no

Font
Theme

Chapter 46.1

သူ့ဆီသို့ စီးနင်းလာသော စစ်သားတစ်စုသည် ဖုန်မှုန့်များသယ်ဆောင်လာသည်ကိုတွေ့လျှင် ရွာလူကြီးက ထိတ်လန့်သွားပြီး လီဖုန်းကို အကူအညီတောင်းလာသည်။ သူ့စိတ်ထဲတွင် လီဖုန်းက ရွာမှာပညာအရှိဆုံးဖြစ်ပြီး ပြန်မလာခင်က စစ်အရာရှိဖြစ်ခဲ့တာကြောင့် သူက လီဖုန်း၏လက်မောင်းကိုဆွဲလိုက်လေသည်။

“ဦးလေးအဆင်ပြေပါတယ်။ ကျွန်တော်ယွိမုကို စာပို့ထားတယ်။ သူက ခေါင်းဆောင်ပါ။” လီဖုန်းက ရွာလူကြီး၏စိုးရိမ်မှုကို နားလည်နိုင်သည်။ သူသာ ရွာကနေထွက်သွားပြီး ထိုအရာများကို မကြုံတွေ့ခဲ့ရလျှင် သူသည်လည်း ဤအခြေအနေမျိုးကိုမြင်သည့်အခါ ထိတ်လန့်နေပေမည်။ လယ်သမားအများစုက အစိုးရနဲ့ရင်ဆိုင်ရမှာ အကြောက်ဆုံးဖြစ်သည်။

“တကယ်လား? ဟားဟား.. ယွိမု အဲ့ဒီကလေးလား? ဒါဆို သခင်ယွိမုပေါ့?” ရွာလူကြီးကြည့်ရတာ အံ့အားသင့်နေပုံပင်။ သူက တစ်ခုခုလွဲနေတာကို မသိခင်မှာ ဖုန်းရှောင်ကျစ်၏စကားကို သံယောင်လိုက်နေခဲ့သည်။.

ဖုန်းရှောင်ကျစ်က တစ်ဖက်လူကို ကလေးလို့ခေါ်ပေမယ့် သူကတော့မလုပ်နိုင်ပေ။ တစ်ဖက်လူက ရာထူးမြင့် စစ်အရာရှိဖြစ်ပြီး သူတို့လိုသာမန်လူတွေ ရန်စလို့ရသည့်လူမဟုတ်ပေ။

ထို့နောက် သူ့မျက်လုံးက တောက်ပသွားပြန်သည်။ ဖုန်းရှောင်ကျစ်က သခင်ယွိမုနဲ့ ရင်းနှီးသောဆက်ဆံရေးရှိပြီး သူက ဖုန်းရှောင်ကျစ်ကို အင်မတန်လေးစားပုံရသည်။ သူ ဤနေရာရှိလျှင် သခင်ယွိမုက ဖျင်ရှန်ရွာကို ဂရုစိုက်ပေးလိမ့်မည်။

သူက နဖူးပေါ်ရှိချွေးများကို သုတ်လိုက်ပြီး သူ ဖုန်းရှောင်ကျစ်ဘက်က အမြဲရပ်တည်ပြီး သူ့ကိုမဆန့်ကျင်ခဲ့တာ ဝမ်းသာမိသည်။ ရွာသားတချို့၏သဘောထားအရ ဖုန်းရှောင်ကျစ်က မျိုးနွယ်စုအပေါ် အာဃာတမထားခဲ့တာကောင်းသည်။

ရွာလူကြီးက သူ့မှာအမြင်ကောင်းရှိတယ်လို့ ရုတ်တရက်ခံစားလိုက်ရသည်။

သူတို့နဲ့အတူ လိုက်ပါလာသူများကလည်း လီဖုန်းနှင့် ရွာလူကြီးကြားရှိ စကားများကိုကြားသည်။ ထို့အပြင် ခဏအကြာတွင် လီဖုန်းက ဘာစကားမှမပြောတော့ပဲ မြင်းစီးနေသောလူတစ်စုက သူတို့မြင်ကွင်းကိုရောက်လာပြီး သူတို့က မြင်းပေါ်က လူများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဒီခေါင်းဆောင်က ဖုန်းရှောင်ကျစ်နဲ့အတူ ရောက်လာခဲ့တဲ့ ယွိမုမလား? သို့ပေမယ့် ယခု သူ့ပုံစံက ခမ်းနားနေပြီး သူ၏အရာရှိယူနီဖောင်းက အလွန်ကိုခန့်ညားထည်ဝါလှသည်။ သူတို့ရှေ့မှာ မြင်းကိုရပ်လိုက်သောအခါ တချို့လူတွေရဲ့ဒူးက အားနည်းလာပြီး သူတို့က ဒူးထောက်ချင်နေမိသည်။

ရွာလူကြီးကလည်း အတွေးတူသည်။ သူ အစိုးရရုံးမှ အရာရှိတစ်ဦးကိုတွေ့တိုင်း ဒူးထောက်ရသည်။ သို့ပေမယ့် သူက ဒူးကိုမကွေးနိုင်ခဲ့ပေ။ လီဖုန်းက သူ့လက်မောင်းကို ဆွဲလိုက်ပုံရသည်။ သူလှည့်ကြည့်လိုက်တော့ ဖုန်းရှောင်ကျစ်၏မျက်နှာပေါ်တွင် မကျေမချမ်းအမူအရာရှိနေ၏။ သူက သူ့ဆီပြေးလာသူကို ပြောလိုက်သည်။ “သခင်ယွိက အထင်ကြီးလောက်စရာပဲ ဒီကိုလာတာ လူတွေကိုခြောက်လှန့်ဖို့လား?”

ယွိမုက သူ့အစ်ကိုကြီးကို ဝမ်းသာအားရပွေ့ဖက်မလို လုပ်လိုက်သော်လည်း သူက သူ့အစ်ကိုကြီး ဒေါသထွက်နေတာကို တွေ့လိုက်ရသည်။ ထို့နောက် သူက သူ့နားရှိ ရွာသားများ၏မျက်နှာကိုကြည့်ကာ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်။

သူက ရယ်မောကာပြောလိုက်၏။ “ရွာသူရွာသားတို့! ကျုပ်ကိုမမှတ်မိဘူးလား? အစ်ကိုယွိမုလေ? စိတ်မပူပါနဲ့။ ကျုပ်က ဒီမှာ မင်္ဂလာကိစ္စရှိလို့ ဂုဏ်ပြုဖို့လာခဲ့တာ။”

“ကျုပ်ကအရင်လိုပါပဲ။ မဟုတ်ရင် အစ်ကိုကြီးက ကျုပ်ကိုခွင့်လွှတ်မှာမဟုတ်ဘူး။ ဦးလေးလီကျန့်.. ကျုပ် ဦးလေးတို့ရွာကို ဒုက္ခပေးဖို့ရောက်လာပြီ။ ကျုပ်ကိုမောင်းတော့မထုတ်ဘူးမလား။ ကောင်လေးတို့လာကြ.. မင်းတို့အစ်ကိုကြီးနဲ့ ရွာသားတွေကိုနှုတ်ဆက်လိုက်။”

သူ့နောက်ကလူများက သူတို့ဘက်သို့ လက်သီးဆုပ်ကာ တညီတညွတ်တည်းအော်လိုက်သည်။ “နှုတ်ဆက်ပါတယ်အစ်ကိုပြီး နှုတ်ဆက်ပါတယ် ရွာသားတို့!” သူတို့က မျက်နှာပေါ်ကလေးနက်နေပေမယ့် နောက်ကနေ ယွိမုအား မျက်လုံးလှိမ့်ပြနေသည်။ ဘာဖြစ်လို့လဲ? သူဌေးကြည့်ရတာ မပျော်ပုံပဲ။ ယွိမုက ကောင်းချီးကို ကံမကောင်းတဲ့အရာအဖြစ် ပြောင်းလိုက်တာလား?

“မဟုတ်တာ…မဟုတ်တာ လူကြီးမင်းတို့။ သခင်ယွိ … ကျုပ်တို့ဖျင်ရှန်ရွာကို ခင်ဗျားတို့လာတာက ဂုဏ်ယူစရာပါ။” ရွာလူကြီးက ထိုမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးသဖြင့် အလျင်စလိုပြောလိုက်လေသည်။ “အားဖုန်း… သခင်ယွိနဲ့ တခြားသူတွေကို ဧည့်ခံလိုက်ပါ။ သူတို့ကို ကောင်းကောင်းဆက်ဆံ။”

ယွိမုလေသံက အရင်တစ်ခေါက်ရောက်ခဲ့စဥ်ကလို တူညီပေမယ့် သူ့အရာရှိယူနီဖောင်းက အံ့သြထိတ်လန့်စရာကောင်းနေဆဲဖြစ်ပြီး သူက ယခင်ကလို ပေါ့ပေါ့တန်တန် စကားမပြောတော့ပေ။

ရွာလူကြီးက ယခင်ကနဲ့မတူပဲ အခေါ်အဝေါ်ပြောင်းသွားတာကို လီဖုန်း သတိထားမိသည်။ ထိုပြောင်းလဲမှုမျိုးက အနာဂတ်မှာ ဆိုးရွားသောကိစ္စမဟုတ်နိုင်ပေ။ အနည်းဆုံးတော့ သူနဲ့မင်ကောအာ အတူနေထိုင်သည့်အခါ ရွာသားများက သူတို့ကို လေးစားလိမ့်မည်။ သူတို့ ယခင်ကလို နေထိုင်မယ်ဆိုလျှင်ပင် အသိဉာဏ်ရှိသူများက သူတို့ကိုထပ်ပြီး စော်ကားဝံ့မှာမဟုတ်ပေ။

“ကောင်းပါပြီ… ဦးလေး ဒီကလေးက သူတစ်ပါးကိုအနိုင်ကျင့်ရဲရင် ကျုပ်သူ့ကို အရှင်လတ်လတ် အရေခွံနွှာပေးလိုက်မယ်။” လီဖုန်းက ယွိမုကို ခြိမ်းခြောက်သလို တစ်ချက်ကြည့်လိုက်သည်။ ယွိမု၏ဦးရေပြားက ထုံကျင်လာပြီး သူက သူ့သူဌေးအား ချော့ချော့မော့မော့ ပြုံးပြလိုက်လေသည်။

ရွာလူကြီးက မျက်နှာကိုငုံ့ထားလိုက်သည်။ ဖုန်းရှောင်ကျစ်က သူတို့အပေါ် သြဇာရှိပုံရသည်။ သို့သော် လူစုလူဝေးများလာသည်ကိုတွေ့တော့ သူကလှည့်ပြောလိုက်သည်။ “လူကြီးမင်းတို့ သူတို့က ဖျင်ရှန်ရွာကိုလာပြီး မျက်နှာသာပေးတာပါ။ ဒါပေမယ့် မင်းတို့ကိုမနှောင့်ယှက်ပါဘူး။ မင်းတို့လုပ်စရာရှိတာလုပ်ပါ။”

“ဟုတ်ကဲ့ပါ.. ရွာလူကြီး” ရွာသားတွေက ဘယ်လိုနည်းနဲ့ မနာခံလို့ရမှာလဲ? သူတို့ ဤလူများကိုစော်ကားမိလျှင် ခေါင်းပျက်သွားမှာပင်။ အရင်တစ်ခေါက်က သခင်ယွိသည် လီစုန့်ကမ်း၏ အိမ်နံရံကိုအပေါက်ဖောက်ပြီး အားမနာတမ်းပြုမူခဲ့သည်။ မဟုတ်ပါက သူသည် သူ့ကို ယာမန်သို့ တိုက်ရိုက်ပစ်ချလိုက်မှာဖြစ်ပြီး သူတို့မှာ ငိုစရာနေရာပင် ရှိမည်မဟုတ်ပေ။

လူစုခွဲသွားတာကိုမြင်တော့ ယွိမုက လီဖုန်းကိုချဥ်းကပ်ရန် အရဲစွန့်ကာ ပြောလိုက်၏။ “အစ်ကိုကြီး… ကျွန်တော်သတင်းရတာနဲ့ ကူညီပေးမလို့ ကျွန်တော့်ညီအစ်ကိုတွေကို ခေါ်လာခဲ့တယ်။ ဒါနဲ့ မင်ကောအာက ဘယ်မှာလဲ? ကျွန်တော် သူ့ကိုမတွေ့ရသေးဘူး။ မဟုတ်ဘူး ညီအစ်ကိုတို့ မင်ကောအာကို တွေ့ချင်တာမင်းတို့မလား?”

“ဟုတ်တယ်..ဟုတ်တယ်.. အစ်ကိုကြီး ကျွန်တော်တို့ရဲ့ယောက်ဖလောင်းကိုတွေ့ဖို့ မရပ်မနားလာခဲ့တာ။ အစ်ကိုကြီး သူ့ကို ကျွန်တော်တို့ဆီက ဖွက်ထားတာမလား?” ရွာသူရွာသားများ လူစုခွဲသွားပြီးနောက် ယဥ်ကျေးသိမ့်မွေ့သော ဤလူများသည် ဣန္ဒြေပျောက်ကာ အရှက်မဲ့စွာတောင်းဆိုခဲ့ကြသည်။ သူတို့က သူတို့၏စူးစမ်းလိုစိတ်ကို တလမ်းလုံးမျိုသိပ်ထားခဲ့သည်။ သူတို့ကို ဘာမှမပြောတာ ယွိမု၏အပြစ်ဖြစ်သည်။

“ဟင်း. မင်ကောအာက ဝတ်ပြုဆုတောင်းလို့ မပြီးသေးတာ မသိဘူးလား? သူ ဒီလို လူမြင်ကွင်းမှာ ထွက်လာဖို့ အဆင်ပြေမလား?” လီဖုန်းက မကျေမနပ်ပြောလိုက်သည်။ ယွိမုက ရယ်မောလိုက်ပြီး တုံးအချင်ယောင်ဆောင်ကာ တခြားလူများက သူတို့၏သူဌေးဖြစ်သူကို လေးစားသလိုကြည့်နေသည်။

သူက သူတို့၏သူဌေးဖြစ်ထိုက်သူဖြစ်ပြီး ကောအာလေး၏ ဝတ်ပြုဆုတောင်းကာလက ယခုထိမပြီးသေးပေမယ့် သူတို့သူဌေးက လက်ထပ်ဖို့မစောင့်နိုင်ဖြစ်နေ၏။ သူတို့က သူတို့၏ အနာဂတ်ကောအာလေးကို ပိုလို့တောင် စိတ်ဝင်စားသွားကြသည်။

သူတို့မျက်နှာပေါ်မှ အမူအရာကိုကြည့်ကာ သူတို့ခန့်မှန်းတာမှားသွားပြီလို့ ဘယ်သူကမှမပြောနိုင်ပေ။ ယင်းက ယွိမု၏အပြစ်ဖြစ်သည်။ သူတို့သူဌေးက ဝတ်ပြုဆုတောင်းနေဆဲ ကောအာတစ်ယောက်ကို သဘောကျနေမှန်း သူမပြောပြခဲ့ပေ။ မဟုတ်ပါက ဤလူများက အံ့သြသွားမည်ဖြစ်သည်။

သို့သော် သူတို့တွေ့သည့်အခါ ပိုအံ့သြမိမှာသေချာသည်။ ယွိမုက ရင်ထဲမှာ တိတ်တဆိတ်ပျော်ရွှင်နေပြီး ဤမြင်ကွင်းကိုကြည့်ရန် မစောင့်နိုင်တော့ပေ။

“ဒါဆိုသွားရအောင် နေဦး..တစ်ခါတည်းပြောထားလိုက်မယ်။ မင်းတို့ မင်ကောအာကို နှောင့်ယှက်ရင် ဘယ်သူမှ ဖျင်ရှန်ရွာကနေ ဘေးကင်းကင်း ထွက်သွားလို့ရမှာမဟုတ်ဘူး။ ဦးလေး ပြန်ကြမယ်။” လီဖုန်းက ခြိမ်းခြောက်ပြီးနောက် သူက ရွာလူကြီးကို လှည့်ပြောလိုက်သည်။

“ကောင်းပါပြီ….သခင်ယွိ.. အားလုံးပဲ ဝင်လာခဲ့ကြပါ..” သူက ရွာလူကြီးဖြစ်စေ ဖုန်းရှောင်ကျစ်၏ အကြီးအကဲဖြစ်စေ ရွာလူကြီးက သူနဲ့အတူ အဖော်ပြုပေးသင့်သည်ဟု ခံစားဂုဏ်ယူမိသည်။

အရင်က သူ ယာမန်ကို စီးပွားရေးလုပ်ဖို့ သွားခဲ့စဥ် သူက ယာမန်အပြေးသမားများနှင့်သာ တွေ့ခဲ့ရပြီး အရာရှိများကို မတွေ့ခဲ့ရပေ။ သို့သော် ယခုမူ သခင်ယွိ၏ရာထူးက ခရိုင်တရားသူကြီးထက်ပင် မြင့်လောက်သည်။ ခရိုင်တရားသူကြီးက တစ်နေ့မှာ သူနဲ့ပေါ့ပေါ့ပါးပါး စကားပြောနိုင်လျှင် သူသည် အိပ်ပျော်နေသည့်တိုင် ရယ်မောရင်းဖြင့် နိုးလာနိုင်သည်။

“သွားရအောင်.. သွားရအောင်.. မြင်းကိုမြန်မြန်ချည်ပြီး သူဌေးနောက်ကိုလိုက်ကြ။” ယွိမုက တိုက်တွန်းသည်။

စုစုပေါင်းမြင်းဆယ်ကောင်ရှိ၍ ခြံဝင်းထဲမှာ နေရာမရှိသောကြောင့် အားလုံးကို အပြင်ဘက်က သစ်ပင်အောက်မှာ ချည်နှောင်ထားလိုက်သည်။ အရာရှိများရောက်လာသည့် သတင်းက ရွာထဲမှာ ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်တွင် လူကြီးများက သူတို့ကလေးများကို ပြဿနာမရှာရန် သတိပေးထားသလို သူတို့ကို အပြင်ထွက်ကစားခွင့်လည်း မပြုတာကြောင့် သူတို့လေးတွေ အပြင်ထွက်ပြီး မြင်းများအား ခြောက်လှန့်မှာကို စိုးရိမ်ဖို့မလိုတော့ပေ။

တခြားတစ်ဖက်တွင် မီးဖိုချောင်ထဲရှိ ထန်ချွန်းမင်က အပြင်မှာအရာရှိများ ရောက်လာတာကို သိခဲ့ရပြီး ယင်းမှာ သူ့အသိ ယွိမုဖြစ်၏။ ထန်ချွန်းမင်က အပြင်လျှောက်ထွက်လာကာ တွေးလိုက်သည်။

လီဖုန်းက ယွိမုလာနေပြီလို့ ပြောခဲ့ပေမယ့် ယခုလို ရုန်းရင်းဆန်ခတ်ဖြစ်မယ်လို့ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် သူက သူ၏အရာရှိသရုပ်မှန်ကို တိုက်ရိုက်ပြသခဲ့သည်။ ရွာသားတွေ ထိတ်လန့်သွားတာကို မြင်ရတော့ ဤသည်မှာ လီဖုန်း၏ရည်ရွယ်ချက်လားပင် သူမသိပေ။

ရှန်းဖူလန်က ထန်ချွန်းမင်ကို အပြင်လိုက်ပို့ပြီး သူက အပြင်ရှိမြင်ကွင်းကို မြင်လိုက်ရသည့် တစ်ဦးတည်းသောလူဖြစ်သည်။ ယခုမူ သတင်းကြားရသူတိုင်းက ထန်ချွန်းမင်ကို ပိုပြီးမနာလိုဖြစ်လာခဲ့သည်။ ဤသည်မှာ လွင်တီးခေါင်တောင်ကုန်းဝယ်ဖို့ ငွေရာချီသုံးခြင်းထက် လုံးလုံးကွာခြားသည်။

ထန်ချွန်းမင်က တကယ်ကံကောင်းသည်။ လီဖုန်းသည်လည်း အရာရှိတစ်ဦးဖြစ်ပေမည်။ မုဆိုးဖိုကောတစ်​ယောက်က လျင်မြန်စွာကြီးပွားလာပြီး အရာရှိတစ်ဦး၏ဇနီးဖြစ်လာသည်။ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ….

သူ ခြံတံခါးသို့ရောက်သည်နှင့် လီဖုန်းပတ်ပတ်လည်ရှိ အရာရှိယူနီဖောင်းဝတ်ထားသော အရပ်ရှည်ရှည် သန်မာသောအမျိုးသားများကို သူတွေ့လိုက်ရသည်။ လီဖုန်းက လူအုပ်ကြီး၏ဗဟိုဖြစ်သော်လည်း အရာရှိယူနီဖောင်းနှင့် လူသန်ကြီးယွိမုက အရင်ကနဲ့မတူပဲ ခမ်းနားထည်ဝါနေတာ သိသာသည်။ ဖော်ရွေသောအပြုံးများပြည့်နေသည့် သူ့မျက်နှာက ထန်ချွန်းမင်အား ရယ်မောစေသော အရောင်အဝါနှင့်မတူညီပေ။

_____\

Chapter 46.2

ထန်ချွန်းမင် အပြင်ထွက်လာသောအခါ လီဖုန်း၏အမူအရာ ပျော့ပျောင်းသွားသည်။ ယွိမုက သူကြည့်ရာလမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်သည်။ “ကျွန်တော် မင်ကောအာကိုမတွေ့ရတာ လအနည်းငယ်ကြာတော့ မင်ကောအာက ပိုတက်ကြွပြီး ချောလာတယ်။”

သို့သော် သူ ဤစကားမပြောသင်လိုက်သင့်ဘူးဆိုတာ သိသည်။ သူဌေးက တစ်ခါတစ်လေ အမြင်ကျဥ်းလွန်းသည်။ သူက ရှေ့တိုးကာ အော်လိုက်သည်။ “မင်ကောအာ… မဟုတ်ဘူး…ညီလေးမင်… ငါပြန်လာပြီ။ ငါက အစ်ကိုကြီးနဲ့ ညီ​လေးမင်ကို အစတည်းက မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ပေမယ့် အစ်ကိုကြီးက ညီလေးမင်ကို သိမ်းသွင်းဖို့ အချိန်ကြာမယ်လို့ မထင်ထားခဲ့ဘူး။ ငါ စစ်တန်းလျားမှာ အစ်ကိုမင်ရဲ့ ဟင်းချက်လက်ရာကို လွမ်းနေတာ။”

 

မျှော်လင့်နေသောမျက်လုံးများဖြင့် တ​ခြားစစ်သားများသည် သူတို့သူဌေး၏ကောနဲ့ ပတ်သက်ပြီး အများကြီးစိတ်ကူးယဥ်ထားသော်လည်း ယွိမုအော်သံက သူတို့အာရုံကို ဆွဲဆောင်ခဲ့သည်။ ထိုလူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် သူတို့အားလုံး အံ့သြတုန်လှုပ်သွားကာ သူတို့မျက်လုံးအစုံက ထိုကော၏ဖောင်းကားနေသော ဗိုက်မှာကပ်ငြိနေခဲ့သည်။

 

အစ်ကိုကြီးက စွမ်းဆောင်နိုင်လွန်းလို့ ကောလေးကို လက်မထပ်ခင်ထဲက ကိုယ်ဝန်ရအောင် လုပ်ခဲ့တာလား? ဒါက ကောလေးကို လက်ထပ်ဖို့ ဖိအားပေးတဲ့ သဘောလား?

 

တစ်ဖန် သူတို့သည် တခြားသူများထက် အမြဲသာလွန်နေသော သူတို့သူ​ဌေးကို ကြည်ညိုလေးစားမှုဖြင့် ကြည့်လိုက်သည်။

 

ထန်ချွန်းမင်က ထိုလူများ၏ ထူးဆန်းသောမျက်လုံးများကိုမကြည့်ပဲ ယွိမုကိုကြည့်ကာ ပြုံးပြလိုက်သည်။ “အစ်ကိုယွိမု…ခင်ဗျားက ခမ်းနားထည်ဝါလွန်း​နေတယ်။ ကျွန်တော့်ဧည့်သည်တွေကို ​​ခြောက်လှန့်မိမှာ မစိုးရိမ်ဘူးလား? ခင်ဗျား ကျွန်တော်ချက်တာကို စားချင်သေးရဲ့လား?”

“ညီလေးမင်….” ယွိမုက အော်လိုက်သည်။ “နောက်တစ်ခါမလုပ်ရဲ​တော့ပါဘူး။ သတင်းကြားတာနဲ့ စေ့စပ်ပွဲလွတ်သွားမှာစိုးလို့ အဝတ်အစားလဲပြီး အမြန်ထွက်လာတာ။ ညီလေးမင်.. ငါ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ။ ငါတို့အများကြီး ကြိုးစားခဲ့ရတာမို့ ငါနဲ့ ငါဘော်ဒါတွေကို မျက်နှာသာပေးပါဦး။”

  

“ကောင်းပြီ.. လှည့်ကွက်တွေကစားမနေပဲ အထဲဝင်ခဲ့။ ခြံလယ်ကွင်းက ရိုးရှင်းတယ်။ ခင်ဗျားမကျေနပ်ရင် ခင်ဗျားသူဌေးကိုသွား​ရှာလိုက်။” ထိုစကားပြောပြီးနောက် သူက ခြံထဲပြန်ဝင်သွားခဲ့သည်။ ရှန်းဖူလန်က အံ့အားသင့်သွားသလို ယွိမုက မင်ကောအာ၏တုံ့ပြန်မှုကို မြင်သောအခါ လက်မထောင်ပြချင်မိသည်။

သူဌေး သဘောကျတဲ့သူက သာမန်ဆန်ပါ့မလား? သူက သူတို့၏အရာရှိယူနီဖောင်းကို လုံးဝမကြောက်ပေ။

 

ထန်ချွန်းမင်ထွက်သွားသည်နှင့် ကလေးသုံးယောက်ထွက်ပေါ်လာသည်။ အငယ်ဆုံးလေးက လီဖုန်းကိိုအော်လိုက်လေသည်။ “ဦးလေးဖုန်း… ဦးလေးယွိရောက်​နေတယ်ဆိုလို့… ဦးလေးယွိက ဘယ်မှာလဲ?”

အရွယ်ရောက်ပြီးသော လီဖုန်းအပြင် ဖျင်ရှန်ရွာတွင် ကလေးသုံးယောက်က ဦးလေးယွိကို သဘောအကျဆုံးဖြစ်၏။ အားလင်းကလည်း သူနဲ့ကစားသည့် ဦးလေးကြီးကိုမှတ်မိပြီး တာမောင်းနှင့်အာမောင်းက သူ့အပေါ် ပိုလေးနက်သော ခံစားချက်ရှိ၏။

  

“အားလင်း..ဦးလေးယွိလာပြီ.. ဒီကိုလာဖက်ပါဦး… အားလင်း… မင်းဦးလေးကိုလွမ်းလား?”

ယွိမုက သူ့ကို ကောက်ချီလိုက်ပြီး အားလင်းက လန့်သွားကာ သူ့လည်ပင်းကိုဖက်လိုက်သည်။ ထို့နောက် သူက သူ့မျက်နှာကိုကြည့်လိုက်သည်။ သူကြည့်ပြီး​နောက် သူက မှတ်မိသွားပြီး အားရပါးရပြုံးကာ အော်လိုက်သည်။ “ဦးလေးယွိ… သား ဦးလေးကို လွမ်းတယ်။”

  

“မင်းတို့နှစ်ယောက်ကရော! ဘာလို့အကူညီမတောင်းတာလဲ?”

 

ယွိမုက ကလေးသုံးယော​က်ကိုစနေသည်။ လီဖုန်းက သူ့နားက လူတွေကို ရွံရှာစွာကြည့်လိုက်သည်။ “မင်းရဲ့ သောက်ရူးလိုပုံစံကို ဖယ်ထားလိုက်စမ်း… ရှက်ဖို့​ကောင်းတယ်။” သူက အားလင်းကို ယွိမုလက်ထဲမှယူကာ ကလေးသုံးယောက်နဲ့ ရင်းနှီးမှုကို ရပ်တန့်ခိုင်းပြီး အမိန့်ပေးလိုက်သည်။ “မဝင်ခင် သူတို့ကို သေချာရှင်းပြလိုက်။ မင်းရဲ့သောက်ရူးလိုပုံစံကို ထပ်ပြရင် တန်းလျားကိုပြန်သွားလိုက်။ ဦးလေး… အထဲသွားရအောင်။”

  

“အွန်း…ဟုတ်ကဲ့ပါ…ဟုတ်ကဲ့” ရွာလူကြီးက ဘာပြောရမလဲမသိတာကြောင့် လီဖုန်းနောက်ကိုလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။

 

အပြင်ကလူတွေက ရှုပ်ထွေးနေပြီး အခြေအနေကို နားမလည်ပေ။ ယွိမုက သူတို့ကို မဖုံးကွယ်ထားပဲ မင်ကောအာ၏ ဝတ်ပြုဆုတောင်းကာလနှင့် မင်ကောအာက သူနဲ့ သူ့သူဌေးကို အချက်အပြုတ်စွမ်းရည်နဲ့ အနိုင်ယူခဲ့ကြောင်း ပြောပြခဲ့သည်။

သူမရှင်းပြလိုက်တာ ပိုကောင်းဦးမည်။ သူရှင်းပြလိုက်မှ ထိုလူများ၏အမူအရာက ပိုထူးဆန်းလာသည်။ သူဌေးက ကောလေးကို ကိုယ်ဝန်ရအောင်လုပ်လိုက်တယ်။ ယင်းက ဤကြမ်းတမ်းသော စစ်သားများအတွက် လက်ခံနိုင်စရာဆိုပေမယ့် သူဌေးက သူတို့ထင်ထားတာထက် အစွန်းရောက်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ပေ။

သူက တ​ခြားတစ်ယောက်၏ကလေးကို ကိုယ်ဝန်လွယ်ထားရသည့် ကောလေးကို ချစ်မိသွားသည်။ ထို့အပြင် ထိုကလေးလည်း ကောလေး၏ကလေးဖြစ်ပြီး သူ​ဌေးက ပထွေးဖြစ်လာသည်!

 

သူတို့အမူအရာ မတည်ငြိမ်သေးတာကိုတွေ့လျှင် ယွိမုက သူတို့ကို ဆူလိုက်လေသည်။ “သူဌေးပြောတာကို ပေါ့ပေါ့တန်တန် သဘောမထားနဲ့။ ဒါက သူဌေးရဲ့ရွေးချယ်မှုပဲ။ သူက တခြားကောတွေထက် မနိမ့်ကျဘူး… တကယ်လို့ မင်းတို့… ဟင်း… သူဌေးက မင်းတို့ကို အရေစုတ်ပစ်လိမ့်မယ်။”

  

“အဲ့ဒါ မင်းအပြစ်ပဲ။ အရူးရဲ့… မင်းသိတာကြာပြီကို ငါတို့ကိုမပြောပြဘူး။ မင်းက ငါတို့ကို အရူးလုပ်ချင်တာမလား? မင်းအစောတည်းကပြောခဲ့ရင် ငါတို့ ငတုံးလိုလုပ်ပြီး သူဌေးမကျေမနပ်ဖြစ်အောင် လုပ်ပါ့မလား? သူ့ကောကလည်း ငါတို့ကို သဘောမကျတော့ဘူးထင်တယ်။” အသိစိတ်ဝင်လာသော စစ်သားတစ်ယောက်က ဝမ်းနည်းစွာ ငိုကြွေးလိုက်သည်။

 

“ဟုတ်တယ်…ယွိမု… ဒီကောင်အရိုက်ခံရသင့်တယ်။ ညီအစ်ကိုတို့.. လာကြ.. သူ့ကိုအရင်ရိုက်ပြီးမှာ အစ်ကိုကြီးကိုတောင်းပန်လိုက်မယ်။”

  

“ကောင်းတယ်!””

 

“အား!”

 

ယွိမုက ထွက်ပြေးဖို့အချိန်မရလိုက်ပဲ တခြားသူတွေဝိုင်းတာ ခံလိုက်ရသည်။ သူတို့က သူ့ကို ပြင်းပြင်းထန်ထန် မရိုက်ကြပေ။ တစ်ယောက်စီက အနည်းဆုံး လက်သီးနှစ်ချက်ထိုးကာ သူတို့က သူဌေး၏နေ့ထူးနေ့မြတ်လေးကို မဖျက်စီးချင်လို့ မျက်နှာကိုမရိုက်ခဲ့ပေ။ သူတို့က သူ့ခန္ဓာကိုယ်ပေါ်ကို နူးညံ့သောအသားစိုင်ကိုသာ ထိုးနှက်ခဲ့သည်။

 

ရိုက်နှက်ပြီးနောက် သူတို့က အဝတ်အစားများကို ဘာမှမဖြစ်သလို ပြန်ပြင်လိုက်ပြီး အလွန်လေးနက်သော ပုံစံဖြင့် ခေါင်းမော့ကာ ခြံထဲဝင်သွားခဲ့သည်။

အနားမှာဘယ်သူမှရှိမနေ၍ ယွိမု၏အော်သံကလွဲလျှင် အပြင်မှာဘာဖြစ်ခဲ့လဲ ဘယ်သူမှမသိခဲ့ပေ။ လက်သီးနဲ့အသားချင်းဖလှယ်မှုများသာရှိခဲ့သည်။

 

ယွိမုက သူ့ခန္ဓာကိုယ်ပေါ်ရှိ နာကျင်နေသော အစိတ်အပိုင်းကိုပွတ်ကာ မျက်နှာရှုံ့မဲ့နေ၏။ “ဒီရက်စက်တဲ့ကောင်တွေကတော့… ငါပြန်ရောက်မှ မင်းတို့ကိုစမ်းသပ်ပြီး သေအောင်လေ့ကျင့်ခိုင်းမယ်”

 

သူတို့၏ ယောက်ဖလောင်းအကြောင်း သိချင်စိတ်အပြင် ဝမ်ယင်နှင့်ထန်ချွန်းရုံကလည်း ဆူညံသံကြားပြီးနောက် လီဖုန်း၏သရုပ်မှန်ကိုမေးလာသည်။

ထန်ချွန်းရုံက သူ၏စိုးရိမ်မှုကို ပထမဆုံးဖော်ပြပေးခဲ့သူဖြစ်သည်။ အဆင့်တန်းမြင့်အရာရှိနဲ့လက်ထ​ပ်တာက ကောင်းတဲ့အရာမလား? အဆင့်အတန်းကွာဟချက်က ကြီးမားနေရင် လီဖုန်းက သူ့အစ်ကိုအပေါ်ကောင်းပါ့မလား? သူ့အစ်ကိုအနိုင်ကျင့်ခံရလျှင် သူသိမှာ​တောင်မဟုတ်ပေ။

  

ဝမ်ယင်၏ခံစားချက်က ပိုရှုပ်ထွေးသည်။ အဆင့်အတန်းရှိခြင်းက ကောင်းမွန်သောအရာဖြစ်ပြီး သူလည်း သူ့သားကို ကူညီနိုင်လောက်သည်။ သို့ပေမယ့် တစ်ခါတစ်လေ ၎င်းက ဆိုးရွားသောအရာဖြစ်တတ်သည်။ သူက အရာရှိဆိုရင် သူ့အလုပ်ကောင်းကိုစွန့်လွှတ်ပြီး ကျေးလက်မှာ လယ်ပြန်လုပ်ပါ့မလား? ကျေးလက်နေပြည်သူများအတွက် အရာရှိဆိုတာ သူတို့နဲ့အလှမ်းဝေးတာကြောင့် သူတို့က သန့်ရှင်းနေဖို့လိုသည်။

  

“အဆင်ပြေပါတယ်.. စိတ်မပူပါနဲ့။ သူက ေမြာက်ပိုင်းမှာ အရာရှိရာထူးရထားပြီး အောင်မြင်မှုတချို့လည်းရှိတယ်။ ဒါပေမယ့် ​နောက်တော့ သူ့အမြင်က အထက်အရာရှိတွေနဲ့ ကွဲလွဲပြီး သူ ဒဏ်ရာရသွားခဲ့တယ်။ ဒါကြောင့် သူနုတ်ထွက်ပြီး ပြန််လည်ကုသဖို့ ပြန်လာခဲ့တာ။”

“တခြားလူတွေအတွက်တော့ သူတို့က ယွိမုနဲ့အတူတူပဲ။ သူတို့က မြောက်ဘက်မှာ သေရေးရှင်ရေးကို ဖြတ်ကျော်ခဲ့ကြတဲ့ ညီအစ်ကိုတွေပဲ။”

“ဒီလူတွေက စစ်တပ်ထဲမှာရှိနေဆဲပဲ။ သူတို့က လီဖုန်းနဲ့သူတို့ကြားက ညီအစ်ကိုအသင်းအပင်း*ကို သတိရနေဆဲမို့ သူ့ကိုဂုဏ်ပြုဖို့လာခဲ့တာ။ ဖေဖေ…အားရုံ… သူတို့ကို အထူးတလည်ဆက်ဆံစရာမလိုပါဘူး။ မဟုတ်ရင် သူတို့ချုပ်တည်း​နေရလိမ့်မယ်။”

(**Brotherhood= ညီအစ်ကိုအသင်းအပင်း၊ ညီအစ်ကိုဘဝ ညီအစ်ကိုသံယောဇဥ်ကိုရည်ညွှန်းရာတွင် သုံးသည်။)

“ဒီတစ်ကြိမ်မှာ သူတို့က လီဖုန်းနဲ့ ပြန်လည်ဆုံစည်းချင်တာဖြစ်မယ်။” ထန်ချွန်းမင်က ပြောလိုက်သည်။ ယွိမုက သူ့အပေါင်းအသင်းများကို သူ့အကြောင်းမပြောပြထားတာ သူမြင်နိုင်သည်။ သို့ဖြစ်၍ လူတွေက သူ့ကိုမြင်မြင်ချင်း ထူးဆန်းနေတာဖြစ်မည်။ ဟင်း… သူတို့ကိုတော့ လီဖုန်းနဲ့ပဲ လွှတ်ပေးလိုက်မယ်

  

“ကောင်းပြီ… တစ်ခုခုဖြစ်ရင် ပြောပြပါ။ ဒါမှငါတို့စိတ်ပြင်ဆင်ထားလို့ရမှာ။” ဝမ်ယင်က ထိတ်လန့်တကြားပြောလိုက်သည်။ တကယ်တော့ သူ့လင်ပါသားက ထန်မိသားစုဝင်ဖြစ်တာကြောင့် ကောင်းသောအရာမှ အကျိိုးအမြတ်ရနိုင်သော်လည်း တစ်ခုခုမှားသွားလျှင် ရှုပ်ထွေးသွားပေမည်။

  

“စိတ်မပူပါနဲ့…ဘာမှမဖြစ်ဘူး… သူ ကျွန်တော့်ကိုကတိပေးထားတယ်။ ကျွန်တော်တို့လည်း သူ့အာဏာကိုသုံးလို့ရတယ်တဲ့။ အနည်းဆုံးတော့ အနာဂတ်မှာ ပြဿနာနည်းလာမှာပါ။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ သူ့အမြင်အရ ယွိမု ယခုလို ခမ်းခမ်းနားနားရောက်လာသည်မှာ ဤအရာကြောင့်ဖြစ်မည်။ ဒီကိုရောက်ဖူးတဲ့လူက သူနဲ့လီဖုန်းရဲ့ ရွာထဲကအခြေအနေကို မသိနိုင်မှာတဲ့လား? ယခုမူ သူသည် လီဖုန်း၏နောက်ကွယ်မှာ အရာရှိများ၏ပံ့ပိုးမှုရှိကြောင်း အားလုံးကိုပြောပြချင်သည်။ သူ့အား အခွင့်ကောင်းယူချင်သူ သို့မဟုတ် အနိုင်ကျင့်လိုသူများက အရင်ဆုံးနှစ်ခေါက်စဥ်းစားသင့်သည်။

  

“အစ်ကိုလီဖုန်းရဲ့ဒဏ်ရာ အဆင်ပြေရဲ့လား?” ထန်ချွန်းရုံ၏စိုးရိမ်မှုက သူ့အားမူနဲ့ကွာခြားပြီး သူက ရှည်ရှည်ဝေးဝေးမတွေးခဲ့ပေ။

  

“အဆင်ပြေပါတယ်။ သူပြန်မလာခင် စစ်တပ်သမားတော်တစ်ယောက်က ကူညီပေးခဲ့လို့ ဒဏ်ရာရတဲ့လက် ပြန်ကောင်းသွားခဲ့တယ်။” လီဖုန်းက သူ့ဒဏ်ရာ လုံးလုံးပျောက်သွားပြီလို့ ပြောခဲ့၍ ထန်ချွန်းမင်က သူ့ကိုအပေါ်ယံယုံကြည်ခဲ့သည်။

သို့သော် သူက လီဖုန်းပြန်လည်သက်သာလာစေရန် နေရာလွတ်ကစမ်းရေနှင့်စားစရာကို အချိန်အကြာကြီးအသုံးပြုခဲ့သည်။ ယင်းက အချိန်ကြာလာသည်နှင့်အမျှ ထိရောက်မှုရှိမည်ဟု သူယုံကြည်ခဲ့ပြီး ယခင်က စစ်မြေပြင်တွင် လျှို့ဝှက်ဒဏ်ရာကျန်ခဲ့လျှင်ပင် ၎င်းတို့က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

  

“ကောင်းတာပေါ့.. ကောင်းတာပေါ့…” ဝမ်ယင်က ဤကိစ္စကိုစဥ်းစားပြီး စိတ်သက်သာရာရသွားခဲ့သည်။ သူ့သားမက် ကျန်းမာရေးမကောင်းရင် သူ့လင်ပါသားက…ဖတ်… ဘာ​ပေါက်ကရတွေးနေတာလဲ? အမင်္ဂလာပဲ….

 

တစ်ခါတစ်လေ ပုန်းလျှိုးကွယ်လျှိုးနေချင်လျှင်ပင် ၎င်းက ထင်ရှားပေါ်လွင်လာလေဖြစ်၏။ စစ်သားတစ်စု ရောက်လာသည်နှင့် ရွာသားများက ထိတ်လန့်သွားခဲ့သည်။ မြင်းလှည်းတစ်စီး ရွာဝင်ပေါက်ရောက်လာသောအခါ နောက်ဆက်တွဲငလျင်က မပြီးခဲ့ပေ။

အပြင်ထွက်ကြည့်တော့ ထန်မိသားစုအိမ်ကို သွားနေပြန်သည်။ လီဖုန်းနှင့် ထန်ချွန်းမင်း၏မိသားစုမှာ အနာဂတ်မှာ ရွာသားများနှင့် ကွာခြားနေမည်ဆိုတာ သေချာသွားခဲ့သည်။ သူတို့တွေ့ခဲ့ရသည့်လူကို ကြည့်လိုက်လျှင် အရာရှိ သို့မဟုတ် လူချမ်းသာဖြစ်နေ၏။ ဟွမ်စစ်ကုံးနှင့် ကျန်းလန်ဟွာက ယနေ့ဖြစ်ခဲ့တာကိုသိလျှင် သူတို့က သူတို့ရွေးချယ်မှုကို နောင်တရနေလိမ့်မည်။

  

“အဘိုးကြီးချီ…. ဒီနေ့ဆိုတာ သေချာရဲ့လား?” လှည်းပေါ်က လူငယ်လေးတစ်ဦးက မေးလိုက်သည်။

  

“သခင်လေး…စိတ်မပူပါနဲ￿။ ရှောင်ရွှင်းကျိက သေချာစုံစမ်းထားတယ်။ ဒီနေ့ပဲ။ သခင်လေး… ကြည့်… ထန်ဖူလန်ရဲ့ခြံပြင်မှာ မြင်းတွေရပ်ထားတယ်။” ဆိုင်ရှင်ချီက လှည်းမောင်းလာ​ကာ သူ့သခင်လေးအား ထန်မိသားစုဆီခေါ်လာခဲ့သည်။

 

ထန့်ယွီက ထန်ချွန်းမင်၏ မင်္ဂလာနေ့ရက်ကို ဆိုင်ရှင်ချီထံမှသိခဲ့ရသည်။ ဖြစ်ချင်တော့ သူလည်း ယနေ့မှာ ဖျင်အန်းမြို့အနီးတွင် ရောက်နေတာကြောင့် သူ့ကိုဂုဏ်ပြုရန် ကိုယ်တိုင်ရောက်လာခဲ့သည်။

အပေးအယူရှိမှ လုပ်ငန်းရေရှည်တည်တံ့နိုင်မည်ဖြစ်၏။ မထင်မရှား တောင်ပေါ်ရွာလေးကိုရောက်လာတာ သူ့အတွက် ဒုတိယအကြိမ်ဖြစ်သည်။ သူက ကန့်လန့်ကာကိုမတင်ကာ အပြင်ကို​ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မြင်းတွေက ခမ်းနားထည်ဝါလွန်းသည်။ တင်းကျိုးခရိုင်က လူတွေရောက်နေတာလား?

&&&&&&

Chapter 46.3

 

ထန့်ယွီက ထန်ချွန်းမင်နှင့် လက်ထပ်မည့်လူကို တစ်ကြိမ်သာတွေ့ဖူးသော်လည်း လွန်စွာအထင်​ကြီးခဲ့သည်။ သို့သော် ထိုအရောင်အဝါက ရှားပါး၍ မေ့ဖို့ပင်ခက်သည်။

သို့ပေသိ မထင်မှတ်ထားသည့်အရာမှာ ထိုလူက ထန်ချွန်းမင်နှင့် ပေါင်းစည်းနိုင်ခဲ့ပြီး ထန်ချွန်းမင်၏ကိုယ်ဝန်နှင်ံ ဝတ်ပြုဆုတောင်းကာလကို စိတ်ထဲမထည့်ခဲ့ခြင်းဖြစ်၏။ သူသာဆိုလျှင် ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။

 

ထို့ကြောင့် သူက ထိုကုန်ပစ္စည်းများကို ထိန်းချုပ်ရန် မည်မျှပင်သွေးဆောင်ပါစေ သူ့မှာ ဖူမန်ထန်နှင့် မုန့်မိသားစုလို အတွေးမျိုးမရှိခဲ့​ပေ။ သူ့မိသားစုထဲမှ အခြေအနေအရ သူ ထန်ဖူလန်ကို အငယ်အနှောင်းအဖြစ်ထားလျှင်ပင် ဘယ်သူမှလက်ခံမှာမဟုတ်ပေ။

ထို့အပြင် ထန်ဖူလန်ကလည်း လက်ခံမှာမဟုတ်ပေ။ တကယ်တော့ ထန်ဖူလန်က ဖူမန်ထန်ကို မကြိုက်သည့်အကြောင်း လောင်ချီထံမှ ကြားခဲ့ရပြီးနောက် ထန့်ယွီမှာ အစတည်းက ထိုအတွေးမျိုးမရှိခဲ့တာ ကံကောင်းတယ်လို့ထင်မိသည်။

 

သို့သော် အကယ်၍ သူက တင်းကျိုးခရိုင်မှ လူတစ်ယောက်ဖြစ်ခဲ့လျှင် သူ ဤနေရာကိုရောက်လာတာ ကံကောင်းလို့ပင်။ ဤလူနဲ့ ဆက်သွယ်ပြောဆိုနိုင်သည့်အပြင် အရာရှိတစ်ဦးထက်ပိုပြီး သိနိုင်လျှင် သူတို့လိုစီးပွားရေးသမားများအတွက် အဖိုးဖြတ်နိုင်မည်မဟုတ်ပေ။ ဘယ်သူသိမှာလဲ…. တစ်နေ့နေ့တစ်ချိန်ချိန်မှာ အဆင်ပြေလာနိုင်သည်။ ထန်ချွန်းမင်ကလည်း သူ၏ကျေးဇူးရှင်ဟု ယူဆနိုင်သည်။

  

“ဆိုင်ရှင်ချီ? သခင်လေးထန့်ယွီ? ခင်ဗျားတို့က တကယ်ကိုထူး​ခြားတဲ့ဧည့်သည်တွေပါ။ ခင်ဗျားတို့လာမယ်လို့ မထင်ထားဘူး။ အထဲမြန်မြန်ဝင်ခဲ့ပါ!” ထန်ချွန်းမင်က ချွေးပျံနေ၏။ မူလက သူသည် လူအနည်းငယ်ကိုသာ ထမင်းစားဖိတ်ချင်ခဲ့သော်လည်း ယွိမုက လူအများကြီးကိုခေါ်လာမယ်လို့ မထင်ထားခဲ့ပေ။ ထို့နောက် ဆိုင်ရှင်ချီလည်းရောက်လာခဲ့သည်။

လူတွေကို မျက်နှာလွှဲလို့မဖြစ်ပေ။ ကံအားလျော်စွာ လီဖုန်းက ပါဝင်ပစ္စည်းလုံလုံလောက်လောက် ပြင်ဆင်ထားခဲ့သည်။ ထန်ချွန်းမင်က သူ့အား ကြီးကြီးကျယ်ကျယ် လုပ်နေသည်ဟုဆိုကာ ရယ်မောခဲ့ပေမယ့် ယခုမူ သူက သူ့ကို လှောင်ပြောင်ရဲတော့မှာမဟုတ်ပေ။ မဟုတ်​ပါက လူအများကြီးလာပြီး စားစရာမရှိလျှင် အရှက်ကွဲပေမည်။

  

“ထန်ဖူလန်… ဂုဏ်ပြုပါတယ်။ ဒါက အစ်ကိုလီဖုန်းဖြစ်ရမယ်။ ကျွန်တော်က အန်ဖျင်ခရိုင်က ထန့်ယွီပါ။ ဒီနေ့ ခင်ဗျားရဲ့ကံကောင်းခြင်းကို ဝေမျှဖို့လာခဲ့တာပါ။” ထန့်ယွီက ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများကို လိုက်နာကာ ချမ်းသာသော လူငယ်လေးတစ်ဦးလို မောက်မာခြင်းမရှိပေ။ သူ့ပြောပုံဆိုပုံကလည်း အလွန်ရင်းနှီးနေသည်။

  

“ကြိုဆိုပါတယ်…ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါ။” လီဖုန်းက ဤလူကိုအထင်ကြီးသည်။ သူက ဤလူကို ရွာအဝင်ဝမှာ တစ်ကြိမ်တွေ့ဖူးသည်။ မင်ကောအာက ဤလူနှင့် အလုပ်တွဲလုပ်နေတာကို သိနေသဖြင့် သူက သူ့ကို ဆိုးဆိုးရွားရွား ဆက်​ဆံမည်မဟုတ်ပေ။ ထို့အပြင် ဤကုန်သည်များက မုန့်မိသားစုနှင့်ယှဥ်လျှင် အခြေခိုင်သည်။

 

ရွာလူကြီးက ဧည့်သည်များကို နှုတ်ဆက်ဖို့ထွက်လာပြီး ကျင်းကျိစားသောက်ဆိုင်ပိုင်ရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိတာက ဖျင်ရှန်ရွာအတွက် မဆိုးပေ။ ထို့အပြင် သခင်လေးက လှည်းတစ်စီးအပြည့် လက်ဆောင်များယူလာခဲ့သည်။ လီဖုန်း၏လူကြီးတစ်ယောက်အနေဖြင့် ရွာလူကြီးက မရိုင်းပျသင့်ဘူးလို့တွေးခဲ့သည်။

 

နေ့လည်စာအတွက် စားပွဲနှစ်လုံးထပ်ပြင်ခဲ့သည်။ သိပ်ထူးခြားနေဖို့မလိုပဲ ခြံထဲမှာစားပွဲဝိုင်းလေး ပြင်ဆင်ထားခဲ့သည်။ ဆူညံသံများက ရွာသားများပင် ကြားနိုင်လောက်အောင် တက်ကြွခဲ့သည်။

ဧည့်သည်တွေအများကြီးရှိတာကြောင့် လီဖုန်းက သူနဲ့အဖော်ပြုပေးဖို့ ရွာအကြီးအကဲများကိုပင် ဖိတ်ကြားခဲ့သည်။ လီဖုန်းအတွက် ပြောဖူးသော အကြီးအကဲများက အလွန်ဂုဏ်ယူနေပြီး သူတို့က အရာရှိများနှင့် စားပွဲတစ်ခုတည်းမှာ စားခဲ့ကြောင်း တခြားသူများအားပြောပြခဲ့သည်။

 

ရွာရှိလီစုန့်ကမ်း၏အိမ်တွင် လေထုက ဆန့်ကျင်ဘက်ဖြစ်သည်။ မူလက သူတို့ကို မဖိတ်ခဲ့တာ လက်ခံနိုင်သေးသည်။ သို့သော် ယခုမူ ရွာအကြီးအကဲများကတော့ အဖိတ်ခံရပြီး သူတို့က သူတို့ဦးလေးကိုတော့ မဖိတ်ခဲ့ပေ။

အရာရှိတစ်ဦးရောက်လာကြောင်း ကြားသိရသောအခါ သူတို့က အင်မတန်စိတ်ထိခိုက်ခဲ့ရသည်။ ယင်းက ငွေရာချီအား ရေထဲပစ်ချလိုက်သည်ကို ကြည့်ရတာထက် ခံရခက်သည်။

 

ယခုတော့ သူတို့က လီဖုန်းကို အပြစ်တင်ခွင့်မရှိတာကြောင့် ထိုဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကြသည်။ သူတို့သားနှင့် ကောလေးကပင် ယခင်က ကောင်းမွန်သောဘဝမှာ မနေထိုင်ခဲ့ရကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

မဟုတ်ပါက ယခုချိန်မှာ သူတို့သည် အရာရှိများ၏ထောက်ပံ့မှုကိုရရှိမည့် မိသားစုဖြစ်လာပြီး အနာဂတ်မှာ သူတို့အပြင်ထွက်သည့်အခါ ဘယ်သူမှ မျက်နှာလွှဲရဲတော့မှာမဟုတ်ပေ။ ကောငယ်လေးက ချမ်းသာသည့်မိသားစုမှာ လက်ထပ်ရမည်ဟု ထင်ထားခဲ့သည်။ ယင်းက အတိတ်မှာ အမှားတွေလုပ်ခဲ့သော သူ့မိဘများ၏အပြစ်ပင်။

  

“ဘာ! အခုငါတို့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ အပြစ်တင်နေတာလား! သူ့အိမ်မှာ ဘယ်သူနေခဲ့တာမို့လဲ? ပြီးတော့ ငါတို့ ဒီကျေးဇူးကန်းတဲ့ကောင်ကို မောင်းမထုတ်ခဲ့ရင် သူဒီနေ့လို အောင်မြင်လာပါ့မလား? သူအဲ့ဒီအရာရှိတွေကို တွေ့နိုင်ပါ့မလား? အခု မျိုးနွယ်စုအကြီးအကဲတွေကလည်း ငါတို့ကိုအပြစ်တင်နေတယ်”

“ငါတို့ကြောင့်သာမဟုတ်ရင် သူဒီနေ့လိုဖြစ်လာမလား သူတို့မစဥ်းစားကြဘူး။” လီစုန့်ကမ်း၏မိသားစုက သူတို့ကိုယ်သူတို့ မှားယွင်းတယ်လို့မထင်သည့်အပြင် သူတို့ လီဖုန်းကို စစ်ထဲပို့ခဲ့လို့ လီဖုန်း ကြီးပွားချမ်းသာလာပြီး အရာရှိများကို တွေ့ဆုံနိုင်ခဲ့သည်ဟု ထင်နေသည်။ သို့သော် သူ့တူလေးက ဆွေမျိုးများကိုမေ့ကာ အဆက်အသွယ်ဖြတ်သွားခဲ့သည်။ ဒါက ကျေးဇူးမသိတတ်တဲ့ကောင်မဟုတ်ရင် ဘာဖြစ်မလဲ?

 

သူတို့က ဤစကားကို နောက်ကွယ်မှာသာ​ပြောရဲသည်။ တခြားလူများ၏ ဖော်ပြချက်အရ သူတို့က လီဖုန်းကို ထပ်မစော်ကားရဲပေ။ မဟုတ်ပါက ထိုကျေးဇူးမသိတတ်သည့်လူကြောင့် သူ ထောင်ကျသွားနိုင်သည်။

 

ကောငယ်လေးက သူ့မိဘများကို အမြင်မရှိခဲ့ခြင်း​ကြောင့် ဒေါသထွက်နေပြီး သူက မျက်စောင်းထိုးကာ အကြံတစ်ခုယူလာခဲ့သည်။ “ဖေဖေ…အဖေ… ကျွန်တော့်ဝမ်းကွဲကလည်း ဒုတိယဦးလေးရဲ့မိသားစုကပဲ။ ဒီဆက်ဆံရေးက ဖြတ်တောက်လို့မရဘူး။”

“ဒါပေမယ့် အဖေနဲ့ ဖေဖေက အရင်လိုသဘောထားရှိလို့မရဘူး။ ကျွန်တော့်ဝမ်းကွဲက အခုလုံးဝမတူတော့လို့ အခုကစပြီး အဖေတို့ သူ့ကိုလေးစားပါ။ ဘယ်သူသိနိုင်မှာလဲ။ ကျွန်တော့်ဝမ်းကွဲစိတ်ကောင်းဝင်ရင် သူ အဖေတို့အပေါ် အာဃာတမထားပဲ ကျွန်တော်တို့မိသားစုလည်း အကျိုးရှိလိမ့်မယ်။”

သူက လီဖုန်း၏မျက်နှာကို ပထမဆုံးအကြိမ် မြင်ခဲ့ရစဥ် ကြောက်လန့်တကြား အော်ခဲ့ဖူးတာကို မေ့သွားခဲ့သည်။ ယင်းက လီဖုန်း၏ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပြီး သူကလည်း လီဖုန်း၏မကောင်းကြောင်းများ အပြင်မှာဖြန့်ဝေခဲ့သည်။

  

“လေးစားရမှာလား? ငါတို့လိုလူကြီးတွေက ကျေးဇူးကန်းတဲ့ကောင်ကို လေးစားရမှာလား?” လီစုန့်ကမ်း၏ဇနီးက အလွန်ဒေါသထွက်ပြီး မယုံကြည်နိုင်စွာ ဟစ်အော်ခဲ့သည်။

  

“ဒါဆို ဖေဖေ… ခင်ဗျားက ဝမ်းကွဲကို ဆက်စော်ကားနေလိုက်!” ကောငယ်လေးက လက်ကိုင်ပုဝါကို အခန်းထဲသို့ ဒေါသတကြီးပစ်ပေါက်လိုက်သည်။ သူ့အားမူက ကျိုးကြောင်းသင့်မနေ​ပေ။ သူက ဒေါသထွက်ဖို့ပဲသိပြီး သူတို့အတွက် မစဥ်းစားပေးချေ။

  

“ကျွန်တော့်ညီလေး​ပြောတာမှန်တယ်။ ဖေဖေတို့နှစ်ယောက် သေချာစဥ်းစားပါ။” သားဖြစ်သူကလည်း သူ့ညီလေး၏အမြင်ကို လက်ခံခဲ့ပြီး သူတို့က လီဖုန်းနှင့်သူ့အားမူ ရန်ဖြစ်စေရန် နောက်ကွယ်ကနေ မီးမွှေးခဲ့တာကို မေ့သွားခဲ့သည်။

 

လင်မယားနှစ်ယောက်က သူတို့မိသားစုထဲရှိ အခြေအနေကိုကြည့်ကာ မေးလိုက်သည်။ “ငါတို့တကယ်လုပ်မှာလား?”

 

လီစုန့်ကမ်းက သက်ပြင်းချလိုက်သည်။ သူက ယခုလိုမလုပ်ချင်ပေမယ့် ယခုတစ်လမ်းတည်းသွားရမည်ဟု ထင်သည်။ ရွာသားများ၏ပြောစကားကိုကြည့်လျှင် သူတို့က လီဖုန်းအား လူကြီးများကို မလေးမစားလုပ်သည်ဟု မစွပ်စွဲသည့်အပြင် နေရာတိုင်းမှာ ချီးကျူးနေကြသည်။

 

ညစာစားပြီးသွားခဲ့သည်။ ထန်ချွန်းမင်က ပင်ပန်းလွန်းလို့ အနားယူရန် အခန်းထဲပြန်ခဲ့သည်။ အပြင်မှာ အရက်နံ့များ သင်းပျံ့နေ၏။ စစ်သားများက အိုးကြီးများဖြင့် အငမ်းမရသောက်နေသည်။

ထန်ချွန်းမင်က ဝိုင်ကိုတောင့်တနေသော်လည်း သူက တစ်ကြိမ်မြင်ဖူးပြီးကတည်းက စိတ်မဝင်စားခဲ့ပေ။ ဤကမ္ဘာပေါ်တွင် စ​ပျစ်ရည်ထုတ်လုပ်သည့် နည်းပညာက နောက်ကျကျန်နေသည်ဟု​ပြောနိုင်သည်။ ခန်းကုတင်ပေါ်တွင်ထိုင်ကာ ထန်ချွန်းမင်က ငွေရှာရန် အကောင်းဆုံးနည်းလမ်းတစ်ခုရှိကြောင်း ရုတ်တရက်သိလိုက်ရသည်။

သူ အရင်က ဤကိစ္စကို မတွေးဝံ့ခဲ့​ပေ။ တကယ်တော့ ဤနည်းပညာက အဆင့်မြင့်လွန်းပြီး သူ့ကို ဒုက္ခရောက်စေလိမ့်မည်။ သို့သော် ယခုမူ သူ့မှာ သူ့ကိုထောက်ပံ့ပေးမည့် လီဖုန်း၊ ယွိမုနှင့် လူတစ်စုရှိသည်။ သူတုံ့ဆိုင်းနေလျှင် ယောကျာ်းလို့ မသတ်မှ်တ်နိုင်တော့ပေ။

ယခု သူက ကောတစ်ယောက်ဖြစ်သည်။ ကိုယ်ဝန်ရှိနေသောကောတစ်ယောက်ဖြစ်၍ သူ အရင်ဆုံးအိပ်လိုက်သင့်သည်။

.

လီဖုန်းက မင်ကောအာနှင့် ကလေးများကို မီးခိုးအဆိပ်သင့်ခြင်းမှ ​ကာကွယ်ပေးရန် အရက်သမားများကို သူ့အိမ်သို့ တစ်ယောက်ချင်းလိုက်ပို့ခဲ့သည်။

သူက ဝမ်ယင်ကို လိုက်ပို့ခဲ့ပေမယ့် ထန်ချွန်းရုံကတော့ သူ့အစ်ကိုနဲ့နေချင်တယ်လို့ သူ့အားမူအား ပြောခဲ့သည်။ သူသည်လည်း ဝမ်ယင်ကို မင်ကောအာအတွက် ဆက်​နေပေးဖို့ ​ပြောခဲ့ပေမယ့် ဝမ်ယင်က အိမ်က တိရစ္ဆာန်များကို စိတ်ပူနေပြီး သူတို့လေးတွေ ထမင်းတနပ်လွတ်သွားမှာကို မလိုလားပေ။

 

ညတွင် လီဖုန်းက မင်​ကောအာကို ထမင်းချက်ခွင့်မပြုခဲ့ပေမယ့် ကျန်းရှို့နှင့် တ​ခြားသူများကို နည်းနည်းလောက်ကူချက်ပေးဖို့ ပြောခဲ့သည်။ နေ့လည်က စားကြွင်းစားကျန်များနှင့်အတူ ၎င်းက တိရစ္တာန်များအား အစာကျွေးဖို့လုံလောက်သည်။ ယင်းကြောင့် မင်ကောအာ၏ အချက်အပြုတ်စွမ်းရည်ကို မြည်းစမ်းခွင့်မရခဲ့သည့် ယွိမုက ဒေါသတကြီးဆန္ဒပြနေလေသည်။

 

ပြင်ဆင်ထားသော အစားအစာကို လီဖုန်းအိမ်သို့ပို့ပေးခဲ့ပေမယ့် လီဖုန်းကတော့ ထန်ချွန်းမင်နှင့် အတူစားဖို့ ရောက်ရှိလာပြီး ညီအစ်ကိုအသင်းအပင်းအား လုံးဝဂရုမစိုက်ပဲ ချောမောလှ​​​ပသော ကောလေးတစ်ယောက်အတွက် သစ္စာတရားမေ့ပစ်ရခြင်း၏ အဓိပ္ပါယ်ကို ပြသခဲ့သည်။

“ယွိမုနဲ့ တခြားလူတွေ ဘယ်တော့ပြန်မှာလဲ? ဒီလိုထွက်လာတာအဆင်ပြေရဲ့လား?” ထန်ချွန်းမင်က ဆန်ပြုတ်သောက်ကာ အရံဟင်းလျာများကိုစားရင်း လီဖုန်းအားမေးလိုက်သည်။ သူက လီဖုန်း၏အပြုအမူနဲ့ပတ်သက်ပြီး ပြောစရာသိပ်မရှိပေ။ ပေါင်းသင်းရာတွင် စုံတွဲများက အသေးစိတ်စိတ်ပူစရာမလိုပေ။ သူတို့လိုလူတွေက သက်တောင့်သက်သာနေထိုင်ရတာ သဘောကျသည်။ တစ်ခါတစ်လေမှာ ယဥ်ကျေးလွန်းတာက ကောင်းသောအရာမဟုတ်ပေ။

  

“စောစောပြန်မှာမဟုတ်ဘူး။ အဲ့ဒီကိစ္စတွေကို စိတ်မပူပါနဲ့။ သူတို့က အဖမ်းခံရလောက်တဲ့ထိ မတုံးဘူး။ သူတို့မှာ အားရှိပေမယ့် သုံးစရာနေရာမရှိဘူးလို့ထင်တယ်။ ဒီတော့ အ​နောက်တောင်ကို သန့်ရှင်းရေးကူလုပ်ခိုင်းဖို့ အခွင့်အရေးကောင်းပဲ။” လီဖုန်းက မင်ကောအာနှင့် အားလင်းနှစ်သက်သော ဟင်းလျာများကိုခပ်ကာ သူတို့ပန်းကန်ထဲထည့်ပေးလိုက်သည်။

  

“အု…အဟွတ်….အဟွတ်…” ထန်ချွန်းရုံက သည်းမခံနိုင်တော့ပဲ ချောင်းဆိုးကာ မျက်နှာနီရဲလာသည်။ ထန်ချွန်းမင်က သူ့ကျောကိုပုတ်ပေးပြီး ရေတစ်ခွက်ပေးလိုက်သည်။

  

“ဦးလေး…သားပုတ်ပေးမယ်။” အားလင်းက အပျော်သဘော ပုတ်ပေးရန် တရွတ်တိုက်ရောက်လာသည်။

  

“ရပါပြီ…စားတော့.” ထန်ချွန်းရုံက စိတ်တည်ငြိမ်မှုပျောက်ဆုံးသွားပြီး အလွန်ရှက်သွားသော်လည်း ၎င်းမှာ အစ်ကိုလီဖုန်း၏အပြစ်သာဖြစ်သည်။ သူက လူတကာကို အလုပ်ပတ်ခိုင်းနေသည်။ ယခုမူ ထိုလူအားလုံးမှာ ရာထူးရှိပြီး အမြင့်ဆုံးမှာ ဗိုလ်ချုပ်ယွိမုဖြစ်ကြောင်း သူသိထားသည်။

  

“အဲ့ဒါက ခင်ဗျားသဘောပါ. ဒါပေမယ့် ရွာကလူတစ်ချို့ကိုလည်း စီစဥ်ပေးဖို့လိုတယ်။ ရွာလူကြီးက ဘယ်လိုလူတွေလိုလဲ ဆုံးဖြတ်ပေးလိမ့်မယ်။ တောင်က ရေရှည်အလုပ်လုပ်ဖို့လိုတယ်။”

ထန်ချွန်းမင်က ပတ်ဝန်းကျင်ရှိလူများကို အမိန့်ပေးသည့် လီဖုန်း၏အပြုအမူကို ကန့်ကွက်ခြင်းမရှိသော်လည်း လီဖုန်းရှိနေလျှင်ပင် သူက တောင်တစ်ခုလုံးကို ဂရုစိုက်နိုင်မှာမဟုတ်ပေ။ ယခု သူ လက်လွှဲယူလိုက်ပြီဖြစ်၍ လွှတ်ထားပေးလို့မရပဲ ဖွံ့ဖြိုးတိုးတက်စေဖို့ အသုံးချရမည်။

  

“အင်း…နားလည်ပြီ။” လီဖုန်းက ထန်ချွန်းရုံကို အမှုအမှတ်မဲ့ကြည့်လိုက်ပြီး ဤကောင်လေးက စိတ်ထားကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။

Chapter 46.4

အမှန်တော့ သူက လူဆိုးတစ်ယောက်ဖြစ်ခဲ့တယ်လို့ ပြောချင်တာမဟုတ်ပေ။ သို့သော် အင်ပါယာစာမေးပွဲဖြေဆိုပြီး နာမည်ရချင်လျှင် ထိုအကျင့်စရိုက်မျိုးက အရာရှိရာထူးအတွက် သင့်လျော်မည်မဟုတ်ပေ။ သူက သူ့ယောက်ဖကို ကောင်းကောင်းလေ့​ကျင့်ပေးသင့်တယ်လို့ တွေးနေသည်။

 

သူတို့နှစ်ဦးက ဤကိစ္စနဲ့ပတ်သက်ပြီး စာမျက်နှာတစ်ခုတည်း၌ရှိသည်။ ထန်ချွန်းမင်က သူ့ညီငယ်လေးကို လိမ္မာပါးနပ်စွာ လမ်းပြပေးရန် ကြိုးစားနေသော်လည်း သူက ငယ်သေးသဖြင့် ဖိအားအများကြီးပေးလို့မရပေ။

 

ဒုတိယနေ့တွင် ထန်ချွန်းရုံက ဆက်နေချင်ခဲ့သည်။ ထိုစစ်သားများနှင့်အတူ တောင်ပေါ်လိုက်သွားဖို့ စိတ်ဝင်စားနေ၏။ သူတို့၏အဆိုအရ တောင်ပေါ်ရှိ တိရစ္ဆာန်ကြီးများကို ဦးစွာရှင်းလင်းသင့်သည်။ မဟုတ်ပါက တောရိုင်းတိရစ္ဆာန်ကြီးများသည် တောင်ပေါ်မှာစိုက်ပျိုးသမျှကို တူးထုတ်လျှင် ကြိုးစားအားထုတ်မှုက အလဟဿဖြစ်သွားလိမ့်မည်။

ထန်ချွန်းရုံက ထိုနေရာသို့သွားရန် စိတ်ထက်သန်နေသော်လည်း သူ့မှာ ခွင့်တစ်ရက်သာရှိ၍ လီဖုန်းက သူ့ကိုပြန်ပို့ခဲ့သည်။ သူက နောက်တစ်ကြိမ်ပြန်လာမှပဲ တောင်ပေါ်မှာ ဆော့ကစားဖို့တွေးလိုက်သည်။

တောင်ပေါ်မှာ အန္တရာယ်များတာကြောင့် သူ့အားမူက ဘယ်တုန်းကမှ တောင်ပေါ်သွားခွင့်မပြုခဲ့ပေ။ သူ့ယောက်ဖ (ကျောက်တာဟူ)ကလည်း တောင်ပေါ်မှာ အသက်ဆုံးရှူံးခဲ့ရတာမလား? သို့ပေမယ့် ယခုအခါ လီဖုန်းတွင် ကျွမ်းကျင်မှုတချို့ရှိနေခဲ့သည်။

 

လီဖုန်းက ရွာလူကြီးနဲ့စကားပြောခဲ့ပြီး ရွာလူကြီးက ချက်ချင်းဆိုသလိုပင် ရွာရှိ သန်မာသော လူငယ်တချို့ကို စည်းရုံးကာ တောင်ပေါ်သို့သွားရန် ဆန္ဒရှိမရှိ ​မေးမြန်းခဲ့သည်။ ဟုတ်ပါ၏။ ဆန္ဒမရှိသည့် လူတစ်ယောက်မှမရှိပေ။ စစ်သားများနှင့် အမဲလိုက်ရမည့် အခွင့်အရေးကို ဘယ်သူက လက်လွှတ်ခံမှာလဲ? ထို့အပြင် အမဲလိုက်သော တောရိုင်းတိရစ္ဆာန်များကို လူတိုင်းဝေစုရရှိမည်ဖြစ်သည်။ သူတို့ သာမန်နေ့များမှာ တောင်ပေါ်တစ်ယောက်တည်းတက်လျှင် အပြင်ဘက်တစ်ဝိုက်မှာသာ လှည့်ပတ်ရဲသည်။

 

လီဖုန်းက တာရှန်နှင့် ဝမ်မော့၏မိသားစုမှ အမျိုးသားများကိုလည်း ခေါ်ဆောင်လာပြီး ကျန်းရှို့နဲ့ဝမ်မော့အား မင်ကောအာကိုအဖော်ပြုပေးရန် အိမ်ပြန်ဖို့ပြောခဲ့သည်။ လူနှစ်ဆယ်သုံးဆယ်ကျော်ရှိသော အဖွဲ့တစ်ဖွဲ့က ခမ်းခမ်းနားနား တောင်ပေါ်တက်လာကြသည်။ ထိုကြောက်မက်ဖွယ် တောရိုင်းတိရစ္ဆာန်များက သတင်းကြားခဲ့လျှင် ဟိုးအရင်တည်းက ထွက်ပြေးသွားခဲ့မှာဖြစ်၏။

  

“မင်းကြားလိုက်လား? ငါတို့ ဒီနေ့ တောဝက်ကြီးတစ်ကောင်ကို ဖမ်းမိရင် တစ်ရွာလုံးကို ကျွေးမွေးဧည့်ခံမှာတဲ့။ တာရှန်နဲ့ သူ့လူတွေ တောဝက်ကြီး သယ်လာနိုင်ဖို့ မျှော်လင့်တယ်။” ကျန်းရှို့က မျှော်လင့်တစားပြောလိုက်သည်။ ဤရွာလေးမှာ အသက်ဝင်သော အခါသမယက ရှားပါးသည်။

ဟိုးအရင်တုန်းက တောင်ပေါ်တက်ဖို့ လူစုလျှင် ၎င်းက တောဝက်ကြီးများဆင်းလာပြီး ကောက်ပဲသီးနှံများကို ဖျက်စီးပစ်ခဲ့လို့ပင်။ ထိုအချိန်က လူတိုင်းသည် စိတ်​​အေးလက်​အေးမရှိသလို လမ်းကိုဦးဆောင်ဖို့ သန်မာသော စစ်သားများလည်း မရှိခဲ့ပေ။ ထို့ကြောင့် ယခုအခါ ကျန်းရှို့နှင့် သူ့လူများက တောင်ပေါ်တက်နေသည့် လူများ၏လုံခြုံရေးကို စိတ်မပူခဲ့ကြပေ။

  

“အို… ကျွန်တော်လည်းသွားချင်တယ်။” ထန်ချွန်းမင်က သက်ပြင်းချကာ သူ့ဗိုက်ကိုနောင်တရစွာကြည့်ရင်း သူဘယ်လောက်နှောင့်နှေးစေခဲ့လဲ တွေးနေ၏။

 

“မင်း….” ကျန်းရှို့နှင့် ဝမ်မော့က ဘာပြောရမလဲမသိပေ။ သူက တကယ်ကို (ကော)မဆန်ပေ။ ကံအားလျော်စွာ သူက ဗိုက်ကြီးတကားကားဖြင့် ထွက်ပြေးလို့မရခဲ့ချေ။

  

“ဟားဟား…. ကျွန်တော်နောက်တာပါ။” ထန်ချွန်းမင်က ရှက်ရှက်ဖြင့်ပြန်ဖုံးဖို့ ကြိုးစားခဲ့သည်။ ထို့နောက် သူက စုတ်တံနှင့် စာရွက်ယူကာ ဤတောင်ကုန်းကို သင့်တင့်လျောက်ပတ်အောင် ဘယ်လိုဖြန့်ကျန်ရမလဲ စီစဥ်နေ၏။

 

ကျန်းရှိူ့နှင့် ဝမ်မော့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။ ရွာထဲက ကောများက ထန်ချွန်းမင်လောက်မတော်ဘူးလို့ သူတို့ပြောခဲ့ကြသည်။

 

လူအုပ်စုက နေ့လည်မှာ ပြန်မလာတာကြောင့် ထန်ချွန်းမင်က သူငယ်ချင်းနှစ်ယောက်နှင့် တာမောင်း၊အာမောင်းတို့ကို နေ့လည်စာခေါ်ကျွေးခဲ့သည်။ မွန်းလွဲပိုင်းမှာ ပင်မအုပ်စုပြန်ရောက်လာသည်။ အဝေးရှိ ရွာ၏အော်ဟစ်အားပေးသံများကြောင့် သူတို့ ဤခရီးစဥ်မှာ အမြတ်အများကြီးရခဲ့တာ သိသာသည်။ ထန်ချွန်းမင်က စုတ်တံနဲ့စာရွက်ကိုချကာ စိတ်ဝင်တစားပြောလိုက်လေသည်။ “သူတို့ ဘာယူလာလဲ သွားကြည့်ရအောင်။ အားလင်းး…မင်းရောသွားချင်လား?”

  

“ဟုတ် သားသွားချင်တယ်…. ဦးလေးဖုန်း အရမ်းအစွမ်းထက်တာပဲ။” အားလင်းက လက်သီးဆုပ်ကာ သူ့အားမူကို အရင်ဆုံးတုံ့ပြန်ခဲ့သူဖြစ်သည်။

  

“သားတို့လည်း သွားချင်တယ်!” တာမောင်းနှင့်အာမောင်းက နောက်မှာမနေခဲ့ချင်ပေ။

  

“မင်းတို့ကောင်တွေ—” ကျန်းရှို့က ရယ်မောလိုက်သည်။ “မင်ကောအာ… မင်းလန့်သွားမှာ မစိုးရိမ်ဘူးလား?”

  .

“မစိုးရိမ်ပါဘူး။” ထန်ချွန်းမင်က သူ့လက်ကို သဘောထားကြီးသယောင် ဝေ့ယမ်းလိုက်သည်။ “ဒီလိုစိတ်လှုပ်ရှားစရာကို ကြည့်လို့ရတဲ့အခွင့်အရေး​က ရှားတယ်။ ကျွန်တော့်ကို စိတ်နုတယ်လို့ မထင်လိုက်နဲ့။ သွားရအောင်…” ထန်ချွန်းမင်က စိတ်မရှည်စွာပြေးထွက်သွားပြီး ကျန်းရှို့နဲ့ ဝမ်မော့က​ နောက်မှလိုက်သွားရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

 

ယနေ့လို သာယာသောနေ့တစ်နေ့ရှိလာလိမ့်မယ်လို့ ရွာထဲက ဘယ်သူမှမမျှော်လင့်ခဲ့​ပေ။ တောင်ပေါ်တက်ခဲ့သူများကို ကြည့်လိုက်တော့ တောဝက်ကြီးနှစ်ကောင်၊ သားပေါက်လေးတစ်ကောင်နှင့် အရွယ်အစားမျိုးစုံရှိသော သားရဲတိရစ္ဆာန်များကို သယ်​ဆောင်လာသည်။

သူတို့တောင်ပေါ်တစ်ယောက်တည်းသွားခဲ့ရင် ဒီလိုအများကြီးဘယ်လိုရနိုင်မှာလဲ? ယနေ့မှာ မိသားစုအားလုံးနီးပါး ဝေစုရရှိခဲ့သည်။ လူကြီးနှင့် ကလေးအားလုံးက အသားစားနိုင်တော့မှာဖြစ်၍ ပျော်ရွှင်နေကြသည်။

 .

ထန်ချွန်းမင်နှင့် သူ့အဖွဲ့ရောက်လာတော့ လူအုပ်စုက ရွာရင်ပြင်ကို ရောက်နေပြီဖြစ်၏။ ရွာလူကြီးက မောင်းထုပြီး ကျယ်ကျယ်လောင်လောင်အော်လိုက်သည်။ တောင်ပေါ်တက်သွားသော ရွာသားများသည် ရွှင်မြူးသောမျက်နှာများနှင့် တခြားသူများကို ဝမ်းသာအားရကြွားဝါနေ၏။

  

“အမလေး.. မင်းမသိပါဘူး.. အစ်ကိုယွိက အဲ့ဒီကောင်ကြီးကို ကျောက်ခဲနဲ့ပစ်ပေါက်ပြီး သတိလစ်အောင် လုပ်ခဲ့တာ။ နောက်မှာရှိတဲ့ငါတို့က သူအမဲလိုက်တဲ့ပုံကိုကြည့်ပြီး ကြက်သေသေသွားရော။ နောက်တော့မှ အစ်ကိုယွိက သဘာဝလွန်စွမ်းအားတွေနဲ့ မွေးဖွားလာမှန်းသိရတော့တယ်။ ဒီလောက်ကြီးတဲ့ကောင်ကိုသတ်ဖို့ အများကြီးအားမစိုက်ခဲ့ရဘူး။”

စကားပြောနေသူသည် စိတ်လှုပ်ရှားစွာ ကခုန်နေ၏။ တောင်ပေါ်မတက်ခင်က သူက သူ့ကို သခင်ယွိလို့ခေါ်ပေမယ့် တောင်ပေါ်ကဆင်းလာသည်နှင့် အစ်ကိုယွိလို့သာ​ခေါ်ခဲ့သည်။

  

“အစ်ကိုလီဖုန်းလည်းမဆိုးဘူး။ စာအုပ်ထဲမှာပြောထားတဲ့အတိုင်းပဲ မီတာတစ်ရာအဝေးက ပစ်မှတ်ကို ပစ်နိုင်တဲ့သူ တစ်ယောက်ရှိတယ်တဲ့။ အစ်ကိုလီဖုန်းက အဲ့ဒီအတိုင်းပဲ။ ကြည့် ဒီသမင်က အစ်ကိုလီဖုန်း မြှားတစ်ချောင်းနဲ့ သေအောင်ပစ်ခဲ့တာ။ ဟေး.. ဒီနေ့ငါအမြင်ကျယ်သွားပြီ။” ပြောနေသူက တောက်ပသောမျက်လုံးအစုံရှိနေသည်။

 

ရွာသားများက တောင်တက်ခဲ့သော လူများကို ဝန်းရံထားပေမယ့် လီဖုန်းကမော့ကြည့်လိုက်တာနဲ့ ထန်ချွန်းမင်ကို မြင်သွားခဲ့သည်။ သူက လူအုပ်ကြီးကို ကမန်းကတန်းတွန်းကာ လျှောက်သွားပြီး ဆယ်လှမ်းအကွာမှာရပ်လိုက်သည်။. “မင်ကောအာ.. မင်းဘာလို့ဒီရောက်နေတာလဲ? ဒီမှာသွေးတွေရှိနေတယ်။ ငါ့ကိုယ်ပေါ်မှာရောပဲ။ ငါနောက်မှ တောရိုင်းတိရစ္ဆာန်အချို့ ယူလာပေးမယ်။”

  

“ရပါတယ်… ကျွန်တော်အဆင်ပြေပါတယ်.. ကျွန်တော်က သူရဲကောင်းတွေကိုကြည့်ဖို့ လာခဲ့တာ။ ခင်ဗျား ကိုယ့်အလုပ်ကိုယ်သွားလုပ်ပါ။ ကျွန်တော်တစ်ချက်ပဲကြည့်မယ်… အဆင်ပြေတယ်။” ထန်ချွန်းမင်က လမ်းလျှောက်ထွက်လာတာဖြစ်၍ စောစောပြန်ဖို့ တွန့်ဆုတ်နေသည်။ သူက ပုံမှန်အားဖြင့် အိမ်မှာနေသည်မှာ လူတွေကိုတွေ့ရမှာ ရှက်လို့ဖြစ်၏။

သူက ဗိုက်ကြီးနေသည့် အမျိုးသားတစ်ယောက်ဖြစ်ပြီး တခြားသူများ၏အ​​မြင်တွင် သာမန်ဖြစ်သော်လည်း သူ့အနေနဲ့ ထူးဆန်းတယ်လို့ခံစားရတာ​ကြောင့် သူကအပြင်မထွက်ခဲ့ပေ။ ယခု သူက အချိန်နှင့်တပြေးညီ ညှိယူပြီးပြီမို့ အပြင်ထွက်ဖို့ အခွင့်အရေးယူခဲ့သည်။

 

“စိတ်မပူပါနဲ့။ လီဖုန်း… ဝမ်မော့နဲ့ ငါက သူ့ကိုစောင့်ကြည့်နေပါတယ်။ တစ်ခုခုဖြစ်သွားရင် ငါတို့ချက်ချင်းပြန်ပို့ပေးပါ့မယ်” ကျန်းရှို့က ကမန်းကတန်း​ပြောလိုက်သည်။

 

လီဖုန်းက သဘောတူရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေမယ့် မင်ကောအာကို အနီးကပ်စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူသည် တ​ခြားသူများနှင့် မနီးကပ်ရဲပေ။ ယင်းမှာ သူ၏သွေးများက သူများကို စွန်းထင်းသွားမှာစိုး၍ဖြစ်၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment