အပိုင်း (၁၃)
နောက်တစ်နေ့တွင်တော့ ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်များအတွက် ကောက်စိုက်ရမည့် တာဝန်ကို စီစဉ်ထားပေးခဲ့၏။
လင်ယိက ယခင်ဘဝမှာရော ယခုဘဝမှာပါ မြို့ထဲ၌သာ နေထိုင်ခဲ့သူဖြစ်ရာ တစ်ခါမှ ကောက်မစိုက်ဖူးခဲ့ပါချေ။ သို့ဖြစ်၍ သူ အတော်လေးကို စိတ်ဝင်စားနေမိ၏။
ဟော့မျန်မျန်လေးကလည်း ကောက်စိုက်ခြင်းဆိုသည်က မည်သည့်အရာကို ဆိုလိုမှန်း စဉ်းစားနေသည့်အလား ခေါင်းစောင်းလို့နေလေသည်။
များမကြာမီမှာတော့ ဧည်သည့်အဖွဲ့များက လယ်ကွင်းစပ်နားသို့ ရောက်ရှိလာကြတော့သည်။
လင်ယိနှင့် ဟော့မျန်မျန်တို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏အကြည့်က သူတို့အပေါ်မှာသာ ငြိတွယ်သွားကြတော့၏။
ယနေ့တွင်တော့ သားအဖနှစ်ယောက်က အင်္ကျီလက်တိုအဖြူနှင့် ဂျင်းဘောင်းဘီသိုင်းကြိုးတို့ကို ဆင်တူဝတ်ဆင်ထားကြပြီး canvas ရှူးဖိနပ်ကို စီးထားကြသည်။ ထို့ပြင် အချိန်အခါနှင့် လိုက်ဖက်စေရန်အလို့ငှာ ဝါးခမောက်များကိုပါ ဆောင်းထားကြသေး၏။
လယ်ကွင်းစပ်နား၌ ရပ်နေကြသည့် ထိုသားဖနှစ်ယောက်က copy-paste လုပ်ထားသည့်အလား တူညီနေကြပြီး အလွန်တရာ ချောမောလွန်းလှသည်ပင်။
လူကြီးဖြစ်သူကတော့ ခပ်တည်တည်နှင့် မလှမ်းမကမ်းက လယ်ကွင်းပြင်ကို ငေးကြည့်နေသည်။
လူငယ်လေးမှာတော့ လက်ကလေးကို ဘောင်းဘီအိတ်ထဲသို့ ထိုးထည့်ထားပြီး လိမ်လိမ်မာမာနှင့် ရပ်နေလျက်။
[အား…မြင်ကွင်းက အရမ်းလှတာပဲ။ အားးးးး။]
[ကယ်ကြပါဦး၊ ငါ သူတို့နှစ်ယောက်လုံးကို အိမ်ခေါ်သွားလို့ရမလား။]
[လူတိုင်းကို ကြေညာလိုက်မယ်၊ ဒါ ငါ့ယောက်ျားနဲ့ ငါ့သားပဲ။]
[လူသားတွေက ဒီလောက်အထိ ကြည့်ကောင်းနိုင်လို့လား။]
[ဘာမှမပြောတော့ဘူး၊ ငေးကြည့်ရရုံနဲ့တင် ကျေနပ်ပြီ။]
ထိုအခိုက်အတန့်၌ ဒါရိုက်တာက ပြောလာသည်။
“လူတိုင်း အာရုံစိုက်ပေးကြပါဦး။ ခင်ဗျားတို့ရှေ့က လယ်ကွင်းကို အပိုင်းငါးပိုင်း ခွဲထားပါတယ်။ မိသားစုတစ်စုချင်းစီက တစ်ပိုင်းစီကို တာဝန်ယူရမှာပါ။ ပြီးတော့ သတ်မှတ်ထားတဲ့ နေရာမှာပဲ ကောက်စိုက်ရပါမယ်။”
ဒါရိုက်တာ ပြောလို့ပြီးသွားသည်နှင့် ရှန်ဖုန်းက ရုတ်ခြည်း မျက်မှောင်ကြုတ်လိုက်မိသည်။
“ကျွန်တော် လယ်ထဲမဆင်းချင်ဘူး။ ကျွန်တော် ဒီလှုပ်ရှားမှုမှာ မပါတော့ဘူး။”
လာနောက်နေတာလား။ လယ်ထဲမှာ ရွှံ့ဗွက်တွေနဲ့ ပြည့်နေပြီးတော့၊ ညစ်ပတ်စရာကောင်းတဲ့အပြင် ဘယ်လိုသတ္တဝါတွေ ဝင်ထားမှန်းလည်း မသိနိုင်ဘူးလေ။ သူတော့ လုံးဝမဝင်နိုင်ဘူး။
ရှန်ဖုန်း၏ အလိုလိုက်ခံထားရသည့် စရိုက်ကို သိရှိထားပြီးသား ဒါရိုက်တာက ညင်သာစွာ ဖျောင်းဖျလိုက်ရသည်။
“ခဏလေးပါပဲ။ ခင်ဗျားတို့ပြီးသွားရင် ဆေးကြောပြီး ပြန်လို့ရပါပြီ။”
ရှန်ဖုန်းက စဉ်းပင်မစဉ်းစားဘဲ ငြင်းဆန်လာ၏။
“စိတ်တောင်မကူးနဲ့။”
ဒါရိုက်တာ: "..."
စိတ်မဆိုးနဲ့၊ နေမကောင်းဖြစ်ရင် ဘယ်သူကမှ ကိုယ့်ကို လာဂရုစိုက်ပေးမှာ မဟုတ်ဘူး။
ဒါရိုက်တာက သူ့ဓာတ်ဘူးကို ထုတ်လိုက်ကာ ဂိုဂျီသီးရေနွေးကြမ်းကို တစ်ငုံသောက်လိုက်၏။
[ဟားဟားဟား… ရှန်ဖုန်းက ကောလာဟလတွေအတိုင်း တကယ် ဒေါသကြီးတာပဲ။]
[သူက diva တစ်ယောက်လို လုပ်နေတာ မဟုတ်ဘူးလား။]
[Note: Diva ဆိုတာက စိတ်ကျေနပ်အောင်လုပ်ဖို့ခက်ပြီး၊ သူတို့ကိုယ်သူတို့ပဲ ထူးခြားသလိုလို၊ အရေးကြီးသလိုလို ပြုမူတဲ့သူမျိုးပေါ့နော်။]
[Fan တစ်ယောက်အနေနဲ့ ပြောရရင်တော့ ရှန်ဖုန်းကို စိတ်ကြိုက်ဆဲလို့ရပါတယ်။ တစ်ခါတလေတော့ သူက အဆဲခံသင့်တယ်။]
[ငါတော့ အဆင်ပြေတယ်လို့ ထင်တာပဲ။ ရှန်ဖုန်းက အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်သာသာပါပဲ။ တစ်ယောက်ယောက်က သူ့ကို ထိန်းပေးဖို့ပဲ လိုတာ။]
မကြာမီမှာတော့ ရှန်ဖုန်းမှလွဲ၍ ကျန်ရှိသည့် ဧည့်သည်များအားလုံးက ခြေအိတ်နှင့် ဖိနပ်များကို ချွတ်ကာ တစ်ယောက်ပြီးတစ်ယောက် လယ်ကွင်းထဲသို့ ဝင်သွားကြလေတော့သည်။
ကလေးများမှာတော့ ကန်သင်းရိုးပေါ်တွင် တန်းစီထိုင်ကာ ကြည့်နေကြ၏။
လင်ယိက လယ်ကွင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် စူးစမ်းလိုဟန်ဖြင့် မျက်ခုံးတစ်ချက်ပင့်မိလိုက်သည်။
လယ်ကွင်းထဲဝင်ရတာက ဒီလိုခံစားချက်မျိုးပေါ့… စိုစွတ်စွတ်၊ စေးကပ်ကပ်နဲ့ ဖော်ပြဖို့လည်း ခက်တယ်။
အသားကျအောင် လုပ်ပြီးသည့်နောက်တွင်တော့ သူသည် ကောက်ပင်တစ်ဆုပ်ကို ယူလိုက်ပြီး စတင်စိုက်ပျိုးတော့သည်။
ထိုအချိန်၌ ကမ်းစပ်တွင် ရပ်နေသည့် ရှန်ဖုန်းက ရုတ်တရက် လှမ်းအော်လာ၏။
“ဟေ့… မင်း တကယ် ဆင်းသွားတယ်ပေါ့။”
လင်ယိက မျက်ခုံးပင့်လိုက်ပြီး
“မဆင်းလို့ ဘာလုပ်ရမှာလဲ။”
ရှန်ဖုန်းက ဆက်မေးလာပြန်သည်။
“အဲဒီအောက်ဆင်းသွားရတဲ့ ခံစားချက်က ဘယ်လိုနေလဲ။”
လင်ယိက ပြန်တုံ့ပြန်လိုက်သည်။
“မင်းသိချင်ရင် ကိုယ်တိုင်ဆင်းကြည့်လေ။”
ရှန်ဖုန်းက အပိုလုပ်ကာ နောက်သို့တစ်လှမ်းပြန်ဆုတ်လိုက်၏။
“မဆင်းပါဘူး။ အဲဒီလောက်ညစ်ပတ်တာကို။”
လင်ယိ: “..."
သူ ရှန်ဖုန်းကို ဂရုမစိုက်တော့ဘဲ ကောက်သာစိုက်နေလိုက်တော့သည်။
ဝန်ထမ်းများက တစ်ပင်နှင့်တစ်ပင်ကြား မည်မျှခြားကာ စိုက်ပျိုးရမည်ကို အစောကတည်းက သင်ပြထားပေးပြီးပြီ ဖြစ်၏။
သို့ဖြစ်ရာ လင်ယိက လယ်သမားတစ်ဦးဖြစ်ရသည့် အတွေ့အကြုံကို ခံစားရင်း အဆင်ပြေပြေ စိုက်ပျိုးနေတော့သည်။
ရှန်ဖုန်းကမူ ကန်သင်းရိုးတွင်သာ ရပ်လျက် လင်ယိကို ဂရုတစိုက် ကြည့်နေခဲ့၏။
လင်ယိက ပေါ့ပေါ့ပါးပါးနှင့် စပါးစိုက်နေသည်ကို မြင်သည့်အခါ၌ ကောက်စိုက်ခြင်းက သည်လောက်တောင် စိတ်ဝင်စားစရာကောင်းသည်လားဟု တွေးကာ သူ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာရတော့သည်။
တခြားသူများ ဘယ်လိုစိုက်နေသည်ကို သူ စိတ်မဝင်စားသော်ငြား လင်ယိ စိုက်ပျိုးနေသည်ကို ကြည့်နေရင်းဖြင့် ထူးထူးခြားခြား စူးစမ်းလိုစိတ် ပေါ်လာရ၏။
ရှန်ဖုန်းက လင်ယိအား ထပ်မမေးဘဲ မနေနိုင်တော့။
“အဲဒီအောက်ကို ဆင်းရတဲ့ ခံစားချက်က ဘယ်လိုနေလဲ။”
ထိုသို့ပြောပြီးသွားသည့်အခါ သူက မာနကြီးနေသည့် မျက်နှာထားဖြင့် သူ တကယ် စိတ်မဝင်စားသလို ဟန်ဆောင်ရင်း ဆက်ရပ်နေခဲ့၏။
လင်ယိ: “…..”
ဤပြဿနာကို တစ်ခါတည်း အပြတ်မဖြေရှင်းလိုက်ပါက ရှန်ဖုန်းက သူ့အား တောက်လျှောက် လာနှောင့်ယှက်တော့မည်မှန်း လင်ယိ ရိပ်မိသွားခဲ့ရသည်။
ဤသို့တွေးရင်းနှင့် သူ မျက်ခုံးပင့်ကာ မေးလိုက်သည်။
“မင်း ဆင်းလာမှာလား၊ မဆင်းလာဘူးလား။”
ရှန်ဖုန်းက ပြတ်သားနေခဲ့၏။
“မဆင်းလာဘူး။”
လင်ယိက ခပ်တည်တည်ပင် ခေါင်းညိတ်လိုက်သည်။
“တကယ်လား။ မင်းက ကောက်စိုက်တာလောက်လေးတောင် မလုပ်နိုင်ဘူးပေါ့။”
သူ့ဂုဏ်သတင်းကို အလွန်အရေးထားသူဖြစ်သည့် ရှန်ဖုန်းက အရှုံးပေးရန် ငြင်းဆန်နေဆဲ။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက လယ်ကွင်းက အရမ်းညစ်ပတ်တယ်လို့ ခံစားရရုံတင်ပဲ။”
လင်ယိက တည်ငြိမ်စွာပင် ဆက်ပြောခဲ့သည်။
“ဟုတ်လို့လား၊ မင်းက ဒီအတိုင်း ဆင်ခြေပေးနေတာ ဖြစ်ရင်ဖြစ်မှာပေါ့။’
ရှန်ဖုန်းက ပြန်ချေပလာ၏။
“ငါ ဆင်ခြေပေးနေတာ မဟုတ်ဘူး။”
လင်ယိကတော့ တည်ငြိမ်မြဲတည်ငြိမ်နေဆဲ။
“ဘယ်သူက သိမှာလဲ။ မင်းလုပ်တာဆိုလို့ စကားပြောနေတာပဲလေ။”
ရှန်ဖုန်းက ဒေါသထွက်လွယ်သူဖြစ်ရာ ရန်လာစသည်ကိုတော့ သည်းမခံနိုင်ပေ။ လင်ယိ၏ ပြောစကားအနည်းငယ်ကြောင့် သူ့ဒေါသတို့က ချက်ချင်း ဆောင့်တက်လာခဲ့၏။
“ကောင်းပြီလေ၊ ငါ အခုပဲ သက်သေပြမယ်။ ငါ စပါးပင်တွေကို မြန်မြန်နဲ့ ကောင်းကောင်းစိုက်နိုင်တယ်။”
ထိုသို့ပြောရင်း သူက ဖိနပ်ကို အမြန်ချွတ်ကာ ကောက်ပင်တစ်ဆုပ်ကို ဆုပ်ကိုင်၍ လယ်ကွင်းထဲသို့ ဆင်းသွားတော့သည်။
[လူတိုင်းကို ကြေညာလိုက်၊ နောက်ဆုံးတော့ ရှန်ဖုန်း လယ်ထဲဆင်းသွားပါပြီ။]
[လူတိုင်းကို ကြေညာလိုက်၊ ရှန်ဖုန်းက ကောက်စိုက်ပြပါတော့မယ်။]
ကိစ္စများပြီးမြောက်လို့သွားသည်နှင့် လင်ယိက အေးအေးလူလူပင် ပြုံးလိုက်မိ၏။
“တွေ့လား... မင်းလည်း ဆင်းလို့ရသားပဲ။”
ရှန်ဖုန်း: “….”
ထိုအခါမှသာ သူ လင်ယိ၏ အကွက်ထဲသို့ ကျရောက်သွားမှန်း သတိထားမိသွားရသည်။
တခြားလူကသာ ဤသို့လုပ်လာခဲ့လျှင် ရှန်ဖုန်းတစ်ယောက် ပို၍သာ ဒေါသထွက်မိလိမ့်မည်။ သို့ပေသည့် လင်ယိ၏ အပြုံးကို မြင်လိုက်ရသည့်အခါတွင်မူ အသိအမှတ်ပြုခံရသလို ခံစားလိုက်ရ၏။
သူ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဒါပေါ့၊ ဒီလိုအသေးအဖွဲလေးကို ဘယ်သူက မကိုင်တွယ်နိုင်မှာလဲ။”
ဤသို့ပြောပြီးနောက် သူက သူ့ခြေလက်များ၌ ရွှံ့များပေကျံနေသည်ကိုပင် သတိမထားမိသလိုဖြင့် အလေးအနက်သာ ကောက်စိုက်နေပါတော့သည်။
[အား၊ ငါ ဒီနှစ်ယောက်ကို မ ship ဘဲ မနေနိုင်တော့ဘူး။]
[ငါရောပဲ၊ သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲ။]
[ဟားဟားဟား၊ ရှန်ဖုန်းက အရမ်းရယ်ရတာပဲ။ သူက လင်ယိအကွက်ထဲကို လွယ်လွယ်လေး ဝင်သွားတယ်။]
[လင်ယိရှေ့မှာ ကြွားချင်လို့ ကြိုးကြိုးစားစားနဲ့ ကောက်စိုက်နေလိုက်တာများ။]
ရှန်ဖုန်းကြောင့် ဒေါသထွက်သွားခဲ့သည့် ဒါရိုက်တာခမျာ သူ့ဓာတ်ဘူးနှင့်အတူ လမ်းလျှောက်ထွက်သွားခဲ့၏။ သူ ပြန်လာသည့်အခါမှတော့ လယ်ကွက်ထဲ၌ အားတက်သရော ကောက်စိုက်နေသည့် ရှန်ဖုန်းအား မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိသည်။
သူ ခဏလေးပဲ ပျောက်သွားတာလေ။ အခြေအနေက ဘယ်လိုလုပ် ဒီလောက် အကြီးအကျယ် ပြောင်းလဲသွားရတာလဲ။
သူ့အနားရှိ ဝန်ထမ်းက ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြလိုက်သည်။
ဒါရိုက်တာ: “…..”
လင်ယိက စကားနည်းနည်းလေး ပြောလိုက်ရုံနဲ့ သခင်လေး ရှန်ဖုန်းက လယ်ကွင်းထဲကို ဆင်းသွားတယ်ပေါ့။
[ဟားဟား… ဒါရိုက်တာတော့ သူ့ဘဝကို သူ မေးခွန်းထုတ်နေပြီ။]
[ဒါရိုက်တာ: ငါက အရေးမပါခဲ့ပါဘူးလေ။]
အခြားတစ်ဖက်တွင်မူ ဟဲ့နျန်တစ်ယောက် လင်ယိနှင့် ရှန်ဖုန်းတို့ကြားရှိ ဆက်ဆံရေးကို ကြည့်ကာ မျက်မှောင်ကြုတ်လို့နေ၏။
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်အချိန်ကတည်းက ဒီလောက်အထိ ကောင်းသွားရတာလဲ။
ရှန်ဖုန်းက မိသားစုနောက်ခံတောင့်မှန်း သူ သိထားခဲ့သည်။ သို့မဟုတ်ပါက သူသည် ဖျော်ဖြေရေးလောကထဲ၌ မည်သည့်အကျိုးသက်ရောက်မှုမှမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်မည် မဟုတ်။ သူ့အဆက်အသွယ်များကို ကျယ်ပြန့်အောင် လုပ်ရန်အတွက် ဤအစီအစဉ်၌ သူက ရှန်ဖုန်းနှင့် ရင်းနှီးအောင် လုပ်ချင်ခဲ့သည်။
လင်ယိက သူ့ထက် အရင်ဦးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ထိုသို့တွေးရင်း ဟဲ့နျန်က လင်ယိကို ထပ်ကြည့်လိုက်မိပြန်သည်။
သူ့အစ်ကိုဝမ်းကွဲက ယခင်ကနှင့် မတူဘဲ ကွဲပြားနေ၏။ ကြည့်ရသလောက်တော့ သူ ပေါ့ပေါ့ဆဆနေ၍ မရတော့ပေ။
လူကြီးများက လယ်ထဲ၌ ကောက်စိုက်နေစဉ် ကလေးများကတော့ ကန်သင်းရိုးပေါ်တွင် ကစားနေကြ၏။
ဟော့မျန်မျန်လေးကတော့ အခြားကလေးများနှင့် မတူဘဲ ကန်သင်းရိုးပေါ်တွင်သာ တိတ်တိတ်ကလေး ထိုင်နေခဲ့သည်။ သူ့အကြည့်တို့မှာလည်း လင်ယိ၏ လှုပ်ရှားမှုများဆီသို့သာ တွယ်ငြိနေလျက်။
တဖြည်းဖြည်းနှင့် တခြားကလေးများကလည်း သူ့အနားတွင်သာ စုဝေးလာကြတော့သည်။
ဟော့မျန်မျန်လေးက အင်မတန်ပင် ချစ်စရာကောင်းလှရာ မည်သူမှ ငြင်းဆန်နိုင်မည် မဟုတ်။ ပန်းရောင်သန်းနေသည့် ပါးပြင်နှင့် ဖြူဖွေးနေသည့် သွားလေးတို့ဖြင့် သူက နှင်းလုံးလေးပမာ ဖြစ်နေ၏။ လူကြီးများသာမက ကလေးများကပါ သူ့အနားရှိနေရသည်ကို နှစ်သက်ကြသည်။
ဖော်ဖော်ရွေရွေနေတက်သည့် ရှောင်နျန်ကောင်းက အရင်စပြောလိုက်သည်။
“မျန်မျန်… မင်း ငါတို့နဲ့ ဆော့ချင်လား။”
မျန်မျန်က ခေါင်းခါပြလိုက်သည်။ သူ့အကြည့်တို့မှာလည်း အဝေးက လင်ယိပေါ်တွင်သာ ရှိနေဆဲ။
ထိုအချိန်တွင် ရှောင်နျန်ကောင်းက Ultraman အရုပ်ကို ထုတ်လိုက်၏။
“ဒါက ငါအကြိုက်ဆုံး အရုပ်လေးလေ။ အတူတူဆော့ကြမလား။”
မျန်မျန်က Ultraman ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းထပ်ခါလာပြန်သည်။
သူ Ultraman ကို မကြိုက်ပါ။ ထိုအစား စိတ်ဝင်စားစရာကောင်းသော ရုပ်ပုံများနှင့် ပုံပြင်များပါသည့် ရုပ်ပြစာအုပ်များကိုသာ နှစ်သက်၏။
မျန်မျန်က ဘာကိုမှ မဆော့ချင်နေသည်ကို မြင်သည့်အခါ ရှောင်နျန်ကောင်းက သူ့ဘေး၌ တိတ်တိတ်ကလေး ထိုင်နေလိုက်သည်။
မျန်မျန်လို တိတ်ဆိတ်ပြီး လိမ္မာသောသူမျိုးနှင့် သူငယ်ချင်းဖြစ်ရသည်ကို သူ သဘောကျ၏။ သူ့အနားမှာ ရှိနေရသည်က သက်သောင့်သက်သာ ရှိလှသည်။
ဟောင်ဟောင်နှင့် စုန့်ယွီထောင်တို့ကပါ မျန်မျန်ဘေးတွင် ထိုင်လိုက်ကြသည်။
ကလေးလေးယောက်က မှိုပွင့်လေးများအလား ပူးကပ်ကာ ထိုင်နေကြလျက်။
မျန်မျန်လှည့်ကြည့်လိုက်ရာ တခြားသုံးယောက်က သူ့ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သို့ဖြစ်၍ သူ အနည်းငယ် ရှုပ်ထွေးသွားရသည်။
သူတို့တွေက ဘာလို့ ဒီကို ရောက်လာကြတာလဲ။
ထူးဆန်းလိုက်တာ။
[ဟားဟား... မျန်မျန်လေးက စိတ်ရှုပ်သွားပြီ။]
[မျန်မျန်လေး လူချစ်လူခင်ပေါတာကို ကြည့်ပြီး အမေကြီးတစ်ယောက်လိုမျိုး ကျေကျေနပ်နပ်နဲ့ ပြုံးနေမိတယ်။]
[ငါတို့မျန်မျန်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ငါသာ ကလေးဆိုရင်လည်း သူ့အနားမှာပဲ ကပ်နေမိမှာ။]
အားတက်သရော ကောက်စိုက်နေသည့် လင်ယိခမျာ ရုတ်တရက် သူ့မျက်နှာထက်သို့ ရွှံ့တချို့ စဉ်မိသွားခဲ့သည်။
သူ စိတ်ထဲမထားပါဘဲ သူ့လက်ဖမိုးဖြင့် သုတ်ပစ်လိုက်ကာ ဆက်စိုက်နေခဲ့သည်။
သူ လယ်ကွင်း၏ ထက်ဝက်မက စိုက်ပျိုးလို့ပြီးစီးနေပြီဖြစ်ပြီး များမကြာမီ၌ သူ့အလုပ် ပြီးဆုံးတော့မည်ပင်။
မျန်မျန်၏ အကြည့်တို့ကတော့ လင်ယိဆီ၌သာ ငြိတွယ်နေဆဲပင်။ သို့ဖြစ်၍ သူသည် အစောက ဖြစ်ပျက်ခဲ့သည်အား သတိပြုမိသွား၏။
မျန်မျန်၏ မျက်လုံးလေးများက အနည်းငယ် ဝိုင်းစက်သွားခဲ့သည်။ သူသည် ဘောင်းဘီအိတ်လေးထဲသို့ နှိုက်လိုက်၏။ ထိုနောက် သူ့ဖိနပ်နှင့် ခြေအိတ်တို့ကို ချွတ်ကာ လယ်ကွင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားလိုက်သည်။
သူ လယ်ကွင်းထဲသို့ ခြေတစ်လှမ်းဝင်လိုက်သည်နှင့် သူ့မျက်နှာပေါ်၌ အသစ်အဆန်းဖြစ်နေသည့် အရိပ်အယောင်မျိုး ပေါ်လာရသည်။ သူ့ခြေထောက်အောက်ရှိ လယ်ကွင်းပြင်ကို ငုံ့ကြည့်လိုက်မိ၏။
တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ခေါင်းကို ပြန်မော့လိုက်ပြီး လင်ယိထံသို့ တစ်လှမ်းချင်း လှမ်းသွားလိုက်သည်။
ကလေးတစ်ယောက်၏ ခြေထောက်များက တိုလှသည်ဖြစ်ရာ လယ်ကွင်းကြီးက သူတို့အတွက်တော့ အဆုံးမရှိသော ချောက်နက်ကြီးနှယ် ဖြစ်နေပေလိမ့်မည်။
သို့ဖြစ်ရာ ဟော့မျန်မျန်လေးက လိပ်ကလေးတစ်ကောင်လိုပင် တစ်လှမ်းချင်း လျှောက်လှမ်းကာ နှေးနှေးလေး သွားနေခဲ့သည်။
သို့သော်ငြား သူက လဲမကျသွားဘဲနှင့် တည်တည်ငြိမ်ငြိမ် လျှောက်သွားနိုင်ခဲ့၏။
[ဟမ်၊ မျန်မျန်လေးက ဘယ်ကိုသွားနေတာလဲ။]
[အိုး... သတိထားဦးနော်၊ အချစ်ကလေး။]
[မျန်မျန်လေး... ကြိုးစားထား။]
နောက်ဆုံးတွင်တော့ မျန်မျန်က လင်ယိရှိရာသို့ ရောက်ရှိသွားခဲ့လေပြီ။
လင်ယိတစ်ယောက် ကောက်စိုက်ရန်အတွက် ကိုယ်ကို ကိုင်းညွတ်နေခဲ့ရာမှ ပြန်မတ်လိုက်သည့်အခါတွင်တော့ ဟော့မျန်မျန်ကို မြင်လိုက်ရသဖြင့် အတော်လေး အံ့ဩသွားခဲ့ရသည်။
“ကလေးက ဘာလို့ ဒီကို ရောက်လာတာလဲ။"
လယ်ကွင်းထဲရှိ ရေက အတော်လေးတော့ နက်လှသည်ဖြစ်ရာ ဟော့မျန်မျန်၏ ခြေသလုံးအထိ ရောက်ရှိလို့နေ၏။ ယင်းမှာ သူလာခဲ့ရသည့်ခရီးက မည်မျှပင် ခက်ခဲခဲ့မည်မှန်း သိသာလှသည်။
သို့ပေသည့် ဟော့မျန်မျန်လေးကတော့ ဘာမှမပြောဘဲ သူ့ဘောင်းဘီအိတ်ကပ်ထဲမှ wet tissue ကို ထုတ်ပေးလိုက်သည်။
သူက သန့်ရှင်းမှုကို ကြိုက်သဖြင့် အိမ်တော်ရှိ အစေခံများက သူ့အိတ်ကပ်ထဲသို့ wet tissue များ အမြဲတစေ ထည့်ထားပေးလေ့ရှိ၏။ ယင်းက ယခုအခါမှာတော့ အသုံးတည့်သွားခဲ့လေပြီ။
မျန်မျန်က သူ့လက်သေးသေးလေးဖြင့် တစ်ရှူးအစိုထုပ်ကို ဖွင့်ကာ တစ်ရွက်ထုတ်လိုက်ပြီး လင်ယိကို ကြည့်လျက် ပြောလာသည်။
“သုတ်…. သုတ်…”
ဟော့မျန်မျန်လေး ဘာ့ကြောင့်လာခဲ့မှန်း လင်ယိက ချက်ချင်းဆိုသလို နားလည်သွားရတော့သည်။ သူ့ရင်ထဲ၌ တကယ်ကို ထိမိသွားခဲ့ရ၏။
“မျန်မျန်က ဖေဖေလေးကို တစ်ရှူးလာပေးတာလား။”
ဟော့မျန်မျန်က ခေါင်းညိတ်ပြလိုက်ပြီး လင်ယိအား ကိုင်းညွတ်ပေးစေလိုဟန်ဖြင့် လက်ဟန်ခြေဟန်ပြလိုက်သည်။
လင်ယိ ကိုင်းညွတ်ပေးလိုက်ချိန်တွင်တော့ သူသည် သူ့လက်သေးသေးလေးဖြင့် တစ်ရှူးကို ကိုင်လျက် လင်ယိ၏မျက်နှာထက်ရှိ ရွှံ့များကို သုတ်ပေးလေတော့သည်။
ဟော့မျန်မျန်က သူ့နှုတ်ခမ်းကို စေ့ထားကာ အလေးအနက်ထား၍ သုတ်ပေးနေရှာ၏။
လင်ယိကတော့ တစ်လျှောက်လုံး ပြုံးနေခဲ့ပြီး မျက်နှာသုတ်ပေးနေသည်ကို ငြိမ်ခံနေလိုက်သည်။
ယခင်က သူ သည်လိုမခံစားဖူးခဲ့သော်ငြား ယခုအခါတွင်တော့ လိမ္မာသည့် ကလေးတစ်ယောက် ရှိခြင်းက မည်မျှအထိ ပျော်ရွှင်စရာကောင်းမှန်း သတိထားမိသွားခဲ့၏။
[အား… ဘယ်လောက်တောင် နွေးထွေးစရာကောင်းတဲ့ မြင်ကွင်းလေးပါလိမ့်။]
[အမလေး… ရင်ထဲထိသွားရပြီ။]
[ဒီအချိန်မှာ လင်ယိရဲ့ခန္ဓာကိုယ်ကို ဝင်ပူးပြီး ကလေးလေးက ငါ့မျက်နှာကို သုတ်ပေးနေတာကို ခံစားကြည့်ချင်လိုက်တာ။]
***
Aurora Novel Translation Team