no

Font
Theme

Chapter 50.1

  

“လူယုတ်မာလေး… မင်းက အသည်းနှလုံးမရှိလို့ စားသောက်ပြီး အညစ်အကြေးစွန့်လည်း အကူညီလိုနေတုန်းပဲ။” ဘယ်သူမှ အာရုံမစိုက်သည်ံ့အချိန်မှာ ထန်ချွန်းမင်က ရှောင်အားစန်း၏နှာခေါင်းကို ဆွဲညှစ်လိုက်လေသည်။ ထို့နောက် သူက ခေါင်းငုံ့ကာ သူ့မျက်နှာကို ကိုက်လိုက်သည်။ လူယုတ်မာလေးက “အာ…အာ” ဟူသော အသံဖြင့် စိတ်ပါလက်ပါ တုံ့ပြန်လာသည်။

  

“မင်ကောအာ…..” ကျန်းရှို့က အထဲဝင်လာပြီး တစ်ခုခုပြောမလို့လုပ်စဥ် ထန်ချွန်းမင် သူ့သားအား အနိုင်ကျင့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းရှို့က ရယ်ရမလား ငိုရမလားပင်မသိတော့ပဲ အားစန်းကိုကယ်တင်ရန် သူ့ကိုအမြန် တွန်းထုတ်လိုက်သည်။

“ရပြီ…ငါအားစန်းကို ဂရုစိုက်လိုက်မယ်။ မီးဖိုချောင်ထဲက ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပြီလို့လာပြောတာ။ မင်းဒီနေ့ချက်စားမယ်လို့ ပြောခဲ့တယ်မလား?”

 

ထန်ချွန်းမင်က သူ့နှာခေါင်းကို မလုံမလဲထိလိုက်ပြီး အမြန်ထွက်ပြေးသွားလေသည်။ “ကောင်းပြီ။ အခုသွားလိုက်မယ်။ ဒီကောင်ဆိုးလေးရဲ့ အနှီးက အဲ့နေရာမှာတင်ထားတယ်။ သူဆီးသွားတတ်တာကို သတိထားပါ။”

 ပျောက်ကွယ်သွားသော မင်ကောအာကိုကြည့်ရင်း ခေါင်းပြန်ငုံ့လိုက်တော့ တစ်ခုခုကို ပြုံးနေသော အားစန်းကိုတွေ့လိုက်ရသည်။ ကလေးကို အနိုင်ကျင့်ရတာကြိုက်သည့် မင်ကောအာကို ကျန်းရှို့က တိတ်တဆိတ် ရယ်မောလိုက်လေသည်။

အားလင်းက သူ့ကို သူ့မိထွေးနဲ့ တိုင်ပြောတာလည်း အံ့အားသင့်စရာမရှိတော့ပေ။ ကျန်းရှို့က ပြုံးကာ အားစန်းကို ကောက်ချီလိုက်သည်။ “ ငါတို့အားစန်းက ဒီနေ့ရဲ့ ဇာတ်ဆောင်ပဲ။ အားစန်းကို အပြင်ကဧည့်သည်တွေနဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမယ်။ ငါတို့အားစန်းက အလိမ္မာဆုံးလေး” မင်ကောအာက အားစန်းကို လူယုတ်မာလေး သို့မဟုတ် ငဆိုးလေးလို့ အမြဲခေါ်တတ်တာကြောင့် ကျန်းရှို့က ကူကယ်ရာမဲ့နေသည်။

 

တစ်လပဲရှိသေး၍ အားစန်းက ဖြူလုံးလေးအဖြစ် ကြီးပြင်းလာလေသည်။ သူ့ကိုမြင်သည့်သူတိုင်းက သဘောကျသည်။ ကျန်းရှို့၏ မူလအတွေးများပင် လှုပ်ခါသွားခဲ့သည်။

ကောတစ်ယောက်ဖြစ်ခဲ့လျှင်ပင် သူ့မှာ ကလေးနောက်တစ်ယောက်ရှိလာတာ အတော်လေးကောင်းသည်။ အားစန်းလို ကလေးမျိုးက ကြီးပြင်းလာသည့်အခါ သေချာပေါက်ခန့်ညားပြီး သူ့ကို ကောဘယ်နှစ်ယောက်တောင် ကြိုက်လိုက်မလဲ တွေးနေမိသည်။

 

ယနေ့မှာ အားစန်းက စာအိတ်အနီနဲ့တူသော အဝတ်တစ်ထည်ကို ဝတ်ထားသည်။ ယင်းမှာ သူ့ဘိုးဘိုးချုပ်ပေးထားတာဖြစ်၍ ထန်ချွန်းမင်က သူ့ကိုလေးစားသမှုပြုရန် ထိုဝတ်စုံကို ထုတ်ခဲ့သည်။ တကယ်တော့ သူက သူ့သားကို အရူးလုပ်ချင်တာဖြစ်၏။ ကံမကောင်းသည်မှာ ဓာတ်ပုံရိုက်ရန် ကင်မရာမရှိပေ။ မဟုတ်ပါက သူ့သားကြီးလာသည့်အခါ သူငယ်ငယ်တုန်းက အရူးနဲ့တူကြောင်း ထုတ်ပြလို့ရသည်။

 

ထန်ချွန်းမင်က တစ်လပြည့်ပွဲကျင်းပရန် အစီအစဥ်မရှိသော်လည်း ထိုနေ့တွင် မိသားစုများက အလိုလိုရောက်လာခဲ့ကြသည်။ ထန့်ယွီကလည်း မနက်အစောပိုင်းမှာရောက်လာပြီး ကလေးကိုရွှေခြေကျင်းလေးတစ်စုံနှင့် ရွှေဆွဲကြိုးတစ်ကုံးပေးခဲ့သည်။ ၎င်းကို အားစန်းက ဝတ်ထား​ပြီဖြစ်၏။

အဘိုးကြီးဟဲကလည်း မနက်စောစောထကာ အားလင်းကိုပေးခဲ့တာနှင့် မတူသော ကျောက်ဆွဲသီးကို ထန်ချွန်းမင်အားပေးလိုက်သည်။ ထန်ချွန်းမင် မူလက သူ့သားကိုဝတ်ဆင်ပေးရန် မရည်ရွယ်ခဲ့သော်လည်း ဓလေ့ထုံးတမ်းအကြောင်း သိသွားပြီးမှသာ တပ်ပေးလိုက်လေသည်။

သို့သော် သူက အဝတ်အစားအောက်မှာ ဖုံးထား၍ ထင်ရှားပေါ်လွင်မနေတော့ပေ။ ကျောက်စိမ်းက ငွေအမြောက်အမြားတန်ဖိုးရှိသည်။

 

အားမူဘက်မှ ဘိုးဘိုးပေးသော ငွေဆွဲကြိုးလည်းရှိပြီး တခြားမိသားစုများကလည်း လက်ဆောင်ပေးခဲ့သည်။ အားစန်းက ထိုနေ့မှာ အချမ်းသာဆုံးလူဖြစ်ခဲ့သည်။ သူက အင်မတန်စဥ်းစားပေးတတ်ပြီး ထန်ချွန်းမင် အောက်ချလိုက်လျှင်ပင် ငိုယိုခြင်းမပြုခဲ့ပဲ “အာ….အာ” လို့သာ ရေရွတ်နေ၏။

 

မီးဖိုချောင်ထဲတွင် ရှန်းဖူလန်၊ ဝမ်မော့နှင့် ဦးလေးလျို၏သားအငယ်ဆုံးက အလုပ်ရှုပ်နေ၏။ ဝမ်မော့နဲ့ သူ့ခင်ပွန်း ကျန်းချန်မင်က ယနေ့မှာ ပြန်လည်ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က ရာသီဥတုပိုအေးလာတာကြောင့် ဆိုင်၏လုပ်ငန်းက အရင်ကလို အလုပ်မရှုပ်တော့ပေ။

ဆိုင်ရှင်ရှိနေတော့ တစ်ရက်နှစ်ရက်လောက် လွတ်ထားလိုက်တာက ပြဿနာမရှိပေ။ ထန်ချွန်းမင် သူတို့အတွဲကိုတွေ့တော့ သက်ပြင်းချလိုက်မိသည်။ တကယ်တော့ ရှေးခတ်က လူများသည် ခေတ်သစ်ကလူများနှင့် မထူးမခြားနားပေ။ သူတို့က အခွင့်အရေးမရတာဖြစ်၏။

ယခု သူတို့အခွင့်အရေးရသောအခါ သူတို့၏တိုးတက်နှုန်းက အံ့မခမ်းပင်။ သူတို့လင်ခင်ပွန်းစုံတွဲက တစ်လမပြည့်ခင်မှာ အများကြီးပြောင်းလဲသွားခဲ့သည်။

 

ရေခဲဝယ်သူအများစုက ချမ်းသာသောမိသားစုများဖြစ်တာကြောင့် ဝမ်မော့နဲ့ သူ့ခင်ပွန်းက ဆိုင်ထဲမှာ တစ်ချိန်လုံး ထိုင်စရာမလိုခဲ့ဘူးလို့ ကျန်းရှို့က ပြောပြခဲ့သည်။ သူတို့က ရေခဲဝယ်သည့် လူတွေနောက်လိုက်ကာ သူတို့၏လှည်းထဲသို့ ရေခဲပို့ပေးလေ့ရှိသည်။

ရလဒ်အနေဖြင့် သူတို့က ချမ်းသာသောမိသားစုများနှင့် ထိတွေ့ခွင့်ရခဲ့သည်။ အများစုက အစေခံများဖြစ်သော်လည်း သူတို့နဲ့ထိတွေ့ဆက်ဆံရသူများက လယ်သမားများနှင့် ကွာခြားသည်။ ထို့အပြင် ယာယီဆိုင်ရှင်က သူဌေး၏ညွှန်ကြားချက်ကြောင့် သူတို့ကို အများကြီးသင်ပေးခဲ့သည်။ ထို့ကြောင့် ယခုအခါ လူအများနှင့် ထိတွေ့ဆက်ဆံရာတွင် တိုးတက်မှုများစွာရှိလာသည်ကို တွေ့နိုင်သည်။

 

ဝမ်မော့၏ခင်ပွန်းဖြစ်သူ ကျန်းချန်မင်က မူလတည်းက ဖျတ်လတ်တက်ကြွသည့် လူတစ်ယောက်ဖြစ်သည်။ ရွာလူ​ကြီးက လူရွေးသည့်အချိန် ဤအချက်ကို ထည့်စဥ်းစားခဲ့သည်။ သူတောင်တန်းတွေဆီ ပြောင်းရွှေ့မယ်ဆိုလျှင် မြန်မြန်ဆန်ဆန် လိုက်လျောညီထွေပြုလုပ်နိုင်မှာမဟုတ်ပေ။

  

“မြို့ကလူချမ်းသာတွေအ​ကြောင်းပြောရရင် သူတို့နဲ့စတွေ့တုန်းက ငါအတော်လေးလန့်သွားတာ။ ဒါပေမယ့် ဆက်သွယ်ပြောဆိုပြီးနောက်မှာ သူတို့က ရွာသားတွေနဲ့ သိပ်မခြားနားကြောင်း သိလိုက်ရတယ်။ သူတို့ဘဝက လယ်သမားတွေလောက် မလွယ်ကူဘူးလို့ထင်တယ်။”

ဝမ်မော့က မြို့တွင်းရှိ ကိစ္စအသစ်များအကြောင်းပြောကာ သက်ပြင်းချလိုက်သည်။ “ဆိုင်ကနေ ရေခဲမှာတဲ့ ချမ်လို့အမည်ရတဲ့ သခင်ကြီးတစ်ယောက်ရှိတယ်။ ငါ ရေခဲပို့ဖို့ လှည်းစီးသွားပြီး သူတို့ခြံရှေ့ရောက်တော့ အတားခံလိုက်ရတယ်။ လူအုပ်စုနှစ်စုက ငါတို့ရှေ့မှာ စကားများရန်ဖြစ်နေကြတာ။ ချမ်သခင်လေးမှာ တရားဝင်ဇနီးအပြင် မျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော်တစ်ယောက်လည်းရှိတယ်။ ရေခဲက တရားဝင်ဇနီးအတွက်ဆိုပေမယ့် ကိုယ်လုပ်တော်က သူ့ရှေ့မှာတင် လုယူပါလေရော။ ငါ အဲ့အချိန်တုန်းက လန့်သွားတာ စကားတောင်မပြောနိုင်ခဲ့ဘူး။ ကိုယ်လုပ်တော်ကလည်း ငါတို့ဆိုင်ကစော်ကားလို့ရတဲ့ လူမဟုတ်ဘူးလေ။”

  

“ကြောက်စရာကောင်းလိုက်တာ။ နောက်တော့ဘာဖြစ်သွားလဲ?” ရှန်းဖူလန်က စိုးရိမ်တကြီးမေးလိုက်သည်။ သို့သော် ဆိုင်ကအဆင်ပြေပြီး ဘယ်သူမှ မပါဝင်ခဲ့တာကြောင့် ကိစ္စကပြေလည်သွားပြီး ဘယ်သူနဲ့မှ မငြိစွန်းခဲ့ဘူးလို့ ဆိုလိုတာဖြစ်၏။

  

“အဲ့ဒီတုန်းက ချမ်သခင်ကြီးလည်း ထွက်လာပြီး ကိုယ်လုပ်တော်ဘက်ကို လိုက်ခဲ့တယ်။ သူငိုပြီး ညည်းညူပြလို့ ချမ်သခင်ကြီးက ကိုယ်လုပ်တော်ကို ရေခဲပေးချင်ခဲ့တာ။ တရားဝင်ဇနီးက ​နောက်ဆုံးမှထွက်လာတယ်။ ချမ်သခင်ကြီးမှာ ရေခဲတွေရှိခဲ့ပေမယ့် ကိုယ်လုပ်တော်က အကုန်သုံးလိုက်လို့ တရားဝင်ဇနီးက အပြင်မှာဝယ်ခဲ့တာ။”

“အဲ့ဒါအပြင် တရားဝင်ဇနီးက သူ့ကိုယ်ပိုင်ငွေကိုသုံးပြီး အိမ်တော်က ငွေကိုမသုံးခဲ့ဘူး။ ဟားဟား အဲ့ဒီတုန်းက ကိုယ်လုပ်တော်နဲ့ ချမ်သခင်ကြီးနှစ်ယောက်လုံး အရှက်ကွဲသွားတယ်။ ရေခဲကို ငါတို့ရှေ့မှာတင် လာယူသွားခဲ့တာ။”

  

“ဒါသူနဲ့တန်တဲ့အရာပဲ! ငါ့အမြင်မှာတော့ ချမ်သခင်ကြီးက အမှန်နဲ့အမှားကိုမသိတဲ့ ယောကျာ်းတစ်ယောက်ပဲ။ သူက ကိုယ်လုပ်တော်လေးကို အိမ်ထဲခေါ်သွင်းလာပြီး အေးချမ်းတဲ့ဘဝမှာ နေထိုင်ချင်နေတာ။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ? လယ်သမားဖြစ်တဲ့ ငါတို့လူတွေက ဒီလိုရွံစရာကောင်းတဲ့ အကြံမျိုးတွေမရှိပဲ သူတို့ ကောလေးတွေကို ဂရုစိုက်ကြတယ်။”

ရှန်းဖူလန်က သူ့သားနှစ်ယောက်ရှိသော မြို့ကို ခဏခဏသွားလေ့ရှိတာကြောင့် ချမ်းသာသော မိသားစုများအ​ကြောင်းကို အများကြီးကြားဖူးသည်။ လယ်ကွင်းထဲမှာ အလုပ်မလုပ်လျှင်ပင် မြို့ပေါ်ကလူများ၏ အကျင့်စရိုက်ဆိုးများကို အတုယူပြီး ကိုယ်လုပ်တော်လေးတွေ မထားရဘူးလို့ သူက သူ့သားနှစ်ယောက်ကို မှာခဲ့တာကြာပြီဖြစ်၏။

မဟုတ်ပါက သူက သူ့ခြေထောက်တွေကိုရိုက်ချိုးပြီး အိမ်ထဲဝင်ခွင့်ပြုတော့မှာမဟုတ်ပေ။ သားနှစ်ယောက်က ၎င်းကိုကြားတော့ ချွေးပျံလာပြီး ထပ်ခါတလဲလဲခေါင်းညိတ်ကာ သူတို့က ထိုအရာများကို လုပ်မည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။

 

“​နောက်တော့ ဘာဖြစ်သွားလဲ? သူတို့ဆိုင်မှာ ပြဿနာရှာလား?” ထန်ချွန်းမင်က ထိုစကားကြားတော့ ထိတ်လန့်သွားသည်။ ဘယ်ကမ္ဘာမှာမဆို ယောကျာ်းတွေက သူတို့အောက်ပိုင်းကို မထိန်းချုပ်နိုင်ကြပေ။

ထို့အပြင် ဤကမ္ဘာမှာ ကိုယ်လုပ်တော်ရှိတာ သာမန်ဖြစ်၏။ သူက ဉာဏ်ကောင်းတာကြောင့် လီဖုန်း၏ပိုက်ဆံအားလုံးကို စောစောသိမ်းခဲ့တာမှန်သွားသည်။ ယခု သူ့မှာငွေမရှိ၍ ဘာမှလုပ်နိုင်မှာမဟုတ်ပေ။ သူက သူ့အမြင်ကိုလည်း ယုံကြည်သေးသည်။ သူစိတ်ဝင်စားသည့်လူက နေ့တိုင်းစိတ်ပြောင်းသွားမည့်လူ မဟုတ်ဘူးဆိုတာသေချာသည်။

  

“ဒါပေါ့…သူတို့ပြဿနာရှာခဲ့တယ်။ ငါတို့က သူ့ကိုအထင်လွဲအောင်လုပ်ပါတယ်ဆိုပြီး ကိုယ်လုပ်တော်က ပြဿနာရှာခဲ့တယ်။ မဟုတ်ရင် သူက ဘာလို့ ပုံကြီးချဲ့နေမှာလဲ? ငါတို့ကိုလွှတ်ပေးစေချင်ရင် ရေခဲနောက်တစ်ပုံးပို့ပေးရမယ်လို့ အမိန့်ပေးခဲ့တယ်။”

“ချမ်သခင်ကြီးက သူ​ပြောတာကိုနားမထောင်ပေမယ့် ငါတို့ကိုလည်း အကောင်းမမြင်ဘူး။ အဆုံးမှာ တရားဝင်ဇနီးက ငါတို့ကိုလွှတ်ပေးပြီး တောင်းပန်ခဲ့တယ်။ နောက်တော့ ငါ ဆိုင်ကိုပြန်ရောက်တော့ သူဌေးနဲ့ ဆိုင်ရှင်ကိုပြောပြလိုက်တယ်။ သူဌေးက နည်းနည်းတော့စိတ်ပူနေပေမယ့် ဆိုင်ရှင်က ဘာမှမဖြစ်ဘူးလို့ပြောလိုက်တယ်”

“ချမ်သခင်ကြီးက ဒီကိစ္စကြောင့် ပြဿနာရှာရဲရင် သူ့အရှက်ပဲကွဲမှာ။ ဒါပေမယ့် သူဌေးနဲ့ငါ​က ရက်ပေါင်းများစွာ ပူပန်နေရတာ။ မနေ့က အစ်ကိုယွိ ဆိုင်ကိုပစ္စည်းပို့ဖို့ လူလွှတ်လိုက်မှပဲ ငါတို့က ဆိုင်ရှင်ရဲ့စကားကိုယုံပြီး စိတ်သက်သာရာသွားတာ။”

ဝမ်မော့က ဤကာလအတွင်း အများကြီးပြောင်းလဲသွားသည်။ သူက ရိုးရိုးရှင်းရှင်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပေမယ့် ယခုမူ သူ့စကား​ပြောစွမ်းရည်က ေကာင်းလာသည်။

 

.”အစ်ကိုယွိနောက်တစ်ခါလာရင် ဧည့်ခံဖို့လိုမယ်ထင်တယ်။” ရှန်းဖူလန်က နားလည်သွားပြီး ယွိမုက မနေ့က ပစ္စည်းပို့ဖို့ လှည်းလွှတ်လိုက်တာ မဟုတ်နိုင်ပေ။”

 

ထန်ချွန်းမင်က ဘာတွေဖြစ်သွားလဲ နားလည်သွားသည်။ မနေ့ညက ရုန်းရင်းဆန်ခတ်မှုက သူတို့နောက်ဆုံးတစ်ကြိမ် ရွာကိုလာစဥ်ကနဲ့ ဘာမှမကွာခြားပေ။ ဤဆိုင်ကသေးသော်လည်း နောက်ခံရှိ၍ ဘယ်သူမှ ပြဿနာလာမရှာရဲတော့ပေ။

ထန့်ယွီက အန်ဖျင်ခရိုင်မှာ အချိန်အတော်ကြာအောင် စီးပွားရေးလုပ်နေခဲ့သော်လည်း သူက ယွိမုတို့အုပ်စုနဲ့လည်း ခင်မင်ရင်းနှီးခဲ့သည်။ အရာရှိနောက်ခံမပါပဲ သူလုပ်ငန်းကို ချဲ့ထွင့်ဖို့က ​မဖြစ်နိုင်ပေ။

 

“အစ်ကိုယွိမုက​ ကောင်းကောင်းလုပ်နိုင်ခဲလို့ နောက်တစ်ခါလာရင် ​ဆုချရမယ်။ ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။” ကျန်းရှို့နဲ့ဝမ်​မော့က ဤမနက်မှာ ပစ္စည်းလှည်းဖြင့် ခရိုင်မြို့မှပြန်လာခဲ့သည်။ တချို့က လီဖုန်းနဲ့သူ့အတွက်ဖြစ်ပြီး တချို့က ကလေးနှစ်ယောက်အတွက်ဖြစ်သည်။ သူတို့က အာမောင်း၊တာမောင်း၊ ကျန်းရှို့နှင့် ရွာလူကြီးအတွက်လည်း လက်ဆောင်ထည့်ပေးလိုက်သည်။ သူက လူကြမ်းလို့ထင်ရပေမယ့် စဥ်းစားပေးတတ်ပြီး ဂရုစိုက်သင့်သည့် အရာအားလုံးကို ဂရုစိုက်သည်။

  

“အင်း… ဒီလူတွေက အတော်လေးသစ္စာရှိတယ်။” ယွိမုကို မချီးကျူးခဲ့သူမရှိပေ။ သို့ရာတွင် ခေါင်းစဥ်က ယွိမု ဘာလို့ အိမ်ထောင်မပြုရသေးတာလဲဟူ၍ ပြောင်းသွားခဲ့သည်။ သူတို့အုပ်စုက လီဖုန်းကို အစ်ကိုကြီးလို့ အမြဲတမ်းခေါ်သော်လည်း တချို့လူတွေက လီဖုန်းထက်ပင် အသက်ကြီးသည်။

သို့သော် ဤအကြောင်းပြောနေသည်မှာ သူတို့က သူ့ကိုအောင်သွယ်ပေးချင်လို့မဟုတ်ပါပေ။ သူတို့၏အမြင်တွင် လီဖုန်းက ကျေးလက်သားကောတစ်ယောက်ကို လက်ထပ်တာ သာမန်ဖြစ်ပေမယ့် ယွိမုက အရာရှိတစ်ဦးဖြစ်သည်။ သူက တင်းကျိုးခရိုင်ရှိ အဆင့်အတန်းတူသည့် ကောတစ်ယောက်ကို သေချာပေါက် လက်ထပ်လိမ့်မည်ဟု ယုံကြည်ကြသည်။

///////

Chapter 50.2

 

ထန်ချွန်းမင်က မီးဖိုချောင်မှာ အလုပ်ပြီးတော့ မျက်နှာနှင့်လက်ကို ဆေးကြောကာ သန့်ရှင်းသော အဝတ်စားလဲလိုက်သည်။ သူအပြင်ထွက်လာတော့ လူတစ်စုက သူ၏သားမိုက်ကိုဝိုင်းထားကာ ရယ်မောနေသည်။ လီဖုန်းကလည်း နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ဘေးမှာရပ်နေလေသည်။

  

“အစ်ကို…ရောက်ပြီလား…အားစန်းက ခုလေးတင် ကျွန်တော့်ကိုပြုံးပြနေတာ။ ကြည့် သူပြုံးပြပြန်ပြီ” ထန်ချွန်းရုံက ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူကဲ့သို့ ပြုမူတတ်ပေမယ့် ယနေ့မှာ သူက အနည်းငယ်ကလေးဆန်သည်။

  

“ဖေဖေ… သားညီလေးက သားကိုလည်းပြုံးပြနေတယ်။” အားလင်းကလည်း နောက်ကျကျန်မနေချင်ပဲ ထန်ချွန်းမင်ဆီပြေးကာ မော့ကြည့်ပြီး​ပြောလိုက်သည်။

 

ထန်ချွန်းမင်က အားလင်းကို ကောက်ချီလိုက်သည်။ သူအဖက်မခံရတာကြာပြီဖြစ်၏။ အားလင်းက အော်လိုက်ပြီးမှ ဝမ်းသာအားရ ရယ်မောလိုက်လေသည်။ ညီလေးရှိသည့်တိုင် သူ့အားမူက သူ့ကိုချစ်ပြီး ကောင်းကောင်းဆက်ဆံနေဆဲဖြစ်သည်။ နောင်မှာ သူ့ညီလေးအပေါ် ပိုကောင်းပေးဖို့ အားလင်းဆုံးဖြတ်လိုက်သည်။ “ဖေဖေ….သား အသီးအနှံနည်းနည်းလောက်ခူးပြီး ညီလေးကိုကျွေးလိုက်မယ်။”

  

“ဟားဟား..အသီးအနှံသွားခူးလိုက်… ဒါပေမယ့် ညီလေးကစားလို့မရသေးလို့ အားလင်းက သူတို့ကိုပေးလိုက်ပါ။”

 

ထန်ချွန်းမင်၏ခြံထဲက သီးပင်များမှာ စိုက်ပျိုးပြီး ပွင့်လန်းလာတာကို လူတိုင်းတွေခဲ့ရသော်လည်း ပထမနှစ်မှာတင် အသီးထွက်လာမယ်လို့ ဘယ်သူမှမထင်ခဲ့ပေ။ အသီးအနှံများက ရင့်သီးကြီးထွားလာသဖြင့် လူတွေကို ပျော်ရွှင်စေသည်။

အရေအတွက်မများပေမယ့် မြို့ထဲက အသီးတွေထက်ပိုချိုသည်။ မင်ကောအာ တောင်ဝယ်ပြီး သီးပင်စိုက်ရဲတာ မအံ့သြတော့ဘူးလို့ စားဖူးသူတိုင်းက ေပြာနေခဲ့သည်။ ခြံထဲမှာ သီးပင်စားပင်အများကြီးရှိလျှင် သူတို့ငွေရှာနိုင်မှာသေချာသည်။

 

လီဖုန်းနဲ့ဝမ်ယင်က ဧည့်သည်များကို ဧည့်ခံရန်အတွက် မနက်စောစော အသီးအနှံများ ခူးဆွတ်ကြသော်လည်း အရသာက ကောင်းလွန်းတာကြောင့် မကြာခင်ကုန်သွားခဲ့သည်။ အိမ်ရှင်ဖြစ်သည့် အားလင်းက ဧည့်သည်များကိုဧည့်ခံရန်နှင့် သူ့ညီလေးကိုပေးရန် များများခူးသင့်တယ်လို့ ခံစားလိုက်ရသည်။

 

လီဖုန်းက လာကူပေးပြီး တာမောင်းနဲ့အာမောင်းက သီးပင်နားမှာခုန်ပေါက်ကာ ခွေ​ေပေါက်နှစ်ကောင်က သစ်ပင်အောက်မှ ပြေးလွှားနေသည်။ အဘိုးကြီးဟဲနှင့် လက်ဖက်ရည်သောက်ရင်း စကား​ပြောနေသော ထန့်ယွီက ထိုမြင်ကွင်းကိုကြည့်ကာ မနာလိုဖြစ်သွားခဲ့သည်။ ဤရိုးရှင်းပြီး နွေးထွေးသော လယ်ခြံက ထိုချမ်းသာသည့်မိသားစုများထက် ပို၍နှစ်လိုဖွယ်ကောင်းသည်။

 

ထန်ချွန်းမင်က အရ​ပ်မရှည်တာကြောင့် သူက အားလင်းကို လီဖုန်းထံအပ်ပြီး အသီးခူးလိုက်ရသည်။ သူက စပျစ်သီးတစ်ကိုင်းခူးကာ ခူးပြီးသားချယ်ရီထဲထည့်လိုက်သည်။ ထို့နောက် သူက ရေဆေးကာ ပန်းကန်ပြားပေါ်တင်ပြီး ဟဲလောင်ကိုပေးလိုက်သည်။

ရွာလူကြီးက သူတို့နဲ့ထိုင်နေပြီး သစ်သီးလာချတာကိုတွေ့တော့ တစ်လုံးယူကာ ပါးစပ်ထဲထည့်ပြီး ချီးကျူးလိုက်သည်။ “မင်ကောအာ….အသီးတွေက ကောင်းကောင်းကြီးထွားတာပဲ။ အားစန်းရဲ့လပြည့်နေ့ကို အချိန်ကောင်းမှာ ကျင်းပလိုက်ရတာပဲ”

  

“ဟားဟား… “အဘိုးကြီးဟဲက ရယ်မောကာ မုတ်ဆိတ်ကိုပွတ်သပ်လိုက်သည်။ “အားစန်းက စားဖို့ငယ်သေးလို့ ကျုပ်တို့လူကြီးတွေပဲ စားနေရတာ။ ကျုပ် စိတ်ပျက်လွန်းလို့ ထွကမသွားချင်တော့ဘူး။”

 

ထန်ချွန်းမင်က ၎င်းကိုကြားတော့ မျက်စောင်းထိုးလိုက်သည်။ “ခင်ဗျားဘယ်သွားမလို့လဲ… အဘိုးကြီးဟဲ?”

  

“ငါဘယ်မှမသွားပါဘူး။ ငါဒီမှာ အားဖုန်းနဲ့နေမှာ။ မင်းတို့ငါ့ကို သဘောမကျရင်တောင် ငါထွက်မသွားဘူး” အဘိုးကြီးဟဲက မျက်လုံးကို မှေးကျဥ်းကာ ပြုံးလိုက်သည်။

  

“မင်ကောအာရဲ့ခြံက တကယ်ကောင်းပြီး စိတ်အေးချမ်းစေတယ်။ ကျွန်တော်လည်း အနာဂတ်မှာ အချိန်ရှိလာရင် ဒီလိုခြံဝယ်ပြီး သီးပင်စိုက်မယ်။ ခွေးမွေးမယ်။ ပြီးရင် အခုလိုမျိုး လက်ဖက်ရည်သောက်ပြီး သစ်သီးစားမယ်။” အလင်းရောင်နှင့် ဆန့်ကျင်ဘက်မှာရပ်ကာ ကလေးများနှင့်အတူ အသီးခူးနေသော ထန်ချွန်းမင်နှင့် ကလေးကိုချီကာ သစ်သီးခူးရင်း ထန်ချွန်းမင်ကိုလည်း ဘေးကင်းလားစစ်ဆေးနေသည့် အမျိုးသားကိုကြည့်ကာ ထန့်ယွီက စိတ်ကူးယဥ်လိုက်သည်။ သူက ရင်ထဲမှာသက်ပြင်းချလိုက်သည်။ သူ့စိတ်ထဲမှာ ဘာတွေတွေးနေလဲ သူသာသိသည်။

 

လူတစ်စုက ခြံထဲမှာစကားပြောနေစဥ် တစ်ယောက်ယောက်က မထင်မှတ်ထားပဲရောက်လာခဲ့သည်။

 

ခြံတံခါးမှာ လှည်းတွေရပ်ထားပြီး တံခါးမပိတ်ထားတာကြောင့် ထိုလူက ခြံထဲကလူတွေရဲ့အာရုံကို ဆွဲဆောင်ရန် တံခါးခေါက်လိုက်သည်။

ထို့နောက် သူက လက်ကိုကွေးကာ ရှက်ရွံ့သလိုပြုမူပြီး အားလင်းကိုချီးထားသော လီဖုန်းအားပြောလိုက်သည်။ “ဝမ်းကွဲအစ်ကိုဖုန်း… ကျွန်တော်… ကျွန်တော်… အားစန်းကို ပစ္စည်းတချို့လာပေးတာပါ။ ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ။ ဝမ်းကွဲအစ်ကိုဖုန်းနဲ့ မင်ကောအာ သဘောကျဖို့မျှော်လင့်တယ်”

 

ကျန်းရှို့နဲ့ဝမ်မော့က မီးဖိုချောင်ထဲကထွက်လာကာ စားပွဲရှင်းရန်ပြင်ဆင်နေပြီး အားလုံးကို ညစာစားရန် ဖိတ်ခါနီးတွင် ဤရွံစရာကောင်းသောလူ ရောက်လာခဲ့တာဖြစ်၏။ ဝမ်မော့ကလည်း အံ့အားသင့်သွားသည်။ သူက ကျန်းရှို့၏ အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်လေသည်။ “သူဘာလို့ ဒီရောက်​နေတာလဲ? ငါမရှိတဲ့အချိန် သူလာနေကျလား?”

  

“မဟုတ်တာ… ကောတစ်ယောက်က သူ့အနာဂတ်အတွက် ဘာမဆိုလုပ်နိုင်တယ်လို့ ငါမထင်ထားဘူး။” ကျန်းရှို့က ဒေါသတကြီး​​ပြောလိုက်သည်။ အရင်တစ်ခေါက်အဖြစ်အပျက်အပြီးမှာ ဤလူငယ်လေး အသိစိတ်ဝင်ပြီး နောက်တစ်ကြိမ် လာမနှောင့်ယှက်တော့ဘူးလို့ ထင်ခဲ့တာဖြစ်ပေမယ့် သူ ဤနေရာမှာစောင့်မျှော်နေမယ်လို့ မထင်ထားပေ။

 

ဝမ်မော့က မြို့ထဲတွင် တခြားသောအရာများကိုမြင်ဖူးပြီး သူ့မှာ ယခင်ကလို ရိုးရှင်းသောစိတ်ထားမရှိတော့ချေ။ ကျန်းရှို့ပြောတာကြားတော့ သူက ထိုလူငယ်ကောလေး၏ အတွေးကိုနားလည်သွားသည်။ သူက အသံလျှော့ကာ ကျန်းရှို့ကို တီးတိုးပြောလိုက်၏။ “သူက အနာဂတ်မှာ ခင်ပွန်းကောင်းရအောင် အစ်ကိုဖုန်းကို လာကပ်နေတာလား?”

ကျန်းရှို့၏ ခိုင်မာသောအမူအရာကိုမြင်ပြီးနောက် သူက ကျိန်ဆဲလိုက်သည်။ “သူက တော်တော်သတ္တိရှိတာပဲ။ အစ်ကိုဖုန်းကို ခြယ်လှယ်နိုင်တယ်လို့ ထင်နေတာလား.. သူ့မိသားစုက မကောင်းတာမလုပ်ခဲ့ဘူးဆိုရင် ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် မင်းပြောတာမှန်တယ်။ ဒီလူငယ်ကောက တကယ်ကို အရေထူတာပဲ။ မသိတဲ့လူက သူရဲ့ဒီပုံစံကိုတွေ့ရင် အနိုင်ကျင့်ခံရတယ် ထင်နေဦးမယ်။”

  

“ဟင်း…. သူက ဒီအချိန်ကိုမှလာရတယ်လို့ သူ့စိတ်ထဲမှာဘာရှိလဲ ငါစိုးရိမ်တယ်။” ကျန်းရှို့က မကျေမနပ်​ပြောလိုက်သည်။ သူ ယခုလိုတွေးတာမဆန်းပေ။ စိတ်ရင်းမှန်ဖြင့် လက်ဆောင်ပေးချင်လျှင် လူအများဆုံးရှိသည့်အချိန်ကို ရွေးချယ်ပါ့မလား?

 

သမားတော်ဟဲ၏အပြုံးက ရှိနေဆဲဖြစ်ပြီး သူက လီဖုန်းကိုလှည့်ကြည့်လိုက်သည်။ သူနားမလည်တာ ဘာတစ်ခုမှမရှိပေ။ ဤလူငယ်ကောလေးက ရှောင်ဖုန်း၏ဦးလေးမိသားစုမှဖြစ်သည်။ သူက နန်းတော်များစွာကို လည်ပတ်ဖူး၍ လူမျိုးစုံကိုတွေ့ဖူးသည်။

သူက ဒီလူငယ်ရဲ့မျက်လုံးကို ဖြတ်မမြင်နိုင်ပဲနေမလား? သူက တိတ်တိတ်လေး ခေါင်းခါယမ်းလိုက်သည်။ ဤကျေးလက်ဒေသတွင် ရိုးရှင်းပြီး စိတ်နှလုံး​ကောင်းသော လူတွေရှိပြီး စိတ်ဓာတ်ယုတ်သော လူများလည်းရှိသည်။ ရှောင်ဖုန်းမှာ ဆွေမျိုးကောင်းတစ်ယောက်မှ မရှိပါပေ။

 

ထန့်ယွီက အတွင်းကိစ္စကို သိပ်နားမလည်သော်လည်း ခြံဝင်းထဲက အမူအရာကိုတွေ့သည့်အခါ သူ့ရှေ့ကကောကို မကြိုဆိုကြမှန်းသိလိုက်သည်။ သို့ဖြစ်၍ သူက စိမ်ပြေနပြေ အသီးစားကာ ပွဲကြည့်နေ၏။ လူငယ်ကော၏နည်းလမ်းများက ရင့်ကျင်မှုလစ်ဟင်းသည်။

 

လူငယ်က တံခါးဝမှာရပ်ကာ သူ့ကို ဘယ်သူမှအာရုံမစိုက်တာ တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်က အမူအရာမှာ ဝမ်းနည်းမှုတိုးမြှင့်လာကာ မျက်ရည်စီးကျလာခဲ့သည်။

ထန်ချွန်းမင်က သူ့ကို စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။ မောင်းထုတ်ဖို့သွားနေသည့် လီဖုန်းကိုလည်း သူက တားလိုက်သည်။ “မင်းဘာဖြစ်ချင်တာလဲ? အရင်တစ်ခေါက်ကလည်း အလုပ်ကူလုပ်ပေးမယ်ပြောပြီး ထွက်ပြေးသွားတယ်။ ငါဗိုက်ကြီးနဲ့ အလုပ််မပြီးလို့ ကျန်ရှို့နဲ့ငါက အချိန်အတော်ကြာလုပ်ခဲ့ရတယ်။ ဒီနေ့လည်းတူတူပဲ.. အားစန်းရဲ့လပြည့်နေ့မှာ တခြားသူတွေက မနက်အစောကြီးလာကူပေးကြတယ်။ မင်းက ဒီလိုချိန်မှလာပြီး ဒီလိုတွေလုပ်ပြနေတာ မရှက်ဘူးလား?

လူငယ်လေး၏မျက်နှာမှာ ဖြူဖျော့လာသည်။ “ကျွန်တော်လာချင်ပေမယ့် မလာရဲလို့ပါ။”

“မင်းက လာချင်ပေမယ့် မလာရဲဘူး!” ထန်ချွန်းမင်က ကျယ်လောင်စွာ အော်လိုက်လေသည်။ “ဒါပေါ့ မင်းက မင်းဝမ်းကွဲကို ဆေးခပ်ပြီး သေသေရှင်ရှင် ဂရုမစိုက်ပဲ အဝေးကိုမပို့ခဲ့ရင် မင်းရဲ့ ဝမ်းကွဲအိမ်ကို ထပ်လာဖို့ ရှက်နေမှာမဟုတ်ဘူး။ စိတ်မပူပါနဲ့။ ငါက ကျေးဇူးတရားနဲ့ နုာကြည်းမှုကို ခွဲခြားတတ်သူပါ”

“ ဆွေမျိုးတော်စပ်ရုံနဲ့ ငါ မင်းဝမ်းကွဲကို ဒုက္ခခံစားခွင့်ပေးမှာမဟုတ်ဘူး။ အားဖုန်းက လီမိသားစုဝင်ဖြစ်နေလို့ ငါမင်းမိဘတွေကိုတောင် စာရင်းရှင်းဖို့မ​ပြောခဲ့ဘူး။ မင်းက လိမ္မာတဲ့လူဆိုတော့ ငါနဲ့အားဖုန်းကြားက အ​ခြေအနေကို နားလည်ရမှာမဟုတ်လား.. မင်းငါပြောတာကိုရှင်းရဲ့လား? နောက်တစ်ခါ ငါ့အိမ်ကိုမလာနဲ့။ ဒီမကျေပွဲက မင်းလို မနူးမနပ်ကောလေးတွေ ​ဖြေရှင်းပေးနိုင်တဲ့အရာမဟုတ်ဘူး။”

 

ကောလေးက မယုံကြည်နိုင်သော အမူအရာကိုပြနေသည်။ ထန်ချွန်းမင်က ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်မယ်လို့ သူမထင်ထားပေ။ လူတိုင်းက အရှက်မကွဲချင်ဘူးမလား? သူလီဖုန်းရဲ့ ဂုဏ်သိက္ခာကိုရော ဂရုစိုက်ရဲ့လား?

 

ခြံထဲက ထန့်ယွီက နားမလည်နိုင်သလိုပြောလိုက်သည်။ “တစ်ယောက်ယောက်က ဆေးခပ်ပြီး ပို့ခဲ့တာလား? ဘယ်သူ့ကိုပြော​နေတာလဲ? အစ်ကိုလီဖုန်းလား?”

 

ရွာလူကြီးက မျက်နှာကိုပွတ်လိုက်သည်။ ဤသည်မှာ လီမိသားစုအတွက် ဂုဏ်သိက္ခာဖြစ်၏။ သူက ကျယ်ကျယ်မပြောနိုင်ပေမယ့် ဤကလေးကို ထပ်ခါထပ်ခါလာခွင့်မပြုခဲ့ပေ။ သူက “အားဖုန်းက အသက်မပြည့်ခင်မှာ စစ်ထဲပို့ခံခဲ့ရတာ။”

 

ထန့်ယွီက တစ်စုံတစ်ခုကို ရုတ်တရက်ရိပ်မိသွားပုံပေါ်သည်။ အသက်မပြည့်သေးပဲ အသက်ကိုလိမ်ညာခဲ့တယ်လို့ ဆိုလိုသည်။ လိမ်ခဲ့သည့် ထိုလူက ဤကော့အာတော့ မဟုတ်ပေ။ ဤကော၏မိဘများဖြစ်နိုင်သည်။ အစ်ကိုဖုန်းရဲ့ဦးလေးက တကယ်ကိုရက်စက်တာပဲ…

 

ဟဲလောင်က ဓားတစ်ချောင်းထပ်စိုက်လိုက်သည်။ “ဟုတ်တယ်…ငါ ဖုန်းရှောင်ကျစ်ကိုလမ်းမှာတွေ့ခဲ့တာ။ သူက သေလုမျော​ပါးဖြစ်နေခဲ့တာ။ ရွာထဲက သမားတော်ရဲ့ အိပ်ဆေးက ပြင်းလို့ထင်တယ်။”

  

“ဟေး…ဟေ… ကျုပ်လည်း ရွာထဲက သမားတော်ပါ။ ကျုပ်နာမည်ကိုမဖျက်ပါနဲ့။ ကျုပ် ဒီလိုသိက္ခာမဲ့တဲ့အလုပ်ကိုမလုပ်ဘူး။” ဟူလန်ကျူံးက ငြင်းလိုက်သည်။

  

“ဟားဟား… ကျုပ်ခင်ဗျားကိုပြောနေတာမှမဟုတ်တာ” သမားတော်ဟဲက အပြုံးတစ်ခုဖြင့် ပြင်ပြောလိုက်သည်။

 

ခြံဝင်းထဲက လူတချို့က သူ့ဘက်ကပြောပေးမယ်လို့ လူငယ်ကောလေးက ထင်ခဲ့ပေမယ့် သူတို့က သူ့ကို ​ကူပြောမပေးသည့်အပြင် အရင်ကဖြစ်ရပ်များကို ရက်စက်သောနည်းလမ်းလို ပုံဖော်​​ပြောဆိုခဲ့သည်။

လူငယ်ကောက အလွန်ဝမ်းနည်းနေပုံရသည်။ ဒီလူတွေက ဘာလို့ မစာနာနိုင်ရတာလဲ? သူက သူ့မိဘတွေရဲ့လုပ်ရပ်အတွက် အပြစ်ရှိတဲ့လူလား? ပြီးတော့ သူကလည်း ဒီဆက်ဆံရေးကိုပြေလည်အောင် ကြိုးစားနေတာလေ။ သူတို့က သူ့ရဲ့အားထုတ်မှုကို မမြင်တာလား? ပြီးတော့ လီဖုန်းကလည်း ကောင်းကောင်းနေထိုင်ပြီး ကြီးပွားချမ်းသာနေတာပဲမလား? ဒီလူတွေက ဘာလို့ သူ့ဘက်မှာရပ်တည်ပြီး သူ့မိသားစုကို ရှုတ်ချနေတာလဲ?

 

လီဖုန်းက အားလင်းကို အောက်ချပေးပြီး တာမောင်းနဲ့အာမောင်းကို ရှာခိုင်းလိုက်သည်။ သူက မင်ကောအာဆီသွားကာ လက်ကိုင်လိုက်ပြီး လူငယ်ကောလေးကို ခြိမ်းခြောက်သည့်အကြည့်တစ်ချက်ပေးလိုက်၏။ “အခုသွားတော့ မင်ကောအာပြောသလိုပဲ.. သူတို့လုပ်ခဲ့တဲ့အရာတွေက စကားလုံးနည်းနည်းနဲ့ ဖြေရှင်းလို့မရဘူး။ ပြန်လာကတည်းက ငါသူတို့ကို ဆွေမျိုးလို့မသတ်မှတ်ထားဘူး။ မင်းရင်ထဲက ဆန္ဒတွေကလည်း စိတ်ရင်းမဟုတ်ဘူး။ ဒီတော့ မင်ကောအာကိုနှောင့်ယှက်ဖို့ အချိန်မဖြုန်းနဲ့။ မဟုတ်ရင် ငါ အဲ့နေ့ကဖြစ်ရပ်ကို ဆွဲထုတ်ပြီး အကြီးအကဲတို့ကို သေချာရှင်းခိုင်းလိုက်မယ်”

 

သူက အလွန်အကျွံမလုပ်ချင်လို့ ငြိမ်နေခဲ့တာဖြစ်သည်။ မဟုတ်ပါက လီစုန့်ကမ်းနှင့် သူ့ဇနီးလုပ်ခဲ့သောအရာမှာ မျိုးနွယ်စုမှ နှင်ထုတ်ခံရဖို့လုံလောက်သည်။

////////

Chapter 50.3

မတိုင်ခင်က ဟွမ်စစ်ကုံး၏မိသားစုသည်လည်း လီစုန့်ကမ်း၏မိသားစုလိုပင် ဆိုးရွားသောအရာကိုလုပ်ခဲ့သည်။ ဟွမ်မိသားစုက ဤသို့ဖြင့် မောင်းထုတ်ခံခဲ့ရသည်။ အကြောင်းမှာ ဖျင်ရှန်ရွာရှိ ဟွမ်မိသားစုအမြစ်မှာ အလွန်တိမ်လို့ ဘယ်သူကမှ သူတို့အတွက် မပြောပေးခဲ့တာဖြစ်၏။

 

ထိုစကားပြောပြီးနောက် လူငယ်ကောလေး ခြိမ်းခြောက်မှုဒဏ်ကို ခံနိုင်လားပင် ဂရုမစိုက်တော့ပဲ လီဖုန်းက ထန်ချွန်းမင်၏လက်ကိုတွဲကာ ခြံထဲပြန်လာခဲ့သည်။ သူ့မှာ သူ့ကိုခြံထဲဖိတ်ခေါ်ဖို့ ရည်ရွယ်ချက်မရှိပေ။ ထန်ချွန်းမင်မှာလည်း ရှိမှာမဟုတ်ပေ။

ဤမိသားစုက သူတို့ဂုဏ်သိက္ခာကို ဘယ်လိုပဲမြှင့်တင်နေပါစေ သူ ကျောက်မိသားစုမှ ထွက်လာကတည်းက နာမည်ကောင်းရဖို့ မတွေးခဲ့ဖူးပေ။ မှားယွင်းသော ဂုဏ်သတင်းကြောင့် သူနဲ့ သူ့လူတွေကို ခံစားခွင့်ပြုဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပေ။

  

“ကောင်းပြီ. သန့်ရှင်းရေးလုပ်ပြီး ညစာစားပွဲပြင်ရအောင်…” ဘာမှမဖြစ်ခဲ့သလိုပင် ထန်ချွန်းမင်က ပြန်လှည့်လာကာ အပြုံးတစ်ပွင့်ဖြင့် စတင်စီစဥ်လိုက်သည်​။

  

“အင်း.. စားဖို့အချိန်ကျပြီ။” မင်ကောအာ ကိုယ်တိုင်ချက်တာဆိုတော့ မစောင့်နိုင်တော့ဘူး။” အဘိုးကြီးဟဲက တုံ့ပြန်သည်။

 

ခြံထဲကလူတွေက အလုပ်ရှုပ်နေပြီး တံခါးနားကလူကို ဘယ်သူမှဂရုမစိုက်သလို ထိုကောလေးထွက်သွားတာလည်း မသိလိုက်ပေ။

 

တတိယဦးလေးကျောက်၏အိမ်၌ မျိုးဆက်သစ်များက တတိယဦးလေးကျောက်လောက် ခေါင်းမာခြင်းမရှိပေ။ သူတို့က တတိယဦးလေးကိုမမေးမီ အိမ်နားတစ်ဝိုက်မှာ စက်ဝိုင်းတစ်ခုလို လှည့်ပတ်နေကြသည်။ “တတိယဦးလေး… ကျွန်တော်တို့ ထန်မိသားစုကို တစ်ချက်သွားကြည့်လို့မရဘူးလား? ထန်ချွန်းမင်ရဲ့ကလေးတွေက​ ကျောက်မိသားစုဝင်တွေလို့ ဦးလေးပဲ အစကပြောခဲ့တာလေ…”

 

ထိုထက်ပိုသည်မှာ သူနဲ့ လီဖုန်းဆက်ဆံရေးက အတည်တကျဖြစ်သွားခဲ့သည်။ လီဖုန်းဘယ်သူလဲဆိုတာ အရေးမကြီးပေ။ အရေးကြီးတာက သူ့နောက်ကအဆက်အသွယ်ဖြစ်၏။ အရင်တစ်ခေါက်ကရောက်လာသော ယွိမုအမည်ရှိ စစ်သားက တင်းကျိုးခရိုင်မှ ရာထူးမြင့် စစ်အရာရှိဖြစ်နေသည်မှာ မထင်မှတ်ထားသောအရာဖြစ်၏။

သူ့အမြင်အရတော့ ကျောက်လောင်စန်းအပေါ် မျှော်လင့်ချက်တွေ ပုံအပ်ထားပြီး ထန်ဖူလန်နှင့် ဆက်ဆံရေးကို ဖျက်စီးဖို့မလိုပေ။

 

ထန်ချွန်းမင်နှင့် လီဖုန်းက ခရိုင်မြို့ထိချဲ့ထွင်ကာ လုပ်ငန်းတစ်ခုလုပ်နေပြီး ကျန်းချန်မင်၏ မိသားစုကိုပင် ချမ်းသာအောင်လုပ်ပေးခဲ့သည်ဟု သူ ရွာသားများထံမှ ကြားခဲ့ရသည်။

သူတို့အားလုံး အိတ်တွေအများကြီးနဲ့ ပြန်လာသည်ကိုကြည့်ကာ သူတို့ဘယ်လောက်ရှာနိုင်ခဲ့လဲဆိုတာကို တွေးရင်း လူများစွာက အားကျနေသည်။

 

သူ့ကိုဘယ်သူမှမပြောပြပဲ သူခန့်မှန်းနိုင်သည်မှာ ဤလုပ်ငန်းအောင်မြင်ရသော အကြောင်းအရင်းသည် ဗိုလ်ချုပ်ယွိနဲ့ဆက်ဆံရေးကြောင့်ဖြစ်သည်။ မဟုတ်ပါက ခရိုင်မြို့ရှိ လူချမ်းသာမိသားစုများက သူတို့လိုရာကိုပေးမှာမဟုတ်ပေ။

သူတို့ ကျောက်လောင်စန်းကို မှီခိုချင်သည်မှာ ကျောက်လောင်စန်း အရာရှိတစ်ယောက်ဖြစ်လာသည်နှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်လာနိုင်ပြီး ငွေရှာရန် စိတ်ပူစရာမလိုတော့လို့ဖြစ်သည်။

 

သို့သော် ကျောက်လောင်စန်းကလည်း လုပ်စရာရှိနေသည်။ မိသားစုနှစ်ခု၏ ကောအာလေးနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ပြဿနာရှာခဲ့ပြီး နောက်မှာအရှုပ်တွေချန်ထားကာ ထွက်ပြေးသွားခဲ့သည်။ ရှန်းမိသားစုက အနိုင်ကျင့်ရ လွယ်ကူနေသလား? သူဟာ ပညာရှင်တစ်ယောက်သာဖြစ်ပြီး လူတွေကို အလေးအနက်မထားခဲ့ပေ။ သူတို့က ထိုလူအပေါ်မှာ မျှော်လင့်ချက်တွေ ပုံအပ်မထားရဲပေ။

 

ထန်ချွန်းမင် ကျောက်မိသားစုမှ သားလေးကို မွေးဖွားပေးခဲ့တာက နှစ်ဖက်ကြားရှိ ဆက်ဆံရေးကို ဖြေလျော့ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ ထန်ချွန်းမင်က သူ့သားလေး၏နာမည်ကို သုံးနေသရွေ့ သူတို့ကို လျစ်လျူရှုလို့်မရပေ။ ပြီးတော့ သူ့သားက ကျောက်မိသားစုရဲ့ မျိုးရိုးစဥ်ဆက်ထဲမှာ ပါဝင်လာတဲ့အခါ ထန်ချွန်းမင်က ကျောက်မိသားစုကို အာဃာတ ဘယ်လိုထားလို့ရတော့မလဲ?

  

“မင်းဘာတွေစိတ်ပူနေတာလဲ?” တတိယဦးလေးက သူ၏ဆေးလိပ်ဆေးတံကိုခေါက်ကာ နှစ်ကြိမ်မှုတ်ထုတ်လိုက်သည်။ “မင်းဘာတွေတွေးနေလဲ ငါသိတယ်။ မင်းက လီမိသားစုကလေးရဲ့နောက်ခံကြောင့် ဆွဲဆောင်ခံလိုက်ရတာပဲ။ ဒါပေမယ့် ဒီဆက်ဆံရေးက ကြာရှည်ခံပါ့မလား? မိသားစုကြားက ဆက်ဆံရေးက ယုံကြည့်လို့ရလား? ပြီးတော့ သူက ရာထူးနိမ့်စစ်သားတစ်ယောက်ပဲ။ အရပ်ဘက်အရာရှိနဲ့ စစ်အရာရှိတွေက မတည့်ကြဘူး။ ခရိုင်မြို့က အရာရှိတွေက သူ့ကို တကယ်အလေးအနက်ထားတယ် ထင်နေလား? ဟင်း… ထင်ပေါ်အောင်ဝါကြွားနေတာက အနှေးနဲ့အမြန် ဒုက္ခရောက်မှာပဲ။ ဘာပဲဖြစ်ဖြစ် ရွာထဲက မိသားစုဘယ်နှစ်စုက သူတို့ဆီက မျက်နှာသာရမလဲ စောင့်ကြည့်ရတာပေါ့”

  

“ဦးလေး… အဲ့ဒါ​က ဧကရာဇ်ဟောင်းလက်ထက်ကလေ။ လက်ရှိဧကရာဇ်က စစ်သားတွေကို အရမ်းတန်ဖိုးထားတယ်။”

ဧကရာဇ်ဟောင်းက အရပ်ဘက်အရာရှိများကို စစ်အရာရှိများထက် ပိုတန်ဖိုးထားသည်။ သို့သော် ဧကရာဇ် အာဏာရပြီးနောက်မှာ အရ​​ပ်ဘက်အရာရှိများကို ရာထူးမှချကာ နယ်စပ်သို့ တပ်ဖွဲ့စေလွှတ်ရန် စစ်အရာရှိအများအပြားကို ရာထူးတိုးပေးခဲ့သည်။ အခု ဘယ်သူက စစ်အရာရှိတွေကို အထင်သေးရဲလို့လဲ?

  

“မင်းက အမြင်ကျဥ်းပြီး မရင့်ကျက်တာပဲ။” တတိယဦးလေးက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး အဓိပ္ပါယ်ပါပါပြောလိုက်သည်။ “စစ်တပ်အရာရှိတွေ အဆင့်အတန်းမြင့်လာတာမှန်ပေမယ့် ဘယ်အချိန်ကမို့လဲ? အဲ့ဒါက အရှင်မင်းကြီး မြောက်ဘက်ကို တိုက်နေရတာမို့ စစ်အရာရှိတွေကို နေရာပေးခဲ့တာလေ။”

“ဒါပေမယ့် အခုစစ်ပြီးသွားတော့ တရားရုံးမှာ ​ပြောဆိုခွင့်ရှိတဲ့လူတွေက အရပ်ဘက်အရာရှိတွေဖြစ်သွားပြီ။ အဲ့ဒီအရပ်ဘက်အရာရှိတွေက ပြည်နယ်ကိုအုပ်ချုပ်နေရတာ​မို့ စစ်အရာရှိတွေက အသုံးမဝင်ဘူး။။”

  

“ဟင်း… ထန်မိသားစုရဲ့ ကောအာက သူတို့ကလေးနာမည်ကို မျိုးရိုးစဥ်ဆက်ထဲထည့်ပေးဖို့ ကျောက််မိသားစုကို ဘယ်လို့အသနားခံမလဲ ငါကြည့်ချင်သေးတယ်။ သူ မိသားစုသစ်ပင်မှာ မပါခဲ့ရင် အနာဂတ်မှာ တစ်သက်လုံးလယ်လုပ်ရပြီး သူ့အားမူကို အပြစ်တင်နေလိမ့်မယ်!”

တတိယဦးလေးကျောက်က ထန်ချွန်းမင်ကို အင်မတန်ဒေါသထွက်နေသည်။ ထန်ချွန်းမင် ကျောက်မိသားစုမှ ခွဲထွက်သွားပြီးနောက် ကျောက်မိသားစုထဲမှ အရာများမှားယွင်းလာသည်ကို သူတွေ့လိုက်ရသည်။

အထူးသဖြင့် သူက ဝတ်ပြုဆုတောင်းကာလတွင် ပြဿနာရှာခဲ့တာဖြစ်၏။ သူက တကယ်ကိုအရှက်မရှိိပေ။ သူ ကျောက်မိသားစုထဲမှာရှိနေသေးလျှင် ဝက်လှောင်အိမ်ထဲ ပစ်ချခံရလိမ့်မည်။

  .

“တတိယဦးလေး… ထန်မိသားစုကို ထိန်းချုပ်ဖို့ မိသားစုသစ်ပင်ကို အသုံးချချင်တာလား? လီမိသားစုကရော? ကျွန်တော်တို့နဲ့ လီမိသားစုဆက်ဆံရေး ပျက်စီးသွားမှာလား?” လူငယ်မျိုးဆက်က တတိယဦးလေးကို မယုံနိုင်သလိုကြည့်လိုက်သည်။

(မိသားစုသစ်ပင် - မျိုးရိုးစဥ်ဆက်ပြသည့် သစ်ပင်ပုံစံပုံကားချပ်။)

  

“ဒါက ကျောက်မိသားစုရဲ့ကိစ္စလေ။ ပြီးတော့ လီမိသားစုနဲ့ ဘာမှမဆိုင်ဘူး။ မင်းလည်း အဲ့ဒါတွေကို ဂရုစိုက််မယ့်အစား ကျောက်လောင်စန်း သုံးနှစ်အတွင်း စာမေးပွဲအောင်လာဖို့ ဆုတောင်းသင့်တယ်။”

တတိယဦးလေးက ချောင်းဟန့်ကာ ထထွက်သွားသဖြင့် လူငယ်မျိုးဆက်က အင်အားမဲ့သလို ခံစားလိုက်ရသည်။ တတိယဦးလေးက ဘာလို့ သူ့ဘိုးဘေးတွေရဲ့ ဂုဏ်သရေအကြောင်းကို ဆက်တွေးနေတာလဲ… ကျောက်လောင်စန်းက ကျောက်မိသားစုကို မူလဂုဏ်သရေပြန်ရအောင် လုပ်ပေးနိုင်တယ်ထင်လို့လား?

 

သို့သော် သူတို့က မတူညီပေ။ သူတို့က တတိယဦးလေးလိုမျိုး ကျောက်မိသားစု၏ ကြွယ်ဝချမ်းသာခြင်းကာလကို မတွေ့ကြုံဖူးပေ။ သူတို့က မွေးကတည်းက လယ်လုပ်ပြီး လယ်သမားအစားအစာကို စားခဲ့ရတာဖြစ်၏။ တတိယဦးလေး ဆက်ပြီးခေါင်းမာနေလျှင် ကျောက်မိသားစုက ပို၍ပို၍ ယိုယွင်းလာမည်ဖြစ်သည်။

 

နေ့လည်က ရာသီဥတုသိပ်မအေးသည့်အတွက် သူတို့က ခြံထဲမှာ စားပွဲနှစ်လုံးခင်းပြီး ထမင်းအတူစားခဲ့ကြသည်။ ယနေ့ ထန်ချွန်းမင်ချက်သော အစားအစာမှာ ကြက်သားဖြစ်သည်။ သူ၏မီးဖွားကာလတွင် သောက်ခဲ့ရသော ကြက်စွပ်ပြုတ်နှင့် ကြက်သားကြော်လည်း ပါဝင်သည်။

ထန်ချွန်းမင်က ရှုပ်ထွေးသော ဟင်းလျာများကို မချက်ပြုတ်ပဲ ရိုးရှင်းသော အိမ်ချက်ဟင်းလျာများကို ချက်ပြုတ်ခဲ့သည်။ သို့သော် ၎င်းသည် စစ်မှန်သော အိမ်တွင်းချက်ပြုတ်နည်းဖြစ်ပြီး ပါဝင်ပစ္စည်းများ၏လတ်ဆတ်မှုကို အကောင်းဆုံးမြည်းစမ်းလို့ရသည်။

  

“မင်ကောအာ… ဒီနေ့ကြက်သားအရသာက ခါတိုင်းနဲ့မတူဘူး။” သမားတော်ဟဲက တောမှိုနှင့်ပြုလုပ်ထားသော ကြက်စွပ်ပြုတ်ကိုသောက်ပြီးနောက် ကြက်သားတစ်ပိုင်းကို အထူးတလည်မြည်စမ်းခဲ့သည်။ ယနေ့စားဖိုမှုးက ကွဲပြားနေတာသေချာသည်။

အဓိကအကြောင်းအရင်းက ကုန်ကြမ်းဖြစ်နိုင်သည်။ ကြက်သားက ပါးစပ်ထဲတွင် နူးညံ့ချောမွေ့နေသည်။ နန်းတော်ရှိ ပါဝင်ပစ္စည်းများဖြင့် ချက်ထားသော အထူးတလည် ကြက်သားဟင်းလျာကပင် ၎င်းကိုမမှီပေ။

 .

ထန်ချွန်းမင်က လီဖုန်းယူလာပေးသော စွပ်ပြုတ်ပန်းကန်ကို​သောက်ရင်း ဂုဏ်ယူနေသည်။ သူမွေးထားသော ကြက်တွေက ကွာခြားနေသည်မှာ သေချာသည်။ မီးဖွားကာလတွင် သူ့ခန္ဓာကိုယ်ကို အာဟာရဖြည့်ဖို့ ကြက်စွပ်ပြုတ်သောက်ရမည်ဟု ပြောခဲ့သည်။ သူက တ​ခြားသူများ၏အိမ်မှ ကြက်များကိုပင် ဝယ်ခဲ့ရပြီး ကန့်ကွက်ခွင့်မရှိခဲ့ပေ။

 

ယနေ့တော့ သူဆုံးဖြတ်ချက်ချနိုင်ပြီဖြစ်၍ သူမွေးမြူထားသည့်ကြက်ကို လူတိုင်းမြည်းစမ်းကြည့်နိုင်ရန် လီဖုန်းအား ကြက်ကောင်ရေများစွာ သတ်ခိုင်းခဲ့သည်။ နောက်တစ်ခုကတော့ ထန့်ယွီနှင့် ဆိုင်ရှင်ချီက ယနေ့ ဤနေရာမှာရှိနေမည်ကိုသိ၍ သူ့ကြက်တွေ စီးပွားဖြစ်ရဲ့လား သူတို့ကို ကြည့်စေချင်ခဲ့သည်။

.

ပထမတစ်သုတ်က ရောင်းချဖို့အဆင်သင့်ဖြစ်နေပြီး ကြက်များက လွန်ခဲ့သည့်နှစ်ရက်က ဥဥနေပြီဖြစ်၏။

 

ထန့်ယွီ၏မျက်လုံးများတောက်ပလာပြီး သူက ချက်ချင်းပြောလိုက်သည်။ “ထန်ဖူလန်… ဒီကြက်တွေက အစတည်းက ခြံထဲမှာမွေးထားတာလား? မင်း ငါတို့ စားသောက်ဆိုင်ကို ဦးစားပေးရောင်းချမယ်လို့ ငါတို့သဘောတူထားတယ်…”

 

အဘိုးကြီးဟဲက မျက်တောင်ခတ်လိုက်ပြီး ထန်ချွန်းမင်၏မြေခွေးလိုအပြုံးကို ကြည့်လိုက်သည်။ သူ ဘာလို့နားမလည်ခဲ့တာလဲ? သူက ဧည့်သည်တွေကို ညစာခေါ်ကျွေးပြီး တစ်ချိန်တည်းမှာ စီးပွာရေးလုပ်နေသည်။ သူက ပြုံးမိသွားကာ ပြောလိုက်လေသည်။ “မင်ကောအာ… မင်းက အခွင့်အရေးကို တကယ်လက်မလွတ်ဘူးပဲ။ မင်း ဒီနေ့ဟင်းချက်ဖို့ စိတ်အားထက်သန်နေတာ အံ့သြစရာမရှိတော့ပါဘူး။”

  

“ဟီး… ဒါပေမယ့် အရေးကြီးဆုံးက အားလုံးကောင်းကောင်းစားနိုင်ဖို့ပါ။” ထန်ချွန်းမင်က ကျိုးနွံစွာ ပြုမူလိုက်သည်။ “ထန့်သခင်လေး… ကျွန်တော့်ကြက်တွေက အရမ်းစျေးကြီးတယ်။ လောလောဆယ်တော့ အရေအတွက်လည်း အများကြီးမရှိဘူး။ နောက်နှစ်ဆိုရင်တော့ တိုးလာမှာပါ။”

သူက မျက်စိတစ်မှိတ်အတွင်းမှာပဲ အမြတ်ကြီးစားသူဖြစ်သွား၏။ လီဖုန်းက စကားတစ်ခွန်းမှမပြောပဲ သူ့ဘေးမှာထိုင်နေပေမယ့် သူ့မျက်လုံးထဲက ချစ်ခင်မြတ်နိုးသောအကြည့်ကို သူ့ကိုကောင်းကောင်းသိသော လူများထံမှ ဖုံးကွယ်မထားနိုင်ပေ။

  

“အရေးမကြီးပါဘူး။ ထင်ကျင့်စားသောက်ဆိုင်ကို ကုန်သွင်းနိုင်သရွေ့ စျေးနှုန်းက ညှိနှိုင်းလို့ရတယ်။ ထန့်သခင်လေးဆိုတဲ့… ကျုပ်ဘယ်လိုလူမျိုးလဲ ထန်ဖူလန်သိပါတယ်” ထန့်ယွီက ဝိုင်ခွက်ကိုင်ကာ ပြုံးပြလိုက်သည်။

အရင်တုန်းက သူသည် အသားမဲသည့် ကောတစ်ယောက်ကိုရှာဖို့ နည်းလမ်းများစွာ ရှာခဲ့ရသည်။ သို့သော် ယခုမူ တချို့အရာတွေက မသဲမကွဲဖြစ်နေတာပဲ ကောင်းတယ်လို့ သူခံစားရသည်။ အမြစ်ကိုခြေရာခံဖို့ မလိုအပ်တော့ပေ။ လက်ရှိအကျိုးအမြတ်နဲ့ ရေရှည်တိုးတက််မှုက အရေးကြီးဆုံးဖြစ်သည်။

  

“ဟားဟား… ဒါဆို ကျွန်တော် အားနာမနေတော့ဘူး။” ထန်ချွန်းမင်က ဤလူထံမှ အမြတ်အမြန်ရမယ်လို့ တွေးလိုက်သည်။ ယခု သူ့လက်ထဲမှာပိုက်ဆံရှိသော်လည်း ငွေအများကြီးမရှာနိုင်ပဲ နေရာတိုင်းမှာ ငွေသုံးနေရသည်။

သူက အနောက်တောင်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေရဆဲဖြစ်တာကြောင့် မကြာခင်မှာ ငွေနည်းနည်းလောက်ရှာရမည်။

ဦးလေးလျို၏မိသားစုက ထိုကိစ္စကြားရတော့ ပျော်နေသည်။ သူတို့ကြည့်ရှုစောင့်ရှောက်နေသည့် ကြက်တွေက ရောင်းချလို့ရတော့မည်။ မဟုတ်ပါက လစဥ်လစာရနေလို့ သူတို့စိတ်မသက်မသာဖြစ်ရလိမ့်မည်။ ယခု သူတို့က မင်ကောအာအတွက် တကယ်ကိုပျော်နေ၏။

 .

လီဖုန်းက ထန်ချွန်းမင်အတွက် ကြက်ခြေထောက်တစ်ပိုင်းကို တိတ်တိတ်လေး ခပ်ယူလိုက်သည်။ ဤကောက ဤအပိုင်းကိုဝါးရတာကြိုက်တော့ သူလည်း ​ဘာမှမတတ်နိုင်ဘူးလေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment