no

Font
Theme

Chapter 54.1

“ဝန်ခံခြင်း”

 

ရုတ်တရက် တစ်စုံတစ်ယောက်၏ ပွေ့ဖက်ခြင်းကိုခံရပြီး သူ့ကိုဖက်ထားသူ၏ တင်းမာမှုကို သတိပြုမိသောအခါ ထန်ချွန်းမင်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း သဘောပေါက်ခဲ့သည်။

 

သူက ယခုလေးတင် နေရာလွတ်ထဲမှထွက်လာတာဖြစ်၏!

 

သူက လီဖုန်းရဲ့နှာခေါင်းအောက်တည့်တည့်ကနေ ပေါ်လာတာ!

 

သူက သူ့ပတ်ဝန်းကျင်ရှိ တခြားလူတွေအကြောင်း ရှင်းရှင်းလင်းလင်းမသိပေမယ့် လီဖုန်း၏ခံစားချက်ကို အဆုံးအဖြတ်ပေးတာကတော့ အမြဲတမ်းတိကျခဲ့သည်။ ဤအမှောင်ခန်းထဲတွင် သူသည် လီဖုန်း၏နက်မှောင်သော မျက်လုံးထဲမှ စိုးရိမ်ကြောက်လန့်မှုနှင့် ထိတ်လန့်မှုတို့ကို မြင်နိုင်သည်။

သူ့စိတ်ထဲမှာ စိုးရိမ်နေတာတွေ မရှိတော့ပေ။ သူက တစ်ဘဝလုံးကို ဤလူနဲ့ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်၍ ဝန်ခံဖို့စီစဥ်ခဲ့သည်။

 

ဤလူက ရှားပါးသော လူကောင်းတစ်​ယောက်ဖြစ်ပြီး သူက သူနဲ့ဆုံခွင့်ရတာကံကောင်းသည်။

  

“မလန့်ပါနဲ့။ ကျွန်တော် အကုန်ပြောပြမယ်။ ဒါ ခင်ဗျားအမြဲတမ်းသိချင်ခဲ့တာမလား? အားလင်းကိုချီလိုက်၊ ကျွန်တော်ခင်ဗျားကို တစ်နေရာ​ခေါ်သွားမယ်။ ဟိုရောက်ရင် ခင်ဗျားအကုန်သိလိမ့်မယ်။” ထန်ချွန်းမင်က လီဖုန်း၏လက်ကိုဆွဲကာ လွှတ်မပေးခဲ့ပေ။

 

လီဖုန်း၏မျက်လုံးက ထန်ချွန်းမင်ထက် အမှောင်ထုနဲ့ လိုက်လျောညီထွေရှိသည်။ သူ့ရင်ခွင်ထဲကလူကို အထပ်ထပ်အခါခါကြည့်လိုက်တော့ သူ့မျက်လုံးထဲက ထိတ်လန်ံမှုက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

သူဝင်လာသည့်အချိန် ခန်းကုတင်ပေါ်မှာ တစ်ယောက်မှာမရှိတာကိုတွေ့တော့ သူဘယ်လိုခံစားရလဲ ဘယ်သူမှမသိနိုင်ပေ။ ထိုအခိုက်အတန့်သည် သူ့ဦးလေး၏မိသားစုက သူ့ကို ဘယ်သူမှမသိသည့် ထူးဆန်းသည့်နေရာသို့ ပစ်ချလိုက်သည့်အချိန်ကို ပြန်ရောက်သွားသလိုပင်။ သူက အကူအညီ​တောင်းလို့ရမည့် လူမရှိသလို ထိတ်လန့်နေခဲ့သည်။

မင်ကောအာ ကလေးနဲ့အတူ ပေါ်မလာခင်တွင် သူက အိမ်တစ်အိမ်လုံးကို ပတ်ရှာခဲ့သည်။ ခွေး၊မြင်းနှင့်ဘဲများက သူ့ကို သခင်လို့သတ်မှတ်ထား၍ ညသန်းခေါင်တွင် နိုးမလာခဲ့ပေ။ မဟုတ်ပါက သူတို့က အားလုံးကို သတိပေးလိုက်မှာဖြစ်သည်။

 

လီဖုန်းက စကားတစ်ခွန်းမှမပြောပဲ သူ့ကိုကြည့်နေခဲ့သည်။ “ကောင်းပြီ”

 

အရင်တုန်းက မင်ကာအာမှာ လျှို့ဝှက်ချက်ရှိနေတာကို သူဂရုမစိုက်ဘူးလို့ပြောခဲ့သည်။ မင်ကောအာက သူ့နှလုံးသားကိုဖွင့်ပေးပြီး သူ့ကိုဝန်ခံဖို့ဆန္ဒရှိသည့်အချိန်အထိ သူက မင်ကောအာ၏လျှို့ဝှက်ချက်ကို လျှို့ဝှက်ပေးလို့ရသည်။ သို့သော် ယခုလေးတင်ဖြစ်သွားခဲ့​တာကြောင့် သူ့မူလစိတ်ကူးကို ဆွဲကိုင်မထားနိုင်တော့ပေ။ အကြောင်းမှာ ဤလျှို့ဝှက်ချက်က သူကိုင်တွယ်နိုင်တာထက် ကျော်လွန်နေသည်။

မင်ကောအာ၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ဆန္ဒရှိတာက သူ့ရှေ့ကနေ မင်​ကောအာပျောက်ကွယ်သွားပြီး ဘယ်မှာရှာရမလဲမသိသည်အထိ ဖြစ်လို့ရတယ်လို့ မဆိုလိုပေ။

 

ဤတစ်ကြိမ်မှာ မင်ကောအာ အားလင်းကို ​ခေါ်ဆောင်သွားခြင်းသည် ယခုနကလို အဖြစ်အပျက်မျိုး ထပ်ဖြစ်မှာ​ကြောက်၍ဖြစ်သည်။ အားလင်းက နေရာလွတ်၏တည်ရှိမှုကိုသိသော်လည်း ညလယ်မှာနိုးလာပြီး သူ့အားမူပျောက်သွားလျှင် သူမငိုဘူးလို့ အာမခံချက်မရှိပေ။

 

ညသန်းခေါင်တွင် အားစန်းငိုလို့ သိုးနို့တိုက်ကျွေးဖို့ လိုအပ်သည့်အချိန်မှလွဲ၍ လီဖုန်းက ပုံမှန်အားဖြင့် သတ်မှတ်ထားသည့်အချိန်မှ လာလေ့ရှိသည်။ ထို့ကြောင့် ထန်ချွန်းမင်က အားစန်းကိုခေါ်ပြီး နေရာလွတ်ထဲသို့ စောစောဝင်ကာ ခဏလောက်အလုပ်များနေလေသည်။ လီဖုန်းရောက်လာမယ်လို့ ဘယ်သူကထင်မှာလဲ?

 

သို့သော် တစ်ချိန်တည်းမှာပင် ထန်ချွန်းမင်က စိတ်သက်သာရာရသွားသည်။ သူသည် ဤလူအားဝန်ခံရန် အကောင်းဆုံးအခွင့်အရေးကို စောင့်နေတာဖြစ်ပြီး ယခုက အကောင်းဆုံးအချိန်ဖြစ်သည်။

 

လီဖုန်းက အားလင်းကို လက်တစ်ဖက်ဖြင့် စောင့်ပတ်ပေးကာ တစ်ဖက်ဖြင့် ထန်ချွန်းမင်၏လက်ကိုကိုင်ထားသည်။ သူက ထန်ချွန်းမင် ထပ်ပျောက်သွားမှာ စိုးရိမ်နေသည်။ ထန်ချွန်းမင်က ထိုလူ၏အာရုံကြောများ ပြောလျော့စေရန် ပြုံးပြလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူ့ကို နေရာလွတ်ထဲခေါ်လာခဲ့သည်။

နေရာလွတ်က လူတွေကိုခေါ်လို့ရသည်။ သူအရင်ဘဝတွင် သူ့မှာထိုစွမ်းအင်ရှိမှန်း သတိမပြုမိခဲ့၍ စမ်းသပ်စစ်ဆေးရန် အခွင့်အရေးမရှိသော်လည်း ဤဘဝတွင် အားလင်းကိုအကြိမ်ပေါင်းများစွာ ခေါ်ဆောင်လာလို့ရတာ​ကြောင့် လီဖုန်းကိုခေါ်သွားလို့ရမယ်လို့ သူ့မှာယုံကြည်မှုရှိသည်။

 

သို့ဖြစ်၍ လီဖုန်းက သူ့အသိဉာဏ်အားလုံးကို လွှမ်းမိုးသွားစေမည့် စွန့်စားခန်းတစ်ခုကို စတင်ခဲ့လေသည်။

 

သူက မှိန်ဖျော့သောနေရာမှ ​တောက်ပသောနေရာသို့ ရုတ်တရက်ဝင်ရောက်လာခဲ့သည်။ သူ အားလင်းနှင့် မင်ကောအာကို တစ်ဖက်စီ တင်းတင်းကြပ်ကြပ်မကိုင်ထားလျှင် သူအိပ်မက်မက်နေသည်ဟု သံသယဖြစ်ပြီး သူမြင်သမျှအားလုံးက အစစ်အမှန်မဟုတ်ဘူးလို့ ထင်နေလိမ့်မည်။

  

“ကျွန်တော်နဲ့အရင်လိုက်ခဲ့ပါ။ ကလေးတွေကို အိမ်ထဲထည့်ပြီး အိပ်ခိုင်းထားလိုက်မယ်။” သူက လီဖုန်း၏လက်ကိုဆွဲကာ သစ်သားအိမ်ဆီသို့ လျှောက်သွားလိုက်သည်။ သူက ရှင်းပြဖို့ အလျင်လိုမနေပေ။

သူတို့အထဲရောက်နေပြီမို့ အနှီလူနားလည်လက်ခံလာစေရန် စကားပြောဖို့ အချိန်အများကြီးရှိသည်။ လူတိုင်းက သူတို့ရှေ့ရှိ မယုံနိုင်စရာကောင်းသော ကိစ္စများကို မြန်မြန်လက်မခံနိုင်ကြပေ။

 

လီဖုန်းက သူ့ရှေ့ကဦးဆောင်နေသော မင်ကောအာကို ကြောင်တက်တက်ကြည့်နေပြီး သူထပ်မပျောက်သွားအောင် စစ်ဆေးနေသည်။ သူက သူ့ပတ်ဝန်းကျင်အခြေအနေကို လှည့်ကြည့်လိုက်ပြီး မင်ကောအာနဲ့ပတ်သက်သည့် မူမမှန်မှုအကြောင်းကို တွေးလိုက်သည်။ သူ ဤနေရာမှာ အဖြေရှာလို့ရမှာကိုသိတော့ သူ့စိတ်ကပြေလျော့သွားခဲ့သည်။

သူ့ကြည့်ရတာ ထန်ချွန်းမင်ထင်တာထက်ပင် အဖြစ်မှန်ကို ပိုလျင်မြန်စွာ လက်ခံနိုင်ပုံရသည်။

 

သူ့​ခြေအောက်မှာ အနက်ရောင်​မြေဆီလွှာရှိပြီး ၎င်းက မြေသြဇာဖြစ်ရမည်။ ဒါကြောင့် မြေဆီလွာပေါ်မှာ ပေါက်နေသည့်အရာအားလုံးက စိမ်းလန်းစိုပြေပြီး ရာသီကိုဆန့်ကျင်ကာ ​ကြီးထွားလာတာဖြစ်ပေမည်။

ဘယ်ဘက်မှာ ကုန်းစောင်းတွေရှိပြီး တချို့က တရွေ့ရွေ့နဲ့ ဖရိုဖရဲတွေဖြစ်နေသည်။ ၎င်းက ပိုင်ရှင်၏ပျင်းရိမှုနှင့် မြေယာကိုကောင်းမွန်စွာ မထိန်းသိမ်းနိုင်ခြင်း၏ ရလဒ်ဖြစ်သည်။ ယင်းက မင်ကောအာ၏ စိတ်နေစိတ်ထားနှင့် အလွန်တူသည်။ မတူညီသော ဟင်းသီးဟင်းရွက်များက အတူတူကြီးထွားနေပြီီး သူမမှတ်မိသော အမျိုးအစားတွေလည်းရှိသည်။

မင်ကောအာက သူ့ကို​ခေါ်လာပြီး အဖြေကိုသေချာပေါက်ပေးမှာဖြစ်၍ သူစိတ်မပူပေ။

 

ညဘက်ခြမ်းတွင် သီးပင်စားပင်တန်းများနှင့် ရေကန်တစ်ခုရှိသည်။ ရေကန်ထဲမှာ ငါးတွေခုန်ပေါက်နေသည်။

ဤသည်မှာ မင်ကောအာဖမ်းခိုင်းခဲ့သည့် ငါးနှင့်ပုဇွန်လေးများကို သတိရစေသည်။ သူတို့ဘယ်ကိုရောက်သွားလဲလို့ သူသိချင်ခဲ့ပေမယ့် သူက တမင်တကာ လျစ်လျူရှုပြီး မင်ကောအာအတွက် ဆင်ခြေတစ်ခုလုပ်ပေးခဲ့သည်။ ယင်းမှာ ကြက်နှင့် ဘဲများကို အစာကျွေးခြင်းဖြစ်သည်။ သို့သော် ယခုမူ ​ငါးလေးနဲ့ပုဇွန်းလေးများကို ကြက်နှင့်ဘဲများက စားခဲ့တာမဟုတ်ပဲ ဤနေရာမှာ ယူမွေးခဲ့တာဖြစ်သည်ဟု သူ့ရှေ့ရှိရေကန်က ပြောပြနေသည်။

 

အဖြေကိုခန့်မှန်းမိတာကြောင့် လီဖုန်း၏နှုတ်ခမ်း​ထောင့်များ အနည်းငယ်တွန့်ကွေးသွားပြီး သူက သီးပင်များကို မော့ကြည့်လိုက်သည်။ ပျိုးပင်အဆင့်တွင်ရှိနေသော အသီးအနှံများကို ထည့်မတွက်လျှင်ပင် ပွင့်နေသောအသီးများက လီဖုန်းကို အလွန်အမင်း အံ့အားသင့်စေသည်။

လက်ဝဲဘက်ရှိ ဟင်းသီးဟင်းရွက်များကဲ့သို့ပင် ဟိုဘက်ကမ်းရှိ အကိုင်းအခက်များတွင် လေးလံသောအသီးနှံများက တွဲလောင်းကျနေပြီး ဤဘက်ခြမ်းရှိ အကိုင်းအခက်များတွင် အပွင့်ဖူးများပွင့်နေသည်။ မတူညီသော ရာသီ၌ တူညီသောသီးပင်များတွင် ဤအခြေအနေဖြစ်ပေါ်သ​ည်။

 

ဒီနေရာမှာ ဒဏ္ဍာရီလာနတ်ဘုရားတွေ နေထိုင်တာလား? လီဖုန်း၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။ သူသည် တခြားသင့်လျော်သောအဖြေကို ရှာမတွေ့ပေ။

 

သူတို့သစ်သားအိမ်ကိုရောက်တော့ ထန်ချွန်းမင်က ကလေးကို စားပွဲပေါ်တင်လိုက်သည်။ ထိုအချိန်မှာ မိနစ်အနည်းငယ်သာကြာသေးသည်။ သူက အနည်းငယ်ရွှင်မြူးနေပြီး အားလင်းကို စားပွဲပေါ်ချပေးရန် လီဖုန်းအားအချက်ပြလိုက်သည်။ သို့မှ သူတို့အပြင်ထွက်၍ စကားပြောနိုင်မည်ဖြစ်သည်။

  

 

လီဖုန်းက ထန်ချွန်းမင်ထက် ပိုသတိထားသည်။ သူက ကလေးနှစ်​ယောက်ကို အလယ်တွင်ထားကာ မတော်တဆမြေပေါ်သို့ လိမ့်ကျခြင်းမှကာကွယ်ရန် စောင်ထောင့်များကို ဖုံးထားသည်။ ထို့နောက် သူက ထန်ချွန်းမင်၏လက်ကိုကိုင်ကာ အိမ်ပြင်ထွက်သွားခဲ့သည်။

/////////

Chapter 54.2

တံခါးပိတ်ပြီးနောက် နှစ်​ယောက်သား တံခါးခုံတွင် ထိုင်လိုက်ကြသည်။ ထန်ချွန်းမင်က ရှင်းပြချင်ပေမယ့် သူ့မှာ စကားလုံးပျောက်ရှနေပြီး ဘယ်ကစရမှန်းမသိပေ။ သူက ခေါင်းကုတ်လိုက်သည်။ ယင်းကပြဿနာပင်။

  

“ဒါက နတ်သမီးကျွန်းလား? မင်းဘာလို့အလွယ်တကူလာလို့ရတာလဲ?” လီဖုန်းက ထန်ချွန်းမင် နေရမခက်စေဖို့ အရင်ပြောလိုက်သည်။

“ဟမ်? ခင်ဗျား ဒါကိုသိတာလား?” ထန်ချွန်းမင်၏မျက်လုံးများက ရုတ်တရက်တောက်ပလာပြီး လီဖုန်းကို သဘောကျစွာ​ကြည့်လိုက်သည်။ သူသာ ခေတ်သစ်အင်တာနက်ပေါ်က အလားတူဝတ္ထုများကို မဖတ်ထားလျှင် သူသည်လည်း ယခုလိုဖြစ်တည်မှုကို ဤမျှလောက်မြန်မြန်ဆန်ဆန် လက်ခံနိုင်မည်မဟုတ်ပေ။

  

“ခန့်မှန်းလိုက်တာ။” လီဖုန်းက နှုတ်ခမ်းကိုဖိကာ ပြုံးလိုက်သည်။

မရယ်တတ်သည့်သူများ ရယ်သည့်အခါ ရင်သပ်ရှုမောဖွယ် ခံစားချက်ကိုပေးပါ၏။ တခြားသူတွေဘာဖြစ်သွားမှန်းမသိပေမယ့် ထန်ချွန်းမင်ကတော့ အံ့အားသင့်သွားခဲ့သည်။ သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေပြီး သူကနေရာခက်စွာ အဝေးသို့ကြည့်လိုက်သည်။ မဟုတ်​ပါက သူ ထိုလူကို ​မြေကြီးပေါ်ဖိချပြီး အောက်ပါစကားတွေကို ​ဆက်ပြောနိုင်မည်မဟုတ်တော့ချေ။

“ဒါ……” ထန်ချွန်းမင်က ခေါင်းကိုဆက်ကုတ်လိုက်ပြီး သေချာရှင်းပြလိုပါက သူ၏ယခင်ဘဝနှင့် စတင်ရမည်ဆိုတာသိလိုက်သည်။ နေရာလွတ်ကို သိသွားပြီဖြစ်၍ ခန္ဓာကိုယ်နှင့်စိတ်ဝိဉာဏ်ကူးပြောင်းခြင်း ကိစ္စရပ်ကို ဖုံးကွယ်ထားဖို့မလိုအပ်ပေ။ ထို့အပြင် လီဖုန်းပြန်ရောက်သည့်နေ့မှစ၍ သူက ဤခန္ဓာကိုယ်ပိုင်ရှင်ဖြစ်လာခဲ့သည်။

လီဖုန်း အစမှအဆုံးအထိ သိခဲ့သူဟာ သူသာဖြစ်ပြီး မူလပိုင်ရှင်မဟုတ်ပေ။ အနည်းငယ် အထိတ်တလန့်ဖြင့် ထန်ချွန်းမင်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏သေဆုံးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းဇာတ်လမ်းကို အမြန်ပြောပြခဲ့သည်။

  

“မင်းက မူလ မင်ကောအာမဟုတ်ပဲ တခြားကမ္ဘာက လူတစ်ယောက်လို့ပြောတာလား?” ထန်ချွန်းမင်ပြောတာကို လက်ခံနိုင်ရန် လီဖုန်း အချိန်အတော်ယူခဲ့ရသည်။ သူက မျက်တောင်ခတ်ကာ အပ်ရှရှအသံဖြင့် မေးလိုက်လေသည်။ သူ့မျက်ဝန်းက ရှေ့ကလူကို လုံးဝအလွတ်မပေးပေ။ သူမြင်နေရတာ အရိ​ပ်တစ်ခုပဲဖြစ်နေမှာကြောက်၏။

 

ထို့နောက် ထန်ချွန်းမင် စိတ်သက်သာရာရသွားသည်။ သူက ပခုံးတွန့်ပြီး လီဖုန်း၏မျက်ဝန်းကို တည်တည်​ငြိမ်ငြိမ်ကြည့်ကာ ပြောလိုက်၏။ “ဟုတ်တယ်၊ အဲ့ဒါအမှန်ပဲ။ ကျွန်တော် ဒီခန္ဓာကိုယ်ထဲမှာနိုးလာတော့ မူလမင်ကောအာက ဆုံးသွားတာဖြစ်မယ်။ ဟူလန်ကျုံးက အားလုံးကိုသိတယ်။ ဒါပေမယ့် ကျွန်တော်နိုးလာတော့ သူက ကျွန်တော်သေရာက ပြန်ထလာတယ်ပဲထင်တာ။ ဒါကြောင့် သူ ကျွန်တော့်ကို ကောင်းကောင်းဂရုစိုက်ခဲ့တာ။ မင်ကောအာရဲ့ ကျန်းမာရေးက မကောင်းခဲ့တော့ ဟူလန်ကျုံးက သူ့ကြုံတွေ့ခဲ့ရတာကို စာနာနေတာ။”

  

“မင်းဘယ်တုန်းကနိုးလာတာလဲ?”

 

လီဖုန်းက ထန်ချွန်းမင်၏လက်ကို တင်းတင်းညှစ်ထား၍ ၎င်းက အနည်းငယ်နာကျင်လာပေမယ့် သူက သေချာရှင်းပြဖို့လိုသေးသည်။ သူက အားနေသည့်လက်တစ်ဖက်ဖြင့် သူ့ကိုယ်သူ လက်ညိုးထားကာ ရှင်းပြလိုက်သည်။ “ခင်ဗျားပြန်ရောက်တော့ ကျွန်တော်နိုးလာတာ။ ခင်ဗျားကျွန်တော့်ကို အစတည်းကသိခဲ့တာ။ ခင်ဗျား ကျွန်တော့်ကို မယူရဲမယူကြည့် ကျွန်တော် ခင်ဗျားပိုက်ဆံကိုယူပြီး ထွက်ပြေးသွားမှာ။ တစ်ပြားမှချန်မထားဘူး!”

 

အောင်မြင်စွာခြိမ်းခြောက်မှုမပြီးခင်တွင် သူက တစ်စုံတစ်​ယောက်၏ ပွေ့ဖက်ခံလိုက်ရသည်။ ထန်ချွန်းမင်က တစ်ဖက်လူ၏လေးလံသော ရင်ခုန်သံကို ကြားနိုင်သည်။ ကမ္ဘာကြီးက ရုတ်ချည်းဆိုသလို ဗလာကျင်းသွားပြီး သူနဲ့သူ့ကိုပွေ့ဖက်ထားသူသာ ကျန်ရစ်ခဲ့ပုံရသည်။ ထန်ချွန်းမင်၏ရင်ခုန်သံက မြန်လာပေမယ့် ပွေ့ဖက်မှုကြောင့် သူ့ရင်ထဲမှာ အေးချမ်းမှုကို ခံစားခဲ့ရသည်။

 

သူက အပြုံးတစ်ခုဖြင့် ခြိမ်းခြောက်ဟန်ဆောင်ခဲ့သော်လည်း သူ့ရင်ထဲမှာ မသက်မသာဖြစ်နေသေးသည်။ သူက တစ်ဘဝလုံးကို ဤလူနဲ့ကုန်ဆုံးချင်တာကြောင့် အနှီလူအား သူ့တစ်ဘဝလုံး ဘယ်လိုလူနဲ့ဖြတ်သန်းရမလဲဆိုတာ သိစေချင်သည်။ သူက မူလမင်ကောအာဆီမှ အရာအားလုံးဆက်ဆံရရှိခဲ့သော်လည်း သူဟာ မင်ကောအာအစစ်မဟုတ်ပေ။ သူဟာ တွေးခေါ်တတ်သူမဟုတ်ပဲ တစ်ခါတစ်လေ ခေါင်းကြောလည်းမာသည်။

သူ့ယခင်ဘဝမှာ သူက လူပင်လယ်ထဲတွင်ရှိခဲ့ပြီး သူရှာနေခဲ့တာက ဖြူစင်သောမေတ္တာဖြစ်လောက်ပေမယ့် လူတွေက ဝင်ထွက်သွားလာပြီး မည်သူကမျှ သူ့ဘေးမှာရှိမနေချင်ခဲ့ပေ။

 

“အင်း… ငါမင်ကောအာကို တာဝန်ယူမယ်။ မင်ကောအာ..စိတ်မပူပါနဲ့။” လီဖုန်းက သူ့ကိုလွှတ်ပေးကာ အလေးအနက် ကတိပေးလိုက်သည်။ ဘယ်လောက်ပဲထူးဆန်းသည့် ကိစ္စတွေဖြစ်ခဲ့ပါစေ မင်ကောအာက တစ်ခုတော့မှန်သည်။

သူ အစကနေအဆုံးအထိသိ​ခဲ့သော လူက သူအတူနေချင်သည့်လူဖြစ်သည်။ သူစိတ်ပူသည့် တစ်ခုတည်းသောအရာမှာ ဤလူ သူ့ကို နောက်တစ်​ကြိမ်ထားသွားမလားပင်ဖြစ်သည်။ သို့ဖြစ်၍ သူက ထပ်ပြောလိုက်သည်။ “မင်းလည်း ကိုယ့်ကိုတာဝန်ယူရမယ်နော်။”

ထန်ချွန်းမင်က မရယ်ပဲမနေနိုင်တော့ပေ။ သူက လီဖုန်း၏လက်ကိုဆွဲကာ သူ့ရင်ဘတ်ကို တခြားလက်တစ်ဖက်ဖြင့် ပုတ်လိုက်သည်။ “စိတ်မပူပါနဲ့။ ကျွန်တော်က ခင်ဗျားကို သေချာပေါက်တာဝန်ယူမှာ။ ကျွန်တော် ဒီကမ္ဘာကို ဘာလို့ရောက်လာလဲမသိပေမယ့် ကျွန်တော် ဒီမှာတစ်သက်လုံးနေရမယ်ထင်တယ်။ ကျွန်တော်တို့ကလေးတွေကို တူတူပျိုးထောင်ရအောင်။” သူ ယခုချိန်မှာ ရွေးချယ်ရမယ်ဆိုလျှင်ပင် သူ ဤကမ္ဘာမှာနေမည်။ တကယ်တော့ ထိုကမ္ဘာတွင် သူ့ဖခင်ဆုံးပြီး သူ့ကိုတစ်ယောက်တည်းထားခဲ့တာ တစ်နှစ်ကြာခဲ့ပြီဖြစ်သည်။

  

“ကောင်းတယ်”

ထန်ချွန်းမင်က နောက်ဆုံးတွင် သူ၏စိိုးရိမ်ပူပန်မှုအ​ကြောင်းကို မျှဝေရန် လူတစ်​ယောက်ရှိလာခဲ့သည်။ သူက လီဖုန်းကိုဆွဲကာ စကားအများကြီးပြောလိုက်သည်။ ယင်းမှာ သူ့ယခင်ဘဝ၌ သူဟာ ယောကျာ်းလေးတစ်​ယောက်ဖြစ်ပြီး ဤကမ္ဘာကိုရောက်လာမှ ကလေးမွေးနိုင်မှန်းသိခဲ့သည်ဟူ၍ပင်။

လီဖုန်းက မင်ကောအာပြောပြသော ဆန်းဆန်းပြားပြားကမ္ဘာကို တိတ်တဆိတ်နားထောင်နေသည်။ ၎င်းမှာ ကောတွေမရှိပဲ အမျိုးသားနှင့်အမျိုးသမီးသာရှိသည်။ ထို့နောက် လီဖုန်း၏မျက်နှာက ပို၍ပင်ထူးဆန်းလာသည်။ ထိုကမ္ဘာတွင် မင်ကောအာက သူနဲ့လိင်တူအမျိုးသားတစ်ယောက်ဖြစ်သည်။

မင်ကောအာ၏နေပုံထိုင်ပုံက သာမန်ကောအာများနှင့်မတူဘူးလို့ သူအမြဲခံစားခဲ့ရသည်။ မင်ကောအာက အားစန်းလေးနဲ့ရှိနေတိုင်း ရှုပ်ထွေးနေသော အမူအရာကိုပြလေ့ရှိသည်။ သူသာ ကောတစ်ယောက်၏ ခန္ဓာကိုယ်ထဲကူးပြောင်းသွားလျှင်…… တွေးတောင်မတွေးရဲပေ။ သူက တုန်ယင်လာပြီး ထပ်မစဥ်းစားရဲတော့ချေ။ ကြည့်ရတာ မင်ကောအာ၏ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းက သူ့ထက်သာလွန်ပုံရသည်။

 

“မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။” လီဖုန်းက ထန်ချွန်းမင်၏လက်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်သည်။ မင်ကောအာက ရက်စက်ပြီး တာဟူဆုံးသွားသည်နှင့် သူက သူ့ခင်ပွန်းမိသားစုနှင့် ဆက်ဆံရေးဖြတ်တောက်ကာ အဆက်အသွယ်မလုပ်တော့ပဲ​ နောက်ယောကျာ်းတစ်​ယောက်ရှာခဲ့သည်ဟု အားလုံးကပြောကြသည်။

သို့သော် သူကတော့ မင်ကောအာထက် စိတ်ထားကောင်းသူမရှိဟု ထင်သည်။ တခြားတစ်ယောက်သာဆိုလျှင် သူတို့က မင်ကောအာလို ကလေးနှစ်ယောက်အား လက်ခံနိုင်မည်လား။ သူ့မွေးခဲ့သော အားစန်းလေးကိုလည်း သူက လူယုတ်မာလေးလို့ခေါ်နေပေမယ့် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာ ကြိုးစားသင်ယူသည်။ ကလေးကိုမချီရဲသည့် အစပိုင်းမှ အနှီးလဲပေးခြင်း၊ ရေချိုးပေးခြင်းနှင့် အစာကျွေးခြင်းကို သင်ယူနိုင်ခဲ့သည်။

ယခုမူ သူက အစစအရာရာကျွမ်းကျင်ပြီး အားစန်းလေး ဝကစ်ဖြူဖွေးလာပုံကိုကြည့်ကာ သူ့မျက်လုံးထဲမှာ ဂုဏ်ယူသောအကြည့်တစ်ခု ရှိနေခဲ့သည်။

  

“အွန်း…” ထန်ချွန်းမင်က ချီးကျူးခံလိုက်ရလို့ ရှက်သွားလေသည်။ သူက ခေါင်းကုတ်ကာ ပြောလိုက်သည်။ “ရပါတယ်။ တကယ်တော့ ကျွန်တော်က မင်ကောအာရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ အတွေ့အကြုံတွေကို အလုံးစုံမှတ်မိတယ်။ ဒါကြောင့် ကျွန်တော်က မင်ကောအာရဲ့နောက်ထပ်ကိုယ်ပွားလို့ ပြောလို့ရတယ်။ ဒီတော့ ကျွန်တော်ကလေးနှစ်ယောက်ကို ပျိုးထောင်ပေးမယ်လေ။ မဟုတ်ဘူး… ဒါမမှန်သေးဘူး။ သူတို့က အခု ကျွန်တော့်ကလေးဖြစ်သွားပြီ။ သူတို့က အနာဂတ်မှာ ခင်ဗျားရဲ့ကလေးဖြစ်လာမှာ နားလည်လား?”

  

“ကိုယ်သိပါတယ်။ ကိုယ်တို့လက်ထပ်ပြီးရင် သူတို့က လီမိသားစုဝင်တွေဖြစ်လာမှာ။ ကိုယ်တို့နှစ်ယောက် သူတို့ကို ပြုစုပျိုးထောင်ကြမယ်။” လီဖုန်း၏ရင်ထဲမှာ ဘာအစွဲမှမရှိတော့ပေ။ ဆုံးသွားသော ကျောက်တာဟူက သူနဲ့မင်ကောအာကြားမှာ အတားအဆီးမဖြစ်နိုင်တော့ပေ။ အကြောင်းမှာ သူ့ရှေ့ကမင်ကောအာက ကျောက်တာဟူနှင့် လက်ထပ်ခဲ့သော ကောအာမဟုတ်လို့ဖြစ်သည်။

ထန်ချွန်းမင်က အင်မတန်ပျော်ရွှင်နေသည်။ ဤလောကမှာ​ မပေါ်သေးလို့ သူ ထုတ်ယူလို့မရသော နေရာလွတ်ထဲမှ ပစ္စည်းတွေရှိသည်။ သူက မျိုးစေ့များနှင့် အသုံးနည်းသော ကောက်ပဲသီးနှံများ ရှာဖွေစုဆောင်းပေးဖို့ လီဖုန်းနဲ့ ယွိမုအား ပြောထားပေမယ့် ရလဒ်ကတော့ မထူးခြားခဲ့ပေ။ ယခု လီဖုန်းက ဤနေရာမှာရှိနေ၍ ပြဿနာဖြေရှင်းခွင့်ပေးလိုက်ရုံပင်။

လယ်ကွင်းများတွင် လမ်းလျှောက်ထွက်ကာ သိုလှောင်ခန်းထဲမှ ကောက်ပဲသီးနှံအသစ်များနှင့် အကျွမ်းတဝင်မရှိသော အရာများကို သူနဲ့မိတ်ဆက်ပေးခဲ့သည်။ လီဖုန်းက ပစ္စည်းအသစ်များကို လက်မခံနိုင်သူမဟုတ်ပေ။ သူ့အတွေ့အကြုံက သာမန်ကျေးလက်သားများနှင့်ယှဥ်လျှင် ရှားပါးသည်။

ထို့ကြောင့် မင်ကောအာနေထိုင်သောကမ္ဘာက လက်ရှိကမ္ဘာထက် ချမ်းသာကြွယ်ဝပြီး ရိက္ခာပိုမိုများပြားကြောင်း သူကြားသိခဲ့ရသည်။

 

သူတို့က ပါးစပ်ခြောက်သည်အထိ စကားပြောနေစဥ် အခန်းထဲမှာ ငိုသံတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ နှစ်ယောက်သား ဘာကိုမှဂရုမစိုက်ပဲ အိမ်ထဲသို့ပြေးဝင်သွားကြသည်။ အားစန်းလေး ညဘက်ငိုသည်မှာ ရှူးပေါက်ချတာ သို့မဟုတ် ဗိုက်ဆာလို့ဖြစ်သည်။ ယခုချိန်မှာ သူဗိုက်ဆာနေတာဖြစ်လောက်မည်။ သေချာသည်မှာ အနှီးကခြောက်သွေ့နေဆဲဖြစ်ပေမယ့် ပါးစပ်ကတစ်ခုခုကို လိုချင်နေသလို စူထော်နေလေသည်​။

  

“အပြင်ထွက်ပြီး သိုးနို့ကိုနွှေးလိုက်ရအောင်။ အားလင်းကိုမနိုးစေနဲ့။”

  

“ကောင်းပါပြီ”

 

နှစ်ယောက်သားက နေရာလွတ်ထဲမှ အလျင်စလိုထွက်သွားပြီး လီဖုန်းက တွန့်ဆုတ်မနေ​ခဲ့ပေ။ သူ့အမြင်မှာ မင်ကောအာကို ဤနေရာသို့ခေါ်လာပေးသည်မှာ အံ့ဖွယ်ကောင်းသော နေရာလွတ်ဖြစ်၍ သူက ကျေးဇူးတင်နေမိသည်။ သို့သော် ဤနေရာလွတ်မရှိလျှင်ပင် သူက မင်ကောအာကို ကောင်းမွန်ပြီး တည်ငြိမ်သောဘဝမှာထားနိုင်သည်။

 

သိုးနို့သောက်ပြီးနောက်မှာ ရှောင်အားစန်းက ပြန်အိပ်ပျော်သွားခဲ့သည်။ ထန်ချွန်းမင်ကတော့ လုံးဝအိပ်မပျော်ပဲ သူ့ကိုစိုက်ကြည့်နေသည်။ လီဖုန်းက ထန်ချွန်းမင်၏မျက်နှာကို ပြုံးပြီးကြည့်ကာ ပြောလိုက်သည်။ “သူ သိုးနို့သောက်ပြီးတော့ မိုးလင်းတဲ့ထိအိပ်မှာပဲ။ မင်းလည်း စောစောအိပ်သင့်တယ်။ မဟုတ်ရင် နက်ဖြန်နိုးလာတဲ့အခါ ပင်ပန်းနေလိမ့်မယ်။”

  

“အင်းပါ… ခင်ဗျားရောပဲ..ပြန်တော့လေ” ထိုအဖြစ်ဆိုးကြီးပြီးဖို့ အချိန်ကြာခဲ့သည်။

  

“ကောင်းပြီ။ အဲဲဒီကိစ္စတွေကို ကိုယ့်ကိုအပ်လိုက်။ မင်းစိတ်ပူစရာမလိုပါဘူး။” မပြန်ခင်မှာ သူက မင်ကောအာ၏နဖူးကိုနမ်းလိုက်ပြီး လီဖုန်း၏ပုံရိပ်က အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။

ထန်ချွန်းမင်က သူပျောက်သွားတာကိုကြည့်ပြီး ရယ်လိုက်မိသည်။ သူက ညသန်းခေါင်မှာ နံရံပေါ်ခုန်တက်သည့် တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ပေမည်။ သူက အားစန်းလေး၏မျက်နှာကို လက်ချောင်းများဖြင့် တို့ထိလိုက်ပြီး တီးတိုးပြောလိုက်သည်။ “မင်း နောင်မှာ မင်းအဖေလီဖုန်းကို ကြည်ညိုလေးစားရမယ်နော်။ မင်းရဲ့မွေးဖခင် ကျောက်တာဟူကတောင် သူ့လောက်မကောင်းနိုင်​ဘူး။ သူက သူ့ကလေးတွေထက် တခြားကလေးတွေကိုပဲ ကောင်းကောင်းဆက်ဆံတာ။”

 

သို့သော် လီဖုန်းက ကွာခြားသည်။ သူက လီဖုန်းဆီမှာ သူ့ဖခင်၏အရိပ်ကိုမြင်နိုင်သည်။ သူက သူ့မိသားစုကို ဦးစားပေးကာကွယ်ပြီး မိသားစုဝင်တွေကို ဘယ်လိုဒုက္ခမျိုးမှ ခံစားခွင့်မပေးခဲ့ပေ။ သူ့သားသမီးတွေကို သွန်သင်ဆုံးမဖို့က သူ့ကိစ္စဖြစ်ပြီး တခြားလူတွေ လက်ညိုးထိုးလာတာကို ခွင့်မပြုခဲ့ပေ။

သူဂေးဆိုတာကို သူ့ဖခင်သိသွားလျှင်ပင် သူက သူ့ကို အိမ်မှာသွန်သင်ဆုံး​မနေမည်ဖြစ်သော်လည်း အပြင်လူတွေ သူ့အကြောင်းပြောလာမှာကိုတော့ ခွင့်ပြုမှာမဟုတ်ပေ။ ထန်ချွန်းမင်က ယင်းကိုကောင်းကောင်းသိသည်။ သို့သော် သူ့ဖခင် နာမကျန်းဖြစ်နေစဥ် သူ့ဖခင်ကို စိတ်မပျက်စေချင်၍ သူ အမှန်အတိုင်းမပြောနိုင်ခဲ့ပေ။ ထိုအစား သူက သူ့ဖခင်ကို လိမ်ညာကာ ဇနီးကောင်းရှာပြီး သားလေးမွေးပေးပါမည်ဟု ပြောခဲ့သည်။

ဤကမ္ဘာကိုရောက်လာကတည်းက ​ယောကျာ်းအမျိုးမျိုးကို တွေ့ခဲ့ရသည်။ တချို့တွေက မောက်မာသော ကြောင်သူတော်များဖြစ်ပြီး တချို့ကတော့ ခေါင်းမာကာ တချို့ကတော့ ရိုးသားသည့် ကျေးလက်သားများဖြစ်သည်။ သို့သော် သူ့ကိုအပြည့်အဝသည်းခံနိုင်သူမှာ လီဖုန်းဖြစ်သည်။ သူနဲ့သူ့ကလေးနှစ်ယောက်က လီဖုန်းနဲ့တွေ့ခွင့်ရတာကံ​ကောင်းသည်။

 

သူအိပ်မပျော်ဘူးလို့ ထင်ခဲ့သော်လည်း သူ့ရင်ထဲက ဝန်ထုပ်ဝန်ပိုးမရှိတော့လို့ သူက မြန်မြန်ဆန်ဆန်ပဲ အိပ်ပျော်သွားခဲ့သည်။ နောက်နေ့မနက်မှာ သူ့သားငယ်လေးကိုချော့နေသော အားလင်း၏အသံကိုကြားမှ သူနိုးလာခဲ့လေသည်။

 

“ဖေဖေ.. နိုးပြီလား.. အားစန်းက မလိမ္မာဘူး။ ဦးလေးဖုန်းက ညီလေးကိုဂရုစိုက်ဖို့ပြောထားတယ်။ ဦးလေးဖုန်း ခဏနေရောက်လာလိမ့်မယ်။” သူ့အားမူနိုးလာတာကိုတွေ့​တေ့ အားလင်းက ချက်ချင်းပင် သတင်းပေးလိုက်သည်။

ထန်ချွန်းမင်က ပြုံးလိုက်ပြီး အားလင်းကိုချီးကျူးကာ အားစန်း၏ဖင်တုံးကြီးကို ရိုက်လိုက်သည်။ သူ ညဘက်ဆီးမသွားဖို့ မဖြစ်နိုင်ပေ။ ယင်းက လီဖုန်း မနက်အစောကြီး လာလဲပေးသွားတယ်လို့ ဆိုလိုသည်။

 

////////

Chapter 54.3

ထန်ချွန်းမင်နှင့် လီဖုန်းတို့ကြားက နောက်ဆုံးသော အတားအဆီးအလွှာကို ဖယ်ရှားလိုက်သည်နှင့် သူတို့နှစ်ယောက်၏ဆက်ဆံရေးက တစ်လှမ်းတိုးလာကာ ထုံးစံအတိုင်း ကျောက်မိသားစုသည်လည်း ပိုမိုတင်းမာလာခဲ့သည်။

 

တတိယဦးလေးက ကျောက်လောင်စန်းအား ငွေနည်းနည်းချေးပေးရန် သူ့သားငယ်လေးကိုပြောခဲ့သည်။ သို့သော် ပုံမှန်အားဖြင့် နာခံလေ့ရှိသော အငယ်ဆုံးသားက ဤတစ်ကြိမ်မှာခေါင်းမာပြီး ဘာကိုမှနားမထောင်ခဲ့ပေ။ လယ်ကွင်းများကို ကူရိတ်ပေးဖို့ပြောသည့် ကျောက်လောင်စန်း၏တောင်းဆိုချက်ကိုလည်း သူက လျစ်လျူရှုခဲ့သည်။ ယင်းက တတိယဦးလေးကို အလွန်ဒေါသထွက်စေခဲ့ပြီး သူထိုသို့လုပ်လေ သူ့မိသားစုကို အဝေးသို့တွန်းထုတ်မိလေဖြစ်သည်။

 

လယ်ကွင်းများမှ ကောက်ပဲသီးနှံများကို ရိတ်သိမ်းပြီးနောက် အခြောက်ခံကာ ရောင်းဖို့လိုအပ်တာကို ရောင်းချခဲ့သည်။ အခွန်ပေးဆောင်ဖို့လည်းလိုအပ်၍ ဘိုးဘိုးကျောက်က ယခုနှစ်၏ဝင်ငွေကို တွက်ချက်လိုက်ရာတွင် ယခင်နှစ်ထက် ထက်ဝက်လျော့နည်းနေကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူက တတိယဦးလေးဆီမှာ သွားငိုခဲ့သည်။

တခြားသော ကျောက်မိသားစုဝင်တွေက ထိုစကားကြားတော့ ရယ်လိုက်ကြသည်။ အထွက်နှုန်းမလျော့သွားပဲနေမလား? သူတို့က စိုက်ပျိုးရာတွင်လည်း သေချာမစိုက်ပျိုးပဲ ဂရုစိုက်ရမည့်အချိန်တွင်လည်း ဖြစ်သလိုလွှတ်ထားခဲ့သည်။ ကောက်ပဲသီးနှံတွေကို ဘာထင်နေလဲ? ကောက်ပဲသီးနှံများက ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ အထွက်နှုန်းကောင်းတာဖြစ်သည်။

ကောင်းစွာပြုစုစောင့်ရှောက်လျှင် ကောင်းစွာကြီးထွား၍ ရိတ်သိမ်းမှုလည်း ကောင်းလိမ့်မည်။ သို့သော် ဝမ်ချွန်းဟွာနဲ့ ကျောက်တာနျိုက သူတို့မိသားစုရဲ့လယ်ကွင်းကို ဘယ်နှစ်ကြိမ်သွားကြည့်ခဲ့လို့လဲ? တခြားမိသားစုတွေ မြေသြဇာနှင့်ရေလောင်းနေချိန် သူတို့ဘာလုပ်နေခဲ့လဲ? ရိတ်သိမ်းသည့်အခါတွင်လည်း သူတို့က ပျင်းရိချင်ပြီး တခြားမိသားစုတွေ အခမဲ့ကူရိတ်ပေးတာကိုလိုချင်သည်။ သူတို့က သေအောင်ပျက်စီးနေတာပဲ!

“စိတ်ပူတာတွေရပ်လိုက်!” တတိယဦးလေးက ဘိုးဘိုးကျောက်ကို စိတ်ပျက်နေသည်။ တကယ်တော့ သူကမငယ်တော့ပေ။

“နောက်နှစ်အတွက် လယ်လုပ်ဖို့ အရမ်းခက်ခဲနေရင် အကူနည်းနည်းခေါ်ပြီး ပိုက်ဆံပေးလိုက်။ တခြားမိသားစုတွေဆီက အကူအညီမတောင်းနဲ့။ ဘယ်သူကမှ မင်းတို့လောက်အားမနေဘူး။ လုပ်အားခပေးဖို့ တွန့်တိုနေရင်တော့ ကိုယ့်ဟာကိုယ်လုပ်။” ဘိုးဘိုးကျောက်နဲ့ ဝမ်ချွန်းဟွာ ကန့်ကွက်တော့မှာကိုတွေ့လျှင် တတိယဦးလေးက သူတို့ကိုစူးစိုက်ကြည့်ကာ ခက်ခက်ထန်ထန်ပြောလိုက်သည်။

 

မျိုးဆက်သစ်လူငယ်များ*၏ မကျေနပ်မှုကိုလည်း သူသတိထားမိသည်။ ယခုလိုဆက်သွားနေလျှင် သူတို့၏ချစ်ခင်ရင်းနှီးမှု ပျောက်ဆုံးသွားလိမ့်မည်။ ကျောက်လောင်စန်း​ကြောင့်သာမဟုတ်ရင် သူတို့က ဘာလို့ကူညီနေမှာလဲ? သို့ဖြစ်၍ ပြန်လည်သုံးသပ်ပြီးနောက် ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာက ကျောက်လောင်စန်းအား ပြန်ဆွဲမချနိုင်စေရန် တတိယဦးလေးက ဆုံးဖြတ်ခဲ့သည်။

(** မိသားစုထဲက လူငယ်တွေကိုပြောတာပါ)

တကယ်တော့ ဘိုးဘိုးကျောက် ငွေမက်လို့သာမဟုတ်လျှင် ဤအိမ်ထောင်ရေးက ယခုအခြေအနေကို ရောက်စေခဲ့မှာမဟုတ်ပေ။ ကျောက်လောင်စန်းက ခရိုင်မော်ကွန်းထိန်းနဲ့ ပတ်သက်နိုင်ပြီး ခရိုင်မြို့ရှိ သူ့ဘဝကိုစီမံရန် ဤမျှလောက် ပင်ပင်ပန်းပန်း အားထုတ်နေရာမှာမဟုတ်ပေ။

“ဒါက… “ ဘိုးဘိုးကျောက်က လူတွေရဲ့မျက်နှာကို မဖတ်နိုင်တာမဟုတ်ပေ။ အခန်းထဲရှိ တတိယဦးလေးနှင့် တခြားလူများ၏ မျက်နှာမကောင်းတာကို မြင်ရသောအခါ သူထပ်ပြီးဇာချဲ့နေလျှင် ဘယ်သူမှဂရုမစိုက်တော့မှာကိုသိသည်။ သူက ချီတုံချတုံ သဘောတူလိုက်ရပြီး တခြားကိစ္စကို ပြောလိုက်​လေသည်။ “တတိယဦးလေး အခုကဘယ်လိုလုပ်ရမလဲ? သူအခု ခရိုင်မြို့မှာ တစ်ယောက်တည်းဖြစ်နေပြီး ဘယ်သူကမှ ဂရုမစိုက်ကြဘူး။ သူ့မှာ စားစရာ၊ ဝတ်စရာ လုံလုံလောက်လောက်ရှိရဲ့လားတောင် မသိဘူး။ ဝူး…. ဖခင်တစ်တယောက်အနေနဲ့ ဖျင်ချွမ်ကို မကူညီနိုင်တာ ကျုပ်အပြစ်ပါ…ဝူး…”

သူက တကယ်ကိုပူဆွေးနေသည်။ စန်းအာ​ထွက်သွားသည့်အချိန် သူ့ကိုစိတ်ဆိုးနေခဲ့သည်။ စန်းအာမှာထားတာကိုမေ့ပြီး ငွေလက်ခံကာ ရှန်းမိသားစုနဲ့လက်ထပ်ဖို့ ဘယ်လိုသဘောတူခဲ့မိမှန်းလည်း သူမသိတော့ပေ။

သူ့သား စိတ်ဆိုးသွားမှာကို သူသိခဲ့လျှင် သူက ရှန်းမိသားစုနဲ့လက်ထပ်ဖို့ သဘောတူခဲ့မှာမဟုတ်ပေ။ ဘိုးဘိုးကျောက်၏ရင်ထဲတွင် ကျောက်လောင်စန်းကို သူ၏တစ်သက်တာအထောက်အပံ့အဖြစ် မှတ်ယူထားသည်။ သူ့အမြင်အရတော့ ကျောက်တာနျိုဖြစ်ဖြစ် ကျောက်တာဟူဖြစ်ဖြစ် ကျောက်လောင်စန်းလောက် အလားအလာမရှိသလို သူ့အတွက် ဂုဏ်ကျက်သရေလည်း မသယ်ဆောင်လာနိုင်ပေ။

“ငိုပဲငိုနေ! မင်းလုပ်တတ်တာ ငိုဖို့ပဲ! အရင်ကဘာလုပ်နေခဲ့လဲ?” တတိယဦးလေးက အော်မေးလိုက်သည်။

ဘိုးဘိုးကျောက်က ခေါင်းငုံ့ကာ မျက်ရည်ကိုသုတ်လိုက်သည်။ သူက တတိယဦးလေးနဲ့ မကြာခဏဆက်ဆံပြောဆိုရ၍ မည်သည့်လှည့်ကွက်က ထိရောက်သည်ကိုသိသည်။

“ရပြီ.. ငါ ဒါတွေကြားပြီး စိတ်ပျက်လာပြီ။ ပြန်တော့.. လောင်စန်းကို ခရိုင်မြို့မှာ သွားတွေ့ဖို့ ကျောက်တာနျိုကိုလွှတ်လိုက်။ မင်း သူ့ကိုပို့ချင်တာရှိရင် မြန်မြန်ထုပ်ပိုးပြီး တာနျိုနဲ့ထည့်ပေးလိုက်။”

သေချာပါသည်။ တတိယဦးလေး၏အသံမှာ စိတ်မရှည်သော်လည်း သူက အလျှော့ပေးနေဆဲဖြစ်သည်။ ဘိုးဘိုးကျောက်က ကျောက်လောင်စန်း၏ မွေးဖခင်အရင်းဖြစ်၍ သူက သူ့ကို မျက်နှာသာပေးရဦးမည်။

  

“တာနျိုကို ပို့လို့အဆင်ပြေပါ့မလား?” မွေးဖခင်တစ်ယောက်အနေဖြင့် ဘိုးဘိုးကျောက်က အကြီးဆုံးသားကို သံသယဝင်တာတော့မဟုတ်ပေမယ့် သူက ပုံမှန်အားဖြင့် အလိုလိုသိစိတ်ရှိ၍ သူ တစ်ခုခုလုပ်မှာစိုးရိမ်သည်။

 

ထောင့်တစ်နေရာက လူအုပ်ထဲမှာရှိနေသော ကျောက်တာနျို၏မျက်လုံးထဲမှာ နက်မှောင်သောအကြည့်ရှိပေမယ့် ဘာမှ​တော့မ​ပြောခဲ့ပေ။

  

“တာနျိုဘာလို့မလုပ်နိုင်ရမှာလဲ? လောင်စန်း စာမေးပွဲအောင်သွားရင်တောင် သူ့အစ်ကို​တွေရဲ့ အကူအညီလိုနေဦးမှာပဲလေ။ မင်းအရမ်းဘက်လိုက်လို့မရဘူး။ မင်းပြောတာကို တာနျိုဘယ်လိုထင်သွားမလဲ? တာဟူက မရှိတော့လို့ မိသားစုရဲ့မြေယာတွေကို တာနျိုစီမံပေးနေတာ။ မင်းကိုယ်မင်းမေးကြည့်လိုက်။ တာနျိုကလွဲရင် ဘယ်သူ့ကို အားကိုးလို့ရသလဲ?”

တတိယဦးလေးက နောက်တစ်ကြိမ် ကြိမ်းမောင်းလိုက်ပြန်သည်။ ဤဦးနှောက်မရှိသော အဘိုးကြီးကျောက်က တာနျိုရှိနေလျက် မဆင်မခြင်ပြောဆိုနေသည်။ ဒါက တာနျိုကို သူနဲ့စိတ်ဝမ်းကွဲအောင် လုပ်နေတာမဟုတ်ဘူးလား? ကျောက်လောင်စန်း မအောင်မြင်ခင် သူ တာနျိုနဲ့ သူ့ဇနီးကို မှီခိုသင့်တာမဟုတ်ဘူးလား?

“ကျုပ်နားလည်ပါပြီ။ တတိယဦးလေး… ကျုပ်အိမ်ပြန်ပြီး ထု​ပ်ပိုးပေးလိုက်ပါမယ်။” တကယ်တော့ ဘိုးဘိုးကျောက်က တတိယဦးလေးကို ဆန့်ကျင့်ဖို့မဝံ့ရဲပေ။ ဤတစ်ကြိမ် သူ့သားထွက်မသွားခင်မှာ မိသားစုကိစ္စအလုံးစုံကို ဆုံးဖြတ်ချက်မချခင် တတိယဦးလေးနဲ့တိုင်ပင်ရမည်ဟု မှာသွားခဲ့သည်။

ယင်းက သူ့ကို မကျေမနပ်ဖြစ်စေပေမယ့် သူတတ်နိုင်တာဘာမှမရှိပေ။ သူက အဘိုးကြီးကို အရင်ချော့မော့ရမည်။ သို့ပေမယ့် ဤတစ်ကြိမ်တွင် အားသာချက်တချို့လည်းရှိသည်။ တတိယဦးလေးက လောင်စန်းကိုထောက်ပံ့ဖို့ ငွေနည်းနည်းထုတ်ပေးခဲ့သည်။

  

“တာနျို…..” ဘိုးဘိုးကျောက်ပြန်သွားတော့ တတိယဦးလေးက တာနျိိုကို သူ့နားသို့ခေါ်လိုက်သည်။ တာနျို၏ရှက်ရွံ့နေသော ပုံစံကိုမြင်လိုက်ရတော့ တတိယဦးလေးက ရင်ထဲကနေ သက်ပြင်းချလိုက်သည်။ သူက အကြီးဆုံးသားဖြစ်ပေမယ့် သူ့တွင် ဤကဲ့သို့စိတ်ထားမျိုးရှိသည်။ တာဟူက သူ့ထက် စိတ်ရှည်သည်းခံတတ်သည်။ ထို့အပြင် အရေးကြီးဆုံးအချက်မှာ သူဟာ မိသားစုကိုစောင့်ရှောက်ဖို့ ဆန္ဓရှိခြင်းဖြစ်သည်။

တာနျိုနှင့်ယှဥ်လျှင် သူ​က အငယ်ဆုံးသားနဲ့ပိုတူသည်။ သို့တိုင်အောင် သူက သူ့ကို စိတ်ရှည်ရှည်ဖျောင်းဖျပြီး ကျောက်လောင်စန်း စာမေးပွဲအောင်လျှင် သူ့မိသားစုဝင်များကို စောင့်ရှောက်မည့်အကြောင်း​ ပြောပြခဲ့သည်။

အနာဂတ်မှာ တာနျိုက ကျောက်လောင်စန်းကို မှီခိုရလိမ့်မည်။ သူ ကျောင်းမတက်နိုင်လျှင်ပင် သူက မြို့ထဲမှာအလုပ်ရှာနိုင်လိမ့်မည်။ ထို့ကြောင့် တာနျိုက ကျောက်လောင်စန်း အပူအပင်မရှိစေရန် ဤတစ်ကြိမ်မှာ မိသားစုကို စောင့်ရှောက်ပေးရလိမ့်မည်။

 

ကျောက်တာနျိုက သူ့စကားကို နာခံမှုရှိရှိနားထောင်ပြီး ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။ ၎င်းက ကျောက်တာနျိုအား အလုပ်အပ်ဖို့ တတိယဦးလေးကို စိတ်သက်သာရာရစေခဲ့သည်။ သို့တိုင်အောင် ဖျင်ရှန်ရွာမှထွက်ခွာသွားပြီးနောက် ကျောက်တာနျို ဘာလုပ်ခဲ့သည်ကို သူသိလျှင် သူ အလွန်နောင်တရမှာသေချာသည်။

&&&

ဆောင်းဦးရာသီရိတ်သိမ်းပြီးနောက် ရွာရှိလယ်မြေအားလုံး လွတ်မနေခဲ့ပေ။ တချို့မိသားစုက ဟင်းသီးဟင်းရွက်စိုက်ပျိုးကာ တချို့က ဆီမုန်ညှင်းစေ့များ စိုက်ဖို့စီစဥ်ကြပြီး တချို့ကတော့ ဆောင်းစပါးစိုက်ချင်ခဲ့သည်။ ထန်ချွန်းမင်က ထိုအကြောင်းတွေးကာ သူ့မြေပေါ်မှာ ဆောင်းစပါးစိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ နွေစပါးနှင့်ယှဥ်လျှင် ဆောင်းစပါးက ပိုအရသာရှိသည်။

 ကောက်ပဲသီးနှံများ စိုက်ပျိုးပြီးနောက် လီဖုန်းက ထန်ချွန်းမင်ကို ဘာမှလုပ်ခွင့်မပြုပဲ သူမြေ​ကိုထွန်ယက်ဖို့ သူ့ကိုယ်ပိုင်မြေသြဇာကို အသုံး​ပြုခဲ့သည်။ ထန်ချွန်းမင်၏မိသားစု အလုပ်စလုပ်နေပြီကို တွေ့လိုက်သောအခါ တချို့မိသားစုများက ထန်မိသားစုအိမ်မှာ မျိုးစေ့ကောင်းများရှိသေးလား လာမေးခဲ့သည်။ အကြောင်းမှာ ထန်ချွန်းမင်၏မြေမှ စ​ပါးရိတ်သိမ်းမှုသည် အလွန်ဆွဲဆောင်မှုရှိနေလို့ပင်ဖြစ်၏။

 

ထန်ချွန်းမင်ကိုယ်တိုင်က နေရာလွတ်ထဲမှ မျိုးစေ့များကို အသုံးပြုခဲ့သည်။ တကယ်တော့ ဆောင်းဂျုံစပါးက ဆောင်းရာသီ၏အအေးဒဏ်ကို ခံနိုင်ဖို့လိုပြီး နေရာလွတ်မျိုးစေ့၏ အားသာချက်မှာ တ​ခြားမျိုးစေ့တွေထက် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ခြင်းဖြစ်သည်။

သို့ပေသိ သူတို့မျိုးစေ့အရေအတွက်မှာ အကန့်အသတ်ရှိတာကြောင့် လီဖုန်းနှင့် ဆွေးနွေးပြီးသောအခါ ဂျုံစေ့၃၀၀ကီလိုဂရမ်ကိုထုတ်ယူပြီး ဖြန့်ဝေပေးဖို့တာဝန်ရှိသည့် ရွာလူကြီးကို ပေးအပ်ခဲ့သည်။ သို့သော် ဂျုံစေ့တစ်ကီလို၏စျေးနှုန်းက ဆင့်ငါးဆယ်ထက် မနည်းခဲ့ပေ။

နောင်မှာ တ​ခြားရွာမှလူတွေ လာရောက်ဝယ်ယူလိုပါက တစ်ကိီလိုကို ဆင့်၇၀ပေးဖို့လိုအပ်သည်။ မြေတစ်ဧကတွင် ဂျုံစေ့ ၁၀မှ၂၀ကီလို စိုက်ပျိုးလို့ရသည်။ သူ့အမြင်တွင် သူ့မျိုးစေ့များက လုံးဝ​စျေးတန်သည်။ မတိုင်ခင်က သူသည် ထန့်ယွီကို တစ်ကီလို ဆင့်ငါးဆယ်ဖြင့် ရောင်းချခဲ့သည်။

 

ထိုသို့သောစျေးနှုန်းဖြင့် ကြုံတွေ့ရသဖြင့် တချို့မိသားစုများက နောက်ဆုတ်ခဲ့ကြသည်။ တစ်ဧကစိုက်ပျိုးရန် ငွေတစ်ပြားနှစ်ပြားနီးပါး ကုန်ကျလိမ့်မည်။ နောက်နှစ်ရိတ်သိမ်းပြီးရင် သူတို့ဘယ်လိုရောင်းရတော့မလဲ? တစ်နှစ်မှာ သူတို့ငွေဘယ်လောက်ရှာနိုင်လဲ? သို့သော် တချို့မိသားစုများကတော့ ထန်ချွန်းမင်ကို ယုံကြည်နေဆဲဖြစ်သည်။

သူ့မိသားစု မည်မျှချမ်းသာနေသည်ကိုကြည့်ပြီး သူတို့နောက်လိုက်လျှင် ဆုံးရှုံးစရာမရှိဟု ခံစားရတာကြောင့် သူတို့က မြေနှစ်ဧကစိုက်ပျိုးဖို့ မျိုးစေ့လုံလုံလောက်လောက် ဝယ်ခဲ့လေသည်။ အိမ်ပြန်ရောက်တော့ သူတို့ လယ်စိုက်ဖို့ ပိုကြိုးစားခဲ့ကြသည်။

လီဖုန်းက မင်ကောအာနဲ့ဆွေးနွေးပြီး ရွာအကြီးအကဲကို သွားတွေ့သည်။ ရွာလူကြီးက ဤကလေးကိုမကျေနပ်ပေ။ သူက စပါးစေ့ပြဿနာကို သူ့ခေါင်းပေါ်တင်ပြီး တခြားသူများကို​ စော်ကားစေခဲ့သည်။ သူက မော့ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့လိုက်သည်။ “မင်းဒီကိုဘာလို့ထပ်လာတာလဲ? စပါးစေ့တွေ ခုထိရောင်းမကုန်သေးတာကို ငွေလာသိမ်းတာလား?”

 

ရှန်းဖူလန်က ရွာလူကြီးကို သူချုပ်နေသည့်ဖိနပ်ဖြင့် ပစ်ပေါက်လိုက်လေသည်။ သူက ရွာလူကြီးဖြစ်ပြီး ဒီကိစ္စတွေကို သူမလုပ်ရင် ဘယ်သူလုပ်မလဲ?

လီဖုန်းက ရွာလူကြီးကို သတင်းကောင်းပါးဖို့လာခဲ့တာဖြစ်၍ ထိုင်ချကာ ပြောလိုက်လေသည်။ “မျိုးစေ့ဝယ်ခဲ့တဲ့လူတွေကို ကျွန်တော်နဲ့ စာချုပ်လာချုပ်စေချင်တယ်။ နောက်နှစ်ရိတ်သိမ်းပြီးရင် သူတို့စားဖို့ချန်ပြီး ကျန်တဲ့စပါးတွေကို ကျွန်တော့်ကိုလာရောင်းလို့ရတယ်။ ကျွန်တော်က တစ်ပေါင်ကို ၄၅ဆင့်ပေးမယ်ဆိုရင်ရော?”

 

ရွာလူကြီးက သတင်းကြောင့် အံ့အားသင့်သွားသည်။ သူက ဒေါသထွက်မနေတော့ပေ။ သေချာတာက သူ တကယ်စိတ်ဆိုးခဲ့တာမဟုတ်ပေ။ သူက ​ခေါင်းမော့ကာ ထပ်မံအတည်ပြုလိုက်သည်။ “တကယ်လား? ၄၅ဆင့်? ဘယ်လောက်ရောင်းလို့ရလဲ? မင်းငွေမရှုံးဘူးလား?”

“မရှုံးဘူး။ စိတ်မပူပါနဲ့။ ဦးလေး.. မင်ကောအာနဲ့ ကျွန်တော်က အရှုံးခံပါ့မလား? ခင်ဗျားက လယ်ထဲက ကောက်ပဲသီးနှံတွေကို စားပြီးပြီဆိုတော့ အရသာဘယ်လိုရှိလဲသိမှာပေါ့။ ကျွန်တော်တို့မှာ နည်းလမ်းရှိနေသရွေ့ အဲ့ဒါတွေကို စျေးတင်ရောင်းလို့ရတယ်။ ဒီလောက်ကောင်းတဲ့စပါးတွေကို စျေးနည်းနည်းနဲ့ရောင်းလိုက်ရင် အရှုံးပေါ်မှာပဲ”

၎င်းသည် မင်ကောအာနှင့် ဟဲလောင်၏ နောက်ဆုံးဆွေးနွေးမှုရလဒ်ဖြစ်သည်။ တန်ဖိုးမသိသည့် ရွာသားတွေကို ရောင်းခွင့်ပေးမယ့်အစား စပါးကိုစုဆောင်းပြီး သူတို့ကို ရောင်းလိုက်တာပိုကောင်းသည်။ အနာဂတ်မှာ သူတို့က အမှတ်တံဆိပ်တစ်ခု ဖန်တီးလို့ရနိုင်သည်။ ယင်းကလည်း မင်ကောအာ၏အကြံသာဖြစ်သည်။

  

“ဟုတ်တယ်.” လယ်ကွင်းထဲက ဂျုံကို ဂျုံမှုန့်အဖြစ်ကြိတ်ပြီးနောက် ထန်ချွန်းမင်က လူတိုင်းကို ထမင်းစားဖို့ခေါ်ခဲ့သည်။ ရွာလူကြီးက အစားမရပ်နိုင်၍ ဗိုက်ပြည့်သွားသဖြင့် သူနဲ့သူ့ဇနီးက တွဲကူပြီး ဖြည်းဖြည်းချင်းလျှောက်ကာ အိမ်ပြန်ခဲ့ရသည်ကို သူမှတ်မိသေးသည်။

မြို့က လူချမ်းသာတွေစားသုံးသော ထမင်းက ကျေးလက်မိသားစုတွေစားသုံးသော ထမင်းနဲ့ကွာခြားပြီး စျေးလည်းကြီးတယ်လို့ သူကြားခဲ့ဖူးသည်။ တော်ဝင်မိသားစုအတွက် အထူးထုတ်ထားသည့် ဆန်လည်းရှိပြီး ၎င်းကို ရွှေငွေနှစ်မျိုးနဲ့ဝယ်ရသည်။ မင်ကောအာ စိုက်ပျိုးသောစပါးက ထိုစပါးများ၏စျေးနှုန်းနှင့် မတိမ်းမယိမ်းလို့ ယူဆလို့ရသည်။ ထိုအကြောင်းတွေးလိုက်တော့ ရွာလူကြီးက စိတ်လှုပ်ရှားသွားပြန်သည်။

 

“ကောင်းပြီ.. စပါးမျိုးစေ့ဝယ်ခဲ့တဲ့မိသားစုတွေကို ငါတို့အကြောင်းကြားလိုက်မယ်။ ဒါမှ သူတို့ စိတ်ချလက်ချ စိုက်ပျိုးနိုင်မှာ။” နားလည်သွားပြီး​နောက် ရွာလူကြီးက ချက်ချင်းဆိုသလိုပင် လက်နောက်ပစ်ကာ အပြင်ထွက်သွားခဲ့သည်။ ရှန်းဖူလန်က တံခါးကိုလက်ညိုးထိုးကာ လီဖုန်းကိုအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒီလူကိုကြည့်… သူခဏတောင် မစောင့်နိုင်တော့ဘူး။ မင်းဒီမှာရှိနေသေးတာတောင် သူ​ပြေးထွက်သွားတယ်။”

ထန်ချွန်းမင်ကိုယုံကြည်ခြင်းဖြင့် ဆုံးရှုံးနစ်နာစရာမရှိဘူးလို့ ရှန်းဖူလန်က သိတာကြောင့် သူတို့လင်မယားက ဆောင်းဂျုံစပါး ငါးဧကစိုက်ပျိုးဖို့ ဆွေးနွေးခဲ့သည်။ ထန်ချွန်းမင်က စျေးလျှော့ပေးသော်လည်း သူက ရွာသားတွေလိုပဲ စည်းမျဥ်းလိုက်နာရမည်လို့ဆိုကာ ငြင်းဆိုခဲ့သည်။ သို့သော် ဂျုံစေ့ငါးဧကကို မျိုးစေ့၃၀၀ကီလိုဂရမ်မှ ထုတ်ယူခဲ့တာမဟုတ်ပေ။ တခြားရင်းနှီးသော မိသားစုများကလည်း အလားတူပင်ဖြစ်သည်။

(** 300 ထဲကမဟုတ်ပဲ သီးသန့်ရောင်းပေးတာလို့ပြောတာပါ)

ရွာလူကြီးက သတင်းထုတ်ပြန်ပြီးသည့်နောက်မှာ မျိုးစေ့မဝယ်ခဲ့သည့် မိသားစုများက ချက်ချင်းဆိုသလိုပင် နောင်တရနေခဲ့သည်။ တစ်ပေါင်လျှင် ၄၅ဆင့်ဖြင့် တစ်ဧကကို ပေါင်နှစ်ရာပဲ ရိတ်သိမ်းနိုင်လျှင်ပင် ငွေကိုးပြားရမည်ဖြစ်သည်။ ထို့အပြင် ထန်ချွန်းမင်၏ ယခင်ရိတ်သိမ်းမှုကို ကြည့်ခြင်းဖြင့် ၎င်းက ထိုထက်ပိုမည်မှာ သေချာသည်။

ဆိုလိုသည်မှာ ငွေတစ်ပြားတန်သော မျိုးစေ့က ငွေကိုးပြားကျော်နှင့် လဲလှယ်နိုင်မည်ဖြစ်သည်။ ထိုမိသားစုများက ငြိမ်ငြိမ်မထိုင်နိုင်တော့ပဲ မျိုးစေ့ဝယ်ရန် ရွာလူကြီးထံသို့ မြန်မြန်ပြေးခဲ့ကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment