no

Font
Theme

အပိုင်း (၁)

"လူကြီးမင်လင်၊ သခင်လေးက တံခါးပိတ်ပြီး အခန်းထဲမှာနေနေတာ အချိန်အတော်ကြာနေပါပြီ! တစ်ခုခုများဖြစ်နေမလားလို့ စိုးရိမ်မိလို့ပါ!"

"လူကြီးမင်းလင်၊ ကျေးဇူးပြုပြီး တစ်ချက်လောက် သွားကြည့်ပေးပါဦး!

"..."

အိပ်ခန်းတံခါးကို ကျယ်လောင်စွာ ထုရိုက်နေ၏။ ထိုအသံကိုနားထောင်ရုံဖြင့် အပြင်ဘက်မှလူများက အတော်လေးထိတ်လန့်နေကြောင်း သိသာပေသည်။

လင်ယိက ခုတင်ပေါ်ကနေ ထထိုင်လိုက်ပြီး မူးဝေနေသော သူ၏ဦးခေါင်းကို လက်တစ်ဖက်ဖြင့်ဖိထားလိုက်သည်။ သူ့အရှေ့မှ မရင်းနှီးသောပတ်ဝန်းကျင်ကို ကြည့်ရင်း သူ အနည်းငယ် ကြောင်အမ်းနေမိ၏။

ဒါက... ဘယ်နေရာလဲ။

ထိုစဥ် အပြင်ဘက်မှ တံခါးခေါက်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ဆူညံသံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာသည့် လင်ယိတစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ ခုတင်ပေါ်ကဆင်း၍ တံခါးဆီသို့ လျှောက်သွားလိုက်၏။

သို့သော် သူ တံခါးလက်ကိုင်ကို ကိုင်လိုက်သည့်အချိန်၌ သူ့အရှေ့မှလက်ကို မှင်တက်စွာစိုက်ကြည့်လိုက်မိ၏။ ယင်းက သူ့လက်မဟုတ်ပေ။

သူက ရုံးခန်းထဲမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်နေခဲ့သူဖြစ်သော်လည်း gym သို့ အမြဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက ကျန်းမာကြံ့ခိုင်သော အချိုးအစားမျိုးပင်။

သို့သော်လည်း ယခု သူ့အရှေ့မှလက်နှစ်ဖက်က သွယ်လျကာ ဖြူဆွတ်နေပြီး အရိုးအဆစ်များက သေသပ်လှပ၍ လက်လုပ်လက်စားအလုပ်များကို တစ်ခါမှမလုပ်ဖူးသကဲ့သို့ နူးညံ့လွန်းသည်။

သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ

မရေမတွက်နိုင်သော မေးခွန်းများစွာဖြင့် လင်ယိ အိပ်ခန်းတံခါးကို ဖွင့်လိုက်တော့၏။

အိမ်တော်ထိန်းက အလွန်စိုးရိမ်ပူပန်နေပြီး ချွေးအေးများတောင် ထွက်နေသည်။ နောက်ဆုံးတော့ တံခါးပွင့်သွားကြောင်း မြင်လိုက်ရသောအခါ သူက အလျင်စလိုရှေ့တက်လာပြီး ပြောလာခဲ့လေ၏။

"လူကြီးမင်းလင်၊ သခင်လေး အခန်းတံခါးပိတ်ပြီးနေနေတာ နာရီပေါင်းမနည်းတော့ပါဘူး။ ကျွန်တော်တို့ တံခါးခေါက်ကြည့်ခဲ့ပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိလို့ပါ။ သူ အထဲကနေ လော့ခ်ချထားတာမို့ ကျွန်တော်တို့ သော့နဲ့လည်း ဖွင့်လို့မရပါဘူး။ ကျွန်တာ်တို့တွေ ဘယ်လိုလုပ်ကြမလဲ။"

လင်ယိတစ်ယောက် ဘာဖြစ်နေမှန်း လုံးဝမသိသေးသော်လည်း သူက အကျပ်အတည်းများကို တည်ငြိမ်စွာ ကိုင်တွယ်တတ်သူဖြစ်သည်။ သူက အမြန်ပြောလိုက်၏။

"ကျွန်တော်တို့ သွားကြည့်ရအောင်။"

အိမ်တော်ထိန်းက ချက်ချင်းဆိုသလို လင်ယိကို သခင်လေး၏အိပ်ခန်းဆီ ခေါ်သွားပေးခဲ့သည်။

၎င်းတို့ လမ်းလျှောက်နေစဥ်အတွင်း အိမ်တော်ထိန်းက ပြောလာ၏။

"သခင်လေးရဲ့အော်တစ်ဇင်က ပိုဆိုးလာတာလားမသိဘူး။ ဒီနေ့လယ်ကျ ကျွန်တော်တို့ စိတ်ပညာရှင်ကို ခေါ်ဖို့လိုမယ်ထင်ပါတယ်။"

လင်ယိက သူ့အနောက်ကနေ အေးဆေးတည်ငြိမ်စွာ လိုက်ပါနေရင်း သူ၏စိတ်ထဲ ထိုစကားကို ပြန်တွေးလိုက်မိသည်။

သခင်လေး? အော်တစ်ဇင်?

ထိုအခိုက်အတန့်မှာ မရေမတွက်နိုင်သော ဇာတ်လမ်းအပိုင်းအစများစွာက သူ့ဦးနှောက်ထဲ စီးဝင်လာခဲ့သည်။

ထိုအခါမှ လင်ယိတစ်ယောက် သဘောပေါက်သွား၏—သူ ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းလာခဲ့တာပဲ!

ယင်းက ရိုးရိုးဝတ္ထုမဟုတ်ဘဲ လူချမ်းသာမိသားစုဒရာမာဇာတ်လမ်းမျိုးဖြစ်သည်။

ဤခန္ဓာ၏မူလပိုင်ရှင်က လူအများ၏အလိုကျ လိုက်နာတတ်သူဖြစ်သည်—သူက အမြဲတမ်း ကြောက်ရွံ့တုန်လှုပ်နေပြီး ကျိုးနွံတတ်ကာ မရိုးသားသောရည်ရွယ်ချက်ရှိသူများ၏ အမြတ်ထုတ်ခြင်းကို အမြဲခံခဲ့ရပြီး တစ်ခါမှ ပြန်လည်ခုခံခြင်းမရှိခဲ့ပေ။ ဘာပဲဖြစ်လာပါစေ အရာအားလုံးကို သူ့ဘာသာသူ သိုဝှက်ထားခဲ့သည်။

သူ၏နာခံတတ်သောသဘာဝကြောင့် ဟော့မိသားစုက သူ့ကို ရွေးချယ်ခဲ့ပြီး အိမ်ထောင်ရေးမဟာမိတ်၌ နယ်ရုပ်တစ်ရုပ်အဖြစ် ပြုလုပ်ခဲ့သည်။

ထိုအိမ်ထောင်ရး၌ မူလကိုယ်သည် လုံးဝအရေးမပါချေ။ သူက အင်အားကြီးမားသော သူ၏ခင်ပွန်းဖြစ်သူနှင့် တစ်ကြိမ်လေးတောင် မတွေ့ဖူးဘဲ 'အိမ်ထောင််ဖက်' ဆိုသောဘွဲ့ကို ရရှိခဲ့ပြီး လတိုင်း အသုံးစရိတ်အဖြစ် ယွမ်ငါးသန်းကို ရရှိခဲ့သည်။

အရာအားလုံးက အသက်ရှူကျပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပြီး လက်ထပ်ပြီးသိပ်မကြာခင်မှာ မူလကိုယ်က တိတ်ဆိတ်သော စိတ်ပျက်အားငယ်မှုဖြင့် ကွယ်လွန်သွားခဲ့သည်။

၎င်းကို တွေးကြည့်လိုက်သောအခါ လင်ယိတစ်ယောက် ယခု သူနေထိုင်နေသော ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပြီး စုတ်သပ်လိုက််လေ၏။

တစ်လကို ငါးသန်း? ပြီးတော့ မင်းက အဲ့ဒါကို စိတ်ဓါတ်ကျတယ်?

ထိုနေရာမှာ သူသာဆိုလျှင် ပိုမိုကောင်းမွန်သောဘဝတစ်ခုကို ရှင်သန်နေထိုင်လိမ့်မည်ပင်။

သို့တိုင် ယခု သူ ဤခန္ဓာကိုယ်ကို အပိုင်စီးလိုက်ပြီဖြစ်ရာ မူလကိုယ်ဆုံးရှုံးခဲ့သောအရာများကို ကူညီပေးသင့်သည်။ သူပိုင်ဆိုင်ရမည့် အရာအားလုံးကို လင်ယိ ပြန်ယူပေးမည်။

တစ်ခုမှ မကျန်စေရ။

သိပ်မကြာခင် လင်ယိနှင့် အိမ်တော်ထိန်းတို့ အိပ်ခန်းတံခါးတစ်ချပ်ရှေ့သို့ ရောက်လာခဲ့၏။

အိမ်အကူဆယ်ယောက်ကျော်လောက်က အပြင်မှာရပ်နေကြပြီး အားလုံး၏မျက်နှာထက်မှာ စိုးရိမ်ပူပန်မှုများ ရှိနေသည်။

မည်သို့ပင်ဆိုစေ အထဲမှာ လော့ခ်ချပြီးနေနေသူက ဟော့မိသားစု၏ တစ်ဦးတည်းသော သခင်လေး၊ ၎င်းတို့၏မျက်ရှုလေးပင်။ တစ်ခုခုဖြစ်သွားပါက ၎င်းတို့ထဲမှ မည်သူကမှ အပြစ်ကို ခံယူနိုင်မည်မဟုတ်။

အခြားသူများ၏ ထိတ်လန့်နေပုံများနှင့်ယှဥ်လိုက်လျှင် လင်ယိက တည်ငြိမ်နေခဲ့သည်။

သူ့ယခင်ဘဝမှာ သူက ထိပ်တန်းရင်းနှီးမြှုပ်နှံမှု အမှုဆောင်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ အခြေအနေများနှင့် အမြဲထိတွေ့နေရသူပင်။ သူ၏စိတ်ပိုင်းဆိုင်ရာမာကျောမှုက အဆင့်မြင့်ပေ၏။ တစ်ခုခုဖြစ်တိုင်း သူ ထိတ်လန့်နေရမည်ဆိုပါက ထိုအလုပ်မှာ အသက်ရှင်နိုင်မည်မဟုတ်ပေ။

သို့သော် သံမဏိလိုမာကျောသော စိတ်နှလုံးနှင့်တောင် သူက အသက် ၂၆ နှစ်အရွယ်မှာ အလုပ်အလွန်အကျွံလုပ်ရင်း သေဆုံးခဲ့ရသည်။

သူ ကူးပြောင်းမလာခင်ညက သူနှင့် သူ၏အဖွဲ့က အရေးကြီးသောပရောဂျက်တစ်ခုကို ညလုံးပေါက် အပြီးသတ်နေခဲ့ကြ၏။ သူ အောင်ပွဲခံရန် အချိန်တောင်မရလိုက်ဘဲ သူ့ရင်ဘတ်ထဲမှ စူးအောင့်သောဝေဒနာနှင့်အတူ နေရာမှာတင် လဲကျသွားခဲ့သည်။

ယခု ပြီးစီးခဲ့သော ထိုပရောဂျက်ကိုတွေးလိုက်တိုင်း လင်ယိ နောင်တရနေခဲ့၏။

ဘယ်လောက်တောင်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလဲ။

သူ ထိုအရာအတွက် တော်တော်လေးအားထုတ်ခဲ့ရပြီး ယခုတော့ အခြားသူတစ်ယောက်က အကျိုးခံစားရတော့ပေမည်။

အိမ်အကူများက လင်ယိရောက်လာသည်ကို မြင်လိုက်စသောအခါ အမြန်ဘေးဖယ်ပေးလိုက်ကြသည်။

သို့တိုင် ၎င်းတို့ထဲမှ မည်သူကမှ မျှော်လင့်ချက်များများ မထားခဲ့ကြပေ။ ၎င်းတို့၏လူကြီးမင်းလင်က အမြဲတမ်း သတ္တိမရှိသလို ဆုံးဖြတ်ရမည့်အရာများနှင့် ကြုံဆုံရချိန်တိုင်း အမြဲ ထိတ်လန့်ကြောက်ရွံ့နေတတ်သည်။ သူက လုံးဝ အားကိုးလို့မရပေ။

ဒါပေမဲ့... ဒီနေ့ရဲ့လူကြီးလင်က နည်းနည်းထူးဆန်းနေသလိုပဲ။

လင်ယိက ၎င်းတို့၏အကြည့်များကို လျစ်လျူရှုကာ အိမ်တော်ထိန်းထံ လက်ဆန့်လိုက်သည်။

"ကျွန်တော့်ကို သော့ပေးပါ။"

အိမ်တော်ထိန်းက သော့ကို အမြန်ပေးခဲ့သည်။

လင်ယိက သော့ကို သော့ပေါက်ထဲထည့်ကာ လှည့်ဖွင့်လိုက်သော်လည်း သေချာပေါက်ဆိုသလို တံခါးက ပွင့်မလာခဲ့ချေ။

သူက တံခါးကို အကြိမ်အနည်းငယ်ခေါက်လိုက်သော်လည်း အထဲမှ မည်သည့်တုံ့ပြန်မှုမှမရှိခဲ့ပေ။

အခိုက်အတန့်တစ်ခုလောက် တွေးတောပြီးနောက် လင်ယိက အမြန်ပြောလိုက်သည်။

"ဒီအခန်းရဲ့ပြတင်းပေါက်က ဘယ်မှာလဲ။ ကျွန်တော့်ကို ခေါ်သွားပေး။ ပြီးတော့ လှေကားလည်း ယူခဲ့ပေးပါ။"

သူ မည်သည့်အရာကိုစီစဥ်နေကြောင်း အိမ်တော်ထိန်းက ချက်ချင်းသတိပြုမိသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

"လူကြီးမင်းလင်၊ ပြတင်းပေါက်ကနေ ဝင််မလို့ပါလား။"

လင်ယိက မျက်ခုံးပင့်လိုက်၏။

"မဟုတ်ရင်ရော? ဒီမှာရပ်ပြီး တစ်သက်လုံးစောင့်နေမလို့လား။"

လင်ယိမှာ ဖြူဆွတ်နေသောအသားအရေ၊ စွဲမက်ဖွယ်ကောင်းသော မက်မွန်ပွင့်မျက်ဝန်းများနှင့် နူးညံ့စွာအရိပ်ကျနေသော မျက်တောင်ရှည်များလည်းရှိသည်။ အဘက်ဘက်ကနေကြည့်လျှင် သူ၏အသွင်အပြင်က နူးညံ့သည့်ဘက်ကိုသွား၏။

သို့တိုင် သူက ယခုလိုမျက်ခုံးပင့်ကာ ပေါ့ပါးသော်လည်း အားပါသောအကြည့်မျိုးဖြင့် ၎င်းတို့ကိုကြည့်လာချိန်၌ ဖိအားတစ်ခုကို ခံစားလိုက်ကြရ၏။

အိမ်တော်ထိန်းက ထိတ်လန့်သွားပြီး အမြန်ခေါင်းညိတ်ကာ စီစဥ်မှုများကို အမြန်ပြုလုပ်တော့သည်။

သုံးမိနစ်ကြာပြီးနောက် လင်ယိနှင့် လူတစ်စုသည် ဗီလာ၏နောက်ဖေးသို့ ရောက်လာခဲ့ကြသည်။

သခင်လေး၏အိပ်ခန်းက ဒုတိယထပ်တွင်ဖြစ်သည်။

လှေကားကို အပြင်နံရံနှင့် မှီထောင်လိုက်သော်လည်း လှေကားက ပြတင်းပေါက်ထိရောက်လောက်အောင် မရှည်ပေ။ ထို့ကြောင့် တွယ်တက်ရမည်ဆိုပါက အန္တရာယ်များပေ၏။

အိမ်တော်ထိန်းက တစ်ခုခုပြောချင်နေသော်လည်း တွန့်ဆုတ်နေခဲ့သည်။

လူကြီးမင်းလင် ထိခိုက်ဒဏ်ရာရသွားရင်ရော?

လင်ယိက ဂရုစိုက်ပုံမပေါ်ပေ။ သူက သူ၏အနွေးထည်ကိုချွတ်ကာ အနီးဆုံးမှအိမ်အကူဆီ လှမ်းပေးလိုက်ပြီး အမြန်တက်သွားခဲ့သည်။

မကြာမီ လှေကား၏ထိပ်ဆုံးသို့ ရောက်သွားသော်လည်း ပြတင်းပေါက်ကိုရောက်ရန် အနည်းငယ်လှမ်းသေးသည်။

လင်ယိက သူ၏အရည်အချင်းနှင့် သတိကိုအားကိုး၍ အလွယ်တကူပင် ခုန်လိုက်ပြီး ပြတင်းပေါက်အောက်ခြေမှ အုတ်ခုံအစွန်းကို ဆုပ်ကိုင်လိုက်ကာ သခင်လေး၏ပြတင်းပေါက်ဘောင်ပေါ် တက်သွားခဲ့သည်။

အောက်မှာကြည့်နေသောလူတိုင်းက ပါးစပ်အဟောင်းသားဖြစ်နေခဲ့ကြ၏။

ဒါ တကယ်ပဲ အားနည်းပြီး ကြောက်တတ်တဲ့ သူတို့ရဲ့လူကြီးမင်းလင်လား။

သူ ပြတင်းပေါက်ဘောင်ပေါ်မှာ တည်ငြိမ်စွာရပ်နိုင်ပြီးနောက် လင်ယိက ထုံကျဉ်သွားသော လက်မောင်းနှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

ဤခန္ဓာက အလွန်အားနည်းလွန်း၏။ ယခင်က သူ့ခန္ဓာအဟောင်းသာဆို ပြတင်းပေါက်တစ်ခုကိုတက်ရခြင်းက စာမဖွဲ့လောက်ပေ။ သူ ထိုထက်ဆိုးသည့်အခြေအနေများကိုတောင် ဖြတ်သန်းဖူးသည်။

လက်မောင်းကိုပွတ်နေရင်း လင်ယိက ပြတင်းပေါက်ကနေ ချောင်းကြည့်လိုက်ရာ နောက်ဆုံးတော့ ဟော့မိသားစု၏ သခင်းလေးကို မြင်လိုက်ရလေသည်။

ကလေးငယ်က သုံးနှစ်သားအရွယ်သာရှိသေးသည်—နူးညံ့အိစက်နေသည့် ကလေးပေါက်စလေးပင်။

ယခု သူက နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ကော်ဇောပေါ်မှာထိုင်ကာ ရုပ်ပြစာအုပ်တစ်အုပ်ကို အာရုံစူးစိုက်မှုအပြည့်ဖြင့် ဖတ်နေခဲ့သည်။ စာမျက်နှာတစ်မျက်မှာ ပြီးသွားလျှင် နောက်တစ်မျက်နှာသို့ သူ၏လက်သေးသေးလေးများဖြင့် ဂရုတစိုက်လှန်နေခဲ့၏။

တစ်ခါတလေ သူသဘောကျသည့်အရာလေးများကို မြင်လိုက်ရလျှင် ပြုံးတတ်ပြီး ပါးချိုင့်လေးနှစ်ဖက်က ပေါ်လာတတ်သည်။

လင်ယိတစ်ယောက် အရင်က ကလေးများနှင့် တစ်ခါမှမဆက်ဆံဖူးသော်လည်း ယခု သူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

ကလေးပေါက်စလေးတွေက တကယ်ကို ချစ်စရာကောင်းတာပဲ။

ဒါပေမဲ့... ဒီလိုနူးညံ့တဲ့ကလေးပေါက်စလေးမှာ အော်တစ်စင်အသေးစားရှိနေတာလား။

သူက ပြတင်းပေါက်ကို ညင်သာစွာခေါက်လိုက်သည်။

ပထမတော့ ဟော့မျန်မျန်က မတုံ့ပြန်ခဲ့ဘဲ သူ၏စာအုပ်ကို ဆက်ဖတ်နေခဲ့သည်။

လင်ယိက နောက်တစ်ကြိမ်ထပ်ခေါက်လိုက်ပြီး ယခုတစ်ခေါက်မှာတော့ သူ၏လက်ကိုတောင် ဝှေ့ယမ်းပြလိုက်၏။

နောက်ဆုံးတော့ ဟော့မျန်မျန်က မော့ကြည့်လာခဲ့သည်။

ပြတင်းပေါက်ဘောင်ပေါ်မှာ တစ်စုံတစ်ယောက်ရှိနေကြောင်း တွေ့လိုက်ရသောအခါ နက်မှောင်သော မျက်လုံးလေးများက အံ့အားသင့်စွာ ဝိုင်းစက်သွားခဲ့သည်။

လင်ယိက ပြုံးလိုက်ပြီး ပြတင်းပေါက်ကိုဖွင့်ပေးရန် လက်ဟန်ပြလိုက်သည်။

ဟော့မျန်မျန်က အခိုက်အတန့်တစ်ခုလောက် ကြောင်အမ်းစွာစိုက်ကြည့်နေခဲ့ပြီးနောက် နှုတ်ခမ်းများကို စေ့စေ့ပိတ်လျက် စာအုပ်ကိုချလိုက်ပြီး ပြတင်းပေါက်ဖွင့်ပေးရန် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

သူက ပြတင်းပေါက်လော့ခ်ကို မမီသောကြောင့် အနောက်သို့ပြန်လှည့်ပြေးသွားခဲ့ပြီး ခုံပုလေးတစ်ခုံကိုယူ၍ ခုံပေါ်တက်၊ ခြေဖျားထောက်ကာ ဝဝကစ်ကစ်လက်ကလေးများဖြင့် တံခါးချပ်ကို ဖွင့်လိုက်၏။

ပြတင်းပေါက်ပွင့်သွားသည်နှင့် လင်ယိက အထဲသို့ ခုန်ဝင်လိုက်သည်။

ဟော့မျန်မျန်က စူးစမ်းလိုစိတ်များပြည့်နှက်နေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။

လင်ယိက သူ၏အကြည့်နှင့် တစ်တန်းတည်းဖြစ်ရန် ထိုင်ချလိုက်ပြီးနောက် သူ့ကိုပြုံးပြ၍ ပြောလိုက်သည်။

"ဒီကို ဘယ်လိုတက်လာခဲ့လဲဆိုတာ သိချင်လား။"

ဟော့မျန်မျန်က ပြန်မဖြေခဲ့ဘဲ မျက်တောင်ခတ်ကာ သူ့ကို ဆက်လက်စိုက်ကြည့်နေခဲ့၏။

ကလေးမှာ အထူးလိုအပ်ချက်ရှိနေကြောင်း သိထားသည့်အတွက် လင်ယိတစ်ယောက် အဖြေပြန်ရဖို့ကို မျှော်လင့်မထားခဲ့ပေ။ သူက နူးညံ့စွာဖြင့် နောက်တစ်ကြိမ် ထပ်ကြိုးစားလိုက်သည်။

"ဘာလို့ တံခါးကို လော့ခ်ချထားတာလဲ။ အားလုံးက စိတ်ပူနေကြတာ။"

ဟော့မျန်မျန်က နောက်တစ်ကြိမ် မျက်တောင်ခတ်လိုက်ပြီး တိတ်ဆိတ်နေဆဲပင်။ သို့သော် သူက အနောက်လှည့်ကာ တံခါးဆီသို့သွားလိုက်ပြီး လော့ခ်ကို ပြန်ဖွင့်လိိုက်သည်။

လင်ယိက အနည်းငယ်အံ့အားသင့်သွာဖြင့် မျက်ခုံးပင့်လိုက်မိပြီးနောက် မေးမြန်းလိုက်လေ၏။

"စောစောက တံခါးခေါက်နေတာကို မကြားလိုက်ဘူးလား။"

ဟော့မျန်မျန်က ခေါင်းယမ်းပြလိုက်သည်။

သူက ဦးထုပ်ပါသော အဝါရောင် ပီကာချူးဝမ်းဆက်လေးကို ဝတ်ထားပြီး ခေါင်းယမ်းလိုက်သောအခါ ဦးထုပ်ပေါ်မှ ပီကာချူးနားရွက်များက သူ၏လှုပ်ရှားမှုအတိုင်း လှုပ်ခတ်သွားလေ၏။ ၎င်းက အလွန်ချစ်စရာကောင်းလွန်းသည်။

လင်ယိ သဘောကျသွားသော်လည်း အနည်းငယ် စိုးရိမ်စိတ်ဝင်လာခဲ့သည်။

ကလေး၏အခြေအနေက အော်တစ်ဇင်အသေးစားမျှသာ မဟုတ်လောက်ဘဲ အခြားသော စိိတ်ပိုင်းဆိုင်ရာပြဿနာများပါ ရှိနေနိုင်သည်။

သို့သော် ယင်းက သူ၏ပြဿနာမဟုတ်။ ဟော့မိသားစုမှာ ငွေကြေးရော၊ အာဏာပါရှိသည်။ ၎င်းတို့က ကမ္ဘာအနှံအပြားမှ ကုထုံးဆရာများကို ငှားရမ်းနိုင်သည်။

ထိုကိစ္စကို ဖြေရှင်းပြီးသည်နှင့် လင်ယိက အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။

သူက အောက်ထပ်ဧည့်ခန်းဆီသွားခဲ့ပြီး တစ်ယောက်ထိုင် လက်တင်ကုလားထိုင်မှာထိုင်၍ ဖုန်းသုံးနေခဲ့သည်။

အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် ခဏအကြာတွင် ဟော့မျန်မျန်ကလည်း ရုပ်ပြစာအုပ်လေးကိုကိုင်လျက် အောက်ထပ်သို့ဆင်လာခဲ့၏။

လင်ယိက သူပုံမှန်ထိုင်နေကျနေရာမှာ ထိုင်နေကြောင်း တွေ့လိုက်ရသောအခါ ကလေးငယ်က သူ၏စာအုပ်လေးကို ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားရင်း ရှုပ်ထွေးစွာဖြင့် ရပ်နေခဲ့သည်။

လင်ယိတစ်ယောက် ကလေး၏အတွေးများကို မသိသော်လည်း သူ့ကိုစိုက်ကြည့်နေကြောင်း သတိပြုမိလိုက်သဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ။"

ဟော့မျန်မျန်က ခေါင်းယမ်းပြခဲ့သည်။

လင်ယိက နောက်ထပ်မမေးတော့ဘဲ သူ့ဖုန်းကိုသာ ဆက်သုံးနေလိုက်သည်။

ဟော့မျန်မျန်က ထိုနေရာမှာရပ်နေပြီး အနည်းငယ်စိတ်ရှုပ်ထွေးနေသော မျက်နှာလေးဖြင့် လင်ယိဘေးမှာ ဝင်ထိုင်ရမလား၊ မထိုင်ရမလားကို ဝေခွဲရခက်နေပုံပင်။

ခဏတာတွန့်ဆုတ်နေပြီးနောက် သူက လင်ယိ၏လက်တင်ကုလားထိုင်ဆီ လျှောက်သွားကာ သူ၏စာအုပ်ကို အရင်တင်လိုက်သည်။ ထို့နောက် သူ၏လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်လုံးကို အသုံးပြု၍ စတင်တက်တော့သည်။

ကံမကောင်းစွာဖြင့် သူ၏ခြေထောက်လေးများက အလွန်တိုနေသဖြင့် အနည်းငယ်ရုန်းကန်နေခဲ့ရ၏။

လင်ယိက မေးလိုက်သည်။

"ချီပြီး တင်ပေးစေချင်လား။"

ဟော့မျန်မျန်က ခေါင်းယမ်းပြလိုက်ပြီး သူ့ဘာသာသူ ဆက်တက်နေခဲ့သည်။

ဇွဲမလျှော့သော ဟော့မျန်မျန်တစ်ယောက် နောက်ဆုံးတော့ ကုလားထိုင်ပေါ်တက်နိုင်ခဲ့ပြီး သူ၏စာအုပ်ကိုကောက်ယူကာ နောက်တစ်ကြိမ်ပြန်ဖတ်နေတော့သည်။

လင်ယိက အနည်းငယ်စောင်းငဲ့ကြည့်လိုက်ရာ ဟော့မျန်မျန်က သူ၏ဦးခေါင်းလေးကိုငုံ့ထားပြီး ရုပ်ပြစာအုပ်ကို အာရုံစူးစိုက်စွာဖတ်နေကြောင်း တွေ့လိုက်ရ၏။ မျက်လုံးဝိုင်းဝိုင်းလေးများနှင့် မျက်တောင်ခတ်ရင်း အာရုံစိုက်နေပုံမှာ အလွန်ချစ်စရာကောင်းလှသည်။

လင်ယိ အခိုက်အတန့်တစ်ခုလောက် ကြည့်နေခဲ့ပြီးနောက် သူ့ဖုန်းကိုပဲ ပြန်ပြီးအာရုံစိုက်လိုက်သည်။

ကုလားထိုင်တစ်လုံးတည်းပေါ်မှာ လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် ဘေးချင်းကပ်ထိုင်နေပြီး တစ်ယောက်က ဖုန်းသုံးကာ နောက်တစ်ယောက်က ရုပ်ပြစာအုပ်ကို ဖတ်နေသည်။

ဤမြင်ကွင်းက ထူးထူးဆန်းဆန်း အလွန်တည်ငြိမ်အေးချမ်းနေခဲ့သည်။

ခဏကြာပြီးနောက် ဟော့မျန်မျန်တစ်ယောက် အိပ်ချင်လာ၏။

သူက မျက်လုံးများကိုပွတ်သပ်ကာ စာအုပ်ကိုဆက်ဖတ်ရန် ကြိုးစားလိုက်သော်လည်း မနေနိုင်ခဲ့ပေ။

နောက်ဆုံးမှာတော့ သူ အိပ်စက်ခြင်းနှင့်တိုက်ပွဲမှာ ကျသွားခဲ့ပြီး ဘေးသို့ မှီကျသွားတော့၏။

လင်ယိက ဂိမ်းကစားနေစဥ် သူ့ဘေးကို နူးညံ့သောအရာတစ်ခု ထိတွေ့လာသောကြောင့် လန့်သွားခဲ့သည်။

သူ လှည့်ကြည့်လိုက်သောအခါ မျက်တောင်ရှည်လေးများက လှုပ်လီလှုပ်လဲ့ဖြင့် အသက်ရှူသံလေးများက ညင်သာစွာထွက်ပေါ်နေသော ဟော့မျန်မျန်က သူ့ကိုမှီ၍ အိပ်ပျော်နေကြောင်း တွေ့လိုက်ရသည်။

သူ့ကို ဂရုတစိုက်ပြုစုပျိုးထောင်ထားကြောင်း ထင်ရှားပေ၏။ တစ်ကိုယ်လုံးက နူးညံ့အိစက်ကာ နီစွေးစွေးနှုတ်ခမ်းလေးများ၊ ဖြူဖွေးဖွေးသွားလေးများနှင့် သူက အလွန်တရာလှသော ကလေးငယ်တစ်ဦးပင်။

လင်ယိ၏ရှုထောင့်မှကြည့်လျှင် ကလေးငယ်၏ လုံးဝိုင်းနေသော ပါးဖောင်းဖောင်းလေးနှစ်ဖက်က ဖျစ်ညှစ်ပစ်ချင်စရာကောင်းနေခဲ့သည်။

သူ့ကိုမှီ၍ အိပ်ပျော်နေသော ကလေးငယ်ကိုကြည့်ကာ လင်ယိ တွေးလိုက်သည်။

'အရင်ဆုံး လာမှီတဲ့သူက မင်းပဲနော်။'

ထို့နောက် အပြစ်ရှိစိတ်တို့ကို မခံစားရဘဲ လင်ယိက လက်လှမ်းလိုက်ပြီး ကလေးငယ်၏ပါးဖောင်းဖောင်းလေးကို ညင်သာစွာ ညှစ်လိုက်လေသည်။

သူမျှော်လင့်ထားသည့်အတိုင်း အလွန့်အလွန် နူးညံ့နေ၏။ ထိုခံစားချက်က အံ့မခန်းပင်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment