင်းလဲသွား​တာကို သတိမထားမိခဲ့ပေ။

  

“ခင်ဗျားက တကယ်ကို စဥ်းစားပေးတတ်တာပဲ” ထန်ချွန်းမင်က အံကြိတ်ရင်းပြောလိုက်သည်။

 

လီဖုန်းက အထဲဝင်လာပြီး ဧည့်သည်များကိုဧည့်ခံရန် ထန်ချွန်းမင်ပြုတ်ထားသော မြေပဲများကိုယူလာသည်။ မပြုတ်ခင််မှာ သူက မြေပဲခွံကိုခွာပြီး ဆားနှင့် တခြားဟင်းခတ်အမွှေးအကြိုင်များကို ပေါင်းထည့်ကာ အရသာကို အလွယ်တကူစုပ်ယူနိုင်ပြီး အရသာအပေါ့အငန်တည့်အောင် ပြုတ်ခဲ့လေသည်။

သမားတော်ဟဲ အားနေသည့်အခါ သူက ဟူလန်ကျုံးကိုခေါ်ကာ​ သောက်လေ့ရှိပြီး အရံဟင်းနှစ်မျိုးကိုလည်း ကြော်ပေးဖို့ ထန်ချွန်းမင်ကို ညွှန်ကြားခဲ့သည်။

  

“ဒီမြေပဲကမဆိုးဘူး။” ထန့်ယွီ၏မျက်လုံးက တောက်ပလာသည်။

  

“​မြေပဲကနည်းနည်းပဲရှိတယ်။ ကျွန်တော်တို့မိသားစုပဲ စားလို့လောက်တယ်။” ထန်ဖူလန်က ချက်ချင်း​​ပြောလိုက်သည်။ သူက တချို့ကို ဆီကြိတ်ဖို့သုံးခဲ့သည်။ တိရစ္ဆာန်ဆီကိုစားခြင်းက ခန္ဓာကိုယ်အတွက်မကောင်းပေ။ အထူးသဖြင့် သကကြီးရွယ်အိုရှိတာကြောင့် ထန်ချွန်းမင်ကစိတ်ပူသည်။

  

“ကောင်းပြီ။ ငါ ဂျုံနဲ့ဆန် ရာဂဏန်းလောက်လိုချင်တာပါ။ ရမလား?” ထန့်ယွီကလည်း များများတောင်းလို့မရမှန်းသိသည်။ တစ်ဧကအထွက်နှုန်းများသည်မှာ သီးနှံဖြစ်ထွန်းမြေကြောင့်ဖြစ်သည်။ မဟုတ်ပါက သာမန်လူတို့သည် ငွေကိုအားကိုးရလိမ့်မည်။

 

ညှိနှိုင်းပြီး​နောက် တစ်​ခုကို ကီလိုသုံးရာပေးခဲ့သည်။ ထန့်ယွီက မကျေနပ်သော်လည်း အများကြီး​တောင်းလို့ မကောင်းဘူးဆိုတာသိသည်။ ထန်ချွန်းမင်က သူ့မိသားစုစားသောက်ရန် မျိုးစေ့အလုံအလောက်သိမ်းထားဖို့လိုပြိး သူက ဆွေမျိုးတွေကိုလည်း ပေးချင်လိမ့်မည်။ လာမည့်နှစ် မကုန်ဆုံးခင်မှာ ကောက်ပဲသီးနှံကုန်သွားမည်ဟု ခန့်မှန်းမိသည်။

 

ထန်ချွန်းမင်က ထိန်းချုပ်မထားပဲ သူ့ကိုအခွင့်အရေးယူခဲ့သည်။ သူတိုနှစ်ယောက်က စပါး ၆၀၀ဂရမ်ယူကာ ငွေပြားသုံးဆယ်ပေးခဲ့သည်။ စပါးကျီထဲမှာ တစ်ဝက်လောက်လျော့သွားသောအခါ ထန်ချွန်းမင်က သူအလွန်စိတ်​ပျော့သည်ဟု ခံစားလိုက်ရသည်။

 

လီဖုန်းက အနောက်တောင်ပေါ် တက်သွားခဲ့သည်။ ထန်ချွန်းမင်က လိုက်သွားချင်သော်လည်း အားလင်းကိုခေါ်သွားလို့ရပြီး လူယုတ်မာလေးက ငယ်သေး၍ ခေါ်သွားလို့မရပေ။ သူက အိမ်မှာကလေးထိန်းနေရပြီး အားလင်းနဲ့ လူယုတ်မာလေးစကား​ပြောတာကို နားထောင်နေသည်။

 

ကျောင်းစဖွင့်တော့ တာမောင်းနှင့်အာမောင်းတို့ နှစ်ယောက်လုံးကျောင်းစတက်ကြသည်။ ရုတ်တရက် အိမ်မှာကလေးနှစ်ယောက်မရှိတော့၍ သူတင်မကပဲ အားလင်းလည်း အထီးကျန်သလို ခံစားလိုက်ရသည်။ သူက သူရေးထားသော စာလုံးကြီးတွေကို လေးလေးနက်နက် ထောက်ပြကာ သူ့ညီလေးကို စာသင်ပေးနေ၏။

 

ကျန်းရှို့ရောက်လာပြီး ထိုမြင်ကွင်းကိုမြင်သွားတော့ အူလှိုက်သည်းလှိုက်ရယ်မောကာ ပြောလိုက်သည်။ “အားလင်းက အရမ်းတော်တာပဲ။ သူကြီးလာရင် သူ့ညီလေးကို သေချာပေါက်သင်ပေးမှာ။”

  

“ဟုတ်.. သားညီလေးက ပညာရှင်စာမေးပွဲဖြေပြီး အနာဂတ်မှာ ဘွဲ့ကောင်းကောင်းရမှာပါ။” အားလင်းက ထိုစကားကိုအတည်ယူပြီး ကျန်းရှို့နဲ့သူ့ညီလေးကို လေးလေးနက်နက်ပြောလိုက်သည်။

  

“ဒါဆို အားလင်းက စာကြိုးစားရမယ်နော်။ သား သေချာသင်ထားမှ ဒီလူယုတ်မာလေးမွေးလာရင် ပြန်သင်ပေးလို့ရမှာ။” ထန်ချွန်းမင်က အားလင်း၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။

  

“ညီလေးပါ… လူယုတ်မာလေးမဟုတ်ဘူး။” အားလင်းကပြင်ပေးလိုက်သည်။

 

ကျန်းရှို့က တခစ်ခစ်ရယ်ပြီး ထန်ချွန်းမင်ကို လက်ညိုးထားကာ ေပြာလိုက်သည်။ “ငါပြောသားပဲ… အားစန်းကို အဲ့လိုမခေါ်ပါနဲ့ဆို.. အခုအားလင်းကလည်း မင်းကိုဆန့်ကျင်နေပြီ။ အားစန်းလေး စကားပြောနိုင်ရင် သူသေချာပေါက် ဆန္ဒပြမှာ။”

 

အားစန်းလေးက လူကြီးတွေဘာတွေပြောနေလဲမသိပေမယ့် သူ့နားမှာဝိုင်းထားသည်ကိုတွေ့လျှင် သူက အလွန်ပျော်ရွှင်သွားပြီး သွားရည်ကျကာ အာအာလို့ အော်လိုက်လေသည်။

အားလင်းက သူ့ညီလေး၏တံထွေးကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးလိုက်သည်။ သူလည်း ငယ်ငယ်က ယခုလိုပဲဖြစ်ခဲ့တာကြောင့် သူ့ညီလေးကို မခွဲခြားသင့်ဘူးလို့ သူ့ဘိုးဘိုးက​​ပြောခဲ့သည်။

  

“အေးပါ…ငါအရှုံးပေးပါတယ်။ အခုကစပြီး လူယုတ်မာလေးလို့ မခေါ်တော့ဘူး။ အားစန်းလို့ပဲခေါ်တော့မယ်။ ဟုတ်ပြီလား?” ထန်ချွန်းမင်က ကူကယ်ရာမဲ့ မျက်လုံးလှိမ့်ပြကာ ခိုးကြောင်းခိုးဝှက်ခေါ်လျှင် ဘယ်သူမှကန့်ကွက်မှာမဟုတ်ဘူးလို့ တွေးနေသည်။

 

သို့သော် ခဏကြာတော့ လူယုတ််မာလေးအိပ်ပျော်သွားသည်။ ဤအရွယ်ကလေးများက တစ်နေ့တာကို အိပ်ရင်းဖြင့် ကုန်ဆုံးသည်။ အားလင်းက လက်ရေးလှလေ့ကျင့်နေသည်။ ကျန်းရှို့က ထန်ချွန်းမင်ကို အခန်းထဲမှာ စကားပြောနေသည်။

 

“လူတိုင်းကအလုပ်ရှုပ်နေလို့ မင်းကိုဘာမှမပြောတာ။ ကျောက်မိသားစုက ဒီတစ်​ကြိမ်ရယ်စရာကောင်းလိုက်တာ။ မြေကိုရိတ်သိမ်းပြီး ပြဿနာကိုဖန်တီးနိုင်တာ သူတို့ပဲရှိတယ်။”

 

ထန်ချွန်းမင်က မျက်တောင်ခတ်လိုက်သည်။ ကျောက်မိသားစု၏ကိစ္စများကို သူဂရုမစိုက်ခဲ့တာကြာပြီပင်။ သူက ကလေးတွေ၊ စပါးရိတ်သိမ်းခြင်း နှင့် အနောက်တောင်နဲ့ပတ်သက်ပြီး စီစဥ်ရင်း အလုပ်ရှုပ်နေခဲ့၍ အာရုံစိုက်ဖို့အချိန်မရှိခဲ့ပေ။

သူက ရုတ်တရက် ကျောက်လောင်စန်း၏ စေ့စပ်ပွဲကို သတိရသွားသည်။ “ဒါနဲ့ ကျောက်လောင်စန်းရဲ့အိမ်ထောင်ရေးက ဘယ်လိုဖြစ်သွားပြီလဲ? ရှန်းမိသားစုနဲ့ စေ့စပ်ပွဲဖျက်လိုက်ပြီလား? ခရိုင်မော်ကွန်းထိန်းနဲ့ စေ့စပ်ပွဲက အတည်တကျဖြစ်သွားပြီလား?” လွန်ခဲ့သည့်ရက်အနည်းငယ်က ထန့်ယွိနဲ့ ဆိုင်ရှင်ချီလာခဲ့ပေမယ့် ထိုကိစ္စအကြောင်းမပြောခဲ့ပေ။

သူက မေ့ပင်မေ့သွားခဲ့ပြီး သူတို့ကိုလည်း မမေးခဲ့ပေ။

 

ကျန်းရှို့က ထန်ချွန်းမင်၏အခြေအနေကိုသိသည်။ လွန်ခဲ့သည့်နှစ်ရက်က သူ့မှာအားလပ်ချိန်နည်းနည်းရှိတော့ သူ့ကိုပြောပြခဲ့သည်။ သူက ၎င်းကိုနောက်နေတယ်လို့သာ ထင်ခဲ့သည်။ “ရှန်းမိသားစုသခင်ကြီးက နောက်ဆုတ်ဖို့သဘောတူလိုက်ပြီ။ ဒါပေမယ့် ခရိုင်မော်ကွန်းထိန်းနဲ့ စေ့စပ်ပွဲလည်း ပျက်သွားခဲ့တယ်။ ခရိုင်မော်ကွန်းထိန်းက ကျောက်လောင်စန်းရဲ့စေ့စပ်ပွဲအ​ကြောင်း​ ကြားတော့ ဒေါသထွက်ပြီး ဖျက်လိုက်တာလို့ပြောတယ်။ ကျောက်မိသားစုက ဘာမှမရှင်းပြနိုင်ခင်မှာ သတင်းထွက််လာခဲ့တာလေ။”

 

ထန်ချွန်းမင်က ဤရလဒ်ကို မအံ့သြပေ။ ဤအရာက ထန့်ယွီ၏ဝင်စွက်ဖက်ခြင်းမဟုတ်လား? သို့သော် “ကျောက်လောင်စန်းက ခရိုင်ကျောင်းတက်ခဲ့တာမလား? ခရိုင်ကျောင်းက မော်ကွန်းထိန်းမိသားစုနဲ့ လက်မထပ်နိုင်တော့ သူ ခရိုင်ကျောင်းမှာလည်း အဆင်ပြေမယ်မထင်ဘူး။”

ခရိုင်ကျောင်းက ခရိုင်အစိုးရလည်ပတ်သည့် အရာရှိကျောင်းဖြစ်၏။ ပညာရှင်စာမေးပွဲအောင်သော ကျောင်းသားများသာ တတ်ရောက်နိုင်သည်။

 

 

ကျန်းရှို့က နှုတ်ခမ်းတွန့်ကွေးကာ ပြောလိုက်သည်။ “သူအဆင်ပြေပြေမပြေပြေ ဘယ်သူက ဂရုစိုက်လို့လဲ? လူငယ်မျိုးဆက်က တတိယဦးလေးရဲ့အပြုအမူကို မကျေန​​ပ်ဘူးထင်တယ်။ ဒါကြောင့် ကျောက်မိသားစုမှာ စပါးရိတ်သိမ်းပေးမယ့်လူမရှိဘူးလေ။ အရင်ရက်အနည်းငယ်ကပဲ မိုးရွာထားတာမလား? ဟားဟား… ဘိုးဘိုးကျောက်ကတော့ အသည်းကွဲပြီထင်တယ်။”

///////

Chapter 53.3

ထန်ချွန်းမင်က ကောင်းကင်ကိုမော့ကြည့်ကာ တိတ်ဆိတ်နေသည်။ လယ်ကွင်းများရှိ ကောက်ပဲသီးနှံများမရိတ်သိမ်းမီတွင် မိုးရွာသဖြင့် ထိခိုက်​ပျက်စီးခဲ့ရသည်။ အချိန်မီအခြောက်မခံနိုင်ရင် သီးနှံတွေမှိုက်တက်တာ ဒါမှမဟုတ် အညှောက်ထွက်လာမှာမလား? ဤအခြေအနေကိုတွေးခြင်းဖြင့် ကျောက်မိသားစု မည်မျှအလုပ်ရှုပ်နေသည်ကို ခန့်မှန်းနိုင်သည်။

သူပြောရလျှင် ဤသည်မှာ အခကြေးငွေမပေးပဲ တခြားသူများ လယ်ကူရိတ်သိမ်းပေးလာမှာကို စောင့်မျှော်နေပြီး ​တခြားသူများကို တစ်နေကုန်အမြတ်ထုတ်နေခြင်းဖြစ်သည်။ ယင်းက အကျင့်တစ်ခုလိုပင်။ ကျောက်မိသားစုမှ တခြားသူများက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သည်းခံနိုင်သော်လည်း အကြိမ်ပေါင်းများစွာ မည်သူကသည်းခံမည်နည်း။

 

ထန်ချွန်းမင်က သူတို့မိသားစု၏ အရေးကိစ္စကိုသိရှိရန် စိတ်မဝင်စားတော့သလို လီဖုန်းကလည်း ကလေးနှစ်​ယောက်အတွက် သူ့အစီအစဥ်ကိုပြောပြခဲ့သည်။

 

မူလက သူသည် ကလေးနှစ်ယောက်၏ မျိုးရိုးအမည်များကို မိသားစုသစ်ပင်ထဲမှာပါဖို့ စိတ်မဝင်စားခဲ့ပေ။ အကြောင်းမှာ သူက ဤလူ့အဖွဲ့အစည်းရှုထောင့်ကို သိပ်မသိသလို သူ့စိတ်က ခေတ်သစ်လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေဆဲမို့ဖြစ်သည်။

အနာဂတ်မှာ သူ့သားက ဘယ်နယ်ပယ်မှာ ထူးချွန်မလဲမသိပေမယ့် ဤနယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆုံးဖြတ်ထားလျှင် သူက သူ့ပုံစံနဲ့သူရပ်တည်နိုင်မှာမဟုတ်ပေ။ သိူ့ဖြစ်၍ ကျောက်မိသားစု၏လုပ်ရပ်ကို သူစိတ်ဆိုးပြီး လီဖုန်း၏ဆုံးဖြတ်ချက်ကို လက်ခံခဲ့သည်။

  

လီဖုန်းက ကျောက်မိသားစု၏ တိတ်ဆိတ်နေမှုနောက်ကွယ်က ဖြစ်နိုင်ချေရှိသည့် ရည်ရွယ်ချက်ကို တိတ်တိတ်လေးပြောပြခဲ့သည်။ ယင်းမှာ သူတို့က ကလေးနှစ်ယောက်ကို မိသားစုသစ်ပင်ထဲဝင်မလာစေရန် တားဆီးဖို့ပြင်နေသည်ဟူ၍ပင်။

ထိုကဲ့သို့ယုတ်မာသော ရည်ရွယ်ချက်များကို သိပြီးနောက် တတိယဦးလေးအပေါ် သူ့အမြင်မှာ ထပ်ခါတလဲလဲ ကျဆင်းသွားခဲ့သည်။ ဤကိစ္စတွင် အမိန့်ပေးခဲ့သည့် တတိယဦးလေးမှလွဲ၍ တခြားမည်သူမျှအရေးမပါပေ။ ယခုလို သက်ကြီးပိုင်းမှာပင် သူဟာ ထိန်းချုပ်လိုစိတ်ပြင်းပြနေပြီး မွေးကင်းစကလေးငယ်ကို နှောင့်ယှက်မယ်လို့ သူမထင်ထားခဲ့ပေ။

  

သူသာ တတိယဦးလေးလို တစ်စုံတစ်ယောက်၏ လုပ်ကြံခံရလျှင် ထန်ချွန်းမင်က ထိုလူကိုသတ်ပစ်ဖို့ပင် စိတ်ကူးရှိသည်။ လူတိုင်းမှာ သည်းခံနိုင်သည့် အတိုင်းအတာရှိပြီး ထန်ချွန်းမင်က ​ချွင်းချက်မဟုတ်ပေ။ သူက သူ့ကို လူယုတ်မာလေးလို့ အမြဲခေါ်နေပေမယ့် သူ့နှလုံးသားထဲမှာတော့ သူ့သားကို ကာကွယ်လိုစိတ်အပြည့်ရှိသည်။

သူ့သားက ယခုမှ ကမ္ဘာကြီးကို​ ဝင်ရောက်လာသော အပြစ်ကင်းစင်သည့် ကလေးတစ်ယောက်ဖြစ်သည်။ အားလင်းလိုပင် ထန်ချွန်းမင်သည် ကျောက်််မိသားစုနှင့် ကျောက်တာဟူအပေါ်ထားသည့် သူ့ခံစားချက်ကို အပြစ်ကင်းစင်သော ကလေးအား ဘယ်တော့မှထုတ်ဖော်ပြောပြမှာမဟုတ်ပေ။ လူကြီးတွေကသာ ကလေးတွေကို ဘယ်လိုကြီးပြင်းလာရမလဲ လမ်းညွှန်ပေးသင့်တာ​ဖြစ်သည်။

မှားယွင်းသောနည်းဖြင့် ကြီးပြင်း​လာ​​ပါက ၎င်းသည် သူ့ကိစ္စသာဖြစ်ပြီး လူကြီးတစ်ယောက်အနေဖြင့် သူက သူ့ကို ဆုံးမပိုင်ခွင့်ရှိသည်။ သို့သော် ယခုလိုကြံစည်နေခြင်းက ရွံစရာကောင်းလှသည်။ သူတို့က သူ့ကိုဦးချိုးဖို့ ကလေး၏အနာဂတ်ကို အသုံးချချင်သည်။ ထိုလူက စိတ်သဘောထားသေးသ်ိမ်သော အရူးအဘိုးကြီးသာဖြစ်သည်။

 

သူတို့၏ယုတ်မာသောရည်ရွယ်ချက်များကို သိလိုက်ရတော့ ထန်ချွန်းမင်က သူ့ကလေးနှစ်ယောက်ကို ကျောက်မိသားစုနဲ့ မပတ်သက်စေချင်တော့ပေ။ သူက လီဖုန်းကိုလက်ထပ်ရန် စောင့်ဆိုင်းနေပြီး လီမိသားစု၏ မိသားစုသစ်ပင်တွင် သူ့ကလေးနှစ်ယောက်ကို ချက်ချင်းထည့်ကာ ကျောက်််မိသားစု၏ အရူးအဘိုးကြီးမျက်နှာကို ဖြတ်ရိုက်ချင်သည်။ မင်းငါ့ကိုဆန့်ကျင်ဖို့ ကြံစည်လေလေ မင်းအကြံမအောင်မြင်လေပဲ…

 

ယင်းက သူ၏မူလအစီအစဥ်ဖြစ်သည့် ချမ်းသာအောင်လုပ်ခြင်းကို အရှိန်မြှင့်လာစေခဲ့သည်။ သူက လူတွေကို မနာလိုဖြစ်စေမည့် ချမ်းသာကြွယ်ဝသည့်​ဘဝမှာ နေထိုင်ချင်သည်။ သူက တ​ခြားမိသားစုတွေကိုလည်း ချမ်းသာစေချင်ပြီး ကျောက်မိသားစုကို စွန့်ပစ်ချင်သည်။

 

သူက ဦးလေးကျောက်မိသားစု၏ဘဝကို ပိုကောင်းလာစေချင်ပြီး ကျောက်မိသားစုနှင့် အဆက်ဖြတ်နိုင်စေရန် တမင်တကာလုပ်ပေးကာ အဘိုးကြီးကျောက်ကို သေအောင်ဒေါသထွက်စေချင်သည်။

 

သို့ဖြစ်၍ ကျောက်မိသားစုကို လက်ရှိဘေးဖယ်ထားပြီး အစီအစဥ်တွေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်မည်။

 

သူက လယ်ကွင်းများမှရိတ်သိမ်းထားသော ဂျုံစပါးများကို မပြောင်းရွှေ့ခဲ့ပဲ နေရာလွတ်ထဲတွင် ဂျုံစပါးနည်းနည်းစိုက်ခဲ့သည်။ ယခုနှစ်၏ ဒုတိယနှစ်ဝက်မှာ သူက ဝိုင်ချက်ဖို့ပြင်ဆင်ထားပြီး ဒုတိယကတော့ သိုးစားသောက်ဆိုင်ဖွင့်ဖို့ဖြစ်သည်။

  

ဤကမ္ဘာပေါ်ရှိ ဝိုင်လုပ်ငန်းက အရက်သန့်အဆင့်ထိ ဖွံ့ဖြိုးမတိုးတက်သေးသဖြင့် သူက ဤလွတ်ပေါက်ကို အခွင့်ကောင်းယူချင်သည်။ အရင်ဘဝတွင်ပင် မင်နှင့် ချင်မင်းဆက်လက်ထက်မှာ ပေါင်းခံအရက်သန့်ကသာ ကြွယ်ဝချမ်းသာလာခဲ့တာကို မှတ်မိသေးသည်။ ရှောက်သောင်ကျိနှင့် အာကောထို့က အရက်သန့်များဖြစ်သည်။

 

ဝိုင်ပြုလုပ်ရာတွင် နောက်ဆုံးပေါင်းခံခြင်းက အဓိကဖြစ်ပြီး ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းစဥ်တွင် စပါးအချဥ်ဖောက်ခြင်းနှင့် ဆက်စပ်နေသည့် ကိုဂျီမှို အရည်အသွေးက နောက်ထပ်သော့ချက်တစ်ခုလည်းဖြစ်သည်။ ဖြစ်ချင်တော့ သူက ကိုဂျီလုပ်နည်းကို ကျွမ်းကျင်သည်။

 

သူ့စိတ်ထဲက ဝိုင်တဆေးချက်ပြုတ်နည်းကို တွေးကြည့်လိုက်သောအခါ ထန်ချွန်းမင်က ယခင်ဘဝကို တွေးမိသွားသည်။ ယင်းက သူ့အမေချန်ထားခဲ့တာဖြစ်သည်။ သူငယ်ငယ်က သူ့မိသားစု ဝိုင်လုပ်ခဲ့တာကို သတိရပေမယ့် သူ့မိခင်ဆုံးသွားတော့ သူ့မိသားစုက ၎င်းကို မတွေ့ရတော့သဖြင့် ရွာကသက်ကြီးရွယ်အိုတွေ စိတ်မကောင်းဖြစ်ခဲ့ကြသည်။

ထန်ချွန်းမင်က သူ့ကိုယ်ပိုင်ဂိုထောင်ထဲတွင် ဝိုင်လုပ်ကိရိယာကို မြင်ခဲ့သော်လည်း ထိုကျွမ်းကျင်မှုများကို သူ့မိခင်ပဲသိပြီး သူ့မိခင်ဆုံးသွားလို့ ထိုကျွမ်းကျင်မှုများလည်း ပျောက်ကွယ်သွားသည်ဟု သူထင်ခဲ့သည်။ သူ့ဖခင်က စာချုပ်ချုပ်ထားသော ဥယျာဥ်ခြံကို ဂရုစိုက်ရင်း အလုပ်ရှုပ်နေတာ​ကြောင့် ထန်ချွန်းမင်က ထိုအကြောင်းကို ဘယ်တုန်းကမှမတွေးဖူးပေ။

  

သူ့ဖခင်မဆုံးခင်မှာ ထိုပစ္စည်းတွေ သူ့ကိုအပ်သွားမှ ထန်ချွန်းမင်က သူ့ဖခင်ဘာတွေတွေးနေခဲ့လဲ မှန်းဆလို့ရခဲ့သည်။ သူ ထိုအရာတွေကိုမြင်လျှင် ဝမ်းနည်းမှာစိုး၍ မထိခဲ့တာဖြစ်သည်။ သူ့မိခင်ဆုံးတာ စောပေမယ့် သူ့ဖခင်ကတော့ တစ်ဘဝလုံးအမှတ်ရနေခဲ့သည်။

သူမဆုံးခင်မှာ သူက သူဘယ်တော့မှမတွေ့ရမည့် မြေးအကြောင်းတွေးနေသည့်အပြင် သူ့မိခင်နှင့် ဝိုင်လုပ်ခဲ့သည့်အကြောင်းပြောပြခဲ့သည်။ ဤသည်မှာ ထန်ချွန်းမင် အရင်တုန်းက ထောင့်တစ်နေရာမှာ ပစ်ချခဲ့သည့် သူ့မိခင်၏ အမှတ်တရများဖြစ်သည်။

 

ယင်းက သူ့မိခင်မိသားစုမှ အမွေတစ်ခုဖြစ်ပြီး မျိုးဆက်တစ်ခုမှတစ်ခုဆီ လက်ဆင့်ကမ်းရမယ်လို့ သူ့ဖခင်က ပြောခဲ့သည်။ သူ့အဘိုးအဘွားမှာ သမီးလေးတစ်ယောက်ပဲရှိတော့ သူမကို မြှုပ်နှံသဂြိုလ်ခဲ့သည်မှာ သူ့ဖခင်ဖြစ်သည်။.

သူတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ဆွေမျိုးများနှင့် အကြီးအကျယ်ရန်ဖြစ်ခဲ့တာကြောင့် ထန်ချွန်းမင်ငယ်စဥ်က သူ့အဘိုးအဘွားနှင့် ဦးလေးအိမ်မှာ သိပ်မစားခဲ့ရပဲ ရွာထဲက မိသားစုများမှာသာ ထမင်းစားခဲ့ရသည်။ သို့သော် သူ့မိခင်က သူနဲ့လက်ထပ်ထားတာကြောင့် သူက သူ့လူတွေကို တာဝန်ယူသင့်တယ်လို့ သူ့ဖခင်ကပြောခဲ့သည်။ သူမလုပ်နိုင်ရင် ယောကျာ်းပီသပါဦးမလား?

 

အားနည်းချက်ကို ကာကွယ်ခြင်း၏စိတ်ဓာတ်သည် ထန်ချွန်းမင် သူ့ဖခင်ထံမှသင်ယူခဲ့သည့်အရာဖြစ်သည်။ တစ်ခါတစ်ရံမှာ ကိစ္စတွေက ချောနေပေမယ့်လည်း သူလိုချင်သည့်အရာတွေကို ဘယ်တော့မှလက်မလျှော့ခဲ့ပေ။

  

ညဘက်မှာတော့ လီဖုန်းကအိမ်ပြန်အိပ်ခဲ့ပြီး အဘိုးကြီးဟဲလည်း ဘေးခန်းကိုပြန်သွားခဲ့သည်။ ထန်ချွန်းမင်က အားလင်းနှင့် လူယုတ်မာလေးကို တစ်ယောက်တည်းဂရုစိုက်လိုက်ရသည်။ လူယုတ်မာလေးက ဒုက္ခအပေးဆုံးဖြစ်သည်။ သူက သူ့ကိုအစာကျွေးပြီး ညဘက်မှာ အပေါ့အလေးသွားတာကို ဂရုစိုက်ရသည်။ ပထမတော့ သူနေသားမကျပဲ ဒေါသထွက်ခဲ့ပေမယ့် သူ့မိထွေးရောက်လာတိုင်း သူက သူကောင်းကောင်းအိပ်နိုင်ဖို့ လူယုတ်မာလေးကို ခေါ်ထားလေ့ရှိသည်။

 

သူဒေါသထွက်ပေမယ့်လည်း သူ့မှာရွေးချယ်စရာမရှိပေ။ လူယုတ်မာလေးက သူ့သားဖြစ်နေ၍ သူဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်မှာလဲ? ကံအားလျော်စွာ ဖြေရှင်းချက်တစ်ခုရှိခဲ့သည်။ လီဖုန်းက ညဘက်တွင် နံရံကျော်တက်လေ့ရှိပြီး ဤလူယုတ်မာလေး ညဘက်ထငိုသော ပထမဆုံးအကြိမ်တွင် လီဖုန်း၏ရုတ်တရက်ပေါ်လာမှုက ထန်ချွန်းမင်ကို လန့်သွားစေခဲ့သည်။

သို့သော် နောက်ပိုင်းတွင် သူ သူ့ကိုတွေ့ရတာ ကျင့်သားရသွားခဲ့သည်။ ရံဖန်ရံခါလန့်ဖျပ်ပြီး နိုးလာသော သမားတော်ဟဲက လမင်းကြီးကို တိတ်တဆိတ်ကြည့်နေလေ့ရှိသည်။ ကံအားလျော်စွာ အဘိုးကြီးက လိုက်လျောညီထွေရှိခဲ့သည်။ ကောတစ်ယောက်က ကလေးနှစ်ယောက်ကို ထိန်းရတာ ခက်ခဲမှန်းသူသိသည်။

နောက်တော့ ထန်ချွန်းမင် တံခါးခေါက်ပြီး လာကြည့်ပေးဖို့ သူ့ကိုမခေါ်မချင်း ညဘက်ဆို သူရောက်မလာတော့ပေ။ အကြောင်းမှာ လူယုတ်မာလေးက မရပ်မနားငိုနေလျှင် ဖျားသွားမှာစိုးရိမ်လို့ဖြစ်သည်။

 

ထန်ချွန်းမင်က ဤလူယုတ်မာလေးကို ​နေရာလွတ်ထဲခေါ်ဆောင်သွားခဲ့သည်။ အားလင်းကအိပ်ပျော်နေပြီး ဤလူယုတ်မာလေးကြောင့် နိုးလာသည်ကလွဲ၍ ညဘက်မှာ နိုးလာလေ့မရှိပေ။ သူက ဤလူယုတ်မာလေးကို အပြင်မှာတစ်ယောက်တည်းထားခဲ့ရမှာ စိုးရိမ်၍ သူနဲ့အပါခေါ်လာတာဖြစ်သည်။ သူက သူ့ကိုစောင်သေးသေးလေးနှင့် ပတ်ပေးထားပြီး သစ်သားအိမ်ထဲမှာထည့်ထားသည်။ ဤနေရာရှိအပူချိန်က မှန်ကန်သောကြောင့် အေးနေမည်ကို စိုးရိမ်စရာမလိုပေ။

 

ထန်ချွန်းမင်က ကိုယ်ပိုင်သိုလှောင်ခန်းကို ဝင်သွားခဲ့သည်။ ဖခင်ဆုံးပါးသွားပြီး​နောက် သူသည် ဤနေရာကိုရခဲ့ပြီး အင်တာနက်မှတစ်ဆင့် ဝိုင်ပြုလုပ်ခြင်းအ​တွက် ကုန်ကြမ်းများကို စုဆောင်းခဲ့သည်။ အများစုမှာ တရုတ်ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။

မျိုးစေ့များကိုရှာဖွေပြီးနောက် နေရာလွတ်ထဲမှာ စိုက်ပျိူးခဲ့သည်။ သူ ယခုမှ ဤနေရာကိုရောက်လာပေမယ့် နေရာလွတ်ထဲတွင် လက်ကျန်ဝိုင်တဆေးနှင့် ကိုဂျီမျိုးစေ့တချို့ရှိသည်။ သူ အပြင်မှာ စပျစ်ဝိုင်ကို နှစ်ကြိမ်တိတိကြိုးစားခဲ့သည်။ ပြီးလျှင် သူ့မိခင်၏ဝိုင်ကို မြည်းစမ်းခဲ့သော အဘိုးကြီးအားဖိတ်ခေါ်သည်။ နောက်ဆုံးအကဲဖြတ်မှုမှာ ဝိုင်က လုံလောက်အောင်မကျက်သေးသော်လည်း ထူးခြားသော လန်းဆန်းမှုခံစားချက်ကိုရသည်။ အမှန်မှာ နောက်ဆုံးအကဲဖြတ်မှုသည် နေရာလွတ်ကြောင့်ဆိုတာ သူသိသည်။

 

ထန်ချွန်းမင်က အတိတ်ကိုငြိတွယ်ရတာ သဘောကျသည့် လူမဟုတ်တာကြောင့် သူ ကိုဂျီမျိုးစေ့များကိုကြည့်လိုက်သောအခါ သက်ပြင်းချပြီး အစေ့များကို အပြင်မှာစိုက်ဖို့ ယူလာခဲ့သည်။ နေရာလွတ်ထဲမှာ ကျန်ရှိသောကိုဂျီက တစ်ကြိမ်သာ ချက်လို့ရတော့တာကြောင့် ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်ရန် သူ နောက်ထပ်ကုန်ကြမ်းတချို့ကို စိုက်ပျိုးဖို့လိုသည်။

 

နေရာလွတ်ထဲမှာ စိုက်ပျိုးရတာမလွယ်ပေ။ သူက မြေကွက်လပ်တစ်ခုကိုရှာဖွေပြီး မျိုးစေ့တချို့ကို ကြဲချကာ နေရာလွတ်ထဲမှ စမ်းရေနည်းနည်းလောင်းပေးဖို့လိုသည်။ သူ့လက်ထဲမှ အညစ်အကြေးများကို ခါထုတ်ပြီး လက်ရှိနေရာလွတ်ကို ကြည့်ပြီးနောက် ထန်ချွန်းမင်က ကျေကျေနပ်နပ်ပြုံးလိုက်သည်။ သူ၏နေရာလွတ်က ပြန်ကျယ်လာပြီး ယင်းမှာ သူ နေရာလွတ်ထဲတွင် မကြာခဏအလုပ်ရှုပ်နေလို့ဖြစ်သည်။.

 

ယခုအခါ ထိုနေရာတွင် ဟင်းသီးဟင်းရွက်နှင့် အစေ့အဆန်များ နည်းပါးလာသော်လည်း သီးပင်စားပင်၏ဧရိယာက ကျယ်ပြန့်လာသည်။ အစေ့မှစိုက်ပျိုးထားသော သီးပင်တန်းများကို နောင်မှာ အနောက်တောင်၌စိုက်ဖို့ ပြင်ဆင်ထားသည်။ မူလ သီးပင်ဟောင်းမှ အကိုင်းအခက်များကို ဖြတ်တောက်ကာ နောက်နှစ်ကိုင်းဆက်ကူးရန် သိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားသည်။ မဟုတ်ပါက အရေအတွက်လုံလောက်တော့မှာမဟုတ်ပေ။ သို့ဖြစ်၍ သူက ကြိုတင်ပြင်ဆင်ဖို့လိုသည်။

 

လယ်ကွင်းများတွင် ရိတ်သိမ်းဖို့လိုအပ်သည့်အရာများကို ရိတ်သိမ်းခဲ့ပြီး ပြန်စိုက်ဖို့လိုအပ်သည်ကို ပြန်စိုက်ခဲ့သည်။ ထန်ချွန်းမင်က လက်ဆေးပြီး လူယုတ်မာလေးကို ကောက်ကိုင်ကာ နေရာလွတ်မှထွက်ပြီး ပြန်အိပ်ဖို့ပြင်လိုက်သည်။ ယခု သူ့မှာအချိန်တွေ ပိုပိုနည်းလာလာခဲ့သည်။

နေရာလွတ်ထဲဝင်ဖို့ အချိန်ရှာရတာမလွယ်သလို ညဘက်မှာ တိတ်တိတ်လေးလုပ်ရတာကလည်း သူ့ပင်ကိုစရိုက်နဲ့ မကိုက်ညီပေ။ သူ လီဖုန်းကို စောစောစီးစီးပြောပြလို​က်သင့်သည်။ ဒါမှ နောက်ကျရင် နေရာလွတ်ထဲတွင် သူ့ကိုကူညီမယ့်လူတစ်ယောက်ရှိလာလိမ့်မည်။

 

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး အပြင်လောကအကြောင်း ဘာမှမသိသေးသည့် လူယုတ်မာလေးကိုချီထားရင်း ထန်ချွန်းမင်က ပွင့်နေသော သူ့ပါးစ​ပ်ကို လက်ညိုးနဲ့ထိုးလိုက်သည်။ “မင်း အသည်းနှလုံးမရှိတာပဲ။ ငါဘာလုပ်လုပ် မင်းအတွက် ဘာလို့တွေးပေးရတာလဲ… မင်းလူယုတ်မာလေး…ကြီးလာရင် မင်းအဖေနှစ်ယောက်ကို ပြန်သိတတ်နော်.. ဟုတ်ပြီလား?” သူက သူ့ယခင်ဘဝအကြောင်း တွေးမိသည့်အတွက် သူ့ကိုယ်သူ တခြားဖခင်တစ်ယောက်၏ သရုပ်သကန်အဖြစ် မသိစိတ်အလျောက်ပေးခဲ့သည်။

 

သူက ပုံမှန်လိုပင် နေရာလွတ်မှထွက်သွားပြီး အခန်းထဲမှာ အလင်းရောင်မရှိပေ။ မှောင်မဲနေပြီး သစ်သားပြတင်းပေါက်မှ ထွက်လာသော လရောင်က အလွန်မှိန်ဖျော့နေသည်။ သူက လင်းထိန်နေသော နေရာလွတ်မှထွက်လာသောကြောင့် သူ့မျက်လုံးများကို ခဏတာမျှ ဖွင့်လို့မရခဲ့​ပေ။ သူက ခန်းကုတင်ပေါ်မှာထိုင်နေသော အနက်ရောင်ပုံရိပ်ကိုမြင်လိုက်ရသည်။ ထန်ချွန်းမင်က ​ကြောက်လန့်လွန်ပြီး အော်ဟစ်ကာ ကလေးကိုလွှင့်ပစ်မိမလို ဖြစ်သွားခဲ့သည်။

  

“မင်ကောအာ…ငါပါ… အားဖုန်း… မင်းဘယ်ရောက်နေတာလဲ!” စိုးထိပ်မှုပါနေသည့် ရင်းနှီးသောအသံမှာ ထန်ချွန်းမင်၏အော်သံကို ဆို့နင်သွားစေသည်။ သူက သူ့ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ပုတ်ကာ ကလေးကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။ သူက ရင်ထဲမှာ ကံကောင်းတယ်လို့ ခံစားနေရ၍ သူ၏ရုတ်တရက်ပေါ်လာမှုက တခြားသူတွေကို ထိတ်လန့်သွားစေမယ်ဆိုတာ မသိလိုက်ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment