အပိုင်း (၁၄)
ဟော့မျန်မျန်လေးက လင်ယိ၏မျက်နှာကို သုတ်ပေးပြီးသွားသည့်အခါမှာတော့ သူ့ခြေလှမ်းတိုတိုလေးများဖြင့် ကန်သင်းရိုးပေါ်သို့ တစ်လှမ်းချင်းစီ ပြန်လျှောက်သွားတော့သည်။
လင်ယိသည်လည်း ဆက်ပြီး ကောက်စိုက်နေလိုက်သည်။
သူ လယ်ကွင်းထဲ၌ စပါးပင်လေးကို ထိုးစိုက်လိုက်ရန် ပြင်လိုက်စဉ် သူ့လက်က ရွှံ့ထဲရှိအရာတစ်ခုခုနှင့် ထိမိသွားရ၏။ သို့ဖြစ်၍ သူကိုယ်ကို မတ်လိုက်ကာ စုတ်သပ်လိုက်မိသည်။
သူ့ဘေးတွင် ရှိနေသည့် ရှန်ဖုန်းက ချက်ချင်းဆိုသလို လှည့်ကြည့်ကာ မေးလိုက်သည်။
“ဘာဖြစ်တာလဲ။”
သူသည် လင်ယိ၏ လှုပ်ရှားမှုတိုင်းအား သိသိသာသာပင် စူးစမ်းလို့နေ၏။
လင်ယိက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါ ထူးဆန်းတဲ့အရာ တစ်ခုခုကို ထိမိလိုက်သလိုပဲ။ ဘယ်လိုကြီးလဲ မသိဘူး၊ ခံစားချက်က…”
လင်ယိ ပြောလို့မပြီးမီမှာပင် ရှန်ဖုန်းက အနားသို့ ခြေလှမ်းကျဲဖြင့် ရောက်လာပြီး
“မလှုပ်နဲ့၊ ငါ စစ်ကြည့်လိုက်မယ်။”
လင်ယိ: “….”
လူငယ်လေး... မင်း အရမ်း စိတ်လှုပ်ရှားနေတယ်လို့ မထင်ဘူးလား။
ထိုအချိန်၌ ရှန်ဖုန်းက အနားသို့ ရောက်ရှိနေပြီပင်။
သူက လယ်ကွင်းထဲသို့ မဆင်းရဲဟု လင်ယိ ပြောခဲ့သည်ကို စိတ်ထဲထားနေသေးရာ အစွမ်းပြချင်နေခဲ့၏။ သို့ဖြစ်၍ သူရောက်သည်နှင့် တစ်ပြိုင်နက် လင်ယိ ထိမိခဲ့သည့် ရွှံ့နွံထဲသို့ လက်နှိုက်ထည့်လိုက်သည်။
နောက်တစ်စက္ကန့်မှာတော့ သူသည် အော်ဟစ်လျက် လက်ကို ပြန်ဆွဲထုတ်လိုက်ကာ သုံးပေခန့်အမြင့်လောက်အထိ ခုန်လွှား၍ အဝေးသို့ ထွက်ပြေးသွားတော့၏။ ထို့နောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် …
“ဘယ်လို မိစ္ဆာကောင်ကြီးလဲ။ ချွဲကျိကျိနဲ့ အမွေးတွေလည်း ပါတယ်။”
သူ့ကို တားချိန်တောင် မရလိုက်သော လင်ယိ: “…..”
ရှန်ဖုန်း၏ ဆူညံသံကြောင့် တခြားဧည့်သည်များလည်း လန့်သွားပြီး ကောက်စိုက်နေသည်ကို ရပ်ကာ လှည့်ကြည့်လာကြ၏။
ကျောက်ကျင်းက အရင်ဆုံး မေးလိုက်သည်။
“ဘာဖြစ်တာလဲ။”
ရှန်ဖုန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် သူထိခဲ့သည့်နေရာကို ညွှန်ပြလိုက်ပြီး
“အဲဒီထဲမှာ မိစ္ဆာကောင်ကြီး ရှိနေတယ်။”
လင်ယိ: “???”
လင်ယိ: “တကယ်တော့…”
လင်ယိ ပြော၍မပြီးသေးမီမှာပင် ကျောက်ကျင်းက အနားသို့ လျှောက်လာကာ ဆို၏။
“ကျွန်တော် တစ်ချက်လောက် ကြည့်လိုက်မယ်။”
ထိုသို့ပြောရင်း သူက ရွှံ့နွံထဲသို့ လက်ဖြင့် နှိုက်ထည့်လိုက်သည်။
အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်သည့်သူက ရိုက်ကူးရေးအတွင်း၌ ဖြစ်ပေါ်လာသော ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနေကျဖြစ်၏။
သို့ရာတွင် ရှန်ဖုန်းကဲ့သို့ပင် သူသည်လည်း လက်ကို ချက်ချင်း ပြန်ဆွဲထုတ်လိုက်ပြီး မှတ်ချက်ပြုလာတော့သည်။
“ဒါကြီးက ပါးစပ်ပါတယ်။ သူက ကိုက်မဲ့ပုံပဲ။”
သူက ရှန်ဖုန်းထက် ပို၍ တည်ငြိမ်နေသော်ငြား ထင်ရှားစွာပင် ထိတ်လန့်သွားခဲ့ရ၏။
ထိုမြင်ကွင်းကို မြင်သည်နှင့် ကျိုးခယ်နှင့် ဟဲ့နျန်တို့ကလည်း အပြေးအလွှား ရောက်ရှိလာကြတော့သည်။
အချိန်ခဏလေးမှာတင် ဧည့်သည်အားလုံးက ထိုနေရာ၌သာ စုရုံးမိသွားကြလေပြီ။
လူတိုင်းက ထိုနေရာကိုသာ အလေးအနက်ဖြင့် စိုက်ကြည့်နေကြသည်။
ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူ လင်ယိ: “….”
[ဝိုး… အတော်လေး ကြောက်စရာကောင်းတာပဲ။]
[ချွဲကျိကျိနဲ့ အမွေးတွေလည်း ရှိတယ်။ ပါးစပ်လည်း ပါတယ်တဲ့။ ကြောက်ဖို့ကောင်းလိုက်တာ။]
သူ့ဘေးတွင် ရပ်နေသည့် ရှန်ဖုန်း၏ မျက်လုံးများက အလန့်တကြားနှင့် ဝိုင်းစက်လာခဲ့ကာ လင်ယိကို တားရန် ကြိုးစားလိုက်၏။
“မင်း ဘာလုပ်တာလဲ။ အဲဒါကြီးက မင်းကို ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ။”
လင်ယိကမူ ရှန်ဖုန်း၏စကားများကို လျစ်လျူရှုလိုက်ကာ တုံ့ဆိုင်းခြင်းမရှိပါဘဲ ရွှံ့နွံထဲသို့ ဆက်နှိုက်လိုက်သည်။
ဘေးမှ ကြည့်နေသူအားလုံးကလည်း မျက်လုံးအပြူးသားနှင့် သူ့လှုပ်ရှားမှုကို စောင့်ကြည့်နေကြ၏။
လင်ယိ၏လက်က ရွှံ့နွံထဲသို့ ရောက်ချိန်တွင်တော့ သူသည် တစ်စုံတစ်ရာကို ဆုပ်ကိုင်လျက် အပြင်သို့ ပြန်ဆွဲထုတ်လိုက်သည်။
သူသည် စိတ်ကုန်နေသည့်အလား လူတိုင်းကို ကြည့်လိုက်ပြီး
“ဒါက ခွေးအရုပ်လေးတစ်ရုပ်ပါပဲ။ မင်းတို့က ဘာကို ကြောက်နေကြတာလဲ။”
လူတိုင်း: "??"
ခွေးရုပ်လေးလား???
သူတို့ အနီးကပ်ကြည့်လိုက်ရာ လင်ယိ၏လက်ထဲတွင် ရွှံ့နွံများကြောင့် ညစ်ပတ်ပေရေနေသော ခွေးအရုပ်လေးတစ်ရုပ်က တကယ် ရှိနေ၏။
သူတို့ကြောက်နေခဲ့တာက ခွေးရုပ်လေးတစ်ရုပ်ပဲပေါ့။
အသံအကျယ်ဆုံး အော်ဟစ်ခဲ့တဲ့သူ ရှန်ဖုန်း: “….”
ချီး… အရမ်းရှက်စရာကောင်းတာပဲ။
[ဟားဟား… လင်ယိရဲ့ စိတ်ကုန်နေတဲ့ မျက်နှာအမူအရာကြီးက ငါ့ကို တစ်နှစ်ပတ်လုံးရယ်အောင် လုပ်နိုင်လောက်တယ်။]
[အမွေးနဲ့ ပါးစပ်ပါတယ်။ ဒါပေမဲ့ ခွေးရုပ်လေးတစ်ရုပ်ပဲ။]
[ဒီအခန်းက ဘာလို့ အရမ်းရယ်စရာ ကောင်းနေရတာလဲ။]
[လင်ယိကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်ပဲနော်။]
[ငါ ဆုံးဖြတ်လိုက်ပြီ။ အခုအချိန်ကစပြီးတော့ လင်ယိကိုပဲ ငါ အားပေးတော့မယ်။]
လေထုက ခဏတာလောက် ကသိကအောက်ဖြစ်သွားခဲ့ရသည်။
မှန်၏။ တခြားသူအတွက်များသာ ကသိကအောက် ဖြစ်သွားခဲ့ခြင်းပင်။ လင်ယိကမူ ညစ်ပတ်နေသည့် ခွေးရုပ်လေးကို ကိုင်ထားကာ ကန်သင်းရိုးပေါ်တွင် ရှိနေသည့် ကလေးများကို မေးလိုက်သည်။
“ဒါဘယ်သူ့ဟာလဲ။”
ခွေးရုပ်လေးကို မြင်သည့်အခါမှာတော့ ရှောင်နျန်ကောင်းက တစ်ခုခုကို သတိရသွားဟန်ဖြင့် ချီတုံချတုံနှင့် လက်မြှောက်လိုက်သည်။
“ကျွန်တော့်ဟာပါ။”
သူ့သူငယ်ချင်းလေးများနှင့် ဆော့နေသည့်အချိန်၌ အမှတ်မထင် ပစ်လိုက်မိခဲ့ခြင်းပင်။ သို့ပေသည့် သူ ပျော်ရွှင်နေသဖြင့် ပြန်ကောက်ရန် မေ့သွားခဲ့သည်။
သည်လို သတိမမူမိခြင်းက အရှုပ်အထွေးတစ်ခု ဖြစ်လာစေလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။
[ဟားဟားဟား… အမှုဖြေရှင်းပြီးသွားပြီ။]
[ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူရမယ်ဆိုရင်… နောက်တစ်ခါ ခွေးရုပ်လေးတွေ ပစ်တဲ့အခါကျရင် လယ်ကွင်းထဲကို မပစ်နဲ့တဲ့။ မဟုတ်ရင် တခြားသူတွေ အော်ဟစ်လာတဲ့အထိ ခြောက်လိုက်မိလိမ့်မယ်။]
[ရှန်ဖုန်း: အဲဒီအကြောင်း မပြောနေကြနဲ့။ ဒီနေ့တော့ ငါ လူတိုင်းရှေ့မှာ အရှက်ကွဲသွားပြီ။]
[ရပါတယ်၊ တခြားဂြိုလ်တစ်ခုကို ပြောင်းသွားလို့ အချိန်ရသေးတယ်လေ။]
ထိုအဖြစ်အပျက်လေး ပြီးသွားသည့်နောက်မှာတော့ ဧည့်သည်များက ကောက်ဆက်စိုက်နေခဲ့ကြပြီး ကျန်ရှိနေသည့် တာဝန်များကို မြန်မြန်အပြီးသတ်လိုက်ကြတော့သည်။
လင်ယိကမူ လယ်ကွင်းထဲမှ ထွက်လာပြီးသည့်နောက်၌ ဟော့မျန်မျန်အား အနီးအနားရှိ စမ်းချောင်းလေးရှိရာသို့ ခေါ်သွားကာ ဆေးကြောသန့်စင်ပေးလိုက်သည်။
သားအဖနှစ်ယောက်စလုံးက ရွှံ့စေးများဖြင့် ပေကျံနေခဲ့၏။
လင်ယိက လျင်မြန်စွာပင် စမ်းချောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခဏလေးအတွင်းမှာပင် ဆေးကြောသန့်စင်၍ ပြီးသွားခဲ့သည်။
ထို့နောက် စမ်းချောင်းထဲမှ ရေကို လက်ဖြင့်ခပ်ကာ နှစ်ကြိမ်မျှ မျက်နှာကို ဆေးကြောပစ်လိုက်ရာ ချက်ချင်းဆိုသလို လန်းဆန်းသွားခဲ့ရသည်။
သူသည် ပင်ကိုချောမောသူဖြစ်ရာ ယခုအခါ မျက်ခုံးနှင့် မျက်လုံးတို့ထက်၌ ရေစက်ကလေးများ တင်ကျန်နေသောကြောင့် ပို၍ပင် လန်းဆန်းကြည်လင်နေကာ ခံ့ညားနေသယောင်။ သူ့မျက်ဝန်းတို့မှာလည်း ကြည်လင်နေသည့် စမ်းချောင်းလေးနှင့် တူလှပေ၏။
[အား… ငါ့ယောက်ျားက ဘာလို့ ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ။]
[ဒါက ငါ့ယောက်ျားပဲ။ ဘယ်သူမှ လာမလုနဲ့။]
ဆေးကြောသန့်စင်၍ ပြီးသွားသည့်အခိုက် လင်ယိက သူ့ဘေးတွင် ရှိနေသည့် မြက်ခင်းပေါ်၌ ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်ပြီး ဟော့မျန်မျန်ကို လှမ်းကြည့်လိုက်သည်။
ထိုအချိန်၌ ဟော့မျန်မျန်လေးက စမ်းချောင်းလေးဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် သူ့လက်သေးသေးလေးများဖြင့် ဆေးကြောနေဆဲပါပင်။
သူ့လှုပ်ရှားမှုများက အသေးစိတ်ကျလှ၏။ သူသည် ကောင်းကောင်းမသန့်ရှင်းသွားမည်ကို စိုးရိမ်သည့်နှယ် လက်ချောင်းတိုင်းအား ဂရုတစိုက် ဆေးကြောလို့နေသည်။
သူ ဆောင့်ကြောင့်ထိုင်ကာ မျက်လွှာလေးချ၍ လေးလေးနက်နက် လက်ဆေးနေပုံမှာ နူးညံ့လှသည့် ဖက်ထုပ်လေးတစ်ခုနှယ်။
ထိုမြင်ကွင်းလေးက အင်မတန် စိတ်အေးချမ်းစရာကောင်းလှပြီး animation ဇာတ်ကားထဲမှ မြင်ကွင်းလေးတစ်ခုလို ဖြစ်နေလေသည်။
လင်ယိက သူ့ကို မနှောင့်ယှက်ခဲ့ပေ။ ဟော့မျန်မျန် လက်မဆေးပြီးမီအထိ သူက ခပ်ပြုံးပြုံးဖြင့် စောင့်ကြည့်နေလိုက်၏။ ထို့နောက်မှသာ သူ ပြောလိုက်မိခြင်းပင်။
“ကြည့်ရတာ ငါတို့ မျန်မျန်လေးက OCD ဖြစ်နေသလိုပဲ။”
ဟော့မျန်မျန်က လင်ယိရှိရာသို့ ခေါင်းလေးစောင်းကာ ကြည့်လာသည်။
OCD ဆိုတာ ဘာကိုဆိုလိုတာလဲ။
သူသည် OCD ၏ ဆိုလိုရင်းကို နားမလည်ပါသော်ငြား သူ့ကိုယ်သူတော့ စေ့စေ့စပ်စပ် ဆေးကြောသန့်စင်ရန် လို၏။
[OCD နဲ့ကလေးလေးက ပိုချစ်ဖို့ ကောင်းသေးတယ်။ ဟုတ်တယ်မလား။]
[မျန်မျန်လေးရဲ့ အနံ့မွှေးမွှေးလေးကို ဖန်သားပြင်ကနေတောင် ခံစားနိုင်သလိုပဲ။]
[ငါတို့မျန်မျန်လေးက ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးပဲ။]
ဆေးကြောသန့်စင်၍ ပြီးသွားသည့်အခါမှာတော့ ဟော့မျန်မျန်လေးက လင်ယိရှိရာသို့ လျှောက်သွားကာ မြက်ခင်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
သူက အင်မတန် နူးညံ့လှပေရာ ထိုင်ချလိုက်သည့်အခါ၌ ဖက်ထုပ်လေးပမာ တုန်ခါသွားခဲ့၏။
ထိုအခိုက်အတန့်၌မူ လင်ယိက လက်နှစ်ဖက်ကို နောက်ကျောတွင် ထောက်ထားလျက် မြက်ခင်းပြင်ပေါ်မှာသာ အေးအေးလူလူ ထိုင်နေခဲ့သည်။ သူသည် မျက်လုံးကို မှေး၍ နွေးထွေးသော နေရောင်ခြည်နှင့် လေပြည်အေးတို့ကို ခံစားနေခဲ့သည်။
ဟော့မျန်မျန်လေးသည်လည်း လင်ယိကို ခဏလောက် ကြည့်ကာ သူ့ဖေဖေလေးအား တုပ၍ နေရောင်ခြည်နှင့် လေပြည်လေညင်းတို့ကို ခံစားနေခဲ့သည်။
ထို့နောက် သူ၏ ဖောင်းအိအိလက်ကလေးနှင့် ခြေထောက်တို့ကို ဖြန့်ကားလိုက်ပြီး နေရောင်ထဲ၌ ဆော့ကစားနေသည့် ကြောင်ပေါက်လေးတစ်ကောင်အလား ညင်ညင်သာသာလေး လှုပ်ယမ်းနေခဲ့၏။
[အား… ငါ့ကိုလည်း ပါခိုင်းပါ။ ဒီအခန်းမှာ ငါလည်း ပါဖို့ လိုတယ်။]
[ဘုရားရေ... ဒီသားအဖနှစ်ယောက်ကတော့ အားကျစရာ ကောင်းလိုက်တာ။]
[လွတ်လွတ်လပ်လပ် နေတယ်ဆိုတာ ဒီလိုမျိုးပေါ့။ ငါ အခု အဲဒီလိုမျိုး ခံစားလိုက်ရတယ်။]
နာရီဝက်ခန့်ကြာပြီးနောက် လင်ယိက ဟော့မျန်မျန်အား လယ်တဲရှိရာသို့ ပြန်ခေါ်သွားခဲ့သည်။
သူတို့ လိမ္မော်ပင်ရှိသည့်နေရာကို ရောက်သည့်အခါ လင်ယိက ရပ်လိုက်ပြီး ဟော့မျန်မျန်ကို လှမ်းခေါ်လိုက်သည်။
“သားလေး…”
သူက ဘာကြောင့် ဟော့မျန်မျန်ကို ခေါ်နေမှန်း ကြည့်ရှုသူများက နားမလည်နိုင်ခဲ့ကြချေ။
သို့ပေသည့် ဟော့မျန်မျန်ကမူ လင်ယိအား ချီခိုင်းလိုဟန်ဖြင့် သူ့လက်ကလေးကို ဆန့်ထုတ်ပေးလိုက်၏။
လင်ယိတစ်ယောက် ပြုံးကာ မျက်ခုံးပင့်လိုက်မိသည်။ ထို့နောက် ဟော့မျန်မျန်ကို လိမ္မော်ပင်ရှိရာသို့ မြှောက်တင်ပေးလိုက်တော့သည်။
ဟော့မျန်မျန်လေးက အတော်လေး ကျွမ်းကျင်နေပြီဖြစ်ရာ သူ့လက်သေးသေးလေးဖြင့် အကိုင်းတစ်ခုကို ဆွဲချပြီး လိမ္မော်သီးတချို့ကို မြန်မြန်ဆန်ဆန် ခူးလိုက်၏။
အတန်ကြာသည့်အခါ လင်ယိက သူ့ကို ပြန်ချပေးလိုက်သည်။
ထို့နောက် သားအဖနှစ်ယောက်က လိမ္မော်သီးများကို ကိုင်လျက် အိမ်ထဲသို့ ဝင်သွားကြပါလေတော့သည်။
ထိုဖြစ်စဉ်တစ်ခုလုံးက ၂ မိနစ်တောင် မကြာခဲ့လိုက်ပေ။
“???”
[ဟားဟား၊ ကြည့်လိုက်ကြ။ အဲဒါမှ ပြီးပြည့်စုံတဲ့ အပေးအယူလို့ ခေါ်တာ။]
[ငါတော့ အံ့အားသင့်နေမိပြီ။]
[ဝါး… ငါလည်း လိမ္မော်သီးတစ်လုံးလောက် စားလို့ရမလား။]
[ငါ့ကိုလည်း တစ်လုံးပေး။ ငါ လောဘမကြီးပါဘူး။ တစ်မြွှာလေးပဲ လိုချင်တာပါ။]
[လိမ္မော်သီးမဟုတ်ဘဲနဲ့ အခွံလည်း ရပါတယ်။]
[ဟားဟား… လိမ္မော်သီးခွံကိုတောင် အခု လိုချင်နေကြပြီလား။]
လင်ယိနှင့် ဟော့မျန်မျန်တို့ လယ်တဲရှိရာသို့ ပြန်ရောက်ချိန်မှာတော့ နေ့လယ်စာ ပြင်ဆင်ရမည့်အချိန်သို့ ရောက်ရှိလာခဲ့လေပြီ။
ယနေ့တွင် ထုတ်လုပ်ရေးအဖွဲ့က မိသားစုတစ်စုချင်းစီအတွက် လတ်ဆတ်ကာ သဘာဝအတိုင်း စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များစွာကို ပေးထားခဲ့သည်။
ထိုဟင်းသီးဟင်းရွက်များကို လယ်တဲပိုင်ရှင်က ကိုယ်တိုင် စိုက်ပျိုးထားခြင်းဖြစ်၍ လတ်ဆတ်ကာ ကျန်းမာရေးနှင့် ညီညွတ်လှပေသည်။ ပုံမှန်အားဖြင့် သူတို့ စားသုံးနိုင်မည့် အရာမျိုးမဟုတ်ပေ။
လင်ယိ ပါဝင်ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ အာလူး၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်စိမ်းအချို့ကို တွေ့ရှိလိုက်ရ၏။
ထို့နောက်မှာတော့ သူက ရေခဲသေတ္တာထဲသို့ ထပ်ရှာကြည့်လိုက်ရာ ကာရီအတုံးလေးများပါသည့် ဘူးတစ်ဘူးရှိနေသည်ကို တွေ့လိုက်ရသည်။
ကာရီတုံးလေးများက အင်မတန် အသုံးတည့်လှသည့် ပစ္စည်းပါပင်။ ယင်းကို အိုးထဲသို့ ထည့်လိုက်သည်နှင့် အခြားအမွှေးအကြိုင်များ ထပ်ထည့်ရန် မလိုတော့ချေ။
လင်ယိတစ်ယောက် သူ၏ စဉ်းစားဉာဏ်ကြောင့် အံ့အားသင့်မိသွားရကာ မှတ်ချက်ပြုလိုက်မိ၏။
“ငါက ဟင်းချက်တဲ့နေရာမှာ ပါရမီပါနေတဲ့ပုံပဲ။ ငါ တစ်နေ့ကျ ရုတ်တရက် စားဖိုမှူးဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ။”
ထိုသို့ပြောရင်းနှင့် သူက အတည်ပေါက်ဖြင့် စက္ကန့်အနည်းငယ်ခန့်လောက် စိတ်ပူနေမိခဲ့သည်။
[ဟားဟားဟား… မင်းက အဲဒါကို တကယ်စိတ်ပူနေတယ်ပေါ့။]
[မဖြစ်လာနိုင်တဲ့ အရာတွေအတွက်တော့ စိတ်မပူပါနဲ့ဦး။]
[လင်ယိ: မင်းတို့ ငါ့ကို မယုံဘူးပေါ့။]
[ဟုတ်တယ်၊ ငါတို့ မင်းကို လုံးဝမယုံဘူး။]
လင်ယိက အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီနှင့် ကြက်သားတို့ကို အသုံးပြုကာ ကာရီထမင်း (curry rice) ကို ရိုးရိုးရှင်းရှင်း ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် အာလူးအခွံနွှာရန်အတွက် နေရာတစ်ခုကို ရှာလိုက်ကာ ဟော့မျန်မျန်ထံ လှမ်းပြောလိုက်သည်။
“မျန်မျန်၊ ငါတို့ အလုပ်ခွဲလုပ်ကြရအောင်။ ငါက အာလူးအခွံနွှာမယ်။ မင်းကတော့ အဲဒါတွေကို ဆေးပေး။”
ဟော့မျန်မျန်က လိမ္မာစွာဖြင့် ခေါင်းညိတ်ပြကာ ရေသွားခပ်လိုက်၏။
မကြာမီမှာပင် သူက ရေဇလုံကို ကိုင်လျက် လင်ယိထံသို့ ပြန်လာခဲ့သည်။
လင်ယိက ချီးကျူးပေးလိုက်သည်။
“လိမ္မာတဲ့ကောင်လေး။”
ဟော့မျန်မျန်မှာမူ ချီးကျူးစကားကြောင့် ကျေနပ်စွာဖြင့် ပြုံးလိုက်မိ၏။
လင်ယိက အခွံနွှာပြီးသား အာလူးများကို ဇလုံထဲသို့ ပစ်ထည့်လိုက်ပြီး
“ဆေးလိုက်တော့။”
ဟော့မျန်မျန်က အားလူးကြီးကို ကြည့်ကာ အနည်းငယ် ဒုက္ခတွေ့နေလေသည်။
အာလူးက အရမ်းကြီးတာပဲ။
သူ အာလူးကို ယူဖို့အတွက် လက်လှမ်းလိုက်သော်ငြား သူ့လက်ကလေးက အားလူးကိုင်ရန် လွန်စွာ သေးငယ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ဟော့မျန်မျန်က မျက်တောင်ခတ်လိုက်ကာ တခြားဆေးကြောနည်းတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူသည် အာလူးကို ရေဇလုံထဲမှာ လည်ပတ်သွားစေရန်အတွက် တွန်းနေလိုက်သည်။
ဟော့မျန်မျန်က အာလူးကို ကြည့်ကာ ရုတ်တရက် ပျော်စရာကောင်းသည်ဟု ထင်မိလိုက်၏။ သို့ဖြစ်ရာ သူသည် လင်ယိဘက်သို့ မျက်နှာမူလိုက်ပြီး
“ဖေဖေလေး။”
လင်ယိ ပြန်တုံ့ပြန်လိုက်သည်။
“ဘာဖြစ်လို့လဲ။”
ဟော့မျန်မျန်က ဇလုံထဲရှိ အာလူးကို ညွှန်ပြလျက် ညင်ညင်သာသာ ပြောလာ၏။
“ကြည့်ပါဦး၊ အာလူးက ရေကူးနေတယ်~”
ထို့နောက် သူက အာလူးကို အကြိမ်အနည်းငယ်ခန့် ထပ်တွန်းနေလိုက်ပြန်သည်။
[အိုး... ကလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ။]
[အာလူးက ရေကူးနေတယ်တဲ့။ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လဲ။]
[ငါလည်း မျန်မျန်လေးနဲ့တူတဲ့ ကလေးတစ်ယောက်လောက် လိုချင်လိုက်တာ။ ကျေးဇူးပြုပြီး ငါ့ကိုလည်း တစ်ယောက်လောက် ပေးကြပါဦး။]
ဟော့မျန်မျန်၏ ချစ်စဖွယ် အပြုအမူကို မြင်သည့် လင်ယိက မေးလိုက်သည်။
“အာလူးက ရေကူးနေတာဆိုတော့ မျန်မျန်လည်း ရေကူးသင်ချင်လား။”
ဟော့မျန်မျန်က ချက်ချင်းပင် ခေါင်းခါပြလာသည်။
“ဟင့်အင်း။”
ရေက ကြောက်စရာကောင်းသည်ဟု သူထင်သည်။
လင်ယိက သူ့ကို စနောက်လိုက်သည်။
“ရေကူးတာ မသင်ချင်ရင် မင်းဖင်လေးကို အရိုက်ခံရလိမ့်မယ်နော်။”
ဟော့မျန်မျန်ခမျာ ထိတ်လန့်စွာနှင့် သူ့တင်ပါးလေးကို မြန်မြန်ကာလိုက်၏။
အဲဒီလောက် ကြောက်စရာကောင်းတယ်လား။
[ဟားဟားဟား... ငါတို့ရဲ့ ပေါင်ပေ့လေးကို မခြောက်ပါနဲ့။]
[ဒါပေမဲ့ ကလေးတွေအတွက် ရေကူးသင်တာက ပိုလွယ်တယ်လို့ ငါ ကြားဖူးတယ်။]
[တကယ်လား၊ အခုပဲ ငါ့တူလေးကို ရေကူးကန်ကို ခေါ်သွားတော့မယ်။]
[တူလေး: ကျေးဇူးအများကြီးတင်ပါတယ်။]
များမကြာမီမှာပင် လင်ယိက ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်၍ပြီးသွားခဲ့သည်။ ထို့နောက် သူက ၎င်းတို့ကို အရင်မွှေကြော်လိုက်ပြီး ရေထည့်ကာ အဆုံးတွင်တော့ ကာရီအတုံးလေးများကို ထည့်လိုက်သည်။
ယခုအခါမှာတော့ သူ အိုးအဖုံးကို ပိတ်ထားကာ ကျက်လာမည့်အချိန်အထိ စောင့်နေရန်သာ လိုအပ်တော့သည်။
အားလုံးပြီးသွားပါက မွှေးကြိုင်လှသည့် ကာရီအား ထမင်းပေါ်သို့ လောင်းချလိုက်ရမည် ဖြစ်သည်။ ပြီးလျှင် ကာရီကြက်သားထမင်းက အသင့်ဖြစ်လေပြီ။
လင်ယိက သက်ပြင်းထပ်ချလိုက်မိပြန်သည်။ သူသည် Master chef တစ်ယောက် ဖြစ်လာတော့မည့်နှယ် ခံစားလိုက်ရ၏။
[ဟားဟားဟား... မင်းအတွေးလွန်နေပြီ။]
[အံ့ဩစရာပဲ၊ တစ်စုံတစ်ယောက်ကတော့ Master chef ဖြစ်လာဖို့ တကယ် စိတ်ကူးယဉ်နေတယ်ပေါ့။ ဒီယုံကြည်ချက်တွေကို ဘယ်ကနေ ရလာတာလဲ။]
နေ့လယ်စာကျက်ရန် စောင့်နေစဉ်အတွင်း၌ လင်ယိတစ်ယောက် ကော်ဖီစားပွဲပေါ်ရှိ ပီကေကို တွေ့ရှိသွားခဲ့၏။ သူ နှစ်ခုယူလိုက်သည်။
သူ တစ်ခုကို ခွာကာ ပါးစပ်ထဲပစ်ထည့်လိုက်ပြီး ကျန်သည့်တစ်ခုကိုမူ ဟော့မျန်မျန်အား ကမ်းပေးလိုက်သည်။
“သားလေး… ပီကေ စားမလား။”
ဟော့မျန်မျန်က ခေါင်းညိတ်ကာ ယူလိုက်သည်။
လင်ယိက ပေါ့ပေါ့ပါးပါးနှင့် ပီကေဝါးရင်း ဆိုဖာကို မှီလိုက်မိသည်။
အစတွင်တော့ ဟော့မျန်မျန်က စနစ်တကျ ထိုင်နေခဲ့သော်ငြား လင်ယိ၏ ကိုယ်နေဟန်ထားကို မြင်သည့်အခါမှာတော့ သူလည်း လိုက်တုပကာ ပစ်လှဲချလိုက်သည်။ ခြေပစ်လက်ပစ်လဲလျောင်းနေသည့် သူ့ခန္ဓာကိုယ်လေးမှာ ပင်လယ်ဖျံတစ်ကောင်က ပက်လက်အိပ်နေသည့်နှယ်။
[ကယ်ကြပါဦး၊ ငါ ဘာတွေ မြင်နေရတာလဲ။ ငါတို့မျန်မျန်လေးမှာ ဒီလိုဘက်ခြမ်းမျိုးလည်း ရှိနေတာလား။]
[ဟားဟားဟား... မျန်မျန်လေး၊ မင်းက ဘာလို့ မင်းဖေဖေလေးလုပ်တာ အကုန်လုံး လိုက်လုပ်နေရတာလဲ။]
[အထင်မလွဲကြနဲ့ဦး၊ ငါလည်း ပုံမှန်ဆို ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်လဲလျောင်းလိုက်တာပဲ။ အရမ်းသက်သောင့်သက်သာရှိတာ။]
အတန်ကြာဝါးနေပြီးနောက် လင်ယိက ပီကေကို ပူဖောင်းကြီးကြီးဖြစ်အောင် မှုတ်ထုတ်လိုက်ပြီး ကျွမ်းကျင်စွာပင် ပြန်ငုံလိုက်ကာ ဆက်ဝါးနေခဲ့သည်။
ဟော့မျန်မျန်က လင်ယိကို ကြည့်ကာ သူလည်း ပူဖောင်းအကြီးကြီး မှုတ်ရန် ကြိုးစားလိုက်၏။
နောက်တစ်စက္ကန့်တွင်တော့ ‘ဖောက်’ ခနဲ အသံနှင့်အတူ ပူဖောင်းက ပေါက်ထွက်သွားပြီး သူ့မျက်နှာတစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။
ဟော့မျန်မျန်: “…..”
ဟမ်။
ဘာဖြစ်သွားမှန်း မသိလိုက်သည့် လင်ယိတစ်ယောက် လှည့်ကြည့်လိုက်ချိန်တွင်တော့ ဟော့မျန်မျန်၏ ပါးစပ်တစ်ဝိုက်၌ အဖြူရောင်များ ပေကျံနေသည်ကို မြင်လိုက်ရ၏။
အဓိကအချက်မှာမူ ပီကေဖြင့် မျက်နှာတစ်ပြင်လုံး ဖုံးအုပ်ခံထားရသည့် ဟော့မျန်မျန်က အပြစ်ကင်းစင်စွာနှင့် မျက်တောင်လေးခတ်လျက် တွေဝေနေသည့်ဟန်။
လင်ယိ: “ဟားဟားဟားဟား။"
သူသည် ဟော့မျန်မျန်လေးအား သနားညှာတာခြင်းမရှိဘဲ ဆိုဖာပေါ်မှ ပြုတ်ကျလုမတတ် ရယ်နေတော့၏။
ဟော့မျန်မျန်: "..."
QAQ!
[ဟားဟားဟားဟားဟား။]
[ဟားဟား... ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်။]
[အားလုံးပဲ မရယ်ကြနဲ့တော့၊ ငါတို့ မျန်မျန်လေးကို သိက္ခာလေး နည်းနည်းပါးပါးတော့ ချန်ထားပေးသင့်တယ်မလား။]
***
Aurora Novel Translation Team