no

Font
Theme

အပိုင်း (၁၂)

တစ်ဖက်တွင်မူ ဟဲ့နျန်ကတော့ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေဆဲ။

ရှိုးမစတင်မီ၌ သူ ဟင်းချက်နည်းအချို့ကို သင်ယူခဲ့သည်က အမှန်ပင်ဖြစ်၏။

သို့ပေသည့် သူက သိပ်မကျွမ်းကျင်လှပေ။ ထို့နောက် သူသည် ကင်မရာရှေ့မှာ ကောင်းကောင်းပြသနိုင်ဖို့လည်း ကြိုးစားနေရသဖြင့် အာလူးလေးများကို လှီးရန်ပင် နာရီဝက်ခန့် အချိန်ယူလိုက်ရသည်။

ထိုအချိန်၌ အပြင်ဘက်မှ ရယ်မောသံများကို သူ ကြားလိုက်ရလေသည်။ ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ လင်ယိနှင့် တခြားသူများက သက်ဝင်လှုပ်ရှားစွာနှင့် ဟော့ပေါ့စားနေကြသည်ကို မြင်လိုက်ရ၏။

အရေးကြီးဆုံးကတော့ လူတိုင်းက လင်ယိနှင့် စကားပြောနေကြသဖြင့် သူ့အား အဓိကလူဖြစ်သွားစေသည်။

အခြေအနေများက ဤသို့ဖြစ်လာလိမ့်မည်ဟု ဟဲ့နျန်တစ်ယောက် မမျှော်လင့်ထားခဲ့ပါချေ။ အေးစက်နေဆဲဖြစ်သည့် ဟင်းချက်စရာများကို ကြည့်ရင်း သူ စိတ်ဓာတ်ကျသွားရ၏။

နောက်ဆုံးမှာတော့ သူက အာလူးကြော်တစ်ပွဲနှင့် ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်ကို အောင်မြင်စွာ ချက်ပြုတ်နိုင်ခဲ့သည်။ သို့သော်ငြား အာလူးကတော့ တူးသွားခဲ့၏။

သို့သော်လည်း ယခုအချိန်၌ ထိုအရာများအား ဂရုမစိုက်အားပါပေ။ သူက ဖော်ရွေသည့် မျက်နှာထားကို ဆင်မြန်းလိုက်ပြီး အတူတူစားရန်အတွက် ဟောင်ဟောင်ကို ခေါ်လိုက်သည်။ ဟောင်ဟောင်၏ ပန်းကန်ထဲသို့ အာလူးအချို့ကိုပင် ထည့်ပေးလိုက်သေး၏။

“စားလိုက်၊ စားပြီးရင် ငါတို့ လုပ်စရာတွေ ရှိသေးတယ်။”

တကယ်တမ်းတွင်တော့ ဟောင်ဟောင်က မစားချင်ခဲ့ပါ။ သို့သော် ဟဲ့နျန်ကို ကြည့်လိုက်ကာ တိတ်တိတ်လေး စားလိုက်ရတော့၏။

ဟဲ့နျန်က အရသာရှိလားဟုပင် ထပ်ကာထပ်ကာ မေးနေခဲ့သေးသည်။

ဟောင်ဟောင်ကတော့ ခေါင်းသာညိတ်ပြနိုင်သည်။

“ကောင်းပါတယ်။”

[အာ… အာလူးတွေက တူးနေတာကို၊ ဘယ်လိုလုပ် အရသာရှိမှာလဲ။]

[ဟောင်ဟောင်က ဟဲ့နျန်အနားမှာဆိုရင် ဘာလို့ အဆင်မပြေသလို ဖြစ်နေတာလဲ။]

[ဟဲ့နျန်က သူကိုယ်တိုင်လည်း ဟင်းကောင်းကောင်းမချက်တတ်ဘဲနဲ့ လင်ယိကို ဝေဖန်ရဲသေးတယ်။]

[နျန်နျန်က အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ။ haters တွေ လစ်စမ်း။]

[နျန်နျန်က အာလူးလေးတွေကို ဂရုတစိုက် လှီးနေခဲ့တာပဲကို။ မင်းတို့တွေ ဘာလို့အရမ်း ကြမ်းတမ်းနေရတာလဲ။]

[ငါတို့ရဲ့ အဖိုးတန်လေး နျန်နျန်ကို ကာကွယ်ကြစို့။]

လူတိုင်းက ညစာစားလို့ ပြီးသွားကြလေပြီ။

ထို့နောက် ထုတ်လုပ်ရေးအဖွဲ့က သူတို့လုပ်ရမည့် တာဝန်ကို ကြေညာလာ၏။

လူကြီးများက အိပ်ရန်အတွက် အနီးအနားရှိ လမ်းမပေါ်မှ လယ်တဲအိမ်အထိ စောင်နှင့် အိပ်ရာခင်းများကို သယ်ဆောင်လာရန် လိုအပ်သည်။

ကလေးများကမူ ထုတ်လုပ်ရေးအဖွဲ့က လယ်တဲအိမ်အနှံ့၌ ဝှက်ထားသော လက်ဆောင်လေးများကို ရှာဖွေရမည်ဖြစ်၏။

မျန်မျန်အား နှုတ်ဆက်အပြီးတွင်တော့ လင်ယိက အပြင်သို့ ထွက်သွားခဲ့သည်။

အပြင်ကို ရောက်သည့်အခါမှာတော့ သူက ထုတ်လုပ်ရေးအဖွဲ့ပေးထားသည့် လက်နှိပ်ဓာတ်မီးကို ယူပြီး ရှေ့ကို ထိုးကြည့်လိုက်သည်။

ယခုအချိန်၌ ပတ်ဝန်းကျင်တစ်ခွင်လုံး အမှောင်အတိဖြစ်နေလေပြီ။

လယ်တဲအိမ်က မြို့ပြင်တွင် ရှိသည့်အပြင် ပတ်ဝန်းကျင်၌လည်း မီးရောင်များလည်း မရှိနေရာ ပို၍ပင် မှောင်မည်းနေခဲ့၏။

လင်ယိက ခဏလောက် ငြိမ်သက်စွာ ရပ်နေမိသည်။ ပြီးမှသာ လမ်းလျှောက်ဖို့ရန် ခြေထောက်ကို မလိုက်၏။

ထိုအချိန်မှာပင် ရှန်ဖုန်းက သူ့ဘေးနားသို့ လျှောက်လာခဲ့သည်။ သူ့လက်ကိုမူ အိတ်ကပ်ထဲထည့်ထားပြီး မာနကြီးဟန်ဖြင့် မေးစေ့ကို မော့ထားလျက် ပြောလာသည်။

“မင်း ကြောက်နေတာလား။”

လင်ယိက မျက်ခုံးပင့်လိုက်ပြီး

“ဘာကို ကြောက်ရမှာလဲ။”

ရှန်ဖုန်းက ဆက်ပြောလာသည်။

“ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာဆိုတော့ ငါ နားလည်နိုင်ပါတယ်။ မင်းကြောက်ရင် ပစ္စည်းတွေသယ်ဖို့ ငါ အဖော်လိုက်ပေးလို့ရတယ်။”

ထိုသို့ပြောပြီးသည့်နောက် သူက လင်ယိ နားလည်မှုလွဲသွားမည်ကို စိုးရိမ်သဖြင့် ထပ်ဖြည့်ပြောလာသည်။

“အထင်မမှားနဲ့ဦး။ ငါက မင်းဟော့ပေါ့ကို စားထားလို့သာ မင်းကို အခွင့်အရေးပေးတဲ့ အနေနဲ့ လုပ်ပေးတာ။”

သူက ချမ်းသာသော သခင်လေးဘဝတွင်သာ နေသားကျနေခဲ့သည်ဖြစ်ရာ မာနကြီးသည့် အငွေ့အသက်တို့အား သယ်ဆောင်ထားစမြဲပင်။

လင်ယိ: “…..”

လင်ယိက ရှန်ဖုန်းကို ပြုံးပြလိုက်ရင် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်း ဒီနေရာနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ကြားဖူးလား။”

ရှန်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် မေးသည်။

“ဘာကောလာဟလလဲ။”

လင်ယိက တစ်ခုခုအား နှောင့်ယှက်မိမည်ကို စိုးရိမ်သည့်အလား သူ့အသံကို နှိမ့်ချလိုက်၏။

“ငါ ကြားဖူးတာတော့ ညဘက်ဆိုရင် ဒီနေရာက နည်းနည်းထူးဆန်းပြီးတော့ ချောက်ချားဖို့ကောင်းတယ်တဲ့။”

လင်ယိက ခပ်တိုးတိုးအသံဖြင့် ပြောလိုက်သဖြင့် ပိုပြီး ယုံချင်စဖွယ်ကောင်းစေသည်။

ရှန်ဖုန်းတစ်ယောက် ကျောချမ်းသွားခဲ့ရသော်လည်း ကြမ်းတမ်းဟန်ဆောင်နေဆဲ။

“အဲဒါကို ဘယ်သူက ယုံမှာလဲ။”

လင်ယိက ဆက်ပြောလိုက်သည်။

“မယုံမရှိနဲ့။ သေချာနားထောင်ကြည့်ပါလား၊ ထူးဆန်းတဲ့ အသံတွေ ကြားရလားလို့..."

ရှန်ဖုန်းက တကယ်ကို အလေးအနက်ထား၍ နားထောင်လိုက်သည်။

ထိုအချိန်၌ ညလေက တိုက်ခတ်နေပြီး အနီးအနားရှိ တောအုပ်မှာလည်း တရှဲရှဲ အသံမြည်နေလျက်။

လူတစ်ယောက်က တစ်ခုခုအကြောင်းကို တကယ်တွေးမိလိုက်သည်နှင့် တကယ်ကို ကြောက်စရာကောင်းလာ၏။

ထို့နောက် လင်ယိက မလှမ်းမကမ်းရှိ မှောင်မည်းနေသည့် အရာတစ်ခုကို ညွှန်ပြလိုက်လိုက်၍ အံ့ဩတကြီး ရေရွတ်လာခဲ့သည်။

“ကြည့်ပါဦး၊ အဲဒါဘာကြီးလဲ။”

ရှန်ဖုန်းက လန့်ဖျပ်သွားကာ ခုန်မိတော့မတတ်ဖြစ်သွားရသည်။ သူ့မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့၏။

“ငါ…ငါတို့ ပစ္စည်းတွေကို မနက်ဖြန်နေ့ခင်းကျမှပဲ သယ်ကြရင် မကောင်းဘူးလား။”

ထိုအခိုက်အတန့်၌ လင်ယိကတော့ ဟက်ဟက်ပက်ပက် ရယ်ချကာ ပြောလိုက်တော့သည်။

“မင်း တကယ်ယုံသွားတာလား။ ဘုရားရေ၊ ရယ်စရာကောင်းလိုက်တာ။ ဟားဟား။”

ရှန်ဖုန်း: “…..”

ချီးပဲ။

သူ နောက်တစ်ခါ လင်ယိကို ထပ်ယုံမိရင် အရူးမလို့ပဲ။

[ဟားဟား၊ အရမ်းရယ်ရတာပဲ။ ရှန်ဖုန်းရဲ့မျက်နှာက ကြောက်လွန်းလို့ ဖြူဖျော့သွားတယ်။]

[ရှန်ဖုန်းလိုလူမျိုးက လင်ယိလိုလူကို တကယ်လိုအပ်တာပဲ။]

[ငါတော့ သူတို့ကို ship ချင်လာပြီ။ တစ်ယောက်က တည်ငြိမ်အေးဆေးတယ်၊ နောက်တစ်ယောက်ကတော့ စရလွယ်တဲ့ ခွေးပေါက်လေးလိုပဲ။]

[သူတို့နှစ်ယောက် အတော်လေး လိုက်ဖက်တာကိုတော့ ဝန်ခံရမယ်။]

အဆုံးတွင်တော့ လင်ယိနှင့် ရှန်ဖုန်းတို့က ပစ္စည်းများကို အတူတူသွားသယ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ သူတို့စောင်ကို သွားမယူပါက ယနေ့ည အိပ်နိုင်ကြမည် မဟုတ်ပေ။

သူတို့လမ်းလျှောက်နေသည့်တစ်လျှောက်လုံး ရှန်ဖုန်းမှာ လင်ယိက သူ့ကို ထားခဲ့မည်ကို စိုးရိမ်သည့်ဟန်ဖြင့် ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

လင်ယိက ဖြူဖပ်ဖြစ်ရော် ဖြစ်နေသေးရှာသည့် ရှန်ဖုန်းကို ကြည့်လိုက်သည်။ သူ အံ့အားသင့်စွာဖြင့် ပြောလိုက်မိ၏။

“အဲဒီလောက်အထိ ကြောက်စရာမကောင်းပါဘူး။ မင်း ကြောက်နေတုန်းလား။”

ရှန်ဖုန်းက စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။

“ဘယ်သူက မင်းကို ခုနတုန်းက အကြောင်းတွေ ပြောခဲ့ခိုင်းလို့လဲ။ မြန်မြန်လုပ်ပြီး မြန်မြန်သာ ပြန်ရအောင်။”

ထိုအချိန်၌ သူတို့သည် စောင်ပုံများရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။

လင်ယိက ယူရန် ပြင်လိုက်သော်ငြား ရှန်ဖုန်းက သူတို့နှစ်ယောက်လုံး၏ဝေစုကို မလိုက်၏။

လင်ယိ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဇဝေဇဝါနှင့် ထိုသူ့ကို ကြည့်လိုက်သည်။

“မင်း ဘာလုပ်နေတာလဲ။”

ရှန်ဖုန်းက ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း ရှင်းပြလိုက်သည်။

“မင်းသယ်ရင် ကြာနေဦးမယ်။ စိတ်မပူနေနဲ့၊ အမြန်ပြန်ကြရအောင်။”

သူ့အမြင်မှာတော့ လင်ယိက အပျင်းထူသူဖြစ်ပြီး အားနည်းသည့် အသွင်အပြင်ဖြင့် ထိခိုက်လွယ်သူလည်း ဖြစ်၍ ထိုပစ္စည်းများကို သယ်နိုင်လိမ့်မည် မဟုတ်ဟု ထင်နေခြင်းပင်။

သူကတော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး သန်မာသူဖြစ်သဖြင့် လူနှစ်ယောက်စာပစ္စည်းများကို သယ်ရခြင်းက ပြဿနာမရှိပေ။ သို့ဖြစ်၍ သူက တစ်ယောက်တည်း သယ်ရန် ဆုံးဖြတ်လိုက်ခြင်းသာ။

ကူသယ်ပေးမည့်သူရှိသဖြင့် လင်ယိကတော့ ဝမ်းသာသွားခဲ့၏။ သူက သူတို့အပြန်လမ်း၌ မီးထိုးပြရန်သာ လိုအပ်ခဲ့သည်။

သို့သော်လည်း ရှန်ဖုန်းက သူ့အနားကပ်လွန်းနေသလို ခံစားရ၏။ သူ့ကို အနီးအနားရှိ လယ်ကွင်းထဲသို့ တွန်းပို့လုမတတ်ပင် ဖြစ်နေသောကြောင့် ကူကယ်ရာမဲ့စွာဖြင့်သာ ပြောလိုက်ရသည်။

“မင်းဘယ်လောက်တောင် ကြောက်နေတာလဲ။ ငါ့ကို နေရာလေး နည်းနည်းလောက် ပေးပါဦး။”

ရှန်ဖုန်းက ခေါင်းမာမာနှင့်သာ ပြန်ဖြေလိုက်သည်။

“ငါ့ကို ခြောက်ဖို့ မင်းကို ဘယ်သူက ပြောလို့လဲ။ မင်းအပြစ်နဲ့ မင်းပဲ။”

လင်ယိ: “….”

သူ ဘာကြောင့် ပုန်ကန်နေတဲ့ ကလေးတစ်ယောက်ကို ကိုင်တွယ်နေရသလို ခံစားနေရတာပါလိမ့်။

[ဟားဟားဟား၊ လင်ယိကို ကြည့်ရတာ ပင်ပန်းနေတဲ့ အဖေတစ်ယောက်လိုပဲ။]

[ရှန်ဖုန်းက ဒီလောက်လွယ်လွယ်လေးနဲ့ ဒေါသထွက်ပြီး ဂုဏ်ယူနေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။]

[အမှန်ပဲ။ ပုံမှန်ဆိုရင် ရှန်ဖုန်းက အေးစက်စက်နဲ့ မာနကြီးတဲ့ သူဌေးသားလေ။ ဘယ်တော့မှ အလျှော့မပေးဘူး။ အခုတော့ သူနဲ့ လိုက်ဖက်တဲ့လူကို တွေ့ပြီဟေ့။]

[ဒီနှစ်ယောက်ရဲ့ဆက်ဆံရေး တိုးတက်လာမှာကို စောင့်ကြည့်နေပါ့မယ်။]

တစ်ချိန်တည်းမှာပဲ…..

ကလေးအနည်းငယ်က ရှိုးဝန်ထမ်းများဝှက်ထားသည့် လက်ဆောင်လေးများကို ရှာဖွေရန် စုရုံးနေကြ၏။

သူတို့က လယ်တဲ၏ဝင်းထဲတွင် အကြာကြီး ရှာဖွေသော်လည်း ဘာမှရှာမတွေ့ခဲ့ကြပေ။

ဖော်ရွေသည့်ကလေးဖြစ်သူ နျန်ကောင်းက ဝန်ထမ်းတစ်ဦးထံသို့ ပြေးသွားကာ မေးလိုက်သည်။

"ဦးဦး... လက်ဆောင်တွေက ဘယ်မှာလဲဟင်။"

ဝန်ထမ်းက ပြန်ဖြေလိုက်သည်။

"သားတို့ဘာသာ ရှာရမှာပေါ့။ ကံကောင်းပါစေ။"

နျန်ကောင်းက အနည်းငယ် စိတ်ပျက်သွားရ၏။

"ဟုတ်ကဲ့"

အခြားတစ်ဖက်မှ မျန်မျန်လေးမှာတော့ ပင်ပန်းလာသဖြင့် ကောက်ရိုးပုံပေါ်တွင် ထိုင်လိုက်လေသည်။ ထိုစဉ် သူ့တင်ပါးအောက်၌ တစ်ခုခုလာထိုးနေသည်ကို ခံစားလိုက်ရ၏။

သူ ဇဝေဇဝါဖြစ်စွာနှင့် မတ်တတ်ရပ်လိုက်ကာ ကောက်ရိုးပုံပေါ်သို့ မီးထိုးကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကလေးနှစ်ဖက်ဖြင့် မွှေနှောက်ရှာဖွေလိုက်၏။ ထိုအခါ သူက လက်ဆောင်အိတ် သေးသေးလေးများစွာကို တွေ့ရှိသွားခဲ့တော့သည်။

ထိုမြင်ကွင်းကြောင့် သူ့မျက်လုံးလေးများမှာလည်း တောက်ပလာခဲ့ရလျက်။

[ဝါး... မျန်မျန်က တကယ်ကို ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ။]

[ဟားဟား... ရိုက်ကူးရေးအဖွဲ့ကလည်း လက်ဆောင်တွေကို ဒီလိုနည်းနဲ့ တွေ့သွားဖို့ မျှော်လင့်ထားမှာ မဟုတ်ဘူး။]

[ကံကောင်းတဲ့ မျန်မျန်လေးရေ... မင်းကို နမ်းလိုက်ချင်လိုက်တာ။]

များမကြာမီမှာပင် မျန်မျန်က လက်ဆောင်များအား လူတိုင်းအား ခွဲဝေပေးလိုက်၏။

အခြားကလေးများကလည်း အံ့အားသင့်သွားကြပြီး သူ့အနားသို့ စုရုံးရောက်ရှိလာကြကာ စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေကြတော့သည်။

"မျန်မျန်... မင်းက အရမ်းတော်တာပဲ။”

"မျန်မျန်... ကျေးဇူးအများကြီးတင်ပါတယ်နော်။”

"..."

မျန်မျန်က အသေးအဖွဲ့လေးပါဟူသည့် သဘောရိုးဖြင့် ခေါင်းခါပြလိုက်သည်။ ထို့နောက် လင်ယိ ထွက်သွားရာဘက်သို့ မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့၏။

ဖေဖေလေးက ဘာလို့ အခုအထိ ပြန်မလာသေးတာလဲ။

သူ ရှာတွေ့ထားသည့် လက်ဆောင်လေးများအား သူ့ဖေဖေလေးကိုလည်း ပေးချင်နေသည်။

ည ၁၀ နာရီ ကျော်သွားသည့်အခါတွင်တော့ ဧည့်သည်အားလုံးက မိမိတို့၏ အခန်းထဲသို့ ပြန်သွားကြလေပြီ။

ယနေ့အတွက် ရိုက်ကူးရေးမှာလည်း ပြီးဆုံးသွားပြီ ဖြစ်၏။

အင်တာနက်အသုံးပြုသူများကတော့ လမ်းခွဲရန် နှမြောသတဖြစ်နေကြဆဲ။

[အား... ပြီးတာ မြန်လိုက်တာ။ ငါ ကြည့်လို့ မဝသေးဘူးလေ။]

[မနက်ဖြန် ၉ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်မှုက ပြန်စမှာနော်၊ အားလုံးပဲ မနက်ဖြန်မှ တွေ့ကြမယ်။]

[မနက်ဖြန်မှ တွေ့ကြရအောင်။]

လင်ယိနှင့် ဟော့မျန်မျန်တို့၏ အခန်းထဲတွင်….

ကိုယ်လက်သန့်စင်ပြီးသည့်နောက်မှာတော့ လင်ယိက ပျင်းရိစွာနှင့် ခုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။

ထိုအချိန်၌ ဟော့မျန်မျန်က သူ့အား အနီရောင် လက်ဆောင်အိတ်လေးတစ်အိတ် လှမ်းပေးလာ၏။

လင်ယိက ပြုံးကာယူလိုက်ပြီး မေးခဲ့သည်။

"ဒါက မျန်မျန် ရှာတွေ့ခဲ့တဲ့ လက်ဆောင်လား။"

မျန်မျန်က ခေါင်းညိတ်ပြလာ၏။

"ဟုတ်တယ်၊ ဖေဖေလေးအတွက်။"

လင်ယိက ချက်ချင်းပင် ဝမ်းသာသွားရသည်။

"ဝါး... မျန်မျန်က တကယ် လိမ်မာတဲ့ ကလေးလေးပဲ။"

ကလေးပျိုးထောင်ရခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ ရုတ်တရက် လက်ဆောင်များလက်ခံ ရရှိတတ်ခြင်းပင်။

လင်ယိတစ်ယောက် လက်ဆောင်အိတ်ကို ဖွင့်ကြည့်လိုက်ရာ အရသာရှိပုံပေါက်သည့် ရောင်စုံသကြားလုံးလေးများကို တွေ့ရှိလိုက်ရ၏။

ထို့နောက် သူက မျန်မျန်လေး၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး

"ကျေးဇူးပါ မျန်မျန်ရေ၊ ဖေဖေလေးက အရမ်းသဘောကျတယ်။"

မျန်မျန်က ပြုံးလိုက်သည်။ ထို့နောက် လင်ယိ၏ဘေးနားသို့ တိုးကပ်သွားကာ ခုတင်ပေါ်သို့ တွယ်တက်လာခဲ့၏။

ယနေ့ညတွင် သူက ဒိုင်နိုဆောပုံစံရှိ pajamas ကို ဝတ်ထားသဖြင့် လင်ယိကို မှီထားပြီး တိုးကပ်နေပုံက အင်မတန်ကို ချစ်စရာကောင်းလှပေသည်။ သူက မျက်ဝန်းနက်လေးတို့ဖြင့် လင်ယိကို မော့ကြည့်နေခဲ့သည်။

အစပိုင်းတွင် လင်ယိက သူဘာလိုချင်မှန်း နားမလည်ခဲ့ပါ။ သို့ပေသည့် အတန်ကြာ စိုက်ကြည့်ခံရပြီးနောက်တွင်တော့ သူ သဘောပေါက်သွားခဲ့ရ၏။

"အို... မျန်မျန်က အိပ်ရာဝင်ပုံပြင် ထပ်နားထောင်ချင်လို့လား။"

မျန်မျန်က ကြောင်ပေါက်လေးတစ်ကောင်ပမာ စောင်လေးကို ဆုပ်ကိုင်ထားရင်း တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ခေါင်းညိတ်ပြလာသည်။

လင်ယိ သူ့အား အိပ်ရာဝင်ပုံပြင် ပြောပြခဲ့သည့် ညကတည်းက သူ အလွန်သဘောကျသွားခဲ့ရခြင်းပင်။

လင်ယိက သူ့ဖုန်းကို ထုတ်လိုက်ပြီး အိပ်ရာဝင်ပုံပြင်တစ်ခုကို ရှာဖွေ၍ ဖတ်ပြလေတော့သည်။

"ဟိုးရှေးရှေးတုန်းက... အသားစားချင်တဲ့ မြေခွေးတစ်ကောင်ရှိသတဲ့..."

ဟော့မျန်မျန်က တဖြည်းဖြည်း ပို၍ စိတ်လှုပ်ရှားလာကာ လင်ယိ၏ လက်မောင်းကို ဆွဲလိုက်ပြီး

"ဖေဖေလေး... သား ထပ်ပြီး နားထောင်ချင်သေးတယ်။"

လင်ယိက အချိန်ကို ကြည့်လိုက်ရာ ၁၁ နာရီ ထိုးနေပြီ ဖြစ်၏။ ထိုအချိန်မှာ သူ့ကလေးလေး အိပ်ရမည့်အချိန် ရောက်နေပြီပင်။

သို့ဖြစ်ရာ သူက ဟော့မျန်မျန်ကို ပြောလိုက်သည်။

"တစ်ညကို ပုံပြင်တစ်ပုဒ်ပဲ နားထောင်လို့ရတယ်လေ။"

မျန်မျန်က ခေါင်းလေးစောင်းကာ ဇဝေဇဝါဖြင့် မေးလာ၏။

"ဘာလို့လဲဟင်။"

လင်ယိက ကလေးအား အေးအေးဆေးဆေးပင် လိမ်ညာလိုက်သည်။

"ဘာလို့လဲဆိုတော့ ကလေးတိုင်းက အိပ်ရာဝင်ပုံပြင် တစ်ပုဒ်ပဲ ရကြတာလေ။ မင်းက တစ်ပုဒ်ထက် ပိုနားထောင်လိုက်ရင် တခြားကလေးတစ်ယောက်က သူ့ပုံပြင်ကို နားထောင်ခွင့်ရတော့မှာ မဟုတ်ဘူး"

မျန်မျန် : "..."

ဟမ်။

အဲဒီလိုလား။

ဒါဆိုရင်တော့ တခြားကလေးတွေ ပုံပြင်နားထောင်လို့ရအောင် သူ ထပ်ပြီး နားမထောင်တော့ဘူး။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment