no

Font
Theme

အပိုင်း(၉)

လင်ယိ သန့်စင်ခန်းထဲမှ ပြန်ထွက်လာသည့်အခါတွင်တော့ တခြားဧည့်သည်အဖွဲ့လည်း ရောက်ရှိလာခဲ့သည်။

ဤတစ်ဖွဲ့မှာလည်း သားအဖများ ဖြစ်ကြ၏။

ဖခင်ဖြစ်သူ၏အမည်က ကျိုးခယ်ဖြစ်ပြီး၊ တေးရေးဆရာတစ်ဦးဖြစ်ကာ စကားပြောလျှင် အနည်းငယ်မျှ ထစ်တတ်သည့်အပြင် ကျန်းမာရေးလည်း သိပ်မကောင်းလှ။

သားဖြစ်သူ၏အမည်မှာမူ ရှောင်နျန်ကောင်းဖြစ်ပြီး သွက်လက်ဖျတ်လတ်မှုရှိကာ လေအိုးလေးတစ်ယောက် ဖြစ်၏။

ရှောင်နျန်ကောင်းက လင်ယိကို မြင်သည်နှင့် တက်တက်ကြွကြွပင် နှုတ်ဆက်လာသည်။

“မင်္ဂလာပါ၊ ကော။”

လင်ယိကလည်း ပြန်ပြုံးပြလိုက်သည်။

“မင်္ဂလာပါ။”

ရှောင်နျန်ကောင်းက အသက်ငယ်သော်ငြား လူမကြောက်တတ်သည့်အပြင် အကဲခတ်လည်း တော်သေး၏။ သူက လင်ယိကို တစ်ချက်ကြည့်လာပြီးနောက် ဘေးမှာရှိနေသော ဟော့မျန်မျန်ကို ကြည့်ကာ မေးလာသည်။

“ကော၊ ဒါက ကောရဲ့ ကလေးလေးလား။”

လင်ယိ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။”

သူက မျန်မျန်လေး၏ ဖေဖေလေးသာ ဖြစ်သော်လည်း ဖခင်တစ်ယောက်နှင့် မခြားလှပေ။

ဤသည်ကို ကြားတော့ ရှောင်နျန်ကောင်းက မှတ်ချက်ပြုလာလေသည်။

“ကောက အရမ်းငယ်သေးတာပဲ။”

လင်ယိက မျန်မျန်ကို တစ်ချက်ကြည့်ကာ ရယ်လိုက်မိသည်။

သူသာ မျန်မျန်၏ ဖခင်အရင်းဖြစ်ပါက သူ့အသက် ၂၃ နှစ်တွင် မျန်မျန်လေးကို မွေးဖွားခဲ့လိမ့်မည်။ ထိုအရွယ်က အလွန်ငယ်ရွယ်သည်ဟု ဆိုလို့ရနိုင်၏။

[ဟားဟား၊ ငါလည်း ရှောင်နျန်ကောင်းပြောတာကို သဘောတူတယ်။ လင်ယိက အဖေတစ်ယောက် ဖြစ်ဖို့အတွက် အရမ်းငယ်သေးတယ်။]

[သူက အရမ်းကြည့်ကောင်းတာကိုး။ သူ တက္ကသိုလ်ဝင်းထဲမှာ လျှောက်သွားနေရင်တောင် ကျောင်းသားတစ်ယောက်လို့ ထင်ကြမှာပဲ။]

[အမှန်ပဲ၊ ကြည့်ကောင်းတဲ့ လူတွေက တကယ် ကွာတယ်။]

ရှောင်နျန်ကောင်းက လင်ယိနှင့် အတန်ကြာသည်အထိ စကားစမြည်ပြောနေခဲ့၏။ သို့ဖြစ်ရာ ကျိုးခယ်က သူ့ကို ဘေးသို့ ဆွဲခေါ်ကာ သတိပေးလိုက်ရသည်။

“တော်ပြီ၊ တော်ပြီ၊ ဒီကောကို မနှောင့်ယှက်နေနဲ့တော့။”

ကျိုးခယ်က အရှက်အကြောက်ကြီးပြီး introvert တစ်ယောက် ဖြစ်ကာ တစ်ဖက်လူအား အဆင်မပြေဖြစ်စေမည်ကို စိုးရိမ်နေကြောင်း ထင်ရှားလှ၏။

လင်ယိက ပြုံးလိုက်သည်။

“ရပါတယ်၊ ကျွန်တော်လည်း ရှောင်နျန်ကောင်းနဲ့ စကားပြောရတာ ပျော်ပါတယ်။”

ကျိုးခယ်က အားနာဟန်ဖြင့် လင်ယိကို ပြုံးပြလာရှာသည်။

ထိုအချိန်၌ ရှောင်နျန်ကောင်းက ကြားဖြတ်ပြောလာ၏။

“အိုး…ဒါနဲ့ကော၊ ကောမှာ အချိန်ရှိရင် သားဖေဖေနဲ့ အဖော်ပြုပေးလို့ရမလား။ သားဖေဖေက တကယ်ကောင်းတဲ့လူပါ။ ဒါပေမဲ့ သူက အရှက်ကြီးတော့ သူငယ်ချင်းသိပ်မရှိဘူး….အွန့်….”

ရှောင်နျန်ကောင်း ပြောလို့မပြီးမီမှာပင် ကျိုးခယ်က သားဖြစ်သူ၏ပါးစပ်ကို ပိတ်လိုက်သည်။

ကျိုးခယ်ခမျာ ပို၍ပင် ရှက်သွေးဖြန်းလာခဲ့ရာ စကားလည်း ပိုထစ်လာခဲ့၏။

“အဲ… အဲဒါကလေ ဒီကလေးက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ။ အတည်မယူပါနဲ့။”

လင်ယိက ခပ်တည်တည်သာ ပြုံးပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။”

ဖြစ်နိုင်သည်မှာ လင်ယိ၏ တည်ငြိမ်သော ပြောဟန်ဆိုဟန်ကြောင့် ဖြစ်ပေလိမ့်မည်။ ကျိုးခယ်က ပိုပြီး ပေါ့ပါးလာခဲ့သော်ငြား သားဖြစ်သူ၏ပါးစပ်ကိုတော့ ပိတ်ထားဆဲပင်။ သူသည် အခန်းရွေးရန်အတွက် စကားများလွန်းသည့် ကလေးကို ခေါ်ကာ သွားတော့သည်။

သူတို့ ထပ်နေနေပါက ပို၍ အနေရခက်လာမည်ကို စိုးရိမ်မိ၏။

[ကျိုးခယ်ကို ကြည့်ပြီး ငါ့ကိုယ်ငါ ပြန်မြင်နေရသလိုပဲ။]

[ငါလည်း အတူတူပဲ။ လူမှုဆက်ဆံရေးတွေကို ကြောက်ပြီး တစ်ယောက်တည်း နေရတာကို ပိုကြိုက်တယ်။]

[ဟားဟား၊ လင်ယိနဲ့ ကျိုးခယ်ကတော့ လုံးဝ ဆန့်ကျင်ဘက်ပဲ။ လင်ယိက တည်ငြိမ်ပြီး လူမှုဆက်ဆံရေးကောင်းသလောက် ကျိုးခယ်ကတော့ ရှက်တတ်ပြီး လူကြောက်တတ်တယ်။]

များမကြာမီမှာပင် ခရီးဆောင်အိတ်ကို ဆွဲရင်း လူတစ်ယောက် ဝင်လာ၏။

အနှီလူသည် ကလေးမပါဘဲ တစ်ယောက်တည်း လာခဲ့ခြင်းပင်။

သူက လူသိများသည့် အစီအစဉ်တင်ဆက်သူ ကျောက်ကျင်းဖြစ်၏။

လတ်တလော၌ သူက အချစ်စစ်ကို ရှာတွေ့သွားခဲ့ပြီး ကလေးယူရန် ကြိုးစားနေသဖြင့် ကြိုတင်လေ့ကျင့်သည့်အနေနှင့် ဤကလေးထိန်းရှိုးတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

လူအုပ်ကြီးကို ကိုင်တွယ်ရာ၌ အတွေ့အကြုံရှိသူဖြစ်သည့်အလျောက် ကျောက်ကျင်းက လင်ယိထံသို့ ချဉ်းကပ်သွားကာ ယုံကြည်မှုရှိရှိနှင့် လက်ကမ်းပေးလိုက်သည်။

“မင်္ဂလာပါ၊ ကျွန်တော်က ကျောက်ကျင်းပါ။”

လင်ယိက လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူ့လေသံမှာလည်း ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပင်။

“မင်္ဂလာပါ၊ ကျွန်တော်က လင်ယိပါ။”

အစီအစဉ်တင်ဆက်သူပီပီ ကျောက်ကျင်းက စကားဝိုင်းကို ချောချောမွေ့မွေ့ ကူးပြောင်းနိုင်စွမ်းရှိ၏။

သူက ဘေးဘီကို ကြည့်လိုက်ကာ ပြောလာသည်။

“ကြည့်ရသလောက်တော့ တစ်ဖွဲ့ပဲ ကျန်တော့တာ ထင်တယ်။ ဘယ်သူများဖြစ်မလဲ မသိဘူး။”

ထို့နောက် သူ့အမူအရာက မျှော်လင့်တကြီး စောင့်မျှော်နေသည့် အမူအရာသို့ ပြောင်းလဲလို့သွားသည်။

လင်ယိကတော့ နောက်ထပ် ရောက်လာမည့် ဧည့်သည်ကို စိတ်ဝင်စားနေဟန်မရှိပေ။ ကျောက်ကျင်းနှင့် စကားအနည်းငယ် ပြောပြီးသည့်နောက် သူက မျန်မျန်ကို လှမ်းခေါ်လိုက်သည်။

“ကလေး၊ ဒီကို ခဏလာပါဦး။”

ဤနေရာသို့ ရောက်လာကတည်းက မျန်မျန်လေးမှာ ဆိုဖာပေါ်တွင်သာ ထိုင်ကာ သူအကြိုက်ဆုံး ရုပ်ပြစာအုပ်ကို ကိုင်ထားလျက် မလှုပ်မယှက် ထိုင်နေခဲ့သည်။

သူ့ဖေဖေလေး ခေါ်သံကို ကြားလိုက်ရသည့်အခါမှာတော့ သူသည် စာအုပ်ချလိုက်ကာ ဆိုဖာပေါ်မှဆင်းပြီး လင်ယိထံသို့ လျှောက်သွားတော့သည်။

သူက လင်ယိရှေ့တွင် ရပ်ကာ လင်ယိ ဘာလိုချင်မှန်း မသိသဖြင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေလျက်။

လင်ယိက သူ့လက်ကလေးကို ဆွဲကာ အပြင်ဘက်သို့ လျှောက်သွားလိုက်၏။

မျန်မျန်လေးကတော့ သူ့ခြေထောက်တိုတိုလေးတို့ဖြင့် နောက်မှလိုက်ပါလျက်သား။

ကြည့်ရှုသူများမှာမူ ထိုသားအဖနှစ်ယောက် သွားကြမည့်နေရာကို သိချင်စိတ်ပြင်းပြနေကြ၏။

[သူတို့က နောက်ဆုံးတစ်ဖွဲ့ကို သွားတွေ့မလို့လား။]

[မထင်ဘူးနော်။ လင်ယိ ဘယ်လောက်တောင် ပျော်နေလဲ ကြည့်လိုက်ဦး။ တစ်ခုခု ထူးခြားတာ ဖြစ်ရမယ်။]

လူတိုင်းက လင်ယိ သွားမည့်နေရာအား သိလိုစိတ်ပြင်းပြစွာနှင့် စောင့်ကြည့်နေခဲ့၏။

အတန်ကြာလျှောက်သွားပြီးနောက်တွင်တော့ မျန်မျန်လေး၏ ခြေလှမ်းတို့က နှေးကွေးနေမှန်း လင်ယိ သတိထားမိလိုက်သည်။ သို့ဖြစ်၍ သူ ထိုကလေးကို ပွေ့ချီကာ ခပ်သွက်သွက်လေး လျှောက်သွားလိုက်တော့သည်။

ကင်မရာသမားသည်လည်း မြန်မြန်ဆန်ဆန်ပင် လိုက်သွားခဲ့ရသည်။

ကြည့်ရှုသူများ၏ သိလိုစိတ်က ပို၍ ကြီးမားလာခဲ့၏။

[သူတို့ ဘာသွားလုပ်ကြမယ်ဆိုတာကို တစ်ယောက်ယောက် ငါ့ကို ပြောပြပေးလို့ရမလား။]

[အား၊ ငါ သိချင်လှပြီ။]

ကြည့်ရှုသူများ၏ သိလိုစိတ်က အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင်တော့ အဖြေက ထွက်ပေါ်လို့လာခဲ့လေပြီ။

လင်ယိက ဟော့မျန်မျန်အား လိမ္မော်ပင်တစ်ပင်အောက်သို့ ချီသွားလိုက်ပြီး ပြောလာသည်။

“မျန်မျန်၊ အပင်ပေါ်က လိမ္မော်သီးတွေကို မြင်လား။”

ဟော့မျန်မျန်က သစ်ပင်ပေါ်မှ လိမ္မော်သီးများကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

လင်ယိက ပြုံးသည်။

“အခု ဖေဖေလေးက မျန်မျန်ကို မြှောက်တင်ပေးမယ်။ အဲဒီအပေါ်က လှတဲ့အသီးနှစ်လုံး ခူးလိုက်နော်။”

အိမ်ထဲမှာ ရှိနေစဉ်ကတည်းက လိမ္မော်ပင်ကို သူ မြင်ခဲ့ပြီးပြီပင်။ အပင်၏အမြင့်ကို အကဲခတ်ကြည့်လိုက်ရာ သူ့အရပ်နှင့်ဆိုလျှင် လက်လှမ်းမီရုံသာရှိမည်ကို သတိထားမိလိုက်၏။ သို့ဖြစ်ရာ ဟော့မျန်မျန်ကို ခေါ်လာကာ လိမ္မော်သီးကူခူးခိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းသာ။

[ဟားဟား၊ ထင်ထားတဲ့အတိုင်းပါပဲ။]

[ဝိုး၊ အဲဒီလိမ္မော်သီးတွေက အရည်ရွှမ်းပြီးတော့ ရင့်မှည့်နေတာပဲ။ ငါလည်း တစ်လုံးလိုချင်တယ်။]

[လင်ယိ အရမ်းစိတ်လှုပ်ရှားနေတာ အံ့ဩစရာမရှိတော့ပါဘူး။ သူက အသီးကြောင့် သွေးဆောင်ခံလိုက်ရတာကိုး။]

[အမှန်ပဲ၊ ငါတို့လို အစားသမားတွေက သည်းမခံနိုင်ဘူးလေ။]

မကြာမီမှာပင် လင်ယိက ဟော့မျန်မျန်ကို မြှောက်တင်ပေးလိုက်သည်။

ဟော့မျန်မျန်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကာ အကောင်းဆုံး လိမ္မော်သီးများကို စတင်ရွေးချယ်တော့သည်။

မကြာမီမှာပင် သူက တစ်လုံးကို ရှာတွေ့သွား၏။ သူ၏ ဖောင်းအိအိလက်ကလေးဖြင့် လိမ္မော်သီးကို ပြင်းပြင်းလေး ဆွဲချလိုက်ရာ နောက်ဆုံး၌ ‘ဂျွတ်ခနဲ’ မြည်သံနှင့်အတူ ပြုတ်ထွက်လာခဲ့လေသည်။

လိမ္မော်သီးတစ်လုံးကို အောင်အောင်မြင်မြင် ခူးလို့ပြီးသွားသည့်အခါ သူက အသီးကို လက်ထဲတွင် ကိုင်ထားကာ ဘယ်နေရာတွင် ထားရမှန်း မသိဖြစ်နေ၏။

သူသည် ခေါင်းလေးကို စောင်းကာ ခေတ္တမျှ စဉ်းစားနေလိုက်ပြီး လိမ္မော်သီးကို သူ ဝတ်ထားသည့် ကြိုးသိုင်းဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်ရာ သူ့ဝမ်းဗိုက်ကလေးမှာ ပူထွက်လာတော့သည်။

[အား၊ ချစ်စရာကောင်းလိုက်တာ။]

[အမလေး၊ မျန်မျန်လေး ခေါင်းစောင်းပြီး စဉ်းစားနေတာလေးက ချစ်စရာကောင်းလိုက်တာ။]

[ငါလည်း ဒီလိုချစ်စရာကောင်းတဲ့ ကလေးမျိုးကို လိုချင်တယ်။ အားးး။]

မကြာမီမှာပင် ဟော့မျန်မျန်က လိမ္မော်သီးနောက်တစ်လုံးကို ခူးလိုက်ပြီး လင်ယိအား ပုတ်လိုက်ကာ သူ့ကို အောက်ချပေးရန် အချက်ပြလိုက်သည်။

လင်ယိက သူ့ကို အောက်သို့ ပြန်ချပေးလိုက်သည်။

ဟော့မျန်မျန်လေးက တစ်လုံးကို သူ့လက်ထဲတွင် ကိုင်ထားပြီး ကျန်တစ်လုံးကိုမူ အိတ်ကပ်ထဲမှ ပြန်ထုတ်လိုက်၏။

သူသည် လိမ္မော်သီးနှစ်လုံးလုံးကို ကိုင်လျက် လင်ယိကို အရင်ရွေးခိုင်းလိုဟန်ဖြင့် လှမ်းပေးလိုက်သည်။

ထိုသို့နူးညံ့ပြီး ချစ်စရာကောင်းလွန်းသည့် ကလေးတစ်ယောက်က လိမ္မော်သီး အရင်လာရွေးခိုင်းသည်ကို မြင်လျှင် လူတိုင်း၏နှလုံးသားက အရည်ပျော်ကျသွားလိမ့်မည်ပင်။

လင်ယိလည်း ထိုနည်းတူပင် ခံစားလိုက်ရ၏။ သူသည် ဟော့မျန်မျန်၏ ခေါင်းလုံးလုံးလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်ပြီး တုံ့ဆိုင်းမှုမရှိဘဲ ချီးကျူးပေးလိုက်သည်။

“မျန်မျန်က တော်လိုက်တာ။”

ဟော့မျန်မျန်လေးက ပါးချိုင့်လေးများ ပေါ်လာသည်အထိ ချိုသာစွာဖြင့် ပြုံးလိုက်သည်။

ယနေ့တွင် သူသည် သူ့ဖေဖေလေးထံမှ ချီးကျူးခံခဲ့ရ၏။

ပျော်လိုက်တာ~

ထို့နောက်တွင်တော့ သားအဖနှစ်ယောက်က လိမ္မော်သီးတစ်လုံးစီကို ကိုင်ကာ အခွံနွှာ၍ စားကြပါလေတော့သည်။

လင်ယိက လိမ္မော်သီးကို ပေါ့ပေါ့ပါးပါးပင် အခွံနွှာကာ အမြွှာတစ်မြွှာကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

နောက်တစ်စက္ကန့်မှာတော့ သူသည် ကျေနပ်အားရစွာနှင့် သက်ပြင်းချလိုက်မိ၏။ လိမ္မော်သီးက တကယ်ကို ချိုလှသည်။

လတ်လတ်ဆတ်ဆတ် ခူးယူထားသော လိမ္မော်သီးက အရည်ရွှမ်းကာ ချိုမြိန်နေသဖြင့် စိတ်ကိုကျေနပ်စေ၏။

လင်ယိက တစ်ခါတည်းနှင့် တစ်ဝက်ကျော်လောက်ကို စားပစ်လိုက်တော့သည်။

လင်ယိနှင့် နှိုင်းယှဉ်လိုက်လျှင် ဟော့မျန်မျန်လေးက ပို၍ စေ့စပ်သေချာလှသည်။ သူသည် လိမ္မော်သီးအခွံကို အနုပညာလက်ရာတစ်ခုနှယ် ဂရုတစိုက်နွှာလို့နေ၏။

အတန်ကြာမှသာ သူက အခွံနွှာလို့ပြီးသွားပြီး အမြွှာတစ်မြွှာကို ကိုက်စားကြည့်လိုက်သည်။

သူလည်း ချိုမြိန်သောအရသာကြောင့် ချက်ချင်းဆိုသလို ကျေနပ်အားရသွားရပြီး မျက်လုံးလေးများမှာ တလက်လက် တောက်ပလာလျက်။

ထို့နောက် သူက လင်ယိကို ကြည့်ကာ ဆိုသည်။

“ချိုတယ်~”

လင်ယိ ပြုံးလိုက်မိသည်။

“ဟုတ်တယ်၊ အရမ်းချိုတယ်။ မင်း ထပ်စားချင်ရင် အိမ်ပြန်ယူသွားဖို့အတွက် ခဏနေကျ ထပ်ခူးလို့ရသေးတယ်။”

ဟော့မျန်မျန်က လေးလေးနက်နက်ပင် ခေါင်းညိတ်ပြလာသည်။

သူ သေချာပေါက်ကို အများကြီး ခူးဦးမည်။

ထိုအချိန် ယာတောအိမ်လမ်းကလေး၏အဆုံး၌ လူရိပ်နှစ်ရိပ် ပေါ်လာခဲ့၏။ တစ်ယောက်က ကြီးပြီး၊ တစ်ယောက်က ငယ်သည်။

ကြည့်ရသလောက်တော့ နောက်ဆုံးအဖွဲ့က ရောက်လာခဲ့သည့်ဟန်ပင်။

သူတို့၏ ဝင်လာပုံက တစ်မူထူးခြားလှ၏။ သူတို့က ငြင်းခုံရင်း ဝင်လာကြသည်။

အရပ်ရှည်ရှည်နှင့်သူမှာ ချမ်းသာသည့်မိသားစုမှ သခင်လေးတစ်ယောက်ဖြစ်သော ရှန်ဖုန်းပါပင်။ သူ ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်လာခဲ့ခြင်းမှာ ဝါသနာအရသာဖြစ်၏။ သူ့ကို စိတ်ကြီးသူတစ်ယောက်အဖြစ်လည်း သိကြကာ သူ့မိသားစုနောက်ခံကြောင့် မည်သူမှ ရန်မစရဲကြချေ။

အငယ်ဖြစ်သူမှာ ရှန်ဖုန်း၏ တူလေးဖြစ်၏။ သူ့နာမည်က စုန့်ယွီထောင် ဖြစ်ကာ သူ့နာမည်ပြောင်ကတော့ ထောင်ထောင်ပင်။ အသက်ငယ်သေးသော်ငြား သူ့ဦးလေးဖြစ်သူအတိုင်း ဒေါသကြီးကာ ခေါင်းမာလေသည်။

ရှန်ဖုန်းက ဒေါသတကြီးဖြင့် စုန့်ယွီထောင်ကို ငုံ့ကြည့်လိုက်ပြီး

“စုန့်ယွီထောင်၊ တတွတ်တွတ် လာမညည်းမနေနဲ့တော့။ ဒီရှိုးကို လာချင်တယ်ဆိုပြီး အတင်းအကျပ် တောင်းဆိုတာက ဘယ်သူမလို့လဲ။”

စုန့်ယွီထောင်ကလည်း ပြန်အော်လိုက်သည်။

“ဒီလောက် ဝေးလံခေါင်သီတဲ့နေရာ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူးလေ။ ကျွန်တော် ဂရုမစိုက်ဘူး။ ပြန်ချင်တယ်လို့။”

ရှန်ဖုန်းကိုယ်တိုင်ကလည်း သည်နေရာက အလွန်ဝေးလံခေါင်သီသည်ဟု ထင်ကာ မနေချင်ပေ။ သို့ပေသည့် သူက လူကြီးတစ်ယောက်ဖြစ်သည့်အပြင် စာချုပ်လည်း ချုပ်ဆိုထားသည်မို့ ဤအတိုင်း မထွက်သွားနိုင်ပါ။ သူ စိတ်တည်ငြိမ်အောင်ထိန်းကာ ပြောလိုက်သည်။

“နေသားကျအောင်လုပ်လိုက်။ ရက်အနည်းငယ်အတွင်း ကျင့်သားရလာနိုင်တာပဲလေ။”

စုန့်ယွီထောင်ကတော့ သောင်းကျန်းနေဆဲပင်။

“ကျွန်တော် ဂရုမစိုက်ဘူး။ အခုချက်ချင်းပဲ ထွက်သွားချင်တာ။”

ရှန်ဖုန်းလည်း ဒေါသထွက်လာရ၏။

“ဒါဆိုလည်း အခုချက်ချင်း လစ်လိုက်တော့။”

ဤအခြေအနေ၌ စုန့်ယွီထောင်ကလည်း တကယ်ကို ထွက်သွားနိုင်စွမ်းမရှိပေ။ အဆုံးတွင်တော့ သူသည် ကလေးတစ်ယောက်သာရှိသေးရာ ဘယ်ကိုမှ သွားနိုင်စွမ်းမရှိပါ။

ဦးလေးနှင့် တူလေးဖြစ်သူ နှစ်ယောက်က ထိုနေရာ၌သာ မျက်နှာချင်းဆိုင်လျက် ရပ်နေခဲ့ကြလေသည်။

ထိုအချိန်အတောအတွင်း၌ လင်ယိနှင့် ဟော့မျန်မျန်တို့မှာမူ အကောင်းဆုံးနေရာမှနေ၍ ပွဲကြည့်နေကာ အေးအေးဆေးဆေး လိမ္မော်သီး စားနေခဲ့သည်။

[ဟားဟား၊ ပွဲကြိုက်ခင်လေး ငါကတော့ ဒီပွဲကို စိတ်ဝင်စားနေပါပြီ။]

[သူများရန်ဖြစ်တာကို ကြည့်ရတာက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။]

[လင်ယိနဲ့ မျန်မျန်က ဒီအတိုင်းရပ်ပြီး လိမ္မော်သီးစားနေကြတာလေ။ ဘယ်သူက ထင်ထားမှာလဲ၊ လူနှစ်ယောက်က ရုတ်တရက် ရန်ထဖြစ်ကြလိမ့်မယ်လို့။]

လင်ယိက ဆူညံသောင်းကျန်းနေခြင်းကို ခပ်တည်တည်သာ ကြည့်နေခဲ့သည်။

ထိုစဉ် ဟော့မျန်မျန်က လင်ယိ၏ အင်္ကျီစကိုဆွဲလာပြီး အနီးအနားက လယ်ကွင်းတစ်ခုကို ညွှန်ပြလာ၏။

လင်ယိက သူညွှန်ပြရာသို့ ကြည့်လိုက်သည်။ သူ လှည့်ကြည့်လိုက်ရာ အချင်းချင်းထိုးဆိတ်နေကြသည့် ကြက်ဖနှစ်ကောင်ကို မြင်လိုက်ရ၏။ တစ်ချက်ထိုးဆိတ်ပြီးတိုင်း တစ်ကောင်နှင့် တစ်ကောင် ဒေါသတကြီး စိုက်ကြည့်နေတတ်ကြသေးသည်။

ဤမြင်ကွင်းက ယခုလေးတင်ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းနှင့် အတိအကျကိုတူနေ၏။

လင်ယိက ကြက်ဖနှစ်ကောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ကာ ဟက်ဟက်ပက်ပက် မရယ်ချဘဲ မနေနိုင်တော့ပါချေ။

သူ့ရယ်သံက ထိုနှစ်ဦး၏အာရုံကို ဖမ်းစားသွားခဲ့သည်။

မလှမ်းမကမ်းရှိ လိမ္မော်ပင်အောက်၌ လူတစ်ယောက် ရပ်နေသည်ကို ရှန်ဖုန်းက သတိထားမိသွားခဲ့သည်။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မင်းက ငါတို့ကို ရယ်နေတာလား။”

လင်ယိက အရယ်မရပ်နိုင်တော့ပေ။ သူ့ကိုယ်သူ အနည်းငယ် ထိန်းချုပ်နိုင်လိုက်ပြီးနောက်တွင် သူ ပြောပြလိုက်သည်။

“ငါက အဲဒီကြက်ဖနှစ်ကောင်ကို ရယ်နေတာလို့ပဲ ဆိုပါတော့။”

ရှန်ဖုန်းတစ်ယောက် သူ ကြည့်နေရာသို့ လိုက်ကြည့်လိုက်ရာ ကြက်ဖများကို မြင်လိုက်ရ၍ ပိုလို့ပင် ဒေါသထွက်လာ၏။ လင်ယိက သူတို့အား ကြက်ဖများနှင့် နှိုင်းယှဉ်နေသလို ခံစားလိုက်ရသဖြင့် သူ အော်လိုက်သည်။

“မင်း….”

သူ ဘာမှမပြောနိုင်သေးမီမှာပင် သူ့အော်သံကြောင့် ကြက်ဖများက ထိတ်လန့်သွားသည့်ဟန်။ သူတို့က အချင်းချင်း ထိုးဆိတ်နေသည်ကို ရပ်လိုက်ပြီး ရှန်ဖုန်းရှိရာသို့ တန်းတန်းမတ်မတ် ပြေးလာကြတော့သည်။

ရှန်ဖုန်း: “…..”

စုန့်ယွီထောင်: “…..”

သူတို့နှစ်ယောက်လုံးက အလွန်အမင်း ထိတ်လန့်သွားကြလျက်။

စုန့်ယွီထောင်က မြန်မြန်တုံ့ပြန်လိုက်ပြီး သုတ်ခြေတင်ပြေးတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment