no

Font
Theme

အပိုင်း (၁၅)

ယနေ့တွင်တော့ ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်များအား ပြောင်းဖူးကိတ်ဟု အမည်ရသည့် အထူးဟင်းလျာတစ်မျိုးကို ပြုလုပ်ကာ အနီးအနားရှိ စျေးတွင် ရောင်းချရမည့် တာဝန်အသစ်ကို ပေးအပ်ခဲ့သည်။ ရောင်းချရာမှ ရရှိလာမည့် ငွေများကိုမူ လာမည့်ရက်အတွင်း သူတို့၏လှုပ်ရှားမှုများအတွက် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည် ဖြစ်၏။

ပြောင်းဖူးကိတ်လား။

ဧည့်သည်များက အနည်းငယ်မျှ ဇဝေဇဝါ ဖြစ်နေကြလေသည်။ သူတို့က မြို့ထဲတွင် ကြီးပြင်းလာခဲ့ပြီး ယခင်ကလည်း ပြောင်းဖူးစားဖူးသော်ငြား ပြောင်းဖူးကိတ်ကိုတော့ လုပ်ဖူးရန် ဝေးစွ၊ တစ်ခါမှပင် မစားခဲ့ဖူးပါချေ။

သို့ပေသည့် ဤသည်က တာဝန်တစ်ခုဖြစ်သည့်အတွက် သူတို့ပြီးမြောက်အောင် လုပ်ရလိမ့်မည်သာ။

အွန်လိုင်းပေါ်တွင် ရှာကြည့်ပြီးသည့်နောက်တွင်တော့ ပြောင်းဖူးကို အမှုန့်ဖြစ်အောင် ကြိတ်ကာ မုန့်ဖုတ်ဆိုဒါ၊ နို့မှုန့်၊ ကြက်ဥနှင့် အခြားပါဝင်ပစ္စည်းများကို ရောမွှေပြီး ပြောင်းဖူးကိတ်များအား ပြုလုပ်ထားကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့နောက် မွှေထားသည်များကို အပိုင်းသေးသေးလေးများဖြစ်အောင် ပုံသွင်းကာ ပေါင်းအိုးနှင့် ပေါင်းရမည်ပင်။

အွန်လိုင်းပို့စ်ပေါ်၌ လုပ်ထားပြီးသား ဓာတ်ပုံများတောင် တင်ထားသေး၏။ ၎င်းတို့ကို ကြည့်လိုက်ရုံဖြင့် ဖုန်းမျက်နှာပြင်မှတစ်ဆင့် အနံ့ရနိုင်နေသည့်နှယ် လူတိုင်းအား သွားရည်ယိုစေခဲ့သည်။

လူတိုင်းက ရှင်းလင်းသော ရည်မှန်းချက်များဖြင့် တာဝန်အသီးသီးကို ခွဲယူလိုက်ကြသည်။

လင်ယိ၊ ရှန်ဖုန်းနှင့် ဟဲ့နျန်တို့က ပြောင်းဖူးစေ့များအား အနှစ်ဖြစ်အောင် ကြိတ်ရန်အတွက် တာဝန်ယူလိုက်ကြသည်။

ကျောက်ကျင်းနှင့် ကျိုးခယ်ကမူ ပြောင်းဖူးကိတ်မုန့်ကို ပေါင်းရန်အတွက် ထင်းများစုဆောင်းရန် အနီးအနားရှိ တောအုပ်ထဲသို့ သွားခဲ့ကြသည်။

ကလေးများမှာတော့ သူတို့သဘာဝအတိုင်း ဆော့နေခဲ့ကြရုံသာ။

များမကြာမီမှာပင် လူတိုင်းက တာဝန်အသီးသီးကို စလုပ်ကြတော့သည်။

လယ်တဲအိမ်ဝင်း၌ ပြောင်းဖူးကြိတ်ရန်အတွက် သင့်တော်သည့် ကြိတ်စက်တစ်ခုရှိ၏။

လင်ယိက ပြောင်းဖူးအိတ်ကြီးတစ်အိတ်ကို သယ်လာခဲ့ကာ ကြိတ်စက်ကို အရင်ဆေးကြောလိုက်သည်။ ထို့နောက် အနှစ်ရည်များကို ခံရန်အတွက် အောက်၌ ဇလုံတစ်ခုကို ထား,ထားလိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူ ကျောက်ကြိတ်စက်ကို တစ်ခါမှ မသုံးခဲ့ဖူးပါချေ။ သို့ရာတွင် အတော်လေးတော့ စိတ်ဝင်စားစရာကောင်းသည်ဟု သူ ထင်၏။

သူသည် ကြိတ်စက်အပေါက်ဝထဲသို့ ပြောင်းဖူးစေ့အချို့ကို လောင်းထည့်လိုက်ပြီး လက်ကိုင်ကို ကိုင်လျက် လှည့်လိုက်သည်။ ပြောင်းဖူးစေ့တချို့က ကြေမွသွားပြီး အဖြူရောင်အနှစ်ရည်များ ယိုစိမ့်ထွက်လာ၏။

လင်ယိအတွက်တော့ ဤလုပ်ငန်းစဉ်က စိတ်ဝင်စားဖွယ်ကောင်းသည်။ ထို့ကြောင့်လည်း သူ နောက်ထပ် အကြိမ်အနည်းငယ်ခန့် ထပ်လှည့်လိုက်သည်။ ပြောင်းဖူးစေ့များစွာက ထပ်ကြေမွသွားခဲ့ပြီး အနှစ်ရည်များက ဇလုံထဲသို့ စီးဝင်သွားတော့သည်။

ဟော့မျန်မျန်က သည်လိုမြင်ကွင်းမျိုးအား တစ်ခါမှ မမြင်ခဲ့ဖူးပါပေ။

သူသည် ကျောက်ကြိတ်စက်၏ ဘေးတွင် ရပ်နေကာ ခြေဖျားထောက်လျက် စူးစိုက်ကြည့်နေ၏။ သူ့မျက်ဝန်းနက်များ၌လည်း အံ့ဩမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေလျက်ပင်။

လင်ယိက ပြောင်းဖူးစေ့များ ထပ်ထည့်လိုက်ပြီး ကြိတ်စက်ကို ဆက်လှည့်နေလိုက်သည်။

သို့ပေသည့် ကျောက်ကြိတ်စက်က တော်တော်လေး ဟောင်းနွမ်းနေခဲ့သည်။ သို့ဖြစ်၍ ပျက်စီးသွားမည်ကို စိုးရိမ်သဖြင့် သူ အားထည့်ပြီး မကြိတ်ရဲခဲ့ပါ။

ဟဲ့နျန်ကတော့ အဝေးတစ်နေရာမှ လင်ယိကို ကြည့်နေခဲ့သည်။

သူ့အတွက်တော့ လင်ယိ၏ လှုပ်ရှားမှုများက ပေါ့ပါးလွန်းကာ နှေးကွေးနေ၏။ လင်ယိ၏ပုံစံကို ကြည့်လျှင် သူက ဤအလုပ်ကို မလုပ်ချင်နေသည့်နှယ်။

ဟဲ့နျန်က သူ့အရည်အချင်းကို ပြသရန်အတွက် အခွင့်အရေးကောင်းတစ်ခုကို မြင်လိုက်ရသည်။

သူက လင်ယိရှိရာသို့ လျှောက်သွားလိုက်ပြီ ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ဆိုလိုက်၏။

“အစ်ကို၊ လျှောက်မဆော့နေနဲ့တော့။ ဒါက ကျွန်တော်တို့ရဲ့ တာဝန်လေ။ ကျွန်တော်တို့ တတ်နိုင်သလောက် မြန်မြန်ပြီးအောင် လုပ်သင့်တယ်။”

ဟဲ့နျန်ထံ၌ ပရိသတ်များစွာရှိ၏။ သို့ဖြစ်၍ သူစကားပြောလိုက်သည်နှင့် မှတ်ချက်များစွာ တက်လာတော့သည်။

[နျန်နျန်ပြောတာ မှန်တယ်။ ဒီတာဝန်ကို ထုတ်လုပ်ရေးအဖွဲ့က ပေးထားတာလေ။ မြန်မြန်ပြီးအောင် လုပ်သင့်တယ်။]

[ငါတို့ရဲ့ နျန်နျန်နဲ့ ယှဉ်ရင် လင်ယိက တာဝန်ယူတတ်စိတ်မရှိဘူး။]

[လင်ယိတစ်ယောက် နှေးတုံ့နှေးတုံ့နဲ့ လုပ်နေတာ အပျင်းထူကြောင်း ပြနေတာပဲ။]

[ငါကြားတာတော့ လင်ယိရဲ့ စရိုက်က မကောင်းဘူးတဲ့။ ဒီနေ့ ကြည့်ရသလောက်တော့ မှန်နေတဲ့ပုံပဲ။]

ရိုက်ကူးရေးက အချိန်ခဏလောက် ရှိနေပြီဖြစ်ရာ လင်ယိထံ၌လည်း ပရိသတ်တချို့ ရှိနေပြီပင်။ ဟဲ့နျန်၏ ပရိသတ်များက စကားကို လှည့်ပတ်ပြောနေသည်ကို မြင်သော် သူတို့က ချက်ချင်းဆိုသလို ပြန်တုံ့ပြန်လိုက်ကြသည်။

[ဟားဟားဟား၊ ပြောင်းဖူးစကြိတ်တဲ့သူက လင်ယိ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူ့ကို လာဝေဖန်နေကြတာလဲ။]

[ဟဲ့နျန်ရဲ့လေသံက အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်။ သူ့မှာ ဘာလို့ ပရိသတ်တွေ အများကြီး ရှိနေတာလဲဆိုတာကို ငါ နားမလည်နိုင်တော့ဘူး။]

[ဟဲ့နျန်က တစ်နေ့နေ့ကျရင် နာမည်ကျသွားလိမ့်မယ်လို့ ငါ လောင်းရဲတယ်။]

မှတ်ချက်ပေးသည့် နေရာ၌ အငြင်းပွားမှုများဖြင့် ပေါက်ကွဲသွားတော့သည်။

ခြံဝင်းထဲတွင်မူ…..

လင်ယိက မျက်ခုံးပင့်ကာ ဟဲ့နျန်ကို ကြည့်လိုက်မိသည်။

“ငါ ဘယ်မှာ လျှောက်ဆော့နေလို့လဲ။”

ဟဲ့နျန်က အပြစ်ကင်းစင်ဟန်ဖြင့် အလျင်စလို ပြောလာ၏။

“အစ်ကို၊ အထင်မလွဲပါနဲ့။ ကျွန်တော် အစ်ကို့ရဲ့ မကောင်းကြောင်းကို ပြောဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုချင်တဲ့ သဘောက ကျွန်တော်တို့က ရိုက်ကူးရေးလုပ်နေတာဆိုတော့ တာဝန်ကိုပဲ အာရုံစိုက်သင့်တယ်လို့ ပြောချင်တာပါ။ ဒီနေရာမှာက အိမ်မှာလို ကျွန်တော်တို့ ကောင်းကောင်းမလုပ်လည်း ဘယ်သူမှ ဂရုမစိုက်တာ မဟုတ်ဘူးလေ။”

သူက ပြောနေရင်းနှင့် လင်ယိ၏ အားနည်းချက်များအကြောင်း အများကြီး ပြောမိသွားသည့်ဟန်ဖြင့် ကင်မရာကို ကြည့်ကာ အလျင်စလို ပါးစပ်ပိတ်လိုက်၏။

လင်ယိ: “…..”

မူလလင်ယိက ဘာကြောင့် သည်လောက်အထိ ပြောခံနေရမှန်း သူ နားလည်သွားရပြီပင်။ ဤကဲ့သို့သော အတင်းပြောတက်သည့် ဝမ်းကွဲရှိနေလျှင် မကောင်းသတင်းများမရှိရန်က ခက်ခဲလှ၏။

ဤနေရာမှာ ရှိနေသူက မူလလင်ယိသာဆိုလျှင် ဟဲ့နျန်က သူ့ကို ဂရုစိုက်နေသည်ဟု ထင်ကာ ကျေးဇူးတင်နေမိလိမ့်မည်ပင်။

သို့ပေသည့် ယခုလက်ရှိ ရပ်နေသူက လင်ယိဖြစ်၏။ သူက နှာခေါင်းရှုံ့လျက် ဘေးသို့ ရွှေ့ပေးလိုက်သည်။ ပြီးနောက် ကျောက်ကြိတ်စက်အား ဟဲ့နျန်ကို လွှဲပြောင်းပေးလိုက်သည်။

“ဒါဆိုလည်း မင်းပဲ လုပ်တော့။”

သူ နောက်ဆုတ်ကာ လက်ပိုက်လျက် ပျင်းရိစွာနှင့် ဟဲ့နျန်ကို စောင့်ကြည့်နေခဲ့သည်။

ဤသည်ကို မြင်သည့် ဟော့မျန်မျန်က ကျောက်ကြိတ်စက်ကို မှီထားရာမှ ရပ်လိုက်ပြီး သူ့ဖေဖေလေး၏ဘေးသို့ လျှောက်သွားလိုက်၏။

ပြင်ဆင်လို့ ပြီးသွားသည့် ဟဲ့နျန်က သူ့အရည်အချင်းများကို ပြသရန် အဆင်သင့်ဖြစ်နေလေပြီ။

ဒါပေမဲ့ ဘာလို့ လင်ယိရဲ့အကြည့်က နည်းနည်း ထူးဆန်းနေသလို သူ ခံစားနေရတာလဲ။ တစ်ခုခုမှားနေလို့လား။

ဟဲ့နျန်က ပဟေဠိဖြစ်နေခဲ့သည်။ သို့ပေသည့် သူ များများစားစား တွေးနေရန် အချိန်မရှိပါ။ သူက ဂျာကင်အင်္ကျီလက်ကို ခေါက်တင်ကာ ကျောက်ကြိတ်စက်ရှိရာသို့ လျှောက်သွားလိုက်ပြီး သူ့အရည်အချင်းကို ပြသရန် အဆင်သင့်ဖြစ်နေခဲ့သည်။

သူ လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး အားပြင်းပြင်းထည့်ကာ တွန်းလိုက်တော့သည်။

သို့ရာတွင် နောက်စက္ကန့်လေးမှာတင် “ဂျောက်” ခနဲ မြည်သံနှင့်အတူ ဟောင်းနွမ်းနေသည့် သစ်သားလက်ကိုင်က ကျိုးသွားခဲ့၏။

ဟဲ့နျန်: “…..”

အင်တာနက်အသုံးပြုသူများ: “…..”

လင်ယိနှင့် ဟော့မျန်မျန်တို့ကမူ ဘေးမှာရပ်လျက် တိတ်တိတ်ကလေးသာ ကြည့်နေခဲ့သည်။

ကျိုးသွားသည့် သစ်သားလက်ကိုင်ကို ကိုင်ထားသည့် ဟဲ့နျန်ခမျာ ရှက်ရွံမှုကြောင့် မျက်နှာကလည်း ရုတ်ခြည်း နီရဲလာလျက်။

လင်ယိက သူ့ကို ဖြည်းဖြည်းချင်း သတိပေးလိုက်သည်။

“ကြိတ်စက်က ဟောင်းနေပြီ။ မင်း အားပြင်းပြင်းနဲ့ မတွန်းသင့်ဘူး။ မဟုတ်ရင် ငါ ဘာလို့ ညင်ညင်သာသာလေးပဲ တွန်းနေတယ်လို့ မင်း ထင်တာလဲ။”

ဟဲ့နျန်: “…..”

လင်ယိက သူ့ကို ဘာကြောင့် ထူးဆန်းသည့်အကြည့်နှင့် ကြည့်နေခဲ့မှန်း သူ နားလည်သွားခဲ့ရပြီပင်။ လင်ယိသည် လက်ကိုင်က ဟောင်းနွမ်းနေပြီမှန်း ကြိုသိထားခဲ့ပြီး သူ ထောင်ချောက်ထဲ ကျသွားမည်ကို တမင်စောင့်နေခဲ့ခြင်း ဖြစ်နေ၏။

သို့ပေသည့် တရားမျှတစွာ ပြောရပါက ဟဲ့နျန်သည် ကြွားဝါချင်စိတ်ကြောင့် သူ့ဆန္ဒအလျောက် လာလုပ်ခဲ့သူဖြစ်ရာ လင်ယိက ဘာအမှားမှ လုပ်ခဲ့သူ မဟုတ်ပါချေ။

တကယ်ပဲ ဘာဖြစ်သွားတာလဲ။ လင်ယိကို ခန့်မှန်းရတာက ဘာလို့ ပိုခက်လာတာလဲ။

ဟဲ့နျန်၏အတွေးတို့က ပြေးလွှားနေခဲ့သည်။ သူ့မျက်နှာကလည်း မီးအိမ်တစ်လုံးပမာ အနီရောင်နှင့် အဖြူရောင်ကြား၌ လှည့်ပတ်သွားလာနေခဲ့၏။

[ဟားဟားဟား… ကိုယ့်အပြစ်ကို ဒီလောက်မြန်မြန် ပြန်ခံရတဲ့သူကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။]

[ဟဲ့နျန်က ကြွားဝါချင်ခဲ့ပေမဲ့ သူ့ကိုယ်သူပဲ ပြန်အရှက်ခွဲမိလိုက်တယ်။]

[ဖြောင်းဖြောင်းဖြောင်း၊ အောင်ပွဲခံရမဲ့နေ့ပဲ။ ဟဲ့နျန်ရဲ့ ဟန်ဆောင်တတ်တဲ့ ပုံစံကို ငါ တစ်ခါမှ မကြိုက်ခဲ့ဖူးဘူး။]

[ဟဲ့နျန်ရဲ့ ပရိသတ်တွေ ဘယ်ရောက်ကုန်ကြတာလဲ။ သူတို့ ခုနလေးကပဲ အရမ်းတက်ကြွနေကြတာလေ။ အခုကျ ဘာလို့ ဘာမှ မပြောကြတော့တာလဲ။]

[သူတို့ ဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ။ သူတို့ရဲ့ Idol လိုပဲ ရှက်နေကြတာနေမှာပေါ့။]

[ဟားဟားဟား… အရမ်းကျေနပ်တာပဲ။]

ထိုအချိန် ရှန်ဖုန်းက ရောက်လာခဲ့သည်။

သူသည် သမ်းဝေရင်းနှင့် ကျောက်ကြိတ်စက်ဆီကို လျှောက်သွားခဲ့၏။

ဟဲ့နျန်တစ်ယောက် ကျိုးနေသည့်လက်ကိုင်အား ကိုင်ထားသည်ကို မြင်တော့ သူ မသရော်ဘဲ မနေနိုင်တော့ပါချေ။

“မင်းက အရမ်း နမော်နမဲ့နိုင်တာပဲ။ ဒီလိုဟာမျိုးကို ကျိုးအောင် လုပ်လိုက်တယ်ပေါ့။”

ရှန်ဖုန်းက ဟဲ့နျန်ကို ဘယ်သောအခါကမှ သဘောမကျခဲ့သဖြင့် အခုတွင်လည်း သူက သည်းမခံနေပေ။

ကံမကောင်းစွာပင် ဟဲ့နျန်မှာ ရှန်ဖုန်း၏ မိသားစုနောက်ခံကို ကြောက်သဖြင့် သူ့ကို ပြန်မပြောရဲခဲ့။ သို့ဖြစ်၍ စော်ကားမှုကို တိတ်တဆိတ်သာ လက်ခံလိုက်ရ၏။

[ဟားဟားဟား….ရှန်ဖုန်း ပြောတာကို ပထမဆုံးအကြိမ် သဘောတူမိတာပဲ။]

[ရှန်ဖုန်းပြောတာကို ထောက်ခံတယ်၊ ဆက်ပြော။]

ကျောက်ကြိတ်စက်၏ လက်ကိုင်က ပျက်စီးသွားသဖြင့် ထုတ်လုပ်ရေးအဖွဲ့က အသစ်ပြန်လုပ်လိုက်ရသည်။

သူတို့ ပြန်ပြင်နေသည့်ချိန်၌ အချိန်များစွာလည်း ကုန်ဆုံးသွားခဲ့၏။ ထင်းသွားစုဆောင်းသည့် ကျောက်ကျင်းနှင့် ကျိုးခယ်ပင် ပြန်လာခဲ့သည်။

လင်ယိနှင့် တခြားသူများက ပြောင်းဖူးစေ့များ မကြိတ်ရသေးသည်ကို မြင်သည့်အခါ သူတို့က ဇဝေဇဝါဖြစ်သွားကြလေသည်။ အကြောင်းစုံကို သိသွားပြီးသည့်နောက် သူ့တို့က ဟဲ့နျန်ကို အခေါက်ခေါက်အခါခါ ကြည့်လိုက်မိကြ၏။

သူတို့က ရှန်ဖုန်းလို တဲ့တိုးမပြောခဲ့သော်ငြား သူတို့ထံ၌လည်း ကိုယ်ပိုင်ထင်မြင်ချက်များ ရှိနေခဲ့သည်။

ဟဲ့နျန်က သူ့ဂုဏ်သတင်းကို အမြဲတစေ ဂရုစိုက်ခဲ့သူဖြစ်ရာ ဤတစ်ခေါက်တွင်တော့ အလွန်တရာမှ အရှက်ကွဲသွားခဲ့ရသည်။ သူသည် ရှက်ရွံ့ရုံတင်မကဘဲ တစ်နည်းနည်းဖြင့် ပြန်ပေးဆပ်ခိုင်းမည်ဟုပင် တိတ်တဆိတ် ကျိန်ဆိုနေခဲ့သည်။

နောက်တစ်နာရီကြာသည့်နောက်တွင် ပြောင်းဖူးစေ့များကို ကြိတ်လို့ပြီးသွားလေပြီ။

ဇလုံကြီးတစ်လုံးစာရှိသည့် အဝါရောင် ပြောင်းဖူးအနှစ်ရည်များမှာ ပြောင်းဖူးကိတ်များစွာ ပြုလုပ်နိုင်လောက်သည်။

သူတို့က ကြက်ဥ၊ ခရင်မ်နှင့် တခြားပါဝင်ပစ္စည်းများကို ထည့်လိုက်သည်။ ထို့နောက် ပြောင်းဖူးနှစ်များအား ပုံသွင်းလိုက်တော့၏။

လင်ယိ ပြောင်းဖူးကိတ်များကို လုပ်နေချိန်တွင် ဟော့မျန်မျန်က သူ့ဘေးတွင် ထိုင်ကာ နာခံစွာနှင့် အဖော်ပြုပေးနေခဲ့သည်။

လင်ယိက အလုပ်လုပ်နေရင်းနှင့် ဟော့မျန်မျန်ကို ပြောလိုက်သည်။

“သားလေး… ဒီပြောင်းဖူးကိတ်ကို မြင်လား။ အရသာရှိတယ်နော်။”

အရသာရှိတယ်လား။

ဟော့မျန်မျန်က သူ့ခေါင်းကလေးကို စောင်းလိုက်ပြီး ပြောင်းဖူးကိတ်လေးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

နောက်တစ်စက္ကန့်တွင်တော့ ဟော့မျန်မျန်က သူ့မျက်နှာကို ရှုံ့မဲ့လျက် လျှာထုတ်လာခဲ့၏။

သိပ်မကောင်းဘူး။

ဟော့မျန်မျန်၏ အမူအရာကို သတိထားမိသည့် လင်ယိက ရယ်လိုက်သည်။

“ဒါက မပေါင်းရသေးဘူးလေ။ ပေါင်းပြီးရင် ကောင်းလာလိမ့်မယ်။”

ဤသည်ကို ကြားတော့ ဟော့မျန်မျန်က မျက်တောင်ခတ်လိုက်သည်။ ထို့နောက် ခေါင်းကို ငုံ့လျက် သူ့လက်ချောင်းလေးများကို ဆော့ကစားနေလိုက်၏။

သူက အလွန်ရှက်ရွံ့နေသဖြင့် ခေါင်းတောင်မမော့ရဲတော့ပေ။

[ဟားဟားဟား… မျန်မျန်လေးက အရမ်းချစ်စရာကောင်းတာပဲ။]

[မျန်မျန်ကို အရသာရှိတာတွေ အများကြီး ကျွေးပြီး ဝဝကစ်ကစ်လေး ဖြစ်အောင် လုပ်ချင်တယ်။]

ပြောင်းဖူးကိတ်အား ပေါင်းအိုးထဲသို့ ထည့်ပြီးသွားချိန်မှာတော့ လင်ယိက ဟော့မျန်မျန်ကို လက်ဆေးခိုင်းရန်နှင့် အဝတ်အစားလဲပေးရန်အတွက် အပေါ်ထပ်သို့ ခေါ်သွားလိုက်သည်။

သူသည် ဟော့မျန်မျန်အား ချစ်စရာကောင်းသည့် ပင်ဂွင်းဝတ်စုံကို ဝတ်ခိုင်းဖို့ စီစဉ်ထား၏။ ထိုသို့ဆိုလျှင် ပြောင်းဖူးကိတ်ရောင်းသည့်အချိန်၌ တခြားသူများ၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်ပင်။

လင်ယိက ပင်ဂွင်းဝတ်စုံကို ရှာတွေ့သွားခဲ့ပြီး ဟော့မျန်မျန်ကို ကမ်းပေးလိုက်သည်။

“သားလေး… ဒါဝတ်လိုက်။”

ထို့နောက် သူ့အဝတ်အစားကို ရှာရန် သွားလိုက်သည်။

ဟော့မျန်မျန်လေးက ပင်ဂွင်းဝတ်စုံကို ကိုင်ထားကာ လင်ယိကို အနှောင့်အယှက်မပေးချင်သည့်အတွက် ကိုယ်တိုင်လဲရန် ဆုံးဖြတ်လိုက်၏။

သို့ဖြစ်ရာ သူက စွပ်ကျယ်တစ်ထည်ပဲ ချန်ထားခဲ့ကာ သူ့အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ပင်ဂွင်းဝတ်စုံကို စဝတ်လိုက်တော့သည်။

ပင်ဂွင်းဝတ်စုံက တစ်ဆက်တည်းဝတ်ရသည့် အင်္ကျီမျိုးဖြစ်သဖြင့် ဝတ်ရခက်ခဲလှ၏။

[Note: ဒီနားမျက်စိထဲမမြင်မှာစိုးလို့ပါရှင့်။ အင်္ကျီကလေ ဘောင်းဘီနဲ့ အင်္ကျီကို ခွဲမထားဘဲ တစ်ဆက်တည်း ဝတ်ရမဲ့ဟာမျိုးပါ။]

ဟော့မျန်မျန်က ခက်ခက်ခဲနှင့် ဝတ်လိုက်နိုင်သော်ငြား ဝတ်ပြီးသွားသည့်အခါမှာတော့ သူ တောင့်တင်းသွားရသည်။

သူ ဘာလို့ ဘာမှမမြင်ရတာလဲ။

[ဟားဟားဟား၊ ကယ်ကြပါဦး။ မျန်မျန်လေးက ဝတ်စုံကို ပြောင်းပြန်ဝတ်ပြီး သူ့မျက်နှာအစား နောက်စေ့လေးပဲ ပေါ်နေတယ်။]

[ရယ်စရာကောင်းတဲ့ ပေါင်ပေ့လေး၊ ဒီကို လာခဲ့နော်။ ကျယ်ကျဲက ကူဝတ်ပေးမယ်။]

[အားလုံးပဲ ငါတို့ရဲ့ မျန်မျန်လေးကို မရယ်ကြနဲ့တော့။ သူက သုံးနှစ်ပဲ ရှိသေးတာလေ။ ပြောင်းပြန်ဝတ်ထားတယ်ဆိုရင်တောင် ဒီလိုရှုပ်ထွေးတဲ့ အင်္ကျီကို ဝတ်နိုင်တာနဲ့တင် အထင်ကြီးစရာကောင်းနေပြီ။]

ဟော့မျန်မျန်ကတော့ ပြောင်းပြန်ဝတ်ထားကာ ထိုနေရာမှာသာ ရပ်နေလျက်။

ကင်မရာဘောင်ထဲတွင်မူ မျက်နှာပျောက်နေသည့် ပင်ဂွင်းတစ်ကောင်က တွေဝေစွာဖြင့် ရပ်နေသည်မှာ ချစ်စရာကောင်းလှသဖြင့် အင်တာနက်အသုံးပြုသူတို့၏ နှလုံးသားကို အရည်ပျော်သွားစေခဲ့၏။

ဟော့မျန်မျန်လေးက အမှောင်ထဲတွင် ရပ်နေခဲ့ပြီး သူ့မျက်နှာကို ပေါ်လာအောင်လုပ်ရန် ကြိုးစားလိုက်သည်။ သို့ရာတွင် စမ်းတဝါးဝါးနှင့် ဦးထုပ်ကို ချိန်ညှိနေခဲ့သော်ငြား အဆင်မပြေခဲ့ပါချေ။

ဟော့မျန်မျန်: “…..”

သူ့ဖေဖေလေး ဦးတည်သွားခဲ့သည့် နေရာကို ပြန်သတိရသွားခဲ့ပြီး သူ့ဖေဖေလေးရှိရာဘက်သို့ သွားလိုက်တော့သည်။

သို့သော် သူ လမ်းကြောင်းလွဲသွားခဲ့ပြီး ခုတင်ရှိရာသို့ ရောက်သွားခဲ့၏။

သူ ခုတင်အစွန်းသို့ ရောက်ရှိသွားခဲ့ပြီး ခလုတ်တိုက်မိသွားကာ “ဗုန်း” ခနဲအသံနှင့်အတူ နူးညံ့သော မွေ့ရာထက်သို့ လဲကျသွားခဲ့လေသည်။

ဟော့မျန်မျန်: “…..”

QAQ!

လင်ယိတစ်ယောက် ခရီးဆောင်အိတ်ထဲတွင် အဝတ်အစားများကို လှန်လှောမွှေနှောက်နေစဉ် သူ့နောက်မှလာသည့် အသံတစ်သံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ အိပ်ရာပေါ်သို့ လိမ့်ကျသွားသည့် ပင်ဂွင်းလေးတစ်ကောင်ကို တွေ့လိုက်ရသည်။

ပင်ဂွင်းအင်္ကျီကို ပြောင်းပြန်ဝတ်ထားတာမလား။

လင်ယိက ထိုမြင်ကွင်းကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။

ထို့နောက် သူကိုင်ထားသည့်အရာများကို ချထားလိုက်ကာ လျှောက်သွားလိုက်၏။ ပြီးမှ ခုတင်ပေါ်တွင် ရှိနေသည့် ဟော့မျန်မျန်ကို ပွေ့ချီလိုက်ပြီး ပြောင်းပြန်ဝတ်ထားသည့် အင်္ကျီကို ချွတ်ပေးလိုက်သည်။

တစ်မိနစ်ခန့်ကြာသော် ဟော့မျန်မျန်လေးက အလင်းရောင်ကို ပြန်မြင်လိုက်ရ၏။

သူ့မျက်နှာကတော့ အနည်းငယ် ဇဝေဇဝါဖြစ်နေဆဲပင်။ သို့ရာတွင် အံ့အားသင့်မှုက ပိုများလို့နေ၏။

ဟူး…. ကယ်တင်ခံလိုက်ရပြီ။

သူ့အမူအရာက အင်မတန်ချစ်စရာကောင်းလှရာ လင်ယိက အိပ်ရာပေါ်ထိုင်ပြီး မေးလိုက်သည်။

“မျန်မျန်၊ မင်း ဘယ်လိုလုပ်ပြီး အဲဒီအင်္ကျီထဲကနေ ထွက်မရဖြစ်သွားတာလဲ။”

ဟော့မျန်မျန်က ခေါင်းခါယမ်းပြလာကာ သူ မသိကြောင်း ဖော်ပြလာ၏။

သူ ထိုအင်္ကျီကို ဆက်ဝတ်နေစဉ်၌ အရာအားလုံးက မှောင်မည်းသွားခဲ့ခြင်းပင်။

ဟော့မျန်မျန် တွေးလိုက်သည်။ သူ့ဖေဖေလေးက သူ့ကို နှစ်သိမ့်ဖို့အတွက် မေးနေခြင်း ဖြစ်မည်ဟုပင်။

သို့ပေသည့် နောက်တစ်ခဏမှာတော့ လင်ယိက ကျီစယ်လိုဟန်ဖြင့် ပြောလာ၏။

“နောက်တစ်ခါ ထပ်ပြလို့ရမလား။ ငါ တကယ်ကို သိချင်လို့ပါ။”

ဟော့မျန်မျန်: “….”

ဟမ်။

[ဟားဟားဟား… လင်ယိ ပြောနေတာက လူစကားရော ဟုတ်ရဲ့လား။]

[တကယ်တော့ ငါလည်း ထပ်ကြည့်နိုင်ပါတယ်။]

[ငါရောပဲ….]

[ဟားဟားဟား… အကျင့်မကောင်းတဲ့ လူကြီးတွေ။ ငါတို့ရဲ့ မျန်မျန်လေးကို အနိုင်မကျင့်ကြနဲ့။]

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment