no

Font
Theme

အပိုင်း (၁၁)

လင်ယိနှင့် ဟော့မျန်မျန်တို့ သားအဖနှစ်ယောက်က မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြလျက်။ သူတို့သည် အရှေ့ရှိ လတ်ဆတ်သော ပါဝင်ပစ္စည်းများကို စိုက်ကြည့်ရင်း တစ်ယောက်မျက်နှာကိုတစ်ယောက် အူကြောင်ကြောင်ဖြင့် ကြည့်လိုက်မိကြသည်။

ဒီတော့ သူတို့ရဲ့ ညစာပြဿနာကို ဘယ်လိုဖြေရှင်းကြတော့မှာလဲ။

ထိုအချိန်၌ ဟဲ့နျန်သည်လည်း သူနှင့်ဟောင်ဟောင်တို့၏ ပါဝင်ပစ္စည်းဝေစုကို လက်ခံရရှိခဲ့သည်။

အစောက ဟောင်ဟောင်တစ်ယောက် ဟော့မျန်မျန်ကို ရှုံးနိမ့်ခဲ့သဖြင့် သူ အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သော်ငြား ယခုအခါတွင်မူ လက်တစ်ဖက်မှ ဟင်းချက်စရာများကို ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ဟောင်ဟောင်၏ ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ချီးကျူးလိုက်၏။

“ဟောင်ဟောင်က အရမ်းတော်တာပဲ၊ ဒုတိယတောင် ရတယ်။"

ဟဲ့နျန်က သူ့ခေါင်းကို ထိလိုက်သည့်အခါ ဟောင်ဟောင်တစ်ယောက် အလိုလိုပင် နောက်သို့ ဆုတ်သွားမိရသည်။

ဟဲ့နျန်က သူ့အား စိတ်ပျက်လက်ပျက်နှင့် စိုက်ကြည့်ခဲ့သည့် အေးစက်စက်အကြည့်တို့အား သူ မှတ်မိနေဆဲပါပင်။

ဟောင်ဟောင်ကို ပုတ်ပေးပြီးသည့်နောက်၌မူ ဟဲ့နျန်က ဟင်းချက်စရာများကို ယူကာ မီးဖိုချောင်ရှိရာသို့ လျှောက်သွားလေတော့သည်။

လင်ယိတစ်ယောက် အခက်တွေ့နေသည်ကို မြင်လိုက်ရသည့်အခါမှာတော့ သူက သရော်ဟန်ဖြင့် တိုးတိုးလေးရေရွတ်လိုက်၏။

"ကျွန်တော့်အစ်ကိုရဲ့ ညစာကတော့ ပြဿနာတက်တော့မှာပဲ။ ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲ။ သူက သူ့မိဘတွေ အလိုလိုက်တာကို အမြဲခံခဲ့ရတာဆိုတော့ ဟင်းမချက်တတ်တာကလည်း နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ မျန်မျန်လေးက ငယ်သေးတယ်လေ။ သူ ဗိုက်ဆာလို့ မဖြစ်ဘူး..."

["အား... ငါတို့ရဲ့နျန်နျန်က အရမ်းကြင်နာတတ်တာပဲ။ ကလေးလေးအတွက်တောင် ထည့်စဉ်းစားပေးနေသေးတယ်။"]

["အမှန်ပဲ၊ လင်ယိကတော့ သူ့မိသားစု အလိုလိုက်တာ ခံရလွန်းလို့ ဘာမှမလုပ်တတ်တော့ဘူး။"]

["လင်ယိက ငါတို့ရဲ့နျန်နျန်နဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။"]

သူ့ဟင်းချက်စွမ်းရည်ကို ထုတ်ပြချင်နေသည့် ဟဲ့နျန်ခမျာ မီးဖိုချောင်သို့ ရောက်သည်နှင့် စတင်ပြင်ဆင်တော့သည်။

စင်စစ်တွင်တော့ သူကလည်း ဟင်းမချက်တတ်ပေ။ သို့သော်လည်း အစီအစဉ်မစတင်မီက ဟင်းချက်ရမည့်အပိုင်း ပါလာနိုင်လိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့ရာ ယခုလို အခြေအနေမျိုးအတွက် ဟင်းချက်နည်းအချို့ကို သင်ယူထားခဲ့ခြင်းပင်။

အခြားတစ်ဖက်တွင်မူ...

အိတ်ထဲမှ လတ်ဆတ်သည့် ပါဝင်ပစ္စည်းများကို အတန်ကြာ စိုက်ကြည့်နေပြီးသည့်နောက်တွင် လင်ယိ၏စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။

ဟင်းချက်စရာတွေက အဆင်သင့်ရှိနေတာပဲ။ ဟော့ပေါ့လုပ်စားရင် မကောင်းဘူးလား။

ဟော့ပေါ့လုပ်ရသည်မှာ အင်မတန်လွယ်ကူရာ မည်သူမဆို လုပ်နိုင်ပေလိမ့်မည်။

ထို့သို့တွေးရင်းနှင့် လင်ယိက ဟော့မျန်မျန်ကို ချက်ချင်း ပြောလိုက်သည်။

"မျန်မျန်... ငါတို့ ဒီည ဟော့ပေါ့စားကြမလား။ ဖေဖေလေးက အစပ်ဟင်းရည်သောက်မယ်၊ မင်းကတော့ ခရမ်းချဉ်သီးဟင်းရည်သောက်ပေါ့။"

ဟော့မျန်မျန်က အစားအသောက်အပေါ်၌ ထူးထူးခြားခြား စိတ်ဝင်စားခြင်းမရှိသော်ငြား လင်ယိ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် ပူးပေါင်းဆောင်ရွက်ကာ ခေါင်းညိတ်ပြလိုက်၏။

"ဟော့ပေါ့။”

မျန်မျန်လေးက လိမ်လိမ်မာမာနှင့် ပူးပေါင်းလာသည်ကို မြင်တော့ လင်ယိက သူ့ပါးဖောင်းဖောင်းလေးကို လှမ်းဆွဲလိုက်ပြီး

"ကောင်းပြီလေ၊ ဖေဖေလေးက အိုးနဲ့ ဟော့ပေါ့အနှစ် သွားရှာလိုက်ဦးမယ်။ မင်း ဟင်းသီးဟင်းရွက်တွေ ကူဆေးပေးလို့ရမလား။"

ဟော့မျန်မျန်က နှုတ်ခမ်းလေးကို စေ့ထားကာ လေးလေးနက်နက်ပင် ခေါင်းညိတ်ပြလာ၏။ သူသည် သူ့လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူလုပ်နိုင်ကြောင်း ပြသနေခဲ့သည်။

[အား…မျန်မျန်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ။]

[ငါလည်း မျန်မျန်ရဲ့ပါးလေးကို ဆွဲချင်လိုက်တာ။]

များမကြာမီမှာပင် လင်ယိက ဟော့မျန်မျန်ကို ဟင်းသီးဟင်းရွက်ဆေးခိုင်းရန်အတွက် ရေဇလုံတစ်ခု ယူလာပေးခဲ့သည်။

လင်ယိကိုယ်တိုင်ကမူ အိုးနှင့်ဟော့ပေါ့အနှစ် ရှာရန်အတွက် မီးဖိုချောင်သို့ သွားခဲ့သည်။

ဧည့်ခန်းထဲတွင်…

ဟော့မျန်မျန်က ထိုင်ခုံပုလေးပေါ်တွင် ထိုင်ကာ အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ဟင်းသီးဟင်းရွက်ဆေးရန် ပြင်ဆင်နေခဲ့၏။

သူ့ပုံစံက အဆင်သင့်ဖြစ်နေဟန်ပေါ်နေသော်ငြား အစကတည်းက အခက်အခဲနှင့် ကြုံတွေ့ရလေတော့သည်။ သူသည် အိတ်ထဲရှိ ဟင်းသီးဟင်းရွက်များကို စိုက်ကြည့်ရင်း ခေါင်းလေးကို စောင်းကာ စဉ်းစားနေလျက်ပင်။

ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုဆေးရမှာလဲ။

စက္ကန့်အနည်းငယ်ကြာ တွေးတောပြီးသည့်နောက်တွင်တော့ သူသည် အိတ်ထဲမှ ဂေါ်ဖီထုပ်အကြီးကြီးကို မ'ရန်ပင် ရုန်းကန်နေရရှာ၏။

ထိုဂေါ်ဖီထုပ်ကို အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် သူ ပြန်ထည့်လိုက်သည်။

၎င်းက အလွန်ကြီးလှရာ ကိုင်ထားရသည်မှာပင် ပင်ပန်းလှသည်။

ဟော့မျန်မျန်တစ်ယောက် အိတ်ထဲသို့ မွှေနှောက်ရှာဖွေလိုက်ရာ နောက်ဆုံးတွင်တော့ ဆေးကြောရလွယ်ကူသည့် ခရမ်းချဉ်သီးအသေးလေးများပါသော ဘူးတစ်ဘူးကို တွေ့ရှိသွားတော့သည်။

ထိုအခါမှသာ ဟော့မျန်မျန်က အနည်းငယ် ပြုံးရွှင်သွားရပြီး ခရမ်းချဉ်သီးလေးများကို စတင်ဆေးကြောလိုက်သည်။

သူ ခရမ်းချဉ်သီးလေးတစ်လုံးကို ယူကာ ရေထဲသို့ ထည့်လိုက်ပြီး၊ လက်ကလေးနှစ်ဖက်ဖြင့် အားတက်သရော ပွတ်တိုက်ဆေးကြောနေ၏။

ထိုမြင်ကွင်းလေးက အင်မတန်ကိုမှ ချစ်စရာကောင်းလှသည်ပင်။

ဟော့မျန်မျန်လေးမှာ နဂိုကတည်းက နူးညံ့သိမ်မွေ့သော အလှတရားရှိသူ ဖြစ်သည်။ နူးညံ့သော ဆံနွယ်လေးများနှင့် နှင်းလုံးလေးပမာ ဖြူဖွေးသော မျက်နှာလေးမှာလည်း ငေးမောချင်ဖွယ်ရာအတိ။

ထို့ပြင် ယနေ့တွင် သူက ဂျင်းဘောင်းဘီသိုင်းကြိုးကို ဝတ်ဆင်ထားခဲ့ရာ ပို၍ပင် ချစ်စရာကောင်းလို့နေ၏။

ခရမ်းချဉ်သီးဆေးကြောရန် ကိုယ်လေးကို ကိုင်းထားသည့် သူ့ပုံစံလေးမှာလည်း ကြည့်ရှုသူတို့ကို မှင်တက်မိစေသည်။

[အား... မျန်မျန်လေးကို ပွေ့ဖက်ပြီး နမ်းပစ်လိုက်ချင်တာ။]

[မျန်မျန် ခရမ်းချဉ်သီးဆေးနေတာကို တစ်နေ့လုံး ထိုင်ကြည့်နေနိုင်တယ်။]

[ကလေးလေးတွေက တကယ် စိတ်အပန်းပြေစေတယ်။]

[ဟားဟား၊ မျန်မျန်လေးက OCD ရှိနေတာလား။ ခရမ်းချဉ်သီးတစ်လုံးတည်းကိုပဲ ဆေးနေလိုက်တာမှ အခွံတောင်ကွာတော့မယ်။]

ဟော့မျန်မျန်က ခရမ်းချဉ်သီးလေး စင်ကြယ်သွားသည်အထိ အတန်ကြာအောင် ဆေးကြောပြီးနောက် အနားရှိ သန့်ရှင်းသော ပန်းကန်ပြားတစ်ချပ်ပေါ်သို့ တင်လိုက်လေသည်။

ထို့နောက်တွင်တော့ သူက နောက်ထပ်တစ်လုံးကို ဆက်ဆေးနေလိုက်သည်။

သူသည် စိတ်မရှည်သည့် အမူအရာမျိုးကို လုံးဝမပြဘဲ တိတ်တိတ်ကလေးသာ လုပ်ဆောင်နေခဲ့၏။

ထိုအချိန်၌ လင်ယိကလည်း အိုးတစ်လုံးကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ထိုအိုးက အရသာနှစ်မျိုးထည့်နိုင်သည့် အိုးမျိုးဖြစ်သဖြင့် ဟော့ပေါ့အတွက် အလွန်ပင် သင့်တော်လှပေမည်။

သူ အိုးကို ယူလာပြီး ဧည့်ခန်းထဲရှိ စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် ဟော့ပေါ့အနှစ်များ ရှာရန်အတွက် မီးဖိုချောင်ထဲသို့ ပြန်သွားရန် လုပ်လိုက်သည်။

ဟော့မျန်မျန်လေး ဟင်းသီးဟင်းရွက်ဆေးနေသည့် နေရာမှ ဖြတ်သွားစဉ် ဆေးထားပြီးသား ခရမ်းချဉ်သီးလေးကို မြင်လိုက်သဖြင့် သူက ပေါ့ပေါ့ပါးပါးပင် သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ကာ မီးဖိုချောင်သို့ ဝင်သွားခဲ့၏။

မျန်မျန်လေးမှာတော့ သူ့ဖေဖေလေး ခရမ်းချဉ်သီး နှိုက်စားသွားသည်ကို မသိခဲ့ပေ။ သူ ပန်းကန်ပေါ်သို့ တင်ရန်အတွက် ဘေးသို့ လှည့်ကြည့်လိုက်ရာ ဇဝေဇဝါနှင့် မျက်လုံးများပါ ပြူးကျယ်သွားရသည်။

ဟင်၊ ခုနက ဆေးထားတဲ့တစ်လုံးက ဘယ်ရောက်သွားတာလဲ။

ပန်းကန်က ဘာလို့ လွတ်နေတာလဲ။

[ဟားဟား၊ ဘုရားရေ အရမ်းရယ်ရတာပဲ။]

[မျန်မျန်ရေ၊ အဲဒီခရမ်းချဉ်သီးလေးကို မင်းဖေဖေလေးက စားလိုက်တာ။]

မျန်မျန်က ပဟေဠိဖြစ်နေသော်ငြား သူ အမှတ်မှားသွားသည်ဟုသာ ထင်ကာ ဆက်ပြီး မတွေးနေတော့ချေ။ သူ ဒုတိယတစ်လုံးကို ပန်းကန်ပေါ်ထပ်တင်လိုက်ပြီး တတိယတစ်လုံးကို ဆက်ဆေးနေတော့သည်။

အချိန်ခဏလောက်ကြာတော့ လင်ယိက ဟော့ပေါ့အနှစ်နှစ်ထုပ်ကို ကိုင်ကာ ထွက်လာ၏။

ပန်းကန်ပေါ်မှ ဆေးပြီးသား ခရမ်းချဉ်သီး နောက်တစ်လုံးကို မြင်တော့ သူက ထပ်ပြီး ယူစားလိုက်ပြန်သည်။

ထိုခရမ်းချဉ်သီးလေးက အရသာရှိလှ၏။ ချိုချိုချဉ်ချဉ်နှင့် မစားဘဲမနေနိုင်အောင် ဖြစ်စေသည်။

ဤအသီးများက သဘာဝအတိုင်း စိုက်ပျိုးထားခြင်း ဖြစ်သည်ဟု ထုတ်လုပ်ရေးအဖွဲ့က ပြောခဲ့၏။ ကြည့်ရသလောက်တော့ သူတို့က လိမ်ထားပုံမပေါ်ချေ။

ဟော့မျန်မျန်တစ်ယောက် တတိယတစ်လုံးကို ဆေးပြီးသွားကာ လှည့်ကြည့်လိုက်ချိန်မှာတော့ သူ တကယ့်ကို အံ့အားသင့်သွားခဲ့ရသည်။

ပန်းကန်က ထပ်ပြီး အလွတ်ကြီးဖြစ်နေပြန်ပြီ။

ဒုတိယတစ်လုံးက ဘယ်ရောက်သွားတာလဲ။

သူ ပန်းကန်ပေါ်မှာ တင်ထားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။

ဟော့မျန်မျန်ခမျာ ပန်းကန်အလွတ်ကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာနှင့် မျက်တောင်တဖျပ်ဖျပ်ခတ်လျက်။ သူ ဘာဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင်တော့ပါ။

[ဟားဟားဟား၊ ကယ်ကြပါဦး။ ဒါက ဘာလို့ ဒီလောက်တောင် ရယ်စရာကောင်းနေရတာလဲ။]

[လင်ယိကို သတိပေးလိုက်မယ်။ မျန်မျန်ရဲ့ ခရမ်းချဉ်သီးလေးတွေကို ထပ်မခိုးစားပါနဲ့တော့။]

[ဟားဟားဟား၊ ဒါက ငါ့အတွက်တော့ တစ်နေ့တာအပျော်လေးတွေပဲ။]

ဟော့မျန်မျန်က တတိယမြောက်တစ်လုံးကို ပန်းကန်ပေါ်သို့ ထပ်တင်ထားလိုက်ပြန်၏။

သည်တစ်ကြိမ်မှာတော့ သူက စတုတ္ထမြောက်တစ်လုံးကို ဆေးနေရင်း ပန်းကန်ကိုပါ မျက်ခြည်မပြတ် စောင့်ကြည့်နေလိုက်သည်။

ရုတ်တရက်ဆိုသလို သူ့မျက်လုံးထောင့်မှတစ်ဆင့် သူ့ခရမ်းချဉ်သီးလေးအား လှမ်းယူနေသည့် လက်တစ်ဖက်ကို သတိထားမိသွားခဲ့၏။

ဟော့မျန်မျန်၏ စိတ်တို့က တက်ကြွလာခဲ့ရသည်။

မိပြီ။

သူ လှည့်ကြည့်လိုက်ရာ လင်ယိနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

ဟော့မျန်မျန်လေးက တွေဝေစွာနှင့် သူ့မျက်တောင်လေးများကို ခတ်နေဆဲ။

သူ့ခရမ်းချဉ်သီးလေးကို စားနေသူဟာ သူ့ဖေဖေလေး ဖြစ်နေ၏။

ဟော့မျန်မျန်၏ စိတ်က ယောက်ယက်ခတ်နေသည်ကို မသိရှာသည့် လင်ယိမှာ မေးလိုက်မိသည်။

“ဘာဖြစ်လို့လဲ။”

ဟော့မျန်မျန်က ခေါင်းခါယမ်းလိုက်ပြကာ စတုတ္ထမြောက်တစ်လုံးကို ကမ်းပေးလိုက်ရင်း ညင်ညင်သာသာလေး ပြောလိုက်သည်။

“ဖေဖေလေး၊ စားလိုက်~”

လင်ယိက ပျော်ပျော်ရွှင်ရွှင်နှင့် လက်ခံလိုက်သည်။

“ကျေးဇူးပါ၊ ပေါင်ပေ့လေး မျန်မျန်။”

‘ပေါင်ပေ့’ ဟု အခေါ်ခံလိုက်ရသဖြင့် ဟော့မျန်မျန်လေးက ပါးချိုင့်လေးများပေါ်လာသည်အထိ ပြုံးပြလိုက်တော့သည်။

သူ့ဖေဖေလေးကို ပေးရန်အတွက် ခရမ်းချဉ်သီးများကို မြန်မြန်ဆေးရမည်။

[သေပါပြီကွယ်။]

[မျန်မျန်လေးက တကယ်ကို ချစ်စရာကောင်းတဲ့ နတ်သားလေးပဲ။]

[ရင်ထဲကို နွေးထွေးသွားတာပဲ၊ ငါ မျက်ရည်ကျနေပါပြီ။]

[ငါ မေးချင်တာကတော့… ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးလေးကို ဘယ်မှာ သွားရှာရမလဲ။]

အဆုံးတွင်တော့ လင်ယိနှင့် ဟော့မျန်မျန်တို့က ကျန်ရှိနေသေးသည့် ဟင်းသီးဟင်းရွက်များကို ဆေးလို့ပြီးစီးသွားခဲ့ကြပြီး စားပွဲပေါ်တွင် ထိုင်ကာ ဟော့ပေါ့ကို အရသာရှိရှိ သုံးဆောင်ကြတော့သည်။

ထိုအချိန် ဟော့ပေါ့ဟင်းရည်အိုးသည်လည်း ပွက်ပွက်ဆူလာပြီး မွှေးကြိုင်လှသော ရနံ့များကလည်း တထောင်းထောင်းထွက်လာလျက်။

အနီရဲရဲတောက်နေသည့် အစပ်ဟင်းရည်အိုးနှင့် မွှေးကြိုင်လှပါသော ခရမ်းချဉ်သီးဟင်းရည်အိုး၊ နှစ်မျိုးစလုံးက အလွန်တရာ စားချင်စဖွယ်အတိဖြင့်။

သူတို့က အမဲသားလွှာများ၊ ဝက်သား၊ ငါးနှင့် ဟော့ပေါ့ခေါက်ဆွဲ၊ ဆလတ်ရွက်၊ အာလူး စသည့် ပါဝင်ပစ္စည်းအမျိုးမျိုးကို ပြင်ဆင်ထားခဲ့ကြသည်။ ပုံမှန်လောက်တော့ ဟင်းအမည်မစုံသော်ငြား အတော်လေးတော့ စိတ်ကျေနပ်ဖွယ်ကောင်းလှပေ၏။

စားချင်နေပြီဖြစ်သည့် လင်ယိခမျာ အိုးနှစ်အိုးလုံးထဲသို့ ပါဝင်ပစ္စည်းအချို့ကို ထည့်ရင်း ဟော့မျန်မျန်ကို ပြောလိုက်သည်။

“ခဏလေးပဲစောင့်နော် ကလေး။ ပြီးရင် ငါတို့ စားလို့ရပြီ။”

ဟော့မျန်မျန်က သူ့ပန်းကန်သေးသေးလေးကို ကိုင်လျက် လေးလေးနက်နက်ပင် ခေါင်းညိတ်ပြလာသည်။ သူသည် လင်ယိ ထည့်ပေးလာမည့်ချိန်ကို စောင့်မျှော်နေခဲ့၏။

လင်ယိနှင့် ဟော့မျန်မျန်တို့ ဟော့ပေါ့စားနေကြချိန်တွင် အခြားအဖွဲ့များမှာတော့ ရုန်းကန်နေကြဆဲပင်ဖြစ်၏။

ပထဆုံးအနေနှင့် ကျိုးခယ်နှင့် ရှောင်နျန်ကောင်းတို့ပင်။

ကျိုးခယ်က ဟင်းချက်တတ်သော်ငြား သူတို့က တတိယနေရာသာရခဲ့သဖြင့် ဟင်းချက်စရာပစ္စည်း နည်းနည်းလေးသာ ရရှိခဲ့သည်။ လက်တစ်ဆုပ်စာရှိသည့် ဟင်းသီးဟင်းရွက်၊ ကြက်သွန်မြိတ်အချို့နှင့် ကြက်ဥအနည်းငယ်မျှသာ။ ညစာတစ်နပ်ရအောင် မည်သို့ချက်ရမည်မှန်း သူတို့ မသိတော့ပါပေ။

ထိုနည်းတူ တတိယရရှိသည့် ရှန်ဖုန်းနှင့် စုန့်ယွီထောင်တို့မှာလည်း လယ်တောကို ရောက်လာကတည်းက စိတ်မချမ်းမသာဖြစ်နေကြပြီး ယခုအချိန်အထိ စိတ်ကောက်နေကြဆဲဖြစ်ရာ ညစာကို လုံးဝ လျစ်လျူရှုထားကြ၏။

သူတို့ စိတ်မကောက်နေကြလျှင်တောင် ညစာကို မည်သို့ ချက်ရမည်မှန်း သိလောက်မည် မဟုတ်ပေ။

ကလေးမရှိသည့် အလုပ်သင်အဖေတစ်ယောက်ဖြစ်သော ကျောက်ကျင်းကမူ မည်သည့်ဟင်းချက်စရာပစ္စည်းမှ မရရှိခဲ့သဖြင့် ဗိုက်ဖြည့်ရန်အတွက် ရေသောက်ဖို့သာ စဉ်းစားနေရတော့သည်။

သို့ဖြစ်၍ လင်ယိတို့ထံမှ ဟော့ပေါ့နံ့ သင်းပျံ့လာသည့်အခါမှာတော့ လူတိုင်း၏ အကြည့်က ထိုဘက်သို့သာ ရောက်သွားကြရပြီး တံတွေးကို မျိုချလိုက်မိကြသည်။

“ဟားဟားဟား၊ လင်ယိကို ဟင်းချက်နတ်ဘုရားလို့ ငါကြေညာလိုက်ပြီ။”

“ငါတို့ရဲ့ လင်ယိက ဟင်းမချက်တတ်ပေမဲ့ လှည့်ကွက်တွေတော့ အများကြီးရှိသားပဲ။ ဟော့ပေါ့က ဟင်းမချက်တတ်တဲ့ ပြဿနာကို ကောင်းကောင်း ဖြေရှင်းပေးသွားတာပဲ။"

“ငါလည်း ဟော့ပေါ့ သွားစားချင်လိုက်တာ။”

ဤဘက်တွင်မူ အိုးထဲမှ အစားအစာများက ကျက်သွားလေပြီ။

လင်ယိက မျန်မျန်လေး၏ ပန်းကန်လုံးထဲသို့ အရင်ဆုံး ထည့်ပေးလိုက်သည်။ ပြီးမှသာ အစပ်ဟင်းရည်အိုးထဲမှ အမဲသားလွှာတစ်ဖက်ကို ညှပ်ယူကာ ဆော့စ်ဖြင့်တို့၍ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

နောက်တစ်စက္ကန့်မှာတော့ စိတ်ကျေနပ်စွာဖြင့် သူ သက်ပြင်းချလိုက်မိ၏။

ဟော့ပေါ့က တကယ် အကောင်းဆုံးပဲ။

လင်ယိတစ်ယောက် အစားအသောက်၌ နစ်မျောနေစဉ် ရှောင်နျန်ကောင်းက သူ့အနားသို့ လျှောက်လာကာ အားကိုးတကြီး တောင်းဆိုလာသည်။

“လင်ယိကော၊ သားအဖေနဲ့ သားရော အတူတူ လာစားလို့ရမလား။ သားတို့ရထားတဲ့ ဟင်းချက်စရာတွေလည်း မျှပေးပါ့မယ်။”

သူက ပြောပြောဆိုဆိုနှင့် သူ့လက်ထဲမှ ဟင်းချက်စရာများကို မြှောက်ပြလိုက်သည်။

လင်ယိက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်၏။

“ရတာပေါ့၊ ပြဿနာမရှိပါဘူး။”

မည်သို့ပင်ဆိုစေကာမူ သူတို့က ပထမရထားသူများဖြစ်ကြရာ ပါဝင်ပစ္စည်းများက အလျှံပယ်ရှိနေသည်။ နောက်ထပ် ငါးယောက်၊ ခြောက်ယောက်လောက် ထပ်တိုးလာလျှင်တောင် ကိစ္စမရှိလောက်ပါပေ။

ရှောင်နျန်ကောင်းက ယဉ်ကျေးစွာနှင့် ကျေးဇူးစကားဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ လင်ယိကော။”

ထို့နောက် သူက သူ့အဖေဖြစ်သူ ကျိုးခယ်အား သွားဆွဲခေါ်လာတော့၏။

သူ့သားနှင့်မတူသည့် ကျိုးခယ်ကမူ introvert တစ်ယောက် ဖြစ်သည့်အတွက် မျက်နှာနီရဲစွာနှင့် ထစ်ထစ်ငေါ့ငေါ့ ပြောလာရှာသည်။

“ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်။”

လင်ယိက ခပ်တည်တည်သာ လက်ဝှေ့ယမ်းပြလိုက်ပြီး

“ဘာမှမဟုတ်ပါဘူး။ အသေးအမွှားလေးတွေပါပဲ။”

ကျိုးခယ်က လင်ယိအား ကျေးဇူးတင်ခြင်းနှင့် အားကျဟန်တို့ဖြင့် စိုက်ကြည့်နေမိသည်။ သူသည် လင်ယိလို ပူပင်ကြောင့်ကြမဲ့ကာ သဘာဝကျကျ နေနိုင်လောက်မည် မဟုတ်ပေ။

ကျိုးမိသားစု ထိုင်လိုက်ပြီးသည့်နောက်တွင်တော့ တခြားတစ်ယောက်က ထပ်ရောက်လာပြန်သည်။ ကျောက်ကျင်းက ပန်းကန်တစ်လုံးကို အဆင်သင့်ယူထားကာ လင်ယိကို ပြောလာ၏။

“ကျွန်တော်လည်း ဝင်စားလို့ရမလား။”

လင်ယိက သဘောတူလိုက်သည်။

ခဏလေးအတွင်းမှာပင် ညစာစားပွဲက စည်ကားသွားလေတော့သည်။

ရှန်ဖုန်းနှင့် စုန့်ယွီထောင်တို့သာ ကျန်ရစ်နေခဲ့၏။

ရှန်ဖုန်းတစ်ယောက် ဟော့ပေါ့စားကာ စည်ကားနေသည့် မြင်ကွင်းကို ကြည့်ရင်း တွေးနေလိုက်သည်။

ဟမ့်…သူလည်း အတူတူ မစားချင်ပါဘူးနော်။

ရှန်မိသားစု၏ ဂုဏ်ယူရသော အကြီးဆုံးသားတစ်ယောက်အနေနှင့် တခြားသူများထံ စားစရာတောင်းရသည်က အင်မတန် ရှက်စရာကောင်းလှ၏။

ထိုသို့ တွေးရင်း သူက ရှိုးမှ ပေးထားသည့် ရေသန့်ဘူးကို ယူကာ တစ်ဝက်ခန့်ကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။

ရေများများသောက်ထားရင် ဗိုက်ဆာမှာ မဟုတ်တော့ဘူး။

[ဟားဟား၊ ဒါကို ဘာလို့ခေါ်တာပါလိမ့်။ ကိုယ့်မျက်နှာမပျက်ဖို့အတွက် ဒုက္ခခံရတာပေါ့ဆိုတာလား။]

[ရှန်ဖုန်းက ‘စစ်မှန်တဲ့ ရနံ့’ နိယာမအကြောင်းကို သင်ယူသင့်ပြီ။]

[သွားစားလိုက်ပါတော့၊ မဟုတ်ရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး။]

ရှန်ဖုန်းက အပျော်သက်သက်သာ ဖျော်ဖြေရေးရှိုးများမှာ ပါဝင်လေ့ရှိသော်ငြား သူ၏ ကောင်းမွန်သော မိသားစုနောက်ခံနှင့် ထူခြားသော ကိုယ်ရည်ကိုယ်သွေးများကြောင့် သူ့ပုံစံကို သဘောကျကြသည့် ပရိသတ်များစွာ ရှိသည်ပင်။

ပရိသတ်များက သူ့ကို ချစ်ကြသလို စလည်းစနောက်တတ်ကြ၏။

မိနစ်အနည်းငယ်ခန့်ကြာသည့်အခါ ရှန်ဖုန်းက ဆက်မအောင့်ထားနိုင်တော့။ သူ့ဗိုက်ကလည်း အသံမြည်လာခဲ့၏။

ထိုအချိန်၌ သူ့တူဖြစ်သူ စုန့်ယွီထောင်သည်လည်း ဗိုက်ဆာသည့်ဒဏ်ကို မခံနိုင်တော့ဘဲ သူတို့၏ စစ်အေးတိုက်ပွဲကို မေ့လိုက်ကာ ရှန်ဖုန်းအား သနားစဖွယ်ကြည့်လာတော့သည်။

“ကျွန်တော် ဗိုက်အရမ်းဆာနေပြီ။ ခင်ဗျား တစ်ခုခုလုပ်ပေးလို့ မရဘူးလား။”

ရှန်ဖုန်းက သူ့ကို စိုက်ကြည့်လိုက်ပြီး

“သွားစမ်းပါ၊ ငါက ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။”

မိနစ်အနည်းငယ်ခန့်ကြာပြီးနောက် ရှန်ဖုန်းက ဆုံးဖြတ်ချက်ချလိုက်ကာ လင်ယိထံသို့ သုန်မှုန်နေသော မျက်နှာထားဖြင့် လျှောက်သွားလိုက်သည်။

လင်ယိအနားသို့ ရောက်သည့်အခါတွင်မူ ရှန်ဖုန်းက သူ့ကိုယ်နေဟန်ထားကို မတ်မတ်ထားလိုက်ပြီး တစ်ချက်တစ်ချက် လင်ယိကို ခိုးကြည့်ကာ သူ့ကို ပတ်လျှောက်နေတော့သည်။

လင်ယိက သူ့ကို သတိထားမိသွားပြီး သူ့အား လာစားရန် ဖိတ်ခေါ်လာမည်ကို စောင့်မျှော်နေခဲ့ခြင်းပင်။

သို့ရာတွင် လင်ယိ၏ အာရုံတို့မှာ ဟော့ပေါ့အပေါ်မှာသာ ရှိနေသဖြင့် သူ့ကို တစ်ချက်လေးမှပင် မကြည့်လာခဲ့။

ရှန်ဖုန်း: “…..”

ရှန်ဖုန်းက သူ့ပါးစပ်ကို လက်ဖြင့်အုပ်ကာ ချောင်းဆိုးချင်ယောင်ဆောင်လိုက်သည်။

ထိုအခါမှသာ လင်ယိက တစ်ချက်ဝေ့ကြည့်လာသည်။

ရှန်ဖုန်းတစ်ယောက် ထိတ်လန့်သွားရ၏။ ထို့နောက် သူက မာနကြီးစွာဖြင့် လင်ယိကို စိုက်ကြည့်လိုက်ပြီး သူ့အား ဖိတ်ခေါ်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။

သို့သော်လည်း လင်ယိက တစ်ချက်သာ ဝေ့ကြည့်လာပြီး ဟော့ပေါ့ကို ဆက်စားနေပြန်၏။

ရှန်ဖုန်း : "..."

ဟေး... ငါ ဒီလောက်အထိ သိသာအောင် လုပ်နေတာကိုလေ။

လင်ယိက သူပေးသည့် အရိပ်အမြွက်ကို နားလည်ပါလျက်နှင့် သူ့ကို တမင်လျစ်လျူရှုထား၏။

[ဟားဟား... ဒီနှစ်ယောက်ကတော့ ငါ့ကို ရယ်ပြီး သေအောင် လုပ်နေတာပဲ။]

[လင်ယိကတော့ ဒီလိုခေါင်းမာတဲ့လူမျိုးတွေကို ကိုင်တွယ်တဲ့နေရာမှာ တကယ် ပါရမီပါတာပဲ။]

[ကျယ်မေ့တို့ရေ... ငါတော့ လင်ယိကို စပြီး သဘောကျလာပြီ ထင်တယ်။]

[ငါရောပဲ၊ သူက အရင်နဲ့ လုံးဝကို မတူတော့တာ။]

လင်ယိက ဟော့ပေါ့ကို ဖြည်းဖြည်းချင်း အရသာခံကာ စားနေခဲ့သည်။

ရှန်ဖုန်းမှာမူ ဘေးမှနေ၍ မကျေမချမ်းနှင့် သူ့ကို စိုက်ကြည့်နေ၏။

အစီအစဉ်တင်ဆက်သူဖြစ်သည့် ကျောက်ကျင်းကတော့ အခြေအနေကို ပြေလည်သွားအောင် ကြိုးစားပေးနေခဲ့သည်။

သူ လင်ယိကို မေးလိုက်သည်။

“ရှန်ဖုန်းတို့ သားအဖကိုလည်း အတူတူ စားဖို့ ဖိတ်လိုက်ရင် မကောင်းဘူးလား။ သူတို့ ဗိုက်ဆာနေတာ ကြာလှပြီ။”

လင်ယိက ပါးစပ်ထဲရှိ အစားအစာများကို အေးအေးဆေးဆေး မျိုချလိုက်ပြီးမှသာ ပြောလိုက်သည်။

“သူတို့က ဘာမှမပြောကြဘူးလေ။ သူတို့ စားချင်တယ်ဆိုတာကို ဘယ်သူက သိမှာလဲ။”

ကျောက်ကျင်းက ရှန်ဖုန်းကို လှမ်းကြည့်လိုက်သည်။

ရှန်ဖုန်းက မာနကြီးစွာဖြင့် အရင်မတောင်းဆိုချင်သော်ငြား ယခု အခွင့်အရေးရလာပြီဖြစ်ရာ သူ့ပါးစပ်ကို အတင်းအကျပ်ဖွင့်လျက် မေးလိုက်ရတော့သည်။

“ငါတို့ရော စားလို့ရမလား။”

ထိုအခါမှသာ လင်ယိက သက်ညှာမှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ရတာပေါ့၊ မင်းတို့ဆီက ဟင်းချက်စရာတွေနဲ့ လဲရမှာနော်။”

ရှန်ဖုန်း : ".….”

ဒီလူကတော့ တကယ်ပဲ ဘယ်တော့မှ အရှုံးမခံဘူး။

သို့ရာတွင် ယခုအချိန်၌ သူတို့အနေနှင့် ဇီဇာကြောင်နေ၍ မဖြစ်ပေ။ အစားစားရဖို့က ပိုပြီး အရေးကြီးသည်လေ။

သို့ဖြစ်ရာ ခဏအကြာတွင် ရှန်ဖုန်းနှင့် တခြားသူများက သူတို့၏ ပါဝင်ပစ္စည်းများကို လွှဲပြောင်းပေးအပ်လိုက်ကြပြီး ယနေ့ညအတွက် ပထမဆုံးသော အစားအစာကို မြည်းစမ်းခွင့်ရသွားကြ၏။ သူတို့က မျက်ရည်ကျလုနီးနီးပင် ဖြစ်သွားခဲ့ရသည်။

ဒါက သူတို့စားဖူးသမျှထဲက အကောင်းဆုံး ဟော့ပေါ့ပဲ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment