အပိုင်း(၆)
များမကြာမီမှာပင် ရသစုံရှိုး ရိုက်ကူးရမည့်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ကလေးထိန်းရှိုးတွင် ဧည့်သည်အဖွဲ့လေးဖွဲ့ ပါဝင်မည်ဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့က သူတို့ကို အိမ်မှ သွားကြိုရန်အတွက် ကားများစေလွှတ်ပေးခဲ့ကြသည်။
ထုတ်လုပ်ရေးအဖွဲ့က ရှိုးကို ကြိုတင်ကြော်ငြာထားပြီးပြီ ဖြစ်၍ ရိုက်ကူးတည်းဖြတ်ထားသည့် အပိုင်းများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ပေါင်းစပ်သည့်ပုံစံကို အသုံးပြုခဲ့သည်။ သို့ဖြစ်ရာ တိုက်ရိုက်ထုတ်လွှင့်လိုက်သည်နှင့် ကြည့်ရှုသူများစွာက တစ်ပြုံကြီး ဝင်ရောက်လာတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ လင်ယိနှင့် ဟော့မျန်မျန်တို့အတွက် ဖြစ်၏။
အစပိုင်းတွင်တော့ ကြည့်ရှုသူ သိပ်မရှိချေ။ ထို့ပြင် မှတ်ချက်အများစုမှာလည်း လှောင်ပြောင်သရော်နေသည့် မှတ်ချက်များသာ။
[လင်ယိလို ဘာမှမဟုတ်တဲ့သူကလည်း ကလေးထိန်းရှိုးမှာ ပါလို့ရတာလား။]
[ထုတ်လုပ်ရေးအဖွဲ့က သူ့မကောင်းသတင်းကို အသုံးချချင်လို့ ဖြစ်မှာပေါ့။]
[ငါကြားတာတော့ လင်ယိက ကလေးရှိတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်ဆို။]
[ဟားဟား၊ လင်ယိရဲ့ လက်တွဲဖော်က ဆင်းရဲပြီး၊ ရုပ်လည်းဆိုးမှာကို ငါ မာလာချောင်းအထုပ်တစ်ရာနဲ့ လောင်းရဲတယ်။ အခုတော့ သူက ပထွေးတောင် လုပ်နေရပြီပေါ့။ ကျွတ်၊ ကျွတ်၊ သနားစရာပဲ။]
[ငါ ဒီကို ပွဲကြည့်ဖို့ လာခဲ့တာ။ လူတိုင်းက လင်ယိကို မကြိုက်ကြတာကို မြင်ရတော့ တကယ် နေလို့ ကောင်းသွားတယ်။]
ထိုအခိုက်အတန့်၌ ထုတ်လုပ်ရေးအဖွဲ့၏ ကားမှာ ဗီလာထဲသို့ ဝင်ရောက်လို့လာသည်။
အရှေ့ဘက်ရှိ သံတံခါးကြီးများကို ဖြတ်ကျော်ပြီးနောက်တွင်တော့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုက သူတို့အား ကြိုဆိုနေ၏။
စိမ်းလန်းစိုပြည်နေသော မြက်ခင်းပြင်များ၊ ပန်းခြံများ၊ ရေပန်းများနှင့် ခိုငယ်လေးများ… ကြည့်ရသည်မှာ ကြီးကျယ်ခမ်းနားလှသည့် ခြံဝင်းတစ်ခုနှင့်ပင် တူနေလေသည်။
ဗီလာဝင်းတစ်ခုလုံးက စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသောကြောင့် ကားဖြင့်ပင် အချိန်ခဏကြာသည်အထိ မောင်းနှင်လာခဲ့ရသည်။
အွန်လိုင်းပေါ်မှ ကြည့်ရှုသူများမှာတော့ အံ့ဩမှင်တက်နေကြလျက်။
[“ဘာတွေဖြစ်နေတာလဲ။ ဒီဗီလာဝင်းကြီးတစ်ခုလုံးက လင်ယိရဲ့အိမ်လား။”]
[“မဖြစ်နိုင်တာ၊ လင်ယိက ဘာမှမဟုတ်တဲ့သူ မဟုတ်ဘူးလား။ ဒီလိုဇိမ်ခံအိမ်ရာမျိုးကို သူက ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။”]
[“ဒါက မြို့လယ်ခေါင်က အကောင်းဆုံးအိမ်ရာလေ။ ဒီလောက်ကြီးတဲ့ သီးသန့်ဥယျာဉ်တစ်ခုက ဘယ်လောက်ကုန်ကျလောက်လဲ။”]
[“လင်ယိက လက်ထပ်ထားတာ မဟုတ်ဘူးလား။ ဒါက သူ့ယောက်ျားရဲ့ အိမ်များလား။”]
[“ဘုရားရေ…. ဘယ်လောက်တောင် အကောင်ကြီးတဲ့သူမလို့လဲ။”]
[“ငါ အခုချက်ချင်း ဒူးထောက်ပြီး အရင်က ပြောခဲ့တာတွေကို ပြန်ရုပ်သိမ်းပါတယ်။”]
[“ရယ်စရာကောင်းလိုက်တာ၊ ဒီအင်တာနက်ပေါ်ကသူတွေက ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြဘူးလား။ လင်ယိလိုလူက ဘယ်လိုလုပ်ပြီး ဒီလောက်အဆင့်အတန်းရှိတဲ့လူနဲ့ လက်ထပ်နိုင်မှာလဲ။”]
[“ဟုတ်တယ်၊ လင်ယိက တမင်ကြွားချင်လို့ ထုတ်လုပ်ရေးအဖွဲ့ကို ဒီခေါ်လာတာနေမှာပေါ့။ အခုလောက်ဆို သူက လမ်းဘေးမှာ အမှိုက်ကောက်နေရလောက်ပြီ။”]
[“ဒါမှမဟုတ် လင်ယိက ဒီအိမ်က လုံခြုံရေးဝန်ထမ်း တစ်ယောက်ယောက်နဲ့ လက်ထပ်ထားလို့ ကြိုက်သလို ဝင်ထွက်သွားလာနိုင်တာ နေမှာပေါ့။”]
[“ဟားဟား… ရယ်သေပြီ။ ဒါကမှ လင်ယိရဲ့စရိုက်နဲ့ ကွက်တိပဲ။”]
[“ရွံစရာကောင်းလိုက်တာ။ လင်ယိက တစ်ရက်လောက် ပြဿနာမရှာရရင် မနေနိုင်ဘူးလား။”]
["လင်ယိ အရှက်ကွဲမှာကို ငါ စောင့်နေတယ်။”]
အကွေ့အကောက်များစွာကို ဖြတ်လာပြီး နောက်ဆုံးတွင်တော့ ထုတ်လုပ်ရေးအဖွဲ့၏ကားမှာ သုံးထပ်တိုက် ဗီလာကြီးရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။
ဝန်ထမ်းက ကားပေါ်မှ ဆင်းလိုက်ပြီး ခမ်းနားထည်ဝါသော ဗီလာကြီးကို ကြည့်ကာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ လင်ယိ ပေးထားသည့်နေရာက သည်နေရာဖြစ်ကြောင်းကို အကြိမ်ပေါင်းများစွာ အတည်ပြုပြီးနောက်တွင်တော့ သူတို့၏ ရိုက်ကူးရေးပစ္စည်းများကို သယ်ကာ ဗီလာဆီသို့ ဦးတည်လာခဲ့ကြသည်။
ခြေလှမ်းအနည်းငယ်အကွာတွင် ဗီလာ၏လှေကားထစ်ပေါ်၌ ချစ်စရာကောင်းသော ကလေးလေးကို မြင်လိုက်ရ၏။
ထိုအချိန် ဟော့မျန်မျန်မှာ လှေကားတွင် ထိုင်နေလျက်သား။ သူက ပုံဆွဲစာအုပ်နှင့် ခဲတံတစ်ချောင်းကို ကိုင်ထားကာ ပုံဆွဲရာ၌သာ အာရုံစိုက်ထားလေသည်။
သူ စိတ်လှုပ်ရှားလာသည့်အချိန်တွင်တော့ သူ့ခြေထောက်လေးများကို လှုပ်ယမ်းလာလိမ့်မည်။
သူက ထိုနေရာမှာသာ ထိုင်နေပြီး ငိုလည်းမငိုသလို၊ ပြဿနာလည်း မရှာဘဲ လိမ်လိမ်မာမာလေးသာ ပြုမူခဲ့၏။
ဝန်ထမ်းများက အကြည့်ချင်းဖလှယ်ကြရင်း လူတိုင်း၏ မျက်ဝန်းထဲတွင်လည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေလျက်ပင်။
ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ ကလေးလေးလဲ။
ထိုအချိန်၌ ဝန်ထမ်းတစ်ဦးက အနားကို ချဉ်းကပ်သွားကာ မေးလိုက်သည်။
“ဟယ်လို၊ သားက ဟော့မျန်မျန်လား။”
အသံကို ကြားလိုက်သည့် ဟော့မျန်မျန်က မော့ကြည့်လိုက်သည်။
ဤလှုပ်ရှားမှု သေးသေးလေးကပင် ဝန်ထမ်းများ၏စိတ်ကို အရည်ပျော်သွားစေသည်။
ဘုရားရေ၊ ကလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ချစ်စရာကောင်းနေရတာလဲ။
ဟော့မျန်မျန်က ဆီးနှင်းလုံးလေးလို ဖြူဖွေးနူးညံ့သော အသားအရေ၊ ပန်းဆီရောင်သန်းနေသော နှုတ်ခမ်းလေးတို့နှင့် သဘာဝအတိုင်း တောက်ပနေသယောင် ရှိပြီး အထူးသဖြင့် ဝိုင်းစက်တောက်ပလွန်းသည့် ထိုမျက်လုံးအစုံမှာ အင်မတန် ဆွဲဆောင်မှုရှိလှ၏။
ရုတ်တရက် ထွက်ပေါ်လာသည့် သူစိမ်းများကို မြင်လိုက်ရသဖြင့် သူက ဇဝေဇဝါနှင့် မျက်တောင်ခတ်လိုက်ရာ လူတိုင်း၏ နှလုံးသားအား ပို၍ပင် အရည်ပျော်သွားစေခဲ့သည်။
[“ဘုရားရေ၊ ဒါ ဘယ်သူ့ကလေးလဲ။”]
[“ဒါက နတ်သားလေးဖြစ်ရမယ်။ လာပါဦး၊ အန်တီ ဖတ်ပါရစေဦး။”]
[“ဝိုး၊ သူ့မျက်တောင်မွေးတွေက အရမ်းရှည်တာပဲ။ ယပ်တောင်လေးတွေနဲ့ တူတယ်။”]
[“ငါ သေပါပြီ။ အရမ်းချစ်စရာကောင်းတယ်လို့။”]
[“အရေးကြီးဆုံးကတော့ သူက အရမ်းလိမ္မာတာပဲ။ ဘာအသံမှမထွက်ဘဲ တိတ်တိတ်ကလေးထိုင်ပြီး ပုံဆွဲနေတာ။”]
[“ငါ့ရဲ့ အဆော့မက်တဲ့သားလေးနဲ့ ဒီကလေးလေးကို ယှဉ်ကြည့်လိုက်တော့ ငါ့သားလေးကို ဗိုက်ထဲပြန်ထည့်ပြီး နောက်တစ်ခါသာ ပြန်မွေးလိုက်ချင်တော့တယ်။”]
[“ငါ့ဘဝမှာ ပထမဆုံးအနေနဲ့ ဒီလောက် နူးညံ့ပြီး၊ ချစ်စရာကောင်းတဲ့ ကလေးလေးကို မြင်ဖူးတာပဲ။”]
ဟော့မျန်မျန်က ဝန်ထမ်းကို အတန်ကြာအောင် စိုက်ကြည့်နေခဲ့သော်ငြား သူက ဘာမှမပြောခဲ့ပေ။
ဝန်ထမ်းများက အခြေအနေကို သိပ်မသေချာသည်ဖြစ်ရာ ပြုံးပြီး ထပ်မေးလိုက်ရုံသာ တတ်နိုင်တော့သည်။
“ဒါနဲ့ လင်ယိက သားရဲ့ ဖေဖေလား။ သူက ဒီမှာ နေတာမလား။ အန်တီတို့က ရှိုးရိုက်ဖို့အတွက် ဒီကို ရောက်နေတာလေ။ သူ သားကို ပြောပြထားသေးတယ် မဟုတ်လား။”
ဟော့မျန်မျန်ကတော့ တိတ်ဆိတ်နေမြဲ။
သို့ရာတွင် သူက ဝန်ထမ်းပြောချင်သည်ကို နားလည်ခဲ့ပါသည်။ ထို့နောက် သူသည် လှေကားပေါ်ထိုင်နေရာမှ ထလိုက်ပြီး သူ့ပုံဆွဲစာအုပ်နှင့် ခဲတံကို ကိုင်လျက် ဗီလာထဲသို့ ပြေးဝင်သွားတော့သည်။
သူက လမ်းပြနေသည့်ဟန်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင်လည်း ဝန်ထမ်းများလိုက်လာ၊ မလာကို ကြည့်ရန်အတွက် သူက ပြန်လှည့်ကြည့်တတ်သေးသည်။
ဝန်ထမ်း၏အသံက ချက်ချင်း ပြောင်းလဲသွားပြီး ကလေးများကို ချောမော့သည့်လေသံဖြင့် ပြောလိုက်သည်။
“လာပြီ၊ လာပြီ။”
များမကြာမီတွင် ဝန်ထမ်းများက ဟော့မျန်မျန် နောက်မှလိုက်၍ ဗီလာထဲသို့ လိုက်ဝင်သွားကြ၏။
အထဲရောက်သွားချိန်တွင်တော့ သူတို့က ပိုလို့တောင် အံ့အားသင့်သွားကြသည်။
ဗီလာအတွင်းပိုင်းရှိ အပြင်အဆင်မှာ အမှန်တကယ်ပင် အဆင့်အတန်းမြင့်မားလှပြီး၊ နေရာတိုင်းတွင်လည်း တန်ဖိုးကြီးပစ္စည်းများဖြင့် အလှဆင်ထားလေသည်။ အချို့ပစ္စည်းများမှာ လူများဝိုင်းလုယက်ကြမည့် လေလံပစ္စည်းများဖြစ်သော်ငြား ဤနေရာတွင်မူ သာမန်ကာလျှံကာပင် ခင်းကျင်းပြသထား၏။
[“ချမ်းသာတာက ဒီလိုများလား။ မနာလိုလွန်းလို့ မျက်ရည်တောင်ကျလာပြီ။”]
[“တစ်ယောက်ယောက်များ သိကြလား။ ဟိုဘက်ထောင့်နားက ပန်းအိုးက လေလံပွဲကဟာမလား။”]
[“ဟုတ်တယ်၊ အဲဒီတုန်းက မီလီယံနဲ့ချီပြီး ရောင်းထွက်သွားတာလေ။”]
[“မီလီယံချီတာကို ဒီအတိုင်း ထားထားတာလား။ ငါ ဝန်ခံတယ်။ ငါလည်း အဲဒီမှာ အစေခံအနေနဲ့ အလုပ်လုပ်ချင်တယ်။”]
[“ပြီးတော့ နံရံပေါ်က ပန်းချီကားကလည်း နာမည်ကြီးအနုပညာရှင် တစ်ယောက်ရဲ့
လက်ရာပဲ။”]
[“ဒီတော့ လင်ယိက တကယ်ပဲ ဒီမှာ နေတာလား။”]
[“လင်ယိက အစေခံလည်း ဖြစ်နိုင်တာပဲလေ။ ရိုက်ကူးရေးလုပ်ဖို့အတွက် အိမ်ရှင်ရဲ့နေရာကို ငှားထားတာနေမှာပေါ့။”]
[“လင်ယိ အဲဒီလိုလုပ်ရင်တောင် ဘာမှ အံ့ဩစရာမရှိပါဘူး။”]
[“ဟားဟား၊ ခဏနေကျရင် လင်ယိ ကြမ်းတိုက်နေတာလည်း မြင်ရနိုင်တာပဲ။”]
ရိုက်ကူးရေးကို ပိုမိုလွယ်ကူစေရန်အတွက် ဗီလာ၏ အိမ်တော်ထိန်းနှင့် အစေခံတို့က ခေတ္တလောက် ထွက်ခွာသွားကြသည်။
ဟော့မျန်မျန်က ဝန်ထမ်းများအား အခန်းတစ်ခန်းဆီသို့ ဦးဆောင်ခေါ်သွားပေးလိုက်သည်။
ဝန်ထမ်းများမှာမူ ဗီလာ၏ အပြင်အဆင်များကို ငေးမောကြည့်ရှုသွားရင်း နောက်မှ လိုက်လာနေကြကာ လမ်းပင်ပျောက်လုမတတ် ဖြစ်သွားရသည်။
သူတို့က ဟော့မျန်မျန်နောက်သို့ လိုက်မီနိုင်ရန် မြန်မြန်သွက်သွက် လိုက်သွားကြရ၏။
[“ဟားဟား၊ ဗီလာက တကယ်ကြီးတာပဲ။ ဝန်ထမ်းတွေတောင် လမ်းပျောက်လုနီးပါးဖြစ်နေပြီ။”]
[“ဒါက ဒဏ္ဍာရီလာ ၈၀၀ စတုရန်းမီတာ ကျယ်တဲ့ စံအိမ်ကြီးပေါ့။”]
[“ဝါး၊ ဒီမှာ တစ်ရက်လောက်ပဲ နေခွင့်ရမယ်ဆိုရင်တောင် ငါ့အသက်တော့ ရှည်သွားမှာပဲ။”]
အဆုံးတွင်တော့ ဟော့မျန်မျန်က ဝန်ထမ်းများအား အခန်းတစ်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သူက သူ့လက်ကလေးကို မြှောက်လိုက်ကာ တံခါးကို နှစ်ချက်လောက် ခေါက်လိုက်သည်။ ထို့နောက် စိတ်ရှည်ရှည်နှင့် စောင့်နေလိုက်သည်။
များမကြာမီမှာပင် တံခါးက ပွင့်လာခဲ့ပြီး လင်ယိကို မြင်လိုက်ရ၏။
လင်ယိက ရိုးရိုးရှင်းရှင်း ဟူဒီအဖြူရောင်ကို ဝတ်ဆင်ထားပြီး၊ လက်ထဲတွင်လည်း ဂိမ်းထိန်းချုပ်စက်ကို ကိုင်ထားလျက်။ ဤသည်ကို ကြည့်လျှင် သူက ဂိမ်းဆော့နေခဲ့ကြောင်း သိသာ၏။
လူများကို မြင်သည့်အခါ သူက မျက်ခုံးပင့်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
“ဟေး၊ အားလုံးပဲ။”
ရိုးရှင်းသည့် နှုတ်ဆက်စကားသာ ဖြစ်သော်ငြားလည်း သူ မည်မျှပင် တည်ငြိမ်နေကြောင်း ပြသနေခဲ့သည်။
သူ့ရုပ်ရည်သွင်ပြင်က ယခင်ကအတိုင်း အတူတူပင်ဖြစ်သော်လည်း ယခု လင်ယိကတော့ အရင်ကနှင့် မတူကွဲပြားနေသယောင်။ သူ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများပင်လျှင် တည်ငြိမ်အေးဆေးသည့် အရိပ်အယောင်များ သယ်ဆောင်ထားလျက်။
သူက ပြောင်းလဲသွားပုံရ၏၊
လင်ယိကို မြင်သည့်အခါမှာတော့ ဝန်ထမ်းများက အံ့အားသင့်သွားကြကာ ထစ်ထစ်ငေါ့ငေါ့နှင့် နှုတ်ဆက်စကားဆိုလိုက်သည်။
“မ-မင်္ဂလာပါ၊ ကျွန်တော်တို့က ကလေးထိန်းရှိုးက ဝန်ထမ်းတွေပါ။”
မှတ်ချက်ရေးသားသည့် နေရာ၌ ပေါက်ကွဲထွက်သွားတော့၏။
[ “ဒါက လင်ယိလား။”]
[“တူညီတဲ့မျက်နှာ၊ တူညီတဲ့ အသံပါပဲ။ ဒါပေမဲ့ သူ့ကို ကြည့်ရတာ ကွဲပြားနေသလိုပဲ။”]
[“ငါ အခုပဲ ပြောလိုက်တော့မယ် … လောင်ကုန်းရေ။”]
[“ငါ့ကို ခွင့်လွှတ်ပေးပါ။ အခုအချိန်ကစပြီး ငါ ရုပ်ရည်ကိုပဲကြည့်ပြီး fan လုပ်တော့မယ်။”]
[“ဒီလောက် ချောမောတဲ့လူက တည်ရှိနိုင်လို့လား။ သူ တစ်ချက်ကြည့်လာတာနဲ့ ငါ မေ့လဲသွားနိုင်တယ်။”]
[“အခုခေတ် အင်တာနက်ပေါ်ကလူတွေက တကယ်ကို အကြင်နာတရားမဲ့ကြတာပဲ။ အရင်က လင်ယိလုပ်ခဲ့တဲ့ ရွံစရာကောင်းတာတွေကိုလည်း မမေ့ကြနဲ့ဦး။”]
[“အမှန်ပဲ။ ငါကတော့ လင်ယိ ဖျော်ဖြေရေးလောကကနေ မထွက်သွားမချင်း ကျိန်ဆဲနေဦးမှာ။”]
***
Aurora Novel Translation Team