no

Font
Theme

အပိုင်း (၁၀)

တစ်ဖက်တွင်မူ ရှန်ဖုန်းက ပိုနှေးကွေးနေခဲ့၏။ ကြက်ဖနှစ်ကောင် သူ့ထံသို့ ပြေးလာနေသည်ကို မြင်သည်နှင့် သူက ကြောက်လန့်တကြားဖြင့် အနီးအနားရှိ ကောက်ရိုးပုံပေါ်သို့ ခုန်တက်လိုက်သည်။

ယခုအခါမှာတော့ သူ့ရှေ့တွင် ကြက်ဖများရှိနေပြီး သူ့နောက်တွင်မူ စိုစွတ်နေသည့် စပါးခင်းရှိနေလေရာ သူ ကြားထဲမှာ ပိတ်မိသွားခဲ့ရသည်။

ရှန်ဖုန်း: “…..”

သူ တုန်လှုပ်နေမိသည်မှာ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ ပုံမှန်အားဖြင့် အကြောက်အလန့်ကင်းမဲ့သည့်သူဟာ ချွန်ထက်သော နှုတ်သီးရှိသည့် ငှက်များကိုတော့ ကြောက်ရွံ့နေခဲ့၏။ ယခုတော့ ထိုနှစ်ကောင်က သူ့ရှေ့ကို ပြေးလာကြလေပြီ။

ရှန်ဖုန်းက အကူအညီလှမ်းတောင်းရန်အတွက် သူ့တူလေးကို ခေါ်ရန် ပြင်လိုက်သော်ငြား၊ တူဖြစ်သူကတော့ မီတာ ၈၀၀ ခန့်သို့ ထွက်ပြေးရောက်ရှိသွားပြီး အရိပ်ကိုသာ မြင်နေရတော့သည်။

ရှန်ဖုန်း: “…..”

သူ့ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည့် ကြက်ဖများကို ကြည့်ရင်း သူ ခက်ခဲစွာ တံတွေးမျိုချလိုက်မိ၏။ ကျန်ရှိနေသေးသည့် သူ့သိက္ခာကို ထိန်းကာ လင်ယိကို လှမ်းခေါ်လိုက်သည်။

“ဟေး၊ ဒီလာပြီး သူတို့ကို မောင်းထုတ်ပစ်လိုက်စမ်း။”

သခင်လေးတစ်ဦးအဖြစ် ဆက်ဆံခံရသည်ကို ကျင့်သားရနေသဖြင့် သူက အမိန့်ပေးသည့် လေသံဖြင့်သာ ပြောလာသည်။ ပုံမှန်အားဖြင့် ပတ်ဝန်းကျင်၌ သူ့အား မြှောက်ပင့်မည့်သူများနှင့် သူခိုင်းသမျှကို လုပ်ပေးမည့်သူများသာ ပြည့်နှက်နေလေ့ရှိသည်ပင်။

ဒါပေမဲ့ လင်ယိက ဘယ်သူမလို့လဲ။

လင်ယိက ရှန်ဖုန်းထက် ပို၍ အကြောက်တရားကင်းမဲ့သူဖြစ်ကာ ထိုသခင်လေးကို လုံးဝ အဖက်မလုပ်ခဲ့ပါပေ။

သူက ရှန်ဖုန်းကို လျစ်လျူရှုရုံသာမကဘဲ လိမ္မော်သီးများကို မော့ကြည့်ရင်းနှင့် နောက်ထပ်အလုံးအနည်းငယ် ထပ်ခူးရန်သာ တွေးနေမိသည်။

ရှန်ဖုန်း: “…..”

ထိုအချိန်တွင် ကြက်ဖများက ပို၍ တိုးကပ်လာခဲ့၏။

ရှန်ဖုန်း၏ ခြေထောက်များက ပျော့ခွေလာရကာ သူက ခက်ထန်သောလေသံဖြင့် ကြက်ဖများကို ခြောက်လှန့်ရန် ကြိုးစားလိုက်သည်။

“မင်း …မင်းတို့ အနားထပ်တိုးလာရင် ငါ မင်းတို့ကို သတ်စားပစ်မှာနော်။”

ဤစကားကို ကြားသည့်အခါမှာတော့ ကြက်ဖများက ပို၍ပင် ဒေါသထွက်သွားဟန်ဖြင့် ရှန်ဖုန်းထံသို့ ဦးတည်သွားကြတော့၏။

ရှန်ဖုန်း: “…..”

သူက အလျင်စလိုနှင့် လင်ယိကို ခေါ်လိုက်ပြန်သည်။

“မြန် …မြန်မြန်၊ မြန်မြန်လုပ်။”

လင်ယိက တည်ငြိမ်စွာပင် ပြန်လှည့်ကြည့်လိုက်ပြီး

“ဒါက မင်းအကူအညီတောင်းတဲ့ ပုံစံလား။”

ကြောက်ရွံ့မှုကြောင့် အသံပင် တိမ်ဝင်နေပြီဖြစ်သည့် ရှန်ဖုန်းခမျာ အသနားခံလိုက်ရသည်။

“ကျေး… ကျေးဇူးပြုပြီး၊ သူတို့ကို မြန်မြန်မောင်းထုတ်ပေးပါ။”

ထိုအခါမှသာ လင်ယိက နှေးနှေးကွေးကွေးနှင့် ကျောက်ခဲသေးသေးလေးကို ကောက်ယူလိုက်ပြီး လက်ထဲတွင် အတန်ကြာ ကစားနေလိုက်ကာ ကြက်ဖများရှိရာသို့ ပစ်ပေါက်လိုက်လေသည်။

ကြက်ဖများက ချက်ချင်းဆိုသလို လန့်ဖျပ်သွားကာ ထွက်ပြေးကြပါတော့သည်။

ဘေးကင်းသွားသည့် ရှန်ဖုန်းခမျာ ကောက်ရိုးပုံပေါ်၌ ခွေယိုင်ကျသွားခဲ့သည်။ သူက ချွေးစေးများလည်း ပြန်နေခဲ့၏။

လင်ယိကို ကြည့်လိုက်သည့် သူ့အကြည့်ထဲတွင်တော့ ကျေးဇူးတင်စိတ်နှင့် ခံပြင်းစိတ်တို့ ရောနှောနေလျက်။

သို့ရာတွင် လင်ယိကတော့ သူ့ကို လျစ်လျူရှုထားလိုက်သည်။ သူသည် အစောက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တစ်ခုလုံးအား မေ့လျော့သွားဟန်ဖြင့် လိမ္မော်သီးအချို့ကို ခူးကာ သူ့ကလေးနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ပြန်လျှောက်သွားခဲ့တော့သည်။

ရှန်ဖုန်း: “…..”

စိတ်ရှုပ်ထွေးနေတာ သူတစ်ယောက်တည်းပဲလား။

[ဟားဟားဟား၊ လင်ယိကတော့ တကယ့်လူပဲ… စကားသိပ်မပြောဘူး။ လုပ်ရင်လည်း ပြတ်ပြတ်သားသားပဲ။]

[ငါနားလည်သွားပြီ၊ လင်ယိက အကြောတင်းတဲ့လူတွေကို အကြောလျှော့ပေးဖို့ ရောက်လာတာပဲ။]

[ရှန်ဖုန်းကြောင့် ငါ ရယ်သေတော့မယ်။]

ဧည့်သည်များအားလုံး ရောက်လာကြသည်ဖြစ်ရာ သူတို့၏ ရိုက်ကူးရေးက တရားဝင်စတင်တော့မည် ဖြစ်၏။

ဒါရိုက်တာက ဧည့်သည်အားလုံးကို နှုတ်ဆက်လိုက်သည်။

“ကျွန်တော်တို့ရဲ့ Variety show ကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ်။ လူတိုင်း အသားကျသွားအောင်လို့ ဂိမ်းအသေးလေးတစ်ခုနဲ့ စလိုက်ကြရအောင်။ ကျွန်တော်တို့က ကလေးတစ်ယောက်ချင်းစီကို 2x2 Rubik's Cube တစ်ခုစီ ပေးပါမယ်။ ကလေးတွေက ဒီအန်စာတုံးကို ပြန်ဖြေရှင်းပေးရမှာဖြစ်ပြီးတော့ သူတို့ဖြေရှင်းနိုင်တဲ့ အချိန်ပေါ်မူတည်ပြီး ဒီညအတွက် ဟင်းချက်စရာ ပါဝင်ပစ္စည်းတွေကို ခွဲဝေပေးသွားမှာပါ။ အမြန်ဆုံးပြီးတဲ့သူက အကောင်းဆုံး ပါဝင်ပစ္စည်းတွေကို ရမှာ ဖြစ်ပါတယ်။”

များမကြာမီမှာပင် ဝန်ထမ်းများက ကလေးတစ်ဦးစီကို Rubik's Cube တစ်ခုစီ ပေးလိုက်ကြသည်။

[ဝိုး၊ ဒီလောက်ခက်တဲ့ဟာနဲ့ စတာလား။]

[ငါဆို လူကြီးဖြစ်နေတာတောင် 2x2 Rubik's Cube ကို မဖြေရှင်းတတ်သေးဘူး။]

[မျှော်လင့်နေပါတယ် ကလေးတို့ရေ၊ ကြိုးစားထား။]

ကလေးများက လျင်မြန်စွာပင် Rubik's Cube များကို စလှည့်ကာ ဖြေရှင်းကြတော့သည်။

သူတို့အနက် အာရုံအစိုက်ဆုံးသူမှာ ဟော့မျန်မျန်ပင် ဖြစ်၏။ သူသည် အလုပ်လုပ်ရာ၌ အလေးအနက်ထားတက်သူဖြစ်ရာ ယခုတွင်လည်း နှုတ်ခမ်းလေးကို တင်းတင်းစေ့ပိတ်ထားပြီး သူ့လက်ကလေးများဖြင့် အန်စာတုံးကို တောက်လျှောက် လှည့်ကာ ဖြေရှင်းနေလေသည်။

[အား၊ အတည်ပေါက်လုပ်နေတဲ့ မျန်မျန်လေးက အရမ်း ချစ်ဖို့ကောင်းတာပဲ။]

[မျန်မျန်ရေ၊ ကြိုးစားထားနော်။ ကျဲတို့ မင်းကို ယုံတယ်။]

မျန်မျန်အပြင် ဟဲ့နျန် ခေါ်လာသည့် ကောင်လေး၊ ဟောင်ဟောင်သည်လည်း အလေးအနက်ထားနေခဲ့သည်။

ဟောင်ဟောင်က ဟဲ့နျန်သူငယ်ချင်း၏ ကလေးဖြစ်ပြီး ထိုသူငယ်ချင်းများက ပျင်းရိကြကာ သားဖြစ်သူအပေါ်သာ အမြတ်ထုတ်တတ်သူဖြစ်၏။ သူတို့က ဟောင်ဟောင်အား ငယ်ငယ်လေးကတည်းက ဖျော်ဖြေရေးလောကထဲသို့ တွန်းပို့လိုက်ကြကာ မိသားစုကို လုပ်ကျွေးနေခိုင်းခြင်းပင်။

သူတို့သည် ဟောင်ဟောင်အား ဤရှိုးတွင် အကောင်းဆုံးဖြစ်အောင်လုပ်ရန်နှင့် လူအများ၏အာရုံကို ဖမ်းစားနိုင်အောင် ကြိုးစားဖို့လည်း ပြင်းပြင်းထန်ထန် အမိန့်ပေးထားကြသေးသည်။

သို့ဖြစ်ရာ ဟောင်ဟောင်က ခဏလေးတောင်မှ အေးအေးဆေးဆေး မနေရဲရှာ။

ဟဲ့နျန်ကိုယ်တိုင်ကလည်း ဤရှိုးကို ထိပ်ဆုံးမှနေ၍ ဦးဆောင်လို၏။ သူ့ရည်ရွယ်ချက်မှာလည်း ဟောင်ဟောင်၏ မိဘများနှင့်တူနေသဖြင့် ဟောင်ဟောင်ကို ခေါ်လာခဲ့ခြင်းပင်။

[ဟောင်ဟောင်လည်း တော်တော်လေး မြန်သားပဲနော်။]

[သူက အရမ်းကြီး စိတ်ဖိစီးနေသလိုပဲ။ ဒါက ဂိမ်းတစ်ခုပဲလေ။]

[ဟောင်ဟောင်လေး သနားပါတယ်။ နောက်ကွယ်မှာ ဘာမှ ထွေထွေထူးထူး မဖြစ်ဖို့ မျှော်လင့်ပါတယ်။]

[ဘာဖြစ်နိုင်မှာမလို့လဲ။ ဟဲ့နျန်က အရမ်းကောင်းတဲ့လူလေ။ ဟောင်ဟောင်က သူနဲ့အတူ ရှိုးမှာပါခွင့်ရတာ ကံကောင်းတာပေါ့။]

ရှောင်နျန်ကောင်းမှာမူ ထူးချွန်ထက်မြက်မှုမရှိသော်လည်း အလွန်ကြိုးစားသည့် ကလေးဖြစ်သည်။ သူက ခေါင်းကိုကုတ်လျက် အဖြေရှာရန် အသည်းအသန် ကြိုးစားနေရှာ၏။

သို့သော်လည်း သူ ကယောက်ကယက်နှင့် လှည့်လိုက်အပြီးမှာတော့ Rubik's Cube က ပို၍ပင် ရှုပ်ထွေးသွားရသည်။

စုန့်ယွီထောင်မှာတော့ လှုပ်တောင်မလှုပ်ရှားခဲ့ပေ။

သူက သူ့ဦးလေးနှင့် ခုနလေးတင်မှ ရန်ဖြစ်ထားခဲ့ပြီး မည်သည့် Rubik's Cube ကိုမှ ဂရုမစိုက်နေချေ။

အချိန်ခဏလောက်တော့ လေထုက တင်းမာနေခဲ့၏။

သို့ရာတွင် များမကြာမီမှာပင် ရလဒ်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့သည်။

မျန်မျန်က အရင်ဖြေရှင်းလို့ပြီးသွားခဲ့ပြီး ထိုအန်စာတုံးကို ကိုင်ကာ လင်ယိကို ပြုံးပြနေခဲ့သည်။

လင်ယိက ချက်ချင်းဆိုသလို လက်မထောင်ပြလိုက်သည်။

မျန်မျန်လေးက ပို၍ ပြုံးလာခဲ့၏။

ဤသည်ကို မြင်တော့ ဟဲ့နျန်၏ မျက်နှာက မှောင်မည်းလို့သွားခဲ့သည်။

လင်ယိရဲ့ကလေးက သူခေါ်လာတဲ့ကလေးကို နိုင်သွားတာလား။

သူက ဟောင်ဟောင်အား အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။

အစကတည်းက ကြောက်လန့်နေပြီဖြစ်သည့် ဟောင်ဟောင်တစ်ယောက် ထိုအကြည့်ကြောင့် ပိုကြောက်ရွံ့သွားခဲ့ရ၏။ ဤအကြည့်က သူ့အား ဘာဆက်လုပ်ရမည်ဆိုသည်ကိုပင် မေ့သွားစေခဲ့သည်။

[ခုနက ဟဲ့နျန်ရဲ့အကြည့်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ မင်းတို့တွေ့လိုက်ကြလား။]

[ဟုတ်တယ်။ သူ့အကြည့်ကြောင့် ဟောင်ဟောင်က ပိုတောင်ကြောက်သွားသေးတယ်။]

[ဟဲ့နျန်ကို အသရေဖျက်ဖို့ လုပ်နေတယ်ပေါ့။ မင်းတို့ hater တွေ လစ်ကြစမ်း။]

[လူတွေက ဟဲ့နျန်လိုလူမျိုးကို တကယ်ကို အသရေဖျက်နေကြတယ်ပေါ့။ ကလေးတွေအတွက် လက်ဆောင်ယူလာတာက သူတစ်ယောက်ပဲရှိတယ်ဆိုတာကိုလည်း မမေ့ကြသေးနဲ့ဦး။]

[ငါတို့ရဲ့ နျန်နျန်ကို ခေါ်သွားတော့မယ်။ ပြိုင်မငြင်းနေတော့ဘူး။]

ဟယ်နျန်ထံ၌ ပရိသတ်များစွာ ရှိနေဆဲဖြစ်သဖြင့် မေးခွန်းထုတ်နေသည့် မှတ်ချက်များက အလျင်အမြန် ဖိနှိပ်ခံလိုက်ရသည်။

မကြာမီမှာပင် Rubik's Cube ပြိုင်ပွဲက ပြီးဆုံးသွားခဲ့၏။

မျန်မျန်က ပထမနေရာကို ရရှိခဲ့ပြီး၊ ဟောင်ဟောင်က ဒုတိယနေရာကို ရရှိခဲ့သည်။

ရှောင်နျန်ကောင်းနှင့် စုန့်ယွီထောင်တို့မှာမူ တတိယနေရာ၌ သရေကျသွားခဲ့သည်။ တစ်ယောက်က တိုးတက်မှုမရှိဘဲ ရုန်းကန်နေပြီး ကျန်တစ်ယောက်ကတော့ လှုပ်တောင်မလှုပ်ရှားခဲ့။

ရိုက်ကူးရေးအဖွဲ့က ကတိပေးထားသည့်အတိုင်း အဖွဲ့တစ်ခုစီကို ပါဝင်ပစ္စည်းများ ခွဲဝေပေးပါတော့သည်။

လင်ယိတို့က အများဆုံးရရှိခဲ့ပြီး အိတ်ကြီးတစ်အိတ်စာ အပြည့်ပါရှိ၏။

သို့သော်လည်း...

လင်ယိက လုံးဝ ဟင်းမချက်တတ်ပေ။

သူ့ယခင်ဘဝ၌ ဘဏ်လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွင် ရာထူးမြင့်သူတစ်ယောက်ဖြစ်ရာ အလုပ်ရှုပ်လွန်းသဖြင့် အိပ်ချိန်တောင်မရှိခဲ့ပေ။ သို့ဖြစ်၍ ဟင်းချက်တတ်ရန်ဆိုသည်မှာ ဝေးစွ။ သူသည် ကုမ္ပဏီစားသောက်ဆိုင်၌ မစားလျှင် အပြင်စာသာ မှာစားလေ့ရှိသည်။

ယခု လတ်ဆတ်သော ဟင်းချက်စရာအပုံကြီးကို မြင်တော့ သူ ဘာလုပ်ရမည်မှန်း မသိတော့ပါ။

သူသည် ပါဝင်ပစ္စည်းကို တစ်ချက်ကြည့်လိုက်၊ ဟော့မျန်မျန်ကို တစ်ချက်ကြည့်လိုက် လုပ်နေခဲ့ပြီး လေးနက်သောလေသံဖြင့် ခေါ်လိုက်သည်။

“မျန်မျန်ရေ….”

လင်ယိက ဘာကြောင့်ခေါ်မှန်း မသိသည့် ဟော့မျန်မျန်လေးမှာမူ သူ၏ ဝိုင်းစက်နေသော မျက်လုံးတောက်တောက်လေးများကို ရှုပ်ထွေးစွာဖြင့် တဖျပ်ဖျပ်ခတ်လိုက်သည်။ ထိုအချိန်မှာပင် လင်ယိ မေးသည်ကို ကြားလိုက်ရ၏။

“မင်း ဟင်းချက်တတ်လား။”

ဟော့မျန်မျန်: “…..”

ဟမ်။

မျန်မျန်တစ်ယောက် သူ့ဝမ်းဗိုက်ကလေးကို ထိလိုက်မိသည်။ သူ့ရင်ထဲတွင်လည်း မကောင်းသည့် ခံစားချက်တစ်ခုက တဖြည်းဖြည်း တိုးဝင်လာခဲ့၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment