no

Font
Theme

Chapter 14.1

“သိုးမွေးမြူခြင်း”

ထန်ချွန်းမင်က ရွာထဲတွင် လမ်းလျှောက်သွားရင်း သူက ဖြတ်သွားဖြတ်လာများကို နှုတ်ဆက်နေခဲ့သည်။ သူက သူမှတ်ဉာဏ်ထဲက လူမှန်သမျှကို နှုတ်ဆက်ဖို့ စဥ်းစားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူရွာမှာနေရင် ရွာသားတွေနဲ့ မစိမ်းသင့်ပေ။ မူလပိုင်ရှင်က ရှက်တတ်ပြီး သူ့လိုမျိုး ပွင့်လင်းမှုမရှိတောကြောင့် သူ့ဘက်က စနှုတ်ဆက်လာသည့်အခါ တချို့လူတွေက ပြန်မပြုံးပြခင် အံ့အားသင့်နေသည်။

တကယ်တော့ ရွာသားအများစုက အလွန်းရိုးသားသည်။ သူငယ်ငယ်တုန်းက ထမင်းပန်းကန်နှင့် တစ်အိမ်တက်တစ်အိမ်ဆင်း သွားလေ့ရှိတာကို မှတ်မိသေးသည်။ ရင်းနှီးသောမိသားစုများက သူ့ကို အိမ်မှာ ထမင်းခေါ်ကျွေးခဲ့ကြသည်။ သူတို့က မြို့ကြီး၏လွှမ်းမိုးခံရပြီးနောက် အိမ်သေးသေးလေးများမှာ တံခါးပိတ်နေထိုင်ကြသော်လည်း ရွာသားများကြားမှ ဆက်ဆံရေးက မြို့သားတွေထက် ပိုမိုကောင်းမွန်လေသည်။

မြို့ထဲမှာ နေထိုင်ပြီးနောက် သူက ကျေးလက်၏ အငွေ့အသက်ကို ပိုသဘောကျသည်။

ယခုအခါ သူ့မှာ ကိုယ်ပိုင်အိမ်ထောင်စုစာရင်းရှိပြီး ဤအထောက်အထားဖြင့် ရွာနောက်ဘက်ရှိ ကျောက်မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။ ကံမကောင်းစွာပင် သူ့ဗိုက်ထဲကကလေးနှင့် ကျောက်လင်းက သူ့မျိုးရိုးနာမည်ကို မယူနိုင်ပဲ ကျောက်မျိုးရိုးနာမည်သာ ယူရခဲ့သည်။ သူနောက်အိမ်ထောင်ပြုပြီး သူ့ခင်ပွန်းက သူတို့လေးတွေကို လက်ခံမှသာ သူ့ခင်ပွန်း၏မျိုးရိုးနာမည်ကို ယူနိုင်လိမ့်မည်။ တခြားနည်းလမ်းကတော့ ကျန်းရှန်ရွာ၏ ထန်မိသားစုက သူတို့ကို လက်ခံပြီး မိသားစုထဲ ထည့်သွင်းဖို့ ဆန္ဒရှိသလားပေါ် မူတည်သည်။

ကျောက်လင်းက ကောဖြစ်နေရင်တောင် သူ့ဗိုက်ထဲကကလေးက သားလေးဖြစ်ပြီး အနာဂတ်မှာ စာမေးပွဲဖြေဆိုချင်တယ်ဆိုလျှင် ထိုအချက်တွေကို ကြည့်ရှုပေးမယ်လို့ ရှန်းဖူလန်က ပြောခဲ့သည်။ ထန်ချွန်းမင်က ​ရှေးရိုးဆန်သော တွေးခေါ်မှုကို တိတ်တဆိတ်တံတွေးထွေးလိုက်သည်။ ကံအားလျော်စွာ ထန်မျိုးရိုးဖြစ်ဖြစ် ကျောက်မျိုးရိုးဖြစ်ဖြစ် သူတို့လေးတွေက သူ့သားတွေဖြစ်၏။

သူအိမ်ပြန်ရောက်ပြီး ခြံတံခါးပိတ်လိုက်တာနဲ့ သူ့သားလေး တံခါးဝမှာ ဆောင့်ကြောင့်ထိုင်နေတာကို တွေ့ခဲ့ရသည်။ ထန်ချွန်းမင် ပြန်လာတာကိုတွေ့တော့ သူက ချက်ချင်းပင် ပျော်ရွှင်သွားသည်။ သူက မတ်တပ်ထရပ်ကာ တိုးတိုးလေးပြောလိုက်သည်။ “ဖေဖေပြန်လာပြီ။”

“ဖေဖေ့ချစ်သားလေးက ဖေဖေ့ကို စောင့်နေတာပဲ။ ဘာလို့ တာမောင်း၊အာမောင်းတို့နဲ့ မကစားတာလဲ?” ထန်ချွန်းမင်၏နှလုံးသားက ရုတ်တရက် ပျော့သွားပြီး သူက သူ့သားကို ငုံ့ဖက်လိုက်သည်။

“ဟင့်အင်း… ဖေဖေ ဗိုက်ထဲမှာ ညီလေးရှိလို့ ဖေဖေက အားလင်းကို မချီနိုင်တော့ဘူးလို့ ရှို့အားမော့ကပြောတယ်။” သူက ထန်ချွန်းမင်၏ ချီထားသောလက်ကို ဆန့်တန်းလိုက်ပြီး ထန်ချွန်းမင်၏ ဗိုက်ကို စူစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

ထန်ချွန်းမင်၏ ဆန့်တန်းထားသောလက်က လေထုထဲတွင် ရုတ်တရက်အေးခဲသွားပြီး သူ့မျက်နှာပေါ်က အပြုံးက အေးခဲသွားသည်။ သားလေး… မင်းငါ့ကို ဒီလိုရက်စက်တဲ့ကိစ္စကို သတိပေးစရာလိုလို့လား… မင်းရဲ့ဓားကို ရန်သူကိုသုတ်သင်ဖို့ပဲ သုံးလေကွာ… သူက စိတ်ထဲကသက်ပြင်းချကာ ဆန့်ထားသောလက်က သူ့သား၏မျက်နှာလေးကို ညှစ်လိုက်သည်။ “ဖေဖေနဲ့ အိမ်ထဲဝင်ရအောင်။ မင်းရဲ့အားမော့ပြောတာကို နားမထောင်နဲ့။ ဖေဖေ မင်းကိုဖက်ချင်တယ်။”

“အို့ သားအဖနှစ်ယောက် သိပ်ချစ်နေကြပါလား… အားလင်းက ဒီမှာပဲနေပြီး မင်းပြန်လာတာကိုစောင့်မယ်လို့ပြောနေတာ။ တာမောင်းနဲ့အာမောင်းက သူ့ကိုခေါ်ထုတ်ဖို့ကြိုးစားပေမယ့် သူက ငြင်းလိုက်တယ်လေ။ အခုမင်းပြန်လာပြီဆိုတော့ ငါလည်းပြန်တော့မယ်။” ကျန်းရှို့က အိမ်ရှေ့ကနေ နောက်ပြောင်နေသည်။ ထန်ချွန်းမင်က ရွာလူကြီးအိမ်ကို သွားရာတွင် သူ့သားကို ကျန်းရှို့နဲ့ထားခဲ့သည်။

ကျန်းရှို့က သူတို့ထွက်သွားသောအခါ ခြံတံခါးပိတ်ပေးခဲ့ပြီး ထန်ချွန်းမင်က သူ့သားကို ကြက်နှစ်ကောင် လိုက်ပြခဲ့သည်။ ရွာလူကြီး၏အိမ်ကို မသွားခင် သူက ကြက်တွန်သံကို မကြားခဲ့သဖြင့် ဥဥနေတယ်လို့ သံသယဖြစ်ခဲ့သည်။ ကြက်တွေက အေးတဲ့ရာသီမှာ ဥမဥပေမယ့် သူတို့ကို ဒီရက်မှာ ဘာတွေကျွေးခဲ့တာမို့လဲ? သူတို့က စပ်ထားသော စမ်းရေကိုသောက်ခဲ့ရုံတင်မကပဲ နေရာလွတ်ထဲက လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များကို စားသုံးခဲ့သည်။ ကြက်နှစ်ကောင်က နေရာလွတ်ထဲမှ ဆန်ကိုစားခဲ့ပြီး ပေးသမျှအကုန်စားခဲ့တာကြောင့် ထန်ချွန်းမင်က ရှာတွေ့သွားမှာကို စိတ်မပူခဲ့ပေ။

ထိုအချိန်တွင် ကျန်ရှို့ရောက်လာခဲ့ပေမယ့် စစ်ဆေးဖို့ အချိန်မရှိခဲ့ပေ။ ယခုပြန်စဥ်းစားကြည့်တော့ သူသတိရသွားပြီး ကြက်လှောင်အိမ်ထဲကို ပြန်ကြည့်လိုက်သည်။ ကောက်ရိုးပေါ်မှာ ဥနှစ်လုံးရှိနေသည်။ ထန်ချွန်းမင်က အလွန်ဝမ်းသာသွားသည်။ သား… ဖေဖေတို့ ဥစားလို့ရပြီ။ နေ့လည်ကျရင် ကြက်ဥပြုတ်ပေးမယ်နော်။” အရင်က စားခဲ့ဖူးသော ကြက်ဥများက ကျန်းရှို့၊ ဝမ်မော့နှင့် တခြားကောအာလေးတွေ ပို့ပေးခဲ့တာဖြစ်၏။ သို့သော် အဲ့ဒါတွေကုန်သွားရင် ဘာစားရမလဲ သူစိတ်ပူနေခဲ့သည်။ ကြက်ဥများများဝယ်လိုက်သင့်လား? လူတွေမြင်သွားပြီး ပြောဆိုလာရင် သူခံနိုင်မှာမဟုတ်သဖြင့် သူက လွန်ခဲ့သည့် ရက်အနည်းငယ်မှာ ကြက်စာကျွေးခဲ့ပြီး နောက်ဆုံးတွင် သူမျှော်လင့်ထားသလို ဖြစ်လာခဲ့သည်။

ကြက်နှစ်ကောင်ကို ဆုချရန် ထန်ချွန်းမင်က ပန်းကန်ထဲသို့ စမ်းရေနှင့် ဆန်နည်းနည်းထည့်ပြီး မြေကြီးပေါ်မှ ဟင်းသီးဟင်းရွက်များကို လက်တစ်ဆုပ်စာကာက်ယူဖို့ စိတ်စွမ်းအားကို အသုံးပြုခဲ့သည်။ သူက ကြက်မတွေနောက် လိုက်စရာမလိုတာကြောင့် သူက အစားအစာကိုယူဖို့ သွားခဲ့သည်။ ထန်ချွန်းမင်က နည်းနည်းနွေးနေသော ဥတွေကိုထုတ်ကာ သူ့သားကို တစ်လုံးပေးလိုက်သည်။

ကျောက်လင်းက လက်လေးနှစ်ဖက်ဖြင့် သေချာကိုင်ပြီး အလွန်ပျော်ရွှင်နေသည်။ အတိတ်မှာ သူက ဘာစားချင်လဲမပြောရဲပေမယ့် ယခုဆိုရင် ထန်ချွန်းမင်က သူ့ကို နေ့တိုင်း အရသာရှိတာလေးတွေ ကျွေးသည်။ သို့ဖြစ်၍ သူက သတ္တိရှိလာပေမယ့် သူ့ဖေဖေရှေ့မှာသာဖြစ်၏။

“ကောင်းပြီ။ အခုကစပြီး အားလင်းက ဥတွေကို​ ကောက်ဖို့တာဝန်ရှိတယ်။ ကြက်ဥတွေဥပြီးတိုင်း ဖေဖေက အားလင်းအတွက် ပြုတ်ပေးမယ်။ ကြက်တွေဖမ်းမိရင်လည်း အားလင်းကိုပေးမယ်။ နောက်ဆိုရင် အားလင်းက ကိုယ်ပိုင်ငွေစုလို့ရပြီ။” ထန်ချွန်းမင်က လက်ယမ်းပြကာ သူ့သားကိုတစ်ပါတည်းဆွဲလိုက်သည်။

“အားလင်း နေ့တိုင်းလာကြည့်မယ်။” ကျောက်လင်းလေးက သူ့ဖေဖေနောက်ကာ ပြေးလွှားရင်း မျက်လုံးတွေက ကျဥ်းမြောင်းသွားသည်။ ကောလေးက ကိုယ်ပိုင်ငွေဆိုတာ ဘာလဲမသိပေမယ့် သူ့ဖေဖေ၏အလု​ပ်ကို ကူပေးလို့ရတာတော့သိသည်။ ကြက်မွေးမြူခြင်းဖြင့် ကြက်ဥတွေအများကြီးရလာမှာဖြစ်ပြီး စားလို့မကုန်ရင် ငွေနဲ့လဲလို့ရသည်။

တာရှန် မြို့ပေါ်က ပြန်သယ်လာပေးတဲ့ ဘဲလေးနှစ်ကောင်လည်းရှိသည်။ အပြင်က အပူချိန်က နည်းနည်းနိမ့်နေသည်။ သို့ဖြစ်၍ ဘဲတွေသယ်လာပြီးနောက် ထန်ချွန်းမင်က စမ်းရေနည်းနည်းလောက် မြန်မြန်တိုက်ကျွေးလိုက်ပြီး ညနေမှာ အိမ်ထဲခေါ်လာခဲ့သည်။ ကျန်းရှို့က သူတို့အေးခဲပြီး သေသွားမှာကို စိုးရိမ်ပေမယ့် သူသယ်လာတုန်းကထက် ပိုပြီး ရွှင်လန်းနေမယ်လို့ မမျှော်လင့်ခဲ့ပေ။ ကြက်ကလေးများက ရာသီဥတု ပူလာသည်အထိ စောင့်ရသည်။ ကျန်းရှို့က ကြက်မွေးမြူတာ ​ကျွမ်းကျင်သော မိသားစုမှ အကောင်ပေါက်ငါးဆယ်ကို ထန်ချွန်းမင်အတွက် မှာပေးခဲ့ပြီး အိမ်သို့ ယူမလာခင် ကြက်ပေါက်လေးတွေ အခွံထဲမှထွက်လာတာကို စောင့်ရပေမည်။

အိမ်ပြန်ရောက်ပြီးနောက် အားလင်းက ဘဲလေးတွေကိုကြည့်ရန် ဝါးခြင်းတောင်းရှေ့မှာ ထိုင်ချလိုက်သည်။ ထန်ချွန်းမင်က ခန်းပေါ်မှာထိုင်ကာ ပိုက်ဆံရေတွက်နေသည်။ ပိုက်ဆံက မလုံလောက်တော့ပေ။ ရက်အနည်းငယ်အတွင်း ငွေပြားသုံးဆယ်နီးပါးသုံးခဲ့ပြီး သူက ဆေးဖိုးလည်း ပေးခဲ့ရသည်။ ဘဲနည်းနည်းဝယ်ပြီး ရွာလူကြီးအိမ်ကို လက်ဆောင်ပို့ပြီးနောက် သူက ကြက်ပေါက်များအတွက်လည်း စရံပေးခဲ့သည်။ ထို့အပြင် သိုးတွေလည်း မကြာခင်ရောက်တော့မည်။ ဒီငွေဆယ်ပြားက ဘယ်ချိန်ထိခံမှာလဲ? သူက ခရိုင်မြို့ကို သွားချင်သည်။ နေရာလွတ်မှာ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ​က ရင့်ခါနီးပြီဖြစ်၍ ခရိုင်မြို့မှာ သွားရောင်းရင် ငွေနည်းနည်းရှာနိုင်လိမ့်မည်။ သူ ယခုသွားချင်ပေမယ့် ဘယ်သူမှ ခွင့်ပြုမှာမဟုတ်ပေ။ သန္ဓေသား သုံးလအရွယ်မှာ အဝေးကြီးသွားလို့မရပေ။ သူက ကောင်းကင်ပေါ်က ပိုက်ဆံတွေကျလာအောင်လည်း လုပ်လို့မရပေ။

ကြက်နှင့် သိုးမွေးမြူခြင်းက အကြံကောင်များဖြစ်သည်။ ယခုခေတ်တွင် ကြီးမားသော မွေးမြူရေးလုပ်ငန်းများမရှိပေ။ အကြောင်းမှာ လူသိပ်သည်းမှုမြင့်မားပြီး ရောဂါရလွယ်သည်။ ရောဂါဖြစ်လာလျှင် တိရစ္ဆာန်အများအပြား သေဆုံးရပြီး မိသားစု၏ ဥစ္စာဓနလည်း ပျောက်ကွယ်သွားပေမည်။ သို့သော်လည်း ထန်ချွန်းမင်က သူ့လက်ထဲက နေရာလွတ်ကြောင့် စိုးရိမ်ခြင်းမရှိပေ။ ဤနည်းဖြင့် ချမ်းသာတာက မျက်စိစပါးမွေးစူးစရာ မဖြစ်စေပေ။ မဟုတ်ပါက သူသည် ငွေ၏ဇစ်မြစ်ကို ရှင်းပြနိုင်မည်မဟုတ်ချေ။

ထို့အပြင် သိုးမွေးမြူတာက ကောင်းမွန်သည်။ သိုးအကြောင်းတွေးသောအခါ သိုးနှင့်လုပ်ထားသော အရသာရှိသည့် ဟင်းပွဲများကို ပြုလုပ်နိုင်သည်။ သိုးသားပြုတ်၊ သိုးသားကင်၊ စီချွမ်သိုးသားဟင်း၊ သိုးသားဟော့ပေါ့….စသဖြင့် အများကြီးရှိသည်။ သူ ထပ်မတွေးသင့်တော့ပေ။ ဤနေရာကို ရောက်လာပြီးနောက် အသားမမြည်းစမ်းဖူးသော ထန်ချွန်းမင်က သွားရည်ကျလာပြီး သူ့သားကိုလှည့်ကြည့်လိုက်သည်။ ကံအားလျော်စွာ သူ့သားက ဘဲလေးနှစ်ကောင်ကိုပဲ စိုက်ကြည့်နေပြီး သူ့ကို သတိမထားမိ၍ သူက သူ့ပါးစပ်ကိုသုတ်လိုက်သည်။ သူက သိုးသားစားချင်လို့ သိုးမွေးခဲ့တာဖြစ်သော်လည်း အချိန်တိုအတွင်း အကျိုးအမြတ်မရ​နိုင်ပေ။ သူ့အရင်ဘဝ၌ ဆိတ်သားကို ဘရန်းတစ်ခုလုပ်ခဲ့သော နေရာများပင်ရှိ၏။

&&&

Chapter 14.2

ထန်ချွန်းမင်က လီဖုန်း၏ အိမ်ပြင်မယ့်ကိစ္စကိုသိသည်။ သူ ခြံရှေ့မှာရပ်နေလျှင် မျက်စောင်းထိုးခြံမှာ လူတွေစည်းကားနေတာကို မြင်နိုင်သည်။

ကျန်းရှို့က သူ့ကိုပြောလာသည်။ “အဲ့ဒီလီဖုန်းက လူတစ်ယောက်ကို တစ်နေ့လုပ်အားခ သုံးဆယ့်ငါးဆင့်ပေးတာတဲ့။ ထမင်းမကျွေးရင်တောင် တခြားနေရာက နှစ်ရက်စာနဲ့ ညီမျှတယ်လေ။ ငါ့တာရှန်လေး မြို့ပေါ်မှာ အလုပ်စောစောရသွားတာ နှမြောစရာပဲ။ မဟုတ်ရင် သူလီဖုန်းရဲ့အိမ်မှာ လုပ်လို့ရမှာ။”

ထန်ချွန်းမင်က သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။ “အစ်ကို ဘယ်လောက်လုပ်နိုင်မှာမို့လဲ? ခင်ဗျားရဲ့တာရှန်က မြို့ထဲမှာ တစ်လနီးပါးအလုပ်လုပ်ပြီး ပိုက်ဆံပိုရမှာမလား.. ဒါတောင် တာရှန် အလုပ်စောစောရပြီး အိမ်ပြန်နောက်ကျတာကို နှမြောနေတယ်။”

“မင်းအခုတော့ပြောတတ်နေပြီပေါ့” ကျန်းရှို့က ထန်ချွန်းမင်၏ပါးကို ဒေါသတကြီး လိမ်ဆွဲလိုက်သည်။ “ပြောရဲရင် ထပ်ပြောကြည့်စမ်း” သို့ရာတွင် ကျန်းရှို့က ပုံကြီးမချဲ့ရဲပေ။ သူက ထန်ချွန်းမင်၏ ကျန်းမာရေးကို ဂရုစိုက်ရဦးမည်။ ဝင်ငွေရှာဖို့က မလွယ်တာမို့ လက်ရှိမှာ မင်ကောအာ၏ အခြေအနေကို စိတ်ပူရသေးသည်။

ထန်ချွန်းမင်က လီဖုန်း၏မိသားစုကို သိပ်အာရုံမစိုက်ခဲ့ပေ။ အကြောင်းမှာ ရှန်းဖူလန်က သိုးမတစ်ကောင်ကို ယူလာခဲ့ပြီး သိုးမတစ်ကောင်နဲ့ သိုးသုံးကောာင်က ငွေနှစ်ပြားကျသင့်မှာမို့ပင်။ ငွေကို ထုတ်ရာတွင် သူ့နှလုံးသားက နာကျင်သည်။ သို့သော် ရှန်းဖူလန်က အမှန်တကယ်ပင် ကြင်နာတတ်သူဖြစ်၏။ သူက သိုးယူလာရုံတင်မက ထန်ချွန်းမင် သိုးအစာမကျွေးနိုင်မှာကိုလည်း စိုးရိမ်နေသည်။ သူက သိုးမွေးမြူရာတွင် ဆောင်ရန်ရှောင်ရန်များကို ထန်ချွန်းမင်အား ရှင်းပြခဲ့သည်။ ထန်ချွန်းမင် သိုးတွေကို ကောင်းကောင်းမမွေးမြူနိုင်ပဲ ငွေနှစ်ပြားဆုံးရှုံးသွားမည်ကို စိုးရိမ်ခဲ့လို့ဖြစ်၏။

ယင်းမတိုင်မီက ထန်ချွန်းမီသည် ဝက်လိုပင် သိုးကိုပြန်လည်မွေးမြူခဲ့ပြီး သေချာဆေးကြောသန့်စင်ကာ စပါးလင်အမွှေးဖြန်းခဲ့သည်။ သူထိုတာဝန်များကို လုပ်နေစဥ် ကျန်းရှို့က သူ့ကို တုန်တုန်ယင်ယင်ကြည့်နေပြီး လှမ်းဆွဲလိုက်ချင်ပေမယ့် ထန်ချွန်းမင်က ငြင်းဆန်ခဲ့သည်။ သူလုပ်လို့ပြီးတော့ ထန်ချွန်းမင်က တခြားမူမမှန်တာမရှိပဲ ချွေးတွေပျံနေပြီး ကျန်းရှို့က စိတ်သက်သာရာရသွားခဲ့သည်။

သိုးများကို ပြန်ယူလာပြီးနောက် ထန်ချွန်းမင်က သိုးမနှင့် သိုးပေါက်သုံးကောင်ကို သန့်ရှင်းရန် မီးဖိုမှာ မီးမွှေးလိုက်သည်။ ရှန်းဖူလန်က ဂရုတစိုက်သန့်ရှင်းရေးလု​ပ်နေသော ထန်ချွန်းမင်ကို ကြည့်နေသည်။

“သိုးမကို နို့ပိုထွက်စေချင်ရင် ပဲပိစပ်ပိုကျွေးလို့ရတယ်လို့ပြောတယ်။ အိမ်မှာ ပဲပိစပ်မရှိရင် ငါနဲ့လိုက်ယူလိုက်။ ဘာမှအားမနာနဲ့ သူတို့က ဘယ်လောက်စားနိုင်မှာမို့လဲ။” ထန်ချွန်းမင် သူ့အိမ်ကို လက်ဆောင်ထပ်ပို့ပေးမှာကို စိုးရိမ်၍ ရှန်းဖူလန်က သတိပေးလိုက်သည်။

“ရပါတယ်။ အိမ်မှာ နည်းနည်းရှိသေးတယ်။ မလောက်ရင် ကျွန်တော်လာယူပါ့မယ်။ အားမနာပါဘူး။” ထန်ချွန်းမင်က ကတိပေးကာ လက်မြှောက်ပြသည်။

“ကောင်းပြီ… ငါသွားနှင့်မယ်။ မင်းတစ်ခုခုလိုရင် ငါ့ကိုပြောပါ။ ငါမင်းကို ရှင်းပြပေးမယ်။ သိုးမွေးပြီးရင် မိသားစုက ထပ်လောင်းအကျိုးရှိလိမ့်မယ်။” ရှန်းဖူလန်ပြောလို့ပြီးတော့ သူက အလျင်စလိုထွက်သွားခဲ့သည်။ လီဖုန်း၏မိသားစုက အလုပ်သမားတွေကို ထမင်းမကျွေးပေမယ့် သူက ဂရုစိုက်ပေးဖို့လိုသည်။ သူက ရေအနည်းကျိုပြီး ပေါင်မုန့်နည်းနည်းပေါင်းထားသည်။ ဒါမှ သူတို့ အလုပ်လုပ်ဖို့ အားရှိမှာပင်။

ရှန်းဖူလန်ကို ပြန်ပို့ပြီးနောက် ထန်ချွန်းမင်က သိုးခြံကို ပြန်သွားခဲ့သည်။ အားလင်းက သူညွှန်ကြားထားသည့်အတိုင်း သိုးများကို အဝေးကကြည့်နေသည်။ သူ့ဖေဖေပြန်လာပြီး သိုးသုံးကောင်ကို ပြနေတာတွေ့တော့ သူက တောက်ပသောမျက်ဝန်းဖြင့် ပြောလိုက်သည်။ “ဖေဖေ… သိုးလေးတွေ..”

“ဟုတ်တယ်…သိုးတွေနဲ့ သိုးမ။ အခုကစပြီး ဖေဖေ အားလင်သောက်ဖို့ နို့ကျိုပေးမယ်။ ဒါမှ အားလင်အားရှိမှာ။” သိုးမက ကျန်းမာပြီး နို့ထွက်ကောင်းကာ လေးလွန်းလို့ မြေပြင်ကိုတွဲကျနေတာကို ထန်ချွန်းမင်တွေ့လိုက်ရသည်။

“သိုးနို့? ဖေဖေ… အဲ့ဒါက ကြက်ဥပြုတ်လောက် အရသာရှိလား?” တဖြည်းဖြည်း အစားပုပ်​လေးဖြစ်လာသော အားလင်းက နှုတ်ခမ်းသပ်ကာ မေးလိုက်၏။

“ဒါပေါ့ အရသာရှိတယ်.. လာ…ဒီနေ့ အားလင်သောက်ဖို့ သိုးနို့ညှစ်ပေးမယ်။”

ထန်ချွန်းမင်က သိုးစာကျွေးဖို့ သစ်သားအင်တုံကိုပြင်ထားပြီး စမ်းရေနည်းနည်းထည့်ကာ သိုးမရှေ့ချပေးလိုက်သည်။ သူက သူတို့ကို ယခုလေးတင် ခေါ်လာပြီး နေရာစိမ်းနေတာကြောင့် သူတို့လေးတွေလည်း မသက်မသာဖြစ်နေလိမ့်မည်။ သို့ဖြစ်၍ နို့ညှစ်ရာတွင် မငြင်းဆန်စေရန် စမ်းရေတိုက်ခဲ့တာဖြစ်၏။ အားလင်းလေးကလည်း စမ်းရေအနံ့ကိုကြိုက်သည်။ သိုးမကလည်း ဆွဲဆောင်ခံလိုက်ရပြီး ခေါင်းငုံ့ကာ အနံ့ရှုလိုက်သည်။ ထို့နောက် သူမက ထန်ချွန်းမင်ကို မော့ကြည့်ပြီး မသောက်ပဲမနေနိုင်တော့ပေ။ တခြားသိုးသုံးကောင်သည်လည်း စမ်းရေသောက်နေ၏။ ရေက နည်းနည်းပဲ​​အေးတာကြောင့် သူတို့က အအေးမိပြီး မဖျားနိုင်တော့ပေ။

သိုးမ ရေသောက်နေတာကိုတွေ့တော့ ထန်ချွန်းမင်က သူ့နို့သီးခေါင်းကို ထိဖို့ ကြိုးစားလိုက်ပေမယ့် သူ​က အားလင်းကို အနားမှမနေခိုင်းပဲ အဝေးပို့ထားသည်။ သိုးမက ခေါင်းမော့ကာ အော်လိုက်ပြီး ခေါင်းငုံ့ကာ ရေပြန်သောက်နေသည်။ ထန်ချွန်းမင်က နေရာလွတ်ထဲမှ အစိမ်းရောင်အရွက်တချို့ကို ယူလိုက်ပြီး မနီးမဝေးမှာရပ်နေသော ကျောက်လင်းက ကျင့်သားရနေပြီပင်။ သူ့ဖေဖေက ယင်းကို နတ်ဘုရား၏ တန်ခိုးဖြစ်၍ တခြားသူများကို မပြောပြရဘူးလို့ မှာထားသည်။ ကလေးလေးက သူ့ဖေဖေ၏ အစွမ်းထက်ပုံကို ကိုးကွယ်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။ နတ်ဘုရားတွေက သူ့ဖေဖေ၏ တန်ခိုးကို ပြန်သိမ်းသွားမှာစိုး၍ ကျောက်လင်း ဘယ်သူ့ကိုမှပြောလို့မရပေ။ ယခုဆိုရင် သူ့ဖေဖေက အရမ်းတော်လို့ သူ့ဖေဖေနဲ့ သူ့ကို ဘယ်သူမှအနိုင်ကျင့်လို့ရတော့မှာမဟုတ်ပေ။

သိုးမက အလွန်နာခံပြီး ထန်ချွန်းမင် ချဥ်းကပ်ရာတွင် မလှုပ်မယှက်ရပ်နေသည်။ ထန်ချွန်းမင်က အင်တုံကိုယူပြီး နို့မညှစ်ခင်မှာ နို့နေရာကို ရေဖြင့် သန့်ရှင်းရေးလုပ်ထားသည်။ အစပိုင်းမှာ အခက်အခဲရှိပြီး သိုးမက အော်ဟစ်ခဲ့သည်။ ယင်းမှာ ထန်ချွန်းမင်၏ ငယ်ဘဝအမှတ်တရသာဖြစ်ပြီး ကြီးပြင်းလာသောအခါ ထပ်မလုပ်ခဲ့ပေ။ သူ နေရာလွတ်ကို ရခဲ့သောနှစ်မှာ သိုးသားစားချင်သည့် ရည်ရွယ်ချက်ဖြင့် သိုးမွေးခဲ့သော်လည်း သူက နို့တော့မညှစ်ခဲ့ပေ။ သူက သူ့ဘဝကို ခံစားပျော်ရွှင်နေပြီး သူလုပ်ချင်တာမှန်သမျှလုပ်ခဲ့သည်။ အုတ်ဂူထဲက သူ့အဖေကြီး ဒေါသဖြစ်ဖို့လည်း တန်ပါ၏။

ကံအားလျော်စွာ သူက ခဏအကြာတွင် ခံစားချက်ကောင်း ရရှိခဲ့ပြီး နို့တွေက အင်တုံထဲကို စီးဝင်သွားပြီး အင်တုံတစ်ခုလုံးနီးပါး ပြည့်သွားခဲ့သည်။ ထန်ချွန်းမင်က သိုးပေါက်သုံးကောင်အတွက် တစ်ပိုင်းထည့်ပေးခဲ့ပြီး ကျန်တာကို မီးဖိုချောင်ထဲယူသွားခဲ့သည်။ သူကအသင့်ပြင်ထားသည့် အိုးထဲကို လောင်းချကာ သိုးနို့ကျိုဖို့ မီးမွှေးလိုက်သည်။

ကျောက်လင်းက သူ့ဖေဖေနောက်လိုက်ကာ သူ့အဝတ်အစားကို ဆွဲလိုက်သည်။ ထန်ချွန်းမင်က သူလိုက်လာတာကို စိတ်မဆိုးပဲ သွားလေရာခေါ်သွားသည်။ သိုးနို့၏ရနံ့က ပြင်းလွန်းလို့ လူနည်းနည်းသာခံနိုင်သည်။ ထန်ချွန်းမင်က အနံဖျောက်နည်းမျိုးစုံကိုသိသည်။ လက်ဖက်ခြောက်၊ စံပယ်၊ ဗာဒံမှုန့်ထည့်လို့ရပေမယ့် သူ့လက်ထဲမှာ ဗာဒံမှုန့်မရှိပဲ နေရာလွတ်ထဲမှာပဲ နည်းနည်းကျန်သည်။ တူးဖော်လို့ရသည့် နေရာလွတ်ကို ကျေးဇူးတင်ရမည်။ ငွေစက္ကူနည်းနည်းရှိသော်လည်း ယခုအခါ အသုံးမဝင်သော အမှိုက်များသာဖြစ်၍ ထန်ချွန်းမင် စိတ်မကောင်းဖြစ်မိသည်။ ထိုနှစ်ခုကို အထဲမှာ ထည့်ထားရခြင်းမှာ သူ စံပယ်ရနံ့ကို သဘောကျလို့ဖြစ်ပြီး လက်ဖက်ရည်မှာ စံပယ်ဖူး နည်းနည်းထည့်ပါက အလွန်မွှေးသည်။

သူက စံပယ်ဖူးနည်းနည်းယူကာ သိုးနို့ထဲထည့်ပြီး ကျိုလိုက်သည်။ တဖြည်းဖြည်းနဲ့ စံပယ်ရနံ့က သင်းပျံ့လာပြီး နို့နံ့ပိုပြင်းလာသည်။

“အားလင်း… တာမောင်းနဲ့ အာမောင်း အိမ်ပြန်ရောက်ပြီလား သွားကြည့်ဦး။ ရှိရင် သူတို့ကို ခေါ်လာခဲ့။” သိုးမက နို့အများကြီးမထွက်ပေမယ့် သုံးယောက် နည်းနည်းစီသောက်ဖို့ လုံလောက်သည်။ ထန်ချွန်းမင်ကတော့ တံတွေးမျိုချပြီး ကလေးတွေအတွက် ချန်ထားကာ နောက်တစ်ကြိမ်မှ သူ့အလှည့်ရောက်မည်။

“ဟုတ်ကဲ့…ဖေဖေ…”

ထန်ချွန်းမင်က အိမ်မှာ အကြာကြီးစောင့်နေပြီး အားလင်းပြန်လာတာကိုမတွေ့ပေ။ သိုးနို့အိုးကို မီးဖိုပေါ်မှချပြီး ထန်ချွန်းမင်က စိတ်ပူလာသည်။ သူ့အိမ်က ကျန်းရှို့အိမ်နဲ့မဝေးသဖြင့် သူ ခြံံတံခါးဖွင့်ပြီး ထွက်ကြည့်ခါနီးမှာ ကလေးတစ်ယောက်က ပြေးဝင်လာသည်။ “ထန်အားမော့…. မြန်မြန်လာ… သားကို တာမောင်းလွှတ်လိုက်တာ။ လင်းအာကို ကျောက်သုန့်က အနိုင်ကျင့်နေတယ်။”

“ဘာ?!” ထန်ချွန်းမင်က ထိုစကားကြားတော့ ဒေါသထွက်သွားသည်။ ကျောက်သုန့်က ဘယ်သူလဲ? ကျောက်သုန့်က အကြီးဆုံးသားနှင့် ဝမ်ချွန်းဟွာ၏သားဖြစ်သည်။ သူက ဆယ်နှစ်အရွယ်ဖြစ်ပြီး သုံးနှစ်အရွယ် ကောလေးကို အနိုင်ကျင့်ရဲသည်။ ထန်ချွန်းမင်ကို သေသွားပြီထင်နေလား? သူက ဘိုးဘိုးကျောက်ကိုတောင် မကြောက်တာ ဒီကလေးကို ကြောက်ပါ့မလား?

ထန်ချွန်းမင်က နောက်လှည့်ကာ အိမ်ထဲဝင်သွားပြီး အဝတ်လှန်းတုတ်ယူကာ ပြန်ထွက်လာသည်။ “ငါ့ကိုလမ်းပြ…အားလင်းဘယ်မှာလဲ?”

ထိုကလေးက တာမောင်းနှင့် ကစားလေ့ရှိပြီး တာမောင်းနှင့် အာမောင်းက ထွက်မလာရဲတာကြောင့် သူ့ကို ပို့လိုက်တာဖြစ်သည်။ ကလေးက ထန်ချွန်းမင်၏ အမူအရာကိုမြင်တော့ လန့်သွားသည်။ သူက လမ်းပြဖို့ ပြေးထွက်လာပြီး ဘာမှမပြောရဲပေ။ ထန်အားမော့က အရမ်းကြောက်ဖို့ကောင်းတယ်။ သူ ကျောက်သုန့်ကို တုတ်နဲ့ရိုက်တော့မှာလား?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment