no

Font
Theme

အပိုင်း(၈)

များမကြာမီမှာပင် လူတစ်စုက ကားရှိရာသို့ ရောက်သွားခဲ့ကြသည်။

လင်ယိသည် ခရီးဆောင်အိတ်များကို ကားနောက်ခန်းထဲသို့ ထည့်လိုက်သည်။

ဟော့မျန်မျန်ကတော့ ကားတံခါးဘေးတွင် ရပ်လျက် သူ့ကို စောင့်နေ၏။

ထိုအတောအတွင်း၌ သူ ကားပေါ်တက်ရန် ကြိုးစားခဲ့သော်ငြား ကား၏ ကိုယ်ထည်အောက်ပိုင်းက မြင့်လွန်းနေသဖြင့် မတက်နိုင်ရှာပေ။

ဤသည်ကို မြင်တော့ ဝန်ထမ်းတစ်ဦးက ဟော့မျန်မျန်ကို ပြောလိုက်သည်။

“မျန်မျန်၊ ဦးဦး ကားပေါ် ချီတင်ပေးရမလား။”

လူစိမ်းနှင့် ထိတွေ့ရခြင်းကို အသားမကျသေးသည့် ဟော့မျန်မျန်က ရုတ်ခြည်းဆိုသလို ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်။

ဝန်ထမ်းသည်လည်း ကလေးအား ခြောက်လှန့်မိမည်ကို စိုးရိမ်သဖြင့် အတင်းအကျပ် မလုပ်ခဲ့။

ဟော့မျန်မျန်က သူ့ဘာသာသူ ထပ်ကြိုးစားကြည့်သည့်တိုင် တက်လို့မရနိုင်သေးသည်ကို တွေ့လိုက်ရသည်။

သို့ဖြစ်ရာ သူက လင်ယိဘက်သို့ လှည့်ကြည့်လိုက်တော့သည်။

ထိုအချိန်၌ လင်ယိသည်လည်း အိတ်များကို ထည့်ပြီးသွားသည်ဖြစ်ရာ လျှောက်လာနေခဲ့၏။

ဟော့မျန်မျန်က ချက်ချင်းဆိုသလို သူ့လက်ကလေးနှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ချီခိုင်းချင်နေသယောင်။

လင်ယိ မေးလိုက်သည်။

“မျန်မျန်လေးက ကားပေါ်ကို ကိုယ်တိုင် မတက်နိုင်လို့လား။”

ဟော့မျန်မျန်က ခေါင်းကလေးကို ညိတ်ပြလာကာ ချီပေးရန် ဆက်တောင်းဆိုနေဆဲ။

လင်ယိတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။

ဤသည်က ရှားရှားပါးပါး ဖြစ်စဉ်တစ်ခုပါပင်။ သူ၏ ကလေးလေးဘက်က ဖက်ရန် တောင်းဆိုလာသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။

ထိုသို့တွေးရင်းနှင့် သူက ကိုင်းညွတ်လိုက်ကာ ဟော့မျန်မျန်ကို ပွေ့ချီလိုက်သည်။

အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုကလေးလေးကို ချီရခြင်းက သူ့အား ထူးခြားဆန်းသစ်သော ခံစားချက်တစ်မျိုး ပေးစွမ်းနေခြင်းပင်။

ကလေးလေး၏ တစ်ကိုယ်လုံးက ကောက်ညှင်းဆန်လုံးလေးပမာ အိစက်နူးညံ့နေလေရာ အားပြင်းပြင်းနှင့် ဖက်မိမည်ကိုပင် သူ စိုးရိမ်သွားရ၏။

ထို့ပြင် ထွက်မလာမီ၌ နို့သောက်ထား၍ ဖြစ်ပေလိမ့်မည်။ ဟော့မျန်မျန်ထံမှ နို့နံ့သင်းသင်းလေး ရနေ၏။ ကလေးလေး၏ နို့ခဲလုံးပုံစံနှင့် အတော်လေးကို လိုက်ဖက်ညီနေသည်။

လင်ယိက သူ့ကို ကားထဲသို့ ချီဝင်သွားလိုက်ကာ ကလေးထိုင်ခုံ၌ ထိုင်စေလိုက်သည်။

မထွက်ခွာမီတွင် ကလေးလေး၏ ဖောင်းအိနေသော ပါးပြင်လေးကို သူ မဆွဲညှစ်ဘဲ မနေနိုင်တော့ပေ။ ပြီးမှသာ ကျေနပ်အားရစွာဖြင့် သူ့ထိုင်ခုံရှိရာသို့ ပြန်သွားလိုက်သည်။

[“အား၊ ငါလည်း မျန်မျန်လေးကို ပွေ့ဖက်ချင်လိုက်တာ။”]

[“သူ့ကို ပြန်ပေးဆွဲဖို့ နောက်များကျနေပြီလား။”]

[“အားကျတာကလွဲလို့ ဘာမှမသိတော့ဘူး။”]

ကားကတော့ အရှေ့ကိုသာ ဆက်မောင်းနှင်နေဆဲ။

လင်ယိကမူ ဖုန်းကို ခဏလောက် ကြည့်နေပြီးမှသာ ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး အိပ်ပျော်သွားခဲ့သည်။

သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ကားက သူတို့ဦးတည်ရာနေရာသို့ ရောက်ရှိနေခဲ့လေပြီ။

သူတို့ ရိုက်ကူးရေးလုပ်သည့် နေရာမှာ ကျေးလက်တောရွာရှိ တည်းခိုခန်းလေးတစ်ခု၌ပင်။

တည်းခိုခန်းက နှစ်ထပ်တိုက်အိမ်လေးဖြစ်ပြီး သန့်ရှင်းသပ်ရပ်လှသည်။ အိမ်ပတ်ပတ်လည်မှာလည်း ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံမျိုးစုံကို စိုက်ပျိုးထားလျက်။

အလှမ်းသိပ်မဝေးသည့် တစ်နေရာတွင် မြစ်တစ်စင်းနှင့် တောင်ကုန်းလေးများ ရှိနေကြသည်။

ကြည့်ရသည်မှာ မျက်စိပသာဒဖြစ်စေသော ကမ္ဘာငယ်လေးတစ်ခုနှယ်။

ကားပေါ်ကဆင်းပြီးသည့်နောက်တွင်တော့ လင်ယိက ဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဟော့မျန်မျန်လေးကို သွားချီလိုက်သည်။

ဟော့မျန်မျန်လေးကလည်း ကားပေါ်တွင် တစ်ရေးတစ်မော အိပ်ပျော်သွားခဲ့ရာ အိပ်ချင်မူးတူးနှင့် ဖြည်းဖြည်းချင်း မျက်တောင်ခတ်လို့နေ၏။

သူက သူ့လက်ကလေးဖြင့် မျက်လုံးများကို ပွတ်သပ်နေရှာသည်။

ပတ်ဝန်းကျင်ကို ရင်းနှီးအောင် လုပ်ပြီးသည့်နောက်တွင် လင်ယိက သူ့ကို ကားပေါ်မှ တိုက်ရိုက်ပွေ့ချီကာ ခေါ်ထုတ်ပေးလိုက်သည်။

“မျန်မျန်.. ကြည့်ပါဦး၊ ဒါက ဖေဖေလေးတို့ တည်းခိုရမဲ့နေရာပဲ။ လှတယ်မလား။”

ရိုက်ကူးရေးလုပ်မည့်နေရာသို့ မလာမီ၌ သူသည် ဟော့မျန်မျန်လေးအား လှပသည့် ရှုခင်းများကို မြင်ရလိမ့်မည်ဟု ပြောထားခဲ့သည်။ သူပေးထားသည့် ကတိကို တည်နိုင်ခဲ့သည့်ဟန်ပင်။

ဟော့မျန်မျန်လေးက လင်ယိ ပြောသည်ကို နားထောင်ရင်း ဝိုင်းစက်နေသော မျက်ဝန်းတစ်စုံဖြင့် ဘေးဘီကို လှည့်ကြည့်လိုက်ကာ နှုတ်ခမ်းစေ့ထားလျက် ပြုံးလာတော့၏။

သူ့ပါးပြင်ပေါ်မှ ပါးချိုင့်ကလေးကို ကြည့်ရုံနှင့်တင် သူက ဤနေရာနှင့် ပတ်သက်ပြီး အတော်လေး စိတ်ကျေနပ်ကြောင်း ထင်ရှားလှသည်။

လင်ယိက ပြုံးကာ ပြောလိုက်သည်။

“ငါတို့ ဒီမှာ နေလိုက်ကြမလား။”

ဟော့မျန်မျန်လေးက ခေါင်းကလေးကို ညိတ်ကာ ပြုံးပြလာ၏။

သိပ်မကြာခင်၌ပင် သားအဖနှစ်ယောက်က တည်းခိုခန်းထဲသို့ အတူတူ လျှောက်ဝင်သွားကြတော့သည်။

အထဲတွင်မူ တခြားဧည့်သည်တစ်တွဲက ရောက်နှင့်လို့နေ၏။

လူကြီးဖြစ်သူမှာ နာမည်ကြီးအနုပညာရှင်တစ်ဦးဖြစ်ကာ အပြစ်အနာဆာကင်းသော ရုပ်ရည်နှင့် နွေးထွေးသော အပြုံးများကြောင့် လူအများ၏ရင်ထဲတွင် မင်းသားချောလေးတစ်ပါးသဖွယ်။

ကလေးဖြစ်သူကတော့ ရုပ်ရှင်ဇာတ်ကားနှင့် တီဗီရှိုးများစွာ၌ ပါဝင်ဖူးသည့် ကလေးသရုပ်ဆောင်တစ်ဦးပင်။

သူတို့က တကယ့်သားအဖများ မဟုတ်ကြပါဘဲ ဤရှိုးအတွက် ခဏတာ တွဲထားပေးခြင်းသာ။ ယခုလက်ရှိ “အလုပ်သင်ဖေဖေနှင့် ချစ်စရာကလေး” ဟူသည့် နာမည်ဖြင့် လူကြိုက်အများဆုံးအတွဲလည်း ဖြစ်နေသည်။

အထဲသို့ ဝင်လိုက်သည်နှင့် လင်ယိတစ်ယောက် ထိုသူကို ချက်ချင်း မြင်လိုက်ရရာ အဓိပ္ပာယ်ပါပါဖြင့် မျက်ခုံးပင့်လိုက်မိသည်။

အဲဒါက သူ့ညီဝမ်းကွဲ မဟုတ်ဘူးလား။

တိုက်ဆိုင်လိုက်တာ။

မူလပိုင်ရှင်တစ်ယောက် ဖျော်ဖြေရေးလောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားရခြင်းမှာ အဓိကအားဖြင့် ထိုဝမ်းကွဲနှင့် သက်ဆိုင်နေခြင်းပင်။

အစ်ကိုဝမ်းကွဲဖြစ်တဲ့လူက အမှိုက်မဖြစ်နေရင် ဟဲ့နျန်ရဲ့ ထူးချွန်မှုတွေက ဘယ်လိုလုပ် ပေါ်လွင်လာနိုင်တော့မှာလဲ။

ဟဲ့နျန်က သူ့ကိုယ်သူတော့ အန္တရာယ်ကင်းကာ ဖော်ရွေတတ်သူအဖြစ် အမြဲ ဖော်ပြလေ့ရှိသည်။ လင်ယိကို မြင်သည့်အခါ သူက နှုတ်ဆက်စကားဆိုရင်း ချက်ချင်းပင် ချဉ်းကပ်လာခဲ့သည်။

“အစ်ကို၊ ခင်ဗျား ရောက်လာပြီပဲ။”

မသိသေးသည့်သူများဆိုလျှင် သူတို့ကို အချိန်အကြာကြီး ကွဲကွာနေခဲ့ကြသော ညီအစ်ကိုများဟုပင် ထင်မှတ်ကြပေလိမ့်မည်။

လင်ယိက ခပ်တည်တည်သာ ပြန်ဖြေလိုက်သည်။

“အင်း…”

သူက ဟဲ့နျန်ထက် အရပ်ပိုရှည်၏။ သူ ငုံ့ကြည့်လိုက်ပြီး စိစစ်ဟန်ဖြင့် စူးစိုက်ကြည့်လိုက်မိသည်။

ဟဲ့နျန်မှာတော့ သူ့အစ်ကိုဝမ်းကွဲက တစ်ခုခု မူမမှန်သလို ခံစားလိုက်ရ၏။ သို့ပေသည့် ဘာလဲဆိုတာကိုတော့ သူ တိတိကျကျ မပြောနိုင်ခဲ့ပေ။

မှတ်ချက်များကလည်း တစ်ဟုန်ထိုး တက်လာနေလျက်။

[“ဒီနှစ်ယောက်က အမျိုးတွေလား။ သူတို့က နာမည်ကြီးဖို့အတွက် ရှိုးတစ်ခုတည်းမှာပဲ ပြိုင်ကြမှာလား။”]

[“ဘုရားရေ၊ ဒါက ငါအကြိုက်ဆုံးအပိုင်းပဲ။ ချကြ၊ ချကြ။”]

[“တစ်ယောက်က အစ်ကိုဝမ်းကွဲ၊ တစ်ယောက်က ညီဝမ်းကွဲ။ ဒါပေမဲ့ ဖျော်ဖြေရေးလောကက သူတို့ရဲ့အဆင့်အတန်းကွာခြားချက်ကတော့ မိုးနဲ့မြေလိုပါပဲလား။”]

[“စရိုက်ကို ဘေးဖယ်ထားလိုက်ရင်တော့ လင်ယိက ဟဲ့နျန်ထက် ပိုကြည့်ကောင်းတယ်။”]

[“ဟားဟား၊ လင်ယိရဲ့ Weibo follower က သုံးမီလီယံပဲ ရှိတာလေ။ ပြီးတော့ အများစုကလည်း အကောင့်တုတွေပဲ ဖြစ်မှာ။ သူက ဘယ်လိုလုပ် ဟဲ့နျန်နဲ့ ယှဉ်နိုင်မှာလဲ။”]

[“အမှန်ပဲ၊ ဟဲ့နျန်မှာက Weibo follower ၂၀ မီလီယံတောင် ရှိတာ။”]

[“လင်ယိ ဒီအတိုင်း ထွက်သွားပြီး ငါတို့ရဲ့ ဟဲ့နျန်ကို မနှောင့်ယှက်လို့ မရဘူးလာ။”]

[“ငါတော့ ရယ်နေမိပြီ။ လင်ယိက ဘာမှတောင် မလုပ်ရသေးဘူးလေ။ တုံ့ပြန်မှုက ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရတာလဲ။”]

[“အမှန်ပဲ၊ မသိရင် သူက ရာဇဝတ်မှုကျူးလွန်ထားသလိုလို၊ ဘာလိုလိုနဲ့။”]

[“ဒါပေမဲ့ ငါကတော့ လင်ယိရဲ့ ရုပ်ရည်နဲ့ ပတ်သက်လာရင် အမာခံပရိသတ်ပဲ။ ကျန်တာတွေကို စိတ်မဝင်စားဘူး။”]

မှတ်ချက်များ၌ ဝေဖန်မှုများဖြင့် ပြည့်နှက်နေပါသော်ငြား လက်တွေ့တွင်မူ အပေါ်ယံအားဖြင့်တော့ သဟဇာတဖြစ်နေဆဲပင်။

မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်၌ ရိုက်ကူးရေးလုပ်နေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း၌ ပြဿနာရှာလောက်ရအောင်တော့ မည်သူမှ မမိုက်မဲသေးပါ။

ဟဲ့နျန်ခမျာ သူ၏ အမူအကျင့်ကောင်းများကို ဆက်လက်ပြသနေဆဲပါပင်။

သူသည် သူ့လက်ကိုင်အိတ်ထဲမှ အရုပ်ကလေးတစ်ရုပ်ကို ထုတ်လိုက်ပြီး ဟော့မျန်မျန်ထံသို့ လျှောက်သွားလိုက်သည်။

“ရော့… မျန်မျန်၊ မင်းအတွက် လက်ဆောင်။ တခြားကလေးတွေအတွက်လည်း ရှိသေးတယ်။”

[“ဟဲ့နျန်ရေ၊ ငါတော့ ငိုနေပါပြီ။ ဒီလူက အမြဲတမ်း ကြင်နာတတ်လွန်းတယ်။”]

[“ဟုတ်ပါ့၊ ဒီအထိ လာရတာတောင် ကလေးတွေအတွက် လက်ဆောင်ဝယ်လာပေးသေးတယ်။ ရင်ထဲထိသွားပြီ။”]

ဟော့မျန်မျန်က ခေါင်းခါပြကာ လက်ဆောင်ကို ငြင်းပယ်လိုက်သည်။

သူ ကောင်းကောင်း နားမလည်ပါသော်ငြား သူ့ဖေဖေလေးက ဤလူကို မကြိုက်ကြောင်း သတိထားမိသွားခဲ့၏။ သို့ဖြစ်၍ သူလည်း ကြိုက်မည် မဟုတ်ပါ။

ဟဲ့နျန်က လက်ဆောင်ကို အတင်းအကျပ် ထပ်ပေးလာပြန်သည်။

“ယူလိုက်ပါ။ အရမ်းချစ်စရာကောင်းတယ်လေ။”

ဟော့မျန်မျန်ကတော့ မျက်နှာထားတင်းတင်းဖြင့်သာ ခေါင်းခါနေဆဲ။

သူ လက်ခံမှာ မဟုတ်ဘူး။

သူက သူ့ဖေဖေလေးဘက်ကပဲ။

ဟော့မျန်မျန်၏ အတွေးများကို သတိမထားမိသည့် လင်ယိကမူ သူသား၏ တုံ့ပြန်မှုကြောင့် စိတ်သက်သာရာရသွားရသည်။

ဟဲ့နျန်ခမျာ ကသိကအောက်ဖြစ်စွာနှင့် အရုပ်ကလေးကို ပြန်သိမ်းလိုက်ကာ ပြောသည်။

“မျန်မျန်က ဒီလက်ဆောင်ကို သဘောမကျတဲ့ပုံပဲ။ နောက်တစ်ခါကျရင် ဦးက တခြားဟာ ဝယ်ပေးမယ်လေ။”

ဤအဖြစ်အပျက်လေးက ပြီးဆုံးသွားခဲ့လေပြီ။

လင်ယိက ခရီးဆောင်အိတ်လေးကို ထောင့်တစ်နေရာတွင် ထားထားလိုက်ပြီး လက်ဆေးရန်အတွက် သန့်စင်ခန်းထဲသို့ ဝင်သွားလိုက်သည်။

မမျှော်လင့်ထားစွာဖြင့် ဟဲ့နျန်လည်း လိုက်ဝင်လာခဲ့၏။

လင်ယိက ရေဘုံပိုင်ခေါင်းကို ပိတ်လိုက်ပြီး မှန်ထဲမှတစ်ဆင့် ဟဲ့နျန်အား အေးစက်စက်ပင် စိုက်ကြည့်လိုက်သည်။

သိသိသာသာပင် ဟဲ့နျန်က ကင်မရာမရှိခြင်းကို အခွင့်ကောင်းယူပြီး သူနှင့် သီးသန့်စကားပြောရန် ကြိုးစားနေခဲ့ခြင်း။

ထင်ထားသည့်အတိုင်း အထဲကို ဝင်လာပြီးနောက်တွင်တော့ ဟဲ့နျန်က အပေါ့အပါးမသွားသလို၊ အခြားကိစ္စများလည်း မလုပ်ခဲ့ပေ။ သူက လင်ယိကို ပြုံးပြလာကာ မေးကြည့်လိုက်သည်။

“အစ်ကို၊ အခုတလော ဘာကိစ္စတွေနဲ့ အလုပ်များနေတာလဲ။”

လင်ယိကတော့ တစ်ရှူးဖြင့် သူ့လက်ကို သုတ်လျက် ခပ်ယဲ့ယဲ့သာ ပြုံးနေလိုက်သည်။

“ဒီအတိုင်း အသေးအဖွဲ ကိစ္စလေးတွေပါ။”

လင်ယိ၏ သဘောထားကို ရိပ်မိပုံရသည့် ဟဲ့နျန်က ယခင်ကဖြစ်ရပ်ကို ပြန်ထုတ်ပြောလာ၏။

“အစ်ကိုက အခုအထိ ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား။ အဲဒီအင်တာဗျူးတုန်းက ပွဲစီစဉ်သူတွေက အစ်ကို့ကို ဒီလိုမျိုး သိက္ခာချလိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်ထားခဲ့ပါဘူး။”

သိပ်မကြာသေးမီက မူလပိုင်ရှင်နှင့် ဟဲ့နျန်တို့က အင်တာဗျူးတစ်ခုကို အတူတူတက်ခဲ့ဖူးကြသည်။ အင်တာဗျူးက အတူတူသာဖြစ်သော်ငြား ဆက်ဆံပုံကတော့ ကွာခြားလှ၏။ တစ်ယောက်မှာ စော်ကားခံနေရပြီး တခြားတစ်ယောက်ကမူ ချီးကျူးခံနေရသည်။

ထိုအင်တာဗျူးက မူလပိုင်ရှင်၏ ဂုဏ်သတင်းကို ပို၍ စွန်းထင်းစေခဲ့ပြီး ဟဲ့နျန်ကိုမူ ပြီးပြည့်စုံသူအဖြစ် ဖော်ပြပေးခဲ့သည်။

ထိုဖြစ်ရပ်နောက်ကွယ်တွင်တော့ ဟဲ့နျန်တစ်ယောက် မည်မျှပင် ကြိုးကိုင်ခြယ်လှယ်ထားမှန်း ရှင်းရှင်းလင်းလင်းမသိရပေ။

သို့သော် ဖြစ်စဉ်မှာ သည်တစ်ခုတည်း မဟုတ်သေးပေ။

သူတို့က သက်တူရွယ်တူဖြစ်ပြီး အတူတူကြီးပြင်းလာခဲ့သည့် အမျိုးများဖြစ်ကြရာ ရှုထောင့်အမျိုးမျိုးမှ နှိုင်းယှဉ်ခံရလေ့ရှိသည်။

ဟဲ့နျန် ရှိနေသည့်အချိန်တိုင်း မူလပိုင်ရှင်က ဘာမှမလုပ်လျှင်တောင် အမြဲတစေ ဝေဖန်ခံရတတ်၏။

ထိုသို့ဖြစ်နေသည့်တိုင် မူလပိုင်ရှင်က သူ့ညီဝမ်းကွဲအပေါ် ဘာမှ သံသယမဝင်ခဲ့ပေ။ သူက ကြင်နာတတ်သူဖြစ်ကာ သူနှင့် အမြဲကစားချင်မည့်သူဟုသာ ယုံကြည်ထားခဲ့သည်။

ယခုအချိန်အထိလည်း ဟဲ့နျန်တစ်ယောက် လင်ယိဘက်မှ အားတက်သရော ခုခံကာကွယ်ပေးနေဆဲ။

“အစ်ကိုတော့ မသိဘူး။ ကျွန်တော်ကတော့ သူတို့ဆီကို ဥပဒေအရ သတိပေးစာတောင် ပို့ဖို့ ပြင်ဆင်ထားခဲ့တာ။”

အကယ်၍ မူလပိုင်ရှင်သာဆိုလျှင် သည်လိုသာ ပြောပါလိမ့်မည်။

“ထားလိုက်ပါတော့၊ မင်းရဲ့ စေတနာကြောင့် ငါ ရင်ထဲခံစားသွားရပြီ။”

လင်ယိမှာမူ မျက်ခုံးပင့်လျက် ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုရင်လည်း ပို့လိုက်ပေါ့။”

ဟဲ့နျန်: “အာ။”

ဟဲ့နျန်က ကြောင်အမ်းသွားရရှာသည်။

လင်ယိက နားမလည်ဟန်ဖြင့်သာ မေးလိုက်၏။

“မင်းပြောတော့ သတိပေးစာ ပို့လိုက်မယ်ဆို။”

ဟဲ့နျန်: “…..”

သူက စကားအဖြစ်သာ ပြောလိုက်ခြင်းပင်။

ဟဲ့နျန်မှာ အနည်းငယ် အကျပ်ရိုက်သွားရကာ ခဏလောက် တွန့်ဆုတ်နေပြီးနောက် ကူကယ်ရာမဲ့စွာဖြင့်သာ ပြောလိုက်တော့သည်။

“အစ်ကို၊ ဒါက ဒီလိုရှိတယ်။ ကျွန်တော် ခင်ဗျားကို ကူညီချင်ရင်တောင် တချို့အရာတွေက ထင်သလောက် မရိုးရှင်းမှန်း ခင်ဗျားလည်း သိမှာပါ။ ဒီလောကထဲမှာတော့ ကျွန်တော်က ဘာအာဏာမှ မရှိတဲ့ အလုပ်သမားတစ်ယောက်ပဲလေ။”

မူလလင်ယိသာဆိုလျှင် ဟဲ့နျန်ကို ပြန်နှစ်သိမ့်ပေးနေလောက်ပြီပင်။

ထိုသို့တွေးရင်းနှင့် ဟဲ့နျန်က သက်ပြင်းအခါခါချရင်း လင်ယိထံမှ နှစ်သိမ့်စကားအား စောင့်မျှော်နေရှာသည်။

သို့ရာတွင် လင်ယိမှာတော့ သူသုံးထားသည့်တစ်ရှူးကို အမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီး အေးစက်စက်ဖြင့်သာ ပြောလိုက်လေသည်။

“တစ်ယောက်ယောက်ကို မကူညီပေးနိုင်ရင်တောင် ကူညီပေးခဲ့သလိုမျိုး ဟန်မဆောင်ဖို့နဲ့ တစ်ဖက်လူဆီက ကျေးဇူးတင်စကား မမျှော်နေဖို့ ဘယ်သူကမှ မင်းကို မသင်ပေးလိုက်ဘူးလား။”

အဆုံးတွင်တော့ ဟဲ့နျန်က အနှစ်သာရမရှိသည့် စကားလုံးများဖြင့်သာ လူများ၏စိတ်ကို သိမ်းပိုက်လေ့ရှိ၏။

ဟဲ့နျန်ခမျာ နင်သွားရရှာသည်။

“…..”

သူ့ဝမ်းကွဲအစ်ကို ပြောင်းလဲသွားခြင်းက သူ့စိတ်ထင်သက်သက်မဟုတ်ပါဘဲ တကယ်ဖြစ်နေ၏။ ထိုဝမ်းကွဲက အမှန်ပင် ယခင်ကနှင့်မတူဘဲ ကွဲပြားလို့နေသည်။

ဘာတွေက ပြောင်းလဲသွားတာလဲ။

ထိုအချိန်၌ လင်ယိမှာမူ ထွက်သွားရန် လုပ်နေလေပြီ။

ဤသည်ကို မြင်သည့်အခါ ဟဲ့နျန်က သူ့အတွေးများကို ပြန်စုစည်းလိုက်ပြီး လင်ယိကို ပြောလိုက်သည်။

“ဒါနဲ့ အစ်ကိုနဲ့ လူကြီးမင်းဟော့တို့ကို ကျွန်တော် ဂုဏ်ပြုစကားတောင် မပြောရသေးဘူးနော်။ ခင်ဗျားတို့နှစ်ယောက်လုံး အားတဲ့ချိန်ကျရင် လာပြီး ဂုဏ်ပြုပေးမယ်လေ။”

သူ့လေသံက သိသိသာသာကို ပြောင်းလဲသွားလျက်။

ဤသည်မှာ သူ လင်ယိ နောက်ကိုလိုက်လာခဲ့ရသည့် တကယ့်အကြောင်းအရင်း ဖြစ်သည်။

ဟဲ့နျန်က ဟော့ကျိဟန်ကို တိုက်ရိုက် မတွေ့နိုင်ခဲ့ခြင်းမှာ သူ့အဆင့်အတန်းနှင့် ဟော့ကျိဟန်လိုလူမျိုးကို ဆက်သွယ်ရန်မှာ မဖြစ်နိုင်၍ပင်။

ထို့ကြောင့်လည်း သူက လင်ယိကို လာရှာခဲ့ခြင်းပင်။

လင်ယိ၏ ခြေလှမ်းများက ရပ်တန့်သွားရသည်။ ပြီးနောက် ဟဲ့နျန်ကို ပြန်ကြည့်လိုက်၏။

လင်ယိနှင့် အကြည့်ချင်းဆုံလိုက်ရာ ဟဲ့နျန်ခမျာ ထိတ်လန့်သွားရသည်။ အကြောင်းတစ်ခုခုကြောင့် သူ့တစ်ကိုယ်လုံးက ထိုးဖောက်မြင်ခံနေရသည့်နှယ်။

သူက သတ္တိမွေးကာ တည်တည်တံ့တံ့ ရပ်နေလိုက်သည်။

လင်ယိက နားလည်ရခက်ကာ မှိန်ဖျော့သော အပြုံးတစ်ခုကို ပေးလိုက်၏။

အမှန်စင်စစ် ဟဲ့နျန်၌ မကောင်းသည့် ရည်ရွယ်ချက်ရှိနေပြီး ဟော့ကျိဟန်ကို မျက်စိကျနေခြင်းပင်။

ဤသည်က အဓိပ္ပာယ်ရှိလှသည်။ ဟော့ကျိဟန်ဆိုသည်မှာ ဟော့မိသားစု၏ ခေါင်းဆောင်ဖြစ်သည့်အပြင် လူမှုအသိုင်းအဝိုင်း၌ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်လေ။

မည်သူက စိတ်မဝင်စားဘဲ နေလိမ့်မည်နည်း။

လင်ယိကမူ စကားတစ်ခွန်းမှ မဆိုပါဘဲ ဟဲ့နျန်ကိုသာ ဆက်ကြည့်နေစမြဲ။

ဟဲ့နျန်၏ ကျောရိုးတစ်လျှောက်က ချမ်းစိမ့်လာခဲ့ရကာ မသိစိတ်မှ တံတွေးမျိုချလိုက်မိသည်။

သူ လက်လျှော့တော့မည်ပြုစဉ်မှာပင် လင်ယိက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“နောက်မှပြောကြတာပေါ့။”

စိတ်လှုပ်ရှားနေသည့် ဟဲ့နျန်က မြန်မြန်ပြောလာသည်။

“ဘယ်လိုလုပ် နောက်မှပြောလို့ရပါ့မလဲ။ ကျွန်တော် ဂုဏ်ပြုစကားတောင် မပြောရသေးဘူးလေ။”

လင်ယိက ခပ်တည်တည်သာ ပြန်ဖြေလိုက်သည်။

“လက်ဆောင်ပေးလိုက်ရင် ရပြီ။ မင်းကိုယ်တိုင် လာစရာမလိုဘူး။”

ဟဲ့နျန်: “….”

သူက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး

“အစ်ကိုက နောက်နေတာလား။”

လင်ယိက ပြန်ပြုံးပြလာ၏။

“မှန်းကြည့်လေ။”

ဟဲ့နျန်: “….”

ဒီတော့ လင်ယိက ဘာပြောချင်တာလဲ။ သူ လာတာကို ကြိုဆိုတာလား၊ မကြိုဆိုတာလား။

လင်ယိကို နားလည်ဖို့ ဘာကြောင့် ပိုပိုပြီး ခက်ခဲလာရတာလဲ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment