အပိုင်း (၄)
လင်ယိက လေညင်းခံရင်း ဖယ်ရာရီကို ဗီလာသို့ပြန်မောင်းလာခဲ့သည်။
ခံစားချက်ကလား။
လင်ယိ အရင်က တစ်ခါမှမရဖူးသော လန်းဆန်းတက်ကြွမှုမျိုးကို ခံစားနေခဲ့ရသည်။
အသိအမှတ်ပြုသင့်သည်ကိုတော့ အသိအမှတ်ပြုရပေမည်။ လင်ကျယ်က တော်တော်လေးအမြင်ရှိသူဖြစ်သည်။ ဤဖယ်ရာရီမော်ဒယ်မှာ ချောမွေ့သောလုပ်ဆောင်ချက်များရှိပြီး စွမ်းဆောင်ရည်မြင့်မားသလို အကောင်းဆုံးအချက်ကတော့ အမိုးဖွင့်လို့ရခြင်းဖြစ်၏။
သေချာပေါက်ဆိုသလို ဤမျှကားအကောင်းစားကို လင်ယိက သူ့အတွက်သူသုံးဖို့သာ ဝယ်မည်ပင်။ သူက မျှော့တစ်ကောင်ကဲ့သို့သော ညီဖြစ်သူအတွက် ငွေများဖြုန်းတီးပစ်မည့် ငတုံးတစ်ယောက်မဟုတ်။
ဗီလာသို့ပြန်ရောက်လာသောအခါ လင်ယိက ကားကို သေသေသပ်သပ်ဝိုက်ကွေ့လိုက်ပြီး ကားထားရာနေရာ၌ ရပ်လိုက်သည်။ ထို့နောက် ကားပေါ်ကနေဆင်းကာ သော့ကိုလက်ထဲမှာယမ်းရင်း အထဲသို့လျှောက်သွားခဲ့လေ၏။
အိမ်တော်ထိန်းက သူ့ကို ချက်ချင်း ကြိုဆိုနှုတ်ဆက်ခဲ့သည်။
"လူကြီးမင်းလင်၊ ပြန်လာပါပြီလား။"
လင်ယိက ပေါ့ပေါ့ပါးပါး 'အင်း' ဟုခေါင်းညိတ်ပြကာ အပေါ်ထပ်သို့တက်သွားခဲ့သည်။
အိမ်တော်ထိန်းက ကပျာကယာနှင့် သူ့အနောက်ကနေလိုက်ကာ ခေါ်လာခဲ့သည်။
"လူကြီးမင်းလင်၊ သခင်လေးက မအိပ်သေးပါဘူး။ သူ့ကို သွားကြည့်ပါဦးမလား။"
လင်ယိက တွေးလိုက်လေ၏။
သူက ဘာလို့ ဟော့မျန်မျန်ကို သွားကြည့်ရမှာလဲ။
ထို့နောက် အိမ်တော်ထိန်းက သူ့ကို ကလေးနှင့် အချိန်ပိုဖြုန်းပေးရန် တောင်းဆိုထားကြောင်း အမှတ်ရလိုက်သည်။ ယင်းက ကလေးငယ်အား ပိုမိုတက်ကြွလာစေပြီး လူများနှင့် ပိုမိုထိတွေ့မှုရှိစေရန်ဖြစ်၏။
၎င်းကိုတွေးလျက် လင်ယိက အိမ်တော်ထိန်းကို တစ်ချက်ကြည့်လိုက်သည်။
အသက် ၆၀ ပြည့်တော့မည်ဖြစ်သည့် သနားစရာလူအိုကြီးက မိမိ၏ကျန်းမာရေးထက် သခင်လေးကို စိုးရိမ်နေရှာသည်။
ဤသို့ဖြင့် လင်ယိတစ်ယောက် ဦးတည်ရာပြောင်းကာ ဟော့မျန်မျန်၏အခန်းဘက်သို့ ခြေဦးလှည့်လိုက်၏။
"ကောင်းပါပြီ၊ ကျွန်တော်သွားလိုက်ပါ့မယ်။"
မည်သို့ပင်ဆိုစေ သူ့မှာလည်း အခြားလုပ်စရာမရှိပေ။ ချစ်စရာကောင်းသောကလေးတစ်ယောက်နှင့် အချိန်ဖြုန်းခြင်းက သူ့ကို စိတ်အခြေအနေကောင်းမွန်စေနိုင်သည်။
အိမ်တော်ထိန်းက လင်ယိ ကလေးငယ်၏အခန်းဆီသွားသည်ကို စောင့်ကြည့်နေပြီး ဝမ်းသာပီတိဖြစ်ကာ ပြုံးလိုက်လေသည်။
လူကြီးမင်းလင်၏အဖော်ပြုပေးမှုနှင့်အတူ သခင်လေး အမှန်တကယ်ကောင်းမွန်လာဖို့ သူ မျှော်လင့်မိသည်။
လင်ယိက အခန်းထဲဝင်သွား၏။
ကလေးများ၏အခန်းများက အမှန်တကယ် လှပကြောင်းကိုတော့ သူ ဝန်ခံရမည်။
ဟော့မျန်မျန်၏အခန်းက နွေးထွေးပြီး ချစ်စရာကောင်းကာ ကာတွန်းရုပ်စတစ်ကာများ၊ အရုပ်လေးများဖြင့် အလှဆင်ထား၏။ အထဲကို လှမ်းဝင်လိုက်သည်နှင့် အိပ်မက်ကမ္ဘာထဲ ရောက်ရှိသွားသလို ခံစားရစေမည်ပင်။
ယခု အိမ်အကူများထဲမှတစ်ယောက်က ကလေးကို စောင့်ကြည့်နေ၏။
လင်ယိဝင်လာသည်ကို မြင်လိုက်ရသောအခါ သူ(မ)က သူ့ကို တိတ်တဆိတ်နှုတ်ဆက်ကာ အခန်းထဲကနေ ထွက်ခွာသွားခဲ့သည်။
လင်ယိက ရေချိုးခန်းဆီ လျှောက်သွားလိုက်၏။
ဟော့မျန်မျန်က ခွေးခြေခုံလေးပေါ်မှာရပ်နေပြီး အိပ်ရာဝင်ရန် အသင့်ပြင်နေပုံရသည်။
သူက သွားတိုက်ဆေးကို သူ၏သွားတိုက်တံလေးပေါ် ညှစ်လိုက်၏။ သူ၏လက်သေးသေးလေးများကြောင့် သွားတိုက်ဆေးညှစ်ရန် နှစ်ခါမျှကြိုးစားလိုက်ရသည်။ ထို့နောက် သွားတိုက်ဆေးဘူးကို ပြန်ချကာ သွားတိုက်ခြင်းအမှု၌ အာရုံစိုက်လိုက်လေ၏။
လင်ယိက လက်ပိုက်လျက် တံခါးဘောင်ကိုမှီကာ ထိမြင်ကွင်းကို မမှိတ်သုန်စိုက်ကြည့်နေခဲ့သည်။
သူ ဝန်ခံရပေမည်၊ အနည်းငယ်တိတ်ဆိတ်ရုံမျှလွဲ၍ ဟော့မျန်မျန်၌ မည်သည့်ပြစ်ချက်မှမရှိချေ။
သူ၏မျက်နှာအစိတ်အပိုင်းလေးများက နုနယ်ကာ ချစ်စရာကောင်းပြီး ကြွေရုပ်လေးနှင့်တူ၏။
သူက သုံးနှစ်အရွယ်ကလေးတစ်ယောက်အတွက် ထူးထူးခြားခြား နာခံမှုရှိကာ မှီခိုမှုကင်းမဲ့သည်။ သူက အရာများစွာကို ကိုယ်တိုင်ကိုင်တွယ်နိုင်ပြီး လူကြီးများကို မည်သည့်ဒုက္ခမှ မပေးခဲ့ပေ။
အတိုချုပ်ရသော် သူက လူတိုင်းလိုချင်တောင့်တနေကြသည့် စိတ်ကူးယဥ်အိပ်မက်ထဲမှ ကလေးမျိုးပင်။
ဟော့မျန်မျန်က သွားတိုက်ပြီးနောက် ရေကိုတစ်ငုံငုံ၍ အာလုတ်ကျင်းကာ ဘေစင်ထဲ ပြန်ထွေးထုတ်လိုက်သည်။
သူက ဒုတိယအကြိမ် အာလုတ်ထပ်ကျင်းလိိုက်ပြီးနောက် သူ၏သွားတိုက်တံနှင့် သွားတိုက်ဆေးဘူးကို ခွက်ထဲ နေရာတကျပြန်ထားလိုက်သည်။
ထို့နောက် သူ၏မျက်နှာကိုသုတ်ရန် တဘက်လေးကိုဆွဲယူလိုက်သည်။
သူက ထိုတဘက်ကို ရေပိုက်ခေါင်းအောက်မှာထားကာ သူ၏ခွန်အားလေးဖြင့် ရေညှစ်လိုက်၏။ ဝဝကစ်ကစ်လက်ကလေးများဖြင့် အားကုန်သုံး၍ညှစ်ကာ အာရုံစိုက်နေပြီး သူ၏ပါးဖောင်းဖောင်းလေးနှစ်ဖက်ကတောင် အာရုံစိုက်နေသလိုပင်။
တဘက်လေးကို ရေညှစ်ပြီးနောက် သူက မျက်နှာကို စတင်သုတ်လိုက်လေသည်။
လုပ်ငန်းဆောင်တာတစ်ခုလုံးမှာ မယုံကြည်နိုင်လောက်အောင် ချစ်စရာကောင်းနေပြီး နှလုံးသားကို အရည်ပျော်ကျစေနိုင်၏။
လင်ယိမှာ ကလေးတစ်ယောက် မျက်နှာသစ်နေသည်ကို စောင့်ကြည့်နေရခြင်းက ဤမျှစိတ်ဝင်စားစရာကောင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
ဒါ လူသားကလေးတစ်ယောက်ရဲ့ ဒဏ္ဍာရီလာမှော်အစွမ်းများလား။
နောက်ဆုံးတော့ ဟော့မျန်မျန်က မျက်နှာသစ်ပြီးသွား၏။
သူက ခွေးခြေခုံပေါ်ကနေဆင်းကာ တံခါးဆီ လမ်းလျှောက်လာခဲ့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် တံခါးဘောင်ကိုမှီကာ သူ့ကို အပြုံးတစ်ပွင့်ဖြင့်စိုက်ကြည့်နေသော လင်ယိကို တွေ့လိုက်ရလေ၏။
ဟော့မျန်မျန်က အံ့အားသင့်မှုကြောင့် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း လင်ယိ မည်သည်အချိန်ကတည်းကရောက်နေကြောင်း စဥ်းစားနေသကဲ့သို့ ဦးခေါင်းလေးကို အနည်းငယ်စောင်းငဲ့လိုက်သည်။
လင်ယိတစ်ယောက် အမှန်တကယ် အသည်းယားသွားခဲ့သည်။ သူက ရယ်ရယ်မောမောဖြင့် ပြောလိုက်လေ၏။
"မင်း လိမ်လိမ်မာမာနဲ့ အိပ်ရာဝင်ဖို့ပြင်နေပြီလားလို့ လာကြည့်တာ။"
ထိုသို့ကြားလိုက်ရသောအခါ ဟော့မျန်မျန်က သူ၏ခုတင်လေးပေါ် ခြေဖျားထောက်၍ တက်လိုက်လေ၏။
သူက လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်လုံးကိုသုံးကာ ခုတင်ပေါ်သို့ တက်သွားခဲ့သည်။
သူ၏မွေ့ရာက အလွန်ပျော့ပျောင်းနူးညံ့နေသောကြောင့် ဟန်ချက်ထိန်းဖို့ခက်ရာ သူက ပင်ဂွင်းလေးတစ်ကောင်ကဲ့သို့ ယိမ်းထိုးလျက် သူအိပ်မည့်နေရာဆီ လျှောက်သွားခဲ့သည်။
ထို့နောက် နာခံမှုရှိစွာဖြင့် လဲလျောင်းကာ စောင်ကိုတောင် သူ့ဘာသာသူ ဆွဲခြုံခဲ့သည်။
သူက နေရာယူပြီးသည်နှင့် လင်ယိကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေခဲ့သည်။
ဟော့မျန်မျန်က စကားမပြောခဲ့သော်လည်း သူ၏အကြည့်များကတော့ ယခုလိုအဓိပ္ပါယ်ရ၏ - တွေ့လိုက်တယ်မဟုတ်လား၊ သားလုပ်သွားတာ တော််တယ်ဟုတ်?!
လင်ယိတစ်ယောက် ထိုကလေးက ပိုပိုပြီးချစ်စရာကောင်းလာသည်ဟု ခံစားခဲ့ရသည်။
သို့သော် သူ၏ ကလေးများနှင့်အတွေ့အကြုံက သုညဖြစ်၏။ သူ့အသက် ၂၆ နှစ်လုံး တစ်ကိုယ်တည်းဖြတ်သန်းလာခဲ့ရာ ကလေးတစ်ယောက်ကို ချော့သိပ်ဖူးသည့် အတွေ့အကြုံမရှိပေ။
ထို့ကြောင့် သူက မေးလိုက်၏။
"ဖေဖေလေးကို အိပ်ရာဝင်ပုံပြင် ပြောပြစေချင်လား။"
ဒါ ကလေးတွေကို ချော့သိပ်တဲ့နည်း ဟုတ်တယ်မလား။
သူ ထိုသို့ပြောလိုက်သာအခါ ဟော့မျန်မျန်၏မျက်လုံးလေးများက တောက်ပလာခဲ့သည်။
အိပ်ရာဝင်ပုံပြင်?
သူ အရင်က တစ်ခါမှနားမထောင်ဖူးချေ။
သို့သော် သူ ကာတွန်းတွေထဲမှာတော့ မြင်ဖူးပေ၏။ ကလေးများက ၎င်းတို့၏မိဘများ ပုံပြင်ဖတ်ပြတာကိုနားထောင်ရင်း အိပ်မက်ကမ္ဘာထဲ ဝင်သွားတတ်ကြသည်။
သူလည်း အဲ့ဒါကို ကြုံတွေ့ရတော့မှာလား။
သူ၏မျက်လုံးများထဲမှာ မျှော်လင့်ချက်များနှင့် ပြည့်နှက်လာခဲ့သည်။
အိမ်တော်ထိန်းနှင့် အိမ်အကူများက သူ့ကို သေသေချာချာ ဂရုစိုက်ပေးကြသည်မှန်သော်လည်း ယင်းက မိသားစုဝင်များနှင့်တော့ မတူနိုင်ချေ။
ဤသည်မှာ... ဤသည်မှာ မတူကွဲပြားသလို ခံစားရပေ၏။
ထိုအတွေးလေးက ဟော့မျန်မျန်ကို ပျော်ရွှင်သွားစေခဲ့ပြီး သူ၏ပါးနှစ်ဖက်မှာ ပါးချိုင့်ကလေးများ ပေါ်ပေါက်လာခဲ့၏။
ကလေးငယ်၏အတွေးများကို လင်ယိကတော့ မသိခဲ့ပေ။ သူ အနှီပါးချိုင့်လေးနှစ်ဖက်ကို တွေ့လိုက်ရသောအခါ ကလေးငယ်အား စိတ်မပျက်စေချင်တော့ပေ။
ထို့ကြောင့် သူက ခုတင်ဘေးမှာထိုင်ကာ အိပ်ရာဝင်ပုံပြင်ပြောရန် အသင့်ပြင်လိုက်သည်။
ထိုအချိန်မှာမှ ရှက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုက ဘွားခနဲပေါ်ထွက်လာ၏... သူ မည်သည့်အိပ်ရာဝင်ပုံပြင်ကိုမှ မသိချေ။
အတိတ်ဘဝတွင် သူက သိပ္ပံနှင့် အင်ဂျင်နီယာကျောင်းသားဖြစ််ခဲ့ပြီး နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုလောကထဲ ဝင်ရောက်ခဲ့သည်။ သူ့ဘဝမှာ ကိန်းဂဏန်းများနှင့် အချက်အလက်များသာရှိခဲ့ပြီး စာပေလောကနှင့် ထိတွေ့မှုမရှိသလောက်ပင်။
ထိုစဥ် ဟော့မျန်မျန်က နာခံမှုရှိစွာလဲလျောင်းရင်း မျက်လုံးအဝိုင်းသားဖြင့် ငြိမ်ငြိမ်လေးစောင့်ဆိုင်းနေ၏။
လင်ယိ: "..."
သူက လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"အဟမ်း... မျန်မျန်၊ ဟိုဟာ ဖေဖေလေးက ကလေးကဗျာဆိုပြမယ်ဆိုရင်ရော ဘယ်လိုလဲ။"
လင်ယိတစ်ယောက် အိပ်ရာဝင်ပုံပြင်များကို မသိသောကြောင့် ကလေးကဗျာနှင့်အစားထိုးရန်သာ ဆုံးဖြတ်လိုက်ရသည်။
တော်သေးသည်မှာ ဟော့မျန်မျန်က ဂျီကျတတ်သူမဟုတ်ဘဲ မျှော်လင့်တကြီး ခေါင်းညိတ်ပြလာခဲ့၏။
လင်ယိက လည်ချောင်းထပ်ရှင်းပြီး စဆိုပြလိုက်သည်။
"ပျော်ရွှင်စရာ ဖားငယ်လေးတစ်ကောင်..."
တစ်ကြောင်းဆိုပြီးနောက် တုံ့ခနဲရပ်သွားလေ၏။
နေပါဦး... အဲ့ဒါပြီးတော့ ဘာလာတာပါလိမ့်။
ဟော့မျန်မျန်က အာရုံစူးစိုက်စွာ နားထောင်နေရင်း ရုတ်တရက် အသံပျောက်သွားသောကြောင့် ကြောင်အမ်းအမ်းနှင့် မျက်တောင်ခတ်လိုက်သည်။
လင်ယိ: "..."
ဟော့မျန်မျန်: "??"
လင်ယိ: "..."
သူ ယခုလောက်ထိ အရှက်တကွဲအကျိုးနည်းမခံစားဖူးသည်မှာ တော်တော်လေးကြာပြီဖြစ်၏။
"တခြားတစ်ပုဒ် ပြောင်းဆိုကြည့်ရအောင်။"
အကောင်ပေါက်လေးက အပြစ်တင်ခြင်းမရှိဘဲ ထပ်မံခေါင်းညိတ်ပြခဲ့သည်။
လင်ယိက နောက်တစ်ပုဒ်ကို စဆိုလိုက်လေ၏။
"ဟူးလူးဝါး၊ ဟူးလူးဝါး၊ နွယ်တစ်ခိုင်ပေါ်က ပန်းကလေးခုနစ်ပွင့်..."
ထို့နောက် သူ ရပ်တန့်သွားပြန်၏။
ဟော့မျန်မျန်: "??"
သူက လင်ယိကို ကြောင်အမ်းစွာ စိုက်ကြည့်နေခဲ့သည်။
လင်ယိ: "..."
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ ဖုန်းကိုထုတ်ယူကာ အိပ်ရာဝင်ပုံပြင်များနှင့် ကလေးကဗျာများကို စတင်ရှာဖွေတော့သည်။
နောက်ဆုံးမှာတော့ သူ စိတ်ကျေနပ်လောက်စရာ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကို ရှာတွေ့ခဲ့ပြီး ဖုန်းကိုကြည့်ရင်း ဟော့မျန်မျန်ကို ဖတ်ပြလိုက်လေ၏။
"ဟိုးရှေးရှေးတုန်းက လမ်းလျှောက်ထွက်ရင်း လမ်းပျောက်သွားတဲ့ ယုန်လေးတစ်ကောင်ရှိသတဲ့..."
ယခုတစ်ခေါက်မှာတော့ ချောချောမွေ့မွေ့ ဖတ်ပြနိုင်ခဲ့သည်။
ဟော့မျန်မျန်က ပြန်၍အာရုံစိုက်လာပြီး ပြီးပြည့်စုံသော နားသောတဆင်သူလေး ဖြစ်လာတော့သည်။
လင်ယိ စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။
ကျေးဇူးအထူးပါ၊ နည်းပညာရေ။
သူက သက်တောင့်သက်သာရှိအောင် ခုတင်ခေါင်းရင်းသို့မှီလိုက်ပြီး အိပ်ရာဝင်ပုံပြင်ကို အေးအေးဆေးဆေးဖတ်ပြခဲ့သည်။
ဟော့မျန်မျန်က ကြည်လင်တောက်ပနေသော မျက်ဝန်းအစုံဖြင့် နားထောင်နေခဲ့သည်။
ပြောရင်းပြောရင်း သူ မည်သည့်အချိန်က အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပေ။
လင်ယိ စာဖတ်ခြင်းကိုရပ်လိုက်ပြီး ငုံ့ကြည့်လိုက်၏။
အချိန်တစ်ခုအရောက်မှာ ဟော့မျန်မျန်က သူ့ဘေးသို့တိုးဝှေ့လျက် သူ၏လက်မောင်းကြားထဲ အိပ်စက်နေခဲ့သည်။
ပုံမှန်အချိန်မှာ လိမ္မာသော်လည်း အိပ်ပျော်သွားချိန်၌ ပိုလို့တောင် အေးချမ်းနေသလိုပင်။
လှပသော သူ၏မျက်လုံးလေးများကို ရှည်လျားကော့ညွတ်နေသော မျက်တောင်လေးများဖြင့် ဖုံးကွယ်ထားသည်။
ပါးဖောင်းဖောင်းလေးများက ခေါင်းအုံးပေါ်ဖိကပ်နေပြီး စောင်အပြင်မှာထွက်နေသော လက်ကလေးတစ်ဖက်က လက်သီးဆုပ်လေးအဖြစ် နူးညံ့စွာကွေးထားလေ၏။
သူကိုကြည့်ရသည်မှာ အမွေးပွပွ ကြောင်ပေါက်လေးနှင့် တူနေတော့သည်။
လင်ယိက လက်သေးသေးလေးကို ဖွဖွလေးဆွဲယူကာ စောင်အောက်သို့ ပြန်ထည့်ပေးလိုက်ပြီး ထရပ်လိုက်သည်။
သူ မထွက်ခွာခင် အနည်းငယ်ငုံ့ကိုင်း၍ ပါးဖောင်းဖောင်းလေးအား တစ်ကြိမ်လောက်မဖျစ်ညှစ်ရဘဲ မနေနိုင်ခဲ့ချေ။
ဟော့မျန်မျန်အိပ်ပျော်နေစဥ် အသာအယာဆွဲညှစ်လိုက်ပြီးမှ ကျေနပ်ပီတိဖြစ်ကာ အခန်းထဲမှထွက်လာတော့သည်။
အခန်းအပြင်ရောက်သည်နှင့် သူ၏ agent ဆီကနေ မက်ဆေ့ချ်တစ််စောင်ရောက်လာခဲ့သည်။
[မင်း ကလေးထိန်းကျောင်းတဲ့ရသစုံရှိုးတစ်ခုအတွက် လက်မှတ်ထိုးထားတယ်။ သိပ်မကြာခင် ရိုက်ကူးရေးစတော့မှာမို့ အသင့်ပြင်ထားလိုက်။]
ထို့နောက် agent သည် လင်ယိက ထိန်းချုပ်ရမလွယ်တော့ဟု ခံစားမိသဖြင့် နောက်ထပ်မက်ဆေ့ချ်တစ်စောင် ထပ်ပို့ခဲ့ပြန်သည်။
[မင်း မလုပ်ချင်ရင် လျော်ကြေးပေးလိုက်လို့ရတယ်။ မင်းသဘောပဲ။]
လင်ယိ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
လျော်ကြေးဆိုသည့်စကားလုံးက သူ့အာရုံကို ဖမ်းစားနိုင်ခဲ့ကြောင်း လင်ယိ ဝန်ခံရပေမည်။
ရင်းနှီးမြှုပ်နှံရေးဘဏ်မှာ အလုပ်လုပ်ခဲ့သူတစ်ယောက်အနေဖြင့် အကြောင်းပြချက်မရှိ ပိုက်ဆံများဆုံးရှုံးခြင်းကို သူ အမုန်းဆုံးဖြစ်သည်။
ယင်းက သူ၏ကျွမ်းကျင်မှုအပေါ် စော်ကားနေသလိုခံစားရသည်။
ယခု ထိုကဲ့သို့တွေးတောခြင်းက သူ့အတွက် အကျင့်တစ်ခုဖြစ်လာ၏။
'လျော်ကြေး' ဟု ကြားလိုက်ရရုံဖြင့် သူ၏ငြင်းဆိုမည့်အစီအစဥ်အားလုံးကို ဖယ်ရှားပစ်ရန်လုံလောက်သည်။
ကောင်းပြီလေ။ ရသစုံလေးပဲကို၊ သွားတာပေါ့။
ဒါပေမဲ့... အဲ့ဒါလုပ်ဖို့ သူ ကလေးတစ်ယောက်လည်း လိုအပ်တာပဲ။ ကလေးတစ်ယောက်ကို ဘယ်နားကနေ သွားရှာရမလဲ။
သူ ဟော့မျန်မျန်ကို ခေါ်သွားလို့ရမလားမသိဘူး။
သူ ထိုသို့လုပ်မည်ဆိုပါက ကလေး၏ဖခင်အရင်းဖြစ်သူ—လျှို့ဝှက်ဆန်းကြယ်သော ဟော့မိသားစု၏ခေါင်းဆောင်—ဟော့ကျိဟန်ဆီကနေ ခွင့်ပြုချက်တောင်းရန် လိုအပ်သည်။
လင်ယိက အချိန်ဆွဲတတ်သူမဟုတ်ရာ ဖုန်းကိုထုတ်ယူပြီး ဟော့ကျိဟန်ကိုဆက်သွယ်ရန် ပြင်လိုက်သော်လည်း ကိုးရိုးကားရားနိုင်သောတစ်စုံတစ်ခုကို သတိရလိုက်လေသည်။ မူလကိုယ်မှာ ဟော့ကျိဟန်၏ ဖုန်းနံပါတ်မရှိပေ။
ကျစ်၊ တကယ်ကို ဟန်ဆောင်လက်ထပ်ထားတာပဲ။
လူချင်းမတွေ့ဖူးရုံသာမက ဆက်သွယ်ရမည့်နံပါတ်လေးတောင် ရှိမနေချေ။
လင်ယိတစ်ယောက် အိမ်တော်ထိန်းဆီမှာတော့ ဟော့ကျိဟန်၏ဖုန်းနံပါတ်ရှိနိုင်သည်ဟု တွေးလိုက်မိသည်။ မည်သို့ပင်ဆိုစေ အိမ်တော်ထိန်းက ဗီလာ၏အခြေအနေအရပ်ရပ်ကို ထိုအမျိုးသားထံ အမြဲအစီရင်ခံဖို့လိုအပ်သည်။
ဤသို့ဖြင့် လင်ယိတစ်ယောက် အိမ်တော်ထိန်းကို သွားရှာခဲ့တော့သည်။
လင်ယိက ဟော့ကျိဟန်၏ဖုန်းနံပါတ်ကို ရချင်သည်ဟု ကြားလိုက်ရသောအခါ အိမ်တော်ထိန်းက ချက်ချင်းဆိုသလို မျက်နှာဝင်းပသွားလေ၏။
"ဒီလိုမှပေါ့! အိမ်ထောင်သည်တွေဆိုတာ အဆက်အသွယ်များများရှိမှ သံယောဇဉ်တိုးလာမှာပါ။"
လင်ယိ: "??"
ခင်ဗျား နားလည်မှုလွဲနေပြီဗျ!
"ကျွန်တော် သူ့ကို မေးစရာလေးရှိလို့ပါ။"
လင်ယိက ရှင်းပြလိုက်သော်လည်း အိမ်တော်ထိန်းကတော့ လက်မခံခဲ့ပေ။
"စကားများများပြောလေ၊ ပိုပြီးရင်းနှီးလာလေပဲ!"
...ထားပါတော့လေ၊ ခင်ဗျားပျော်ရင် ပြီးတာပဲ။
သိသိသာသာဆိုသလို အိမ်တော်ထိန်းက စကားပြောလို့မပြီးသေးချေ။
"လူကြီးမင်းလင်က ကျွန်တော်တို့လူကြီးမင်းဟော့အကြောင်းကို သိပ်မသိလောက်ဘူး၊ ဟုတ်တယ်မလား။"
လင်ယိက ကိုးရိုးကားရားအပြုံးတစ်ခုဖြင့် ပြောလိုက််လေ၏။
"အမ်း... သိပ်မသိသေးပါဘူး။"
ဘာသိစရာရှိလို့လဲ။ သူက ခင်ပွန်းဆိုတဲ့လူကြောင့်မဟုတ်ဘဲ လစဥ်အသုံးစရိတ် ယွမ်ငါးသန်းကြောင့် ဒီမှာရှိနေတာပဲကိုး။
အိမ်တော်ထိန်းက မြှားနတ်မောင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ချက်ချင်းဆိုသလို ချီးမွမ်းခန်းဖွင့်တော့သည်။
"လူကြီးမင်းဟော့က တကယ်ကိုတော်တာပါ။ သူက အတန်းသုံးတန်း ကျော်တက်ခဲ့ပြီး Ivy League တက္ကသိုလ်ကို သွားတတ်ခဲ့ပါတယ်။ အသက် ၂၅ နှစ်မှာ ဒေါက်တာဘွဲ့ (Ph.D) ရပြီး ဟော့အုပ်စုကို လွှဲပြောင်းယူခဲ့တာပါ။ သူ့ဦးဆောင်မှုအောက်မှာ ကုမ္ပဏီက အဆင့်သစ်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီး အခုဆို အင်ပါယာကြီးတစ်ခုတောင် ဖြစ်လာခဲ့ပြီလေ။"
သူက အချက်အလက်များကို မနားတမ်းပြောနေခဲ့ပြီး လင်ယိကိုမေးဖို့လည်း မမေ့ခဲ့ပေ။
"အဲ့တော့ လူကြီးမင်းလင်၊ လူကြီးမင်းဟော့ကို ဘယ်လိုမြင်လဲဟင်။"
လင်ယိ: "..."
သူက ဘယ်လိုမြင်ရမှာလဲ။
သူ့အမြင်မှာတော့ အဲ့ဒီလူက တစ်ဖက်စွန်းရောက်တဲ့လူပဲ!
သူက ၂၄/၇ မအိပ်မစားဘဲ နေနေတာလား။
အိမ်တော်ထိန်း ဆက်ပြောနေစဥ် လင်ယိတစ်ယောက် စာအုပ်ထဲမှ ဇာတ်ကွက်တချို့ကို ပြန်တွေးမိလိုက်သည်။
ဟော့ကျိဟန်က အမှန်တကယ်ကို ထူးချွန်ထက်မြက်ပြီး သူ၏လုပ်ဆောင်ချက်များက ကြောက်စရာကောင်းလောက်အောင် ထိရောက်မှုရှိသည်။
လွန်ခဲ့သောငါးနှစ်ခန့်က သူ ဟော့အုပ်စုကိုလွှဲယူရန် တရုတ်ပြည်သို့ပြန်လာခဲ့ချိန်၌ မိသားစုထဲမှ အကြီးအကဲတော်တော်များများက သူ့အား ငယ်ရွယ်လွန်းသည်ဟုတွေးကာ ကန့်ကွက်ခဲ့ကြသည်။ တချို့ဆို သူ့ကို အနှောင့်အယှက်ပေးဖို့တောင် ကြိုးစားခဲ့ကြ၏။
သို့သော် ဟော့ကျိဟန်၏ပင်ကိုယ်စရိုက်က အေးစက်ကာ ရက်စက်ကြမ်းကြုတ်သည်။
သူက မည်သူ့မျက်နှာကိုမှမထောက်ဘဲ ရက်စက်ကြမ်းကြုတ်သော လှုပ်ရှားမှုဖြင့် ကုမ္ပဏီထဲမှ လူတစ်ဝက်ကျော်လောက်ကို ဖယ်ရှားပစ်ခဲ့သည်။ ထိုအထဲမှာ ဟော့မိသားစု၏အကြီးအကဲများလည်း တော်တော်များများပါသွားခဲ့လေ၏။
အုပ်စုတစ်ခုလုံးကို အထက်အောက်လှန်ခဲ့ရာ တချို့ဆို ကြောက်လန့်တကြားဖြင့် နိုင်ငံကနေတောင် ထွက်ပြေးသွားခဲ့ကြသည်။
ထို့နောက်မှာတော့ ဟော့အုပ်စုက လုံးဝအသစ်ပြန်ဖြစ်သွားပြီး ဟော့ကျိဟန်၏ဦးဆောင်မှုအောက်မှာ မြို့တော်တစ်ခွင်လုံးရှိ လူအများလေးစားရသော ထိပ်တန်းကော်ပိုရေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။
ယခု အသက် ၃၀ ရှိပြီဖြစ်သော ဟော့ကျိဟန်က အရင်ကထက်တောင် ပို၍အေးစက်လာပြီး လူသားဆန်သည့်စိတ်ခံစားချက်များ လုံးဝမရှိသလိုပင်။
သူ၏အိမ်ထောင်ရေးကတောင် အရှုပ်များကင်းစေရန်အတွက် စီစဥ်ခဲ့ခြင်းဖြစ်၏။ သူက သူ၏အိမ်ထောင်ဖက်ကို တစ်ခါမှမတွေ့ဖူးဘဲ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သည်။
ပြန်တွေးကြည့်လိုက်သောအခါ လင်ယိတစ်ယောက် ပိုလို့တောင် သေချာသွားလေ၏။
ဟုတ်တယ်၊ ဟော့ကျိဟန်က ပုံမှန်လူသားတစ်ယောက်မဟုတ်ဘဲ တကယ့်အစွန်းရောက်လူသားတစ်ဦးပဲ!
***
Aurora Novel Translation Team