no

Font
Theme

Chapter 31.1

“လု​ပ်အားပေးခွန်”

လီကျန့်က ထန်ချွန်းမင်၏အိမ်မှာနေပြီး စကားစမြည်ပြောဖို့ အချိန်မရှိပေ။ ရွာလူကြီးတစ်ယောက်အဖြစ် သူက အစိုးရအရာရှိများကို ကူညီပေးပြီး ရွာသားများနှင့် အရာရှိများကြားက ပဋိပက္ခများကို ညှိနှိုင်း​ဆောင်ရွက်ပေးခဲ့သည်။ သူ့အလုပ်က မလွယ်ကူပါပေ။

လီကျန့်နဲ့အစိုးရအရာရှိနှစ်ဦးကို ပြန်လွှတ်ပြီးနောက် ထန်ချွန်းမင်က အိမ်ထဲပြန်ဝင်လာပြီး အိမ်ထဲကမြင်ကွင်းကြောင့် စိတ်ရွှင်သွားသည်။ သူ့သားအားလင်းက ဧည့်သည်တွေကို ဧည့်ခံနေပြီး ကျင်းကျိစားသောက်ဆိုင်က ယူလာသော အစားစာများကို ထုတ်ယူလိုက်ပြီး ရှန်းဖူလန်ကို ကျွေးလိုက်သည်။ ရှန်းဖူလန်က စားနေရင်း သူ့လက်ထဲမှာ ကျားရုပ်ကို ကိုင်ထားသေးသည်။

သူက ထန်ချွန်းမင် ဝင်လာတာကိုတွေ့တော့ ဝမ်းသာအားရပြောလိုက်သည်။ “အားလင်းက လိမ္မာတယ်။ သူကြီးလာရင် သူလည်း သူ့အားမူလို စွမ်းဆောင်ရည်ရှိလိမ့်မယ်။”

အားလင်းက ချီးမွမ်းစကားကြောင့် ရှက်သွေးဖြာပြီး ကိုယ်ကိုတွန့်လိမ်ကာ သူ့အားမူဆီ ရောက်သွားသည်။ ထန်ချွန်းမင်က သူ့သားချီးကျူးခံရတာကို ပျော်သွားပြီး “သူလည်းလုပ်နိုင်တယ်”ဆိုသော အချက်ကို လက်ခံခဲ့သည်။ သူက သူ့သား၏မျက်နှာလေးကို ကိုင်ပြီး တစ်ကိုက်ကိုက်လိုက်ရာ အားလင်းက တခစ်ခစ်ထရယ်သည်။

ထန်ချွန်းမင်က သူ့သားကိုစနေရင်း ရှန်းဖူလန်ကို စကားပြောလိုက်သည်။ “ကျွန်တော် မနေ့ညက ဒီအကြောင်းမကြားလိုက်ဘူး။ ခင်ဗျားဘာလို့ရုတ်တရက်ရောက်လာတာလဲ? ဘယ်သူကမှ စိတ်မပြင်ထားလောက်ဘူး။ ပြီးတော့ ဒီနှစ်ရဲ့ လုပ်အားခွန်က ဘာလဲ?” ရွာသားတွေက စိတ်ညစ်နေသည်။ အိမ်ထောင်စုတိုင်း အခမဲ့အလုပ်ကြမ်းဖြစ်သည့် လုပ်အား​ပေးခွန်ကို နှစ်စဥ်နှစ်တိုင်း ပေးရမယ်လို့ အင်ပါယာတရားရုံးက ပြဋ္ဌာန်းထားသည်။ သူပေးခဲ့ရသည့် လုပ်အားပေးခွန်က ပုံမှန်အားဖြင့် သူ့နေရာမှာ အစားထိုးဖို့ အစိုးရဘက်က လူငှားပေးခြင်းဖြစ်သည်။ လုပ်အားပေးခွန်! သို့ပေမယ့် အဆုံးမှာ ဘယ်သူ့လက်ထဲပိုက်ဆံရောက်မလဲဆိုတာ ပြောရခက်မှန်း ထန်ချွန်းမင်သိသည်။

“ငါ့ခင်ပွန်းကလည်း ရုတ်တရက်လို့ပြောတယ်။ ငါ့ယောက်ဖက ဒီအကြောင်းဘာမှမပြောပြဘူး။” ရှန်းဖူလန်က သားအဖနှစ်​ယောက် ကစားနေတာကိုကြည့်ပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

“ငါတို့လိုသာမန်လူတွေက အစိုးရကိစ္စရပ်တွေကို မပြောနိုင်ဘူးလေ”

“ငါ့ယောက်ဖနဲ့ သူ့လက်အောက်ငယ်သားတွေကလည်း အထက်အမိန့်ကိုနားထောင်ပြီး သူတို့ပြောသမျှ လုပ်ကြရတယ်။ ဒါပေမယ့် ဒီနှစ်လုပ်အားပေးမှာက တခြားနှစ်တွေနဲ့ကွာတယ်။ အရင်တုန်းကတော့ မြစ်တွေကိုရှင်းပြီး အရာရှိလမ်းတွေကို ရှင်းလင်းရပေမယ့် ဒီနှစ်မှာတော့ သူတို့သွားရမယ့်နေရာက နည်းနည်းဝေးတယ်။ သူတို့ တင်းကျိုးကိုသွားရမှာ။”

“တစ်ဖ​က်မှာတော့ အဲ့ဒါက စစ်တန်းလျားအသစ်နဲ့ ပတ်သက်နေတယ်လို့ ငါ​ယောက်ဖက စာပို့ခဲ့တယ်။ ဒါပေမယ့် အတိအကျတော့မသိဘူး။”

“စစ်တန်းလျား?” ထန်ချွန်းမင်က အနည်းငယ်စပ်စုလိုက်သည်။ “တင်းကျိုးစီရင်စုမှာ တပ်စွဲထားတဲ့ အရာရှိနဲ့စစ်သားတွေရှိတယ်မလား? ဒီတန်းလျားအသစ်က ဘာဖြစ်လို့လဲ? ပြီးတော့ အစ်ကိုယွိမုကလည်း စစ်သားပဲမလား? သူတာဝန်ကျဦးမှာလား?”

လီဖုန်းနဲ့ ယွိမုက သာမန်စစ်သားတွေနဲ့မတူပေ။ အထူးသဖြင့် လီဖုန်းဖြစ်သည်။ သူက တည်ငြိမ်ပေမယ့် သူ၏အာနုဘော်ကြောင့် သူက စစ်တပ်ကိုဦးဆောင်ခဲ့တယ်လို့ ထန်ချွန်းမင်ခံစားရသည်။ သူက ထုတ်တော့မပြောပါပေ။ စဥ်းစားရင်းဖြင့် စိတ်ထဲမှာသာတွေးနေခဲ့သည်။

ရှန်းဖူလန်က ထန်ချွန်းမင်ကို လက်ဖြန့်ပြပြီး သူ့မေးခွန်းကိုတော့ မဖြေနိုင်ခဲ့ပေ။ သူက ထရပ်ကာ ဖုန်ခါပြီး ထွက်သွားလေသည်။

“မင်းက ပိုက်ဆံပေးပြီး ပြဿနာရှင်းသွားပေမယ့် တခြားသူတွေကတော့ အလွယ်တကူမပြီးလောက်ဘူး။”

“ငါ့ခင်ပွန်းအကူအညီလိုလား သွားကြည့်လိုက်ဦးမယ်။ မင်းခုမှပြန်ရောက်တော့ အလုပ်ရှုပ်နေမှာပေါ့။ နောက်မှစကားပြောကြမယ်။”

ထန်ချွန်းမင်က မတ်တပ်ထရပ်ကာ စားစရာတစ်ထုပ်ယူပြီး ရှန်းဖူလန်လက်ထဲထည့်ပေးလိုက်သည်။ “ကျွန်တော် ဒီနေ့မြို့ထဲက ကျင်းကျိစားသောက်ဆိုင်နဲ့ အလုပ်အဆင်ပြေလာခဲ့တယ်။ ဒါက သူတို့စားသောက်ဆိုင်ကလက်ဆောင်။ ခုကစပြီး အိမ်နောက်ဖေးက ဟင်းသီးဟင်းရွက်တွေကို သူတို့လာကောက်ကြမှာ။”

ထန်ချွန်းမင်က အခြေအနေကို အတိုချုံးရှင်းပြပြီး သူ့ကိုအမြဲစိတ်ပူနေသော ရှန်းဖူလန်ကို စိတ်သက်သာရာရစေခဲ့သည်။ ရှန်းဖူလန်က ထိုစကားကြားတော့ ပျော်ရွှင်သွားပြီး သူ့ကို ထပ်တလဲလဲချီးကျူးကာ အဆာပြေမုန့်ထုပ်ကိုလည်း မငြင်းခဲ့ပေ။

သူ တံခါးနားကိုရောက်တော့ ရှန်းဖူလန်က လှည့်ကြည့်ပြီး နေ့ခင်းက အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့သည်။

“ ကျောက်မိသားစုက ပြဿနာရှာပြန်ပြီ။ သူတို့အိမ်ကိုလာတဲ့ အစိုးရအရာရှိတွေတောင် သည်းမခံနိုင်ဖြစ်သွားတယ်။ ကျောက်မိသားစုရဲ့ တတိယဦးလေးလည်း မျက်နှာပျက်နေတယ်။”

အရင်နှစ်တွေမှာ တာဟူ့ဆီက ပိုက်ဆံတွေနဲ့ သူတို့မိသားစု၏ လုပ်အားပေးခွန်ကို ပေးချေခဲ့တာဖြစ်၏။ သို့ပေမယ့် ဤနှစ်မှာတော့ တာဟူမရှိတော့ပေ။ ဘိုးဘိုးကျောက်က ငွေထုတ်ဖို့ ချီတုံချတုံ့ဖြစ်နေတာကြောင့် အစိုးရအရာရှိတွေက ကျောက်တာနျိုနာမည်ကို ပြောခဲ့ပေမယ့် ဝမ်ချွန်းဟွာက သဘောမတူခဲ့ပေ။ သူ့ခင်ပွန်းက အလုပ်ကြမ်းမလုပ်နိုင်တာကိုသိသော ဝမ်ချွန်းဟွာက ဘိုးဘိုးကျောက်နဲ့အတူ ပြဿနာတက်ခဲ့သည်။

“ကံကောင်းလို့ပေါ့ မင်းဒီနေ့ မြို့ထဲသွားခဲ့တာ။ မဟုတ်ရင် မင်းအပြစ်လို့ပြောနေဦးမယ်။”

ထန်ချွန်းမင်က မျက်ခုံးပင့်ကာ နှာမှုတ်လိုက်သည်။ ၎င်းက စိတ်လှုပ်ရှားဖို့ကောင်းသည်။ သူ့မျက်လုံးတွေနဲ့မမြင်နိုင်ခဲ့တာ နှမြောစရာပဲ။ သူက မျက်လုံးကို ကျဥ်းမြောင်းလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ဒါဆို နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားလဲ? ဘိုးဘိုးကျောက်က ဉာဏ်နီဉာဏ်နက်များတယ်။ တတိယဦးလေးကလည်း ကောက်ကျစ်တယ်။ တစ်နှစ်လုံး ဦးလေးငယ်အတွက် ငွေအများကြီးသုံးခဲ့ပေမယ့် အဲ့ဒီသားကပဲ ငွေနည်းနည်းလေးတောင် မပေးချင်ဘူးဖြစ်နေတယ်။ အကြီးဆုံးအစ်ကိုကြီးပြဿနာရှာတာ မဆန်းတော့ပါဘူး။”

ရှန်းဖူလန်ကလည်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ မင်ကောအာက လူဆိုးတစ်ယောက်ဖြစ်၏။ ထိုစကားတွေကိုကြားတော့ သူက အကြီးဆုံးအစ်ကိုကို သနားနေပုံရသည်။ ဝမ်ချွန်းဟွာကြားသွားလျှင် ကျောက်မိသားစုက အနှေးနဲ့အမြန် ပြိုကွဲသွားလိမ့်မည်။ ယခုလည်း သူတို့အခြေအနေက ယိုင်နဲ့နေသည်။ သူက ထန်ချွန်းမင်၏လက်ကိုပုတ်ကာ ဆက်​ပြောလိုက်သည်။

“ဒီလူနှစ်ယောက်က ငွေအတွက် ရန်ဖြစ်ကြပေမယ့် အစိုးရအရာရှိတွေက သူတို့နဲ့ရန်ဖြစ်ဖို့ အချိန်မရှိလို့ စကားပြောပြီးတော့ ကျောက်တာနျိုကို ခေါ်သွားချင်ရုံပဲ။ နောက်တော့ဘာဖြစ်သွားလဲ မင်းသိလား…။ ကျောက်တာနျိုနဲ့ဝမ်ချွန်းဟွာ စကားများကြရော။ ကျောက်တာနျိုက သူလိုက်သွားရတော့မယ်လို့ပြောတော့ ဝမ်ချွန်းဟွာကလည်း ရှောင်ခွာသွားပုံပဲ။ ဝမ်ချွန်းဟွာ တိတ်တိတ်လေးပိုက်ဆံစုနေတာကို သူသိလို့ သူက ဝမ်ချွန်းဟွာကို ပိုက်ဆံထုတ်ပေးစေချင်ခဲ့တာ။ ဘိုးဘိုးးကျောက်ကလည်း ကျောက်တာနျိုနဲ့ ပူးပေါင်းပြီး ဝမ်ချွန်းဟွာက သူ့ဘိုးဘိုးနဲ့ စိတ်ဓာတ်တူတယ်လို့ပြောခဲ့တယ်။ သူက ငွေကိုင်ထားပြီးရင် သူ့ပိုက်ဆံကိုထိတဲ့လူက သေလူပဲတဲ့။ တာနျိုက ပိုက်ဆံမပေးရင် ဝမ်ချွန်းဟွာနဲ့ ကွဲမယ်လို့ပြောလို့ ဝမ်ချွန်းဟွာက​ ဒေါသထွက်သွားတယ်။”

ထန်ချွန်းမင်၏မျက်လုံးက ထိုစကားကြောင့် အေးခဲသွားသည်။ ဒါက ပြင်းထန်လွန်းသည်။ ယခင်က ကျောက်မိသားစုကို ထည့်မပြောလျှင်ပင် ကျောက်တာနျိုက ဝမ်ချွန်းဟွာကို ဘယ်လောက်ရို့ကျိုးလဲ ဖျင်ရှန်ရွာရှိ လူတိုင်းသိသည်။ ရွာထဲက ကောင်လေးတွေက ပျင်းရိညံ့ဖျင်းသည့် ကျောက်တာနျိုကို အထင်သေးသော်လည်း သူတို့က ဝမ်ချွန်းဟွာကို မထီမဲ့မြင်မပြုရဲပဲ ဝမ်ချွန်းဟွာ၏ သာယာသောဘဝကို အားကျခဲ့သည်။

ထိုသာယာသောဘဝက သူတို့ကိုထောက်ပံ့မယ့် လူတစ်ဦးလိုအပ်ပုံရသည်။ တာဝန်ယူမယ့်လူမရှိတော့တာနဲ့ ဘာဖြစ်သွားလဲ? နာခံရို့ကျိုးမှုနဲ့ ဂရုစိုက်မှုက အလဟဿဖြစ်ကုန်ပြီး လူတိုင်း၏ မျက်နှာအစစ်က ပေါ်ထွက်လာခဲ့သည်။

ထန်ချွန်းမင်က မူလပိုင်ရှင် မင်ကောအာအတွက် အမြဲတမ်းစိတ်မကောင်းဖြစ်ခဲ့သည်။ နွေဦးထွန်ယက်ခြင်းနှင့် လုပ်အားပေးခွန်နဲ့ပတ်သက်၍ နှစ်ဝက်အတွင်းမှာ မိသားစုဆက်ဆံရေးက ယိုယွင်းလာခဲ့သည်။ လူတွေကို ဒီထက်စိတ်ချမ်းသာစေမယ့် သတင်းဆိုတာမရှိတော့ပေ။

စိတ်သက်သာရာရသွားသော ထန်ချွန်းမင်က မျက်နှာပေါ်မှာ အံ့သြဟန်ဆောင်ကာ ပြောလိုက်သည်။ “ဒီအကြီးဆုံးအစ်ကိုက သူ့ကောလေးကိုအချစ်ဆုံးမလား? သူက သူ့ဇနီးကို ပိုက်ဆံမကိုင်ပဲ မွဲတေစေချင်တာလား?”

မင်ကာအာက ထိုမိသားစုကို တကယ်စာနာတာမဟုတ်ကြောင်း ရှန်းဖူလန်သိသည်။ သူကလည်း အပြုံးကိုအောင့်အီးကာ ပြောလိုက်ရသည်။

“မင်းမပြောနဲ့။ ဝမ်ချွန်းဟွာလက်ထဲမှာ ပိုက်ဆံရှိတာ တာနျိုတောင်မသိဘူး။ အစိုးရအရာရှိတွေထွက်သွားတော့ နှစ်​ယောက်သားရန်ဖြစ်နေတုန်းပဲ။ ဒီတော့ မင်းလည်း အိမ်မှာပဲ​ အေး​အေးဆေးဆေးနေပါ။ မင်းရဲ့လုံခြုံရေးကို ဂရုစိုက်ပြီး အိမ်က အဖိုးတန်ပစ္စည်းတွေကို သေချာသိမ်းထား။”

ဘဝကောင်းကို ဖြတ်သန်းနေရလျှင် တချို့လူတွေမနာလိုဖြစ်ကြမယ်ဆိုတာ ရှန်းဖူလန်က ထန်ချွန်းမင်ကို သတိပေးထားသည်။ ထို့အပြင် မင်ကောအာမှာ သားတစ်ယောက်ရှိပြီး လူအများက သူတို့လုံခြုံရေးကို ပို၍ပင်စိုးရိမ်နေသည်။ ကံအားလျော်စွာ ဖုန်းရှောင်ကျစ်က လုံးဝစိတ်မဝင်စားတာမဟုတ်ပါပဲ ယခုချိန်က အချိန်ကောင်းမဟုတ်သေးလို့ဖြစ်သည်။ တာဟူအတွက် ဝတ်ပြုဆုတောင်းခြင်းကာလ ပြီးဆုံးသွားမှဖြစ်မည်။

“သိပါတယ်။ ကျွန်တော်ဂရုစိုက်ပါ့မယ်။”

ထန်ချွန်းမင်က စိတ်ကောင်းဝင်နေသည်။ သူက သိုးနဲ့ကြက်အစာကျွေးရင်း သီချင်းညည်းလိုက်သည်။ သိပ်မကြာခင်မှာ တာမောင်းနှင့် အာမောင်းရောက်လာခဲ့သည်။ ယနေ့မှာ ထန်ချွန်းမင်က သူတို့အိမ်စာကို မကြည့်ပေးနိုင်သော်လည်း မနက်တုန်းက သူက သူတို့ကို စာလုံးကြီးများရေးခိုင်းခဲ့သည်။ ကလေးနှစ်ယောက်က ထန်ချွန်းမင်၏ စစ်ဆေးလို့ရအောင် နာခံစွာလိုက်လုပ်ခဲ့သည်။

“မင်အားမော့၊ ဦးလေးယွိက ထွက်သွားတော့မယ်လို့ ပြောတယ်။ ဦးလေးယွီနဲ့ ဦးလေးဖုန်းက ယုန်နဲ့ငှက်တွေကို ထုပ်ပိုးပြီး မင်အားမော့ကို ချက်ပေးခိုင်းဖို့ ယူလာမယ်လို့ပြောတယ်။ မင်အားမော့… ဦးလေးယွိက သွားတော့မှာတဲ့။ သူဘယ်သွားမှာလဲ? ဒီကိုပြန်လာမှာလား?” အာ​မောင်းက တဖျပ်ဖျပ်မေးသည်။ သူ့စိတ်က တာ​မောင်းနဲ့မတူပေ။ ၎င်းက သူရေးသည့် စာလုံးတွေမှတစ်ဆင့် မြင်သာပေမယ့် ယခုအရွယ်ကလေးတွေနဲ့ယှဥ်လျှင် သူက တည်​ငြိမ်လွန်းသည်။

  

“ထွက်သွားမယ်။?” ထန်ချွန်းမင်က အာမောင်း၏ခေါင်းကို ထိလိုက်သည်။ “ငါလည်းမသိဘူး။ အားမော့က မင်းဆီကပဲ သူတို့အကြောင်းသိရတာ။ ဒါပေမယ့် ဦးလေးယွိ ထွက်သွားရင်တောင် ဦးလေးဖုန်းရှိမှာမလား?” ဤကလေးက ယွိမုကိုချစ်သွားဖို့ နှစ်ရက်ထက်ပိုမကြာခဲ့ပေ။ အားလင်းကြားတော့ သူက မြေပြင်ပေါ်မှ ချက်ချင်းထလိုက်သည်။ သူက စားပွဲပေါ်မှ စားစရာနှစ်မျိုးကိုယူ​ကာ လက်မောင်းထဲပိုက်ပြီး သူ့အားမူကိုကြည့်ကာ ပြောလာသည်။ “ဖေဖေ…သား ဦးလေးယွိကို တွေ့ချင်တယ်။ အားလင်းက ဦးလေးယွိကို လွမ်းရတော့မှာ။”

  

“အင်း….ဦးလေးယွိကို သွားနှုတ်ဆက်လိုက်။ ဦးလေးယွိက သားကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်တယ်လို့လည်း ပြောလိုက်ပါ။” ထန်ချွန်းမင်က လက်ယမ်းပြပြီး သူတို့ကို အပြင်ထွက်ကစားခွင့်ပြုလိုက်သည်။ အာမောင်းက အားလင်းလက်ကိုဆွဲကာ ပြေးထွက်သွားပြီး တာမောင်းက သူတို့နောက်က လျှောက်ထွက်သွားခဲ့သည်။

 

ယွိမုက လီဖုန်း၏လက်အောက်ငယ်သားဆိုတာကို ထန်ချွန်းမင်နှင့် ကျန်းရှို့မသိကြပေ။ လီတာရှန့်က နှုတ်လုံပြီး သူက လျှို့ဝှက်ချက်ထိန်းသိမ်းရာမှာ အတော်ဆုံးဖြစ်သည်။ တာရှန်၏အမြင်တွင် ၎င်းက လီကျန့်ပင်မသိသော ကိစ္စတစ်ခုဖြစ်၍ သူတို့ကို မပြောပြတာအကောင်းဆုံးပင်။ သူက လီမိသားစုက လူတစ်ချို့ကို သဘောမကျသည့်အတွက် သူ့ကောလေးကိုတောင် မပြောပြခဲ့ပေ။

&&&&&&&&&

chapter 31,2

ထန်ချွန်းမင်က အိမ်နောက်ဖေးရှိ ဟင်းသီးဟင်းရွက်များကို ရေလောင်းနေသည်။ ခူးဆွတ်ပြီး စဥ်ဆက်မပြတ် ထိန်းသိမ်းထားသော ဟင်းသီးဟင်းရွက်များအပြင် တခြားသောအသီးအနှံများကိုလည်း စဥ်ဆက်မပြတ်စိုက်ပျိုးဖို့လိုသည်။ သူက နေရာလွတ်ထဲမှ ပျိုးပင်အသစ်များကို ​မြေပြင်ပေါ်မှာ စိုက်ပျိုးဖို့ ပြင်လိုက်သည်။ ၎င်းတို့က အချိန်တိုအတွင်း ကြီးပြင်းလာလိမ့်မည်။ သူ့မှာပိုက်ဆံရှိတော့ စိုက်ခင်းချဲ့ထွင်ရန် ဘေးကမြေတွေကို ဝယ်ယူဖို့စီစဥ်ခဲ့သည်။ မဟုတ်ပါက ဤမြေတစ်ဧကမှာ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များက အကန့်အသတ်ရှိလိမ့်မည်။ ထန့်မျိုးရိုးနာမည်နဲ့ အမျိုးသားက သူလိုချင်သလောက် လက်ခံပေးမယ်လို့ ပြောခဲ့တာကြောင့် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိတော့ပေ။

 

သူက အတွေးထဲနစ်မြောနေစဥ် ခြံတံခါးခေါက်သံကြားလိုက်ရသည်။ အိမ်မှာရှိသော ​ရှောင်ဟွာက အိမ်ကိုစောင့်နေပြီး အကြိမ်ရေအနည်းငယ်အော်လိုက်သည်။ ၎င်းက အသိမိတ်ဆွေလာနေတယ်လို့ ပိုင်ရှင်ကို သတိပေးခြင်းတစ်မျိုးဖြစ်ပြီး လူစိမ်းလာစဥ်ကနဲ့ ကွာခြားသည်။ ထန်ချွန်းမင်က အိမ်နောက်ဖေးမှထွက်လာပြီး ရှောင်ဟွာက သူ့ဆီပြေးလာကာ ချီးကျူးခံဖို့စောင့်နေသလို ခေါင်းနဲ့အမြီးကိုခါပြသည်။ ထန်ချွန်းမင်၏လက်ထဲမှ ခိုဥနဲ့တူသော ချယ်ရီသီးကြီးပေါ်လာပြီး ရှောင်ဟွာက ထခုန်လိုက်လေသည်။

 

တံခါးခေါက်သံမရှိတော့သလို အပြင်မှာ ယွိမု၏ ကျယ်လောင်သောအသံလည်း ထွက်မလာပေ။ ထန်ချွန်းမင်က အနည်းငယ် အံ့အားသင့်သွားသည်။ ဒီလူသန်ကြီးက ထွက်သွားတော့မှာမို့ အကျင့်ပြောင်းသွားတာလား? သူကြည့်ရတာ သီးခြားလူတစ်​ယောက်နဲ့လည်း မတူပေ။

 

သို့သော် တံခါးဖွင့်လိုက်သောအခါ ထန်ချွန်းမင်က ခဏတာအံ့အားသင့်သွားခဲ့သည်။ သူက ယွိမုလို့ ထင်ထားသော်လည်း ခြံရှေ့မှာ မျက်နှာတည်ဖြင့်ရပ်နေသော လီဖုန်းလို့မထင်ထားပေ။ သူက ထန်ချွန်းမင်ကိုတွေ့တော့ သူ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခုပေါ်လာ၏။

  

“မင်းအဆင်ပြေရဲ့လား?” လီဖုန်းက မဝံ့မရဲမေးလာသည်။

  

“ဟမ်?” ထန်ချွန်းမင်က ရှုပ်ထွေးသွားပြီး မျက်တောင်ခတ်ကာ ဖြေလိုက်သည်။ “အို… ကျွန်တော်ခြံထဲမှာ ဟင်းသီးဟင်းရွက်ဥယျာဥ်ကို ရေလောင်းနေတာ။ အသံကြားတာနဲ့ ချက်ချင်းရောက်လာဖို့ ကြာသွားတယ်။” သူ့ဗိုက်ကြီးက သူ့လှုပ်ရှားမှုများကို နှေးကွေးစေသည်။ ထိုအကြောင်းစဥ်းစားလိုက်တော့ ထန်ချွန်းမင်က ဝမ်းနည်းသည့်အမူအရာပေါ်လာ၍ လီဖုန်းက လန့်သွားသည်။ သူတကယ်အခက်အခဲဖြစ်နေတာလား? “မဟုတ်ပါဘူး။ ငါအဲ့ဒါကိုပြောနေတာမဟုတ်ဘူး။ နေ့လည်တုန်းက လုပ်အားပေးခွန်ဆောင်ဖို့ အစိုးရအရာရှိတွေလာခဲ့တယ်မလား။ ဒီမှာဘာဖြစ်သွားလဲ ငါမသိခဲ့ဘူး။”

.

 

လီဖုန်းက မျက်နှာတည်ဖြင့် ရှင်းပြပြီး သူ၏ဆိိုလိုရင်းကို ရှင်းလင်းခဲ့သည်။ ထန်ချွန်းမင်က လီဖုန်း၏မျက်နှာပေါ်က အမာရွတ်ကို စိုက်ကြည့်နေသည်။ လီဖုန်း၏ရှင်းပြချက်ကို နားထောင်ပြီး သူက ထိုအမူအရာမဲ့မျက််နှာကနေ ရှက်ရွံ့မှု၊ စိုးရိမ်မှုနှင့် မျှော်လင့်ချက်အဓိပ္ပါယ်ကို ဖတ်နိုင်ခဲ့သညိ။ ထန်ချွန်းမင်က ရုတ်တရက် ရင်ခုန်သွားခဲ့သည်။ သူ့စိတ်ထဲက ဗိလိန်ကြီးက ခေါင်းခါလိုက်ပြီး သူ့မျက်လုံးက တဝဲလည်လည်ဖြစ်နေ၏။ သူ့ရှေ့က မျက်နှာမှာ လုံးဝအမူအရာမရှိပဲ အကြောသေနေသော မျက်နှာတစ်ခုမျှသာဖြစ်သည်။

 

ထန်ချွန်းမင်က သူ့လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။ “ဘာမှမဖြစ်ပါဘူး။ ပိုက်ဆံပေးပြီးတော့ လီကျန့်က အစိုးရအရာရှိနှစ်ယောက်လုံးကို ပြန်ခေါ်သွားတယ်။ ဒါကြောင့် ခင်ဗျားစိတ်မပူပါနဲ့။ အစ်ကိုယွိမုက ဘယ်တော့သွားမှာလဲ? ဘာလို့ရုတ်တရက်ကြီးလဲ? သူ ဒီကိုပြန်လာဦးမှာလား? ဖျင်ရှန်ရွာကိုလေ။”

 

လီဖုန်းက သက်ပြင်းတစ်ချက်ချလိုက်ပေမယ့် စိတ်ကသိကအောက်ဖြစ်သွားပုံရပြီး ထွက်ပြေးချင်ခဲ့သည်။ ဒီလူက သူ့ကို စူးစိုက်ကြည့်နေပြီး လူတွေကို ရဲရဲတင်းတင်းကြည့်နိုင်သည်။ ကံအားလျော်စွာ သူက မြောက်ပိုင်းက လူရိုင်းတွေကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အများကြီးကြုံတွေ့ခဲ့ရသည်။ သို့ပေမယ့် တခြားတစ်ယောက်သာ သူ့ကို ယခုလိုကြည့်နေလျှင် လီဖုန်းက အေးစက်စက်ပြန်ကြည့်လိုက်မှာဖြစ်ပေမယ့် ယခုတော့ သူက တစ်ဖက်လူကို လန့်အောင်လုပ်မိမှာ ကြောက်နေသလို လှုပ်တောင်မလှုပ်ရဲပဲ ​ကြောင်တောင်တောင်ရပ်နေလေသည်။

 

တစ်ဖက်လူက ယွိမုအကြောင်းပြောလာတော့ လီဖုန်းက ထိုခွေးသူတောင်းစား ထွက်သွားတာကောင်းတယ်လို့ တိတ်တိတ်​လေးတွေးလိုက်သည်။ မဟုတ်ပါက သူက မျက်စိစပါးမွေးစူးစရာ ဖြစ်လာလိမ့်မည်။ အားလင်းအနိုင်ကျင့်ခံရပြီး ထန်ချွန်းမင် တုတ်တစ်ချောင်းနဲ့ ပြေးလာသည့်နေ့ကို မှတ်မိသေးသည်။ သူ့မျက်လုံးက ယွိမုကိုတွေ့တော့ ပြူးကျယ်သွားပြီး ယွိမုအပေါ် အထင်ကြီးလေးစားမှုကို မဖုံးကွယ်ခဲ့ပေ။ ၎င်းကို ယခုချိန်ပြန်တွေးကြည့်တော့ သိပ်အဆင်မပြေပေ။

  

“ယွိမုထွက်လာတာကြာပြီမို့ သူ တင်းကျိုးခရိုင်ကို ပြန်မသွားရင် တစ်ယောက်ယောက်က သူ့ကိုဒုက္ခပေးလိမ့်မယ်။ ဒီတော့ မထွက်သွားခင် ငါတို့ကို ထမင်းဟင်းချက်ပေးပါဦး။ နောက်ကျရင်တော့ အခြေအနေအပေါ်မူတည်တယ်။” အပြင်ထွက်ပြီး မျက်စိစပါးမွေးစူးစရာ မဖြစ်ဖို့အရေးကြီးသည်။ အနည်းဆုံးတော့ သူ ဒီလူကိုမရခင် ခဏလောက် ပျောက်သွားတာမျိုးပေါ့….

မဟုတ်ရင်တော့… အင်း!

အလုပ်ဖြုတ်ခံရပြီး ရက်ရက်စက်စက် မောင်းထုတ်ခံထားရသည့် ယွိမုက ခြံထဲမှာထိုင်ကာ သူ့ရင်ထဲမှာ ရုတ်တရက် အေးစိမ့်လာသည်။ သူ့ကို မြက်ခင်းပြင်ပေါ်က ဝံပုလွေတစ်ကောင်ကြည့်နေတယ်လို့ ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်ပြီး စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်လိုက်ပေမယ့် ဘာမှမတွေ့ခဲ့ပေ။ သားရဲနဲ့တူတဲ့ စက္ခုအာရုံဘယ်ရောက်သွားလဲ?

 

သူဌေးက သူ့ကိုပြန်ပို့ချင်နေတာလည်း မဆန်းပေ။ သို့ပေမယ့် သူဟာ စစ်တန်းလျား၌ ဝက်စာပဲစားရတော့မည်။ ယွိမုက ငိုချင်လာပြန်သည်။ သူလည်း သူ့သူဌေးလို အလုပ်ထွက်လိုက်ချင်၏။

 

“ကိစ္စမရှိပါဘူး။” ထန်ချွန်းမင်က လီဖုန်းသယ်ထားသည့် တောရိုင်းတိရစ္ဆာန်တွေကို ယူလိုက်ပြီး ချက်ပြုတ်ဖို့ အဆင်သင့်ဖြစ်နေသည်။ “ပြီးတော့ အရင်တိုင်းပဲ ကျွန်တော်ချက်ပြုတ်ပြီးရင် တာရှန်နဲ့ပို့ခိုင်းဖို့ အစ်ကိုရှို့ကိုပြောလိုက်ပါမယ်။”

  

“အင်း.. အဆင်ပြေတယ်” လီဖုန်းကရပ်လိုက်ပြီး သူ ထိုနေရာမှာ ရပ်မနေသင့်တော့ဘူးလို့တွေးကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ထန်ချွန်းမင်ကို ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းက တဝဲလည်နေကာ ပြောလိုက်၏။ “ငါမနက်ဖြန်လုပ်ပါ့မယ်။ လယ်ကွင်းထဲမှာ ဆည်မြောင်းသွယ်ဖို့ ရေကူသယ်ပေးမယ်။ အဲ့ဒါကတောင်ပေါ်မှာရှိတယ်။” သူက လက်ညိုးညွှန်ပြလိုက်ပြီး ထန်ချွန်းမင်၏တုံ့ပြန်မှုကိုမစောင့်ပဲ ရှောင်ထွက်သွားခဲ့သည်။

 

ထန်ချွန်းမင်က အနှီလူ ဘာကိုဆိုလိုတာလဲ နားမလည်နိုင်ခင် တခဏမျှ အံ့အားသင့်သွားခဲ့သည်။ ဟင်းချက်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပြန်ကူညီပေးမယ်လို့ ပြောသွားတာလား? ဒါိပေမယ့် သူက ဘာလို့ကောင်းကင်ကို ပျံတက်တော့မလို စိတ်မရှည်ဖြစ်နေတာလဲ?

 

သူအမြင်မှားတာဖြစ်မည်။ ထန်ချွန်းမင်က ခေါင်းကို တိတ်တိတ်လေး ခါယမ်းလိုက်ပြီး တံခါးပိတ်လိုက်သည်။ သူက လီဖုန်းနဲ့ စကားနည်းနည်းမျှ မပြောခဲ့ဖူးပေ။ ဦးလေးဖုန်းက အင်မတန်စည်းကမ်းကြီးတယ်လို့ တာ​မောင်းနဲ့ အာမောင်းက ပြောခဲ့ပြီး အားလင်းကတော့ ဦးလေးဖုန်း အရမ်းတော်တယ်လို့ ပြောခဲ့သည်။ ထို့ကြောင့် ထန်ချွန်းမင်က သူ့ကို အလွန်တင်းကျပ်သော နည်းပြတစ်ဦးလို့သာ တွေးထားပေမယ့် သူက အားနည်းသူကိုတော့ အလွန်ဂရုစိုက်တတ်ပုံရသည်။ သို့ပေမယ့် သူ့ကို ယနေ့တွေ့တော့ သူဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းသော လူတစ်ယောက်ဆိုတာကို တွေ့လိုက်သည်။

 

သူဘာတွေတွေးနေတာလဲ? ဘယ်လောက်ပဲ စိတ်ဝင်စားဖို့ကောင်းနေပါစေ သူက တစ်ဖက်လူ၏​နောက်ကျောကို ကြည့်ပြီး သွားရည်သာကျနိုင်သည်။ သူ့မှာ ခံစားချက်မရှိဘူးလို့ မဆိုလိုပေမယ့် သဘောတရားကို ကြည့်ရမည်။ လူလွတ်တစ်​ယောက်က မုဆိုးဖို ကလေးအဖေကို ဘယ်လိုလက်ခံနိုင်မှာလဲ? သူက သူ့ကိုယ်သူ နှိမ့်ချနေတာတော့မဟုတ်ပေမယ့် သူဟာ အတင့်ရဲပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေချင်တာကြောင့် အလိုက်အထိုက်သွားလိုက်တာ ပိုကောင်းသည်။

 

သူ့လက်ထဲက တောရိုင်းတိရစ္ဆာန်တွေကို ကြည့်လိုက်တော့ ထန်ချွန်းမင်က သွားရည်ယိုသွားပြန်သည်။ သူက ယုန်သားကြော် စပ်စပ်ကလေးနှင့် စင်းကောစပ်စပ်ကလေးလည်း စားချင်သည်။ သို့ပေမယ့် လက်တွေ့က စိတ်ပျက်စရာကောင်းလှသည်။ သူက သူ့စိတ်ထဲက မှတ်ဉာဏ်တွေကို ရှာလိုက်ပေမယ့် ဘာမှရှာမတွေ့ပေ။ ယခုချိန်တွင် ငရုတ်သီးမပေါ်သေးတာကြောင့် သူ့နေရာလွတ်ထဲက ငရုတ်သီးကို ထုတ်လို့မရပေ။ တခြားသော ပစ္စည်းကောင်းများကလည်း ထန်ချွန်းမင်ကို တာ့တာပြကာ နှုတ်ဆက်နေသဖြင့် ထန်ချွန်းမင်၏မျက်လုံးက နီရဲလာသည်။

 

မဟုတ်ဘူး! ထန်ချွန်းမင်က လက်သီးဆုပ်လိုက်ပြီး ငရုတ်သီးကို ဤကမ္ဘာနှင့် မိတ်ဆက်ပေးကာ လူထောင်ပေါင်းများစွာ၏ ရင်ထဲဝင်ရောက်နိုင်စေရန် နည်းလမ်းရှာဖို့ ဆုံးဖြတ်ခဲ့သည်။

 

ဤညစာက ယွိမုအတွက် နှုတ်ဆက်ပွဲဖြစ်သည်။ ထန်ချွန်းမင်က ခမ်းခမ်းနားနား လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ထားသည်။ သူက လီဖုန်းပေးခဲ့သော အသားများကို အနောက်ခြံထဲက ဟင်းသီးဟင်းရွက်များနှင့် ပေါင်းစပ်ကာ အကြော်၊အပြုတ်၊ မွှေကြော်နှင့် အကင်များ ပြုလုပ်လိုက်သည်။ စားပွဲတစ်ခုလုံးမှာ လူတွေကို သွားရည်ယိုစေမည့် ဟင်းလျာများချထားလိုက်သည်။ ၎င်းကြောင့်ပင် ယွိမုက ထွက်သွားဖို့ ချီတုံချတုံဖြစ်သွားခဲ့သည်။ လီဖုန်းက သူ့မျက်နှာအမူအရာကိုကြည့်ကာ ကြမ်းပြင်ပေါ်ကန်ချလိုက်သည်။

 

ရာသီဥတု ပူလာသည်နှင့်အမျှ နေ့တာပိုရှည်လာခဲ့သည်။ ရှေးခေတ်၌ ကျေးလက်နေပြည်သူများက ညအချိန်တွင် ​ဖျော်ဖြေရေးအမျိုးအစား သိပ်မရှိပဲ မမှောင်ခင် အိမ်ပြန်ညစာစားလေ့ရှိသည်။ လုံးဝမှောင်သွားပြီးနောက် သူတို့က စောင်ခြုံကာ အိပ်ရာဝင်ကြသည်။

ယနေ့လူတိုင်းကို စိတ်ထိခိုက်စေရန် အစိုးရအရာရှိများ ရောက်ရှိလာပြီး လူအများစုမှာ ဝမ်းနည်း​ကြေကွဲနေသော အမူအရာများရှိသည်။ ကောင်းကင်ကြီးမှောင်လာတာကိုတွေ့တော့ လူတော်တော်များများက ညစာစားရင်း အလုပ်ရှုပ်နေပြီး မီးထွန်းဖို့ပင် ဝန်လေးနေကြသည်။ ဆင်းရဲဒုက္ခများကို ခံစားပြီး ပင်ပန်းနွမ်းနယ်နေသူများက ပိုခက်ခဲသောဘဝကို ရှင်သန်ရမှာဖြစ်၏။ မီးထွန်းတာကလည်း ဆီကုန်စေတာမို့ အသုံးစရိတ်လျှော့ချရန် ချွေတာတတ်ဖို့လိုသည်။

 

လုပ်အားပေးကာလက တစ်လသာဖြစ်သော်လည်း သူတို့လု​​ပ်ရမည့်အလုပ်က ညစ်ပတ်ပြီး အပင်ပန်းဆုံးဖြစ်တာကြောင့် လုပ်အားပေးခွန်နဲ့ ပတ်သက်ပြီး အများစုက ဒေါသထွက်နေကြသည်။ ထို့အပြင် စားဝတ်နေရေးကလည်း အဆင်မပြေပေ။ ရွာထဲက လူတွေက နှစ်စဥ်နှစ်တိုင်း အပြင်ထွက်ရ​ပြီး ပြန်လာလျှင် ကိုယ်အလေးချိန် ကျဆင်းလာခဲ့သည်။ အမျိုးသားတစ်ယောက်က ဘယ်လောက်ပဲ သန်မာပါစေ တစ်နှစ်ပတ်လုံး ဆင်းရဲဒုက္ခကို မခံနိုင်ပေ။

 

ညစာစားဖို့ ရောက်လာသော ကျန်းရှို့ကလည်း ဝမ်းနည်းနေခဲ့သည်။ သူက တောင်ပေါ်တက်ပြီး ဆင်းရဲဒုက္ခမခံချင်တာကြောင့် ယနေ့မှာ ငွေပေးဆောင်ခဲ့သည်။ ဟင်းလျာအပြည့် စားပွဲကို မြင်လိုက်သောအခါ သူက စိတ်လှုပ်ရှားသွားခဲ့ပြီး တာမောင်းနှင့် အာမောင်းသည်လည်း အားပါးတရစားကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေ၏။ ဘယ်လိုပဲဖြစ်စေ မိသားစုတစ်ခုလုံးက တခြားအရာတွေထက် ပိုကောင်းပါ၏။

  

“အများကြီးမတွေးနဲ့။” ထန်ချွန်းမင်က အားလင်းအတွက် အသားလှီးပေးနေစဥ် ကျန်းရှို့ကိုပြောလိုက်၏။ “အစ်ကိုငွေပြတ်နေရင် ကျွန်တော့်မှာ နည်းနည်းရှိတယ်။ ယူသုံးလိုက်ပါ။ ကျွန်တော်အစ်ကို့ကိုယုံတယ်။ ဝင်ငွေလမ်းကြောင်းသိပ်မရှိဘူးဆိုရင် ခင်ဗျားနဲ့ မော့ကောအာ ခြံထဲမှာ အသီးအရွက် နည်းနည်းလောက် စိုက်ကြပါလား? ပြီးရင် ကျင်းကျိကိုပြပြီး စျေးသတ်မှတ်ဖို့ ပြောလိုက်မယ်လေ။ ကျွန်တော်က ပျိုးပင်တွေ ထောက်ပံ့ပါမယ်။”

“ရေခပ်ပြီး တောင်ပေါ်မှာ ထင်းသွားသယ်ရတာက ခင်ဗျားတို့မိသားစုအတွက် ခက်ခဲမှာပဲ။ ကျွန်တော် ခင်ဗျားတို့မရှိရင် အသက်ရှင်နိုင်ခဲ့မှာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ ဆောင်းရာသီကိုလည်း ကြံ့ကြံ့ခံရဦးမှာ။”

 

၎င်းက အမှန်တရားဖြစ်သည်။ ချမ်းအေးသောရာသီမှာ ခန်းကိုအပူပေးဖို့ ထင်းသုံးပြီး ချွေတာလို့မရပေ။ ယခုချိန်မှာ ထင်းအသုံးပြုမှုနည်းပါးသော်လည်း ရာသီဥတုပူနွေးလာသောအခါ ရေသုံးစွဲမှုက မြှင့်တက်လာသည်။ အိမ်မှာရေတွင်းမတူးနိုင်ခင်အထိ တောင်ပေါ်က ရေကို အားကိုးရလိမ့်မည်။ ထန်ချွန်းမင်က သူတို့ကို ငွေစကားမပြောပဲ တခြားနည်းနဲ့ ကူညီပေးဖို့ နည်းလမ်းရှာခဲ့သည်။

ဘယ်သူကမှ မျက်စိစုံမှိတ် ယုံကြည်လို့မရပေ။ တစ်ခါတစ်လေ ပြတ်သားစွာ​ ဖြေရှင်းသင့်သည်ဟု ဆိုကြသော်လည်း တစ်ခါတစ်လေ ပွင့်လင်းခြင်းက တစ်ပါးသူ၏ ခံစားချက်ကို ထိခိုက်စေနိုင်သည်။ ယင်းမှာ ကျန်းရှို့၏ မိသားစုအပေါ်လည်း မူတည်သည်။ ထန်ချွန်းမင်က တာမောင်းနဲ့ အာမောင်းကို စာသင်ပေးခဲ့သော်လည်း ကျန်းရှို့နဲ့ တာရှန်က ၎င်းတို့ကို အလေးမထားခဲ့ပေ။ ဤအတိုင်းသာဆိုလျှင် ထန်ချွန်းမင်နှင့် သူတို့ဆက်ဆံရေးက တဖြည်းဖြည်း အေးခဲသွားလိမ့်မည်။

  

“ဒါပေမယ့် အဆင်ပြေပါ့မလား?” ကျန်းရှို့က ရင်ထဲထိသွားပေမယ့် စိတ်ပူနေသည်။ “ငါ မင်းရဲ့စီးပွားရေးကို အနှောင့်ယှက်မပေးပါဘူး။ ငါအဲ့လိုမလုပ်နိုင်ဘူး။”

 

ထန်ချွန်းမင်က နှာမှုတ်ကာ ပြောလိုက်၏။ “ကျွန်တော်က တူညီတဲ့စျေးနှုန်းနဲ့ ကျင်းကျိကိုရောင်းဖို့ တွန်းအားပေးနေတာမဟုတ်ပါဘူး။ ကျွန်တော်က ပျိုးပင်နဲ့ မျိုးစေ့တွေထောက်ပံ့ပေးမှာဆိုပေမယ့် ဟင်းသီးဟင်းရွက်တွေက ကျွန်တော့်လောက်တော့ ကောင်းမှာမဟုတ်ဘူး။ တခြားသူတွေထက်​တော့ကောင်းမှာပါ။ ဒါကြောင့် ကျင်းကျိစားသောက်ဆိုင်ကို အရင်ပြပြီး သူတို့လိုချင်လား မေးလိုက်မယ်။ သူတို့လိုချင်ရင် ရောင်းလိုက်မယ်။ မလိုချင်ရင်တော့ တခြားဟင်းသီးဟင်းရွက်တွေထက် စျေးနည်းနည်းပိုတင်ပြီး ရောင်းလို့ရတယ်။ အဲ့ဒါက မိသားစုဝင်ငွေကို ဖြည့်စည်းပေးနိုင်လိမ့်မယ်။”

 

ထန်ချွန်းမင်က သူတစ်ယောက်တည်း ချမ်းသာလာဖို့ နည်းလမ်းကို မစဥ်းစားပေ။ သူက ကျေးဇူးတရားသိတတ်သူဖြစ်၍ သူ့ကို ကူညီပေးခဲ့သည့် လူတွေကို လက်တစ်ဖက်ကမ်းပေးချင်သည်။ ဒါမှ အနာဂတ်မှာ သူတစ်ခုခုဖြစ်လျှင် သူတို့က သူ့ဘက်မှာရှိပြီး သူ့ကိုတစ်ယောက်တည်း လွှတ်ထားမှာမဟုတ်ပေ။ သူတစ်ယောက်တည်း ကောင်းကောင်းမွန်မွန်နေရဖို့ ဂရုစိုက်နေလျှင် သူ့ကို အရင်က ကူညီပေးခဲ့သူများသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အေးစက်လာလိမ့်မည်။

 

ဘယ်လိုပဲဖြစ်စေ ထန်ချွန်းမင်က ဖျင်ရှန်ရွာမှထွက်ပြီး တခြားနေရာများကိုသွားဖို့ မစဥ်းစားခဲ့ပေ။ သူ့သားတွေက နောင်မှာ ဤနေရာ၌ အ​ခြေချမှာဖြစ်၍ သူက ရွာနဲ့ဆက်ဆံရေးကို ဖျက်စီးလို့မဖြစ်ပေ။ သူ့မှာလည်း သူ့အကန့်သတ်ရှိသည်။ သူ​အရမ်းလွန်သွားလျှင် နေရာပြောင်းဖို့မလွယ်ပေ။

  

“ဒါက…” ကျန်းရှို့က သွေးဆောင်ခံလိုက်ရပြီး လေးလေးနက်နက် စဥ်းစားလိုက်သည်။ “ကောင်းပြီ… ငါမင်းကောအာကို အခွင့်အရေးယူလိုက်မယ်။ ဒါပေမယ့် ငါနဲ့​ မော့ကောအာက မင်းဆီက ပျိုးပင်တွေကို ဝယ်မယ်။ မငြင်းလိုက်ပါနဲ့။ မဟုတ်ရင် တခြားသူတွေ မင်းဆီက ပျိုးပင်တွေလာတောင်းရင် ဘယ်လိုလု​ပ်မလဲ? မင်းသူတို့ကို​ ပေးလိုက်မှာလား? ဒါဆို မင်းက အရောင်းလမ်းကြောင်းတွေကို ရှာရမှာပေါ့။ ဒီလိုဆို ရေရှည်အဆင်ပြေမှာမဟုတ်ဘူး။ ကျောက်မိသားစုလိုပဲ မင်းလည်း ဒုတိယတာဟူ ဖြစ်သွားလိမ့်မယ်။”

 

ထန်ချွန်းမင်ကရယ်မောပြီး ဝမ်းသာအားရပြောလိုက်သည်။ “ကောင်းပါပြီ။ ဒါပေမယ့် ခင်ဗျားက အတွင်းလူဆိုတော့ အဆင်ပြေပါတယ်။ ကျွန်တော်က သူတို့လိုအပြင်လူတွေနဲ့ စည်းခြားထားမှာပါ။ အားလုံးအတွက် လွယ်တဲ့သူမဖြစ်စေရပါဘူး။”

  

“ဘာ! အပြင်လူနဲ့ အတွင်းလူဆိုတာ ဘာကိုဆိိုလိုတာလဲ? မင်းအရမ်းပေါက်ကရပြောတတ်တာပဲ။” ကျန်းရှို့က ရှက်သွေးဖြာနေသည်။ ဤအတွင်းလူဆိုတာ လင်မယားကြားရှိ ဆက်ဆံရေးကို ရည်ညွှန်းသည်။

  

“ဟားဟား…” ထန်ချွန်းမင်က ကျန်းရှို့ပုံစံကြောင့် အူမြူးနေပြီး သူက ကျန်းရှို့၏မျက်နှာကို လှန်းထိကာ ရယ်မောလိုက်သည်။

 

တာမောင်းက အသက်နည်းနည်းကြီး၍ လူကြီးတွေကြားက တချို့ကိစ္စတွေကို နားလည်သည်။ ဤမြင်ကွင်းက ထိတ်လန့်စရာကောင်းတာကြောင့် သူ့ပါးစပ်ထဲက အသားတုံးပြုံးကျသွားပြီး သူ့ရင်ဘတ်က ​တုန်ခါလာသည်။ သူ့အားမူက မင်အားမော့ရဲ့ အသားယူခံလိုက်ရတယ်….! အဖေသိရင် ဘယ်လိုလုပ်မလဲ?

  

“ငါမင်းကို​ကြောက်လာပြီ! ကောတစ်ယောက်လို ပြုမူစမ်းပါ။ ငါ့ကို တစ်နေကုန် နှောင့်ယှက်မနေနဲ့!” ကျန်းရှို့က ရှက်ကိုးရှက်ကန်းဖြင့် ဆူပူလိုက်ပြီး ကြည့်ကောင်းနေသော မင်ကောအာကို အပြစ်တင်နေ၏။

 

ထိုအချိန်တွင် သူတို့ခြေထောက်အောက်မှာ လဲလျောင်းနေသော ​ရှောင်ဟွာက အရိုးကိုက်နေပြီး ရုတ်တရက် ထဟောင်သည်။ ထန်ချွန်းမင်နှင့် ကျန်းရှို့က စနောက်နေတာရပ်လိုက်သည်။ သူတို့က အပြင်ကအသံကို နားထောင်ကာ တူတွေကိုချလိုက်သည်။ ဘယ်မိသားစုက ပြဿနာရှာနေတာလဲ?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment