no

Font
Theme

Chapter 44.1

“ရက်စက်ကြမ်းကြုတ်တဲ့လူ”

သတိပေးချက်: ဤအပိုင်းတွင် ကလေးသူငယ်ညှဥ်းပန်းနှိပ်စက်ခြင်းအား သရုပ်ဖော်ထားသည်။

“ဖေဖေ…. စကားမပြောပါနဲ့တော့…..” ဘယ်သူမှ ဘာမှမပြောနိုင်ခင်မှာ ဟွမ်စစ်ကုံးက အော်ဟစ်လိုက်ပါတော့သည်။ ဒါသူ့ကို သေတွင်းထဲတွန်းပို့နေတာမဟုတ်ဘူးလား?

  

“ဟင်း… မင်းအစောထဲက စိတ်ပိုင်းဖြတ်ပြီးရင် မင်းရဲ့သား လမ်းလွဲသွားမှာမဟုတ်ဘူး!” သူ့သားကို အလွန်စိတ်ပျက်နေသော မျိုးနွယ်စုအကြီးအကဲမှပြောလိုက်သည်။ ယခု ဇာတ်လမ်းထွင်ဖို့ နောက်ကျသွားလေပြီ။

  

“ဦးလေးဟွမ်ကြားချင်တယ်ဆိုရင်တော့ ဟွမ်စစ်ကုံး ညသန်းခေါင်မှာ ဘာလုပ်ခဲ့လဲနားထောင်ကြတာပေါ့!”

ရွာလူကြီးက ထိုဇနီးမောင်နှံ၏အပြုအမူကို မခံမရပ်နိုင်ဖြစ်နေသည်။ ကံအားလျော်စွာ ဖုန်းရှောင်ကျစ်နဲ့ သူ့လူများက ညသန်းခေါင်မှာ လူကိုခေါ်လာခဲ့သည်။ ရွာလူကြီးက သူ့ကို တိုက်ရိုက်ဝန်ခံခိုင်းပြီး ဟွမ်စစ်ကုံးအား လက်မှတ်ထိုးစေသည်။ ဖုန်းရှောင်ကျစ်၏နည်းလမ်းများနှင့် ဟူလန်ကျုံး၏ပြစ်ဒဏ်က မရှိမဖြစ်လိုအပ်ခဲ့သည်။

 

ရွာလူကြီးက ဟွမ်စစ်ကုံး လက်မှတ်ထိုးထားသည့် စာရွက်စာတန်းကို ထုတ်ယူကာ သူ့ဘေးနားရှိ ပညာတတ်လူငယ်လေးတစ်ယောက်ကို ပေးခဲ့ပြီး နေရာမှာတင်ဖတ်ပြခိုင်းခဲ့သည်။

 

ဟွမ်စစ်ကုံးက ညသန်းခေါင်မှာ ပိုက်ဆံခိုးရန် အိမ်ထဲခိုးဝင်ခဲ့သည်ဟု ဝန်ခံထားသည်။ ထန်ချွန်းမင်က ကျင်းကျိစားသောက်ဆိုင်နှင့် လုပ်ငန်းကြီးလုပ်နေ၍ မကြာခဏ ငွေရရှိသည်ဟု သူ တခြားသူထံမှကြားခဲ့သည်။ ထန်ချွန်းမင်က အိမ်မှာနေသော ကောတစ်ယောက်ဖြစ်၍ ခုခံနိုင်စွမ်းမရှိပေ။ သူက ငွေကို နာခံမှုရှိရှိ လွှဲပေးရလိမ့်မည်။ သို့ပေမယ့် သူက ခြံနံရံကိုကျော်တက်ပြီးခါစ အိမ်ထဲမဝင်ရသေးခင်မှာ ခြံထဲရှိ တောရိုင်းတိရစ္ဆာန်၏ အကန်ခံခဲ့ရပြီး ခွေးတစ်ကောင်၏ တင်ပါးကိုက်ခံခဲ့ရသည်။

 

ဟွမ်ဖခင်၏မျက်နှာမှာ ပြာနှမ်းသွားပြီး ပြောစရာပျောက်ရှသွား၏။ သူက သူ့ဇနီးနှင့်မတူစွာ ခေါင်းပင်မထောင်နိုင်တော့ချေ။ သူပြောပြီးသည့်စကားကို မတည်လို့မရသလို တခြားသူ၏မျက်နှာကိုလည်း မကြည့်ဝံ့ပေ။

သူတို့ သူ့ကိုရယ်မောနေလောက်သည်။ သူက ထရပ်လိုက်ပြီး နောက်လှည့်လိုက်သည်။ သူက တံတိုင်းခြေရင်းမှာ ထောင်ထားသော ထမ်းတိုင်ကိုကိုင်ကာ ပြေးယူပြီး မာန်ဖီလိုက်သည်။ “ရွာလူကြီးဖြေရှင်းစရာမလိုပါဘူး။ ဒီကောင် နောက်နောင် အပြင်မှာ မဟုတ်တာတွေမလုပ်အောင် ကျုပ်သူ့ခြေထောက်ကို ရိုက်ချိုးလိုက်ပါမယ်!”

 

ဟွမ်မိသားစုရဲ့အားမူက သူ့သားလေးကို အရိုက်ခံခိုင်းပါ့မလား? သူ့ခင်ပွန်းက သူ့သားကို ထမ်းတိုင်နှင့် ပြေးရိုက်တော့မည့်ဆဲဆဲတွင် သူက ငိုတာရပ်ပြီး သူ့သားဆီကို အပြေးအလွှားသွားခဲ့သည်။

“ခင်ဗျားက ကျုပ်သားကိုရိုက်ရဲတယ်ပေါ့… ကြည့်… စစ်ကုံးက ခြေထောက်ကျိုးနေတာကို နောက်တစ်ဖက်ချိုးလိုက်ရင် သူအသက်ရှင်နိုင်ဦးမလား? သနားစရာကောင်းတဲ့ စစ်အာလေး…မင်းက အားမူရဲ့တစ်ဦးတည်းသောသားပါ။ မင်းအစ်ကိုသာ အသက်ရှင်ခဲ့ရင် မင်းနဲ့မင်းသားလေး ဒီလိုဖြစ်လာပါ့မလား… သခင်ကြီး…. ခင်ဗျား ကျုပ်သားကိုရိုက်လို့ကတော့ ကျုပ်ခင်ဗျားကိုသေအောင်သတ်မယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်က ကျုပ်သားလေးမရှိပဲ အသက်မရှင်နိုင်ဘူး!”

 

အရူးတစ်ယောက်လိုပင် သူက နောက်တစ်ကြိမ်ထလာပြီး ဟွမ်စစ်ကုံး၏ဖခင်ထံသို့ ပြေးသွားပြီး ထိုလူကို သူ့လက်ဖြင့် အရူးတစ်ယောက်လို ကုတ်ခြစ်လိုက်​လေသည်။ ဟွမ်စစ်ကုံး၏ဖခင်က ထမ်းတိုင်ကိုကိုင်ထား၍ သူ့ဇနီးကိုကိုင်တွယ်ရန် ထမ်းတိုင်ကို အသုံးမပြုနိုင်တာကြောင့် သူက မကြာခင်မှာ အရှုံးပေးခဲ့သည်။

ခဏအကြာတွင် သူ့မျက်နှာနှင့်လည်ပင်းက လက်သည်းကုတ်ခြစ်ရာများဖြင့် သွေးစွန်းနေလေသည်။ သူတို့နှစ်ယောက်က မြေပြင်ပေါ်မှာ လုံးထွေးနေပြီး ဖုန်မှုန့်တွေက လုံးထွေးသွားလေသည်။

 

သူတို့​မြေးလေးက ဘေးသို့လွင့်ထွက်သွားပြီး ကြောင်တစ်ကောင်လို ထိတ်လန့်တကြားငိုတော့သည်။

 

မျိုးနွယ်စုအကြီးအကဲများ၏ နဖူးများတွင် သွေးကြောများ တဆတ်ဆတ်တုန်လာပြီး သူတို့က တခြားသူ၏အိမ်တွင် တစ်ရွာလုံးရှေ့မှာ သူတို့ကိုယ်သူတို့ အရှက်ခွဲနေသည်။ ရွာလူကြီးက ဒေါသထွက်လွန်းလို့ တစ်ခုခုကိုကောက်ကိုင်ကာ ပစ်ပေါက်ပြီး အော်လိုက်လေသည်။ “မင်းတို့ရန်ဖြစ်ချင်ရင် ကိုယ့်အိမ်ကိုယ်ပြန်ကြ။”

“မင်းသူ့ကို သတ်ပစ်ရင်တောင် ငါတို့ကိစ္စမဟုတ်ဘူး။ ဟွမ်စစ်ကုံးကို အစိုးရရုံးကို တိုက်ရိုက်ပို့မယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်က သူ့ကို သွန်သင်မဆုံးမချင်သလို ကောင်းကောင်းလည်းမလုပ်နိုင်ဘူးလေ!”

 

ထိုဇနီးမောင်နှံကိုသိသူများက သူတို့သရုပ်ဆောင်နေတာကိုသိသည်။ ယင်းမှာ သူတို့သားလေးဟွမ်စစ်ကုံး​ကို ပြစ်ဒဏ်လျှော့ပေးလို့ရလိုရငြားဖြစ်၏။ ဟွမ်ဖခင်သာ သူ့သားကို တကယ်ရိုက်ချင်ရင် သူ့ဇနီးက တားလို့ရမှာတဲ့လား? သူက သူ့ဇနီးတားမှာကို သိသလျက်နဲ့လုပ်ခဲ့တာပင်။ သူတို့က တခြားသူများရှေ့မှာ လုပ်ခဲ့တာဖြစ်၍ ဘယ်သူမှ သူတို့ကို အပြစ်တင်တော့မှာမဟုတ်ပေ။ အဆုံးမှာ ဟွမ်ဇနီးမောင်နှံလိုချင်သောအရာမှာ ကိစ္စကိုမဖြေရှင်းပဲ လွှတ်ထားလိုက်ခြင်းဖြစ်၏။

 

ဤခြိမ်းခြောက်မှုအပြီးမှာ လင်မယားနှစ်​ယောက်က ရန်ဖြစ်တာကိုရပ်လိုက်ပြီး မြေပြင်ပေါ်မှာ ရှက်ရွံစွာထိုင်ချလိုက်သည်။

ဟွမ်မိသားစု၏ဇနီးက ဆွဲဆွဲငင်ငင်ငိုကြွေးလိုက်သည်။ “ခင်ဗျားလူတွေကို ဒီလိုအနိုင်ကျင့်လို့မရဘူး။ စစ်အာ…. မင်းအားမူကိုပြောပါ… သူတို့ကဒီလိုဝန်ခံဖို့ တွန်းအားပေးခဲ့တာလား? သူက တခြားသူတွေပိုက်ဆံရတာမြင်တော့ စိတ်ဖောက်ပြန်သွားတာပဲ။ ငါတို့အရမ်းဆင်းရဲလို့ ပိုက်ဆံမပေးနိုင်တာ ငါတို့ မိသားစုရဲ့အပြစ်ပါ။”

“ခင်ဗျားပြောတာအကျုံးမဝင်ဘူး။ ငါတို့က ငါတို့ရဲ့နောက်ဆုံးကျန်တဲ့သားလေးကိုတောင် မကာကွယ်နိုင်ခဲ့ဘူး။ ဒီကောက ရိုးသားမှုမရှိပဲ တစ်နေကုန် ယောကျာ်းတွေနဲ့ ပရော်ပရည်လုပ်နေတာ။ မဟုတ်ရင် ငါ့သားက သူ့အိမ်ထဲကို ခိုးဝင်ပါ့မလား? ဟမ်! သူက ကျောက်မိသားစု မောင်းထုတ်လိုက်တဲ့ အရှက်မရှိတဲ့ကောင်ပဲ။”

 

ဟွမ်စစ်ကုံးက ရံဖန်ရံကာ ညည်းတွာနေပြီး မြေပြင်ပေါ်မှာ မျက်နှာအုပ်ကာ လဲလျောင်းနေ၏။ သူက သူ့ကိုကာကွယ်ပေးရန် သူ့အားမူအား တိတ်တဆိတ်အချက်ပြနေ၏။

 

သူ့သား၏အပြုအမူမှာ မလျော်ကန်သလို သူ့လက်နှင့်ခြေကလည်း မသန့်ရှင်းဘူးလို့ ဟွမ်အားမူက မပြောခဲ့ပဲ သူက ထန်ချွန်းမင်ကိုသာ ညစ်ပတ်သည့်ရေများ လောင်းချခဲ့သည်။ ဤစကားသာမှန်ပါက ထန်ချွန်းမင်က ရွာသားများ၏ တံတွေးခွက်ထဲ နစ်မြုပ်သွားပေမည်။

ခြံဝင်းအတွင်းရှိလူများသည် အရူးတစ်ယောက်လို ဝုန်းဒိုင်းကြဲနေသော ဟွမ်အားမူကိုကြည့်နေသည်။ ဘယ်သူကမှ ဤကဲ့သို့အမှားအမှန်ကို ရှုပ်ထွေးနေမည်မဟုတ်ချေ။

  

ကျယ်လောင်သောပေါက်ကွဲသံက ဟွမ်အားမူ၏ လည်ချောင်းထဲက ငိုသံကို ဆို့နင်သွားစေပြီး အမျိုးသား၏တင်ပါးအောက်ရှိ ခွေးခြေခုံမှာ တစ်စစီကွဲသွားလေသည်။ လူအများက ကြောက်လန့်တ​ကြား နောက်ဆုတ်လိုက်တော့ လီဖုန်းထွက်ပေါ်လာခဲ့သည်။

မြေပြင်ပေါ်က အပိုင်းအစတွေကိုကြည့်လိုက်တော့ ရွာလူကြီးက သူ့ရင်ဘတ်ကိုပုတ်ချင်နေ၏။ သူ ၎င်းကို သေချာမမြင်လိုက်ရသလို ဖုန်းရှောင်ကျစ်က ထိုခွေးခြေခုံကို ဘယ်လိုခွဲလိုက်သလဲ သူမသိပေ။

သို့သော် သူက ဟွမ်ဖခင်ကို သနားစိတ်မရှိပါပေ။ သူနဲ့တန်သည်! သူ မင်ကောအာကို ဘယ်လောက်တောင်မုန်းနေလို့ ဒီလိုမဟုတ်မမှန်စွပ်စွဲရတာလဲ? သူသည်ကား ဖုန်းရှောင်ကျစ်နှင့် မင်​​ကောအာ၏ဆက်ဆံရေးကို အမြဲဆန့်ကျင်ခဲ့ပြီး မသက်မသာခံစားခဲ့ရသော်ငြား မင်ကောအာမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကလေးသာမရှိလျှင် သူဟာ အကောင်းဆုံးအိမ်ထောင်ဖက်ဖြစ်လာမှာကို သူသိသည်။.

ထို့အပြင် သူနဲ့ဖုန်းရှောင်ကျစ်ကြားမှာ ဘာတွေဖြစ်နေသည်ကို သူအတိအကျသိသည်။ ဖုန်းရှောင်ကျစ်က မင်ကောအာကို သဘောကျနေခဲ့တာသိသာသည်။ မင်ကောအာကတော့ ကျောက်မိသားစုမှ ခွဲထွက်ပြီးကတည်းက အိမ်ကထွက်တာရှားလေ၏။

 

ရက်စက်ကြမ်းကြုတ်သောလီဖုန်းက တစ်လှမ်းချင်းနီးကပ်လာသည်။ ဟွမ်စစ်ကုံးက တစ်ခုခုမှားယွင်းနေတာကိုသိသွားပြိး အပြင်ကို မသိမသာလှမ်းကြည့်လိုက်သည်။ သူက သေးပေါက်ချမိမတတ် ကြောက်နေမိသည်။ သူ့အားမူကလည်း ​ကြောက်လွန်းလို့ ခေါင်းထဲက မျက်လုံးကျွတ်ထွက်လာတော့မလို ဖြစ်နေ၏။ သူက ပုန်းအောင်းချင်သော်လည်း နောက်ဆုတ်ရန်နေရာမရှိပေ။ သူက တုန်တုန်ယင်ယင်ဖြင့် စကားပြောလိုက်သည်။ “မင်း…. မင်းဘာလုပ်ချင်တာလဲ…. ရွာလူကြီးနဲ့ အကြီးအကဲတွေ ဒီမှာရှိတယ်နော်။”

 

လီဖုန်း၏ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကြောင့် ရွာလူကြီးနှင့် အကြီးအကဲများပင် ထိတ်လန့်သွားကြသည်။ ရွာရှိတခြားလူများသည် သူတို့ လီဖုန်းနှင့် သွားရှုပ်လို့မရဘူးလို့တွေးကာ နောက်ဆုတ်လိုက်ကြသည်။ သူ့ဦးလေးပြောတာမှန်သည်။ ဤရက်စက်တတ်သည့်သူကို မင်ကောအာအား စောင့်ရှောက်ခွင့်ပြုလိုက်တာကောင်းသည်။

  

“ရွာလူကြီး… မျိုးနွယ်စုအကြီးအကဲ… ကျုပ်တို့ဖျင်ရှန်ရွာကို သနားညှာတာမှုပြချင်လို့ ကိစ္စကို ရွာတွင်းမှာ ကိုင်တွယ်ခွင့်ပြုခဲ့ပေမယ့် တစ်ယောက်ယောက်က ကျွန်တော့်ကို ကြမ်းတမ်းအောင် တွန်းအားပေးခဲ့တယ်။”

“ဒါဆိုကောင်းပြီ… ဒါဆို သူ့ကို အစိုးရရုံးပို့ပြီး ညလယ်ခေါင်မှာ အိမ်ဖောက်ထွင်းမှုအတွက် ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်သင့်သလဲ အစိုးရကိုမေးလိုက်မယ်။ ပြီးတော့ ဟွမ်မိသားစုအစား ကျုပ်က ဒီခြေထောက်ကို ဂရုစိုက်ပေးမယ်။”

 

သူပြောပြီးသည်နှင့် ဟွမ်စစ်ကုံး၏ အကောင်းပကတိခြေထောက်အား ခြေတစ်ဖက်ဖြင့် နင်းလိုက်သည်။ အချိန်မီ မရှောင်လိုက်နိုင်သော ဟွမ်စစ်ကုံးက လူးလိမ့်ကာ ငိုကြွေးပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားလေသည်။ ဒီီလူသတ်သမားက သူ့​ခြေထောက်ကိုချိုးခဲ့တယ်!

 

ဟွမ်ဖခင်ရှေ့တိုးပြီး တစ်ခုခုပြောချင်နေတာကိုမြင်တော့ လီဖုန်းက သူ့ကိုအေးစက်စွာ စိုက်ကြည့်လိုက်ပြီး တားလိုက်သည်။ “ခင်ဗျားမလုပ်နိုင်လို့ ကျုပ်လုပ်လိုက်တာ! အစ်ိုးရရုံးမှာ တရားသွားစွဲလိုက်!”

ဟွမ်ဖခင်က စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။

ဟွမ်အားမူက အလားတူလှည့်ကွက်ကို သုံးချင်သော်လည်း သူက အလွန်ထိတ်လန့်ကာ တုန်လှုပ်နေ၏။

 

ရွာလူကြီးအိမ်အပြင်ဘက်မြင်ကွင်းက လူတွေနဲ့စည်ကားနေသည်။ တချို့လူတွေက ပွဲကြည့်ပြီး လောင်စာထပ်ထည့်နိုင်ရန် ​ဟွမ်ဇနီးမောင်နှံ ဇာတ်လမ်းထွင်မှာကို စောင့်မျှော်နေခဲ့သည်။

ထန်ချွန်းမင် ဤရွာမှာ ဆက်မနေလျှင် အကောင်းဆုံးဖြစ်၏။ သို့သော် သူတို့က ဤမြင်ကွင်းကိုမြင်ခဲ့ရပြီး လီဖုန်းက ခြံပြင်ကို အေးစက်စက်ကြည့်နေသည်ကို တွေ့လျှင် တချို့လူတွေက သူတို့အတွေးများပေါ်သွားပြီဟုတွေးကာ မလုံမလဲဖြစ်သွားလေ၏။ သူတို့က ဆက်မနေရဲတော့ပဲ အရှ​က်ကွဲကာ ထွက်ပြေးသွားကြ၏။

 

ထန်ချွန်းရုံထွ​က်လာပြီး ရွာလူကြီးနှင့် အကြီးအကဲများကို ဦးညွတ်ကာပြောလိုက်သည်။ “ကျွန်တော့်သဘောထားက အစ်ကိုလီဖုန်းနဲ့တူတူပါပဲ။ ကျွန်တော် ဖျင်ရှန်ရွာက လူတွေကို အရှက်မရစေချင်ဘူး။ အဲ့ဒါ​က ကျွန်တော်တို့ကျန်းရှန့်ရွာနဲ့ တစ်ရွာပဲဝေးလို့ ကျွန်တော်က တိတ်တဆိတ်ဖြေရှင်းချင်ခဲ့ပေမယ့် ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး။”

သူက ဟွမ်မိသားစုကို လက်ညိုးထိုးက မကျိန်ဆဲနိုင်၍ နောက်ဆုံးတွင် မျက်နှာနီရဲသွားလေ၏။ “မင်းက မင်းအမှားကို ပြန်မသုံးသပ်ရုံတင်မကပဲ သူများကိုစွပ်စွဲခဲ့သေးတယ်။ မင်းက ငါ့အစ်ကိုကို သေအောင်ဖိအားပေးချင်မှတော့ အစိုးရနဲ့ ရင်ဆိုင်လိုက်တာပဲကောင်းတယ်။”

“ဒါက ညသန်းခေါင်မှာ ပြစ်မှုကျူးလွန်တဲ့ သူခိုးတွေရဲ့ အပြစ်လား ဒါမှမဟုတ် ငွေနည်းနည်းပဲရှာနိုင်တဲ့ လူတွေကို ပြစ်မှုကျူးလွန်မိအောင် တွန်းအားပေးနေတဲ့ တခြားမိသားစုတွေရဲ့အပြစ်လား? ရွာသူဌေးတွေနဲ့ မြို့သူဌေးတွေက သူတို့အတွက် စဥ်းစားပေးပြီးမှ ဥစ္စာရှာရမှာလား?

 

ထန်ချွန်းရုံက အလွန်ဒေါသထွက်နေသည်။ သူ့အစ်ကိုသာ အရင်ကလို စိတ်ပျော့ညံ့လျှင် ဤစကားလုံးများက သူ့အစ်ကိုကို ​သေအောင်တွန်းအားပေးလိမ့်မည်။ ထန်မိသားစု၏အမျိုးသားတစ်ယောက်နှင့် သူ့အစ်ကို၏ တိတိအဖြစ် သူက ငယ်နေသည့်တိုင် သူ့အစ်ကိုအတွက် တရားမျှတမှုရှာပေးရမည်။.

 

ခြံတွင်းနှင့်အပြင်ရှိ လူတွေက ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဤလူငယ်၏စကားက ကျိုးကြောင်းသင့်တယ်လို့ တွေးနေ၏။ တစ်ရွာတည်း၌ တချို့မိသားစုများက အတော်လေးချမ်းသာသည်။

.

ဟွမ်စစ်ကုံးက ပစ္စည်းခိုးဖို့ အိမ်သို့ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်း မဟုတ်ပါပဲ ၎င်းသည် သေးငယ်သောခိုးမှုသာဖြစ်၏။ သူဖမ်းမိခဲ့လျှင်ပင် ဟွမ်အားမူက ငိုယိုပြပြီး​ ဤကိစ္စကို လိုက်နာဖို့ဆန္ဒမရှိခဲ့ပေ။

 

___________

Chapter 44.2

ထိုသို့ဖြင့် သူတို့က လွှတ်ပေးလိုက်ပြီး နစ်နာသူမိသားစုကို ကံဆိုးသည်ဟုပြောကာ အနာဂတ်မှာ ပိုသတိထားခိုင်းလိမ့်မည်။ ဟွမ်မိသားစုက သနားစရာကောင်းတာကြောင့် သူတို့အများကြီးမခိုးခဲ့လျှင် ခွင့်လွှတ်ပေးသင့်သည်ဟု တချို့မိသားစုများကလည်း ​ပြောလာခဲ့သည်။

ဘာပဲပြောပြော မင်းက ကောင်းမှုကုသိုလ်စုပြုံလုပ်လျှင် မင်းမိသားစုက ကောင်းတယ်လို့ သတ်မှတ်ခံရလိမ့်မည်။ ဟွမ်စစ်ကုံး၏ နှောင့်ယှက်ခံခဲ့ရသော လူတွေက ဒေါသထွက်သွားခဲ့သည်။

 

သူတို့ဘဝလေးကောင်းစားနေတာ သူတို့အပြစ်လား? ယင်းက တကယ်ကို ဒေါသထွက်စရာပင်။ ဟွမ်မိသားစု၏ဇနီးက သူ၏သနားစရာကောင်းသော နောက်ခံကိုအသုံးချကာ တစ်နေကုန်ငိုနေလေ၏။ သူ အရှုံးမပေးနိုင်၍ သူ့ဒေါသကို ထိန်းထားရမည်။

 

ယခု တစ်စုံတစ်ယောက်က ဤစကားများကို​ပြောလာ၍ သူတို့က “မှန်တယ်”လို့ဆိုကာ ချီးကျူးထောက်ခံဖို့ မစောင့်နိုင်ခဲ့ကြပေ။ တကယ်တော့ ဤကလေးက ပညာတတ်ပြီး သူပြောတာတွေက သူတို့ကို စိတ်သက်သာရာရစေသည်။ သူတို့ဘာလို့ အရင်က မတွေးမိခဲ့ရတာလဲ? အမှန်မှာ ပညာတတ်များက ပို၍နားလည်မှုရှိကြသည်။

 

ရွာလူကြီးနှင့် အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးသီးသောအပြုံး​ကို တပ်ဆင်လိုက်ကြသည်။ ဤစကားများက သူတို့ရင်ထဲထိသွားပြီး သူတို့က ဟွမ်မိသားစုကို ကိုင်တွယ်ဖြေရှင်းရမည်။ မဟုတ်ရင် ဘယ်သူက သူတို့ရွာမှာ ကောင်းကောင်းနေရဲတော့မှာလဲ? ရွာထဲက လူတွေနှင့်အတူတူ ကြွယ်ဝချမ်းသာလာအောင် ကူညီပေးချင်တဲ့သူ ရှိလာပါတော့မလား? သူတို့မဖြေရှင်းနိုင်လျှင် တခြားသူတွေ စိတ်ပျက်သွားလိမ့်မည်။

  

“အမှန်တိုင်းပြောပါရစေ။” ရွာအရေးမှာ ဝင်မပါဖူးသော ဦးလေးကျောက်လျိုက ဤတစ်ကြိမ်မှာ ဝင်ပြောခဲ့သည်။ “မင်ကောအာက ဘယ်လိုလူမျိုးလဲ? မနာလိုတဲ့လူကလွဲရင် သူ့အမှားကို ဘယ်သူထောက်ပြနိုင်လဲ? မင်ကောအာက ဘယ်သူ့ကိုမှ မနှောင့်ယှက်ပဲ ဥစ္စာရှာခဲ့တာ။ ကျုပ် မင်ကောအာဆီက ဟင်းသီးဟင်းရွက် ပျိုးပင်တချို့ဝယ်ပြီး မြို့ပေါ်မှာနေ့တိုင်းရောင်းတယ်။”

“ကျုပ်ပိုက်ဆံရှာလာနိုင်တာ သူ့ကြောင့်ပဲ။ မင်းကိုယ်မင်းမေးကြည့်ပါ။ ဘယ်သူက သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအကြောင်း ပြောချင်မှာလဲ? မင်ကောအာ ဒီလိုလုပ်တာ မလုံလောက်လို့လား? ဒီလူက အမှားနဲ့အမှန်ကို မခွဲခြားတတ်တာနဲ့ပဲ ကျုပ်တို့က ထန်ချွန်းမင်ကို ရွာပြင်ထုတ်ပြီး လူတွေရဲ့ ငွေကြေးအရင်းအမြစ်ကို ဖြ​တ်တောက်ပစ်ရမှာလား?”

  

“ဦးလေးကျောက်… ခင်ဗျား တကယ်ငွေရှာနိုင်ခဲ့တာလား? နော​က်ကျရင် ကျုပ်တို့ရော မင်ကောအာဆီက ဟင်းသီးဟင်းရွက်ပျိုးပင်တွေ ဝယ်လို့ရလား?” ခြံပြင်က လူတစ်ယောက်က ချက်ချင်းဆိုသလိုပင် ​မေးလာခဲ့သည်။

 

လီဖုန်းနှင့် ထန်ချွန်းရုံက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ ဒေါသကို ဖိနှိပ်ထားသော လီဖုန်းက ဦးလေးကျောက်လျိုကိုယ်စား​ ပြောပေးခဲ့သည်။ “မင်ကောအာက သူ့ဆီက ပျိုးပင်တွေကို မရောင်းပေးဘူးလို့ မပြောဖူးဘူး။ အလကားလိုချင်တဲ့လူတွေကတော့ ကျုပ်တို့အိမ်ကို လာလို့မရဘူး။”

  

“ငါ ပိုက်ဆံရှာနိုင်တာကို ရွာထဲက လူအကုန်သိကြတယ်မလား? ငါမြို့ပေါ်မှာ ဟင်းသီးဟင်းရွက်ရောင်းနေတာကို သူတို့မြင်ကြတယ်လေ။” ဦးလေးကျောက်လျိုလည်း ပြောလိုက်သည်။

 

ဆွေးနွေးသံများက ပို၍ပင် ကျယ်လောင်လာသည်။ ဦးလေးကျောက်လျို မြို့ပေါ်မှာ ဟင်းသီးဟင်းရွက်ရောင်းတာကို အမှန်တကယ်ပင် မြင်ဖူးသူရှိသည်။ ထို့အပြင် သူနဲ့အတူ ဟင်းသီးဟင်းရွက်စျေးကို သွားခဲ့သူများကလည်း မြင်ခဲ့သည်။

ဦးလေးကျောက်လျို၏ ဟင်းသီးဟင်းရွက်များက သူတို့ထက် စျေးကြီးရုံတင်မကပဲ အမြန်လည်း ရောင်းထွက်ခဲ့သေးသည်။ လူတွေက စျေးမှာစောင့်နေကြပြီး မျက်စိတစ်မှိတ်အတွင်း ဝယ်ယူအားပေးကြလေသည်။

လတ်တလောတွင် သူ၏မြေးအကြီးဆုံးက ဝတ်စားဆင်ယင်မှု ပိုသားနားလာပြီး သူ့မျက်နှာပေါ်တွင် အမြဲလိုလိုအပြုံးရှိနေတာကို လူတစ်ချို့မြင်ခဲ့ရသည်။ သူငွေမရှာနိုင်ဘူးလို့ပြောလျှင် ဘယ်သူမှယုံမှာမဟုတ်ပေ။

 

တချို့လူတွေက ရွာထဲက အတင်းအဖျင်းများကို နားမထောင်ခဲ့သင့်ဘူးလို့ နောင်တရနေသည်။ မင်ကောအာက ပိုက်ဆံကိုပဲစိတ်ဝင်စားတာကြောင့် တန်ဖိုးမရှိသော ပျိုးပင်များကိုသုံးပြီး ရွာသားများထံမှ ငွေရှာချင်နေတာလို့ သူတို့က ပြောခဲ့ကြသည်။

ထိုအချိန်တွင် မိသားစုတစ်ခုမှ အပိုဆောင်းစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်ပျိုးပင်များကို အလကားပေးသင့်သည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။ ဘယ်သူကမှ ၎င်းတို့ကိုရောင်းဖို့ ဂရုမစိုက်ကြချေ။ တွန့်တိုသောမိသားစုများကပင် သူတို့နောက်ကွယ်မှာ စကားလုံးအနည်းငယ်ပြောခဲ့သည်။ သို့ဖြစ်၍ အားလုံးက တိတ်နေပြီး သူတို့ကို ရယ်စရာလို့ မှတ်ယူခဲ့ကြသည်။

မထင်မှတ်ထားသည်မှာ မင်ကောအာနှင့် ရင်းနှီးသောမိသားစုများက ငွေရှာန်ိုင်ခဲ့ပြီး သူတို့ကို မနာလိုဖြစ်စေခဲ့သည်။ သူတို့က လူမှားယုံမိတာကို နောင်တရနေသည်။

 

မင်ကောအာက သူတို့ဘယ်လောက်ရှာနိုင်လဲ ဂရုမစိုက်ပဲ သူတို့အား ပျိုးပင်ထပ်ဝယ်ခွင့်ပေးခဲ့သည်။ သူ့လယ်က ကောက်ပဲသီးနှံများက တခြားသူများထက် ပိုကောင်းလာတာကိုတွေ့လျှင် သူတို့က မင်ကောအာဆီမှ အစေ့နည်းနည်းရချင်ခဲ့သည်။

သို့သော် ဤကိစ္စတွင် သူတို့က မင်​ကောအာအတွက် တရားမျှတမှုကိုရှာပေးပြီး ဆုံးရှုံးမှုတစ်စုံတစ်ရာကို ခံစားခွင့်မပေးနိုင်ချေ။ အကြောင်းမှာ သူတို့အားလုံးအတူတူ ငွေရှာချင်သေးသည်။

 

ရလဒ်အနေဖြင့် လူတိုင်းက ဟွမ်မိသားစုကို ရန်လိုစွာကြည့်လိုက်သည်။ ဟွမ်စစ်ကုံးလို လူယုတ်မာတစ်ယောက်ရှိနေရင် ဘယ်သူက အနာဂတ်မှာ ချမ်းသာလာတော့မလဲ?

  

“ဦးလေးလျိုပြောတာမှန်တယ်။ ဟွမ်စစ်ကုံးက ဒီနှစ်တွေမှာ ကောင်းတာဘာမှမလုပ်ထားဘူး။ သူမှားလား မှန်လား အဘိုးကြီးဟွမ်လည်းသိတယ်!”

  

“ထန်မိသားစုက လူငယ်လေးပြောတာ ပိုဆီလျော်တယ်။ ဒီလိုမိသားစုရှိရင် ရွာမှာ ဘယ်သူမှ အေးအေးချမ်းချမ်း နေရမှာမဟုတ်ဘူး။ သူတို့ကို မောင်းထုတ်သင့်တာကြာပြီ”

  

“ဟုတ်တယ်…ဟွမ်မိသားစုက အကျင့်ပျက်ခဲ့တာကြာပြီ။ သူတို့လက်စားချေခံရမှာမကြောက်ဖူးလား? အရင်တုန်းက အရမ်းကောင်းတဲ့ကောလေးတစ်ယောက်က ဟွမ်မိသားစုမှာ လက်ထပ်ခဲ့ပေမယ့် အဆုံးမှာ သူ နှိပ်စက်ခံရပြီး သေသွားခဲ့တယ်။”

  

“ရွာလူကြီး… မျိုးနွယ်စုအကြီးအကဲ… ခင်​ဗျားတို့ သူတို့ကို ဒီလိုလွှတ်ပေးနေလို့မရဘူး။ ကျုပ်တို့ဖျင်ရှန်ရွာက ရွာရဲ့နာမည်ကိုဖျက်စီးမယ့်သူ အလိုမရှိဘူး။ ​နောက်နောင် ဘယ်သူက ကျုပ်တို့ဖျင်ရှန်ရွာမှာ လက်ထပ်ရဲတော့မှာလဲ?”

 

ဟွမ်မိသားစုအား ရှုတ်ချသောအသံများက ပိုမိုကျယ်လောင်လာသည်။ တချို့လူတွေက သူတို့ကို တံတွေးနဲ့ပင် ထွေးခဲ့ကြသည်။ ဦးလေးကျောက်က တင်းတိမ်ရောင့်ရဲသောအပြုံးဖြင့် နောက်ဆုတ်သွားခဲ့သည်။ သူက လူတိုင်း၏စိတ်ခံစားချက်ကို တမင်တကာနှုတ်ဆက်ထားသည်။

တစ်​ယောက်ယောက်က သူ့မိသားစု၏ ဟင်းသီးဟင်းရွက်အရောင်းကိစ္စကိုပင် မေးလာခဲ့သည်။ နောင်မှာ ဟင်းသီးဟင်းရွက်လာဝယ်လျှင် မင်ကောအာက ရောင်းပါဦးမလားလို့ တစ်ယောက်ယောက်က မေးလာ၍ မင်ကောအာက ငွေပေးသူတိုင်းကို ရောင်းမယ်လို့ သူပြောလိုက်သည်။ ဒါ​ကြောင့်ပဲ သူ ယခုလို ဝင်ပြောခဲ့​တာဖြစ်၏။

 

လူကောင်းတွေကို ဆုချပြီး လူဆိုးတွေကို အပြစ်ပေးသင့်သည်။ ကျောက်မိသားစုမှ ထိုလူများအကြောင်းကို တွေးတောရင်း ဦးလေးကျောက်၏မျက်လုံးက မှေးမှိန်သွားပြန်သည်။

 

ဟွမ်ဇနီးမောင်နှံက အံ့အားသင့်သွားသည်။ သူတို့က တစ်ရွာလုံး၏ ရှုတ်ချခံရသော ပစ်မှတ်ဖြစ်လာမယ်လို့ မထင်ခဲ့ပေ။ ထို့အပြင် ဤလူများ၏ပြောစကားအရ သူတို့ ဖျင်ရှန်ရွာမှ မောင်းထုတ်ခံရမည့်ပုံပင်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? ဖျင်ရှန်ရွာက ထွက်သွားရင် သူတို့ဘယ်လိုနေကြမလဲ? ထိုအချိန်တွင် ဟွမ်ဇနီးမောင်နှံက သူတို့၏​မြေးငယ်လေးကို သတိရသွားပြီး ထောင့်တစ်နေရာမှာ ငိုနေသော ထိုကလေးကို အမြန်ဖက်လိုက်သည်။ “မင်းတို့က ငါတို့မိသားစုကို သေအောင်ဖိအားပေးကြမှာလား? ငါတို့ရဲ့သနားစရာမြေးလေးက သူ့အားမူကိုဆုံးရှုံးခဲ့ရတာ မကြာသေးဘူး။ တခြားသူတွေကလည်း သဘောမကျကြဘူး။ ငါ့ရဲ့သနားစရာကောင်းတဲ့မြေးလေး သေသွားတာကို မြင်ချင်ကြတာလား?”

  

“မင်းက မြေးရှိတာကို မှတ်မိသေးတာပေါ့။ မင်းတို့ရဲ့မြေလေးကို အရင်ကဘယ်လိုဆက်ဆံလဲ လူတိုင်းသိကြတယ်။ မင်းမှာ ဒီလိုရည်ရွယ်ချက်ရှိတယ်ဆိုရင် မင်းရဲ့ကလေးကို ဒီလိုပိန်အောင်ထားပါ့မလား? မင်းက ကလေးကိုနှိပ်စက်ပြီး သူများတွေကို အပြစ်တင်နေတယ်။” ဘယ်သူကမှ ဟွမ်မိသားစုအတွက် ကောင်းတာမပြောပေးတော့ပဲ လူတစ်ယောက်က ပက်ခနဲပြန်ပြောခဲ့သည်။

 

မှန်သည်။ ဟွမ်စစ်ကုံး၏ဇနီး မီးဖွားပြီး သေဆုံးသွားတော့ သူ့ကို ဟွမ်အားမူက ကံဆိုးတယ်လို့ သတ်မှတ်ပြီး ဤကလေးကိုပင် သဘောမကျခဲ့ပေ။ ထို့အပြင် ဤမြေးငယ်သည် ယောကျာ်းလေးမဟုတ်ပဲ ကောလေးတစ်ယောက်ဖြစ်တာ​ကြောင့် ဟွမ်ဇနီးမောင်နှံက ပိုလို့တောင် မကျေနပ်ဖြစ်ခဲ့သည်။

ထိုသို့သောမိသားစုတွင် ရှင်သန်နိုင်ခဲ့တာ ဘုရားသခင်၏ကောင်းချီးဖြစ်သည်။ သူ့သားကိုစိတ်ပူနေချိန်မှာ သူ့မြေးလေးကို ဘယ်လိုဆက်ဆံခဲ့လဲ သူတို့မမြင်လိုက်ရလို့လား? ဒါမှမဟုတ် ကလေးတတ်နင်းမိမှာကို မကြောက်ကြတာလား?

 

“မင်းတို့…. “ ဟွမ်အားမူက မူးမေ့လုမတတ်ပင်။ သူက ကလေးကို ကမန်းကတန်းဒူးထောက်ခိုင်းကာ ခေါင်းကိိုဖိပြီး ​ပြောလိုက်လေသည်။ “မြန်မြန် ဒူးထောက်ပြီး မင်းအဖေကိုလွှတ်ပေးဖို့ ဦးလေးနဲ့ အဘိုးတို့ကို တောင်းပန်လိုက်။ မင်းအဖေက အမှားကိုသိပြီမို့ ထပ်လုပ်ရဲမှာမဟုတ်ဘူး။”

 

ကလေးလေးက ကြောက်လွန်းလို့ အော်ငိုပြီး လူတစ်ချို့က သူ့ကိုမကြည့်ရက်နိုင်လို့ ခေါင်းလှည့်လိုက်ကြသည်။ သို့သော် သူတို့က ဟွမ်မိသားစုကို အလွတ်ပေးမှာမဟုတ်တာကြောင့် သူတို့က ရွာလူကြီးနှင့် အကြီးအကဲများကို ကြည့်လိုက်ကြသည်။

  

“ဘာလို့ငိုနေတာလဲ… ကံဆိုးကောင်ရဲ့… ဒါတွေအားလုံးက မင်းအပြစ်ပဲ ကျက်သရေမရှိတဲ့ကောင်.. မင်းက မွေးလာတည်းက မင်းအဖေကို ကံဆိုးမှုတွေ သယ်ဆောင်လာပေးခဲ့တာ။” ဆူပူကြိမ်းမောင်းရင်းဖြင့် သူက ကလေး၏ပါးစပ်ကို ဆွဲဆိတ်လိုက်ပြီး ကလေးက အလွန်ကြောက်လန့်ကာ ရှိုက်ရင်းဖြင့် ကြို့ထိုးသွား​လေသည်။

  

“တော်လောက်ပြီ!” ရွာလူကြီးက ဒေါသထွက်သွားသည်။ “မင်းဘာလို့ ကလေးကိုရိုက်နေတာလဲ? မင်းမှာအစွမ်းအစရှိရင် မင်းရဲ့သားကို ကောင်းကောင်းဆုံးမလို့မရဘူးလား? အရင်တစ်ခေါက် မင်းရဲ့သား မကောင်းတာလုပ်ရင် သူ့ကိုဒီရွာက နှင်ထုတ်မယ်လို့ မင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား? အခုချက်ချင်း မင်းရဲ့သားကိုခေါ်ပြီး မင်းတို့ဟွမ်မိသားစု ရွာထဲက ထွက်သွားတော့။ ဖျင်ရှန်ရွာက မင်းတို့လိုလူတွေကို မကြိုဆိုဘူး!”

  

“ဘာ?!” ဟွမ်အားမူက အော်လိုက်သည်။

 

ဟွမ်ဖခင်က ထိတ်လန့်သွားပြီး ဘာတုံ့ပြန်မှုမှမရှိတော့ပဲ မြေပြင်ပေါ်မှာ ထိုင်ချလိုက်သည်။

 

ဟွမ်စစ်ကုံးက ပတ်ဝန်းကျင်ကို ကြောင်တက်တက်ကြည့်လိုက်သည်။

 

လီဖုန်းက ရလဒ်ကို ကျေနပ်နေခဲ့သည်။ သူ ဤလူကို အစိုးရရုံးထဲပစ်ချချင်ပေမယ့် ရွာလူကြီးကိုလည်း မျက်နှာသာပေးရဦးမည်။ ထို့အပြင် ထိုကဲ့သို့လူများ ရွာမှထွက်သွားသည်နှင့် တစ်ပြိုင်နက် မင်ကောအာရှေ့မှာ နောက်တစ်ကြိမ် မျက်စိစပါးမွေးစူးစရာ အဖြစ်မခံနိုင်ပေ။

 

ထန်ချွန်းရုံက ကလေးကိုတွေ့သည့်အခါ စိတ်ပျော့သွားသော်လည်း သူက သူ့အစ်ကိုအား ဒုက္ခပေးသူများကို ကလေးအတွက်နဲ့ ရွာမှာဆက်နေခွင့်မပြုနိုင်ပေ။ သူတို့ ဘာတွေထပ်လုပ်မလဲ ဘယ်သူကသိမှာလဲ? သူတို့ သူ့အစ်ကိုရှေ့မှာ ပြဿနာထပ်ရှာမှာကို သူတွေးပင်မတွေးရဲပေ။ သူ့အစ်ကိုက ယခုကိုယ်ဝန်ရှိနေပြီး တစ်ခုခုဖြစ်သွားလျှင် ယင်းမှာ အသက်နှစ်ချောင်းဖြစ်၏။ သို့ဖြစ်၍ သူက မျက်နှာလွှဲခဲပစ်ကာ စိတ်ကိုတင်းထားရသည်။

 

တာရှန်က ထန်ချွန်းရုံပခုံးကို ပုတ်လိုက်ပြီး ဤသည်မှာ လုပ်သင့်လုပ်ထိုက်တာဖြစ်ကြောင်း ပြောလိုက်လေသည်။ သူတို့ ယခုတစ်ကြိမ်မှာ ဟွမ်မိသားစုကို သနားနေလျှင် ထိုလူတွေက ပိုအတင်းရဲလာလိမ့်မည်။ ဟွမ်မိသားစုမှ လူကြီးတွေဘယ်လောက်ပဲ ငိုယိုအသနားခံပါစေ ရွာအကြီးအကဲများကလည်း ဤတစ်ကြိမ်မှာတော့ ခွင့်မလွှတ်ပေးချင်ခဲ့ပေ။

ထို့အပြင် ဟွမ်မိသားစုက တစ်ခုခုထပ်မံဖြစ်ပွားလျှင် ဖျင်ရှန်ရွာမှ ထွက်သွားမည်ဟု ကတိပေးခဲ့ဖူးသည်။ ထန်ချွန်းမင် ဘာမှမဖြစ်သွားတာ ကျေးဇူးတင်ရမည်။ မဟုတ်ပါက လီဖုန်းသည်ကား သူတို့ကို လွယ်လွယ်လွှတ်ပေးမည်မဟုတ်ချေ။

 

နာမည်ကောင်းအမြဲရှိခဲ့သည့် တတိယဦးလေးကျောက်က ဤတစ်ကြိမ်မှာ ရောက်မလာခဲ့ပေ။ ရွာလူကြီးက သူ့ကို ကျောက်မိသားစုအတွက် ရပ်တည်ခွင့်မပေးခဲ့တာကြောင့် တတိယဦးလေးက ဒေါသထွက်ကာ ပြောခဲ့လေသည်။

“မင်းမှာလုပ်စရာတစ်ခုခုရှိရင် ငါ့ကိုမလာခိုင်းနဲ့။ မင်းငါ့ကို အတင်းလာခိုင်းရင် မင်း ကျောက်မိသားစုရဲ့ကိစ္စကို ဖြေရှင်းပေးရမယ်။”

___________

Chapter 44.3

“အခုကျောက်မိသားစုက ရှန်းမိသားစုရဲ့ဖိအားကြောင့် ပုန်းအောင်ချင်တဲ့အဆင့်ထိရောက်နေပြီ။ ဒါရှန်းမိသားစုက ပစ္စည်းရိုက်ခွဲဖို့လာတဲ့ ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး။”

 

ဟွမ်မိသားစုက ထွက်မသွားချင်တာကြောင့် ရွာလူကြီးက သူတို့ကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ခဲ့သည်။

လီဖုန်းကြောင့်ကျိုးထားသော ဟွမ်စစ်ကုံး၏ခြေထောက်နှင့် ပတ်သက်ပြီး ဟွမ်မိသားစုက ပုံကြီးချဲ့ချင်ကြသည်။ သို့သော် လီဖုန်းက ဟွမ်စစ်ကုံးဆီ တိတ်တဆိတ်လျှောက်သွားသဖြင့် ဟွမ်စစ်ကုံးက ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားပြီး အသနားခံကာ ထပ်ခါထပ်ခါအော်ဟစ်နေ၏။ တစ်ချက်ထိလိုက်ရုံဖြင့် ခြေထောက်အဆစ်လွဲသွားကာ ဟွမ်စစ်ကုံးက နာကျင်မှုကြောင့် မေ့လဲတော့မတတ်ပင်။

 

လီဖုန်းကခြိမ်းခြောက်လိုက်တော့သည်။ “နောက်တစ်​ကြိမ် မင်းကိုတွေ့ရင် လက်ဖြတ်ပစ်မယ်!”

 

ဟွမ်မိသားစုက ဖျင်ရှန်ရွာမှ မောင်းထုတ်ခံလိုက်ရပေမယ့် ကိစ္စက ဤနေရာမှာတင် မပြီးပေ။

 

ရွာလူကြီးက ကျန်းလန်ဟွာ၏ခင်ပွန်းကိုခေါ်ကာ ဤကိစ္စမှာ သူ့ဇနီးပါဝင်ပတ်သက်နေကြောင်း ပြောခဲ့သည်။ ဟွမ်စစ်ကုံး၏ ဝန်ခံချက်အရ သူ့တွင် ထိုကဲ့သို့ မကောင်းသောရည်ရွယ်ချက်ရှိနေခြင်းက ကျန်းလန်ဟွာ၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်။

 

ဟွမ်စစ်ကုံးက ကျန်းလန်ဟွာကို အမြဲတမ်းမက်မောခဲ့ပြီး သူ့ကို အခွင့်အရေးယူချင်ခဲ့ပေမယ့် ကျန်းလန်ဟွာက ဟွမ်စစ်ကုံးကို အမြဲတမ်းရှောင်ဖယ်ခဲ့သည်။ အ​ကြောင်းမှာ သူ့ခင်ပွန်းက အင်မတန်သဝန်တိုပြီး သူ တ​ခြားသူများနှင့် ပရော်ပရည်လုပ်တတ်ကို သည်းမခံနိုင်လို့ဖြစ်သည်။

သူသိလျှင် သေအောင်ရိုက်နှက်ခံရမှာဖြစ်၍ သူက ဟွမ်စစ်ကုံးကို အမြဲတမ်းရှောင်ခဲ့သည်။ ကျန်းလန်ဟွာက ဟွမ်စစ်ကုံးကို ယခင်က ခံစားချက်ရှိခဲ့သော်လည်း သူ့ဘဝက ပိုဆိုးယု​တ်လာတာကိုတွေ့လျှင် သူ၏ယခင်လက်ခံနိုင်လောက်သော အသွင်အပြင်ကပင် သူ၏စိတ်ထားကြောင့် စက်ဆုပ်ဖွယ်ဖြစ်လာခဲ့သည်။

ကျန်းလန်ဟွာ၏ခံစားချက်က ပျောက်ကွယ်သွားတာကြာပြီဖြစ်၍ ဟွမ်စစ်ကုံးက သူနဲ့နီးစပ်ဖို့ကြိုးစားတိုင်း သူက ရှောင်ဖယ်ခဲ့ပါ၏။

သို့သော် သူ ဟွမ်စစ်ကုံးဆီက ပုန်းလေလေ ထိုလူက ပိုပြီးဂုဏ်ယူလေဖြစ်သည်။ ကျန်းလန်ဟွာ၏ ဖြူဖွေးသောမျက်နှာကိုမြင်ရတိုင်း သူ့စိတ်ထဲတွင် ယားယံလာပြီး သူက ကျန်းလန်ဟွာအား ခြိမ်းခြောက်ရန် အတိတ်ဖြစ်ရပ်များကို အသုံးချခဲ့သည်။ ထို့ကြောင့် ကျန်းလန်ဟွာက အတိတ်မှာ သူ့အပေါ်ထားရှိခဲ့သော ခံစားချက်များကို မေ့ပျောက်ကာ ဤလူဆိုးကိုလည်း မုန်းတီးလာခဲ့သည်။

သူ့ခင်ပွန်းက အတိတ်ကဖြစ်ရပ်များကို မှတ်မိနေသေးကြောင်း သူသိသည်။ သူ့လူဆီက နောက်တစ်ကြိမ်ရိုက်နှက်ခံရပြီးနောက် သူက ဟွမ်စစ်ကုံး၏ပြဿနာကို အပြီးတိုင်ဖြေရှင်းရန် စိတ်ဆုံးဖြတ်ခဲ့သည်။

 

ယခင်တစ်ခေါက်က သူနဲ့ဟွမ်စစ်ကုံး၏ တွေ့ဆုံမှုအကြောင်းကို ကျန်းရှို့​ပြောခဲ့စဥ် သူ စိတ်မသက်မသာဖြစ်ခဲ့ရသည်။ ကျန်းရှို့တစ်ခုခုကို ရှာတွေ့သွားပြီထင်၍ သူက ကျန်းရှို့တင်မဟုတ်ပဲ ထန်ချွန်းမင်ကိုပါ မုန်းတီးခဲ့သည်။ ထန်ချွန်းမင်က တခြားမုဆိုးဖိုများလို ပူဆွေးနေခြင်းမရှိပဲ ပိုကောင်းသောဘဝမှာနေထိုင်ကာ အချိန်တိုအတွင်းမှာ လူလွတ်အမျိုးသားတစ်ယောက်နှင့်ပင် ချစ်ကြိုက်ခဲ့သေးသည်။

 

အပြင်မှာ ကောလာဟလများထွက်နေပြီး လီဖုန်းက ကြမ်းတမ်းသည့်အသွင်ရှိသော်လည်း သူ့ကောကိုချစ်​ကြောင်း ကျန်းလန်ဟွာ သိခဲ့ရသည်။ ကျန်းလန်ဟွာ​က သူ့အခြေအနေကိုပြန်တွေးခဲ့သည်။ သူတွေ့ဆုံခဲ့ရသည့် အမျိုးသားနှစ်ယောက်လုံးက လူယုတ်မာတွေဖြစ်ပြီး သူ့ခင်ပွန်းဆိုလျှင် သူ့ကို အိပ်ရာမထနိုင်လောက်အောင် ရိုက်နှက်လေ့ရှိသည်။ ထန်ချွန်းမင်က ဘာလို့သူ့ထက် ကောင်းကောင်းနေနေရတာလဲ? ကျန်းလန်ဟွာက ဘာလို့သူ့ထက်ပိုဆိုးနေရတာလဲ? သူလည်းပဲ ရွာ၏အထူးချွန်ဆုံး ကောတစ်ယောက်ဖြစ်သည်လေ…

.

အမှန်တိုင်းဆိုရလျှင် ကော၏ မနာလိုဖြစ်မှုက တကယ်ကို အခြေအမြစ်မရှိပေ။ သူက ထန်ချွန်းမင်လုပ်ခဲ့တာကိုကြားလေ သူက သူ့ကို ပို၍ပင် ဖျက်စီးချင်လာလေဖြစ်၏။ သို့ဖြစ်၍ ဟွမ်စစ်ကုံး သူ့ဆီကိုလာသောအချိန်တွင် သူက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်သုံးကောင်ပစ်ဖို့ ဟွမ်စစ်ကုံးအား အကြံတစ်ခုပေးခဲ့သည်။ ဟွမ်စစ်ကုံးလုပ်နိုင်လျှင် တခြားကောတွေ သူ့ကိုလက်မထပ်မှာကို စိတ်ပူစရာမလိုတော့ပဲ ကျန်းလန်ဟွာသည်လည်း ငွေအများကြီးကို သူ့စိတ်ကြိုက်သုံးစွဲနိုင်လိမ့်မည်။

ယင်းမှာ ထန်ချွန်းမင်၏အိမ်ထဲကို ညသန်းခေါင်မှာခိုးဝင်၍ ထန်ချွန်းမင်အား မတော်မတရားပြုကျင့်ခြင်းဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် ထန်ချွန်းမင်နှင့် လီဖုန်းက တရားဝင်လက်ထပ်​ခြင်းမရှိသေး၍ အပြင်လူတွေ ဘယ်လိုဖွဖွ ထန်ချွန်းမင်ကိုယ်တိုင် ဝန်ခံခြင်းလောက် ကောင်းမွန်ခြင်းမရှိပါပေ။

 

ထိုအချိန်တွင် ထန်ချွန်းမင်က ရွေးချယ်စရာမရှိပဲ ဟွမ်စစ်ကုံးကို အညံ့ခံရလိမ့်မည်။ ကျန်းလန်ဟွာသည်လည်း ဟွမ်စစ်ကုံး၏ခြိမ်းခြောက်မှုများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။ ထို့အပြင် သူ​က ထန်ချွန်းမင်၏ကြွယ်ဝချမ်းသာမှု လျှို့ဝှက်ချက်ကို ဟွမ်စစ်ကုံးထံမှ ရယူမည်။ ထန်ချွန်းမင် သေဆုံးသည်ဖြစ်စေ ရှင်သန်သည်ဖြစ်စေ ကျန်းလန်ဟွာနှင့်ဆိုင်တော့မှာမဟုတ်ပေ။

 

ဟွမ်စစ်ကုံး ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန် သူက ဟွမ်စစ်ကုံးအား ထန်ချွန်းမင်ခြံထဲက အခြေအနေကို ပြောပြလိုက်သည်။ ကျန်းလန်ဟွာက ဘယ်လိုသိတာလဲ? လီဖုန်းမြင်းပေါက်လေးဝယ်လာသည့်နေ့မှာ လူအများစုက သူ့ခြံထဲကိုဝင်သွားခဲ့ပြီး ကျန်းလန်ဟွာလည်း ပါဝင်ခဲ့သည်။ ခြံဝင်းနှစ်ခု၏မြင်ကွင်းက သူ့ကို ပိုလို့တောင် မနာလိုဖြစ်စေခဲ့သည်။

 

ကျန်းလန်ဟွာက သူ့ကို သွေးထိုးလှုံ့ဆော်နေစဥ် ဟွမ်စစ်ကုံးက လီဖုန်းကိုကြောက်ဖို့ မေ့သွားခဲ့သည်။ အကန့်အသတ်မဲ့သော ငွေပမာဏနဲ့ယှဥ်လျှင် လီဖုန်းက ဘာမှမဟုတ်ပေ။ ထို့အပြင် သူက ညသန်းခေါင်မှာ ထန်ချွန်းမင်၏ခြံထဲကို ဝင်သွားခဲ့သည်။ ထန်ချွန်းမင်က သူနဲ့ဆက်ဆံရေးကိုငြင်းလျှင် ရွာပြင်ထုတ်ခံရမှာဖြစ်၏။ သူလည်းပဲ ကျန်းလန်ဟွာလိုပင် တွေးခေါ်ခဲ့သည်။

ဘယ်ကောကမှ သူတို့၏ဂုဏ်သိက္ခာကြောင့် ထိုအ​ခြေအနေကို ဝန်ခံမှာမဟုတ်ပေ။ သူ့ကိုသိမ်းပိုက်ပြီးလျှင် လီဖုန်း ဘယ်ကိုမှသွားနိုင်တော့မှာမဟုတ်ပေ။

 

သူတို့အားလုံးက ၎င်းကို မိုက်မဲသောအခွင့်အရေးလို့ ထင်ခဲ့ပေမယ့် မထင်မှတ်ထားသည်မှာ သူတို့ခြံဝင်းထဲဝင်သွားနဲ့ ထောင်ချောက်ထဲပြုတ်ကျသွားခဲ့သည်။ ဟွမ်စစ်ကုံးက လီဖုန်းဘယ်လောက်တောင် ဗီလိန်ဆန်လဲ သိခဲ့ရသည်။ သူ့မှာ​နောက်တစ်​ကြိမ် အခွင့်အရေးရှိလျှင် ကျန်းလန်ဟွာ၏ သွေးထိုးလှုံ့ဆော်မှုကို သူဘယ်တော့မှနားထောင်ခဲ့မှာမဟုတ်ပေ။

 

အထက်ပါအချက်များမှာ ရွာလူကြီးနှင့် အကြီးအကဲတို့က ညဘက်ကြီး ဟွမ်စစ်ကုံးအား စစ်ဆေးခဲ့ခြင်းရလဒ်ဖြစ်၏။ ထန်ချွန်းရုံက ကျောင်းသားတစ်ယောက်ဖြစ်၍ အင်မတန်ဒေါသထွက်​ကာ ကျန်းလန်ဟွာကို ဖမ်းပြီးသတ်ချင်နေသည်။ သို့သော် ဤနည်းဖြင့် ဖြေရှင်းလို့မရနိုင်​ကြောင်း ရွာလူကြီးက သူ့ကို ဖျောင်းဖျခဲ့သည်။ မဟုတ်ပါက ထန်ချွန်းမင်၏ဂုဏ်သိက္ခာ ထိခိုက်သွားမည်ဖြစ်သည်။ ဟွမ်စစ်ကုံးကိုသာ အပြစ်ပေးဖို့ကောင်းသည်။

 

ကျန်းလန်ဟွာလို ရက်စက်ယုတ်မာသော ကောတစ်ယောက်ကို လွှတ်ပေးထားလို့မရပေ။ ဤကိစ္စကို သူ့ခင်ပွန်အားပြောလိုက်လျှင် ကျန်းလန်ဟွာက အဆုံးသတ်ကောင်းတော့မှာမဟုတ်ပေ။

 

သတ်မည့်အကြောင်းပြောသည့်အခါ ဘယ်သူကမှ လီဖုန်းနှင့်မယှဥ်နိုင်ပေ။ မူလက သူသည် ဟွမ်စစ်ကုံး ပိုက်ဆံခိုးချင်တယ်လို့သာ တွေးထားသော်လည်း သူက ပိုက်ဆံရောလူပါ သိမ်းပိုက်ချင်မယ်လို့ မထင်ထားခဲ့ပေ။

မင်ကောအာကြုံတွေ့ရနိုင်သည့်အရာကို စဥ်းစားလိုက်တိုင်း သူ​က ဟွမ်စစ်ကုံးကို အပိုင်းပိုင်းဖြတ်တောက်ချင်မိသည်။ သို့သော် ရွာလူကြီးနှင့် ရှန်းဖူလန်အကြံပေးသည့်အတိုင်း မင်ကောအာ၏ဂုဏ်သတင်းအတွက် သူ ဤကိစ္စကို လူသိရှင်ကြားဖြစ်အောင် လုပ်လို့မရပေ။ လူသိရှင်ကြားဖြစ်သွားသည့်တိုင် ဟွမ်စစ်ကုံးက ပြစ်ဒဏ်ပိုပေးခံရမှာမဟုတ်သော်လည်း မင်ကောအာကတော့ ငြိစွန်းသွားလိမ့်မည်။

လီဖုန်းက မင်ကောအာငြိစွန်းခြင်းထက် လူသတ်သမား ဂုဏ်သိက္ခာကိုသာ ခံယူနိုင်သည်။ မင်ကောအာကိုယ်တိုင်က ဂရုမစိုက်သော်လည်း သူကတော့ ထည့်စဥ်းစာရမည်။

 

ထို့​ကြောင့် လီဖုန်းက သူ၏အမုန်းတရားကို ဖိနှိပ်ခဲ့သော်လည်း ဟွမ်စစ်ကုံးကို အလွယ်တကူမလွှတ်ပေးနိုင်ပေ။ ဟွမ်စစ်ကုံးအား ရွာမှနှင်ထုတ်ခြင်းက အပေါ့ဆုံးပြစ်ဒဏ်ဖြစ်ပေမည်။ ဖျင်ရှန်ရွာမှ ထွက်လာမှသာ သူ၏ဒုက္ခများစတင်ပြီလို့ သိထားသင့်သည်။

 

တစ်ချိန်တည်းမှာ သူက မင်​ကောအာကို အမှန်တရားမပြောပြဖို့ ဆုံးဖြတ်လိုက်သည်​။ မင်ကောအာက ထိုညစ်ညမ်းသောအတွေးများကို သိစရာမလိုတာ​ကြောင့် ဟွမ်စစ်ကုံးကို ညလယ်ခေါင်မှာ သူခိုးမှုကျူးလွန်တယ်လို့သာ နာမည်တပ်လိုက်မည်။

 

ကျန်းလန်ဟွာ၏ခငပွန်းဖြစ်သူက ရွာလူကြီးအိမ်မှ ထွက်သွားသောအခါ သူသည် တစ်စုံတစ်ယောက်အား စားချင်နေသော အသွင်ရှိတာကို လူတိုင်းမြင်နိုင်သည်။ သူ့ခြေလှမ်းများကလည်း လေးလံနေပြီး သူက အိမ်ကို ဒေါသတကြီး​ပြေးသွားတာကြောင့် မြင်သမျှလူတိုင်းက ရွာလူကြီး သူ့အား ဘာပြောလိုက်သည်ကို သိချင်နေ​ကြသည်။

သူ၏ဒေါသက သူ့ကောနှင့် ပတ်သက်နေသလား.

သူ့ကောက ဟွမ်စစ်ကုံးကိစ္စမှာ ပါဝင်ပတ်သက်နေသလား?

 

ထန်ချွန်းမင်နိုးလာတော့ လီဖုန်းက ခန်းကုတင်ဘေးမှာထိုင်ပြီး သူ့ကို သေချာစိုက်ကြည့်နေသည်။

 

ထန်ချွန်းမင်က အပြင်က ရာသီဥတုကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက်ရှက်သွားခဲ့သည်။ သူက ခေတ်သစ်တွင် ဆယ်နာရီထိအိပ်သည်။ သူက သူ့နဖူးကိုထိကာ မေးလိုက်လေသည်။ “အားရုံကျောင်းသွားပြီလား? ဒါနဲ့…. ရွာလူကြီးက ဟွမ်စစ်ကုံးနဲ့ပတ်သက်ပြီး ဘာပြောလိုက်လဲ? ခြံထဲက ဟင်းသီးဟင်းရွက်တွေ မနေ့ညက တက်နင်းမိသေးလား?”

  

“စိတ်မပူပါနဲ့။” လီဖုန်းက မင်ကောအာ၏လက်ကိုထိကာ ပြောလိုက်သည်။ သူက ဤနေရာမှာ တစ်နေကုန်ထိုင်နေသည့်တိုင် ကြောက်နေသေးသည်။ ကျင်းဖုန်း၏လိမ္မာပါးနပ်မှုနှင့် ထက်မြက်မှု​ကြောင့်သာ မဟုတ်လျှင် မင်ကောအာ ဘာဖြစ်သွားမလဲ သူမသိနိုင်ပေ။ သူပိုတွေးလေ ဟွမ်စစ်ကုံးကို လွယ်လွယ်နဲ့ လွှတ်မပေးနိုင်လေဖြစ်၏။

သူ့ကိုရွာကနေ နှင်ထုတ်လိုက်တာက ပေါ့ပါးသောပြစ်ဒဏ်တစ်ခုဖြစ်သည်။ မင်ကောအာ၏ ရှုပ်ထွေးနေသော အမူအရာကိုတွေ့သောအခါ သူ့စိတ်က ပျော့ပျောင်းသွားသည်။ “ကိုယ် အားရုံကို ကျောင်းလိုက်ပို့ပေးထားတယ်။ သူက မင်းနဲ့နေချင်တာ။ ကိုယ်ပြောပြရင် မင်းစိတ်မကောင်းဖြစ်လိမ့်မယ်။ ဟွမ်စစ်ကျိုးနဲ့ သူ့မိသားစုကို ရွာလူကြီးကိုယ်တိုင် မောင်းထုတ်လိုက်ပြီ။”

“ဒီဖြစ်ရပ်ပြီးရင် ထပ်ပြီး​ဖောက်ထွင်းခံရမှာကို စိတ်ပူစရာမလိုတော့ဘူ ဒါပေမယ့် ကျင်းဖုန်းက ခြံထဲက ဟင်းသီးဟင်းရွက်တွေကို တက်နင်းခဲ့တယ်။ မင်း သူ့ကိုအပြစ်တင်မှာလား?”

 

လီဖုန်း မနက်ကလုပ်ခဲ့သည်မှာ မျောက်တွေကို ခြောက်လှန့်ဖို့ဖြစ်သည်။ သူရဲ့ ရက်စက်မှုကိုမြင်ပြီးရင် ဘယ်သူက ထပ်ပြီး အကြံထုတ်ဝံ့မှာလဲ? လူတွေ သူ့ကို​ကြောက်နေအောင် လူဆိုးတစ်ယောက်လို့ သတ်မှတ်လိုက်တာပိုကောင်းသည်။

 

ဤသည်မှာ သူ့ကို ကျီစယ်နောက်ပြောင်ဖို့ ဖြစ်နိုင်သည်။ ထန်ချွန်းမင်က လီဖုန်း မကြာခဏ ကျီစယ်တတ်လာတာကို သတိထားမိတာကြောင့် ပြောလိုက်လေသည်။ “ကျင်းဖုန်းက အကြီးမားဆုံးကျေးဇူးရှင်ပါ။ သူ့ကို ဘယ်လိုအပြစ်တင်ရမှာလဲ? ဒါတင်မကဘူး။ သူ့ကိုဆုချသင့်တာ။ ခင်ဗျားဖယ်တော့ ကျွန်တော် ထတော့မယ်။”

 

ညက အဖြစ်အပျက်များအား မင်ကောအာ စိတ်ထဲမထားသည်ကိုတွေ့လျှင် လီဖုန်း စိတ်သက်သာရာရသွားခဲ့သည်။ သူက မင်ကောအာကို အဝတ်အစားလဲရန် တစ်ယောက်တည်းထားခဲ့ကာ သူ့အတွက်မနက်စာပြင်ပေးရန် အပြင်ထွက်သွားခဲ့သည်။ အကြာကြီးအိပ်ထားလို့ ဗိုက်ဆာနေလောက်သည်။

ထန်ချွန်းမင်က ဗိုက်ဖြည့်ပြီးမှသာ ခြံထဲသွားဖို့ ခွန်အားပြည့်လာခဲ့သည်။ ကံအားလျော်စွာ ဟင်းသီးဟင်းရွက်အားလုံး မပျက်စီး၍ ပြန်လည်စိုက်ပျိုးလို့ရခဲ့သည်။ ထန်ချွန်းမင်က ဗိုက်ဖောင်းဖောင်းဖြင့် ကျင်းဖုန်းထံသို့​ပြေးသွားပြီး မြင်းနောက်ကျောကို ပုတ်ကာ ချီးကျူးလိုက်လေသည်။

ဟုတ်ပါ၏။ ရှောင်ဟွာလည်းရှိသေးသည်။ ရှောင်ဟွာက လူယုတ်မာ၏တင်ပါးကို ကိုက်ဖဲ့ခဲ့ပြီး ဤအဖြစ်အပျက်၏ သူရဲကောင်းလည်းဖြစ်သည်။ ထန်ချွန်းမင်က ရေမရောထားသော စမ်းရေကို နောက်ရက်အနည်းငယ်မှာ ဆုအဖြစ်တိုက်ကျွေးမည်ဟု ဆုံးဖြတ်ခဲ့သည်။

 

ကျင်းဖုန်းက တခြားလူများအပေါ် မာန​ကြီးသော်လည်း သူ၏အနာဂတ်သခင် ထန်ချွန်းမင်အပေါ်တော့ မတူပါ။ သူလာတာတွေ့တိုင်း ခေါင်းကိုထုတ်ပြီး ဖြူစင်သော်မျက်လုံးတစ်စုံဖြင့် ကြည့်လာလေသည်။

ဤသည်မှာ ကျင်းဖုန်းနှင့်ရင်းနှီးချင်သော ကလေးများကိုပင် မနာလိုဖြစ်စေနိုင်ပေမယ့် သူတို့လုပ်နိုင်တာဘာမှမရှိပေ။ အကြောင်းမှာ ကျင်းဖုန်းက ဦးလေးဖုန်းမှမဟုတ်လျှင် သူတို့အားလုံးကို လျစ်လျူရှုထားလို့ဖြစ်၏။

 

ကျင်းဖုန်းက ဝိညာဥ်စွမ်းအားများပြည့်နှက်နေသည့် နေရာလွတ်ရနံ့ကိုရနေသည်ဟု ထန်ချွန်းမင် သံသယဖြစ်မိသည်။ ရှောင်ဟွာနှင့် တခြားသူများကလည်း နေရာလွတ်ထဲမှ အစားအစာများကို သဘောကျပြီး အစားအသောက် ချေးမများပေး။

 

တစ်ခါတစ်လေ ထန်ချွန်းမင်သည် ကျင်းဖုန်း၏ တုံ့ပြန်မှုကို သိရှိနိုင်ရန် ရည်ရွယ်ချက်ရှိရှိ မကောင်းမှုများကို ပြုလုပ်တတ်သည်။ ကြည့်ပြီးနောက် သူက နေရာလွတ်ထဲရှိ အစားအစာကိုမကျွေးပဲ တမင်တကာ လှည့်ထွက်သွားလေ့ရှိသည်။

ဟုတ်ပါ၏။ သူထွက်မသွားနိုင်ခဲ့ပေ။ ကျင်းဖုန်းက သူ့အဝတ်အစားကို ကိုက်ဆွဲထားလို့ဖြစ်၏။ တစ်ခေါက်က လီဖုန်းတွေ့သောအခါ လန့်သွား၍ ကျင်းဖုန်းကိုဆူလိုက်ပေမယ့် ထန်ချွန်းမင်က မြင်း၏မျက်နှာပေါ်ရှိ မကျေမချမ်းအမူအရာ​ကို တွေ့လိုက်ရသည်။ သူ လွန်သွားတယ်လို့ ခံစားရ၍ မလုံမလဲဖြစ်သွားပြီး ထန်ချွန်းမင်က လီဖုန်းကို မောင်းထုတ်လိုက်ကာ ကျင်းဖုန်းအား နေရာလွတ်ထဲရှိ အသီးအနှံများ အမြန်ကျွေးမွေးခဲ့သည်။

 

အများကြီးကျွေးပြီးနောက် ထန်ချွန်းမင်က လီဖုန်းမမြင်သွားဘူးလို့ သူ့ကိုယ်သူလှည့်စားနေခဲ့သည်။ ထို့ကြောင့် လီဖုန်းသတိမထားမိဘူးလို့ ယူဆ၍ သူ့စိတ်ကြိုက်လုပ်ဆောင်နေခဲ့သည်။

 

ထမင်းနောက်ကျမှစားသော်လည်း ထန်ချွန်းမင်က ပုံမှန်တိုင်း နေ့လည်စာချက်နေဆဲဖြစ်၏​။ သူ စားပွဲပေါ်၌ နေ့လည်စာခင်းတော့မည့်ဆဲဆဲ အပြင်မှ ကြောင်နှင့်တူသော ကလေးငိုသံကိုကြားလိုက်ရသည်။ လီဖုန်းက အားလင်းကိုအပြင်ကနေ အထဲခေါ်လာခဲ့သည်။ သူက လက်ဆေးပြီး စားပွဲမှာထိုင်စားဖို့ အသင့်ဖြစ်နေခဲ့သည်။

___________

Chapter 44.4

  

“ဖေဖေ…” ထုံးစံအတိုင်းပင် အားလင်းက ယနေ့မနက် သူ၏အောင်မြင်မှုများနှင့် ရှောင်ယွင်အတွက် သူလုပ်ဆောင်ပေးခဲ့သည့်အရာများအကြောင်း သူ့အားမူအား တင်ပြနေသည်။

 

အားလင်းကိုချီးကျူးရင်း ထန်ချွန်းမင်က လီဖုန်းကိုကြည့်ကာ မေးလိုက်သည်။ “အပြင်မှာငိုနေတဲ့ကလေးက ဘယ်သူလဲ?” ထိုအခိုက်အတန့်တွင် သူက လူတစ်ယောက်၏အသံကို ကြားလိုက်ရပြန်သည်။

 

လီဖုန်းက မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ “မင်း အားလင်းကို ထမင်းကျွေးနှင့်ပါ။ ငါအပြင်ကိုသွားကြည့်လိုက်ဦးမယ်။” ထို့​နောက် သူက အားလင်းကို မင်ကောအာထံခေါ်ဆောင်သွားခဲ့သည်။

 

“ကောင်းပြီ… မြန်မြန်သွား. မြန်မြန်ပြန်လာ” ထန်ချွန်းမင်က လက်ဝေ့ယမ်းပြလိုက်သည်။

 

ထန်ချွန်းမင် စားပြီးခါစဖြစ်၍ ဗိုက်မဆာသေးတာကြောင့် သူစားဖို့ ဟင်းသီးဟင်းရွက်တချို့ခူးလိုက်ပြီး အားလင်းကိုကျွေးလိုက်သည်။ တစ်ချိန်တည်းမှာ သူက အပြင်ဘက်က ဆူညံသံကို နားစွင့်ထားသည်။

လီဖုန်းထွက်သွားတော့ သူက ရွာအကြီးအကဲနှင့်ပတ်သက်သည့် တစ်ခုခုကိုကြားလိုက်ရသည်။ မိနစ်အနည်းငယ်ကြာတော့ အပြင်ကလူတွေ လူစုခွဲသွားပြီး လီဖုန်းပြန်လာသော ခြေသံများကို ကြားလိုက်ရသည်။

 

လီဖုန်းဝင်လာတော့ ထန်ချွန်းမင်က ​မမေးခင် လီဖုန်းက မကျေမချမ်းအသံဖြင့် ​ပြောလိုက်သည်။ “ဒီဟွမ်မိသားစုက… တကယ်ပါပဲ… ကံကောင်းတာက ဒီတစ်ခါ ရွာသားတွေက သူတို့ကို မောင်းထုတ်ဖို့ဆုံးဖြတ်ထားလို့ပေါ့။ မဟုတ်ရင် ဘယ်လိုပြဿနာတွေဖြစ်လာမလဲ ဘယ်သူမှမသိဘူး။”

  

“ဟွမ်မိသားစုလား? အပြင်မှာငိုနေတဲ့ကလေးက ဟွမ်မိသားစုရဲ့မြေးလေးလား? သူတို့ကို ရွာကနှင်ထုတ်လိုက်ပြီဆို?” ထန်ချွန်းမင်က တအံ့တသြမေးလိုက်သည်။

  

“ရွာလူကြီးထွက်သွားတာနဲ့ သူတို့က ကလေးကို လမ်းဘေးမှာ တိတ်တိတ်လေးစွန့်ပစ်ခဲ့တယ်။ ကံကောင်းတာက ရွာသားတစ်ယောက်ဖြတ်သွား​တော့ ကလေးကိုတွေ့ပြီးပြန်ခေါ်လာတာ။ မဟုတ်ရင် ကလေးက တောင်ခြေအောက်မှာ တောရိုင်းတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်ခံနေရလောက်ပြီ။” လီဖုန်းက ထိုသို့သောလူများကို တကယ်ရွံရှာမိသည်။

သူတို့က ကိုယ့်မြေးကိုပင်စွန့်ပစ်နိုင်သည်။ ထိုသို့သောလူများက မြောက်ပိုင်းက လူများ၏ လူမဆန်သောနှိ​ပ်စက်နည်းမျိုး ကြုံတွေ့ရသင့်သည်။

  

လီဖုန်းက ဘာမှမပြောပေ။ ယခုလေးတင် အပြင်ဘက်မှာ စုဝေးနေကြသူများက အပြင်ကလေးကို ဘယ်လိုလုပ်မလဲ မင်ကောအာကို ဆုံးဖြတ်စေချင်သည်။ လီဖုန်းက သူတို့ကို အေးစက်စက်ကြည့်လိုက်ရာ လန့်ပြေးသွားကြသည်။

ဒီကလေးက မင်ကောအာနဲ့ဘာဆိုင်လို့လဲ? မင်ကာအာက ဟွမ်မိသားစုကို ရွာထဲက နှင်ထုတ်ခဲ့တာမို့လား? မင်ကောအာ ဟွမ်မိသားစုကို ကလေးစွန့်ပစ်ဖို့ပြောခဲ့လို့လား? ကလေးကသနားစရာကောင်းပေမယ့် တရားခံကိုရှာသင့်တာမလား… မင်ကောအာက ဒီကလေးကိုမွေးရတဲ့အထိ ကြင်နာတတ်တယ်လို့ ထင်နေလား?

 

ထန်ချွန်းမင်က ကြက်သေသေသွားပြီး မယုံနိုင်စရာကိုတွေ့လို​က်ရသည်။ “ဒါက သူတို့မိသားစုရဲ့ တစ်ဦးတည်းသောမြေးမလား? သူ့ကိုဘယ်လိုတောင် စွန်ပစ်နိုင်ရတာလဲ? ဒါမှမဟုတ် ဟွမ်စစ်ကျိုးက သူတို့မိသားစုရဲ့ တစ်ဦးတည်းသော အသက်သွေးကြောဖြစ်ပြီး တခြားသူတွေက ခွေးအမြီးတွေလား?”

ဤသည်မှာ သူတို့မိသားစုရှိ တစ်ဦးတည်းသောမြေးဖြစ်သည်။ သူတို့က သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံရုံတင်မကပဲ သူ့ကိုစွန့်ပစ်ဖိို့လည်း ဆန္ဒရှိကြသည်။ ဟွမ်စစ်ကုံးက အိမ်ထောင်ဖက်ကောင်းတစ်ယောက်နဲ့ ထပ်တွေ့ပြီး သူတို့လိုချင်တဲ့ အနာဂတ်မြေးလေးကို ပေးနိုင်မယ်ထင်လို့လား?

  

“သူတို့မိသားစုမလုပ်နိုင်တာဘာရှိလဲ? မဟုတ်ရင် သူတို့က ဟွမ်စစ်ကုံးလိုကောင်ကို မွေးလာပါ့မလား” လီဖုန်းက ဒေါသကိုထိန်းချုပ်ထားပြီး သူ့ရှေ့ကလူနှစ်ယောက်ကို အာရုံစိုက်ထားသည်။ “စားရအောင်.. အပြင်ကကိစ္စတွေကို စိတ်မပူနဲ့။ ညစာစားပြီးရင် ကိုယ် ရွာလူကြီးကိုသွားမေးလိုက်မယ်။”

  

“ကလေးက… အင်း…. ဖြေရှင်းရခက်တယ်။” ထန်ချွန်းမင်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ ဤကမ္ဘာတွင် ကလေးပို့လို့ရသည့် မိဘမဲ့ဂေဟာမရှိပေ။ ထိုကလေးမျိုးက ပြန်ပေးဆွဲခံရပြီး ရောင်းစားခံရနိုင်သည်။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်ကောင်းမှာတော့မဟုတ်ပေ။

ဟွမ်မိသားစုမှ ဇနီးမောင်နှံ၏ ယုတ်မာမှုကိုမဆိုနှင့် ဖခင်အရင်း ဟွမ်စစ်ကုံးကပင် ကလေးကိုစွန့်ပစ်နိုင်ခဲ့သည်။

 

ရက်စက်တဲ့လူတွေက မြို့၊ တိုင်းပြည်၊ ရှေးခေတ်၊ ခေတ်သစ်၊ တရုတ်ပြည်၊ နိုင်ငံခြားဟူ၍ ခွဲခြားလို့မရပေ။

 

ထန်ချွန်းမင်က နေ့လည်စာ​စားပြီးလျှင် ထိုကလေးအတွက် စားစရာယူသွားပေးဖို့ လီဖုန်းကို ပြောရင်ကောင်းမလား စဥ်းစားနေသည်။

 

နေ့လည်စာစားပြီးနောက် မင်ကောအာ၏သဘောထားကိုကြည့်ကာ လီဖုန်းစိတ်အေးသွားခဲ့သည်။ ကလေးက အပြစ်ကင်းသော်လည်း လီဖုန်းက ဒေါသအနည်းငယ် ထွက်နေသေးသည်။ ကလေးဖခင်က မင်ကောအာကို ဖျက်စီးဖို့လုပ်ခဲ့သည်။ ကလေးကို ဖျင်ရှန်ရွာထဲ ပြန်ဝင်ခွင့်ပေးရန် သူမလိုလားပေ။ မင်ကောအာ သူ့ကို ရက်စက်တယ်လို့ထင်သွားမှာလည်း မလိုလားပေ။

 

လီဖုန်းထွက်သွားတော့ ကျန်းရှို့ရောက်လာပြီး ရွာမှ နောက်ဆုံးရသတင်းများကို ပြောပြခဲ့သည်။

 

ကျန်းရှို့က ထန်ချွန်းမင်နှင့်အတူရှိခဲ့တာကြောင့် ရွာသူကြီးအိမ်မှာ ဟွမ်စစ်ကုံးအား စစ်ဆေးမေးမြန်းခဲ့သည်ကို သူမသိခဲ့ပေ။ တာရှန်ကလည်း သူ့ကို ရလဒ်မပြောပြခဲ့ပေ။

ဟွမ်စစ်ကုံးက ပိုက်ဆံလိုချင်တယ်လို့သာ သူထင်ခဲ့သော်လည်း ယင်းက သူ့ကို ဒေါသထွက်စေဖို့ လုံလောက်သည်။ သူတို့မိသားစုထွက်သွားတော့ ရွာ​အေးချမ်းသွား၍ သူက စိတ်သက်သာရာရနေခဲ့သည်။

  

“ဟွမ်မိသားစု ဇနီး​မောင်နှံက စိတ်သဘောထားကောင်းသလို ဟန်ဆောင်နေပြီး ရက်စက်တဲ့အခါမှာ ဘယ်သူမှမယှဥ်နိုင်ဘူးလို့ မထင်ခဲ့ဘူး။ သူတို့က ကလေးကို မဆိုင်းမတွစွန့်ပစ်ခဲ့ပြီး ရွာလူကြီးအိမ်ကိုပို့ခဲ့တယ်။ ဦးလေးက ကလေးကိုကြည့်လိုက်တော့ ကလေးကိုယ်က ဒဏ်ရာတွေပြည့်နေတာ။ သူက သမားတော်တစ်ယောက်ကို ခေါ်ကြည့်ခိုင်းခဲ့ပေမယ့် ညဘက်ကြီး ဟွမ်စစ်ကုံးမိသားစုကို ညှာတာမိပြီး ထပ်မနှိပ်စက်ခဲ့ရလို့ နောင်တရနေတာ။”

  

“ကလေးကိုဘာလုပ်မလဲ ပြောသေးလား?” ၎င်းက ဖြေရှင်းရလွယ်ကူသည့်ကိစ္စမဟုတ်ဘူးလို့ ထန်ချွန်းမင်ထင်မိသည်။ ကောင်လေးတစ်ယောက်သာဖြစ်လျှင် တချို့မိသားစုက သူ့ကိုမွေးစားချင်လိမ့်မည်။ သို့သော် ရွာထဲတွင် ကောတစ်ယောက်ထက် ယောကျာ်းတစ်ယောက်ကို ​ပိုတန်ဖိုးထားသော ဟွမ်မိသားစုနှင့် ကျောက်မိသားစုလို လူအမျိုးအစားတွေ အများကြီးရှိသည်။ မိသားစုအများစု၏အ​မြင်တွင် ကလေးခေါ်ထားတာက စားစရာဖြုန်းတီးခြင်းဖြစ်သည်။

  

“ဦးလေးလည်းခေါင်းကိုက်နေတယ်။ လောလောဆယ်တော့ ကလေးကို သူခေါ်ထားလိမ့်မယ်။ ကံကောင်းတာက မိသားစုထဲမှာ သူတို့နှစ်ယောက်ပဲရှိပြီး သူတို့ကောင်လေးတွေ ခဏခဏပြန်မလာဘူး။” ကျန်းရှို့က ကလေးအတွက် စိတ်မကောင်းဖြစ်ပြီး တစ်ချက်ကြည့်ပြီး ထပ်မကြည့်ရက်တော့ပေ။

  

“ထားလိုက်တော့… ငါမင်းကို စိတ်အနှောင့်ယှက်ဖြစ်စရာတွေ မပြော​တော့ဘူး။” ကျန်းရှို့က မင်ကောအာကို ဤအရာများပြောပြကာ မနှောင့်ယှက်သင့်ဘူးလို့ ခံစားလိုက်ရတာကြောင့် သူက တခြားတစ်ခုကိုပြောလိုက်သည်။ “မင်းမသိပါဘူး… ကျန်းလန်ဟွာက သူ့ယောကျာ်းရဲ့ ထပ်အရိုက်ခံခဲ့ရတယ်။ လူတော်တော်များများက သွားကြည့်တော့ သူ့ခင်ပွန်းက ကျန်းလန်ဟွာကို ကွာရှင်းချင်တယ်လို့ပြောတာ ကြားလိုက်တယ်တဲ့။”

“အရင်က သူတို့ဘယ်လောက်ရန်ဖြစ်ဖြစ် သူ့ခင်ပွန်းက ဒီလိုစကားမျိုးမပြောဖူးဘူး။ သူ့ခင်ပွန်း ဒီလိုဖြစ်သွားတဲ့ထိ ကျန်းလန်ဟွာ ဘာလုပ်ခဲ့လို့လဲမသိဘူး။”

 

ထန်ချွန်းမင်က ထိုစကားကြားတော့ ​ပြောစရာပျောက်ရှသွားသည်။ ဒီနေ့ဘာတွေဖြစ်နေတာလဲ? ဖျင်ရှန်ရွာကြီး အသက်ဝင်နေသည်။ သူ့တွင် ကျန်းလန်ဟွာအတွက် ဘာထင်မြင်ချက်မှမရှိပေ။

ကျန်းလန်ဟွာ၏အချစ်ရေးကိစ္စကြောင့် ကျန်းလန်ဟွာ သူ့ခင်ပွန်းဆီမှာ အရိုက်ခံခဲ့ရတယ်လို့ ကျန်းရှို့ပြောပြတာကို မှတ်မိသေးသည်။ သူ့အမြင်တွင် ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုပြောဖို့ခက်ခဲသည်။ ကျန်းရှို့ဒီလိုတွေမပြောသင့်ဘူးလို့ သူပြောရမလား? ဤကိစ္စက ကျန်းလန်ဟွာ၏ အချစ်ရေးကိစ္စဖြစ်၏။

 

သို့သော် ယခုတစ်ခေါက်မှာ ကွာရှင်းရမည့်အခြေအနေသို့ ရောက်သွားမယ်လို့ သူမထင်ထားခဲ့ပေ။ ကျန်းလန်ဟွာကိုယ်တိုင်က ဆိုးရွာတာတစ်ခုခုလုပ်ခဲ့တယ်ဆိုရင် သူသနားသင့်လား? ဘယ်ဟုတ်မလဲ…. သူ့အတွက်တော့ သူတို့က အပြင်လူတွေဖြစ်ပြီး ကျန်းလန်ဟွာနှင့် ဝမ်ချွန်းဟွာက ရင်းနှီးသလို အကျင့်စရိုက်လည်းတူ၏။ သူ့မှာ ထိုသို့သော လူတစ်ယောက်ကို စာနာဖို့ထက် ပိုအရေးကြီးသော ကိစ္စများရှိသည်။

 

သူက ခေါင်းခါလိုက်ပြီး ထိုကိစ္စကို နောက်ချန်လိုက်သည်။ သူနဲ့ဘာဆိုင်လို့လဲ?

 

သို့ပေမယ့် ထန်ချွန်းမင်က အလွန်လျင်မြန်စွာ စိတ်အေးသွားပြီး သူမထင်ထားသည်မှာ ကျန်းလန်ဟွာက မွန်းလွဲပိုင်းတွင် ဒဏ်ရာအပြည့်ကိုယ်လုံးဖြင့် သူ့အိမ်တံခါးလာခေါက်တာကိုပင်။ သို့သည်တိုင် ထန်ချွန်းမင်က ကျန်းလန်ဟွာကို မမြင်ရသေးခင်မှာ လီဖုန်းက ကြားဖြတ်ဟန့်တားခဲ့သည်။

  

“မင်းအိမ်ထဲဝင်… ကိုယ်သူ့ကို ဘာကိစ္စရှိလဲမေးလိုက်မယ်။ သူက သူ့မိသားစုအရေးကို မင်းကိုဘာလို့ ဝင်စွက်ဖက်ခိုင်းတာလဲ?” လီဖုန်းက ရက်စက်ကြမ်းကြုတ်သော ကျန်းလန်ဟွာကို မင်ကောအာနှင့် ရင်းနှီးခွင့်မပေးနိုင်ပေ။

မင်ကောအာကို စိတ်ဓာတ်ကျအောင် မလုပ်နိုင်ဘူးလို့ ဘယ်သူသိမှာလဲ? လီဖုန်းက မင်ကောအာကို အန္တရာယ်ထဲ ကျရောက်ခွင့်ပေးမှာမဟုတ်ပေ။

 

ထန်ချွန်းမင်က အများကြီးမတွေးပဲ ပြောလိုက်သည်။ “ခင်ဗျားသွားပါ။ ကျွန်တော်အိမ်ထဲမသွားဘူး။ ခြံထဲမှာ လမ်းလျှောက်ချင်လို့”

ဟူလန်ကျုံး ညသန်းခေါင်မှာ သွေးခုန်နှုန်းလာတိုင်းစဥ်က သူက သူ့ကို ပိုလှုပ်ရှားဖို့ အထူးသတိပေးခဲ့သည်။ မဟုတ်ပါက ကလေးမွေးဖွားသည့်အခါ ခက်ခဲပေမည်။ ထန်ချွန်းမင်က ထိုအချိန်မှာ ဘယ်လိုအသုံးအနှုန်းကို အသုံးပြုရမလဲမသိခဲ့ပေ။

  

“ကောင်းပြီ..” ဟူလန်ကျုံး ညဘက် ရွာလူကြီးအိမ်ကိုရောက်ခဲ့စဥ်က လီဖုန်းကို ရောဂါရှာဖွေမှုရလဒ်ပြောပြခဲ့သည်။ လီဖုန်း မင်ကောအာကို ပိုဂရုစိုက်စေရန် သူတွေးပေးခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် ခင်ဗျားသွားတာကို ကြည့်နေမယ်။”

 

ထန်ချွန်းမင်က သူ့လက်ကိုခါယမ်းပြီး ခြံအသစ်ထဲ ဘဲတစ်ကောင်လို လျှောက်သွားခဲ့သည်။

 

ထန်ချွန်းမင်က နောက်ကိုလှည့်ကြည့်ကာ သူ့အသံကအားနည်းသွားသည်။ အဆုံးမှာ သူက ဘာတွေဖြစ်နေလဲသွားမကြည့်ခဲ့ပေ။ ကျန်းလန်ဟွာက သူ့ကိုအလွန်မုန်းတီးနေပုံရသည်။

သူက အဖြေရှာမရသဖြင့် မတွေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ လီဖုန်းရှိသည်။ ယခု သူ့ကို ပြင်ပကမ္ဘာမှ ကာကွယ်ပေးမည့် လူတစ်ယောက်ရှိတာ ကောင်းသည်ဟု ခံစားလိုက်ရသည်။

သူက ပြဿနာကိုမကြောက်ပေမယ့် ပြဿနာကိုဖြေရှင်းဖို့ အားထု​တ်ရမည်။ သူက စားခြင်း၊သောက်ခြင်း၊ အိပ်ခြင်းနှင့် ငွေရေတွက်ခြင်းတို့အတွက် ပိုသင့်တော်သည်။

 

ထန်ချွန်းမင်က သူအနာဂတ်မှာ ပိုအရှက်မဲ့လာမယ်လို့ တွေးထားပြီးသားဖြစ်၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment