no

Font
Theme

Chapter 51.1

“ဝေစုခွဲခြင်း”

အစောဆုံးအသုတ်တွင် ကြက်မတစ်ဝက်နှင့် ကြက်ဖတစ်ဝက်ရှိသည်။ ကြက်ဖအနည်းငယ်ကိုခွဲထုတ်ထားပြီး ကျန်တာက မသဲကွဲသောအမျိုးစားဖြစ်၏။ ယခု တစ်ကောင်လျှင် လေးပေါင်ခန့်အလေးချိန်ရှိသည်။ နေ့လည်စာစားပြီးနောက် ထန်ချွန်းမင်နှင့် လီဖုန်းက ထန့်ယွီနှင့် ဆိုင်ရှင်ချီကို အနောက်တောင်ရှိ ကြက်ခြံသို့ခေါ်သွားခဲ့သည်။ အပြင်ဘက်လယ်ကွင်များတွင် အစာရှာနေသော ကြက်များက စွမ်းအင်ပြည့်ဝနေပြီး တောက်ပသောအမွေးများရှိသည်။ သူတို့က အင်မတန်ကျန်းမာပုံပေါ်သည်။

 

နောက်ပိုင်းမှာဖမ်းမိခဲ့သော ကြက်အသုတ်ကို ​ဤနေရာသို့ပြောင်းရွှေ့ခဲ့သည်။ သူတို့ထဲကအများစုမှာ ဦးလေးထျဲဆီသွားပြီး ကျန်အနည်းငယ်ကို ဤနေရာမှာထိန်းသိမ်းထားသည်။

 

ယခုမူ ​ခြံထဲမှာ ကြက်ပေါက်အသစ်တစ်သုတ်ရှိနေ၏။ ဤအကောင်ပေါက်လေးများကိုရှာရန် အများကြီးကြိုးစားခဲ့ရသည်။ တချို့ကို ကြက်ရောင်းသည့်မိသားစုထံမှဝယ်ပြီး တချို့ကတော့ ရွာထဲရှိ ကြက်ဖမွေးသော မိသားစုမှ အကောင်ပေါက်လေးများဖြစ်သည်။ သူတို့က ဥပေါက်နိုင်သည့် ကြက်အကောင်ပေါင်းများစွာ စုဆောင်းနိုင်ခဲ့သည်။ သူတို့ဆီမှ ကြက်ပေါက်များ အဆက်မပြတ်ထွက်လာမည်ဖြစ်သည်။

 

ထန်ချွန်းမင်က ယခုနှစ်တွင် ကုန်ရောင်းချဖို့ အသင့်ရှိနေစေရန် ကြက်ပေါက်အရေအတွက်ကို ဆက်လက်တိုးမြှင့်ခဲ့သည်။ သို့ဖြစ်၍ သူတို့က တခြားလယ်ကြက်များထက် ကြီးထွားတာပိုမြန်သည်။ ယခုမူ သူ ၎င်းတို့ကို အစာကောင်းကောင်းကျွေးနေ၍ ကြီးထွားနှုန်းပိုမြန်သည်။ တခြားသူတွေက ၎င်းကိုနားမလည်ပေမယ့် ကြက်ရောင်းချလို့ရသည်နှင့် သူတို့စောဒကတက်နိုင်တော့မည်မဟုတ်ပေ။ ထို့အပြင် ကြက်မွေးသည့်လယ်သမားများက ယုံကြည်ရတာကြောင့် သူတို့က အတင်းအဖျင်းပြောမှာမဟုတ်ပေ။

 

ထန်ချွန်းရုံကလည်း လိုက်သွားကာ သူ့အစ်ကို၏ အိမ်နောက်ဘက်က တောင်ကြီးမှာ ပိုမိုသက်ဝင်လှုပ်ရှားလာသည်ကိုမြင်လျှင် သူပျော်သွားတော့သည်။

  

“နေ့စဥ် ဥပြတ်လတ်မှာမဟုတ်လို့ ငါအဲ့ဒါတွေကိုယူသွားလိုက်မယ်။” ထန့်ယွီက ဆိုင်ရှင်ချီ၏အမြင်ကိုမေးပြီး ချက်ချင်းဆုံးဖြတ်ခဲ့သည်။

 

“ခင်ဗျားစျေးပေးသရွေ့ ကိစ္စမရှိပါဘူး။” ထန်ချွန်းမင်က လက်ဝေ့ယမ်းပြပြီး စကား​ပြောရလွယ်ပုံပေါ်ပေမယ့် သူပြောသမျှက ငွေအကြောင်းဖြစ်၍ ထန့်ယွီနှင့် ဆိုင်ရှင်ချီ၏ နှုတ်ခမ်းများတွန့်ကွေးသွားလေသည်။

သူတို့ နေ့လည်တုန်းက အရိုးရှင်းဆုံးမွေးထားသည့် ကြက်ဥကိုလည်းစားဖူး၍ ယခု ၎င်းကို နားမလည်ပဲနေမည်လား..ထန်ချွန်းမင်က သူတို့ကို ဤနေရာမှာစောင့်နေခဲ့တာပင်။

  

“ကောင်းပြီ. အပြင်မှာ ကြက်ဥတစ်လုံးက တစ်ဆင့်.. ငါ မင်းကို နှစ်ဆင့်ပေးရင်ရော?” ထန့်ယွီက ခဏလောက်စဥ်းစားပြီး ပြောလိုက်သည်။

  

“ဟားဟား… ရပါတယ်။ သူဌေးထန့်က ရိုးသားတဲ့လူပဲ။ ပစ္စည်းလာယူဖို့ ဆိုင်ရှင်ချီကို လူလွှတ်ခိုင်းလိုက်မယ်။” ထန်ချွန်းမင်က ရယ်မောလိုက်ပြီး ခဏကြာတော့ သူက ထန့်ယွီ၏လက်မောင်းကို နှစ်​ကြိမ်ပုတ်လိုက်လေသည်။ ထန့်ယွီက အရပ်မပုတာကြောင့် သူ့ပခုံးကိုပုတ်ဖို့ အဆင်မပြေပေ။

 

ထန့်ယွီ၏ခန္ဓာကိုယ်က တခဏမျှတောင့်တင်းသွားပြီး လီဖုန်းက ပို၍လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ထန်ချွန်းမင် တတိယအကြိမ် ပုတ်ခါနီးတွင် သူက သူ့လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။ စိတ်လှုပ်ရှားမှုရပ်တန့်သွားသော ထန်ချွန်းမင်က လီဖုန်းကို ရှုပ်ထွေးစွာကြည့်လိုက်ပြီး သူ၏နက်မှောင်သောမျက်နှာကို မြင်သောအခါ သူ့ကိုယ်သူ သုံးသပ်မိသွားသည်။ သူ လွန်လွန်ကဲကဲ ဘာမှမလုပ်ခဲ့ဘူးမလား……

 

ထန်ချွန်းမင်၏ သတိမထားမိလိုက်သော ပုံံစံကိုကြည့်ကာ ထန့်ယွီက ရယ်လိုက်လေသည်။ သူ ထန်ဖူလန်ကို သာမန်ကောတစ်ယောက်လို မဆက်ဆံခဲ့သင့်ပေ။ သူကိုယ်တိုင်လည်း ဤကိစ္စကို သတိမထားမိသလိုပင်။ လီဖုန်းက အနာဂတ်မှာ သူ့အတွက် စိတ်ပူနေရတော့မည်။

  

“အစ်ကိုကြီး.. ကိုယ့်အလုပ်ကိုယ်သွားလုပ်တော့…အားဖုန်းနဲ့ ကျွန်တော်က တခြားနေရာတွေ​ကို သွားလိုက်ဦးမယ်။” ထန့်ယွီကိုတွေ့ပြီး စိတ်မသက်မသာဖြစ်နေသော ဦးလေးလျို၏သားဖြစ်သူအား ထန်ချွန်းမင်က သူတို့ကိုအဖော်မပြုပေးပဲ အလုပ်ဆက်လုပ်ဖို့ပြောလိုက်သည်။ သူ အခုမှ လှောင်အိမ်ထဲကထွက်လာတာမို့ ဘယ်လိုမြန်မြန်ပြန်နိုင်မှာလဲ? ထို့အပြင် တောင်ဝယ်​ပြီးနောက် ကလေးမမွေးမီ တောင်ခြေနှင့် အနီးနားပတ်ဝန်းကျင်ကိုသာ လည်ပတ်ခဲ့ပြီး တောင်အမြင့်တစ်နေရာသို့ မရောက်ဖူးပေ။

 

လီဖုန်းက ထန်ချွန်းမင်၏လက်ကို လွှတ်မပေးပဲ နှစ်ယောက်သားက ထန့်ယွီနှင့် တခြားသူများဘေးတွင် လက်တွဲလျှောက်လာသည်။ ဆိုင်ရှင်ချီက သူတို့ကို ခိုးကြည့်နေသည်။ သူ့သခင်လေးက ဘယ်တော့လက်ထပ်မှာလဲ? ထန်ဖူလန်က မကြာခင်လက်ထပ်တော့မှာ။

 

ထန်ချွန်းရုံက ရှုပ်ထွေးသွားသည်။ သူ့အစ်ကိုပျော်နေတာကို ဝမ်းသာပေမယ့် တစ်ယောက်ယောက်က သူ့အစ်ကိုကိုလုယူသွားသလို ခံစားရသည်။ ထို့အပြင် လူငယ်တစ်ယောက်အနေဖြင့် သူ ဤမြင်ကွင်းကိုကြည့်ရတာ ရှက်သည်။ သူက ခေါင်းကို တခြားတစ်ဖက်သို့ တိတ်တဆိတ်လှည့်လိုက်ပြီး သူ့နားရွက်က နီရဲလာခဲ့သည်။

 

ကြက်လှောင်အိမ်နှစ်ခုကြားက ရေကန်မှာ အကျယ်အဝန်းတစ်ဧကဖြင့် တူးဖော်ပြီးစီးသွားခဲ့သည်။ ၎င်းက လီဖုန်းလုပ်ခဲ့တာပင်။ ထန်ချွန်းမင်၏ညွှန််ကြားချက်အရ ရေမထည့်မီ ပိုးသတ်ဆေးဖြန်းထားခဲ့သည်။ ရေဖြည့်သည့်နေ့မှာ ထန်ချွန်းမင်က လမ်းလျှောက်ထွက်ပြီး နေရာလွတ်စမ်းရေရောဖို့ အခွင့်အရေးယူခဲ့သည်။ လက်ရှိတွင် ငါးနှင့်ပုဇွန်ကို ရေကန်ထဲထည့်ထားပြီး ဘဲပေါက်လေးနှစ်ရာ ဖမ်းမိခဲ့သည်။

 

ငါးနှင့်ပုဇွန်အချို့ကို စျေးမှဝယ်ခဲ့တာဖြစ်ပြီး အချို့ကတော့ ရွာရှိကလေးများထံမှ ဝယ်ယူကာ တချို့ကိုတော့ ဆိုင်ရှင်ချီက ဝယ်ယူသွားခဲ့သည်ဟုဆိုသည်။ မိုးမခအကိုင်းအခက်များက ရေကန်ထိပ်တွင် စိုက်ထားသည်။​ လောလောဆယ် လှနေပုံမပေါ်ပေမယ့် နောက်နှစ်မှာ ကွာခြားသွားလိမ့်မည်။

 

ရှေ့တွင် အသစ်ဆောက်ထားသော သိုးခြံအတန်းလိုက်ရှိပြီး သိုးအသစ်များ ရွှေ့ပြောင်းလာဖို့ စောင့်ဆိုင်းနေသည်။ ထန့်ယွီက ထန်ချွန်းမင်၏ မွေးမြူခြင်းဆိုင်ရာ စိတ်အားထက်သန်မှုကို နားမလည်ပေ။ သိိုးခြံကမသေးတော့ သိုးအရေအတွက်ကလည်း နည်းမှာမဟုတ်ပေ။ သူက တောင်ကုန်းပေါ်ကို လက်နောက်ပစ်ကာ လျှောက်သွားပြီး စိတ်ဝင်တစားမေးလိုက်သည်။ “ထန်ဖူလန်… သိုးမွေးရတဲ့ရည်ရွယ်ချက်ကဘာလဲ?”

  

“သိုးလား? သိုးသားပဲရောင်းတဲ့ စားသောက်ဆိုင်ဖွင့်ရင်ရော?” ထန်ချွန်းမင်က စကား​ပြောနေရင်း သွားရည်ကျလာတော့မလို ခံစားလိုက်ရသည်။ လီဖုန်းက မင်ကောအာ၏အမူအရာကိုကြည့်ပြီး ပြုံးလိုက်ကာ သူ့လက်ကို ညှစ်လိုက်လေသည်။

  

“သိုးစားသောက်ဆိုင်?” အဲ့ဒါဘာလဲ? သိုးသားရောင်းမှာလား?” ဆိုင်ရှင်ချီက မေးလိုက်သည်။ သိုးသားက အနံ့ပြင်းတာကြောင့် လူအများစုက မစားကြပေ။

  

“ဟုတ်တယ်…ဝေါင်း! ဘယ်လောက်အရသာရှိလိုက်မလဲ.. စောင့်ကြည့်တာပေါ့။ အေးလာရင် ကျွန်တော် သိုးတစ်ကောင်သတ်ဖို့ပြောလိုက်မယ်။ ပြီးရင် ခင်ဗျားတို့လာမြည်းလှည့်… စားပြီးရင် မပြန်ချင်တော့ဘူးဖြစ်သွားမှာ အာမခံတယ်။” ထန်ချွန်းမင်က အရသာကို အာရုံခံလိုက်သည်။

  

“ဟားဟား…လောင်ချီနဲ့ ငါစောင့်မျှော်နေမယ်။” ထန့်ယွီက အပြုံးတစ်ခုဖြင့် သဘောတူလိုက်သည်။

 

ဆိုင်ရှင်ချီ၏နှုတ်ခမ်းတွန့်ကွေးသွားသည်။ ထန်ချွန်းမင်က သူ့ဗိုက်သူဖြည့်ဖို့ ငွေရှာနည်းများစွာကို တီထွင်ခဲ့တယ်လို့ သူခံစားလိုက်ရသည်။

 

သိုးခြံအပြင်မှာ အလုပ်ရှုပ်နေသော အမျိုးသားတွေရှိသည်။ ထန့်ယွီက သူတို့ဘာလုပ်နေလဲ စပ်စုနေသည်။ လီဖုန်းက သူတို့ကိုကြီးကြပ်နေခဲ့တာကြောင့် အားလုံးကို အတွင်းကျကျသိသည်။ သူကဖြေလိုက်သည်။ “ကြက်လှောင်အိမ်အပြင်ဘက် ခြံစည်းရိုးပေါ်ကအတိုင်း ကိုးချီဘယ်ရီသီးစိုက်ထားတာ။”

  

“ကိုးချီဘယ်ရီသီး? ထန်ဖူလန်က ဆေးဖက်ဝင်အပင်တစ်ချို့ စိုက်ချင်တာလား?” ထန့်ယွီက ထန်ချွန်းမင်၏အတွေးကိုမသိပေ။ လီဖုန်းပြောလို့ပြီးတော့ သူသည်လည်း ကြက်လှောင်အိမ်အပြင်ဘက်မှာ မြင်ခဲ့ရသော ချုံပုတ်ကျဲကျဲကြီးများကို စဥ်းစားမိလိုက်သည်။

 

ထန်ချွန်းမင်က လက်ခါယမ်းကာပြောလိုက်သည်။ “အဲ့ဒါက နေရာအပြည့်အဝအသုံးချရုံပါ။ ဆေးဖက်ဝင်အပင်တွေစိုက်ပျိုးဖို့ မရည်ရွယ်ထားဘူး။ ဒါပေမယ့် ကိုးချီဘယ်ရီကကောင်းတယ်။ သူ့ကိုဆေးအဖြစ်သုံးစရာမလိုဘူး။”

“လက်ဖက်ရည်ဖျော်လို့ရတယ်။ စွပ်ပြုတ်လုပ်လို့ရတယ်။ ကိုးချီဘယ်ရီသီးက ဟင်းချက်ရင်လည်း သုံးလို့ရတယ်။ ဒီကိုးချီဘယ်ရီတွေက တောင်ပေါ်မှာတွေ့ခဲ့တာ။ သူတို့က ​ကြီးထွားတာမြန်တယ်။ သူတို့ကိုစိုက်ပျိုးဖို့ နည်းနည်းလေးပဲ အားထုတ်ဖို့လိုတယ်။”

  

“တခြားရောရှိသေးလား?” ထန့်ယွီက ထပ်ရှိသေးတယ်ထင်၍ မေးလိုက်​လေ၏။

 

ထန်ချွန်းမင်က ရှင်းပြလိုက်သည်။ “ဒါပေါ့…ရှိသေးတယ်။ ရက်စ်ဘယ်ရီသီးတွေလည်းရှိသေးတယ်။ ကျွန်တော် တချို့ကိုအစားထိုးစိုက်ပျိုးဖို့ ပြင်ထားပြီး ကလေးတွေကို အစာအဖြစ်ကျွေးမယ်။ ကျန်တာကိုတော့ ကြက်ပေါက်နဲ့ဘဲပေါက်လေးတွေ စားလို့ရတယ်။” သူ့အမြင်မှာ အတိုင်းအတာတစ်ခုရဖို့ နောက်ထပ်နှစ်နှစ် သုံးနှစ် အချိန်ယူရမှာဖြစ်ပြီး ထိုအချိန််ရောက်လျှင် ကြက်သားက အရသာပိုကောင်းလာလိမ့်မည်။

 

ထန့်ယွီက ဆိုင်ရှင်ချီကိုကြည့်လိုက်သည်။ သူက ဤအရာများကို သိပ်မသိသလို ဆိုင်ရှင်ချီကလည်း ခေါင်းခါပြလိုက်သည်။ သခင်လေးမပြောနှင့်၊ သူသည်လည်း ဤအရာမျိုးမမြင်ဖူးပေ။ သို့သော် သူက စောင့်မျှော်နေသည်။ ကြက်တွေ ကောင်းကောင်းမွေးမြူနိုင်လျှင် သခင်လေး၏လယ်ကွင်းကလည်း အတုယူနိုင်လိမ့်မည်။ သူတို့က ထန်ချွန်းမင်၏လက်ရာကို မယှဥ်နိုင်သော်လည်း မူလမွေးမြူနည်းထက်တော့ သာသည်။

 

ထန်ချွန်းရုံကလည်း မျှော်လင့်နေသည်။ သူက သူ့သူငယ်ချင်းတွေနဲ့အတူ တောင်ပေါ်မှာ အသီးသွားခူးဖူးသည်။ သူကျောင်းတက်ပြီးသည့်နောက်ပိုင်း အခွင့်အရေးနည်းပါးလာခဲ့သည်။ သူက အရွယ်​ရောက်ပြီးသူတစ်ယောက်ဖြစ်သော်လည်း ရံဖန်ရံခါမြည်းစမ်းကြည့်လို့ရပါသည်။ ဟုတ်တယ်…ဒါပါပဲ ..

 

တချို့လူတွေက ရှေ့တွင် ပေါင်းပင်များနှင့် အသုံးမဝင်သော သစ်ပင်များကို ခုတ်ထစ်ရှင်းလင်းနေပြီး တချို့အပင်များကိုတော့ ချန်ထားခဲ့သည်။ လီဖုန်းနှင့် ထန်ချွန်းမင် ရောက်လာတာကိုတွေ့တော့ အလုပ်သမားများက စိတ်အားထက်သန်စွာ နှုတ်ဆက်လာသည်။

ယခုရက်ပိုင်းတွင် ဆိုင်ရှင်ချီက ခဏခဏလာတတ်၍ သူက မြို့ပေါ်ရှိ ကျင်းကျိစားသောက်ဆိုင်၏ ဆိုင်ရှင်ဆိုတာ လူတိုင်းသိသည်။ သူ့ဘေးနားရှိ တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်လေးက အဆင့်အတန်းမြင့်ပုံရသည်။ ထို့​ကြောင့် သူတို့ထွက်သွားလျှင် သူ့အကြောင်းမလွဲမသွေပြောကြတော့မှာဖြစ်၏။

  

“အစ်ကိုဖုန်းက ဒီတောရိုင်းသစ်ပင်တွေကို ဘာလုပ်ချင်တယ်လို့ထင်လဲ? ဒီသစ်ပင်တွေပေါ်က သစ်သီးက အရမ်းချဥ်စူးနေတာ ကလေးတွေလည်း ကိုက်နိုင်မှာမဟုတ်ဘူး။”

  

“ဟုတ်တယ်..ဒီရက်တွေမှာ အလုပ်လုပ်ပေးဖို့ ငါတို့ကိုငှားထားတဲ့ပိုက်ဆံတွေက နှ​မြောဖို့ကောင်းတယ်။” လူတစ်ဦးက တောရိုင်းသစ်ပင်အောက်ရှိ ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းနေပြီး ဘေးမှာပေါက်နေသော အကိုင်းအခတ်များကို ခုတ်ထွင်ရင်း လမ်းလျှောက်ထွက်သွားသော အဝေးမှပုံရိ​ပ်များကို ကြည့်နေသည်။

 

“အလုပ်လုပ်ကြတော့။ ဖုန်းရှောင်ကျစ်နဲ့ မင်ကောအာမှာ ဒီလိုလု​ပ်ရတဲ့အကြောင်းအရင်းရှိတယ်။ သူတို့မှာ ငွေဘယ်လောက်ရှိရှိ ရေထဲပစ်ချမှာတော့မဟုတ်ဘူး။ တောင်ခြေက ကြက်တွေက​လည်း အဆင်ပြေနေတယ်။ အရင်က ဘယ်သူကများ ကြက်ရာကျော်မွေးဖူးလို့လဲ? အနာဂတ်မှာ ဒီထက်ပိုရှိလာမယ်ထင်တယ်။”

  

“မင်ကောအာက ကြ​က်မွေးမြူတာ ​ကျွမ်းကျင်တယ်။ နွေဦးပေါက်ကမွေးထားတဲ့ ကြက်တွေက တခြားမိသားစုမှာ တစ်ဝက်ပဲကြီးထွားသေးပေမယ့် မင်ကောအာရဲ့ကြက်တွေက ဥတောင်ဥနေပြီ။”

  

“ငါတို့ ကြက်အများကြီးမွေးရင်တော့ ကြက်တွေဖျားသွားမှာပဲ။”

  

“ဒါက တခြားမိသားစုကိစ္စပါ။ မင်ကောအာက ကြက်အများကြီးမွေးဖို့ မစဥ်းစားထားပေမယ့် အောက်က ကြက်တွေကိုကြည့်ပြီး ငါတို့အိမ်မှာမွေးတဲ့ကြက်တွေနဲ့ ယှဥ်ကြည့်လိုက်။”

“မင်ကောအာက ပညာတတ််မို့ ဗဟုသုတလည်းအများကြီးရှိတယ်။ အစ်ကိုလီဖုန်းလည်း အတူတူပဲ။ သူက ကမ္ဘာကြီးကိုမြင်ဖူးတယ်။ တခြားမိသားစုတွေက သူတို့ကောလေးတွေကို ဒီလိုလုပ်ခွင့်ပြုမှာမဟုတ်ဘူး။”

  

“ဒါနဲ့.. မင်းတစ်ခုခုကြားခဲ့သေးလား? ငါတို့ရွာမှာ နောက်နှစ်ဆိုရင် ကျောင်းဖွင့်တော့မယ်တဲ့။ ငါဒီနှစ် အစ်ကိုဖုန်းဆီမှာ ငွေရှာနိုင်တော့ နောက်နှစ်မှာ ငါ့ကလေးတွေကို ကျောင်းပို့လို့ရပြီ။”

  

“တကယ်လား?” လူတစ်ယောက်က အံ့အားသင့်သောပုံစံဖြင့် မယုံကြည်နိုင်စွာမေး​လိုက်သည်။

  

“တကယ်ဆိုရင် ကောင်းမှာပဲ။ တခြားရွာမှာ ကျောင်းလခက များလွန်းတယ်။ ငါတို့ရွာမှာ သက်သာရင် ငါတို့ကလေးတွေ တစ်နှစ်၊နှစ်နှစ်လောက် စာသင်နိုင်လိမ့်မယ်။ သူတို့ အများကြီးသင်ယူစရာမလိုပါဘူး။ ငါတို့လိုပညာမဲ့ငကန်းတွေ မဖြစ်ဖို့ပဲလိုတာ။”

  

&&

“ဟား…ဟား..”

 

ထန်ချွန်းမင်နှင့် သူ့အဖွဲ့က လမ်းတစ်ဝက်မရောက်ခင် ပြန်လှည့်လာသည်။ ရှေ့ဆက်လျှောက်ရမယ့်လမ်းက ပိုခက်ခဲလာပြီး မရှင်းလင်းလို့ဖြစ်သည်။ သို့သော် ထိုနေရာတွင် သစ်အယ်ပင်များရှိသည်ဟု လီဖုန်းကပြောလာသောအခါ ထန်ချွန်းမင်က ဝမ်းသာသွားခဲ့သည်။

သကြားနှင့်တို့စားရန် သစ်အယ်သီးများကောက်ယူဖို့ သူ ဤနေရာကို လာလို့ရသည်။ သူတို့က ပင်လုံးကြိုင်ပန်းတချို့ကိုလည်း ပြင်ဆင််ဖို့လိုအပ်သည်။ ထန်ချွန်းရုံက စိတ်အားထက်သန်နေသော်လည်း သူ့အစ်ကိုက သူ့နဖူးကိုပုတ်ကာ ပြောလာသည်။ “ ကျောင်းမှာကောင်းကောင်းနေ။ ပိတ်ရက်မှာပြန်လာခဲ့။ နည်းနည်းကျန်သေးရင် ငါမင်းအတွက်ချန်ထားပေးမယ်။”

(Osmanthus- တရုတ်ရေမွှေးပန်း - ပင်လုံးကြိုင်)

    

“သိပါတယ်… ကျွန်တော်ခွင့်ယူဖို့ မတွေးထားပါ့ဘူး။” တခြားလူတွေအရှေ့မှာ ဆူခံလိုက်ရသည့်အခါ ထန်ချွန်းရုံ၏မျက်နှာက နီရဲလာသည်။ သူ့အစ်ကိုကိစ္စကလွဲ၍ သူ ခွင့်ယူဖို့မတွေးထားပေ။ သူ့မှာလည်း သူ့ရည်မှန်းချက်တွေရှိသည်။

////////

Chapter 51.2

အားစန်း၏လပြည့်နေ့ပွဲအပြီးမှာ မိုးရွာခဲ့ပြီး ရာသီဥတုက သိသိသာသာ​အေးလာခဲ့သည်။ ခရိုင်မြို့က ရေခဲဆိုင်ကို လည်ပတ်ဖို့ မဖြစ်နိုင်တာကြောင့် မိသားစုတွေအားလုံးဆွေးနွေးပြီး ဆိုင်ပိတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကျန်းချန်မင်ပြန်ရောက်လာတော့ သူက ထန်ချွန်းမင်၏အိမ်ကို စာရင်းစာအုပ်ယူဆောင်လာပြီး ဤကာလအတွင်း စာရင်းများနှင့် မိသားစုအသီးသီး၏ အမြတ်ဝေစုကို ရှင်းပြခဲ့သည်။

 

တခြားကိစ္စများကိုမပြောမီ ကျန်းချန်မင်က ပြောလိုက်သည်။ “မင်ကောအာ… မင်း အဲ့ဒီဆိုင်အတွက် ဘယ်လိုစီစဥ်ထားလဲ? ဆိုင်ပိတ်လိုက်ရင် ဖြုန်းတီးရာကျတယ်။ မင်း ရေခဲရောင်းရင်လည်း တစ်နှစ်ကို နှစ်လသုံးလလောက်ပဲ ရောင်းလို့ရလိမ့်မယ်။” အမြတ်များပေမယ့် လစ်လပ်နေသည့် အချိန်အတွင်း ဆိုင်ကိုငှားနိုင်ရင် ငှားခတွေအများကြီးပြန်ရနိုင်သည်။

  

“ဒါ…. ကျွန်တော့်မှာ စိတ်ကူးတချို့ရှိတယ်။ ဒါပေမယ့် ဒီနှစ်တော့ လုပ်လို့မရဘူး။” ထန်ချွန်းမင်က ခေါင်းကုတ်လိုက်သည်။ ရေခဲရောင်းတာက မူလတည်းက ယာယီစိတ်ကူးသာဖြစ်သည်။ ထို့အပြင် သူက ဆိုင်ကိုမငှားပဲ ဝယ်ခဲ့သည်မှာ ရေခဲလုပ်ခြင်းလုပ်ငန်းစဥ် ပေါက်ကြားသွားမှာ စိုးရိမ်လို့ဖြစ်သည်။ ကိုယ်ပိုင်ဆိုင်သုံးတာပိုကောင်း၏။

ထို့အပြင် ဤဆိုင်က အတော်လေးထူးခြားပြီး အနောက်ဘက်မှာ အပိုနေရာရှိသည်။ သူဆိုင်ဝယ်ပြီးနောက် နောက်ဖေးတွင် ယာယီရေခဲလှိုဏ်ဂူတူးရန် လူတစ်ယောက်ကို အထူးတောင်းဆိုခဲ့သည်။

  

“မင်းဘယ်လိုထင်လဲ? မင်ကောအာ” ကျန်းချန်မင်၏မျက်လုံးက တောက်ပလာသည်။ ဤကာလမှာ စီးပွားရေးလုပ်ရတာ အနည်းငယ်ခက်ပေမယ့် ရွာထဲမှာ လယ်လုပ်ရတာထက် စိတ်အားထက်သန်ပြီး ပြီးပြည့်စုံတယ်လို့ ခံစားရသည်။

 

လီဖုန်းက မင်ကောအာ၏အတွေးကိုနားလည်လို့ ရှင်းပြလိုက်သည်။ “အစက သူဆိုင်ဖွင့်ပြီး သိုးသားရောင်းဖို့ စီစဥ်ထားတာ။ အနောက်တောင်မှာ သိုးမွေးပြီး​တော့လေ။ ဒီနည်းနဲ့ ရေခဲရောင်းတဲ့ရာသီကို ရှောင်လို့ရတယ်။ သိုးသားက အရမ်းနာမည်ကြီးလို့ သူက နွေရာသီမှာ အချိန်ဆိုင်းထားခဲ့တာ။”

 

သူပြောပြီးသည်နှင့် ကျန်းချန်မင်၏ မျှော်လင့်တစားအမူအရာ​ကို မြင်လိုက်ရပြီး လီဖုန်း၏မျက်လုံးမှာလည်း အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူက မင်ကောအာကိုကြည့်ကာ ပြောလိုက်သည်။ “အချိန်ကျလာရင် မင်းက ဂရုစိုက်ရမယ့်သူပဲ။ မင်ကောအာက အိမ်မှာလုပ်စရာတွေရှိပြီး ကလေးနှစ်ယောက်ကို စောင့်ရှောက်ရဦးမယ်။”

 

ဝမ်မော့က သူ့ခင်ပွန်း စိတ်အားထက်သန်နေတယ်လို့ ခံစားရတာကြောင့် သူက သူ့ခါးပေါ်ကအသားကို ဆွဲဆိတ်လိုက်သည်။ ကျန်းချန်မင်က အံကြိတ်ကာ ရှက်သွားလေသည်။ “အလုပ်ဖြစ်ရင် ငါစားပွဲထိုးလုပ်လို့ရပါတယ်။” သူ့မှာလည်း ကိုယ့်ကိုယ်ကိုသိစိတ်ရှိသည်။

စားစရာရောင်းတာက ရေခဲမုန့်ရောင်းတာနဲ့ကွာခြားသည်။ လိုအပ်ချက်တွေ အများကြီးရှိသေးလို့ သူပိုလေ့လာချင်သေးသည်။ သူက ဤကာလမှာ အလုပ်ကြိုးစားခဲ့ပြီး စာရင်းစာအုပ်ထဲရှိ အသုံးများသော စကားလုံးအချို့ကိုပင် သိပ်နားမလည်နိုင်ခဲ့ပေ။

  

“စိတ်မပူပါနဲ့။ အစ်ကိုချန်မင်” ထန်ချွန်းမင်က အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။ “အချိန်ကျရင် ဆိုင်ကိုကြည့်ရှုပေးမယ့် လူတစ်ယောက်လိုမှာပါ။ အစ်ကိုချန်မင်က စိတ်ဝင်စားတယ်ဆိုရင် ခင်ဗျားကိုခန့်ချင်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ သိုးအရေအတွက်က နည်းသေးတယ်။ ဒီကာလမှာ ခင်ဗျားက အရွယ်အလတ်စား သိုးတွေကို ရှာပြီး မွေးပေးလို့ရမလား? ရာသီဥတု​အေးနေတုန်း ခဏလောက်မွေးမြူလို့ရမယ်ထင်တယ်။”

မူလက သူသည် မွေးမြူရေးအတိုင်းအထွာကို ဖြည်းဖြည်းချင်းတိုးချဲ့ရန် စီစဥ်ခဲ့သော်လည်း ဆိုင်တစ်ဆိုင်ရှိပြီး အသုံးမချခြင်းက နှမြေစရာကောင်းတာကြောင့် သူက အမြန်ဆုံးအသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။

  

“ကောင်းပြီ.. ငါ့ကိုအပ်လိုက်ပါ။ ငါ မနက်ဖြန် ရှာလိုက်ပါမယ်။” ကျန်းချန်မင်က သူ့ရင်ဘတ်ကိုပုတ်လိုက်သည်။

 

နောက်တစ်ခုက ရေခဲရောင်းရသည့်အမြတ်ဖြစ်၏။ ထန်ချွန်းမင်က သူတို့နဲ့စကားပြောရင်း စာရင်းစာအုပ်ကိုလှန်လိုက်သည်။ သူက စာရင်းတွေကို ရှင်းရှင်းလင်းလင်းမှတ်မိ၍ နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်ပြီး အမြတ်ငွေစုစုပေါင်းကို တွေ့လိုက်ရသောအခါ သူစိတ်ပြင်ဆင်ထားခဲ့ပေမယ့် အံ့သြတုန်လှုပ်သွားဆဲဖြစ်သည်။

 

“တစ်လအတွင်း.. ကျွန်တော်တို့ ငွေပြား၄၀၀နီးပါးရခဲ့တာလား!” ယင်းက ကြီးမားသောအမြတ်ဖြစ်သည်။ ထန်ချွန်းမင်က ဤအကြံကို စောစောမတွေးခဲ့မိလို့ နောင်တရနေသည်။ သူ နွေဦးအစမှာ ဆိုင်ဖွင့်နိုင်ခဲ့လျှင် ယခုနေ ငွေပြားတစ်ထောင်ရနိုင်လောက်သည်။ ထို့အပြင် ယင်းက ခရိုင်မြို့သာဖြစ်သည်။ ထန်ချွန်းမင်က နောက်ထပ်အမြတ်အစွန်းများကို မတွေးဝံ့တော့ပေ။

  

“ဟီး… ငါတို့ပူပြင်းတဲ့ရာသီဥတုကို ဖမ်းစားမိလိုက်ပြီ။” ကျန်းချန်မင်ကလည်း လွန်စွာဂုဏ်ယူနေ၏။ ဤလုပ်ငန်းကို တစ်ယောက်တည်းလုပ်လို့မရမှန်းလည်း သူသိသည်။

“လူချမ်းသာမိသားစုတွေကို ကျုပ်တို့ဆိုင်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ထင်ကျင့်ပိုင်ရှင်ကို ကျေးဇူးတင်ရမယ်။ ထင်ကျင့်ကလည်း​ ရေခဲအများကြီးဝယ်ခဲ့တယ်”

 

တခြားသူတွေအတွက်မူ သူတို့၏စွမ်းဆောင်ရ​ည်က ထန်ချွန်းမင်လောက်မကောင်းပဲ ပိုဆိုးသေးသည်။ သာမန်ကျေးလက်သားများအတွက်တော့ ငွေပြားအနည်းငယ်ရှာနိုင်တာ သို့မဟုတ် တစ်နှစ်ပတ်လုံး လယ်ကွင်းထဲမှာ အလုပ်ကြိုးစားပြီး ငွေဆယ့်နှစ်ပြားလောက်ရလာတာက အင်မတန်ကောင်းသည်ဟု ယူဆလို့ရသည်။

ဘုရားသခင်က သူတို့ကို ဂရုစိုက်လား ဂရုမစိုက်လားအပေါ်မှာလည်း မူတည်သေးသည်။ သဘာဝဘေးအန္တရာယ် သို့မဟုတ် လူလုပ်ဘေးဒုက္ခကြုံတွေ့ရပါက သူတို့တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားခဲ့လျှင်ပင် သူတို့အစာအိမ်ကိုမဖြည့်နိုင်ပဲ အခွန်အမျိုးမျိုးပေးဆောင်ရန် ခြစ်ကုတ်စုဆောင်းကြရသည်။ ယခု ငွေအမြောက်အများ ရုတ်ချည်းပေါ်လာသောအခါ သူတို့က ပူလောင်သလို ခံစားလိုက်ရသည်။

 

ရွာလူကြီးက ဆေးတံနှစ်ချက်ရှိုက်ရင်း မတော်တဆ အသက်ရှုကြပ်ကာ ချောင်းဆိုးသွားခဲ့သည်။ ရှန်းဖူလန်က သူ့နောက်ကျောကိုပုတ်ပေးကာ ဒေါသတကြီးပြောလိုက်သည်။ “ခင်ဗျား အသိဉာဏ်မရှိတာပဲ၊ ဒါကြောင့်နဲ့ လန့်သွားရလား?”

 

သာတူညီမျှ ကြက်သေသေနေသော ကျန်းရှို့နဲ့တာရှန်ကလည်း တုံ့ပြန်လာကာ ရယ်မောလိုက်ကြသည်။ သူတို့က လန့်သွားတာမဟုတ်ပဲ တစ်ရက်တည်းမှာ ငွေအများကြီးမြင်လိုက်ရ၍ ကြောက်သွားတာဖြစ်၏။

  

“ဟားဟား… နောက်နှစ်ဆိုပိုရဦးမှာ။ ငွေမြန်မြန်ခွဲလိုက်ကြရအောင်။” တစ်စုံတစ်ယောက်က ပြောဖို့တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရသောအခါ ထန်ချွန်းမင်က လက်ခါယမ်းပြလိုက်သည်။

“ဘာမှမပြောနဲ့။ သဘောတူထားတဲ့အတိုင်းပဲ လုပ်ကြမယ်။ ပြီး​တော့ ကျွန်တော်လည်း ခင်ဗျားတို့နဲ့တူတူပဲ။ ဒါက နဂိုတည်းက မထင်မှတ်ထားတဲ့ငွေပဲ။ ဒီတော့ ဒီနှစ်အနည်းငယ်အတွင်း ပါဝင်ပစ္စည်းရနေတုန်းမှာ ငွေများများရှာကြရအောင်”

 

သမားတော်ဟဲက ဝင်မပါပဲ ဘေးကနေနားထောင်နေသည်။ သူက ထန်ချွန်းမင်၏စကားကို ကြားလိုက်သောအခါ ကျေနပ်စွာရယ်မောလိုက်လေသည်။ ထန်ချွန်းမင်၏ စိတ်ဓာတ်က မှန်ကန်တယ်လို့သူထင်သည်။ သူက လုပ်နည်းကို စွဲစွဲမြဲမြဲကိုင်ဆောင်မထားပဲ လက်လွှတ်ဖို့ အချိန်တန်သည့်အခါ လွှတ်ပေးရမယ်ဆိုတာလည်းသိသည်။

 

တခြားကလေးတွေက အပြင်မှာဆော့ကစားနေ၍ ချော်လဲမသွားစေရန် ဤကိစ္စနဲ့ပတ်သက်ပြီး နားထောင်ခွင့်မပြုထားပေ။ လွတ်လပ်သောကလေးဖြစ်သည့် အားစန်းကသာ သမားတော်၏လက်ပေါ်ကနေ ရူးသွပ်စွာ သွားရည်ကျနေလေသည်။

 

ထန်ချွန်းမင်က အိမ်လုပ်မီးသွေးခဲတံကိုယူကာ မိသားစုတိုင်း၏ငွေကို ရေတွက်လိုက်သည်။ စာရင်းထဲရှိ ငွေ၃၈၃ ချောင်းက ဆိုင်ရှင်လစာနှုတ်ပြီးနောက် အသားတင်ဝင်ငွေဖြစ်သည်။ အညီအမျှခွဲဝေပြီးနောက် သူ့မိသားစုက ငွေပြား၉၀ကို ရရှိခဲ့သည်။ ကျန်းချန်မင်တို့ဇနီးမောင်နှံက တခြားသူများထက် ပိုရသည်။

သူတို့က ဆိုင်မှာအလုပ်ရှုပ်ခဲ့တာဖြစ်၍ လုပ်ခလစာခွဲယူသည့်အခါ ငွေပြား၈၀ရခဲ့သည်။ တခြားမိသားစုသုံးစုကတော့ ငွေပြား၇၀အသီးသီးရခဲ့သည်။ လက်ကျန်ငွေသုံးပြားကိုတော့ ထန်ချွန်းမင်က ရွာအတွက်ချန်ထားလိုက်သည်။

လူတိုင်းက ထိုအကြောင်းဆွေးနွေးခဲ့ကြပြီး ထန်ချွန်းမင်၏ မိထွေးမိသားစုမှလွဲ၍ မိသားစုအသီးသီးက ရွာကျောင်းအတွက် အသုံးပြုဖို့ ငွေငါးပြားထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါငွေကို ဆရာငှားရမ်းပြီး ကျောင်းလခထောက်ပံ့ရန် သုံးစွဲမည်ဖြစ်သည်။ လာမည့်နှစ်တွင် ရေခဲဆိုင်မှရရှိသော အမြတ်တစ်စိတ်တစ်ပိုင်းကို စာသင်ကျောင်းထိန်းသိမ်းရန် အသုံးပြုမည်ဖြစ်၏။

 

ထန်ချွန်းမင်က ရွာထဲမှာကျောင်းဖွင့်ဖို့ ဆရာတစ်ဦးကို ငှားရမ်းချင်ခဲ့သည်။ ကောလေးက ကျောင်းသွားပြီး စာသင်နိုင်လျှင် ပိုကောင်းလိမ့်မည်။ အမှန်တော့ သူက ထိုအကြောင်းကို စိတ်ထဲမှာသာတွေးနေပြီး ဤကမ္ဘာ၏ဓလေ့ထုံးတမ်းကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူက သူ့ကလေးကို အိမ်မှာပဲသင်ပေးလို့ရသည်။

 

တာရှန်နဲ့ ကျန်းရှို့က တစ်ယောက်ကိုတစ်ယောက်ပြုံးကြည့်ကာ ပြောလိုက်သည်။ “ဒါအရမ်းကောင်းတယ်။ ငါတို့ တာမောင်းနဲ့အာမောင်းကို ရွာပြင်က ကျောင်းပို့စရာမလိုတော့ဘူး။ သူတို့ ငါတို့ရွာ​ကကျောင်းကို တိုက်ရိုက်တက်လို့ရတယ်။ အဲ့ဒါက ကျောင်းလမ်းခရီးအတွက် အချိန်သက်သာလိမ့်မယ်။”

 

အားလုံးက ငွေယူကာ ထွက်ခွာသွားပြီးနောက် ဟဲလောင်က အားစန်းကိုဖက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ငွေသုံးရတာကြိုက်တဲ့ မင်းဖေ​ဖေကို ကြည့်လိုက်ပါဦး.. သူက ပျော်နေတုန်းပဲ။”

 

“အာ….” အားစန်းလေးက လက်သီးဆုပ်ပြီး တစ်ခုခုကိုထောက်ခံသလို အော်လိုက်လေသည်။

 

လီဖုန်းက ငွေကို လောဘတကြီး ရေတွက်နေသော ထန်ချွန်းမင်ကိုကြည့်ကာ သူ့မျက်လုံးထဲကအပြုံးမှာ ပိုမိုပြင်းထန်လာသည်။ သူက​ပြောလိုက်သည်။ “မင်ကောအာက ဒီလိုပဲကြည့်ကောင်းပါတယ်။” သူက ငွေကိုချစ်ပေမယ့် လောဘမကြီးပေ။ ကံအားလျော်စွာ သူက ပြန်လာကြည့်ခဲ့သည်။ မဟုတ်ပါက သူ ဤလူ၏ပုံစံကို လွတ်သွားလိမ့်မယ်။

 

သမားတော်ဟဲက လူငယ်မောင်နှံကို အပြုံးတစ်ခုဖြင့်ကြည့်ကာ အားစန်းကိုချီပြီး အပြင်ထွက်သွားခဲ့သည်။ “အားစန်းလေး .. အဘိုးကိုအဖော်ပြုပေးတာ မင်းပဲရှိတယ်။ အဘိုးက အားစန်းကို အပြင်မှာဆော့ဖို့ခေါ်သွားပြီး အင်းအစ်ကိုပေါက်စကို သွားရှာမယ်။”

 

“အာ….”

  

“ဟေ.. သမားတော်ဟဲဘယ်ရောက်သွားတာလဲ? သူ အခုလေးတင် အခန်းထဲမှာရှိနေတာ။” ပြုံးပြုံးရွှင်ရွင် ငွေရေတွက်နေသော ထန်ချွန်းမင်က မော့ကြည့်လိုက်ပြီး အဘိုးကြီးပျောက်သွားတာကို တွေ့လိုက်ရသည်။

 

နောက်တစ်နေ့မှာ ဝမ်ယင်ရောက်လာသောအခါ သူက ငွေကိုလွှင့်ပစ်မလိုပင်ဖြစ်သွားပြီး သံသယဖြင့်မေးလိုက်လေသည်။ “ဘာလို့အဲ့လောက်များနေတာလဲ? မင်းရဲ့ဝေစုကိုပါ ပေးလိုက်တာမလား?”

  

“ဘယ်လိုဖြစ်နိုင်မှာလဲ!” ထန်ချွန်းမင်က မျက်လုံးလှိမ့်ပြလိုက်သည်။ သူနဲ့ သူ့မိထွေး၏ဆက်ဆံရေးက အတော်လေးထူးဆန်းသည်။ သူတို့က ရင်းနှီးပေမယ့် ကျန်းရှိုနဲ့တခြားသူတွေလောက် အဆင်မပြေပေ။ သို့သော် သူတို့ဆက်ဆံရေးက ကျန်းရှို့နဲ့တခြားသူတွေထက် ခိုင်မာတာကို သူသိသည်။ “ကျွန်တော် စာရင်းစာအုပ်ထုပ်ပြရမလား?”

  

“ထားလိုက်တော့. . မင်းပြလည်း ငါမှနားမလည်တာ။ မင်းငါ့ကိုမထောက်ပံ့ဘူးဆိုတာ သိရင်ပဲရပါပြီ။” ဝမ်ယင်က ဤထိတ်လန့်စရာအချက်အလက်ကို လက်ခံရန် အသက်ပြင်းပြင်းရှူပြီး မငြင်းပဲ တည်တည်ငြိမ်ငြိမ် လက်ခံခဲ့သည်။ ထန်ချွန်းမင်က သူ့မိထွေး၏နောက်ကျောကို အံ့အားသင့်သလိုကြည့်လိုက်သည်။

  

“ဒီနည်းကကောင်းပါတယ် ဖေဖေ ..” လီဖုန်းက နောက်ကနေ လှမ်းပြောလိုက်သည်။

 

ထန်ချွန်းမင်ကလည်း ရယ်လိုက်သည်။ ဟုတ်တယ်… ဒါကောင်းတယ်.. သူတို့ပိုနီးကပ်သွားလျှင် သူနေရခက်နေလိမ့်မည်။

 

ရွာလူကြီးက ဤရက်ပိုင်းမှာ အလုပ်ရှုပ်နေသည်။ သို့သော် သူက ပျော်ရွှင်နေ၏။ တခြားရွာမှရွာလူကြီးများ ရောင်းဖွင့်နိုင်ပြီးမှ သူကျောင်းဖွင့်မည့် အလှည့်ရောက်လာခဲ့သည်။ မျိုးနွယ်စုနှင့် ကျေးရွာအု​ပ်စုရှိ တခြားအကြီးအကဲများပင်လျှင် သူ အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ မ​ပြောနိုင်တော့ပေ။

 

ယခင်က မွမ်းမံပြင်ဆင်ထား၍ တိုက်ရိုက်အသုံးပြုနိုင်သော ဘိုးဘွားပိုင်ခန်းမတွင် ကျောင်းကိုထားရှိခဲ့သည်။ စားပွဲနှင့် ကုလားထိုင်များပြုလုပ်ရန် လက်သမားတစ်ဦးကိုငှားခဲ့သည်။ ရွာလူကြီးက ယခုချိန်တွင် တခြားအရာများနဲ့ အလုပ်ရှုပ်မနေပဲ ဆရာရှာရမည့် အရေးကြီးကိစ္စနှင့် ရှုပ်နေတာဖြစ်သည်။ ဆရာ၏အရည်အသွေး​က ကလေးများ၏ အနာဂတ်ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်နေသော​ကြောင့်ဖြစ်သည်။

 

သူ့သားနှစ်ယောက် ကျောင်းဆရာများအကြောင်းပြောပြတာကို သူမကြာခဏကြားခဲ့ဖူးသည်။ တချို့ဆရာများက ပညာတတ်များဖြစ်ကြသော်လည်း အချို့မှာ ပညာသိပ်မတတ်ရုံမကပဲ ကျောင်းသားများကိုပါ မုန်းတီးကြသည်။

ထို့​ကြောင့် ဆရာကိုရှာရုံမကပဲ ဆရာ၏အကျင့်စရိုက်ကိုလည်း စုံစမ်းသင့်သည်။ ရက်အတော်ကြာ​ပြေးလွှားပြီးနောက်​ နောက်ဆုံးတွင် အသက်ကြီးသောပညာရှင်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူက သူ့ကို ငွေသုံးပြားလစာပေးမည်ဟု ကတိပေးကာ စိုက်ပျိုးရာသီကုန်ဆုံးပြီးလျှင် ရွာမှာ စာလာသင်ပေးဖို့ ညှိနှိုင်းခဲ့သည်။

 

သတင်းက ရွာထဲပျံ့သွားတော့ တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ကျေးလက်သို့​ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသော ရွာသားများက ကျောင်းနေအရွယ်ကလေးများရှိသော မိသားစုများကို သတင်းမေးရန် ထွက်လာခဲ့သည်။ ကျောင်း၏အခြေအနေနှင့် ကလေးများကို ကျောင်းပို့ရန် ကျောင်းလခဘယ်လောက်လိုအပ်လဲ သူတို့ကသိချင်နေတာဖြစ်သည်။

 

မတိုင်ခင်က ရှန်းဖူလန်သည် ထန်ချွန်းမင်၏အိမ်မှာ ကလေးကူထိန်းပေးဖို့ အချိန်ရှိခဲ့သော်လည်း ယခုအခါတွင် လူများစွာက သူ့အိမ်ကိုနေ့စဥ်လာရောက်ကြ၍ သူ့မှာ သူတို့ကိုရှင်းပြရုံမျှဖြင့် အားလပ်ချိန်မရှိခဲ့ပေ။

ရွာလူကြီးကလည်း ထိုနည်းအတိုင်းပင်။ ဆရာရှာခြင်းကိစ္စရပ်ပြီးသည်နှင့် ရွာကိုပြန်လာသောအခါ သူ့အိမ်တွင် လူကြီးများရောက်နေခဲ့သည်။ ဘိုးဘွားပိုင်ခန်းမမှာ လှုပ်ရှားမှုများရှိနေ၍ ကျောင်းဖွင့်သည့်ကိစ္စကို ကောက်ချက်ချခဲ့တာဖြစ်ပေမည်။ သို့သော် သူတို့အားလုံးက ဆရာငှားဖို့ပိုက်ဆံ ဘယ်ကရသလဲ သိချင်နေကြသည်။

ရွာလူကြီးက တခြားသူများထက် ပိုမိုသက်တောင့်သက်သာရှိသော ဘဝမှာနေထိုင်ရသော်လည်း သူ့မှာ ခရိုင်တွင်ပညာသင်ကြားနေသည့် သားနှစ်ယောက်ရှိ၍ ဝန်ထုပ်ဝန်ပိုးက ပေါ့ပါးမနေပေ။

//////////

Chapter 51.3

  

မူလက ရွာလူကြီးသည် ဤကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရန် အချိန်ရှာချင်ခဲ့သော်လည်း ယခုမူ သူက ဘယ်သူ့ကိုမှရှာဖို့ မလိုတော့ပေ။ သူက မိသားစုအနည်းငယ်ကို ပိုက်ဆံမ​ပေးစေချင်ပေမယ့် ရွာသားများကိုလည်း အသိမပေးချင်ခဲ့ပေ။ ဤသည်မှာ ပရဟိတတစ်ခုဖြစ်ပြီး ရွာထဲမှတခြားမိသားစုများက ၎င်းမှ ဘယ်လိုအကျိုးအမြတ်ရခဲ့လဲ သိသင့်ပြီး သူတို့နောက်ကွယ်မှာ မနာလိုဖြစ်ကာ ဂုဏ်သိက္ခာမထိခိုက်စေဖို့ဖြစ်သည်။

  

“ဟုတ်ပါတယ်…အဲ့ဒါက ဖုန်းရှောင်ကျစ်နဲ့ မင်ကောအာတို့ရဲ့ ကြင်နာမှုကြောင့်ပါ။ သူတို့က ငါတို့အတွက် စီးပွားရေးလု​ပ်ငန်းတစ်ခုရှာပေးခဲ့တယ််။ ငါတို့ပိုက်ဆံနည်းနည်းရလာတော့ သူတို့က ရွာအတွက် လက်တွေ့လုပ်ဆောင်ချင်ခဲ့တာ။ ငါက ဆရာရှာပြီးရင် အားလုံးကို အသိပေးမယ်လို့တွေးခဲ့တာ။ စောစောပြောလိုက်ရင် အားလုံးစိတ်ပျက်နေရမှာစိုးလို့။ ဆရာတစ်ယောက်ရှာရတာ မလွယ်ဘူး။”

 

ရွာလူကြီးက လီဖုန်းနှင့် ထန်ချွန်းမင်ကို အလေးပေးဖော်ပြပြီး အနာဂတ်မှာ သူတို့ကိုစောင့်ရှောက်ပေးရန် ရွာအကြီးအကဲများကို တောင်းဆိုနေခြင်းဖြစ်သည်။ အထူးသဖြင့် ကျောက်မိသားစု၏တတိယဦးလေးကို ပြောနေတာဖြစ်၏။ ယခုချိန်တွင် ရွာလူကြီးက သူ့ကိုယ်သူရူးသွားပြီလို့ ထင်နေ​ပြီး မင်ကောအာ၏ကလေးများ မိသားစုသစ်ပင်မှာပါမည့်ကိစ္စကို မပြောပြခဲ့ပေ။

ယခုအတိုင်းပဲကောင်းပါ၏။ မင်ကောအာက ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့၍ အနာဂတ်မှာ ကလေးနှစ်ယောက်က လီမိသားစု၏မိသားစုသစ်ပင်တွင် ပါဝင်လာမည်ဖြစ်သည်။ မိသားစုထဲမှာ ကန့်ကွက်မှုအများကြီးရှိမှာမဟုတ်ဘူးလို့ သူယုံကြည်သည်။ သူတို့က လူတစ်ယောက်၏အကူအညီကိုယူပြီးလျှင် ထိုလူကို ဆန့်ကျင်လို့မရပေ။

  

“မင်းက တစ်ခုခုပဲ။ မင်းက အားလုံးကိုဖုံးကွယ်ထားပြီး ပြီးသွားမှပြောပြခဲ့တာပဲ။ ငါတို့သိရင် ငါတို့လည်း လူရှာပေးလို့ရတာပေါ့။ ဒါပေမယ့် မင်းက ဒီကိစ္စမှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဟားဟား နောင်တစ်ချိန်မှာ ငါတို့ကလေးတွေ သူများကျောင်းသွားပြီး ကျောင်းတက်စရာမလိုတော့ဘူး။” ဤသည်မှာ ရွာလူကြီးကိုထောက်ခံသော လီမိသားစု၏ လူကြီးဖြစ်သည်။ သူက သတင်းကိုကြားဖူးပေမယ့် ဤမျှလောက်ရုတ်ရုတ်သဲသဲဖြစ်မယ်လို့ မတွေးခဲ့ပေ။

 

“ဖုန်းရှောင်ကျစ်နဲ့မင်ကောအာအတွက် မလွယ်ပါဘူး။ ကံကောင်းတာက သူတို့ရွာကို ဂရုစိုက်နေသေးလို့ပေါ့။ ငါ့အမြင်အရဆို လူတော်တော်များများက သူတို့အတွက် အလုပ်လုပ်ပေးနေပြီး ငွေရှာနေကြတယ်။ နောင်မှာ ငါတို့ရွာက သူတို့ကိုပိုဂရုစိုက်ပေးရမယ်။ စိတ်ပျက်အောင်မလုပ်မိစေနဲ့။”

ဤသည်မှာ လူတော်တော်များများက ရွာကနေအကျိုးအမြတ်ရခဲ့လို့ဖြစ်သည်။ လူတစ်ချို့က ယခင်ကအဖြစ်အပျက်များကို တွေးတောကြသည်။ သူတို့က ထိုမိသားစုမျိုးကို ရွာမှနှင်ထုတ်လို့မရပေ။ သို့ဆိုလျှင် ဖျင်ရှန်ရွာက ဒုက္ခရောက်သွားလိမ့်မည်။ တခြားအကြောင်းတွေမပြောလျှင်ပင် ဖုန်းရှောင်ကျစ်၏ သူငယ်ချင်းများက သေချာပေါက် ရွာကိုကာကွယ်ပေးနိုင်သည်။

 

ကျောက်မိသားစု၏တတိယဦးလေးက လက်ကိုခါယမ်းကာ တစ်ခုခုပြောချင်ပေမယ့် အဆုံးမှာပါးစပ်ပိတ်လိုက်ရသည်။ အားလုံး၏အမူအရာကို​ကြည့်ကာ သူတို့အားလုံး ရွာလူကြီးကိုထောက်ခံမှန်း သူသိသည်။ တကယ်တော့ မိသားစုတိုင်းမှာ လူငယ်လေးတွေရှိ၍ လူတိုင်းက သူတို့မိသားစုမှာ ပညာရှင်တစ်ယောက်ရှိလာဖို့ မျှော်လင့်သည်။

 

လူတစ်ယောက်က ရွာစာရင်းစာအုပ်ကိုကြည့်လိုက်တော့ အားလုံးလှူထားသော ငွေများကိုတွေ့လိုက်ရသည်။ ခဏလောက်စဥ်းစားပြီး​နောက် သူကပြောလိုက်သည်။ “ငါတို့ နောက်တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်သွားလို့ရတယ်။ ဒါပေမယ့် နောက်နှစ်တွေမှာ ဘယ်လိုလုပ်မလဲ?” ရွာသားများက လစဥ်လစာ ငွေသုံးပြားမတတ်နိုင်ကြပေ။

 

ရွာလူကြီးက ဤကိစ္စကို အရင်တည်းက တွေးပြီးပြီဖြစ်ပြီး မိသားစုများနှင့်လည်း ဆွေးနွေးခဲ့ဖူးသည်။ သူတို့အတွက် ဤငွေက ကောင်းကင်ပေါ်က ကျလာသောငွေလိုပင်။ ဒါကြောင့် သူတို့က ထပ်ပေးဖို့ မတွန့်တိုခဲ့ကြပေ။ “မြို့ထဲကအလုပ်ကို နောက်နှစ်မှာဆက်လုပ်မှာ။ ပြီးရင် ငါတို့မိသားစုတွေ ပိုက်ဆံတချို့ထုတ်လို့ရလိမ့်မယ်။ ဖြစ်နိုင်ရင် ဒီငွေကို ငါတို့ရွာထဲက ​ဘိုးဘွားပိုင်မြေမှာ ဧကအနည်းငယ်လောက်ချဲ့ပြီး ကျောင်းအတွက် သီးသန့်သုံးလို့ရတယ်။ ဒီလိုဆိုရင် ငါတို့ကျောင်းက ရေရှည်လည်ပတ်နိုင််လိမ့်မယ်။ မင်းမှာ ဆန္ဒရှိရင် မင်းလည်းနည်းနည်းပေးလို့ရတယ်။ လူတိုင်းရဲ့ထည့်ဝင်လှူဒါန်းမှုတွေကို မျိုးဆက်သစ်တွေသိအောင် မိသားစုသစ်ပင်မှာ မှတ်တမ်းတင်ထားမှာ။”

  

“မင်းက သေချာတွေးထားတော့ ငါတို့ငြင်းစရာမရှိပါဘူး။”

တကယ်တော့ တစ်စုံတစ်ယောက်က ငွေပေးနေသရွေ့ သူတို့မှာ ကန့်ကွက်စရာသိပ်မရှိပေ။ သူတို့က ယခုချိန်မှာ ငွေပေးသူကို မစော်ကားနိုင်ပေ။ မဟုတ်ပါက သူတို့၏အရှုံးသာဖြစ်ပေမည်။

 

ရွာလူကြီးနှင့် သူ့မိသားစုက ထန်ချွန်းမင်၏မိသားစုနှင့်အတူ ဘယ်လိုစီးပွားရေးလုပ်ပြီး ငွေမြန်မြန်ရခဲ့လဲ မသိချင်သူမရှိပေ။ တစ်လပဲကြာပြီး မိသားစုတစ်စုက ငွေငါးပြားထုတ်ပေးနိုင်ခဲ့သည်။

သူတို့လက်ထဲမှာ အများကြီးကျန်နေဦးမည်။ တကယ်မနာလိုစရာကောင်း​လေသည်။ သို့သော် တခြားမိသားစုသာဆိုလျှင် သူတို့က ၎င်းကိုဖုံးကွယ်ထားပြီး ရွာအတွက် ရက်ရောကြမှာမဟုတ်ပေ။ ထို့ကြောင့် သူတို့ပြန်လျှင် သူတို့အိမ်က လူငယ်များကို နေရာတကာအနှောင့်အယှက်မဖြစ်စေဖို့ သတိပေးရပေမည်။

 

လူကြီးတွေထွက်သွားတော့ အများစုက စိတ်ကျေနပ်ခဲ့သည်။ သူတို့အတွေးကိုသေချာမသိသော လူအနည်းငယ်လည်းရှိသည်။

 

ယခင်က လူတစ်ချို့သည် လီစုန့်ကမ်းဘက်က ရပ်တည်ပေးခဲ့ပေမယ့် ယခု လီဖုန်းက သူတို့ကမျက်နှာကို ဖြတ်ရိုက်ခဲ့ပုံရသည်။ သူတို့က အရှက်ရနေခဲ့သည်။ လီဖုန်းက သူ့ဦးလေးနှင့်ဆက်ဆံရေးကို ပြေလည်စေရန်မကြိုးစားခဲ့ပဲ လီမျိုးရိုးမဟုတ်သူများကို အကူအညီပေးခဲ့သော်လည်း သူတို့က ယခုချိန်မှာ ဘာမှပြောလို့မရနိုင်ပေ။

သို့သော် သူတို့က လီဖုန်း၏အပြုအမူကို နားမလည်ခဲ့ပေ။ တာရှန်၏မိသားစုက အဆင်ပြေပြီး သူတို့က လီမိသားစုဝင်တွေဖြစ်ပေမယ့် ကျန်းချန်မင်ကရော ဘာလို့လဲ? သူတို့က တခြားမိသားစုမှ လူတွေဖြစ်သည်။ သူတို့က လီမိသားစုဝင်တွေ အများကြီးရှိတာကို လီမိသားစုကို ဘာလို့ဂရုမစိုက်တာလဲ?”

 

ကျောက်မိသားစု၏ တတိယဦးလေးက အိမ်ကိုဒေါသတကြီးပြန်လာခဲ့သည်။ သူက အခန်းထဲမှာတစ်ယောက်တည်းရှိပြီး ဆေးတံရှိုက်လိုက်သည်။ ယခုချိန်တွင် မိသားစုထဲက ဘယ်သူကမှ မဆူညံရဲကြပေ။

 

သူ့အမြင်တွင် ထန်ချွန်းမင်၏လုပ်ရပ်က ကျောက်မိသားစုကို ဆန့်ကျင်ရန် ရွာသားတွေကို အကူအညီတောင်းနေခြင်းဖြစ်သည်။ သူက ယခုချိန်မှာ ကောင်းမှုကုသိုလ်ပြုရန် ငွေသုံးနေပြီး အချိန်ကျလာရင် ကျောက်မိသားစု၏ မိသားစုသစ်ပင်ထဲမှာ ပါဝင်ချင်လိမ့်မည်။ ကျောက်မိသားစုက သူ့ကိုတားလျှင် တခြားမိသားစုတွေက ကျောက်မိသားစုကို အပြစ်တင်လိမ့်မည်။

 

တတိယဦးလေးက ကျောက်မိသားစုကို ရွာမှာ အကောင်းဆုံးလို့ထင်ခဲ့သည်။ ကျောက်မိသားစုမှာ စတုတ္ထအဆင့်အရာရှိတစ်ဦးရှိသည်။

သူသည် ထိုအချိန်က သစ်ပင်အကိုင်းအခက်၏ ကလေးအဖြစ်သာရှိသေးသော်လည်း ထိုအချိန်က မိသားစု၏ဂုဏ်ကျက်သရေမှာ ဖျင်ရှန်ရွာမှလယ်သမားများ တစ်ခါမှမ​မြင်ဖူးသည့်အရာဖြစ်တာကို သူသိသည်။

ကျောက်မိသားစုက ဆုတ်ယုတ်ကျဆင်းသွားပြီး သူတို့မိသားစုက နေရာအနှံ့ပျံ့ကျဲနေသော်လည်း သူ ထိုအချိန်က ဘုန်းကျက်သရေကို သတိရဆဲဖြစ်ကာ ဖျင်ရှန်ရှာသို့ ပျံဝဲလာသော ကျောက်မိသားစု၏ အကိုင်းအခက်တွင် သူ့ဘိုးဘေးများ၏ ဘုန်းကျက်သရေကို လက်ဆင့်ကမ်းလိုသည်။

 

ထို့​ကြောင့် သူက ကျောက်လောင်စန်းအပေါ်မှာ မျှော်လင့်ချက်ကြီးမားခဲ့သည်။ အကြောင်းမှာ ကျောက်လောင်စန်းတွင် ရာထူးမြင့်အရာရှိတစ်ယောက်၏ ကိုယ်ရေးကိုယ်သွေးရှိ​လို့ဖြစ်သည်။ အချိနိကြာလာသည်နှင့်အမျှ ကျောက်မိသားစုကို အရာရှိအဆင့်သို့ ထပ်မံခေါ်​ဆောင်ရန် မဖြစ်နိုင်တော့​ပေ။

 

ဖျင်ရှန်ရွာနဲ့ပတ်သက်သော တတိယဦးလေး၏ ခံစားချက်က သူ့လူငယ်မျိုးဆက်လောက်ပင် မသန်မာပေ။ တစ်နေ့မှာ ကျောက်မိသားစုက ဖျင်ရှန်ရွာမှာ ထွင်ခွာသွားရမယ်လို့ သူယုံကြည်ခဲ့သည်။

ကျောက်မိသားစုက တစ်နေ့မှာ ကြွယ်ဝချမ်းသာလာလျှင်ပင် ဖျင်ရှန်ရွာ​ကိုထောက်ပံ့ဖို့ တစ်ခါမှမတွေးဖူးပေ။ သို့သော် ယခုမူ လွန်ခဲသည့်နှစ်များအတွင်း ကျောက်လောင်စန်းက ရွာ၏ပထမဆုံးပညာရှင်ဖြစ်လာခဲ့သည်။ သို့သော် ဂုဏ်သရေများစွာကို မခံစားခဲ့ရပဲ တောင်သူလယ်သမားများ၏ လွှမ်းမိုးမှုကို ခံစားခဲ့ရသည်။ ကျောက်မိသားစုနဲ့ မသက်ဆိုင်ရင် တတိယဦးလေးက ခံစားနေရပါ့မလား?

  

“အထဲဝင်ခဲ့။” သူက သူဆေးတံကိုခေါက်ကာ သူ့သားငယ်လေးကို ခေါ်လိုက်သည်။ “ရက်အနည်းငယ်ကြာရင် ​ခရိုင်မြို့ကိုသွားပြီး ကျောက်လောင်စန်းရဲ့အိမ်ထောင်ရေးကိစ္စကို မေးခဲ့ပါ။ ပိုက်ဆံနည်းနည်းယူသွားပေးလိုက်။ ဒါမှ သူခရိုင်ကျောင်းမှာ စာကြိုးစားပြီး နာမည်တစ်ခုရလာမှာ။”

  

“အဖေ… ..” သားငယ်လေးက ဆို့နင်ပြီး ခုန်တက်မိမလိုဖြစ်သွားသည်။.

  

“ကောင်းပါပြီ.. မင်းဘာတွေတွေးနေတာလဲငါသိတယ်။ တတိယကလေး ရပ်တည်နိုင်မှ ငါတို့မိသားစုဆက်ရှင်သန်နိုင်မှာ။ အဲ့နေ့ရောက်ရင် ငါဘာလို့ တွန်းအားပေးခဲ့လဲ မင်းနားလည်လာလိမ့်မယ်။ မင်းက ဒီလိုဂုဏ်သရေမျိုးကို မမြင်ဖူးဘူး။”

 

သူ့အဖေ မှတ်ဉာဏ်တွေထဲနစ်မွန်းနေတာကို တွေ့လိုက်ရတော့ အငယ်ဆုံးသားက တံခါးဆောင့်ပိတ်ကာ ဒေါသတကြီးထွက်သွားခဲ့သည်။ သူ့အမြင်မှာ သူ့ဝမ်းကွဲက သူတို့ကျောက်မိသားစုထံက ပိုက်ဆံတွေကို စုပ်ယူသည့် ကပ်ပါးကောင်ဖြစ်သည့်အပြင် ယခုမူ သူ့မိသားစုမှ ငွေကိုလည်း စုပ်ယူနေခဲ့သည်။ သူ့​အဖေက သူတို့ကို ပုန်ကန်ဖို့တွန်းအားပေးနေသည်။

 

မင်ကောအာနှင့် ဆက်ဆံရေးကောင်းသူများ ယခုဘယ်လိုကြွယ်ဝချမ်းသာနေလဲကြည့်ပါ။ ဦးလေးကျောက်၏မိသားစုကလည်း သူတို့ထက် ပိုအဆင်​ပြေနေပေမယ့် ဦးလေးကျောက်က ကျောက်မိသားစုဝင်ဖြစ်နေသေးသည်။

သူက မင်ကောအာကို နည်းနည်းကြင်နာပြပြီး နည်းနည်းလေးသာ ကူညီခဲ့သည်။ သို့သော် မင်ကောအာက သူတို့မိသားစုကို ကောင်းကောင်းစောင့်ရှောက်ထားသည်။ ဒါက​ဘာလဲ? သူဟာ ကျေးဇူးတရားနဲ့ အမုန်းတရားကြားက ကွဲပြားမှုကို အလေးထားကြောင်းပြနေသည်။ သို့သော် ကျောက်မိသားစုသည် မူလက သူတို့၏သားအရင်းကို မောင်းထုတ်ခဲ့ပြီး သူတို့နဲ့ရန်သူဖွဲ့ခဲ့သည်။ သူတို့က ဒါကိုဘယ်လိုသည်းခံနိုင်မှာလဲ?

 

ထိုနေ့တွင် အကြီးအကဲလူကြီးများ အိမ်ပြန်ရောက်သောအခါ တချို့မိသားစုများက ပျော်ရွှင်နေပြီး တချို့ကတော့ အိမ်တွင် ပစ္စည်းများပစ်ခွဲကာ ပွက်လောရိုက်နေခဲ့သည်။

 

ရွာထဲက ကလေးအများစုမှာလည်း ပျော်ရွှင်နေပြီး ဆောင်းဦးပေါက်လျှင် ကျောင်းတက်လို့ရပြီလို့ သူတို့မိသားစုမှ လူကြီးများက ပြောခဲ့သည်။ သူတို့က တာမောင်းနှင့် အာမောင်းကိုလည်း အားကျစရာမလိုတော့ပဲ စာသင်လို့ရခဲ့ပြီဖြစ်သည်။ ဤကလေးများက ဘိုးဘွားပိုင်ခန်းမထဲရှိ စားပွဲနှင့်ခုံအရေအတွက် တိုးလာတာကိုကြည့်ရန် ဘိုးဘွားပိုင်ခန်းမသို့ နေစဥ်ပြေးသွားဖို့ မစောင့်နိုင်တော့ပေ။

 

ထိုသို့သော မျှော်မှန်းချက်ဖြင့် ဆောင်းဦးရာသီကိုရောက်လာပြီး တစ်ရွာလုံးအလုပ်ရှုပ်နေကြသည်။ သာယာသောရာသီဥတုမှာ ကောက်ပဲသီးနှံများရိတ်သိမ်းရန် သူတို့က နေ့ညအလုပ်ရှုပ်နေသော်လည်း စိတ်ထဲမှာတော့ ပျော်ရွှင်နေသည်။ ဤနှစ်တွင် ဘုရားသခင်ကြင်နာပေးခဲ့သည်။ ရာသီဥတုကလည်း ကောင်းတာကြောင့် စပါးရိတ်သိမ်းမှုက ယခင်နှစ်ထက်ပိုများလာပြီး သူတို့မှာ မျှော်လင့်ချက်များပိုရှိလာခဲ့သည်။

 

ထန်ချွန်းမင်၏အိမ်နောက်ဘက်ရှိ တောင်ရှင်းလင်းရေး ခေတ္တရပ်တန့်ခဲ့သည်။ ငှားထားသာလူများက သူတို့မြေမှာအလုပ်လုပ်ဖို့ ပြန်ခဲ့ရသည်။ လီဖုန်းက သူတို့ကို သူတို့အလုပ်ပြီးမှ ပြန်လာဖို့ပြောခဲ့သည်။ အားလုံးက စိတ်အားထက်သန်စွာ သဘောတူခဲ့သည်။ ဒီလိုလစာများပြီး တည်ငြိမ်တဲ့အလုပ်ကို ဘယ်မှာသွားရှာလို့ရမလဲ?

 

ယခုအခါ လီဖုန်းက ထန်ချွန်းမင်၏​မြေကိုရှင်းပစ်ရန် အကြောင်းပြချက်ပိုများလာခဲ့သည်။ သူက ၎င်းကိုကိုင်တွယ်ဖို့ အလုပ်များနေသော်လည်း ထန်ချွန်းမင်၏ မြေဧကအနည်းငယ်မှာ ရွာသားများ၏ အာရုံစူးစိုက်မှုကို ရရှိနေဆဲပင်။ လူတိုင်းက ထန်ချွန်းမင်၏မြေရိုင်းမှ အထွက်နှုန်းကို စောင့်မျှော်နေခဲ့သည်။ အထွက်နှုန်းက သူတို့ထက်များနေလျှင် သူတို့က နောက်နှစ်တွင် မင်ကောအာထံမှ မျိုးစေ့တွေဝယ်မှာဖြစ်၏။

 

တောင်ပေါ်မြေက တခြားမြေများထက် ဆိုးရွားပြီး ခြောက်သွေ့တာကြောင့် ရေဓာတ်ပြန်လည်ဖြည့်တင်းရန် မကြာခဏရေလောင်းပေးဖို့လိုသည်။ သို့သော် ယင်းက ​တခြားမိသားစု၏အခြေအနေဖြစ်သည်။ ထန်ချွန်းမင်၏ မြေဧကအနည်းငယ်က တခြားသူတွေထက် စိမ်းလန်းစိုပြေသည်။

ဂျုံနှံများက လေးလံပြီး တခြားမိသားစုများထက် ပိုပြည့်သည်။ မြေယာနည်းသောမိသားစုအချို့က မင်ကောအာ၏မြေကို ကူရိတ်သိမ်းပေးရင်း ရလဒ်ကို စောစောကြည့်ခွင့်ရခဲ့သည်။.

 

သူ့လက်ထဲက ဂျုံကိုကြည့်ပြီး သူက စိတ်ထဲကနေ ချီးကျူးလိုက်မိသည်။ “ဒီမြေဧကရဲ့အထွက်နှုန်းက တောင်ခြေက လယ်မြေကောင်းတွေထက် မနည်းဘူး။” ရာသီဥတုကောင်းမွန်သည့် စပါးရိတ်သိမ်းနှစ်တွင် တောင်ခြေရှိ ကောင်းသောမြေက တစ်ဧကလျှင် ၃၀၀ကီလိုဂရမ်ထွက်ရှိသည်ဟု ယူဆနိုင်သည်။

မင်ကောအာ၏ဂျုံစပါးကို ရိတ်သိမ်းချိန်တွယ်လိုက်သောအခါ အစကနေအဆုံးထိ အလုပ်ရှုပ်နေသော လီဖုန်းသည်ပင် အံ့အားသင့်သွားခဲ့သည်။ ၎င်းက မျှော်မှန်းထားသည်ထက် ပိုများပြီး ကီလိုဂရမ်၅၀၀နီးပါးရှိကာ ထိုတောင်ပေါ်မြေ၏အထွက်နှုန်းထက် နှစ်ဆပိုများ​လေသည်။

 

ဤကိန်းဂဏန်းများကို အစီရင်ခံပြီးသည်နှင့်တစ်ပြိုင်နက် သူတို့၏ကိုယ်ပိုင်လယ်ကွင်းများမှာ အလုပ်ရှုပ်နေကြသော မိသားစုများက ထိတ်လန့်တကြား ပြေးထွက်လာခဲ့သည်။ မိသားစုတော်တော်များများက လီဖုန်းနှင့်ထန်ချွန်းမင်ထံ တိုက်ရိုက်ပြေးသွားကာ နောက်နှစ်မျိုးစေ့များအကြောင်း မေးခဲ့လေသည်။

အပိုစပါးက ခက်ခက်ခဲခဲရသည့်ငွေဖြစ်တာကြောင့် သူတို့က ဘယ်လောက်ပဲကုန်ကျပါစေ ဝယ်မှာဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment