Chapter 37.1
ထန်ချွန်းမင်က လီဖုန်း၏လုပ်ရပ်ကို သတိထားမိ၍ ရွာထဲက ကောလာဟလများကို လျစ်လျူရှုလိုက်လေသည်။ သူတို့က “မင်ကောအာ လီမိသားစုက ကောင်လေးနဲ့ ငြိစွန်းနေကြတယ်”လို့သာ ပြောလိမ့်မည်။ ကောလာဟလဘယ်လိုဖြန့်ပါစေ သူက သူ့ကို အိမ်ထဲဝင်ဖို့ တွန်းအားပေးခဲ့တာမဟုတ်ပေ။
ထိုနေ့မှစ၍ အပြင်ပိုင်းတွင် ဖြောင့်မတ်ပြီး အတွင်းကောက်သော ထိုလူက သူ့အိမ်ကို အလည်လာဖို့ မရှက်တော့ချေ။ မနက်အစောတွင် တစ်ယောက်ယောက်က တံခါးလာခေါက်ခဲ့သည်။ ထန်ချွန်းမင် ဖွင့်လိုက်တော့ တံခါးဝမှာ ထင်းတစ်စည်းနဲ့ ရပ်နေသော လီဖုန်းကို တွေ့လိုက်ရသည်။ သူ့ကိုတွေ့တော့ ထိုလူက ထန်ချွန်းမင်ကို ခေါင်းစခြေဆုံး နက်မှောင်သောမျက်ဝန်းဖြင့် စစ်ဆေးကာ ထင်းသယ်ရင်း ခြံထဲသို့လျှောက်ဝင်လိုက်သည်။ သူက ထိုလူ ထင်းခုတ်ဖို့ပြင်နေတာကို တွေ့လိုက်ရသည်။
ဘာလဲ. ဒါဘယ်သူ့အိမ်လဲ လီဖုန်းသိသေးရဲ့လား?
သူ ပေစောင်းစောင်းကြည့်ပြီး မမေးခင်မှာ အားလင်းက ဝမ်းသားအားရပြေးလာပြီး သူ့ဦးလေးဖုန်းကို ခုန်အုပ်လိုက်လေသည်။ ထန်ချွန်းမင်က မနာလိုဖြစ်သွား၏။ ဤလူက သူ့သား၏နှလုံးသားကို ခိုးသွားဖို့ အချိန်သိပ်မလိုခဲ့ပေ။ သူတို့နှစ်ယောက်ပျော်နေတာကိုကြည့်ပြီး ထန်ချွန်းမင်က သူ့ခါးကိုကိုင်ကာ သိုးနို့ညှစ်ဖို့ ရှေ့ဆက်လျှောက်သွားလိုက်သည်။
သူ့သားက လီဖုန်းနဲ့ ဘာလို့ဒီလောက်ရင်းနှီးနေလဲ ထန်ချွန်းမင်သိသည်။ လီဖုန်း၏ပုံရိပ်က အားလင်း၏စိတ်ထဲတွင် ဖခင်တစ်ယောက်၏ပုံသဏ္ဍန်နှင့် လိုက်လျောညီထွေ ဖြစ်နေနိုင်သည်။ အတိတ်မှာ ကျောက်တာဟူက အပြင်ပိုင်း၌ နာမည်ကြီးသော်လည်း အားလင်းက အိမ်မှာ သူ့မွေးဖခင်နဲ့ သိပ်မရင်းနှီးခဲ့ပေ။ ထန်ချွန်းမင်၏အမြင်တွင် ကျောက်တာဟူက သူ့တူလေးဖြစ်သည့် ကျောက်သုန့်ကဲ့သို့ သူ့သားအရင်း အားလင်းနှင့် မရင်းနှီးခဲ့ပေ။ ကောများထက် အမျိုးသားများကို တန်ဖိုးထားသော ကျောက်မိသားစု၏ ရိုးရာဓလေ့ကြောင့် သူ လွှမ်းမိုးခံခဲ့ရတာဖြစ်နိုင်သည်။ အားလင်းက အပြင်လူများ၏ အနိုင်ကျင့်ခြင်းနှင့် အပြစ်တင်ခြင်းကို ခံရသောအခါဝယ် သူ့ဖခင်က သူ့ရှေ့ကနေ ကာကွယ်ပေးတာရှား၏။ ထိုအစား သူက ငယ်ရွယ်သည့်ကလေးကို မသိနားမလည်လို့ အပြစ်တင်ခဲ့သေးသည်။ မင်ကောအာ၏မှတ်ဉာဏ်ထဲတွင် အားလင်းကို အတတ်နိုင်ဆုံး အိမ်မှာနေခိုင်းပြီး သူ့ဘေး၌ထားခဲ့ရသည်။
လီဖုန်းက အားလင်းကို ပထမဆုံးအကြိမ် တွေ့ခဲ့စဥ်ကလည်း သူသည် အားလင်းရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်။ ထို့အပြင် သူ့အားမူနဲ့ သူ့ကို အနိုင်ကျင့်သူများကိုလည်း မောင်းထုတ်ခဲ့သည်။ သို့ဖြစ်၍ လီဖုန်းက တခြားကလေးများ၏အမြင်တွင် ကြမ်းတမ်းခက်ထန်သော ပုံရိပ်ရှိသော်လည်း အားလင်းအတွက်တော့ သူက သူ့အားမူနှင့် သူ့ကို ကာကွယ်ပေးမယ့်လူဖြစ်သည်။
သိပ်မကြာခင်မှာပဲ ကျန်းရှို့က တာရှန်နဲ့အတူတူရောက်လာခဲ့သည်။ ထန်ချွန်းမင်က မေးသောအခါ တာရှန်က မနက်စောစောစီးစီး ဘာလို့ရောက်လာခဲ့လဲ နားလည်သွားခဲ့သည်။ တာရှန်က အစောပိုင်းတွင် တောင်ပေါ်မှာ ထင်းကောက်ခဲ့ပေမယ့် လီဖုန်းက ယူဆောင်လာပေးခဲ့တာဖြစ်၏။ ထင်းရရှိပြီးနောက် တာရှန်က ထန်ချွန်းမင်ကို ပို့ပေးရမှာဖြစ်၏။ နှစ်ယောက်သားက ထန်ချွန်းမင်၏နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ပြီး ထိုကိစ္စကို လျှို့ဝှက်ထားခဲ့သည်။ သို့သော် ယနေ့မှာ တာရှန်က လီဖုနးကိုစောင့်နေပေမယ့် အိမ်မှာဘယ်သူမှမရှိပေ။ သို့ဖြစ်၍ သူက ထန်ချွန်းမင်၏နေရာမှာ လာရှာခဲ့ခြင်းဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အနှီလူသည် ထန်ချွန်းမင်၏အိမ်မှာ ထင်းခုတ်နေပြီဖြစ်ကြောင်း တွေ့ခဲ့ရသည်။
လျစ်လျူရှုထားသည့်ဟန်မရှိသော လီဖုန်းကိုကြည့်ကာ ရိုးသားသောတာရှန်က လီဖုန်း၏တုံးအမှုကို မခံမရပ်နိုင်ဖြစ်ခဲ့သည်။ ဆက်ကြည့်နေရင် မျက်လုံးကန်းသွားမှာစိုး၍ သူက အိမ်အမြန်ပြန်ခဲ့ပြီး ကျန်းရှို့ကလည်း သူ့နောက်ကနေ အဓိပ္ပါယ်ပါသော အပြုံးတစ်ခုဖြင့် လိုက်လာခဲ့သည်။ ထန်ချွန်းမင်က ကောင်းကင်ကို တိတ်တဆိတ်မော့ကြည့်လိုက်သည်။ ရှေးလူကြီးတွေက ရှေးရိုးဆန်လွန်းမနေဘူးလား? ဒါကြီးကို လက်ခံလို့ရလား?
ကောလာဟလများက ရွာထဲမှာ အမြန်ပျံ့နှံ့နေပြီး ပထမနေ့ကဖြစ်ရပ်သည် ဒုတိယနေ့တစ်လျှောက်လုံး ပျံ့နှံ့နေခဲ့သည်။ ဒါကြောင့် ရှန်းဖူလန်က နောက်နေ့မှာ အလျင်စလိုရောက်လာခဲ့ပြီး လီဖုန်းက ထန်ချွန်းမင်အား သိုးခြံကူရှင်းပေးနေသည်ကို သူတွေ့သောအခါ သူက ထန်ချွန်းမင်ကို အပြုံးတစ်ခုဖြင့်ပြောလိုက်၏။ “အခု ငါစိတ်သက်သာရာရပါပြီ။ ဒီလောက်ကြီးတဲ့ဥယျာဥ်ကို မင်းတစ်ယောက်တည်း စီမံခန့်ခွဲပြီး ဘေးမကင်းမှာကို ငါတို့စိုးရိမ်နေခဲ့တာ။ ဒါပေမယ့် အခု ဒါတွေအားလုံးကို ဖုန်းရှောင်ကျစ်နဲ့ လွှဲထားလိုက်ပါ။ မင်းက မင်းရဲ့ခန္ဓာကိုယ်ကိုပဲ ဂရုစိုက်ပြီး ကလေးမွေးပြီးတဲ့အခါ အမြန်ဆုံးလက်ထပ်လို့ရတယ်။”
ထန်ချွန်းမင်က တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရသည်။ ယခင်က သူသည် ပိုးပန်းခံနေရခြင်း အနတ္တကို ခံစားနေသော်လည်း ယခုချိန်မှာ ကျေနပ်မနေသင့်ပဲ လက်ထပ်ဖို့အချိန်ကျပြီး တစ်စုံတစ်ဦး၏ မျိုးရိုးနာမည်ကို ခံယူရမည့်အချိန်ထိ စောင့်ဆိုင်းရမည်ဟု ပြောလာခဲ့သည်။ ထန်ချွန်းမင်က မှင်တက်စွာမေးလိုက်သည်။ “အရမ်းမြန်မနေဘူးလား? ကျွန်တော် အဲ့လောက်မြန်မြန်လက်ထပ်ဖို့ မရည်ရွယ်ထားဘူး။ ပြီးတော့ ကျွန်တော် အားလင်းအတွက် ပထွေးရှာရင် အားလင်းက လက်ခံပါ့မလား?”
“အရမ်းမြန်တယ်? တချို့လူတွေက အကြာကြီးမစောင့်ချင်ပဲ မြန်မြန်လုပ်ချင်ကြတယ်။ ဒီလိုမှမဟုတ်ရင် သူက မနေ့ကလို ဘာလို့လုပ်ခဲ့မှာလဲ? သူက မင်းအိမ်တံခါးဝမှာ အောင်သွယ်တော်ကိုတွေ့တော့ ဒေါသထွက်ပြီး စိတ်ဆိုးနေတာ။ ပြီးတော့ အခု မင်းနဲ့လီဖုန်းက တစ်အိမ်တည်းမှာ တူတူရှိနေတာ။ ငါတို့အမြင်မှာ မင်းတို့က မိသားစုနဲ့တူတယ်။ မင်းရဲ့ ဝတ်ပြုဆုတောင်းကာလပြီးလို့ တစ်ခုခုအမြန်မလုပ်ရင် မင်းနာမည်ပျက်သွားလိမ့်မယ်။” ရှန်းဖူလန်က မျက်လွှာပင့်ကာ သူ့နောက်က လီဖုန်းကိုကြည့်လိုက်သည်။ မင်ကောအာ၏စကားကိုကြားတော့ အပေါ်ကို တွန့်တက်တော့မည့် ဖုန်းရှောင်ကျစ်၏ နှုတ်ခမ်းက ရပ်တန့်သွားခဲ့သည်။
“ဒါဘာကိုဆိုလိုတာလဲ? ကျွန်တော်က ဘာလို့နာမည်ပျက်မှာလဲ?” ထန်ချွန်းမင်က ရှုပ်ထွေးသွားသည်။ သူ့အတွေးတွေက လက်တွေ့နဲ့ ကွာခြားနေတာလား?
“မင်း ဖုန်းရှောင်ကျစ်နဲ့အတူရှိပြီး ကိစ္စတွေကို ဖြေရှင်းလိုက်ရင် ရွာထဲက ကောလာဟလတွေကြောင့် မင်းထိခိုက်မှာမဟုတ်တော့ဘူး။ ဒါပေမယ့် မင်းတို့က ဒီလိုပဲဆက်နေမယ်၊ ဖုန်းရှောင်ကျစ်က မင်းအိမ်ကို ဆက်တိုက်လာနေမယ်ဆိုရင် အဲ့ဒါက ကျောက်မိသားစုရဲ့ စွပ်စွဲချက်တွေကို သက်သေပြသလိုဖြစ်သွားလိမ့်မယ်။” မင်ကောအာက သူတို့ကြားက ဆက်ဆံရေးနဲ့ခြားနားမှုကို နားမလည်ဘူးလို့ ထင်တာကြောင့် ရှန်းဖူလန်က သူ့ကို ရှင်းပြဖို့လိုအပ်ခဲ့သည်။ သို့ပေမယ့် သူက ဘိုးဘိုးကျောက်၏ပြောစကားကို တိုက်ရိုက်မပြောနိုင်ခဲ့ပေ။ မင်ကောအာ နားလည်သင့်သည်။
သူနားလည်တာပေါ့… သူက ဒီအခြေအနေကို နားမလည်စရာလား? တစ်နည်းဆိုရသော် နှစ်ဆုံး သို့မဟုတ် နှစ်စ၌ သူ လီဖုန်းနှင့် လက်မထပ်လျှင် သူဟာ လူရိုင်းအမျိုးသားတွေနဲ့ ငြိစွန်းပြီး အရှက်မဲ့နေသည့် မြေခွေးတစ်ကောင်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထန်ချွန်းမင်၏မျက်ဝန်းက ခဏတာမျှ နက်မှောင်သွားပြီး သူဟာ အသိဉာဏ်မရှိလို့ မျက်နှာပျက်ရတော့မယ်ဆိုတာ သိလိုက်ရသည်။ သူဟာ ရောင်းစားခံပြီး လူတွေကို ပိုက်ဆံရေခွင့်ပေးလုနီးပါးအထိ ရူးမိုက်ခဲ့သည်။
သူက တစ်ကြိမ်တစ်ခါမျှ အရဲစွန့်ချင်သော်လည်း လက်ရှိမှာ ဖျင်ရှန်ရွာ၌ အသက်မွေးဝမ်းကြောင်းစတင်ခါစဖြစ်၍ ထွက်ခွာဖို့ တွန့်ဆုတ်နေခဲ့သည်။ ဤထူးဆန်းသောကမ္ဘာတွင် ဖျင်ရှန်ရွာက သူနဲ့အရင်းနှီးဆုံးဖြစ်၏။ သူ့မှတ်ဉာဏ်ထဲက ရင်းနှီးသောလူများနှင့် အရာအားလုံးက ဤကမ္ဘာနှင့် အကျွမ်းတဝင်မရှိလှပေ။ သူဟာ ရှုပ်ထွေးနေခဲဲ့ပြီး သူ့ကို အာရုံစိုက်နေသည့် နက်မှောင်သောမျက်လုံးတစ်စုံက သူ့စိတ်ထဲမှာပေါ်လာကာ သူ့နောက်ကျောဆီကနေ လောင်ကျွမ်းနေသော ခံစားချက်က အချိန်ပြည့်ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ လိုက်လျောညီထွေဖြစ်အောင် ညှိယူဖို့ တွန်းအားပေးနေသော်လည်း ထိုလူကို စွန့်လွှတ်လိုက်ဖို့က မသက်မသာခံစားရစေသည်။ ဘယ်လိုရှုထောင့်ဖြစ်ဖြစ် ထိုလူက သူ့အကြိုက်ဖြစ်သည်။
မင်ကောအာ ဘာမှပြန်မပြောတာကို တွေ့လိုက်ရတော့ ရှန်းဖူလန်က စိိတ်ပူလာသည်။ “မင်ကောအာ… မင်း ဖုန်ရှောင်ကျစ်ကို မကြိုက်လို့လား?” ဒီလိုမှမဟုတ်ရင် သူဘာလို့ချီတုံချတုံဖြစ်နေမှာလဲ? ရှန်းဖူလန်က စိတ်ပူနေသည်။ သူတို့က လီဖုန်း၏ဆန္ဒကိုသာ တွေးတောခဲ့ပြီး မင်ကောအာမှာလည်း ကိုယ်ပိုင်အစီအစဥ်ရှိမယ်ဆိုတာကို မေ့သွားခဲ့သည်။
ထိုစကားလုံးများထွက်လာသည်နှင့် ရှန်းဖူလန်နှင့် ထန်ချွန်းမင်နှစ်ယောက်လုံးက သူတို့အနားတွင် အပူချိန်ကျဆင်းသွားသလို ခံစားလိုက်ရ၏။ သူတို့က သူတို့လက်မောင်းမှ ကြက်သီးများကို ပွတ်လိုက်သည်။ ထန်ချွန်းမင်က ကမန်းကတန်း ပြောလိုက်၏။ “မဟုတ်ပါဘူး။ အဲ့ဒါက ကျွန်တော်တို့ သူ့အကြောင်း သေချာမသိသေးဘူးမလား… ကျွန်တော်မပြောနဲ့… ခင်ဗျားလည်း သူအပြင်မှာ ဘာတွေကြုံခဲ့ရလဲ မသိဘူး။ အဲ့ဒီအတွေ့အကြုံတွေက ကျွန်တော်တို့ဘဝကို ထိခိုက်လာမှာစိုးရိမ်တယ်။ ပြီးတော့ အားလင်းနဲ့ ဗိုက်ထဲကကလေးက သူ့သားအရင်းတွေမဟုတ်ဘူး….အနာဂတ်မှာ…” အချိန်ကြာလာရင် သူ့ရင်ထဲမှာ အထုံးတစ်ခုဖြစ်လာလိမ့်မယ်။ ယခုချိန်မှာ အားလင်းက ထိရှလွယ်သူတစ်ယောက်ဖြစ်၏။ လက်တွဲဖော်ရှာဖွေခြင်းနှင့်ယှဥ်လျှင် ထန်ချွန်းမင်၏သားလေးက သူ့ရင်ထဲ၌ အရေးကြီးဆုံးအရာဖြစ်နေဆဲပင်။
ကံအားလျော်စွာ အပူချိန် ရုတ်တရက် ပြန်မြင့်လာခဲ့သည်။ ရှန်းဖူလန်က နဖူးက ချွေးကိုသုတ်လိုက်သည်။ တကယ်တော့ မင်ကောအာပြောတာမှန်သည်။ လီဖုန်းက အရင်ကနဲ့ကွာခြားသည်။ သူထုတ်လွှတ်လိုက်သည့် လေအေးကပင် ဆောင်းရာသီ၏ အအေးဆုံးနေ့ရက်များလို အေးခဲလုနီးပါးပင်။ တကယ်တော့ မင်ကောအာ၏ အတွေးများကို ဖုန်းရှောင်ကျစ်အား နားထောင်ခွင့်ပေးလိုက်တာက အသုံးမဝင်ပေ။ ဖုန်းရှောင်ကျစ်က တွန့်ဆုတ်နေသေးလျှင် ဤဆက်ဆံရေးက အလုပ်ဖြစ်မှာမဟုတ်ပေ။
မင်ကောအာ၏ပခုံးကိုပုတ်ရင်း ရှန်းဖူလန်ကပြောလိုက်သည်။ “မင်းဖုန်ရှောင်ကျစ်ကို ဒီအကြောင်းတွေပြောသင့်တယ်။ မင်းတို့ အနာဂတ်မှာ ဘာတွေပဲဖြစ်လာလာ မင်းရဲ့အတွေးကို သူလည်းသိသင့်တယ်။ မင်းတို့စုံတွဲဖြစ်လာမယ်ဆိုရင်တောင် မင်းရဲ့အတွေးတွေကို ရှင်းရှင်းလင်းလင်း ပြောနိုင်မှ မင်းတို့အနာဂတ်ပိုကောင်းလာမှာ။ ဒီလိုမဟုတ်ပဲ အားလုံးက သူတို့ရဲ့အတွေးတွေကို ဖုံးကွယ်ထားရင် မင်းတို့ပျော်ရမှာမဟုတ်ဘူး။” ရှန်းဖူလန်က သူ့အတွေ့အကြုံကို တစ်ဖက်လူအား လွှဲပြောင်းပေးခဲ့ပုံရသည်။ ရွာလူကြီးနှင့် သူ၏ဆက်ဆံရေးတွင် ပုံမှန်အားဖြင့် သူက စကားကိုထိန်ချန်ထားလေ့မရှိပေ။ သူစိတ်ဆိုးလျှင်ပင် သူက သူ့ခင်ပွန်းကို ဦးစွာအော်ငေါက်တတ်သူဖြစ်၏။ သို့သော် သူတို့ ဘယ်လောက်ပဲရန်ဖြစ်ပါစေ သူတို့ဆက်ဆံရေးက ကောင်းသည်။ အတားအဆီးတစ်ခုမှ မကြုံခဲ့ရသည့် အားကျစရာစုံတွဲတချို့အကြောင်းကို တွေးကြည့်လိုက်သောအခါ သူတို့ပဋိပက္ခမရှိပဲ ဘယ်လိုနေနိုင်ကြလဲ ရှန်းဖူလန် စိတ်ကူးကြည့်လို့ပင်မရပေ။
အတိတ်မှာ မင်ကောအာက ကျောက်တာဟူကို အလွန်အမင်း အလျှော့ပေးခဲ့လို့ ရလဒ်မကောင်းခဲ့ပဲ သူနဲ့ သူ့ကလေးမှာ ဒုက္ခများခဲ့ရသည်။
“ကောင်းပြီ… ကျွန်တော် သူနဲ့စကားပြောပြီး ရှင်းအောင်လုပ်လိုက်မယ်။” ထန်ချွန်းမင်က ခေါင်းညိတ်ပြီး လက်ခံလိုက်တော့သည်။ ဤကိစ္စက ရှောင်လွှဲလို့မရသည့် အဆင့်ကိုရောက်နေခဲ့သည်။
“အင်း… ဖုန်းရှောင်ကျစ်.. မင်း မင်ကောအာကို စိတ်ဆိုးအောင်လုပ်လို့မရဘူးနော်။ မင်းမှာ ပြောစရာရှိရင်ပြောလိုက်။ မဟုတ်ရင်တော့ ငါမင်းကိုအလွတ်ပေးမှာမဟုတ်ဘူး။” ရှန်းဖူလန်က ထန်ချွန်းမင်၏အနောက်ဘက်ကို ရုတ်တရက် လက်ဟန်ပြလိုက်လေသည်။
ထန်ချွန်းမင်က သူ့နောက်မှာ မတ်တပ်ရပ်နေသူကို မြင်ရတော့ လန့်သွားသည်။ ဒါဆို သူပြောခဲ့တာတွေ အားလုံးကို ကြားသွားပြီပေါ့? ထန်ချွန်းမင်က ထိုလူ၏မျက်နှာကို အမြန်လှည့်ကြည့်လိုက်သော်လည်း သူလှည့်တာမြန်လွန်းတာကြောင့် ဗိုက်ကိုကိုင်ကာ ရုတ်တရက် အော်ဟစ်လိုက်ရသည်။
“ဘာဖြစ်တာလဲ? မင်းက ကလေးနှစ်ယောက်အဖေဖြစ်ပြီး နမော်နမဲ့နိုင်လိုက်တာ!” ရှန်းဖူလန်က လန့်ဖျပ်သွားသော်လည်း သူ ထန်ချွန်းမင်ကို မကူညီနိုင်ခင် လီဖုန်းက စကားတစ်ခွန်းမှမပြောပဲ အမြန်ပြေးလာခဲ့သည်။ သူက သူ့ကို အလျားလိုက်ပွေ့ချီကာ အိမ်ထဲသို့ အမြန်လျှောက်ဝင်သွားခဲ့သည်။
“ငါ ဟူလန်ကျုံးကို သွားခေါ်လိုက်မယ်” ရှန်းဖူလန်က လူခေါ်ရန် စိတ်စောနေ၏။
“မဟုတ်ဘူး….မခေါ်နဲ့။” ထန်ချွန်းမင်က လီဖုန်း၏လက်မောင်းက ဆုပ်ကိုင်ကာ ရှန်းဖူလန်ကို အမြန်လှမ်းခေါ်လိုက်သည်။ “ကျွန်တော် ဗိုက်မနာဘူး။ အဲဲ့ဒါခြေထောက်ကြွက်တက်တာပါ။ ပြီးတော့ အောက်မြန်မြန်ချပေးဦး။ ကိုယ့်ဘာကိုယ်လမ်းလျှောက်ပြီး ခဏနေရင် ကောင်းသွားမှာပါ။”
ဒါက ဒီလူကြောင့်ဖြစ်ရတာပဲ! ဒီလူက သူ့နောက်ကနေ ခိုးနားထောင်နေတာ။ ထိုသို့တွေးရင်းဖြင့် ထန်ချွန်းမင်က လီဖုန်း၏ရင်ဘတ်ကို ရိုက်လိုက်သည်။ သို့ပေမယ့် သူ့ခြေထောက် ကြွက်တက်ခြင်းကြောင့် သူ့လက်က အားသိပ်မရှိခဲ့ပေ။ ၎င်းက ကလိထိုးသလိုဖြစ်နေ၏။ လီဖုန်းက ခေါင်းငုံ့ကြည့်လိုက်သည်။ ယခုနက ထိတ်လန့်မှုက ချက်ချင်းပြေလျော့သွားခဲ့ပြီး အားလုံးအဆင်ပြေနေပုံပင်။
ရှန်းဖူလန်က ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ ရှန်းဖူလန်က ထန်ချွန်းမင်အတွက် စိတ်ပူနေခဲ့သည်။ နောင်မှာ လီဖုန်းက သေချာပေါက် သူ့ကိုချစ်ပေးမှာဖြစ်၏။ သူက သူတို့၏ သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေသည်။
လီဖုန်းက အခန်းထဲအမြန်လျှောက်သွားကာ ထိုလူကို ခန်းကုတင်ပေါ်မှာ ချပေးလိုက်၏။ သူ့မျက်နှာမှာ စိုးရိမ်နေသော အကြည့်ရှိနေဆဲပင်။ သူက ထန်ချွန်းမင်၏ခြေထောက်ကို ကြည့်ကာ မေးလိုက်သည်။ “ဘယ်ဘက်လဲ? ငါနှိပ်ပေးမယ်။”
“ဦးလေးဖုန်း… သား ဒီမှာ။ အားလင်းက ဖေဖေ့ရဲ့ ခြေထောက်ကြွက်သားကို နှိပ်ပေးမယ်။” သူ့အားမူ ကြွက်တက်တာကိုကြားတော့ အားလင်းက လူကြီးတွေလိုမစိုးရိမ်ပေမယ့် သူ့နောက်ကနေ အိမ်ထဲဝင်လာပြီး ခန်းကုတင်ပေါ်ကို ခုန်တက်လိုက်သည်။ လီဖုန်းက ထိုအခြေနေကို နားမလည်နိုင်ခဲ့ပေ။ ဤအခြေအနေမျိုးက မကြာခဏဖြစ်သွားပြီး အားလင်းလေးက သူ့အားမူကို ဂရုစိုက်ပေးခဲ့တာဖြစ်ပေမည်။
ထန်ချွန်းမင် စကားထပ်မပြောနိုင်ခင်မှာ လီဖုန်းက ထန်ချွန်းမင်၏ခြေထောက်ကို ကြည့်နေလိုက်သည်။ တစ်ဖက်က ကောက်ကွေးနေ၍ ထိုတစ်ဖက်ဖြစ်လောက်သည်။ သူက ခြေထောက်ကို တတ်နိုင်သမျှ ပြန့်ပြားအောင်လုပ်ပြီး အားအနည်းငယ်ဖြင့် ညှစ်လိုက်ရာ ထန်ချွန်းမင်က အော်ဟစ်ပြီး ရင်ထဲမှာ ဆဲဆိုနေ၏။ ဤဗိုက်ထဲက ကလေးကြောင့် သူ ဒုက္ခအများကြီးခံနေရပြီး သူ၏ငြိမ်းချမ်းသောဘဝလေးက ပို၍ပင်ဆိုးလာခဲ့သည်။ ယခုမူ ကမ္ဘာပေါ်ရှိ အမျိုးသမီးများ ဘယ်လောက်သနားစရာကောင်းသည်ကို သူနားလည်သွားခဲ့သည်။
“ဖေဖေ…အားလင်းလည်း ထုပေးမယ်။” အားလင်းက လက်သီးဆုပ်လေးဖြင့် ထန်ချွန်းမင်၏ ခြေထောက်နောက်တစ်ဖက်ကို နာခံစွာထုနေလေ၏။
“ဖေဖေ.အဆင်ပြေပါတယ်…အားလင်းစိတ်မပူနဲ့။ အားလင်းရဲ့အကူအညီနဲ့ နာတာပျောက်သွားမှာပါ။” ထန်ချွန်းမင်က နာကျင်မှုကိုသည်းခံကာ သူ့သားကိုချော့လိုက်ပေမယ့် လီဖုန်း၏မျက်ဝန်းက ပို၍ပင် နက်မှောင်လာခဲ့သည်။ သူဟာ ပုံမှန်ဆိုရင် နာကျင်မှုကို ဤကဲ့သို့သည်းခံရပြီး သူ့အနားမှာ ကူညီပေးမယ့်လူတစ်ယောက်မှမရှိပေ။ ဤကောလေးက တစ်ယောက်တည်း ရုန်းကန်နေပြီး ပုံမှန်ဆို၍ လူတွေက သူ့ကို လျှာစောင်းထက်တယ်လို့ ပြောကြပေမယ့် ယခုချိန်မှာ လူတွေက သူ့ကို သနားနေမှာပင်။
ထိုအကြောင်းတွေးလိုက်တော့ သူ၏လက်လှုပ်ရှားမှုက ပျော့ပျောင်းလာပြီး ထန်ချွန်းမင်ပြောခဲ့တာကို သူစိတ်မဆိုးတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဤလူက သူ့လက်ထဲမှ လွတ်မြောက်ဖို့ အခွင့်အရေးမရှိပေ။
အခန်းထဲက အေးချမ်းသောလေထုကို တွေ့သောအခါ ရှန်းဖူလန်က ရေတစ်ခွက်ခပ်းပေးပြီး တိတ်တိတ်လေး ထွက်သွားခဲ့သည်။ သူက ဤအိမ်ထောင်ရေးကို အလွန်ကျေနပ်နေ၏။ ဤမိသားစုကို ထောက်ပံ့ဖို့ အမျိုးသားတစ်ယောက်လိုတာကို မင်းမြင်နိုင်သည်။ မဟုတ်ပါက မင်ကောအာတစ်ယောက်တည်း ပင်ပန်းနေရလိမ့်မည်။ မင်ကောအာက ဖုန်းရှောင်ကျစ်ကို လျစ်လျူရှူထားပုံမပေါ်ပဲ သူဟာ ရှက်နေခြင်းသာဖြစ်၏။
မနေ့ကအဖြစ်အပျက်ကိုကြားပြီးနောက် သူ့ခင်ပွန်း၏ ရှုပ်ယှက်ခတ်ပြီး စိတ်ပျက်နေသော အမူအရာကိုကြည့်ရင်း ရှန်းဖူလန်က ရယ်မောလိုက်လေသည်။ ဖုန်းရှောင်ကျစ်က ဆုံးဖြတ်ချက်ချပြီးပြီမို့ သူနဲ့ ရွာလူကြီးက တားဆီးလို့မရတော့ပေ။ ရှန်းဖူလန်က ထိုအချိန်မှာ သူ့အနာကိုဆွဖို့ မကြိုးစားခဲ့ပေမယ့် မကြာမီမှာပင် သူ့အမူအရာပြေလျော့သွားတာကိုတွေ့တော့ သူစိတ်သက်သာရာရသွားခဲ့သည်။ မင်ကောအာကိုယ်တိုင်ကလည်း မဆိုးတဲ့လူဖြစ်သည်။ ယခု သူ့ဘဝက ကောင်းလာသဖြင့် သူ့အနာဂတ်သည်လည်း ပိုကောင်းလာလိမ့်မည်။
အခန်းထဲတွင် ထန်ချွန်းမင်က ကြွက်တက်ခြင်းမှ ပထမဆုံးအကြိမ် သက်သာသွားခဲ့သည်။ ထိုလူယူလာပေးသော အဝတ်အစားကိုယူကာ သူ့နဖူးပေါ်ရှိ ချွေးကိုသုတ်လိုက်ပြီး ထန်ချွန်းမင်က သူ့ကို သံသယဖြင့်ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော့်ခြေထောက်တွေ ဘာလို့ပူနေတာလဲ…အဲ့ဒါက…” လီဖုန်း၏ခန္ဓာကိုယ်ကိုကြည့်ပြီး သူ့မျက်ဝန်းက တောက်ပလာခဲ့သည်။ “အတွင်းအား? ကိုယ်ခံပညာက အတွင်းအားကို တိုးမြှင့်စေတာလား?”
သူသိချင်နေတာလည်း အံ့သြစရာမရှိပေ။ သိုင်းစာအုပ်တွေဖတ်ရှုပြီး ကြီးပြင်းလာသော လူတစ်ယောက်အနေဖြင့် ကမ္ဘာပေါ်က လူသားအားလုံးက နံရံပေါ်ပျံတက်ပြီး သစ်ရွက်များဖြင့် လူတွေကို နာကျင်အောင်လုပ်မည့် သိုင်းပညာရှင် သူရဲကောင်းဖြစ်ချင်လာမှာကို သူစိုးရိမ်မိသည်။ သူ ယွိမုအကြောင်း ကြားခဲ့စဥ်က ၎င်းက သူ၏ပထမဆုံးအတွေးဖြစ်ခဲ့သည်။ ယွိမုက နံရံကိုထိုးကာ အပေါက်ဖြစ်စေခဲ့ပြီးနောက် သူက အင်မတန်စိတ်လှုပ်ရှားခဲ့သည်။ လီဖုန်းက ယွိမုထက် အင်အားပိုကြီးတာလား?”
&&&&&&&&&&
Chapter 37.2
လီဖုန်း၏နားရွက်က အနည်းငယ်ရွေ့လျားသွားကာ သူ သတိမထားမိလိုက်ပါပဲ ရှက်သွေးဖြာသွားခဲ့သည်။ သို့ပေမယ့် သူက လေးလေးနက်နက်ခေါင်းညိတ်ကာ ဖြေလိုက်လေသည်။ “အဲ့ဒါက အတွင်းအား…ဒါပေမယ့် လူတစ်ဦးတစ်ယောက်စီရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပြီး မင်းရဲ့အတွင်းအားကို တိုးတက်အောင်လုပ်လို့ရတယ်။ လူတိုင်းမှာ ဒီအရည်အချင်းမရှိဘူး။”
“ကျွန်တော်ကရော? လေ့ကျင့်လို့ရလား?” ထန်ချွန်းမင်က မေးခွန်းကိုအာရုံစိုက်ပြီး လီဖုန်း၏ မျက်နှာသေအမူအရာကို ကြည့်လိုက်သည်။
“မရဘူး။ မင်းအသက်ကြီးလာရင် ခန္ဓာကိုယ်ထဲက သွေးပြန်ကြောတွေက ပြုပြင်ပြီးသားဖြစ်သွားလိမ့်မယ်။” လီဖုန်းက သူ့အမူအရာကို အာရုံစိုက်နေပြီး ရုတ်တရက်စိတ်တိုလာခဲ့သည်။ အစောပိုင်းက မင်ကောအာသည် ရွာထဲမှာ ပြသခဲ့သည့် ယွိမု၏စွမ်းရည်ကို သဘောကျခဲ့သည်။ သူ ရုတ်တရက်နောင်တရမိသည်။ အဲ့တုန်းက ယွိမုကို ဘာလို့ဦးဆောင်ခိုင်းခဲ့တာလဲ? ထိုသို့မလုပ်ခဲ့လျှင် မင်ကောအာက သူ့ကိုသာမြင်နိုင်လိမ့်မည်။ မင်ကောအာ၏ စိတ်ပျက်နေသော အမူအရာကို မြင်လိုက်ရတော့ လီဖုန်းက ကမန်းကတန်းပြောလိုက်သည်။ “ဒါပေမယ့် မင်းခန္ဓာကိုယ်က လေ့ကျင့်ခန်းလုပ်လို့တော့ရတယ်။ မင်းကလေးမွေးပြီးမှ လေ့ကျင့်ချင်တယ်ဆိုရင် ငါမင်းကိုသင်ပေးမယ်။”
“ကောင်းပါပြီ” တကယ်တော့ ထန်ချွန်းမင်က စိတ်ပျက်နေသော်လည်း လီဖုန်း သူ့အား စိတ်အားထက်သန်စွာ ကြည့်နေသည်ကို မြင်သောအခါ သူက ချီတုံချတုံလက်ခံလိုက်ရသည်။ “အချိန်တန်မှပြောရအောင်။” သူက အသက်ကြီးနေပြီဆိုတော့ ဘယ်ချိန်တည်းက စလေ့ကျင့်ခဲ့တာလဲ? သူ ဖျင်ရှန်ရွာကနေ ထွက်သွားခဲ့ရသည့်အချိန်မှာ ဆယ်ကျော်သက်အရွယ်ပဲရှိလိမ့်မည်။ ထန်ချွန်းမင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘယ်တုန်းက လေ့ကျင့်ခဲ့တာလဲ? ခင်ဗျားရဲ့စွမ်းရည်က ယွိမုနဲ့တူတူပဲလား? ဘယ်သူကပိုကောင်းလဲ?”
လီဖုန်းက နောက်တစ်ကြိမ်မနာလိုဖြစ်သွားပြီး သူ့မူလဆုံးဖြတ်ချက်ကို နောင်တရပေမယ့် သူက မေးခွန်းအားလုံးကို ဖြေပေးလိုက်သည်။ “ငါ ဒီကထွက်သွားတော့… တစ်လမ်းလုံးနေမကောင်းဖြစ်ပြီး ခရီးကိုနှောင့်နှေးစေခဲ့တယ်။ လမ်းတစ်လျှာက်လုံးမှာ သမားတော်တစ်ယောက်က ငါကို စောင့်ရှောင့်ပေးခဲ့တာ။ ပြန်ကောင်းလာပြီးနောက်မှာ ခန္ဓာကိုယ်ကိုသန်မာစေဖို့အတွက် အတွင်းအားစုပ်ယူနည်းတွေ သင်ခဲ့ရတယ်။ နောက်တော့ စစ်တပ်ထဲက တခြားသူတွေဆီက နည်းနည်းသင်ယူပြီး အခုလိုဖြစ်လာခဲ့တာ။ ယွိမုရဲ့အခြေအနေက ငါနဲ့ကွာတယ်… အဲ့ဒါက သာမန်ရက်စက်တဲ့ခွန်အားပဲ။”
ထန်ချွန်းမင်က လီဖုန်း၏အေးဆေးတည်ငြိမ်သော အမူအရာအောက်ရှိ ဖုံးကွယ်ထားသော အမူအရာတချို့ကို မြင်ခဲ့ရသည်။ ၎င်းက ကြွားနေသလိုပင် သူ့အမူအရာက ‘ငါ့ကိုချီးကျူးပေးပါ…ငါ့အရမ်းတော်ပါတယ်” လို့ပြောနေသည်။ ထန်ချွန်းမင်က သူ့မျက်နှာကို အုပ်ထားလိုက်ချင်သည်။ ထိုလူက ထန်ချွန်းမင်၏အကြည့်ကို မခံနိုင်လို့ဖြစ်မည်။ နေရခက်နေသော လီဖုန်းက ဆင်ခြေပေးပြီး အပြင်ထွက်သွားခဲ့သည်။ “ငါ အပြင်မှာ အပင်ရေလောင်းလိုက်ဦးမယ်။ အားလင်းက မင်းဖေဖေကို လိမ်လိမ်မာမာ အဖော်ပြုပေးလိုက်နော်။”
“ဦးလေးဖုန်း….အားလင်းက ဖေဖေ့ကို ဂရုစိုက်လိုက်ပါ့မယ်။” အားလင်းက ဦးလေးဖုန်း၏လက်ဖဝါးကြီးကို သူ့ခေါင်းနှင့်ပွတ်ကာ စကားနားထောင်လိုက်သည်။
လီဖုန်းက တံခါးဝရောက်သွားပြီး ရပ်လိုက်ကာ ခန်းပေါ်က ထန်ချွန်းမင်ကို လှည့်ကြည့်လိုက်သည်။ “အတိတ်မှာဘာတွေဖြစ်ခဲ့လဲ မင်းသိချင်ရင်.. ငါ ဖြည်းဖြည်းချင်းပြောပြပါ့မယ်။ မင်းစိတ်ပူနေတဲ့အရာတွေ ဘာမှဖြစ်လာမှာမဟုတ်ဘူး။”
ထိုစကားပြောပြီးနောက် သူထွက်သွားခဲ့သည်။ အံ့အားသင့်နေသော ထန်ချွန်းမင်က ဤလူ၏စကားကိုတုံ့ပြန်ရန် အချိန်အတော်ယူခဲ့ရသည်။ သူ ရှန်းဖူလန်ကို ပြောလိုက်မိသည့်စကားကြောင့် ဒီလူက သူ့ကို ကတိပေးခဲ့တာလား?”
ထန်ချွန်းမင် တုံ့ပြန်လာသည့်အချိန် သူက နည်းနည်းလေး ဒေါသထွက်သွားခဲ့သည်။ ဒီလူက သူ့ကိုအနိုင်ယူဖို့ ဆုံးဖြတ်ထားတာလား? သို့သော် သူ အားလင်း၏တောက်ပသော မျက်လုံးများကို မြင်လိုက်ရသောအခါ အားလင်းက သူ၏ဦးလေးလီဖုန်းအပေါ် မတူညီကွဲပြားသော သဘောထားတစ်ခုရှိနေခဲ့သည်။ အကယ်၍ ဦးလေးဖုန်းက ဦးလေးမဖြစ်ချင်ပဲ ပထွေးဖြစ်ချင်နေတာကို အားလင်းသိရင် လက်ခံပါ့မလား?
ထန်ချွန်းမင်က သက်ပြင်းချကာ လီဖုန်းထိသွားခဲ့သည့် အားလင်း၏ခေါင်းကို သူ့လက်ဖြင့်ထိကာ ခံစားချက်များ ရောထွေးနေသည်။ ခေတ်သစ်ကမ္ဘာက လူသားတစ်ဦးအဖြစ် ဤအမျိုးသားများပြည့်နေသော ကမ္ဘာကို သူရောက်လာသောအခါတွင် တခြားသူများ၏ ထူးဆန်းသောအကြည့်များနှင့် ရှောင်ဖယ်မှုများကို စိုးရိမ်းစရာမလိုပဲ ယောကျာ်းတစ်ယောက်ကို ပေါ်ပေါ်ထင်ထင် ရှာနိုင်တာကြောင့် သူ့ရင်ထဲ၌ ပျော်ရွှင်မှုတစ်ခုကို ခံစားခဲ့ရသည်။
ထန်ချွန်းမင်က ကမ္ဘာပါ်တွင် လက်တွဲဖော်ရှာဖို့ မကြိုးစားခဲ့ဖူးပေ။ သူနဲ့ သူ့ပါတနာက တိတ်တိတ်လေးတွဲနေပြီးမှ လက်တွေ့ကိုရင်ဆိုင်ရသည့်အခါ လမ်းခွဲခြင်းနှင့်အဆုံးသတ်မည့်အစား တစ်ယောက်နဲ့တစ်ယောက် ဖေးမနိုင်ဖို့သာ မျှော်လင့်ခဲ့သည်။
သို့သော် သက်တောင့်သက်သာရှိပြီး တည်ငြိမ်သောဘဝက သူ့ရှေ့မှာပေါ်လာသည့်အခါ သူသည် အကြောင်းတချို့ကြောင့် ချီတုံချတုံဖြစ်နေခဲ့သည်။
“ဖေဖေ. ..” အားလင်းက ထန်ချွန်းမင်၏လက်ကိုဆုပ်ကိုင်ကာ ပွတ်သပ်လိုက်ပြီး ထန်ချွန်းမင်၏ဗိုက်ပေါ်ကို သူ့လက်သေးသေးလေးတင်လိုက်သည်။ မကြာသေးမီက သူက ကစားနည်းအသေးလေးများကို ကစားလေ့ရှိပြီး အထဲက အသေးလေးက သူ့ကို ရံဖန်ရံခါတုံ့ပြန်လေ့ရှိသည်။ “ညီလေး”
နောက်တစ်ကြိမ်ဖြစ်ပြန်ပြီ။ ထန်ချွန်းမင်က ညည်းချင်နေပြီး တုံ့ပြန်မှုကို ရရှိပြီးနောက် အားလင်းက ပြုံးဖြဲပြပြီး ဝမ်းသာအားရပြောလာသည်။ “အဲ့ဒါ.. အားလင်းရဲ့ ညီလေး…”
ထန်ချွန်းမင်က ရွေးချယ်စရာမရှိတော့ပဲ သူ့အသား၏အပြုံးကြောင့် အလျှော့ပေးခဲ့ရသည်။ “ဟုတ်တယ်…အားလင်းရဲ့ညီလေး….”
ထန်ချွန်းမင်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသူများသည် လီဖုန်းနှင့် သူ၏ဆက်ဆံရေးအတွက် ဝမ်းသာနေပုံရသည်။ လီဖုန်းက သူ့ကို အိမ်အလုပ်ကူပေးနေစဥ် ဝမ်မော့က တစ်ချက်လာကြည့်ပြီး လက်မထောင်ပြသွားခဲ့သည်။ ထန်ချွန်းမင်က သူ့နဖူးသူရိုက်ကာ သက်ပြင်းချလိုက်သည်။ သူ အကြင်နာကင်းမဲ့သူမဖြစ်ချင်ရင် တစ်နည်းသာရှိပြီး ယင်းမှာ ဝတ်ပြုဆုတောင်းကာလပြီးရင် လက်ထပ်ဖို့ဖြစ်သည်။
ဦးလေးကျောက်လျိုက ထန်ချွန်းမင်ကိုတွေ့တော့ လီဖုန်းက လူကောင်းတစ်ယောက်ပါလို့ပြောပြီး အပြုံးတစ်ခုဖြင့် ချီးကျူးဂုဏ်ပြုခဲ့သည်။
အန္တရာယ်များလိုက်တဲ့လီဖုန်း….
ဟုတ်သည်။ သူ့ဘဝက ဤရက်ပိုင်းမှာ ပိုမိုသက်တောင့်သက်သာရှိလာသည်ဟု သူဝန်ခံရမည်။ လီဖုန်းနဲ့ဆိုလျှင် သူ အချက်အပြုတ်ကလွဲရင် ကျန်တာဘာမှမလုပ်ရပေ။
ထန်ချွန်းမင်က နေရာလွတ်စမ်းရေကို ရေတွင်းထဲသို့ မဝံ့မရဲလောင်းထည့်ခဲ့သည်။ သူဟာ သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း ထည့်သွင်းစဥ်းစားဖို့လိုသည်။ သူ ရေမလောင်းနိုင်ရင် လယ်ကွင်းထဲက ဟင်းသီးဟင်းရွက်တွေ ဘာဖြစ်သွားမလဲ? အရသာမကောင်းရင် ဘယ်လိုလုပ်မလဲ? စမ်းကြည့်ပြီးနောက် ရလဒ်သည် အလွန်ကျေနပ်စရာကောင်းသည်။ တွင်းရေက စမ်းရေနှင့်ယှဥ်လျှင် အရောင်ဖျော့ပြီး ဖော်ပြရခက်လေသည်။
ထို့ကြောင့် သူက သူ၏လယ်ကွင်းများကို ရေကူလောင်းပေးနေသော လီဖုန်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထိုလယ်ဧကအနည်းငယ်အတွက်ပင် သူက လီဖုန်းကို ရေတွင်းထဲကရေသုံးဖို့ပြောခဲ့သည်။ လီဖုန်းက အမေးအမြန်းမရှိ လုပ်ပေးခဲ့သည်။
ထန်ချွန်းမင်က စိတ်အေးနေသော်လည်း သူ့မှာ အဆင်မပြေမှုများလည်းရှိခဲ့သည်။ နေရာလွတ်ထဲက တစ်ခုခုကိုယူလိုက်တိုင်း ထန်ချွန်းမင်က သတိပြုမိသွားမှာကို စိုးရိမ်နေခဲ့သည်။ သူ အားလင်းကို နေရာလွတ်ဆီ ခေါ်ဆောင်သွားနိုင်သော်လည်း သူ လီဖုန်းကိုတော့ ယုံလို့မရပေ။ သို့သော် သူတို့အတူနေလျှင် သူ ဤနေရာလွတ်ကို တစ်သက်လုံးဖုံးကွယ်ထားလို့ရမယ်လို့ ယုံကြည်ချက်မရှိပေ။
မူမမှန်မှုကို အချိန်ကျလာမှ သိရှိစေရန် သူက တတ်နိုင်သလောက် နှောင့်နှေးအောင်လုပ်ရလိမ့်မည်။
လီဖုန်းက မနက်စောစောတွင် ဟင်းသီးဟင်းရွက်များကိုခူးပြီး ကျင်းစားသောက်ဆိုင်က လာယူမှာကို စောင့်မျှော်နေသည်။ ထန်ချွန်းမင်က သိုးနို့ကျိုပြီး အားလင်းကို မနက်စာစားဖို့ခေါ်ခါနီးတွင် လီဖုန်းနောက်ကလိုက်လာသော ကျင်းကျိစားသောက်ဆိုင်၏ ရှောင်ရွှင်းကျိနှင့် ဆိုင်ရှင်ချီကို တွေ့လိုက်ရသည်။
ဆိုင်ရှင်ချီက ခြံထဲ၌ အလုပ်ရှုပ်နေသော လီဖုန်းကိုမြင်သောအခါ နှုတ်ခမ်းတွန့်ကွေးသွားပြီး အားပါးတရနှုတ်ဆက်လိုက်သည်။ သူက သူ့သခင်လေးကို စာပို့တော့မယ့်ပုံပင်။ ထန်ချွန်းမင်က ဝတ်ပြုဆုတောင်းကာလပြီးသွားလျှင် ဤအမျိုးသားကို လက်ထပ်မှာပင်။ သူတို့လက်မထပ်ရသေးပေမယ့်လည်း သူက ထိုအမျိုးသားကို အိမ်ထဲသို့ ပွင့်ပွင့်လင်းလင်း ဝင်ခွင့်ပေးထားပုံရသည်။
ဒါက ပြိုင်ဘက်ရဲ့နှောင့်ယှက်ခံရတာထက် ပိုကောင်းတယ်….
“ထန်ဖူလန်.. ငါပြန်သွားတော့ အရင်တစ်ခေါက်ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သဲလွန်စတချို့ရခဲ့တယ်။ ရှောင်ရွှင်းကျိ သေချာမရှင်းပြနိုင်မှာစိုးလို့ မင်းစိတ်သက်သာရာရအောင် ငါကိုယ်တိုင်လာရှင်းပြတာ။” ဆိုင်ရှင်ချီက ထန်ချွန်းမင်ကို ပြောလိုက်သည်။
“အိမ်ထဲဝင်ပြီး စကားပြောရအောင်။ ဆိုင်ရှင်ချီ မနက်စာစားပြီးပြီလား?” မစားရသေးရင် အတူစားကြမယ်။” ထန်ချွန်းမင်က သူတို့ကို အိမ်ထဲဖိတ်ခေါ်လိုက်သည်။
“ကောင်းပြီ… ဒါဆိုရင် ငါအားမနာတော့ဘူး။ ရှောင်ရွှင်းကျိ…. မင်းက ဟင်းသီးဟင်းရွက်ကို အရင်ချိန်ပြီး ထန်ဖူလန်အတွက် ငွေတွက်ပေးလိုက်ပါ။” ဆိုင်ရှင်ချီက ရှောင်ရွှင်းကျိကို အလုပ်ပေးလိုက်သည်။ ရှောင်ရွှင်းကျိကမငြင်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထွက်သွားသည့်အခါ ထန်ဖူလန်က မနက်စာထုပ်ပိုးပေးမှာဖြစ်၏။
လီဖုန်းက သူ့နောက်ကလိုက်လာသည်။ သူ နေ့တိုင်း အလုပ်လာလုပ်ကတည်းက ထန်ချွန်းမင်က တစ်နေ့သုံးနပ်ကျွေးသည်။ ထန်ချွန်းမင်၏ညစာစားပွဲမှာ လူတစ်ယောက်တိုးလာခဲ့သည်။ လီဖုန်းက သူနဲ့အားလင်းထက် ပိုစားတာကြောင့် သူက ထမင်းတနပ်အတွက် အများကြီးပိုချက်လေ့ရှိသည်။
သိုးနို့၊ ကြက်ဥပန်ကိတ်၊ နူးညံ့ပြီးဝါးလိုကောင်းသည့် ဂျုံဆန်ပြုတ်၊ ထန်ချွန်းမင်၏ မှိုအရွက်ဟင်း….. မှိုများက လီဖုန်း တောင်ပေါ်သွားခဲ့စဥ် ယူလာပေးခဲ့တာဖြစ်ပြီး ကျန်းရှို့ပို့ပေးသော မျှစ်ချဥ်နှင့် အသားဟင်းလျာတစ်ချို့လည်း ပါရှိသည်။ စားပွဲပေါ်တင်ပြီးနောက် ကြည့်ရုံဖြင့် ဗိုက်ဆာလာနိုင်သည်။ ထို့အပြင် ရနံ့ကလည်း နှာခေါင်းထဲစိမ့်ဝင်သွားခဲ့သည်။ ဆိုင်ရှင်ချီက ဗိုက်မဆာစေရန် နည်းနည်းစားလာခဲ့ပေမယ့် ယခုမူ အစောပိုင်းက စားသောက်ဆိုင်မှ အထူးတလည်ပြင်ပေးသော အစားအစာထက် ဤရိုးရှင်းသော အစားအစာများက ပို၍ပင် အရသာရှိသည်ဟု ထင်မိသည်။
---------
Chapter 37.3
အားလင်းက ဆိုင်ရှင်ချီနောက်ကနေ နာနာခံခံလိုက်သွားပြီးနောက် သူက ထန်ချွန်းမင်၏အဝတ်အစားကိုဆွဲကာ မေးလိုက်သည်။ “ဖေဖေ…. အစ်ကိုတာမောင်းနဲ့ အာမောင်းရဲ့ နို့။”
ထန်ချွန်းမင်က သူ့ခေါင်းကိုပုတ်လိုက်သည်။ “စိတ်မပူနဲ့။ ဖေဖေ မီးဖိုချောင်ထဲမှာ နည်းနည်းချန်ထားတယ်။ သူတို့လာသောက်တာကို စောင့်နေတာ။”
ဆိုင်ရှင်ချီက ထိုစကားကြားတော့ မျက်ရည်ကျလုမတတ်ပင်။ လီဖုန်းက သိုးနို့ပန်းကန်ကိုယူလာပြီး အားလင်းရှေ့မှာ တစ်ခွက်၊ ထန်ချွန်းမင်ရှေ့မှာ တစ်ခွက်ချပေးထားသည်။ ထန်ချွန်းမင်က လူတွေကို သိုးနို့ကောင်းကြောင်းပြောခဲ့တာ နောက်ပြောင်ခဲ့ခြင်းမဟုတ်ပေ။ သို့သော် ပန်းရနံ့သင်းသင်းနှင့် ရောစပ်ထားသော နို့နံ့သင်းသင်းလေးကိုရှူရှိုက်ကာ ဆိုင်ရှင်ချီက သိုးနို့ကို ကလေးတွေပဲသောက်တာမဟုတ်မှန်း သိသွားခဲ့သည်။
“ဆိုင်ရှင်ချီ….သောက်ချင်လား?” သောက်ပြီးလို့ ခွက်ချလိုက်သော ထန်ချွန်းမင်က သူ့လက်ထဲကခွက်ကို ငေးနေသော ဆိုင်ရှင်ချီကို တွေ့လိုက်ရသည်။ အရင်တစ်ခေါက်က သူ ဒီအကြောင်းပြောတော့ ဆိုင်ရှင်ချီ မျက်နှာမကောင်းတာကို မှတ်မိသေးသည်။ နို့တွေက ကလေးတွေအတွက်သာဖြစ်သည်ဟု ကျန်းရှို့၏စကားကြောင့် ထန်ချွန်းမင်က ရှုပ်ထွေးသွားခဲ့သည်။ တရုတ်သမိုင်းတွင် ဧကရာဇ်မင်းမြတ် စီကျိက ဆိတ်နို့သောက်ခဲ့တာကို သူမှတ်မိသေးသည်။
လီဖုန်းက ဆန်ပြုတ်အိုးကိုကိုင်ထားရင်း ခဏရပ်ကာ သူ့ကောလေးကို အန္တရာယ်များသောအပြုံးဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူက ဘာမှမဖြစ်ခဲ့သလို အားလင်းရှေ့မှာ ဆန်ပြုတ်ပန်းကန်ချပေးလိုက်သည်။
ဆိုင်ရှင်ချီက ရှက်သွားပြီး လက်ကို ကမန်းကတန်း ခါပြလိုက်ရသည်။ “မသောက်ချင်ပါဘူး။ ငါ ဆန်ပြုတ်ပဲသောက်မယ်။ ငါက ကျန်းမာရေးကောင်းအောင် မနက်တိုင်း ဆန်ပြုတ်ပဲသောက်တယ်။” ထန်ချွန်းမင်က နောက်ပြောင်တာရပ်လိုက်သည်။
ဆိုင်ရှင်ချီသည် ယခင်က ရှက်နေသော်လည်း နောက်ပိုင်းမှာ ဗိုက်ပြည့်သွားခဲ့သည်။ သာမန်လယ်သမားအိမ်မှာချက်ထားသော အစားအစာက သူ့ကို ရပ်တန့်ဖို့တုံ့ဆိုင်းစေသည်။ သူက အခွင့်အရေးရရင် ဤနေရာကို မကြာခဏလာစားဖို့ ဆုံးဖြတ်ထားသည်။ ထန်ချွန်းမင်က သိုးနို့အကြောင်းပြောတာရပ်လိုက်ရင် ပို၍ပင် ပြည့်စုံသွားလိမ့်မည်။
“အရင်တစ်ခေါက်ဖြစ်ခဲ့တာက ငါတို့ဆိုင်ကြောင့်မဟုတ်ဘူး။”
ဆိုင်ရှင်ချီ၏ခိုင်လုံသောလေသံက ထန်ချွန်းမင်ကို ပိုလို့တောင် အံ့သြသွားစေသည်။ ဆိုင်ရှင်ချီက တာဝန်မယူချင်လို့ တမင်တကာ လိမ်ညာနေတယ်လို့တော့ သူမထင်ပေ။ ဒါဆို သတင်းက ဘယ်ကပေါက်ကြားသွားတာလဲ?
ဆိုင်ရှင်ချီက ဆက်ပြောလိုက်သည်။ “အချက်အလက်အတိအကျကို မသိပေမယ့် ဒီကိစ္စက ကျောက်မိသားစုရဲ့ ကျောက်လောင်စန်းကြောင့် ပျံ့သွားတာလို့ထင်တယ်။”
“ ကျောက်လောင်စန်း?” ထန်ချွန်းမင်က ပိုလို့တောင် အံ့သြသွားသည်။ လီဖုန်းက စားပွဲသန့်ရှင်းရေးလုပ်နေတာရပ်ပြီး နက်မှောင်သောအလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် ဖျက်ပြေးသွားသည်။ “ကျောက်လောင်စန်းက ဘာလုပ်ချင်တာလဲ? သူဆိုတာ ခင်ဗျားဘယ်လိုသိလဲ?”
ဆိုင်ရှင်ချီက သူ့ဗိုက်ကိုပွတ်ကာ ပြောလိုက်သည်။ “ဖူမန်ထန်နောက်ကလူရဲ့နာမည်က မုန့်ပဲ။ ပြီးတော့ မုန့်မိသားစုထဲမှာ ကျောက်လောင်စန်းရဲ့ အတန်းဖော်သခင်လေးတစ်ယောက်ရှိတယ်။ အရင်တစ်ခေါက်က ကျောက်လောင်စန်းနဲ့ ရှန်းမိသားစုအကြောင်း ငါမင်းကိုပြောခဲ့တယ်မလား? ကျောက်လောင်စန်းနဲ့ သူ့အတန်းဖော်က ငါတို့စားသောက်ဆိုင်မှာ လာစားတဲ့အချိန် ပြောခဲ့တာ။ စားသောက်ဆိုင်က လူတစ်ချို့က ကြားခဲ့လို့ ငါ့ကိုပြန်ပြောပြခဲ့တယ်။ ငါ ပြန်သွားတော့ ဒီကိစ္စအကြောင်းစုံစမ်းပြီး အဲ့ဒီနေ့က ကျောက်လောင်စန်း ဧည့်ခံခဲ့တဲ့သူက မုန့်လို့ကြားတယ်။ သူက မိသားစုရဲ့သခင်လေးပဲ။ ကျောက်လောင်စန်းက စကားပြောနေရင်း မတော်တဆထုတ်ဖော်မိသွားတာ ဖြစ်နိုင်တယ်။ နောက်တော့ အောင်သွယ်တော်ဟွားဆီက အမှန်တရားထွက်လာဖို့ ငါလှည့်ကွက်တချို့သုံးခဲ့တယ်။ အောင်သွယ်တော်ဟွားကို လွှတ်လိုက်တဲ့သူက မုန့်မိသားစုဝင်တစ်ဦးဖြစ်နေခဲ့တယ်။”
ဆိုင်ရှင်ချီ၏ အရင်တစ်ခေါက်လာရင်းအကြောင်းမှာ ကျောက်လောင်စန်းက ရှန်းမိသားစုနဲ့ လက်ထပ်တော့မှာဖြစ်ပြီး ရှန်းမိသားစုက စံပြအိမ်ထောင်ဖက်မဟုတ်ကြောင်း ပြောပြဖို့ဖြစ်သည်။ ထိုသို့ဆိုလျှင် ယင်းက တိုက်ဆိုင်မှုတစ်ခုလေးသာ ဖြစ်ပုံရသည်။ “ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ။ ဒါပေမယ့် ကျင်းကျိဆိုင်က ကျွန်တော့်ဆီမှာ ဟင်းသီးဟင်းရွက်လာယူလေ့ရှိတာကို တစ်ရွာလုံးသိတယ်။ ဒီတော့ သတင်းက ကျောက်မိသားစုနဲ့ မုန့်မိသားစုဆီက ပျံ့သွားတာပဲဖြစ်ရမယ်။” ဟုတ်တယ်… သူ ပေါ့ဆမိတာဖြစ်၏။ ရွာထဲကလူတွေက မြို့ပေါ်ကစားသောက်ဆိုင်များနှင့် အဆက်အသွယ်သိပ်မရှိဘူးလို့ သူထင်ခဲ့တာကြောင့် သတင်းပျံ့သွားမယ်လို့လည်း မထင်ထားခဲ့ပေ။
သို့သော် သူပြန်စဥ်းစားကြည့်တော့ အမှတ်မထင်ပြောခဲ့မိသည့် စကားတစ်ခွန်းက သူနဲ့ ကျင်းကျိ၏ဆက်ဆံရေးပြောင်းလဲသွားပြီဟု လူတွေထင်သွားစေရန်ဖြစ်၏။ ကျောက်လောင်စန်း ရည်ရွယ်ချက်ရှိရှိလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ မုန့်မိသားစု၏သခင်လေးက ထန်ချွန်းမင်ကို စော်ကားခဲ့၍ မုန့်မိသားစုက သူ၏အမည်ပျက်စာရင်းထဲဝင်သွားခဲ့သည်။
“မုန့်မိသားစုရဲ့နောက်ခံကဘာလဲ?” ငြိမ်ငြိမ်လေးထိုင်နေသော လီဖုန်းက ရုတ်တရက်မေးလိုက်သည်။
“မုန့်မိသားစုမှာ ခရိုင်တရားသူကြီးနဲ့ ရင်းနှီးတဲ့ လူငယ်လေးတစ်ယောက်ရှိတယ်။ အခု သူကနာမည်ကြီးနေပြီး မုန့်မိသားစုက သူတို့လုပ်ငန်းကို ခရိုင်မြို့မှာတိုးချဲ့ဖို့ အခွင့်အရေးယူခဲ့တယ်။ ထုံးစံအတိုင်း သူတို့က ငါတို့ကျင်းကျိကို အနိုင်ယူဖို့ အခွင့်အရေးရှာချင်တာ။ ဒါမှ သူတို့ရဲ့ ဖူမန်ထန်က ဖျင်အန်းမြို့မှာ လက်ဝါးကြီးအုပ်နိုင်မှာလေ။” ဆိုင်ရှင်ချန်က လီဖုန်းကိုကြည့်ကာ အမှန်တိုင်းပြောလိုက်သည်။
“ခင်ဗျားတို့သူဌေးက မုန့်မိသားစုကို ဖြေရှင်းဖို့နည်းလမ်းမရှိဘူးလား?” လီဖုန်းက ထပ်မေးလိုက်သည်။
“အဲ့လိုတော့မဟုတ်ဘူး။ ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး သခင်လေးကိုပြောပြီးပြီ။ မုန့်မိသားစုရဲ့မောက်မာမှုကိုဖြေရှင်းဖို့ သခင်လေးက ခရိုင်မြို့ထဲမှာ နည်းလမ်းရှာမယ်လို့ပြောခဲ့တယ်။ ငါလည်းပဲ မုန့်မိသားစုရဲ့လုပ်ရပ်တွေကို စောင့်ကြည့်ပြီး ထန်ဖူလန်ကို မနှောင့်ယှက်နိုင်အောင် ကြိုးစားမှာပါ။”
ဆိုင်ရှင်ချီက တောင်းပန်သည့်လေသံဖြင့်ပြောလိုက်သည်။ သူတို့စားသောက်ဆိုင်မှ သတင်းပျံ့ခဲ့တာမဟုတ်သော်လည်း ၎င်းက ကျင်းကျိနဲ့သွယ်ဝိုက်သက်ဆိုင်သည်။ သူ မတားဆီးနိုင်မှာစိုးလို့ ဤကိစ္စများကို ရှင်းပြထားခြင်းဖြစ်သည်။ ထန်ချွန်းမင်နှင့် လီဖုန်းက ပြင်ဆင်ထားလို့ရတာကြောင့် ယခင်တစ်ခေါက်ကလို အငိုက်မိပြီး ရှုပ်ထွေးတော့မှာမဟုတ်ပေ။