Chapter 48.1
ရာသီဥတုပိုပူလာပြီး ထန်ချွန်းမင်၏ အိပ်ငိုက်သောလက္ခဏာများ တော်တော်သက်သာလာခဲ့သည်။ လီဖုန်းက ထန်ချွန်းမင်၏ မီးဖွားချိန်ကို လွတ်သွားမှာစိုးရိမ်တာကြောင့် ပြောပြီးတာနဲ့ ချက်ချင်းထွက်သွားခဲ့သည်။ သို့သော် သူက ထန်ချွန်းမင်နှင့် အားလင်းကို အိမ်မှာထားခဲ့ရတာက စိတ်မချပေ။
သို့ဖြစ်၍ ထွက်မသွားခင်မှာ သူက ထန်ချွန်းမင်ကို အဖော်ပြုပေးရန် ကျန်းရှို့အားမှာခဲ့သည်။ ကျန်သည့်ကိစ္စရပ်များကိုတော့ တာရှန်၏လက်ထဲအပ်ခဲ့သည်။
ကျန်းရှို့က ထုံးစံအတိုင်းပင် မငြင်းခဲ့ပေ။ သူကလည်း လီဖုန်းထွက်သွားတော့ ထန်ချွန်းမင်ကို စိတ်ပူနေခဲ့သည်။ လီဖုန်းရှိနေစဥ်မှာ ထန်ချွန်းမင်က အားလင်းနှင့် နှစ်ယောက်တည်းရှိနေခဲ့သော်လည်း ယခင်တစ်ခေါက် ခိုးမှုအပြီးမှာ လီဖုန်းက ဘယ်လောက်တောင်နိုးကြားနေလဲ သူနဲ့တာရှန် သိခဲ့သည်။
တစ်ဖက်လူက ခြံထဲမှာဆူညံသံကြားတိုင်း အပြေးလာလေ့ရှိသည်။
ခြံထဲမှာ ကြက်ကောင်ရေ ၃၀၀ ကျော် ဖမ်းမိခဲ့သည်။ သူတို့က ၎င်းတို့ကို တခြားသူများ၏အိမ်မှာသာ ဝယ်လို့ရသည်။ ထန်ချွန်းမင်က ယခုလေးတင် ကြက်ကိုရေတိုက်အစာကျွေးကာ အိမ်ထဲပြန်လာခဲ့သည်။
ပထမတော့ ကြက်နှစ်ကောင်က ဤနေရာမှာကျန်နေခဲ့ပြီး အားလင်းက နေ့တိုင်းကြက်ဥကောက်လေ့ရှိသည်။ ကြီးလာသောကြက်များက တောင်နောက်ဘက်ရှိ ကြက်ခြံကို ရွှေ့သွားခဲ့၍ အားလင်းက ခဏတာမျှ ငိုခဲ့လေသည်။
ထို့နောက် ထန်ချွန်းမင်က အားလင်းကိုချော့ရန် ကြက်ဥကောက်ပြီး ရောင်းခိုင်းပါ့မယ်ဟု ကတိပေးခဲ့ရသည်။ ယခင်ဘဝက ကလေးရှိခဲ့သော သူငယ်ချင်းနှင့် လုပ်ဖော်ကိုင်ဖက်များက ကလေးများကို ကတိအလွယ်မပေးဖို့ မှာခဲ့သည်မှာ အံ့သြစရာမရှိပေ။ မဟုတ်ပါက လူကို ခေါင်းကိုက်စေမှာဖြစ်၏။ ထိုအတွက်ကြောင့် ထန်ချွန်းမင်သည် အားလင်းပျော်ရွှင်စေရန်အတွက် ကြက်ခြံမှ ကြက်မအကောင်ရေ နည်းနည်းဝယ်ယူခဲ့သည်။
နောက်ဆုံးမှာ အားလင်းက စိတ်ဆိုးပြေသွားလေ၏။
မိဘဖြစ်ရတာမလွယ်ပေ။ သူ ပိုက်ဆံရှာနေဖို့ပဲ အာရုံစိုက်လို့မရချေ။ အနာဂတ်မှာ သူ အားလင်းအတွက် ကြက်ဥရောင်းကာ ပိုက်ဆံစုရမည်။
ထိုအကြောင်းသိပြီးနောက် ကျန်းရှို့က ကလေးကိုသိပ်အလိုလိုက်သည့် ထန်ချွန်းမင်ကို ကြိတ်ရယ်နေသည်။ ကံအားလျော်စွာ အားလင်းက လိမ္မာရေးခြားရှိသော ကလေးတစ်ယောက်ဖြစ်သည်။ သူ့ကောင်လေးနှစ်ယောက်သာဆိုလျှင် သူတို့တာရှန်ဆီမရောက်ခင် သူ့လက်ထဲမှာ တင်ပါးအရိုက်ခံရမည်ဖြစ်သည်။
ထန်ချွန်းမင်က အမှားလုပ်မိလို့ ကတိချိုးဖျက်ခဲ့မိတယ်လို့သာ ရှင်းပြနိုင်ခဲ့သည်။
ရှောင်ဟွာက စပျစ်ခင်းအောက်တွင် လဲလျောင်းနေစဥ် ရှောင်ဟေးနဲ့ရှောင်သိုက်က အိမ်ထဲတွင် လျှာထုတ်ကာ လဲလျောင်းနေ၏။
ကလေးသုံးယောက်က သူတို့အတွက် သီးသန့်ထားရှိပေးသော စာဖတ်ခန်းတွင် လက်ရေးလှလေကျင့်နေ၏။ ထန်ချွန်းမင်က သူတို့ကို အိမ်စာပေးထားခဲ့တာဖြစ်၏။
ကျန်းရှို့က ပန်းထိုးပစ္စည်းများကို ယူဆောင်လာကာ ပန်းထိုးရင်း ထန်ချွန်းမင်နှင့် စကားပြောပြီး ထန်ချွန်းမင် အပ်ချုပ်နေတာကို စောင့်ကြည့်နေ၏။ ထန်ချွန်းမင်က ကတ်ကြေးကိုကောက်ယူကာ ဝမ်းနည်းစွာဖြင့် အဝတ်အစားညှပ်နေရသည်။
ကံအားလျော်စွာ ခဏလောက်လုပ်ပြီးနောက် သူ့လက်တွေက တဖြည်းဖြည်းပြန်ကောင်းလာပြီး ယင်းမှာ မူလကိုယ်ချန်ခဲ့သော စွမ်းရည်များဖြစ်၏။ သူက စိတ်ထဲ၌ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူ့အရင်ဘဝက ထိုနာမည်ကြီးဒီဇိုင်နာများနှင့် အပ်ချုပ်သမားအများစုမှာ အမျိုးသားတွေဖြစ်တာကြောင့် အဝတ်စားချုပ်ရတာက ကိစ္စကြီးမဟုတ်ပေ။ ဤအချက်ကြောင့် ယောကျာ်းမပီမသဖြစ်လာသည်ဟု မဆိုလိုပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ပန်းထိုးခြင်းအလုပ်ကိုတော့ လုံးဝထိမှာမဟုတ်ပေ။
သူ ယခင်က အားလင်းအတွက် အဝတ်အစားနှစ်စုံချုပ်ပေးပြီး ယခုမူ သူက လီဖုန်းပြန်လာလျှင် အံ့အားသင့်စရာပေးရန် လူကြီးဝတ်စုံချုပ်နေ၏။ ထန်ချွန်းမင်က ဇနီးကောင်းတစ်ဦး၏လမ်းကြောင်းသို့ ဦးတည်နေပြီဟု ခံစားလိုက်ရသည်။
“အို့… အဲ့နေ့ကိစ္စကို မင်းမသိလောက်ဘူး… ငါလည်း တခြားကောတွေဆီက ကြားခဲ့တာ။” ကျန်းရှို့က ပြန်သတိရသွားသည်။ “ရိတ်သိမ်းမြေမှာ အဲ့နေ့က လီစုန့်ကမ်းရဲ့ဇနီးနဲ့ သူ့ကောလေးလုပ်ခဲ့တာ အရမ်းရှက်ဖို့ကောင်းတယ်။”
“အာ? အဲ့ဒီကောက ဘာထပ်လုပ်ခဲ့တာလဲ?” သူ့ကို တရားပို့ချတဲ့အပြင် တစ်ခုခုလုပ်ခဲ့သေးတာလား?
“မှန်တယ်… သူတို့က ကိုယ့်အရှက်ကိုယ်ခွဲခဲ့တာပဲ။” ကျန်းရှို့က အထင်သေးသလိုပြောလိုက်သည်။ “သူတို့က စစ်သားစားပွဲဝိုင်းကိုသွားပြီး လီဖုန်းရဲ့ဆွေမျိုးတွေပါဆိုပြီး တစ်ခုခုပြောခဲ့တယ်။ လီဖုန်းအနားမှာမရှိတဲ့အချိန် သွားခဲ့တာပဲ။ သူတို့က လူတွေကို အဆင့်အတန်းခွဲခြားဖို့ ကြိုးစားနေတာ။ ပြီးတော့ အဲ့ဒီကောလေးရဲ့အပြုအမူက….. ငါက အိမ်ထောင်သည်ကောတစ်ယောက်ဆိုပေမယ့် အဲ့ဒါကိုပြောရမှာတောင်ရှက်တယ်။”
ထန်ချွန်းမင်က ကြောင်အသွားသည်။ “သူဘာလုပ်နေတာလဲ? သူလက်ထပ်ဖို့ အဲ့ဒီထဲကတစ်ယောက်ကို ရွေးချင်တာလား?”
ကျန်းရှို့က မျက်စောင်းထိုးလိုက်သည်။ “သူက မတုံးဘူး။ ယွိမုနဲ့ တခြားသူတွေက တင်းကျိုးခရိုင်ကလာပြီး အရာရှိတွေမှန်း သူသိတယ်။ သူ တကယ်လက်ထပ်နိုင်ခဲ့ရင် မြို့ပေါ်မှာ ဘဝကောင်းစားဖို့ အဲ့ဒီလူနောက်လိုက်သွားလို့ရတယ်မလား? ဒါပေမယ့် သူတို့က လူတိုင်းကို ငတုံးတွေလို မဆက်ဆံသင့်ဘူး။ သူတို့က အာရုံအစိုက်မခံရပဲ လျစ်လျူရှုခံလိုက်ရတယ်။ သူတို့က ဆွေမျိုးတွေပါဆိုပြီး ပြောခဲ့တာတောင်လေ….”
ထန်ချွန်းမင်က ရယ်မိသွားသည်။ ရက်အနည်းငယ်နေပြီးနောက် ထိုလူတွေက သူနဲ့ လီဖုန်းကို ထိုကိစ္စပြန်မပြောပြခဲ့ပေ။ ကျန်းရှို့ပြောတာမှန်သည်။
ဤနေရာကိုရောက်ရှိလာသူများက လီဖုန်းနဲ့ ထိုဆွေမျိုးများကြားရှိ ဆက်ဆံရေးကို မသိကြဘူးလို့ သူတို့က ထင်နေခဲ့တာပင်။ တခြားသူများအပြင် ပေါက်တက်ကရပြောတတ်သူ ယွိမုကလည်း သူမလာခင်က အားလုံးကိုပြောပြခဲ့လောက်သည်။
သူတို့စကားပြောကာ ရယ်မောနေစဥ် လူတစ်ယောက်က ခြံတံခါးလာခေါက်ခဲ့သည်။ ကျန်းရှိုက လက်ထဲကပစ္စည်းများကို အောက်ချကာ တံခါးဖွင့်ဖို့သွားခဲ့သည်။
ထန်ချွန်းမင်က ဂရုမစိုက်ပေမယ့် ခဏစောင့်ပြီးနောက် ကျန်းရှို့ပြန်ရောက်မလာပဲ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“မင်း..ဒီမှာဘာလုပ်နေတာလဲ? မင်းကို ဒီနေရာမှာမကြိုဆိုဘူး.. မင်ကောအာက မင်းကိုဧည့်ခံဖို့ အချိန်မရှိဘူး။”
“...ခင်ဗျားက မင်ကောအာမဟုတ်ဘူး။ ဒါက ခင်ဗျားအိမ််မဟုတ်ဘူး။ ခင်ဗျားစကားကို ဘာလို့နားထောင်ရမှာလဲ? ပြီးတော့ ကျွန်တော်နဲ့ မင်ကောအာရဲ့ဆက်ဆံရေးက ခင်ဗျားထက် ပိုရင်းနှီးတာယ်။ ကျွန်တော်တို့ကဆွေမျိုးတွေပဲ…..”
သူ့နောက်ကအသံက ရင်းနှီးနေသည်။ ဒါက အဲ့ဒီနေ့တုန်းက ရိတ်သိမ်းမြေမှာ သူ့ကို ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့ သင်ခန်းစာပေးခဲ့တဲ့ ကောလေးမလား? သူ ဒီမှာဘာလုပ်နေတာလဲ? ထန်ချွန်းမင်က စိတ်ရှုပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး ခါးကိုင်ကာ လျှောက်ထွက်သွားခဲ့သည်။
ခြံတံခါးရှေ့တွင် တစ်ယောက်က အထဲဝင်ချင်တာကို တစ်ယောက်ကဝင်ခွင့်မပေး၍ တစ်ယောက်နဲ့တစ်ယောက်တွန်းနေကြသည်။
ကောအာလေးက ထန်ချွန်းမင်ထွက်လာတာကိုတွေ့တော့ အော်လိုက်သည်။ “မင်ကောအာ… ကျွန်တော့် ဝမ်းကွဲအစ်ကိုဖုန်း အိမ်မှာမရှိတာကိုသိတယ်။ ဒါကြောင့် ခင်ဗျားနဲ့သီးသန့်စကားပြောဖို့လာခဲ့တာ။ ဒီလူက ဘာလို့ငါ့ကို အထဲဝင်ခွင့်မပေးတာလဲ? အစ်ကိုလီဖုန်းက ကျွန်တော့်ရဲ့ဝမ်းကွဲအရင်းပါ။”
ဆိုလိုရင်းက သူ့မိသားစုက တာရှန်တို့မိသားစုထက် သူနဲ့ပိုရင်းနှီးတာဟူ၍ပင်။
ထန်ချွန်းမင်နှင့် ကျန်းရှို့တို့က ထိုကော၏အရေထူမှုကို လျှော့တွက်မိခဲ့သည်။ ထန်ချွန်းမင်က ဆယ်ကျောသက်အရွယ်နဲ့ ငြင်းခုံရမှာပျင်းရိနေ၏။ မဟုတ်ပါက သူက လူကြီးဖြစ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ပြောဦးမည်။
သို့သော် ယခုချိန်မှာ သူ၏လျစ်လျူရှုမှုက တခြားသူများ၏အမြင်တွင် လိုက်လျောမှုတစ်ခုဖြစ်နေကြောင်း သူသိလိုက်ရသည်။ ဒါမှမဟုတ် သူ့ကိုအနိုင်ကျင့်လို့ရတယ် ထင်နေတာလား?
ဒါမှမဟုတ် အဲ့ဒီနေ့က ရွာရင်ပြင်မှာ ပြောခဲ့တဲ့စကားတွေက အလုပ်ဖြစ်တယ်လို့ ထင်နေတာလား?
“အစ်ကိုရှို့ ဝင်ခွင့်ပြုလိုက်ပါ။” သူ အရင်က ဂရုမစိုက်ပေမယ့် လူကြီးတစ်ယောက်အဖြစ် သူ ထိုကလေးကို မဖြေရှင်းနိုင်ဘူးလို့ မထင်ပေ။
“ဟင်း….. ကြည့်… မင်ကောအာက ကျွန်တော့်ကိုဝင်ခွင့်ပေးတယ်။ ခင်ဗျားက ဒီနေရာကို ခင်ဗျားအိမ်လို့ထင်နေတာလား” ကောအာလေးက ကျန်းရှို့ကို မောက်မာစွာကြည့်လိုက်ပြီး ခြံဝန်းထဲလျှောက်သွားကာ မျက်နှာပေါ်က အပြုံးကြီးဖြင့် ပြောလိုက်လေသည်။
“မင်ကောအာ… ကျွန်တော် ခင်ဗျားကို အဖော်ပြုပေးမယ်။ ခင်ဗျားမှာ စကားပြောဖော်ရှိရင် အချိန်ကုန်မြန်လိမ့်မယ်။ ပြီးတော့ တခြားကိစ္စတွေလည်း ကူညီပေးလို့ရပါတယ်။ ခင်ဗျားဗိုက်ကြီးနဲ့ အလုပ်လုပ်ရတာ အဆင်မပြေလောက်ဘူး။”
ထန်ချွန်းမင်က ဤကောအပေါ် ကောင်းသောထင်မြင်ချက်မရှိသလို သူ့စကားတွေကို အလေးမထားမှန်းလည်း ကျန်းရှို့သိပေမယ့် သူက တစ်ခုခုအလွန်အကျွံလုပ်မိမှာစိုး၍ ထန်ချွန်းမင်ဆီ အမြန်ပြန်သွားခဲ့သည်။
ထွက်မသွားခင် လီဖုန်းက မင်ကောအာကို သူ့ဆီအပ်ခဲ့တာမို့ သူက ထိုကောကို သတိထားစိုက်ကြည့်လိုက်သည်။ သူက ထိုကော၏အတွေးကို လျှော့မတွက်ဝံ့ပေ။
ဤအပြုံးက အားလင်းနှင့်ယှဥ်လျှင် အတုယောင်ဆန်လွန်းသည်ဟု ထန်ချွန်းမင်တွေးလိုက်သည်။ သူ့အတွေးအားလုံးက သူ့မျက်နှာပေါ်မှာပေါ်နေသည်။
သူကို မထီမဲ့မြင်ပြုကာ ခယဝယလုပ်နေသော တစ်စုံတစ်ယောက်ကိုကြည့်ရင်း အကြာကြီးကြည့်မိလျှင် သူ့မျက်လုံးများပျက်စီးသွားမှာကိုပင် စိုးရိမ်မိသည်။
သူက သူ့စကားကို စောင့်မျှော်နေသည်။ သူမပြောလျှင် ထန်ချွန်းမင်က သူ့ကိုပြောခိုင်းမှာဖြစ်၏။ သူက မျက်ခုံးပင့်ကာ ပြုံးပြလိုက်သည်။ “မင်းငါ့အတွက် တွေးပေးတာကောင်းတယ်။ အားဖုန်းထွက်သွားကတည်းက ငါအဆင်မပြေဘူး။ အရင်က ဒါတွေအားလုံးကို အားဖုန်းတစ်ယောက်တည်းလုပ်ခဲ့တာ။”
“အခု အားရှို့နဲ့ ငါမပြီးမှာစိုးရိမ်တယ်။ အားရှို့…. သိုးခြံကို ဒီနေ့ရှင်းဖို့လိုတယ်။ ရာသီဥတုပူပြီး အနံ့အသက်ထွက်နေတော့ ငါတို့နေ့တိုင်းသန့်ရှင်းရေးလုပ်ရတယ်။ ပြီးတော့ တင်းကုပ်နဲ့ကြက်ခြံကိုရောပဲ။ အို… ငါတို့မြေယာကိုသန့်ရှင်းရေးလုပ်ရဦးမယ်။”.
ကျန်းရှို့သာ ထန်ချွန်းမင်ပြောတာကို နားမလည်ခဲ့လျှင် သူတကယ်တုံးအလို့ဖြစ်မည်။ မင်ကောအာက ဆိုးသွမ်းပေမယ့် ဤအကြံက တကယ်ကိုပြီးပြည့်စုံသည်။ ဤကောအာလေးက အိမ်မှာတော့ အလုပ်မလုပ်ချင်ပေ။ သူ သူ့ကိုယ်သူ မြို့ပေါ်က ကောအဖြစ်ခံယူထားကြောင်း သူ့အစ်ကိုကောင်းက နာမည်ကောင်းဖြန့်ပြီးပြီဆိုတာ သူမသိခဲ့ပေ။
သို့ဖြစ်၍ သူက ချက်ချင်းပင်ပြောလိုက်၏။ “ဟုတ်တယ်… ငါ အခုလေးတင် အလုပ်လုပ်ဖို့ ခြံထဲသွားမလို့..ညီလေးက အချိန်ကိုက်ရောက်လာတာပဲ။ ငါအကူအညီလိုတယ်။”
ကောအာလေး၏မျက်နှာက ယင်ကောင်စားမိသလို ဖြူဖျော့သွားသည်။ သူက ရည်ရွယ်ချက်တစ်ခုကြောင့် ဤနေရာမှာ စကားပြောဖို့လာခဲ့တာဖြစ်ပေမယ့် ဤညစ်ပတ်သောအလုပ်များကို မလုပ်နိုင်ပေ။
ဝမ်းကွဲကိုသွေးဆောင်ခဲ့သော ဤအရှက်မရှိသည့်ကောက သူ့ဝမ်းကွဲကို ဘယ်လိုဆက်ဆံခဲ့လဲ ရွာသားများမြင်သင့်သည်။ သူက တခြားသူများရှေ့မှာ လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်နေ၏။
ထိုနေရာတွင် မလှုပ်မယှက်ရပ်နသော ကောအာလေးကို မြင်လိုက်လျှင် ထန်ချွန်းမင်က ဂရုမစိုက်ပဲ ခွေးခြေခုံကိုကိုင်ကာ ကျန်းရှို့နောက်ကနေ ခြံအသစ်ကိုလိုက်သွားခဲ့သည်။ ကျန်းရှို့က သူ့ကိုတားချင်ခဲ့သည်။ မင်ကောအာက ဤဗိုက်ကြီးဖြင့် အလုပ်တွေလုပ်ဖို့ အဆင်မပြေပေမယ့် ထန်ချွန်းမင်က သူ့ကို အကြည့်တစ်ချက်ပေးလာတော့ သူရုတ်ချည်းနားလည်သွားခဲ့သည်။
ထန်ချွန်းမင် ဘာလှုပ်ရှားမှုမှမလုပ်ပဲ သူ့ပတ်ဝန်းကျင်က လူတွေကို ဘယ်လိုအမိန့်ပေးမလဲ။ ထန်ချွန်းမင်ကလည်း အလုပ်ရှုပ်နေခဲ့သည်။ ကောအာလေးတစ်ယောက်က သူများအိမ်မှာထိုင်ပြီး ဇိမ်နဲ့နေလို့ရပါတော့မလား?
“ဒီတိုင်းအလုပ်လုပ်နေသလို ဟန်ဆောင်လိုက်။” ကျန်းရှို့က အသံတိုးကာ ထန်ချွန်းမင်ကို အကြံပေးလိုက်သည်။
“သူကြာကြာနေနိုင်မယ်မထင်ဘူး?” ထန်ချွန်းမင်က သရော်လိုက်သည်။ သူက ဤနေရာကိုလာပြီး မောက်မာကာ လူတွေ သူ့ကိုစောင့်မျှော်ရအောင် လုပ်နေ၏။ သူ့ကိုစကားပြောရတာ အင်မတန်ပင်ပန်းသည်။ ထန်ချွန်းမင်က ဘောင်းဘီတိုနှင့် အရှည်ဝတ်လေ့ရှိသော သူ့ကိုယ်သူနဲ့ အားရှို့ကို နေသားကျနေ၍ စကတ်ဝတ်ထားသော လူကိုတွေ့သောအခါ မသက်မသာဖြစ်မိသည်။
သူတို့ခြံသစ်ကိုရောက်တော့ သူတို့နောက်ကနေ နေရခက်စွာ လိုက်လာသော ကောအာလေးကိုတွေ့လိုက်ရသည်။ သူက သူ့မျက်ဝန်းထဲရှိ လောဘကို မဖုံးကွယ်နိုင်ခဲ့ပေ။
&&&&&&
Chapter 48.2
ဤခြံထဲက ဟင်းသီးဟင်းရွက်များ ဘယ်လောက်အဖိုးတန်လဲ ရွာကလူအားလုံးသိကြပြီး ဟင်းသီးဟင်းရွက်ရောင်းလို့ရသော ငွေများက အဝတ်အစားနှင့် လက်ဝတ်ရတနာများဝယ်လို့ရသည်။
ထိုကောအာက သူ့ဆံပင်ပေါ်မှာ ငွေရောင်ဆံညှပ်ကို ချိန်ညှိကာ ခြံအသစ်ထဲသို့ ခြေဖျားထောက်ဝင်လာခဲ့သည်။ လမ်းကိုမနက်ကရေလောင်းထားတာကြောင့် တချို့နေရာမှာ ဗွက်ထနေပြီး သူ့ဖိနပ်ထဲသို့ မတော်တဆဝင်သွားခဲ့သည်။
ထိုကောအာက သူတို့ကို ရွံရှာသလိုကြည့်လိုက်ပေမယ့် သူ့ရှေ့မှာ တဖြည်းဖြည်းဝေးကွာသွားသော လူနှစ်ဦးကိုကြည့်လိုက်ရာ သူက ကတိဖျက်လို့မရတော့ပေ။ မဟုတ်ပါက သူ ထန်ချွန်းမင်နဲ့နီးကပ်ပြီး သူနဲ့သူ့ဝမ်းကွဲအစ်ကိုဖုန်း၏ဆက်ဆံရေးကို တိုးတက်အောင်လုပ်နိုင်မည်မဟုတ်ပေ။
သူတို့ သိုးခြံကိုရောက်တော့ ကျန်းရှို့က ကျောက်ပြားခင်းထားသောကြမ်းပြင်ကို ရေနဲ့ဆေးကြောနေသည်။ ရေသည် ကုန်းစောင်းမှအညစ်အကြေးများကို တစ်ဖက်ခြမ်းမှာ တူးထားသော မြေသြဇာတွင်းထဲ သယ်ဆောင်သွားမည်ဖြစ်သည်။
အပေါ်မှာ အဖုံးလေးတစ်ခုရှိပြီး ပတ်ချာလည်မှာ ပန်းပင်များကို စိုက်ပျိုးထားတာကြောင့် ခြံထဲမှာ အနံ့အသက်သိပ်မရှိပေ။ သို့သော် ရေက အပြင်သို့ အညစ်အကြေးသယ်ဆောင်လာပြီး ထိုကောအာလေး၏ စကတ်အသစ်ကို စင်သွားခဲ့သည်။ ထိုကောက ချက်ချင်းပင် ထအော်သည်။ “ငါ့ရဲစကတ်အသစ်!”
ကျန်းရှို့က တံမြက်စည်းကိုချပြီး လျှောက်ထွက်လာရင်း ဘွင်းဘွင်းပြောလိုက်သည်။ “ဘာဖြစ်လို့လဲ? ဒါက ကျေးလက်ကလူတွေ အလုပ်လုပ်ရတဲ့ပုံစံပဲလေ။ မင်းလုပ်ချင်ရင် မြန်မြန်လုပ်… မင်ကောအာလည်း လုပ်နေတာကိုမတွေ့ဘူးလား?”
“မင်း! ဒီကိုမလာနဲ့!” ကောလေးက ရွံရှာစွာနောက်ဆုတ်လိုက်ပြီး ထောင်ချောက်ကို မတော်တဆနင်းမိသွားတာကြောင့် နောက်တစ်ကြိမ် ထပ်အော်လိုက်လေသည်။ သူက လှည့်ကာ ကမန်းကတန်း ထွက်ပြေးသွားလေသည်။
ကျန်းရှို့က တံမြက်စည်းဖြင့် လက်တစ်ဖက်ထောက်ကာ ကိုယ်ကိုကိုင်းပြီး ရယ်မောလိုက်သည်။ “သူ မခံနိုင်ဘူးလို့ ငါမထင်ထားဘူး။ စုန့်ကမ်းမိသားစုက ဒီလိုကောမျိုးကို မြို့ထဲမှာ လက်ထပ်ပေးပြီး ဘဝကောင်းရဖို့ စိတ်ကူးမယဥ်သင့်ဘူး။”
“ကောင်လေးနဲ့ သူ့မိသားစုဆက်ဆံရေးက ပိုဆိုးလာတာ မအံ့သြတော့ဘူး။ ဘယ်သူက ခံနိုင်မှာလဲ? ဟင်း! သူ နောက်တစ်ခါ လာရဲသေးလား ကြည့်ကြတာပေါ့!”
သူက ဘာမှမလုပ်ရသေးပဲ သည်းမခံနိုင်ဖြစ်ခဲ့သည်။ သူက သူ့ကိုယ်သူ မြို့ထဲကအရာရှိ၏သားဟု အမှန်တကယ်ထင်မှတ်နေ၏။ ထန်ချွန်းမင်က ဤလူအမျိုးအစားများကို အထင်သေးသည်။
“ကောင်းပြီ… ပြီးရင်သွားရအောင်။ ဒါပေမယ့် သူက ကံကောင်းတယ်။ သူက ထောင်ချောက်လေးကိုပဲနင်းမိတာ။” ထန်ချွန်းမင်က အလုပ်ဆက်လုပ်ချင်ပေမယ့် ကျန်းရှို့က သူ့ကို အပေါ်ယံပင်လုပ်ခွင့်မပြုခဲ့ပေ။
လူတစ်ယောက်က မနက်အစောပိုင်းမှာ သိုးခြံကိုရှင်းပေးခဲ့တာကြောင့် ၎င်းက ရှင်းလင်းနေသည်။ လီဖုန်း ထွက်သွားမှာကို သူသိတာကြောင့် ရှောင်ကျူးကျိ၏အားမူက မနက်တိုင်းလာကူပေးပြီး အားလုံးပြီးမှ ကြက်ခြံထဲသို့သွားရန် ထန်ချွန်းမင်ကိုပြောခဲ့သည်။
သိူ့ဖြစ်၍ ကျန်းရှို့က အနံ့လုံးဝမထွက်အောင် ကြမ်းသုတ်ပြီး ထန်ချွန်းမင်ကို ပြန်လိုက်ပို့ခဲ့သည်။
.
သူက သူ့အင်္ကျီလက်ကိုမြှောက်ကာ ရှူရှိိုက်လိုက်သည်။ “အနံ့လုံးဝမရှိတော့ဘူး။ ပန်းရနံ့ပဲရတယ်။ မင်းအိမ်ထဲအရင်ပြန်ဝင်နှင့် ငါတံခါးပိတ်၊ လက်ဆေးပြီးလာခဲ့မယ်။”
နောက်ရက်အနည်းငယ်တွင် လီစုန့်ကမ်းမိသားစုမှ ကောလေးပြန်မလာတော့ပေ။ သူရောက်လာရင် အလုပ်ခိုင်းမှာကြောက်နေ၏။ သူက အိမ်မလုပ်မလုပ်ချင်တဲ့အတွက် တခြားမိသားစုအိမ်က ညစ်ပတ်တဲ့အလုပ်ကို ဘယ်လိုသွားလုပ်နိုင်မှာလဲ?
ရှန်းဖူလန်က ထိုကိစ္စကိုသိပေမယ့် ၎င်းက ထန်ချွန်းမင်ပြောပြတာမဟုတ်ပေ။ ထန်ချွန်းမင်က သူ့ကို သတင်းပို့ဖို့ ရည်ရွယ်ချက်မရှိပေ။
ထိုအစား ကျန်းရှို့က ဤကိစ္စကို ရှန်းဖူလန်အားပြောပြပြီး လီစုန့်ကမ်းမိသားစု ပြဿနာမရှာစေရန် ကာကွယ်သင့်တယ်လို့ ထင်ခဲ့သည်။ ဒါမှ လီမိသားစုက ဤမိသားစုကို မဖိနှိပ်နိုင်မှာဖြစ်၏။ လီဖုန်းက ယခုချိန်၌ အိမ်မှာမရှိ၍ ရွာသားတွေက ထန်ချွန်းမင်ကို စောင့်ကြည့်နေသည်။
ရှန်းဖူလန်က ထန်ချွန်းမင်၏အိမ်ကိုလာဖို့ အချိန်မရှိခဲ့ပေ။ ဟွမ်မိသားစု၏ ကောငယ်လေးက ဦးလေးကျောက်၏အိမ်မှာ အခြေချပြီးမှသာ သူ့မှာ လမ်းလျှောက်ဖို့ အားလပ်ချိန်ရှိလာခဲ့သည်။ မဟုတ်ပါက သူက အိမ်မှာကလေးကို တစ်ယောက်တည်းထားခဲ့လို့မရပေ။
ဦးလေးကျောက်က ရှန်းဖူလန်ကို ဆေးဖိုးဝါးခ ပြန်ပေးချင်ခဲ့သည်။ သူ့အမြင်မှာ သူတို့မိသားစုက ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူတို့က ဆေးဖိုးဝါးခပေးသင့်သည်။
ရှန်းဖူလန်က ငြင်းခဲ့သည်။ သူ ဆေးဝယ်တုန်းက ပြန်တောင်းဖို့မစဥ်းစားခဲ့ပေ။ ထို့အပြင် ဦးလေးကျောက်၏မိသားစုက ကလေးကိုမွေးစားခြင်းဖြင့် သူ့ပြဿနာကြီးကို ဖြေရှင်းပေးခဲ့တာပင်။
“လီမိသားစုက လူကြီးတစ်ယောက်က လီစုန့်ကမ်းရဲ့အိမ်ကိုသွားပြီး မင်းတို့အိမ်ကို ထပ်မလာဖို့ သတိပေးခဲ့တယ်။” ရှန်းဖူလန်က အဖြစ်အပျက်ကိုသိပြီးနောက် လုံးဝအားနာမနေတော့ပေ။ သူ ထိုမိသားစုအား ဂရုဏာပြဖို့ မလိုအပ်ပေ။
သူတို့အိမ်ကိုသွားပြီး သူတို့အား ဆုံးမရန် ရှန်းဖူလန်က လူကြီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့သည်။ “သူတို့က ဘယ်လိုလူတွေလဲ? မင်းကိုအခွင့်ကောင်းယူပြီး မင်းဆီက အကူအညီလိုချင်နေတာလား? သူတို့က တခြားလူတွေကို မျက်ကန်းလို့ ထင်နေတာလား?”
နောက်တော့ ရှန်းဖူလန်က ရိတ်သိမ်းမြေမှာ ဖြစ်ပျက်ခဲ့တာကို သိသွားခဲ့ပြီး လီစုန့်ကမ်းမိသားစုနဲ့ပတ်သက်ပြီး ပြောစရာပျောက်ရှိသွား၏။ ဒီလိုဖြစ်လာမှာကို ကြိုသိခဲ့ရင် သူတို့အစတည်းက ဘာလို့လုပ်ခဲ့လဲ? ၎င်းက ပြန်ဆက်လို့မရတော့သည့် ကြိုးထုံးတစ်ခုဖြစ်၏။ သူတို့ ဒီလိုအရှက်မရှိပြုမူရင် ဖုန်းရှောင်ကျစ်က သူတို့လုပ်တာကို မေ့သွားမယ်ထင်လား… သူတို့ဘယ်လောက်တောင် အရေထူလိုက်လဲ?
“ကျွန်တော်အဆင်ပြေတယ်။ သူက ကလေးပဲရှိသေးတာ။ သူ့ကို ဒီလောက်ဒေါသထွက်ဖို့ မတန်ပါဘူး။”
ထန်ချွန်းမင်က အကြံပေးလိုက်သည်။ သူ တကယ် ထိုသို့တွေးသည်။ သူ ထိုနေ့က စိတ်မကြည်သဖြင့် ချက်ချင်းပင် ပြန်လည်ခုခံပြီး အလွန်ထိရောက်မှုရှိခဲ့သည်။ ကောအာလေးက အပြင်မှာ သတင်းလျှောက်ဖွလျှင်ပင် ဘယ်သူမှ သူ့ကိုယုံမှာမဟုတ်ပေ။ သူ့ဝမ်းကွဲရဲ့ ဇနီးလောင်းကို အလုပ်နည်းနည်းကူလုပ်ပေးရတာ ဘာမှားလို့လ?
“မင်းသာ ကိုယ်ဝန်မလွယ်ထားရရင် ဘယ်သူက မင်းကိုစိတ်ပူနေပါ့မလဲ?” ရှန်းဖူလန်က မကျေမနပ်ပြောလိုက်သည်။ ထန်ချွန်းမင်က သူ့နှာခေါင်းသူသာ ထိနိုင်တော့သည်။
“အရင်တုန်းကဆိုရင် မင်းလက်ထဲမှာ ဒီကောလေးထွက်ပြေးသွားမယ်လို့ ငါယုံမှာမဟုတ်ဘူး။”
ယခင်ကဆိုလျှင် ဖြစ်နိုင်ချေရှိသော်လည်း လက်ရှိမင်ကောအာက အနစ်နာခံမည့် လူမျိုးမဟုတ်ပေ။ ဤမင်ကောအာက ပိုကောင်းသည်။
ဘယ်လိုပဲဖြစ်စေ ကျန်းရှို့နှင့် ရှန်းဖူလန်က လီဖုန်း၏ပြန်အလာကို စောင့်မျှော်နေကြသည်။ မိသားစုမှာ ယောကျာ်းလေးမရှိလျှင် အဆင်မပြေပေ။ သူထွက်သွားတာနဲ့ မိသားစုကို တစ်စုံတစ်ယောက်က အခွင့်အရေးယူချင်ခဲ့သည်။ လီဖုန်းရှိနေလျှင် ထိုကောလေးက သူတို့အိမ်ကိုလာရဲမှာမဟုတ်ပေ။
အဆုံးမှာ သူတို့က ရွာအဝင်ပေါက်သို့ မြင်းလှည်းတစ်စီးချဥ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ရှန်းဖူလန်နှင့် သူ့သူငယ်ချင်းများက သက်ပြင်းချလိုက်လေသည်။
ထန်ချွန်းမင်က တံခါးဆီကို အမြန်ပြေးသွားခဲ့သည်။ အနှီလူမရှိလျှင် သူ့ဘေးမှာတစ်ခုခုလိုနေတယ်လို့ ခံစားရပြီး သူ့အတွက် အဆင်မပြေခဲ့ပေ။ သူ့အပေါ် အရမ်းကောင်းတဲ့ လီဖုန်းကိုပဲ အပြစ်တင်ရမလား? ဒီလိုဆိုရင် သူ့ကိုယ်သူအရင်ဆုံး ကြိမ်းမောင်းရလိမ့်မည်။
အားလင်းကို ပြုစုစောင့်ရှောက်မည့်သူလည်းမရှိ၊ သူ့ကို ရေခပ်လာပေးမယ့် လူလည်းမရှိ၊ ဘယ်သူကမှ သူ့ထမင်းပန်းကန်ထဲကို ဟင်းထည့်မပေးကြပေ။ ညတွင် ဘေးကင်းလုံခြုံရေးအတွက် သူ့နားထဲမှာ သတိပေးမယ့်လူလည်းမရှိပေ။ သူက နည်းမျိုးစုံဖြင့် စိတ်မသက်မသာဖြစ်ခဲ့ရသည်။
သူ့အပြင် အားလင်းသည်လည်း ဦးလေးဖုန်း ဘယ်တော့ပြန်လာမလဲ အကြိမ်ပေါင်းများစွာမေးခဲ့သည်။ သူက နေ့ရက်ရေတွက်နည်းကို သင်ယူပြီးပြီဖြစ်၍ ဦးလေးဖုန်းထွက်သွားခဲ့သည့် နေ့ရက်များကို နေ့တိုင်းရေတွက်လေ့ရှိသည်။
“ဖေဖေ… သားအခုတည်းက ဦးေလးဖုန်းကို အဖေလို့ခေါ်သင့်လား?”
“ဘာလို့လဲ.. အားလင်းက မခေါ်ချင်လို့လား?” ထန်ချွန်းမင်က သူ့သားကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူ့သား၏မျက်နှာပေါ်မှာ ရှုပ်ထွေးသောအမူအရာရှိနေသည်။ တခြားသူဆီက တစ်ခုခုကြားခဲ့ရလို့လား?
“ဖေဖေ.. ဦးလေးဖုန်းက အဖေ့ထက်ကောင်းတယ်။” အားလင်းက တကယ်ကိုရှုပ်ထွေးနေသည်။ ဦးလေးဖုန်းက သူ့အဖေဖြစ်လာရင် သူ့ကိုမချစ်တော့ပဲ သူနဲ့မကစားတော့ပဲ သူ့ကို အမြင့်မမြှောက်ပေးပဲ သူမြင်းပေါက်လေးမွေးတာကို တားမြစ်တော့မှာလား?
ထန်ချွန်းမင်က ထိုစကားကြားသောအခါ ရယ်မောလိုက်ပြီး တစ်ချိန်တည်းမှာပင် သက်ပြင်းချမိသည်။ ကျောက်တာဟူက ဖခင်တစ်ဦးအဖြစ် ဆိုးရွားသောမှတ်ဉာဏ်များကို ချန်ထားခဲ့၍ အားလင်း၏ ဖခင်တစ်ယောက်အပေါ် ထင်မြင်ချက်မှာ ယခုလိုဖြစ်နေ၏။
ဆန့်ကျင်ဘက်တွင် လီဖုန်းက အမှတ်တရကောင်းများ သယ်ဆောင်လာပေး၍ အားလင်းက ဦးလေးဖုန်းကို သူ့ဖခင်ဖြစ်ခွင့်ပေးဖို့ တုံ့ဆိုင်းနေသည်။
သူက အားလင်းကိုဖက်ကာ ပြောလိုက်ရသည်။ “ဒါဆို မင်းသူ့ကိုဦးလေးဖုန်းလို့ခေါ်။ တစ်နေ့ကျရင် အားလင်းဆန္ဒရှိမှ နာမည်ပြောင်းခေါ်လို့ရတယ်။”
“ဟုတ်ကဲ့” အားလင်းက ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။
ထိုအချိန်တွင် အားလင်းက အပြင်ပြေးထွက်သွားကာ တာမောင်းနှင့်အာမောင်းက သူ့နောက်လိုက်သွားခဲ့သည်။ သူတို့လည်း ဦးလေးဖုန်းကို လွမ်းနေသည်။ ဦးလေးဖုန်းရှိနေလျှင် အလွန်တင်းကြပ်ပေမယ့် သူတို့ကိုစောင့်ကြည့်ဖို့ မည်သူမှမရှိသည့်အခါ သူတို့က ယောက်ယက်ခတ်နေခဲ့သည်။
မြင်းပေါ်တွင် လူတစ်ယောက်ထိုင်နေ၏။ ယင်းမှာ ရှစ်ရက်ကိုးရက်နီးပါး ခရီးထွက်ခဲ့သော လီဖုန်းဖြစ်၏။ သူက ဖုန်မှုန့်တွေပေကျံနေပေမယ့် သူ့မျက်လုံးတွေက တောက်ပနေသည်။ သူက ခြံတံခါးဝမှ အပြင်ကိုရပ်ကြည့်နေသော လူကို ချက်ချင်းပင် သတိထားမိခဲ့သည်။
အသက်ကြီးသော အမျိုးသားတစ်ဦးက လှည်းပေါ်တွင်ထိုင်ကာ မုတ်ဆိတ်သပ်နေသည်။ သူက လှည်းကိုမှီထားပြီး သူ့ရှေ့က ရွာကို စိတ်ဝင်တစားကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက မြင်းစီးနေသော လီဖုန်းကို တစ်ခုခုမေးလိုက်သည်။ လီဖုန်းက လှည်းဘေးကမြင်းကို ဖြည်းဖြည်းချင်းစီးကာ ရှေ့ကိုလက်ညိုးထိုးပြရင်းဖြေလိုက်သည်။
အော်သံနှင့်အတူ မြင်းက ခြံရှေ့မှာရပ်သွားသည်။ လီဖုန်းက တံခါးဝမှာရပ်နေသော ထန်ချွန်းမင်ကို အကြိမ်ရေများစွာကြည့်လိုက်သည်။ ထန်ချွန်းမင် မပိန်သွားပဲ ခွဲခွာရသည့် ရက်အတောအတွင်း အသားအရေ မဆိုးရွားမှသာ သူစိတ်အေးနိုင်တော့သည်။ ထို့နောက် သူက တခြားသူများကိုနှုတ်ဆက်ပြီး နောက်လှည့်ကာ အဘိုးအိုအား လှည်းပေါ်မှဆင်းနိုင်ရန် ကူညီပေးလိုက်သည်။
“ဒါက သမားတော်ဟဲဖြစ်မယ်။ ကျွန်တော့် မျိုးရိုးနာမည်က ရှန်းပါ။ ကျုပ်က ရွာလူကြီးဖြစ်ပြီး အားဖုန်းရဲ့ ဦးလေးပါ။ အားဖုန်းပြန်လာတော့ သမားတော်ဟဲအကြောင်း ပြောပြခဲ့တယ်။ သူအပြင်မှာရှိနေတုန်းက သူ့ကိုစောင့်ရှောက်ပေးမယ့် သမားတော်ရှိခဲ့တာ ကံကောင်းလှပါတယ်။ ခင်ဗျားက သူ့ကျေးဇူးရှင်ပါ။” ရှန်းဖူလန်က အဘိုးအိုကို ကျေးဇူးစကားပြောနေခဲ့သည်။
သမားတော်ဟဲက အသက်ခြောက်ဆယ် ခုနှစ်ဆယ်အရွယ်ဖြစ်ပေမယ့် သူ့မျက်နှာက နီမြန်းနေပြီး ခရီးသွားခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှု လက္ခဏာမပြပေ။ သူ့မျက်လုံးများကတောက်ပနေပြီး သူက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ရှန်းဖူလန်အား အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ရှန်းဖူလန်…. မင်းအရမ်းယဥ်ကျေးလွန်းပါပြီ။ ကျုပ်အစက လက်တစ်ဖက်ကမ်းပေးဖို့ပဲ ရည်ရွယ်ခဲ့ပေမယ့် ဒီလိုမျိုး ကံပါလာမယ်လို့ မထင်ထားခဲ့ဘူး။ နောက်ကျရင် ရှန်းဖူလန်က ကျုပ်ကိုဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်။”
သူက လီဖုန်းကိုလှည့်ပြောလိုက်သည်။ “မင်း… မင်းရဲ့ဇနီးလောင်းကို ငါနဲ့မိတ်ဆက်ပေးလို့ရအောင် ဒီခေါ်လာဖူးလား? ဘယ်လိုလူမျိုးက မင်းရဲ့နှလုံးသားကိုရခဲ့လဲ ငါသိချင်တယ်။”
လီဖုန်းက ပြုံးကာ ထန်ချွန်းမင်ထံလျှောက်သွားစဥ် ရှန်းဖူလန်က သမားတော်ဟဲနှင့် စကားပြောနေသည်။ သမားတော်ဟဲ ပြောလို့ပြီးတော့ သူက ထန်ချွန်းမင်၏လက်မောင်းကို တွဲထားနှင့်ပြီးဖြစ်၏။ ထိုနည်းဖြင့် လီဖုန်းက ဘာမှပြောစရာမလိုခဲ့ပေ။ သမားတော်ဟဲက သူ့ကောကို သိသွားပြီဖြစ်၍ သူ့မျက်ဝန်းထဲမှာ အံ့အားသင့်ရိပ်ရှိနေခဲ့သည်။
လီဖုန်း အရင်က သူ့ကိုပြောပြဖူးသော်လည်း ဘယ်လိုကောမျိုးက ဤကလေး၏နှလုံးသားကို ချုပ်ကိုင်နိုင်ခဲ့လဲ သူမသိခဲ့ပေ။ သူယခုတွေ့ဆုံမှသာ ထိုကောလေးက ဝတ်ပြုဆုတောင်းကာလသို့ရောက်နေပြီး ကိုယ်ဝန်လွယ်ထားရမှန်း သိတော့သည်။
ယခုမူ သူ့ဆီသို့ တည်ငြိမ်အေးဆေးစွာရောက်လာသော ထိုကောကိုကြည့်ကာ လီဖုန်းကလည်း ကောငယ်လေးတစ်ယောက်ကို ချီထားသဖြင့် သူ့အမူအရာက ဘယ်လောက်တောင် နူးညံ့နေခဲ့လဲ မှားစရာမရှိပေ။
“သမားတော်ဟဲ… ကျွန်တော်က ထန်ချွန်းမင်ပါ။ ခင်ဗျားခရီးပန်းလာရပါပြီ။ အထဲဝင်ပြီး အနားယူလိုက်ပါ။”
“အင်းပါ..အင်းပါ..” သမားတော်ဟဲက ပြုံးလိုက်သည်။ သူဟာ တည့်တိုးဆန်သော ကောတစ်ယောက်ဖြစ်နေ၍ ပထမဆုံးအမြင်က ကောင်းနေလေသည်။
သူဟာ ဖုန်းရှောင်ကျစ်၏ လူကြီးအစစ်မဟုတ်၍ သေချာပေါက် သူ၏ရွေးချယ်မှုကို ဝင်စွက်ဖက်မှာမဟုတ်ပေ။ သို့ပေသိ ဖုန်းရှောင်ကျစ် သူ့ကောလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာကို သူတွေ့ချင်သည်။
သူ့ရှေ့ကကောမှာ ကြည်လင်သောမျက်ဝန်းနှင့် သဘောထားကြီးသောအပြုအမူရှိသည်။ တခြားသော ကျေးလက်သား ကောအာများနှင့် မတူညီပေ။ ဝတ်ပြုဆုတောင်းခြင်းနှင့် ကိုယ်ဝန်လွယ်ထားရခြင်းသည် အတက်အကျများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး မရေမတွက်နိုင်သော မုန်တိုင်းများကို မြင်ခဲ့ရသည့် လူကြီးတစ်ယောက်အတွက် ကြီးမားသောကိစ္စမဟုတ်ချေ။
သမားတော်ဟဲ၏အမူအရာက မင်ကောအာကို သဘောကျကြောင်း လီဖုန်းသိလိုက်သည်။ သူက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး အလိုလိုက်ခံရသော ကလေးကဲ့သို့ ပြုမူနေသည့် အားလင်းကိုပြောလိုက်သည်။ “သူ့ကို အဘိုးဟယ်လို့ခေါ်ပါ။ အခုကစပြီး အဘိုးက အိမ်မှာတူတူနေတော့မှာ။”
&&&&&&&
Chapter 48.3
“မင်္ဂလာပါ အဘိုး…” အားလင်းက ဦးလေးဖုန်း၏လည်ပင်းကိုဖက်ထားရင်း ချိုသာစွာခေါ်လိုက်သည်။
“ဒါက အားလင်းလေးမလား? အဘိုးနေကောင်းပါတယ်။ ဒီမှာ အားလင်းအတွက် လက်ဆောင်။” သူက ကျောက်စိမ်းဆွဲသီးကို တစ်နေရာမှထုတ်ယူကာ အားလင်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
အားလင်းက သူ့အားမူကို တစ်ချက်ကြည့်ပြီး ဦးလေးဖုန်းကိုပြန်ကြည့်ကာ နှစ်ယောက်လုံးမငြင်းမှ အားလင်းက ဝမ်းသာအားရ ကျေးဇူးတင်လိုက်လေသည်။
ထန်ချွန်းမင်က တစ်ချက်ကြည့်လိုက်ပြီး ကျောက်စိမ်းဆွဲသီးက ဖောက်ထွင်းမြင်ရပြီး ကျောက်စိမ်းတုံးတစ်ခုနဲ့တူသည်ကို မြင်လိုက်ရသော်လည်း လီဖုန်းက သမားတော်ဟဲကို မိသားစုဝင်တစ်ယောက်ကို ဆက်ဆံတာကြောင့် သူက မငြင်းခဲ့ပေ။
ရှန်းဖူလန်နှင့် ကျန်းရှို့တို့ကို နှုတ်ဆက်ပြီးနောက် သမားတော်ဟဲကို အိမ်ထဲသို့ခေါ်လာခဲ့သည်။ ရှန်းဖူလန်နှင့် သူ့သူငယ်ချင်းများက သူတို့နောက်မလိုက်လာပဲ သူတို့မိသားစု ပြန်လည််ဆုံဆည်းဖို့ အချိန်ပေးခဲ့သည်။
လီဖုန်းက သမားတော်ဟဲကို ထန်ချွန်းမင်၏အိမ်မှာ နေထိုင်လို့ရအောင် စီစဥ်ပေးခဲ့သည်။ ဤသည်မှာ သူ၏ဆင်ခြင်တုံတရားကြောင့်ဖြစ်သည်။ သမားတော်ဟဲက တခြားသူများ၏အတင်းအဖျင်းကို နားထောင်ဖို့ အိုလွန်းနေသည်။ ထို့အပြင် သူက မင်ကောအာကို အနီးကပ်စောင့်ရှောက်မယ့် သမားတော်ဖြစ်၍ လီဖုန်းကို စိတ်သက်သာရာရစေသည်။
သမားတော်ဟဲက ယခုလိုစီစဥ်တာကို မကျေနပ်မဖြစ်ပေ။ မင်ကောအာ၏ခြံက လီဖုန်း၏ ဟာလာဟင်းလင်းဖြစ်နေသည့် ခြံထက် များစွာသက်တောင့်သက်သာရှိသည်။ လေထုကလည်း လန်းဆန်းနေပြီး ရေကလည်း ချိုမြိန်တယ်လို့ ခံစားရသည်။
ထို့ကြောင့် သူက ဖုန်းရှောင်ကျစ်၏ခြံထဲသို့ လိုက်သွားကာ ဒုက္ခမခံစားချင်ပေ။ ထို့အပြင် သူ့မှာ ဂရုစိုက်စရာ မြေးငယ်လေးရှိ၍ သူရောက်လာသည်နှင့် ဤနေရာရှိ ပတ်ဝန်းကျင်ကို သဘောကျခဲ့သည်။
မူလအခန်းကြီးသုံးခန်းအနက် အလယ်ဗဟိုရှိ ပင်မခန်းမမှလွဲ၍ ထန်ချွန်းမင်၏အခန်းကို စာဖတ်ခန်းအဖြစ်သုံးကာ ကျန်ရှိနေသော တတိယအခန်းကို သမားတော်ဟဲအား ပေးလိုက်သည်။
လီဖုန်းက ပရိဘောဂတချို့သွားဝယ်ရန် ခရိုင်မြို့ကို ချက်ချင်းပြန်သွားခဲ့သည်။
သို့သော် အိမ်ထောင်ကျပြီးနောက် အိမ်က အလွန်သေးငယ်လာမည်ဟုတွေးကာ လီဖုန်းက အိမ်အသစ်တစ်လုံးဆောက်ရန် စဥ်းစားနေပြီဖြစ်၏။ လက်ထပ်ပြီးနောက် မင်ကောအာ၏အိမ်မှာနေထိုင်ခြင်းက အမှားအယွင်းတစ်စုံတစ်ရာမရှိဟု သူထင်ခဲ့သည်။ သူ့ပိုင်ဆိုင်မှုအားလုံးကို မင်ကောအာထံ လွှဲပြောင်းပြီးပြီဖြစ်၍ သူက မင်ကောအာ သွားလေရာကို လိုက်နေမှာဖြစ်၏။
သူက ထိုအကြောင်းကို ထန်ချွန်းမင်နှင့် ဆွေးနွေးပြီးပြီပင်။ ထန်ချွန်းမင် ကလေးမွေးဖွားပြီးနောက် သူနဲ့ထန်ချွန်းမင်က နောက်ဖေးတွင် အိမ်တစ်လုံးဆောက်ရန် စီစဥ်ထားပြီး သူနဲ့ထန်ချွန်းမင်က အနောက်ဘက်ရှိ အိမ်သစ်မှာနေထိုင်မည်။
ထန်ချွန်းမင်ကလည်း ဤအကြံကိုကောင်းတယ်လို့ ထင်ခဲ့သည်။ အားလင်းနှင့် ကုတင်တစ်ခုတည်းမှာ အိပ်ဖို့မဖြစ်နိုင်ပေ။ သူလက်ခံလျှင်ပင် လီဖုန်း သဘောတူမှာမဟုတ်ပေ။ သူလည်း တစ်ခုခုလုပ်ဖို့ စိတ်အားထက်သန်နေ၍ ထိုအချိန်မှာ တစ်ခုခုလုပ်တာက ပုံမှန်ဖြစ်၏။
သမားတော်ဟဲက ဤမိသားစုနှင့် လျင်မြန်စွာ ပေါင်းစည်းခဲ့သည်။ သူ၏များပြားလှသော အတွေ့အကြုံကြောင့် သူ့ကိုယ်သူပို၍လွယ်ကူစွာ ထိန်းညှိနိုင်ပြီး ဘဝကိုအပြည့်အဝ ခံစားနိုင်လေသည်။ ထို့အပြင် ရိုးရှင်းသောဘဝသည် သူအမြဲလိုချင်ခဲ့သောအရာဖြစ်သည်။ လှုပ်ကုလားထိုင်ဝယ်ကာ စပျစ်ခင်းအောက်မှာချထားရန် သူ လီဖုန်းအားပြောခဲ့သည်။ သူက လှုပ်ကုလားထိုင်ပေါ်မှာ လှုပ်ခါရင်း ထန်ချွန်းမင်နှင့် စကားပြောနေ၏။
“ဖုန်းရှောင်ကျစ်က မင်းကို ငါ့အကြောင်းတွေ ပြောထားလောက်တယ်။ တကယ်တော့ ငါက ဒီကလေးကို သနားလို့ ကယ်ပေးခဲ့တာ။ ငါလည်းပဲ မြောက်ပိုင်းမှာ ရှင်သန်ဖို့ သူ့ကိုမှီခိုခဲ့ရတယ်။ မြောက်ပိုင်းက အခြေအနေက အစပိုင်းမှာ ကောင်းပေမယ့် အချိန်မရွေး လူတွေသေသွားနိုင်ခဲ့တယ်။”
“ငါတို့လို သမားတော်တွေတောင် ထွက်ပြေးခဲ့ရတယ်။ ငါတို့ သတိမထားရင် လူရိုင်းတွေက ဖမ်းမိသွားမှာ။ နှေးရင်လည်း ဘယ်သူကမှ ငါတို့ရဲ့သေခြင်းရှင်ခြင်းကို ဂရုစိုက်မှာမဟုတ်ဘူး။ ဒါကြောင့် သူပြောတာအားလုံးကိုမယုံနဲ့။”
“မဟုတ်ဘူး။ သူကျွန်တော့်ကို အများကြီးမပြောခဲ့ဘူး။ ခင်ဗျားကြောင့်သာမဟုတ်ရင် သူ မြောက်ပိုင်းကိုမရောက်ပဲ လမ်းမှာတင် သေသွားမှာလို့ပြောတယ်။ သူ့အသက်ကိုကယ်တင်ဖို့ အတတ်ပညာတွေမသင်ပေးခဲ့ရင် သူ ခင်ဗျားကို စစ်မြေပြင်မှာ ကယ်တင်နိုင်မှာမဟုတ်ဘူး။ ဒါတွေအားလုံးက ခင်ဗျားကြောင့်ပါ။ အခု သူ့ဘဝက အဆင်ပြေသွားပြီမို့ သူ ခင်ဗျားကို ကျေးဇူးဆပ်ချင်တာ မှန်ပါတယ်”
ထန်ချွန်းမင်ပြောသွားသည်မှာ သူ့စိတ်ထဲကတွေးသည့်အတိုင်းပင်။ ကိစ္စက ယခုလိုဆိုသည့်တိုင် သက်ရောက်မှုတိုင်းအတွက် အကြောင်းအရင်းရှိလေသည်။ သမားတော်ဟဲ၏ ကြင်နာမှုမရှိလျှင် နောက်ပိုင်းကိစ္စတွေဖြစ်လာမှာမဟုတ်ပေ။ အားလုံးက သူကူညီခဲ့လို့သာဖြစ်၏။
အထူးသဖြင့် သူနဲ့သွေးသားမတော်စပ်သော ဤသူစိမ်းနှင့် နှိုင်းယှဥ်ကြည့်သောအခါ လီဖုန်းက မည်သည့်ဘက်သို့ အားကိုးသင့်သည်ဟု ပြောရန် လိုအပ်နေသေးသည်လား။
“ဟားဟား….” အဘိုးကြီးဟဲက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “မင်းကစိတ်ထားကောင်းတာပဲ။ ဒီကလေးက ငါ့ကိုဒီခေါ်လာဖို့ အကောင်းဆုံးသွေးဆောင်နိုင်ခဲ့တာ အံ့သြစရာမရှိတော့ဘူး။ စိတ်မပူပါနဲ့။ မင်း ဒီတစ်ကြိမ်တော့ သားလေးတစ်ယောက် ချောချောမွေ့မွေ့ မွေးလာနိုင်မှာပါ။” ဖုန်းရှောင်ကျစ် မိသားစုတစ်စု စတင်တော့မှာသိလိုက်ရ၍ သူဤနေရာကိုလာဖို့ ဆန္ဒရှိခဲ့တာဖြစ်၏။
ထန်ချွန်းမင်က ရှက်ရွံ့သောမျက်နှာဖြင့် သူ့ဗိုက်ကိုကြည့်လိုက်သည်။ သူက ပြောလိုက်လေသည်။ “အဲ့ဒါက အရမ်းနာတယ်လို့ ကြားဖူးတယ်။ နာကျင်မှုကို သက်သာအောင် လုပ်လို့ရတဲ့နည်းမရှိဘူးလား? ဒါမှမဟုတ် ဓားနဲ့ခွဲပြီး ကလေးထုတ်မှာလား?”
“ဟားဟားဟား….” သမားတော်ဟဲက ပို၍ပင် ကျယ်လောင်စွာရယ်မောလိုက်သည်။ အချိန်အတော်ကြာစကားပြောပြီးနောက် ဤကောက ကလေးမွေးရမှာကြောက်မှန်း သူသိလိုက်သည်။ “စိတ်မပူပါနဲ့။ ကလေးရဲ့အနေအထားက မှန်ပါတယ်။ မင်း မွေးဖို့အရမ်းကြာမှာမဟုတ်ပါဘူး။ မင်းခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ။ ဘာစိတ်ပူစရာလိုလို့လဲ? ငါ မင်းရဲ့ဗိုက်ကိုလှီးရမယ်ဆိုရင် အဲ့ဒီကလေးက ငါရဲ့အိုဆွေးနေတဲ့အရိုးတွေကို အရင်လာချိုးလိမ့်မယ်။”
ထန်ချွန်းမင် မျက်မှောင်ကြုတ်လိုက်သည်။
နည်းပညာကွာဟမှု၊ မျိုးဆက်ကွာဟမှု… ဆက်သွယ်ရေးနည်းလမ်းမရှိပေ။ ကလေးရှိတာအဆင်ပြေပေမယ့် ခွဲစိတ်ကုသမှုအပိုင်းတွေကတော့ သူ့စိတ်ကူးထဲမှာသာရှိသည်။.
ထန်ချွန်းမင်၏ နောက်ဆုံးသောအတွေးတစ်ခု ငြိမ်သက်သွားပြီးနောက် သူ့ဗိုက်က အပူဆုံးရာသီတွင် တဟုန်ထိုးမြည်လာခဲ့သည်။
“သေစမ်း….အရမ်းနာတာပဲ။ ဒီနတ်ဆိုးလေးက ဘယ်ကထွက်လာမှာလဲ? သူထွက်လာရင် ငါဘယ်တော့မှခွင့်မလွှတ်ဘူး။ အား!!” သူ့အခန်းက သားဖွားခန်းအဖြစ် အသုံးပြုခဲ့သည်။ အပြင်မှာ စိုးရိမ်တကြီးစောင့်ဆိုင်းနေသူများက ထန်ချွန်းမင်၏ အော်ဟစ်ဆဲဆိုသံများကို ကြားနေရသည်။
ကူညီရန်ရောက်လာသော ကျန်းရှို့နဲ့ဝမ်မော့က ချွေးရွှဲနေ၏။ မင်ကောအာ ပထမကလေးမွေးခဲ့စဥ်ကလည်း သူတို့ရှိနေခဲ့ပြီး သူတို့က မင်ကောအာ ယခုလိုအော်နေသည်ကို မကြားဖူးပေ။ ဤတစ်ကြိမ်တွင် သူက ကလေးကို မမွေးခင်တည်းက လူယုတ်မာလို့ခေါ်နေပြီး သူတို့က ကလေးအတွက် ရပ်တည်ပေးသင့်သလားပင် မသိတော့ချေ။
ပင်မခန်းတွင် လူများစွာစောင့်ဆိုင်းနေကြသည်။ မနက်စာစားနေစဥ် ထန်ချွန်းမင်က ရုတ်တရက် ဗိုက်နာလာ၍ လီဖုန်း လန့်သွားခဲ့သည်။ မနက်စာစားနေသော သမားတော်ဟဲကလည်း မီးဖွားတော့မယ်ဆိုတာကို သတိမထားမိပဲ တစ်ခုခုမှားနေလို့ ဗိုက်နာတယ်ဟုဆိုကာ စိုးရိမ်နေခဲ့သည်။
သမားတော်ဟဲ သတိဝင်လာပြီးနောက် သူက သားဖွားသမားတော်ကိုခေါ်ရန် မြင်းကို အရှိန်အဟုန်ဖြင့် စီးနင်းခဲ့သည်။ သမားတော်ကလည်း မြင်းပျံစီးရသည့် အတွေ့အကြုံကိုရခဲ့ပြီး မြင်းပေါ်ကဆင်းပြီးနောက် မခံမရပ်နိုင်ဖြစ်လုနီးပါးပင်။
မတိုင်ခင်က သမားတော်နှင့်အတူ မီးဖွားဖို့လိုအပ်သည်များကို ပြင်ဆင်ခဲ့ပြီး မီးဖွားမည့်ရက်ကို စောင့်မျှော်ခဲ့ကြသည်။
သမားတော်ဟဲက စိုးရိမ်စရာမရှိပေ။ သူ ရောက်လာကတည်းက မင်ကောအာ၏ သွေးခုန်နှုန်းကိုစစ်ဆေးခဲ့သည်။ မင်ကောအာသည်ကား ယခင်က ကျန်းမာရေးမကောင်းသော်လည်း ကိုယ်ဝန်ရှိချိန်မှာ သူ့ကိုယ်သူကောင်းကောင်းဂရုစိုက်ခဲ့တာကြောင့် ၎င်းက သူမျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့သည်။
သို့သော် သူက အကြောင်းအရင်းကို စုံစမ်းဖို့ မကြိုးစားခဲ့ပေ။ ရက်အနည်းငယ်အကြာတွင် မင်ကောအာ၏ သွေးခုန်နှုန်းကို ထပ်မံစစ်ဆေးခဲ့ပြီး မင်ကောအာ၏အခြေအနေက ဤမီးဖွားမှုမှာ ရှင်သန်နိုင်ဖို့ ကောင်းလွန််းသည်ကို သူသိခဲ့သည်။ မင်ကောအာက အလွန်ဖျတ်လတ်တက်ကြွမှန်း သူသတိထားမိခဲ့သည်။
စိုးရိမ်သောကရောက်နေသော လီဖုန်းကိုကြည့်ကာ စစ်မြေပြင်မှာ ရောက်နေစဥ်ကပင် သူက သူ့ကို ယခုလိုပုံစံမျိုးမမြင်ဖူးပေ။ ဓား၏နောက်ဆုံးထိုးချက်ကြောင့် ခေါင်းပြတ်မလိုဖြစ်ခဲ့သည့်တိုင် သူ့အမူအရာက မပြောင်းသွားခဲ့ပေ။ သို့သော် ယခုမူ သူက ထိုနေရာတွင် အေးခဲသွားသည်။ တခြားသူတွေက ဘာမှမမြင်နိုင်ပေမယ့် ဤကလေးက တကယ်ထိတ်လန့်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာကို သူ ရှင်းရှင်းလင်းလင်းသိသည်။
အော်ဟစ်ဆဲဆိုသံများရပ်သွားပြီးနောက် အိမ်ထဲမှာ ဘာသံမှမကြားရတော့ပေ။ စောင့်နေရသော မိနစ်တိုင်းက တစ်နှစ်ကဲ့သို့ပင် လီဖုန်းခံစားရလေသည်။ ကလေးစောစောထွက်လာလျှင် မင်ကောအာ၏ ဝတ်ပြုဆုတောင်းကာလ မြန်မြန်ပြီးသွားပြီး သူတို့၏မင်္ဂလာပွဲနီးကပ်လာမည်ဟု သူ တွေးခဲ့ဖူးသည်။
.
သို့သော် ယခုမူ သူကြောက်သွားခဲ့သည်။ ရွာမှာကြီးပြင်းခဲ့၍ ကောတစ်ယောက် ကလေးမွေးသည်မှာ ငရဲတံခါးဝကိုဖြတ်ကျော်ရတာဖြစ်မှန်း သူသိသည်။ ဤရွာတွင် ကလေးမွေးနေစဥ် သေဆုံးခဲ့ရသော ကောတစ်ယောက်ရှိဖူးသည်။ ထိုနေရာ၌ မင်ကောအာ ခံစားနေရသည်ကို တွေးမိသောအခါ သူ့မျက်လုံးများ မှေးမှိန်သွားလေသည်။
“မင်း..ငါ့အတွက် လက်ဖက်ရည်တစ်ခွက်ဖျော်ပေး။ တခြားသူတွေကို မလုပ်ခိုင်းနဲ့နော်။ မင်းဘာမင်းလုပ်။ ငါ မင်းဖျော်တဲ့လက်ဖက်ရည်ကိုသောက်ချင်တယ်။”
သမားတော်ဟဲက လီဖုန်းကိုခိုင်းစေကာ တခြားဘယ်သူ့ကိုမှ မလုပ်စေချင်ပေ။ သူ ဘာလို့လက်ဖက်ရည်ဖျော်ခိုင်းလဲဆိုတာကတော့ သူ ရောက်လာစဥ်က ပစ္စည်းအများကြီးယူလာခဲ့၍ လက်ဖက်ရည်ချစ်သူက လက်ဖက်ရည်မသောက်ပဲ မနေနိုင်ပေ။
“အား……” စိတ်ကအိမ်ထဲကိုသာရောက်နေသော လီဖုန်းက ခေါင်းကိုကြောင်တက်တက်လှည့်ကာ ဟူလန်ကျုံးထိုင်နေသော နေရာကိုကြည့်လိုက်သည်။ သူက ဟူလန်ကျုံးပြောသည့်စကားကို သေချာမကြားလိုက်ရပေ။
ဟဲလောင်က စိတ်ပျက်လွန်းလို့ တစ်ခုခုကိုကောက်ကိုင်ကာ စိတ်ပျက်သောအကြည့်ဖြင့် သူ့ကိုပစ်ပေါက်လိုက်သည်။ “ငါ့အတွက် လက်ဖက်ရည်သွားဖျော်ပေး။ ငါ ရွာလူကြီးနဲ့သောက်မလို့”
“ကောင်းပြီ.. ခုသွားပါပြီ။” ဧည့်သည်ကို လျစ်လျူရှုမိမှန်း မသိလိုက်သော လီဖုန်းက ခြောက်ကပ်ကပ်ပြန်ဖြေပြီး ပင်မခန်း၏တစ်ဖက်ခြမ်းကို လျှောက်သွားလိုက်သည်။ သူက တုန်ယင်နေသော ခြေလက်များဖြင့် လျှောက်လာကာ အလွန်တောင့်တင်းနေတာကြောင့် ရွာလူကြီးက ရယ်ရမလား နှစ်သိမ့်ပေးရမလားပင် မသိတော့ပေ။
“သူ့ကို လွှတ်ပေးလိုက်ပါ။ သူ့ကိုစိတ်အေးစေတဲ့သူက အဲ့ဒီမှာရှိနေတုန်းပဲ။ ကလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ အခု ကျုပ်တို့အချိန်ဖြုန်းဖို့ တစ်ခုခုရှာသင့်တယ်။ သူ့ပုံစံဘယ်လိုဖြစ်နေလဲဆိုတာကို သူ့လက်အောက်မှာ အလုပ်လုပ်ဖူးတဲ့ စစ်သားတွေကို ခေါ်ပြချင်တယ်။” အဘိုးကြီးဟဲက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။
“မင်ကောအာ ဘာလို့ မအော်တော့တာလဲ? သူတစ်ခုခုဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။” ရွာလူကြီးကလည်း စိတ်ပူနေသည်။ အစောပိုင်းက ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပေမယ့် ယခု အသံမထွက်တော့၍ သူလည်း စိတ်ပူလာခဲ့သည်။
“မင်ကောအာက စကားပြောရလွယ်ပေမယ့် သူက ခေါင်းမာပြီး စိတ်ဓာတ်သန်မာတယ်။ ကျုပ်မှန်းဆရမယ်ဆိုရင် နာကျင်မှုကိုအဆုံးသတ်ချင်တဲ့စိတ်နဲ့ ကလေးမြန်မြန်မွေးချင်လို့ မအော်တော့တာဖြစ်နိုင်မလား?”
သမားတော်ဟဲက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူက အချိန်ခဏသာ ပြောဆိုဆက်ဆံဖူးသော်လည်း သူ့အတွေ့အကြုံများအရ သူသည် မင်ကောအာ၏ အကျင့်စရိုက်ကို မြင်နိုင်လေသည်။ သူက တခြားသူများထံမှ ကြားသိရသော ယခင်မင်ကောအာနှင့် ယခုမင်ကောအာကို ဆက်စပ်ကြည့်လို့မရပေ။ ပြောရလျှင် သူတို့နှစ်ဦးက မတူညီသော လူနှစ်ဦးဖြစ်သည်။ ကံဆိုးမှုကြောင့် သူ သန်မာလာတယ်ဆိုလျှင်ပင် အများကြီးတော့ပြောင်းလဲနိုင်မှာမဟုတ်ပေ။
သို့သော် ဤစိတ်ဓာတ်မျိုးက ကောင်းနေဆဲပင်။ ယင်းက ဖုန်းရှောင်ကျစ်နှင့် ပိုလိုက်ဖက်သည်။ သူ့မှာ ယခင်ကလို အကျင့်စရိုက်မျိုးရှိလျှင် ဖုန်းရှောင်ကျစ်အား ဆွဲချမိမှာကို သူစိုးရိမ်သည်။ သို့သော် လီဖုန်းကိုယ်တိုင်ကလည်း သဘောမကျလောက်ပေ။ သူတို့စတွေ့စဥ်က အရွယ်ရောက်ပြီးသား ကလေးတစ်ယောက်ကို တုတ်နဲ့လိုက်ရိုက်သည်ဟု ယွိမုထံမှ ကြားခဲ့ရသည်။ လီဖုန်းက သူ့ချို့ယွင်းချက်ကို ကာကွယ်ပေးမည့် ဤစိတ်ထားမျိုးကို သဘောကျပြီး ဆီလျော်မှုမရှိ အတင့်ရဲသည့်သူကိုတော့ သဘောကျမှာမဟုတ်ပေ။
လီဖုန်း လက်ဖက်ရည်ဖျော်လို့မပြီးခင်မှာ ဟူလန်ကျုံးက ပြေးလာခဲ့သည်။ ဟူလန်ကျုံးက ဤနေရာကို မကြာခဏလာရောက်လည်ပတ်သည့် ဧည့်သည်ဖြစ်၏။ ဟူလန်ကျူံးက သမားတောင်ကောင်းတစ်ယောက်ဖြစ်ပြီး မြို့ထဲက သမားတော်တွေထက် မနိမ့်ပေ။
အဘိုးကြီးဟဲက သမားတော်မှန်းသိသောအခါ သူက လာဆွေးနွေးဖို့မစောင့်နိုင်ခဲ့ပေ။ သို့သော် ဆက်သွယ်ပြောဆိုမှုအပြီးမှာ ဟူလန်ကျုံးက သမားတော်ဟဲ၏ ဆေးပညာကျွမ်းကျင်မှုကို ချက်ချင်းဦးညွတ်ကာ သူ နေ့တိုင်းလာလည်လို့ရစေရန် သမားတော်ဟဲ ထန်ချွန်းမင်၏အိမ်မှာဆက်နေဖို့ သူဆုတောင်းနေခဲ့သည်။
သူသာမမေးလိုက်လျှင် သမားတော်ဟဲက နန်းတော်ထဲက အင်ပါယာသမားတော်မှန်း သူသိခဲ့မှာမဟုတ်ပေ။ သို့သော် သူက ဧကရာဇ်ဟောင်း၏ လက်ထက်၌ နန်းတော်ထဲက တော်ဝင်မျိုးနွယ်တစ်ဦးကို စော်ကားခဲ့မိပြီး စစ်တပ်သမားတော်အဖြစ် တာဝန်ထမ်းဆောင်ရန် နယ်စပ်သို့ပို့ခံခဲ့ရသည်။
ဧကရာဇ်သစ်နန်းတက်ပြီးနောက် အမှန်တရားပေါ်လာခဲ့ပြီး ဧကရာဇ်အသစ်က သူ့ကို အင်ပါယာသမားတော်ရာထူး ပြန်လည်အပ်နှင်းလိုသော်လည်း သူက ဆက်မလုပ်ချင်ခဲ့ပေ။ စစ်တပ်ထဲမှာ နေပြီး စစ်သားများကို ကုပေးခြင်းက နန်းတော်ထဲလာပြီး ထိုတော်ဝင်မျိုးနွယ်များကို အမှုထမ်းရခြင်းထက် ပို၍လွယ်ကူသည်။
ဧကရာဇ်အသစ်က ယခင်ဧကရာဇ်လက်ထပ်မှာ ဟဲလောင်၏ကြင်နာမှုကိုရရှိခဲ့သည်။ သူက အနည်းငယ်စိတ်မကောင်းဖြစ်သော်လည်း သူ့အား တွန်းအားပေးလို့မရတာကြောင့် သူက သူ့စိတ်သဘောအလျောက် သွားလာနိုင်ဖို့ အခွင့်ထူးပေးခဲ့သည်။