no

Font
Theme

အပိုင်း (၃)

လင်ယိတစ်ယောက် agent ပို့ခဲ့သောလိပ်စာအတိုင်း စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းအတွင်း ရောက်လာခဲ့သည်။

သူရောက်သွားသည့်တစ်ချိန်တည်းမှာပင် agent ကလည်း ရောက်လာခဲ့သည်။

Agent က ချက်ချင်း ထေ့ငေါ့လာခဲ့သည်။

"ငါတို့ရဲ့သခင်လေးလင်က ဘယ်လိုဝင်ရမလဲဆိုတာ သိတာပဲ။"

မူလကိုယ်က ပုံမှန်အားဖြင့် အလွန်နူးညံ့ပြီး ထိုးလျှင်လည်း ပြန်မထိုးတတ်၊ ဆဲလျှင်လည်း ပြန်မဆဲတတ်သည့်အတွက် agent က သူ့ကို အမြဲတစေ ထေ့ငေါ့ပြောဆိုလေ့ရှိပေ၏။

သို့သော် ယခုအချိန်မှာတော့ ဤခန္ဓာကိုယ်ထဲမှာ အခြားလူတစ်ယောက် ပြောင်းလဲသွားခဲ့လေပြီ။

Agent ထက် ခေါင်းတစ်လုံးပိုမြင့်သော လင်ယိက အထက်စီးကနေ agent ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဘာမှမပြောဘဲ သူ့ကိုဖြတ်ကျော်၍ သီးသန့်ခန်းထဲ လျှောက်ဝင်သွားခဲ့၏။

Agent: "..."

အဘယ့်ကြောင့်မှန်းမသိသော်လည်း ထိုအကြည့်ကြောင့် သူ ကြက်သီးမွေးညင်းများထလာသလို ခံစားလိုက်ရသည်။

သောက်ကျိုးနည်း၊ ဒီနေ့ လင်ယိက ဘာလို့ တခြားလူတစ်ယောက်လို ပြောင်းလဲသွားရတာလဲ။

ထိုသို့ဆိုလျှင်တောင် agent က သူ့အပေါ် အထင်အမြင်သေးစွာဆက်ဆံခြင်းနှင့် ကျင့်သားရနေပြီး ထိုအတွက်ကြောင့် သူက လင်ယိကို လျစ်လျူရှုကာ အထဲသို့လိုက်ဝင်သွားခဲ့သည်။ သူက ကုလားထိုင်တစ်လုံးကိုဆွဲထုတ်၍ ထိုင်ရန်ပြင်လိုက်ပြီး လင်ယိကို ကောင်းကောင်းကြီးဆုံးမပစ်မည်ဟု တေးထားလေ၏။

သို့သော် သူ ကုလားထိုင်ကိုဆွဲထုတ်လိုက်ပြီးချိန်မှာ လင်ယိက ဝင်ထိုင်သွားခဲ့သည်။

Agent: ???

သူ လင်ယိကို ဝန်ဆောင်မှုပေးလိုက်ရတာလား။

ပိုဆိုးသည်မှာ လင်ယိက ထိုနေရာ၌ တည်ငြိမ်စွာထိုင်နေပြီး မေးကိုပင့်ချီ၍ သူ့ကို လက်ဟန်ပြလာခဲ့၏။

"ထိုင်လေ။"

Agent: ???

သူ ထိုအရာကို သည်းခံမပေးနိုင်ချေ။ သူက ချက်ချင်းဆိုသလို ပေါက်ကွဲသွားတော့သည်။

"လင်ယိ၊ မင်းက အတောင်ပေါက်လာတော့ ပျံသန်းနိုင်ပြီလို့ ထင်နေတာလား၊ ဟမ်! မနေ့လိုက်နဲ့၊ အဲ့ဒီတုန်းက ငါသာ မင်းကိုမြှင်တင်မပေးခဲ့ရင် မင်း ဒီနေ့လိုနေရာအထိ ရောက်လာမှာတဲ့လား!"

လင်ယိက အေးစက်စွာရယ်လိုက်သည်။

"အခု ကျွန်တော်က ဘယ်လိုနေရာမှာ ရှိနေတာမို့လဲ။ ပြီးတော့ နေရာတစ်ခုရခဲ့ရင်တောင် အဲ့ဒါက ကျွန်တော်ကိုယ်တိုင် ကြိုးစားခဲ့တာကြောင့်ပဲ။"

မူလကိုယ်က ရုပ်ရည်ချောမောပြီး ထိန်းချုပ်ရလွယ်သောကြောင့် agent က သဘောကျသွားပြီး ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ခဲ့သော်လည်း မူလကိုယ်၏စရိုက်က ဖျော်ဖြေရေးလောကနှင့် လုံးဝမလိုက်ဖက်ခဲ့ချေ။ သူက ရုန်းကန်နေခဲ့တာတောင် ဘယ်သောအခါမှ ထိပ်ဆုံးသို့မရောက်ခဲ့ဘဲ အတုအယောင်သတင်းအမှားများကြောင့် ဖျော်ဖြေရေးလောကမှာ နာမည်ပျက်ခဲ့ရသည်။

Agent က မူလကိုယ်အပေါ် အချိန်နှင့် အားထုတ်မှုများကို ဘယ်တော့မှ မမြှုပ်နှံခဲ့ချေ။ မူလကိုယ်က အမြဲတမ်း တိုးတက်မှုမရှိကြောင်း မြင်တွေ့လိုက်ရသောအခါ သူ့ကို လက်လျှော့ခဲ့လေ၏။

လက်လျှော့သည်ဆိုသည်မှာ သူက မူလကိုယ်အတွက် အရင်းအမြစ်များ ရှာမပေးတော့ခြင်းပင်။ သို့သော်လည်း မူလကိုယ်ကို သူ့အတွက် အလုပ်လုပ်ခိုင်းရန်အတွက် အမျိုးမျိုးသောအစီအစဉ်များကို ကြုံရာကျပန်းလက်ခံခဲ့ပြီး ကျွဲနွားများလို ခိုင်းစေခဲ့သည်။

Agent ၏ အဆိုးဆုံးအိပ်မက်များထဲမှာတောင် လင်ယိက သူ့ကို ယခုလို ပြန်ပြောလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ သူက အံကြိတ်ကာ ပြောလိုက်သည်။

"မင်း ဘယ်လိုပဲတွေးတွေး၊ ငါ ဂရုမစိုက်ဘူး။ မင်းက ငါ့ရဲ့စီမံမှုအောက်မှာ ရှိနေတုန်းပဲ။ ငါက မင်းကို ဒါလုပ်လို့ပြောရင် မင်း လုပ်ကိုလုပ်ရမယ်။"

သူက စကားပြေားရင်း စာချုပ်များကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။

"လက်မှတ်ထိုးလိုက်၊ အခုချက်ချင်း။"

လင်ယိက ၎င်းတို့ကိုယူကာ ပေါ့ပေါ့တန်တန် လှန်လှောကြည့်လိုက်သည်။

၎င်းတို့က တခြားသူများမလိုချင်သော အမှိုက်များဖြစ်ပြီး သူ့အပေါ်ကို လာရောက်ပုံချနေခြင်းဖြစ်သည်။

လင်ယိက တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းတို့ကို ဖြောင်းခနဲ့အသံနှင့်အတူ စားပွဲပေါ်ပြန်ရိုက်ချ၍ အေးစက်စွာပြောလိုက်သည်။

"သွားချင်တဲ့သူတွေ သွားကြပါစေ၊ ကျွန်တော်ကတော့ မသွားဘူး။"

"ဘာ?!"

Agent မှာက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများတောင် ပိုပြူးလာခဲ့သည်။

Agent ၏ ဒေါသတကြီးဖြစ်နေပုံနှင့်မတူဘဲ လင်ယိက အတော်လေးအေးဆေးနေပြီး ဘေးမှမီနူးကိုတောင် ယူကြည့်နေခဲ့၏။

Agent က သူ၏အေးဆေးနေသောသဘောထားကြောင့် ဒေါသထွက်သွားပြီး နှလုံးရပ်မလိုတောင် ဖြစ်သွားခဲ့သည်။ သူက စားပွဲကိုရိုက်ကာ ပြောလိုက်သည်။

"မင်း သွားချင်ချင်၊ မသွားချင်ချင် သွားကိုသွားရမယ်!!"

လင်ယိက သူ့ကို တစ််ချက်ကလေးတောင်မကြည့်ဘဲ မီနူးကိုသာ အေးအေးဆေးဆေး ဆက်ကြည့်နေခဲ့သည်။

Agent: ???

ဒီလင်ယိက ဘာဆေးတွေများ မှားစားထားတာလဲ။ အရင်တုန်းကဆို သူ ဒေါသထွက်ရင်တောင် ကြောက်လန့်တကြား တုန်တတ်နေတာ၊ အခုတော့ သူကိုယ်တိုင်ထက်တောင် ပိုမောက်မာနေပါလား။

Agent မှာ အံ့သြလွန်လို့ စကားတောင်မပြောနိုင်ခဲ့ပေ။

လင်ယိ၏အတွေးများကို သူ မသိသောကြောင့် ခဏစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူကလည်း မီနူးကို ကောက်ယူလိုက်၏။

အနည်းဆုံးတော့ ၎င်းက သူ့ကို စိတ်တည်ငြိမ်သွားစေခဲ့သည်။ ၎င်းတို့တွေ ထမင်းစားတိုင်း လင်ယိကပဲ အမြဲရှင်းသဖြင့် သူက အဆင့်မြင့်စားသောက်ဆိုင်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူက စျေးကြီးသောအစားအသောက်များကို မှာယူရန်ကြံရွယ်ထား၏။

သို့သော် ထူးထူးဆန်းဆန်းဆိုသလို အမြဲတမ်း ချွေတာနေတတ်သော လင်ယိက ယခုတစ်ခေါက်၌ စျေးကြီးသောဟင်းလျာများကို တော်တော်များများ မှာယူနေခဲ့သည်။

ထူးဆန်းသည်ဟု ခံစားနေခဲ့ရသော်လည်း agent က သိပ်မတွေးခဲ့ပေ။

အစားအသောက်များရောက်လာပြီးနောက် နှစ်ယောက်စလုံး အားပါးတရစားခဲ့ကြသည်။ ဗိုက်ပြည့်သွားသောအခါ agent က ပေါ့ပေါ့ပါးပါး ပြောလာခဲ့၏။

"ဘေလ်သွားရှင်းလိုက်တော့။"

လင်ယိက ကုလားထိုင်ကို ပျင်းရိလေးတွဲစွာမှီလိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

"ဘာလို့ ကျွန်တော်ကရှင်းရမှာလဲ။"

Agent: ???

သူက ရှုပ်ထွေးစွာ မေးလိုက်၏။

"အမြဲတမ်း မင်းပဲရှင်းနေခဲ့တာမဟုတ်ဘူးလား။"

လင်ယိက ခေါင်းညိတ်ကာ သိသာသောအဖြေကို ပြောနေသကဲ့သို့ ပြန်ဖြေလိုက်သည်။

"အတိအကျပဲလေ။ အဲ့ဒါကြောင့် အခုတစ်ခေါက် ခင်ဗျားရှင်းရမှာပေါ့။"

ထိုသို့ပြောပြီးနောက် agent ကို တုံ့ပြန်ခွင့်တောင်မပေးဘဲ သူက မက်စ်တပ်ကာ ထွက်ခွာသွားခဲ့သည်။

Agent: ???

သောက်ကျိုးနည်း! ဘာတွေဖြစ်သွားတာလဲ!

ဤတစ်နပ်က ယွမ်ထောင်ချီကုန်ကျခဲ့ပြီး သူက လင်ယိကို ဤမျှစျေးကြီးသောထမင်းတစ်နပ်ကို ကျွေးလိုက်ရလေသည်!

စားသောက်ဆိုင်ကနေ ထွက်လာပြီးနောက် လင်ယိက အိမ်သို့တန်းမပြန်ခဲ့ပေ။

ထိုအစား သူက လမ်းမများထက် အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။

အတိတ်ဘဝတုန်းက သူသည် အလုပ်များလွန်းသဖြင့် ယခုလိုမျိုး အေးအေးလူလူလမ်းလျှောက်ဖို့ အိပ်မက်တောင် မမက်နိုင်ခဲ့ချေ။

နောက်ဆုံးတော့ ယခု သူ့မှာ အခွင့်အရေးရှိလာပြီး စည်ကားသည့်လမ်းမမြင်ကွင်းများကို ခံစားကြည့်ရှုရန် ထွက်လာခဲ့လိုက်၏။

သူ ခဏလမ်းလျှောက်လာရင်း ပြိုင်ကားများရောင်းသည့် အရောင်းပြခန်းတစ်ခုကို မြင်လိုက်ရသည်။

ယောက်ျားလေးအများစုက ပြိုင်ကားများကို ရူးသွပ်ကြပြီး လင်ယိကလည်း ခြွင်းချက်မဟုတ်ခဲ့ပေ။

သူက ထိုအရောင်းပြခန်းထဲကို ဝင်သွားခဲ့ပြီး မမျှော်လင့်စွာဖြင့် မူလကိုယ်၏အမေနှင့် ညီဖြစ်သူကို တွေ့လိုက်ရသည်။

လင်ယိ: "..."

နောက်တစ်ခါ အိမ်ကထွက်ရင် ပြက္ခဒိန်ကိုကြည့်ပြီးမှ ထွက်ရတော့မယ်။

ဒီလိုနေရာမျိုးမှာ လာတွေ့ရတယ်လို့။

လင်ယိတစ်ယောက် ကားကြည့်ချင်စိတ်လည်း မရှိတော့ဘဲ လှည့်ထွက်သွားဖို့ ပြင်လိုက်၏။

သို့သော် အမျိုးသမီးတစ်ယောက်၏အသံက သူ့ကို တားဆီးလာခဲ့သည်။

"အဲ့ဒီနေရာမှာရပ်လိုက်!"

လင်ယိက သူ(မ)ကိုလျစ်လျူရှုကာ ချက်ချင်းထွက်သွားချင်ခဲ့သော်လည်း သူ(မ)က မူလကိုယ်၏အမေဖြစ်နေသောကြောင့် ထိုကဲ့သို့ထွက်သွားလိုက်လျှင် ပြဿနာများကို ဖိတ်ခေါ်သလိုဖြစ်သွားမည်ပင်။ ထို့ကြောင့် သူက ဆက်မသွားဘဲ ထိုနေရာမှာတင် ရပ်နေလိုက်တော့သည်။

မေမေလင်က ကြီးမားလှသော ဒီဇိုင်နာအိတ်တစ်လုံးကို လက်မောင်းမှာချိတ်လျက် ဒေါက်ဖိနပ်သံတဂွက်ဂွက်ဖြင့် လျှောက်လာပြီး မျက်ခုံးအစုံကို တွန့်ချိုးထား၏။

"မင်း ငါနဲ့ မင်းရဲ့ညီကိုမြင်တာနဲ့ အခုလို လှည့်ထွက်သွားရသလား။ မင်းကို အခုလိုပဲ ပျိုးထောင်ခဲ့တာလား။"

သူ(မ)၏နှုတ်ကနေ 'ပျိုးထောင်သည်' ဆိုသည့်စကားကို ထွက်ရဲသည့်သတ္တိကြောင့် လင်ယိ လေးစားသွားလေ၏။

လင်မိသားစုမှာ သားနှစ်ယောက်ရှိသည်။ မိဘများ၏ဘက်လိုက်မှုကြောင့် သားအငယ်ဆုံးကို မျက်နှာသာပေးခဲ့ပြီး သားအကြီးဆုံးကိုမူ လျစ်လျူရှုခဲ့ကြသည်။ ၎င်းတို့က သူ့ကို အစကတည်းက ဘာမှသင်ကြားမပေးခဲ့ကြပေ။

သူက လက်ပိုက်ကာ အနီးနားရှိတိုင်လုံးကိုမှီ၍ သူ(မ)ကို ဘာမမူအရာမှမပြသဘဲ ကြည့်လိုက်သည်။

"ဘာလိုချင်လို့လဲ။"

သူ့ကို တွေ့လိုက်ရသည့်အခိုက်အတန့်၌ မေမေလင်က တစ်ခုခုထူးဆန်းနေကြောင်း ခံစားမိလိုက်သည်။

သူ(မ)၏သားကြီးက အမြဲတမ်း တိတ်ဆိတ်ပြီး ကြောက်ရွံ့နေတတ်သော်လည်း ယခုမှာမူ သူက အလွန်အားကောင်းသောအငွေ့အသက်ကို ထုတ်လွှတ်နေခဲ့သည်။ သူ့ဆီမှ ပုံမှန်အကြည့်တစ်ချက်ကတောင် လေးလံသောဖိအားကို ခံစားရစေ၏။

တစ်စုံတစ်ခုပြောင်းလဲသွားကြောင်း သူ(မ) ခံစားမိနေသော်လည်း သူ(မ)၏သားကြီးအား ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ရာ ထိုအကြောင်းကိုလည်း လျစ်လျူရှုလိုက်သည်။ သူ(မ)က လိုရင်းကိုသာ ပြောလိုက်၏။

"မင်းရဲ့ညီကို ပြိုင်ကားတစ်စီးဝယ်ပေးလိုက်။"

သူ(မ)၏လေသံက မသိလျှင် လင်ယိကပဲ ၎င်းတို့အပေါ် အကြွေးတင်ထားသလိုပင်။

လင်ယိက ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။

"ကျွန်တော်က ဘာလို့ဝယ်ပေးရမှာလဲ။"

မေမေလင်က ပြန်ပြောခဲ့သည်။

"မင်းကို ငါမွေးထားတာမို့။ အဲ့ဒါကြောင့် မင်းက ငါ့စကားကိုနားထောင်ရမယ်။"

လင်ယိက ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကျွန်တော့်အတွက်လည်း တစ်စီးဝယ်လို့ရတယ်ဆိုတဲ့သဘောလား။"

မေမေလင်က ချက်ချင်းကန့်ကွက်လိုက်၏။

"မင်းက ဘာလုပ်ဖို့ ကားဝယ်မှာလဲ။ အသုံးတောင်မလိုဘဲနဲ့များ။

လင်ယိက မလှမ်းမကမ်းရှိ လင်ကျယ်ကိုလှမ်းကြည့်လိုက်သည်။

"သူက အထက်တန်းကျောင်းသားပဲရှိသေးတာ၊ သူကျ အသုံးဝင်တယ်ပေါ့?"

လင်ကျယ်က အထက်တန်းဒုတိယနှစ်သာ ရှိသေးသည်။ သူ၏စာပေလေ့လာမှုကို အာရုံစိုက်ရမည့်အစား သူက မကောင်းသောသူငယ်ချင်းများနှင့်သာ လျှောက်သွားပျော်ပါးနေတတ်သည်။

ထိုကဲ့သို့ဖြစ်နေတာတောင် ဖေဖေလင်နှင့် မေမေလင်တို့က သူ့အား အောင်မြင်လာမည့်သားလေးဟု ယုံကြည်နေကြဆဲပင်။

မေမေလင်က လင်ယိသည် သူ(မ)၏ အဖိုးတန်သားငယ်နှင့်ယှဥ်နေကြောင်း ကြားလိုက်ရသောအခါ နှာမှုတ်လိုက်ပြီး ပြောလိုက်လေသည်။

"မင်းညီနဲ့ ဘာလို့ယှဥ်နေရတာလဲ။ မင်းတို့နှစ်ယောက်က လုံးဝတခြားစီပဲ။"

သူ(မ)က သားကြီးကို အားနည်းကာ ယောက်ျားပီသမှုမရှိဟု ခံစားမိသဖြင့် သူ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ပေ။ သူ(မ)၏သားငယ်ကတော့ မတူ။ သူက အနာဂတ်မှာ မိသားစု၏ကျောရိုး ဖြစ်လာနိုင်မည့်သူပင်။

သူ(မ) အသက်ကြီးလာလျှင် သားငယ်ကိုအားကိုးရမည်ဖြစ်ရာ သူ(မ)၏မျှော်လင့်ချက်အလုံးစုံကို သားငယ်ထံပုံအပ်ထားသည်မှာ သဘာဝကျ၏။

လင်ယိက ရယ်မောလိုက်သည်။

"ဘယ်နေရာက မတူတာလဲ။ အမေတို့တွေ ဘက်လိုက်တာကိုပြောတာလား။"

သူက စကားနားထောင်ပြီး ဆင်ခြင်တုံတရားရှိကာ မိဘများကို စိတ်ပူပင်မှုတစ်စက်လေးတောင် မပေးခဲ့ပေ။ သို့တိုင် သူက ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဆက်ဆံခံနေရဆဲပင်။

မေမေလင်က အပြစ်ရှိစိတ်အနည်းငယ်လောက် ခံစားခဲ့ရသောကြောင့်ဖြစ်နိုင်ပြီး ချက်ချင်း ဖြတ်ပြောခဲ့သည်။

"မင်း ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ဦး။ ဒီလိုတွေပြန်ခံပြောနေမှတော့ မင်းကို ဘယ်သူက သဘောကျမှာလဲ။"

လင်ယိက ထေ့ငေါ့လိုက်၏။

"အရင်တုန်းက ကျွန်တော် အရာအားလုံးကို အမေတို့ ပြောတဲ့အတိုင်း နားထောင်ခဲ့ပေမဲ့လည်း အမေတို့က ကျွန်တော့်ကို သဘောမကျခဲ့ဘူးလေ။"

မေမေလင်က ချက်ချင်း ပြောလိုက်သည်။

"အရင်တုန်းကအကြောင်းတွေကို ဘာလို့ ပြန်ဆွဲထုတ်နေရနေတာလဲ! ငါက မင်းကို အခုလက်ရှိအကြောင်းကိုပြောနေတာ။"

သူ(မ)က သိသိသာသာ စကားလမ်းကြောင်းလွှဲချင်နေခဲ့သည်။

"မင်းညီအတွက် ကားတစ်စီးမြန်မြန်ဝယ်ပေးလိုက်။ အခု မင်းက ဟော့မိသားစုနဲ့ လက်ထပ်ပြီးသွားပြီဆိုတော့ ပိုက်ဆံရှိမှာပဲ။"

ထိုအကြောင်းပြောလိုက်သောအခါ သူ(မ)က အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

ဟော့မိသားစုက လက်ထပ်ရန်ကမ်းလှမ်းလာချိန်မှာ သူ(မ)က အပျော်ဆုံးလူသားဖြစ်ခဲ့၏။ မည်သို့ပင်ဆိုစေ ယင်းက လူတိုင်းတောင့်တနေသည့် အိက်မက်ထဲတောင် ထည့်မစဥ်းစားနိုင်သော ဟော့မိသားစုပင်!

သူ(မ)က သားငယ်ကို လက်ထပ်ပေးရန်ကြိုးစားနေစဥ် ဟော့မိသားစုက တိတ်ဆိတ်ပြီး နာခံမှုရှိသောသားကြီးကို ရွေးချယ်သွားခဲ့သည်။

ယင်းက သူ(မ)ကို စိတ်သောကရောက်စေခဲ့ပြီး ရက်အတော်ကြာသည်အထိ ကောင်းကောင်းမစားမသောက်နိုင်ခဲ့ပေ။

သို့သော် ဟော့မိသားစု၏စည်းစိမ်နှင့် ဩဇာအာဏာများကြောင့် ၎င်းတို့တွေ မကန့်ကွက်ရဲခဲ့ပေ။

သူ(မ)က ထိုအခွင့်အရေးကိုအသုံးချ၍ ဟော့မိသားစုဆီကနေ ပိုက်ဆံအများကြီးတောင်းရန် စဥ်းစားခဲ့သော်လည်း ၎င်းတို့က သူ(မ)ကို လုံးဝဂရုမစိုက်ခဲ့ကြပေ။

ယနေ့ချိန်အထိ ထိုကိစ္စကြောင့် မေမေလင်၏ရင်ထဲ အခဲမကျေဖြစ်နေပြီး လင်ယိကို ပို၍မနှစ်မြို့ခဲ့ပေ။

မေမေလင်က စကားထပ်များရဦးမည်ဟု မျှော်လင့်ခဲ့သော်လည်း လင်ယိက ရုတ်တရက် လက်ထောင်မြှောက်ကာ လင်ကျယ်ကို လှမ်းခေါ်လိုက်၏။

"ကားတွေကို အစမ်းမောင်းကြည့်ပြီး ဘယ်ဟာက အကောင်းဆုံးလဲဆိုတာ ကြည့်လိုက်။"

မူလက သူ့အစ်ကို 'အရှုံသမား' ကို ဂရုမစိုက်ခဲ့သော လင်ကျယ်က ယခု ထိုစကားကိုကြားလိုက်သည်နှင့် သူ့အမူအရာက ချက်ချင်း တောက်ပလာခဲ့သည်။

"ကောင်းပါပြီ ကော! ကျွန်တော် အခုချက်ချင်း သွားကြည့်လိုက်မယ်!"

ထို့နောက် သူက စိတ်လှုပ်ရှားစွာ ပြေးထွက်သွားတော့သည်။

မေမေလင်က သက်ပြင်းတစ်ချက်ချကာ လင်ယိကို သင်ခန်းစာပေးရန် အခွင့်အရေးယူလိုက်သည်။

"တွေ့တယ်မလား။ ငါတို့က မိသားစုတွေ။ အချင်းချင်း ကူညီရိုင်းပင်းသင့်တယ်..."

လင်ယိက တိုင်ကိုမှီထားပြီး သူ(မ)၏စကားများကို နားမထောင်ခဲ့ပေ။

သိပ်မကြာခင် လင်ကျယ်က စိတ်လှုပ်ရှားမှုဖြင့် ပြန်ရောက်လာခဲ့သည်။ ဝက်ခြံဗရပွရှိနေသော သူ့မျက်နှာက တောက်ပနေခဲ့လေ၏။

"ကာ၊ ကျွန်တော် ရွေးပြီးပြီ! ဒီဖယ်ရာရီက အကောင်းဆုံးပဲ! အရှိန်မြှင့်ပြီး သူ့အသံကို နားထောင်ကြည့်လိုက်!"

သူက ပြောနေရင်း ပြိုင်ကားကိုမောင်းကာ လမ်းပေါ်မှ အလှလေးများကိုဖမ်းစားမည့် မြင်ကွင်းအား စိတ်ကူးယဥ်နေခဲ့သည်။

တွေးလေတွေးလေ စိတ်လှုပ်ရှားလာလေလေပင်!

လင်ယိက ခေါင်းညိတ်လိုက်သည်။

"အင်း၊ ဒီဖယ်ရာရီက ကောင်းတယ်လို့ ငါလည်း ထင်တယ်။"

ပြောပြီးသည်နှင့် သူက အရောင်းတာဝန်ခံကိုရှာ၍ ငွေချေဖို့သွားခဲ့သည်။

လင်ကျယ်က ယခု မြှောက်ပင့်သည့် mode ကို on ထားပြီး လင်ယိအနောက်ကနေ တကောက်ကောက်လိုက်ကာ လင်ယိအတွက် ရေတစ်ခွက်တောင် ငှဲ့ပေးခဲ့သေးသည်။

လင်ယိက စာရွက်စာတမ်းမှာ လက်မှတ်ထိုးရင်း ထိုရေခွက်ကို တစ်ချက်ကြည့်လိုက်သော်လည်း မသောက်ခဲ့ပေ။

အမှန်တကယ်တော့ ငွေရှိလျှင် အရာရာတိုင်းက လွယ်ကူသွားမည်ပင်။

အချိန်တိုအတွင်း လင်ယိက ပြိုင်ကားတစ်စီးဝယ်ယူလိုက်သည်။

လင်ယိက ကားသော့ကို ပေါ့ပေါ့ပါးပါးလွှဲယမ်းလျက် ပြိုင်ကားဆီသို့ လျှောက်သွားခဲ့သည်။

လင်ကျယ်က စိတ်အားထက်သန်စွာဖြင့် အမြီးတန်းကာလိုက်ပါနေပြီး လက်နှစ်ဖက်ကိုဖြန့်လိုက်၏။

"ကော၊ ကျွန်တော့်ကို သော့လေးပေးပါ! ကျွန်တော် ကောကို အိမ်အထိ ကားနဲ့လိုက်ပို့ပေးမယ်!"

ခပ်ရှားရှားဆိုသလို မေမေလင်က သူ့ကို နွေးထွေးစွာပြုံးပြလာခဲ့သည်။

သို့သော် လင်ယိက မျက်ခုံးပင့်လိုက်၏။

"မင်းအတွက်ဝယ်ပေးမယ်လို့ ဘယ်သူကပြောမိလို့လဲ။"

လင်ကျယ်က အေးခဲသွား၏။

"ဘာ?"

မေမေလင်၏အပြုံးကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

လင်ယိက ၎င်းတို့ကိုကြည့်ကာ ပြုံးလိုက်၏။

"ငါ့အတွက်ငါဝယ်တာလေ။ မဆိုးဘူးမလား။"

ထိုသို့ပြောပြီးနောက် လင်ယိက ကားတံခါးဖွင့်ကာ မောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။ ထို့နောက် ကားစက်နှိုးလိုက်ရာ အင်ဂျင်အသံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။

ထိုအခါမှ မေမေလင်တစ်ယောက် အသိစိတ်ပြန်ကပ်လာခဲ့သည်။ သူ(မ)က ကားရှေ့ကို အမြန်သွားရပ်ကာ သူ့ကိုပိတ်ဆို့လိုက်၏။

လင်ယိက မျက်ခုံးတစ်ဖက်ပင့်လိုက်၏။

"ဘာဖြစ်လို့လဲ။"

သူ(မ)က စိတ်တိုးမာန်ဆိုး ပြောခဲ့သည်။

"မင်း ရှောင်ကျယ်အတွက်ဝယ်ပေးမယ်လို့ မပြောခဲ့ဘူးလား!"

လင်ယိက ပျင်းရိစွာဖြင့် စတီယာတိုင်ကို ဆုပ်ကိုင်လိုက်၏။

"ပြောခဲ့မိလို့လား။ ဘယ်တုန်းက ပြောလိုက်တာလဲ။"

မေမေလင်တစ်ယောက် မှင်တက်သွားခဲ့သည်။ သူ(မ) ပြန်တွေးကြည့်လိုက်သောအခါ သူက လင်ကျယ်အား အစမ်းမောင်းကြည့်ဖို့သာ ပြောခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူက သူ့အတွက် ကားဝယ်ပေးမည်ဟု တစ်ခါလေးတောင် မပြောခဲ့ဖူးပေ။

သူ(မ) လှည့်စားခံလိုက်ရကြောင်း သဘောပေါက်သွားပြီး ဒေါသထွက်ကာ ပြန်ပြောဖို့ပြင်လိုက်သော်လည်း—

လင်ယိက လီဗာကို နောက်တစ်ကြိမ်နင်းလိုက်ပြီး သူ(မ)အား အန္တရာယ်များသောအပြုံးတစ်ခုဖြင့် ပြောလာခဲ့သည်။

"ဖယ်မပေးဘူးဆိုတာ သေချာပြီလား။"

ထိုအခိုက်အတန့်မှာ သူ(မ)၏ကျောရိုးတစ်လျှောက် ကြက်သီးများထသွားခဲ့သည်။

သူ(မ) ဖယ်မပေးလျှင် လင်ယိက သူ(မ)ကို အမှန်တကယ်ဖြတ်တိုက်သွားတော့မည်ဟု ထိတ်လန့်ဖွယ်ခံစားချက်ကို ခံစားလိုက်ရသည်။

သူ စိတ်လွတ်နေပြီ!

သူ(မ)ရဲ့သားကြီးက လုံးဝရူးသွားပြီ!

သူ(မ) ကမန်းကတန်း ဘေးသို့ဖယ်ပေးလိုက်ရ၏။

လင်ယိက ကားအမိုးကိုဖွင့်ကာ မောင်းထွက်သွားပြီး ထိုသားအမိနှစ်ယောက်အတွက် လိုက်မမီနိုင်သော ကားအနောက်ခြမ်းမြင်ကွင်းကိုသာ ချန်ရစ်ခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment