no

Font
Theme

အပိုင်း (၅)

လင်ယိတစ်ယောက် အိမ်တော်ထိန်းဆီကနေ ဟော့ကျိဟန်ကို ဆက်သွယ်ရမည့်အချက်အလက်အား ရရှိခဲ့သည်။ သူက အိပ်ခန်းထဲသို့ပြန်သွားခဲ့ပြီး ခုတင်ခေါင်းရင်းကို ပျင်းရိပျင်းတွဲမှီထိုင်ရင်း ဟော့ကျိဟန်၏ WeChat ကို add လိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဦးသားက တစ်ခါမှ လူချင်းမတွေ့ဖူးသေးသဖြင့် တိုက်ရိုက်ဖုန်ခေါ်ရန်က အနည်းငယ်ကိုးရိုးကားရားနိုင်သည်ဟု လင်ယိ ခံစားလိုက်ရသည်။ ထို့ကြောင့် WeChat မှတစ်ဆင့် စာရိုက်ပြီးပြောဆိုခြင်းက ပိုကောင်းလိမ့်မည်ဟု ယူဆလိုက်လေ၏။

လင်ယိက ဟော့ကျိဟန်၏အကောင့်ကို ရှာတွေ့သွားသောအခါ မှတ်ချက်ကိုလည်း သေသေချာချာ ရိုက်ထည့်လိုက်သည်။

[မင်္ဂလာပါ၊ ဥက္ကဌဟော့။ ကျွန်တော် လင်ယိပါ။]

[T/N: WeChat မှာ သူငယ်ချင်း add ရင် note လေးတွေ ရေးထည့်ပေးလို့ရပါတယ်။]

အချိန်ကွာဟချက်အရ ဟော့ကျိဟန်ဘက်မှာ ယခု နေ့ခင်းအချိန်ဖြစ်နေသဖြင့် WeChat မက်ဆေ့ချ်ကို မြင်နိုင်လောက်သည်။

အမှန်တကယ်လည်း ဆယ်မိနစ်ခန့်အကြာတွင် ဟော့ကျိဟန်က သူငယ်ချင်းအဖြစ်တောင်းဆိုချက်ကို လက်ခံခဲ့သည်။

လင်ယိ၏မျက်လုံးများက အနည်းငယ် ဝိုင်းစက်သွားပြီး ဟော့မျန်မျန်ကို ကလေးထိန်းကျောင်းသည့်ရသစုံရှိုးသို့ ခေါ်သွားမည့်ကိစ္စအား စတင်ဆွေးနွေးရန် စာရိုက်တော့မည့်အချိန်မှာပင်—

တင်!

မက်ဆေ့ချ်တစ်ခုနှင့်အတူ သူ့ဘဏ်အကောင့်ထဲသို့ ယွမ်ငါးသန်းဝင်လာသည့် အကြောင်းကြားစာရောက်လာခဲ့သည်။

လင်ယိတစ်ယောက် မျက်လုံးအပြူးသားဖြင့် ခုတင်ပေါ် မတ်မတ်ထိုင်လျက်သားဖြစ်သွားခဲ့သည်။

သောက်ကျိုးနည်း!!

သေသေချာချာ စဉ်းစားကြည့်လိုက်သောအခါ ဟော့ကျိဟန်က သူ WeChat add သည်မှာ ယခုလအတွက် လစဥ်သုံးငွေလွှဲပေးရန် လာပြောသည်ဟုထင်သွားပုံပင်။ ထို့ကြောင့် သူက စောစောစီးစီးလွှဲပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

လင်ယိ: !!!

ဆိုတော့... ဒါက လှဲနေရင်းနဲ့ ပိုက်ဆံရှာနိုင်တဲ့ ပျော်ရွှင်မှုမျိုးလား! ဒါက တကယ်ကို မိုက်တာပဲ!

ထိုအချိန်မှာတော့ လင်ယိ၏မျက်လုံးထဲ၌ ဟော့ကျိဟန်က တစ်ခါမှမတွေ့ဖူးသော သူစိမ်းမဟုတ်တော့ဘဲ ရွှေရောင်တလက်လက်တောက်ပနေသည့် 'ATM စက်ကြီး' ဖြစ်သွားတော့သည်!

လင်ယိတစ်ယောက် သူ့အကောင့်ထဲရောက်လာသော ယွမ်ငါးသန်းကို စိုက်ကြည့်နေရင်း ခုတင်ပေါ်တွင်လူးလိမ့်၍ တဟားဟားအော်ရယ်ချင်စိတ်ကို မနည်းအောင့်အည်းထားရသည်။

အနည်းငယ် စိတ်တည်ငြိမ်သွားသောအခါ သူက ဟော့ကျိဟန်ဆီသို့ မက်ဆေ့ချ်တစ်စောင် အမြန်ရိုက်ပို့လိုက်သည်။

[ဥက္ကဌဟော့၊ ခင်ဗျား နေကောင်းကျန်းမာပြီး အဆင်ပြေစေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်! ကျေးဇူးပြုပြီး ကျန်းမာရေးဂရုစိုက်ပါ!]

ဟော့ကျိဟန် အသက်ရာကျော်ရှည်မှသာ သူက ယွမ်ငါးသန်းကို မပြတ်တမ်းရနေမည်မဟုတ်လော။

မကြာခင်မှာပင် တစ်ဖက်မှ ပြန်စာရောက်လာခဲ့သည်။

[ဟော့ကျိဟန်: ...]

[ဟော့ကျိဟန်: မင်း ကိုယ့်ကို add လိုက်တာ အဲ့ဒါပြောဖို့ပဲလား။]

တစ်နည်းနည်းဖြင့် ရိုးရှင်းသော စာလုံးလေးများဖြစ်သော်လည်း ထူးခြားသောအရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသလိုပင်။

ဟော့ကျိဟန်က အေးစက်သူဟု နာမည်ကြီးသောကြောင့်ဖြစ်နိုင်၏၊ သူပို့လိုက်သောစာများကတောင် အေးတိအေးစက်ဖြစ်နေသလိုပင်။

စိတ်လှုပ်ရှားနေဆဲဖြစ်သော လင်ယိတစ်ယောက် 'ဟုတ်ကဲ့' ဟုတောင် ပြန်ပို့မိတော့မည့်ဆဲဆဲ၌ သူ့စိတ်ကို ပြန်လည်ထိန်းချုပ်၍ လိုရင်းကိစ္စကို ပြောလိုက်သည်။

[ကျွန်တော် မျန်မျန်ကို ကလေးထိန်းကျောင်းတဲ့ရသစုံရှိုးတစ်ခုဆီ ခေါ်သွားချင်လို့ပါ။ အဲ့ဒါ ခင်ဗျား ဘယ်လိုသဘောရလဲ။]

ဟော့ကျိဟန် သဘောတူစေရန် လင်ယိက တစ်ကြောင်း ထပ်ဖြည့်လိုက်သေးသည်။

[မျန်မျန်ကို အသစ်အဆန်းတွေနဲ့ ထိတွေ့ခွင့်ပေးတာက သူ့အတွက်လည်း ကောင်းကျိုးရှိနိုင်မှာပါ။]

ဟော့မျန်မျန်၏ အသေးစားအော်တစ်ဇင်ကို ထည့်သွင်းစဥ်းစားလိုက်ပါက ဗီလာထဲမှာ အမြဲတံခါးပိတ်နေခြင်းက အခြေအနေပိုဆိုးသွားနိုင်သည်။ ရသစုံရှိုးကိုသွားခြင်းဖြင့် သူငယ်ချင်းအသစ်များနှင့် တွေ့ဆုံပြီး ပတ်ဝန်းကျင်အသစ်မှာ ရှိနေရမည်ဖြစ်ရာ သူ့အတွက် ပိုမိုကောင်းမွန်လာဖို့ ကူညီပေးနိုင်လိမ့်မည်။

ခဏအကြာတွင် ပြန်စာရောက်လာသည်။

[မျန်မျန်သဘောတူရင် ကိုယ့်မှာ ကန့်ကွက်စရာမရှိဘူး။]

လင်ယိက စာပြန်လိုက်သည်။

[ကောင်းပါပြီ၊ ကျွန်တော် မျန်မျန်ရဲ့သဘောထားကို မေးကြည့်လိုက်ပါ့မယ်။]

ဟော့ကျိဟန်က လိုရင်းတိုရှင်းပင် ပြန်ဖြေခဲ့သည်။

[အင်း။]

ထိုနောက်တွင်မူ နှစ်ဦးသားကြား ပြောစရာစကားမရှိတော့ပေ။

၎င်းတို့က တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြသောကြောင့် အရေးကြီးကိစ္စမှလွဲလျှင် အာလာပ သလ္လပများ ပြောစရာမလိုအပ်ပေ။

လင်ယိက စကားပြောခန်းကနေထွက်လိုက်ပြီး သူ့အကောင့်ထဲမှ ချစ်စရာကောင်းသောယွမ်ငါးသန်းကို ပြန်ကြည့်လိုက်သည်။

သူ ပျော်လုံးစို့ပြီး ငိုတောင်ငိုမိတော့မည်။

လစဉ်လတိုင်း ပိုက်ဆံအချိန်မှန်ပို့ပေးတတ်သော သကြားဖေဖေရှိခြင်းက အမှန်တကယ်ကို ကောင်းချီးတစ်ခုဖြစ်ပေသည်။

တစ်ခုတည်းသောပြဿနာက... ပိုက်ဆံများကို သူ မည်သို့သုံးစွဲရမည်နည်း။

လင်ယိတစ်ယောက် ခေါင်းမီးတောက်အောင် တွေးရတော့သည်။

ဟုတ်ပြီ၊ ပထမဆုံး ဂိမ်းစက်တွေ အစုံလိုက်ဝယ်ရမယ်။

ဗီလာ၌ အခန်းများစွာရှိသဖြင့် အခန်းတစ်ခန်းကို ဂိမ်းကစားသည့်အခန်းအဖြစ် ပြောင်းလဲလိုက်ခြင်းက ပြဿနာမဖြစ်နိုင်ပေ။

လင်ယိတစ်ယောက် တွေးကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားလာခဲ့သည်။ သူက ဖုန်းထုတ်ကာ အွန်လိုင်းရှော့ပင်း (online shopping) စလုပ်တော့သည်။

မော်နီတာ၊ ဂိမ်းစက်၊ လိုအပ်သည့်ပစ္စည်းပစ္စယများ—ဂိမ်းပစ္စည်းမှန်သမျှ အကောင်းတကာ့အကောင်းဆုံးများကိုသာ ရွေးချယ်ခဲ့သည်။

စျေးကြီးသည့်အရာမဟုတ်ပါက သူက မဝယ်ယူပေ။

သူ တိုလီထွာလီဖြင့် အရာအားလုံးကို မှာယူလိုက်လေ၏။ ထို့နောက် ကုန်ကျငွေစုစုပေါင်းကို ကြည့်လိုက်ရာ ယွမ်သုံးသိန်းကျော်ကျော်လောက်သာ ရှိနေသေးသည်။

ယွမ်ငါးသန်းနှင့် နှိုင်းယှဉ်လျှင် သုံးသိန်းကျော်ဆိုသည့်ပမာဏက ဘာမှမဟုတ်သောဂဏန်းလေးပင်။

လင်ယိတစ်ယောက် ခေါင်းတယမ်းယမ်းဖြင့် သက်ပြင်းချလိုက်မိသည်။

'ဒီတော့ ဒါက သူတို့ပြောနေကြတဲ့ ပိုက်ဆံချမ်းသာလွန်းတာကလည်း စိတ်ညစ်စရာတစ်ခုဆိုတဲ့ ခံစားချက်ကိုး...'

လင်ယိတစ်ယောက် ရူးရူးမူးမူး စတင်ရယ်မောခဲ့လေ၏။

ပိုက်ဆံချမ်းသာလွန်းတာက... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဝန်ထုပ်တစ်ခုပါလိမ့်!

_

နောက်တစ်နေ့မနက်တွင်။

လင်ယိ အိပ်ရာနိုးလာပြီး ဆေးကြောသန့်ရှင်းကာ မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။

ယနေ့ မနက်စာက 'ဂဏန်းဥ ခေါက်ဆွဲ' ဖြစ်သည်။

ပန်းကန်လုံးထဲတွင် ရွှေဝါရောင်ဂဏန်းဥများကို အပြည့်ဖြူးထားသဖြင့် ခေါက်ဆွဲဖက်ကိုတောင် မမြင်ရတော့ပေ။

အနံနှင့်ပင် သွားရည်ယိုစရာအတိဖြစ်နေတော့၏။

သူက စားပွဲမှာထိုင်လိုက်ပြီး တူကိုယူ၍ အလုတ်ကြီးကြီးစားလိုက်သည်။

ခေါက်ဆွဲအမျှင်တိုင်းမှာ ဂဏန်းဥများဖြင့်ဖုံးလွှမ်းနေပြီး အရသာပေါင်းစပ်မှုက သူ့ပါးစပ်ထဲမှာ ပေါက်ကွဲထွက်သွားတော့သည်။

တကယ်ကိုကောင်းချီးပဲ။

လင်ယိ ကျေနပ်အားရစွာစားနေစဉ် ဟော့မျန်မျန်က စားပွဲတစ်ဖက်သို့လာထိုင်ပြီး သူ၏နွားနို့ကို တိတ်တိတ်လေးသောက်နေခဲ့သည်။

ပုံမှန်အတိုင်း သူက တည်တည်ငြိမ်ငြိမ်နှင့် တိတ်တိတ်ဆိတ်ဆိတ်ရှိနေ၏။ သူ၏လက်ကလေးများဖြင့် နွားနို့ခွက်ကို သေချာကိုင်ထားပြီး ခေါင်းလေးငုံ့ကာ နွားနို့သောက်နေခဲ့သည်။

ယနေ့ သူက ပန်ဒါဝတ်စုံလေးဝတ်ထားပြီး လုံးလုံးကစ်ကစ်လေးနှင့် တကယ့်ပန်ဒါပေါက်စလေးနှင့်တောင် တူနေလေ၏။

ပန်းကန်တစ်ဝက်လောက် စားပြီးသွားချိန်မှာ လင်ယိက မျန်မျန်ကို ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

“မျန်မျန်၊ ဖေဖေလေးနဲ့အတူ ကလေးထိန်းကျောင်းတဲ့ ရသစုံရှိုးကို လိုက်ချင်လား။"

ဟော့မျန်မျန်က ခေါင်းမော့လာပြီး မျက်လုံးဝိုင်းလေးများဖြင့် လင်ယိဆိုလိုသည်ကို နားမလည်သကဲ့သို့ ကြည့်နေခဲ့၏။

နွားနို့ပူပူလေးကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏၊ သူ၏ပါးလေးနှစ်ဖက်က ရင့်မှည့်နေသော မက်မွန်သီးလေးကဲ့သို့ နီရဲနေသည်။ သူက ခါတိုင်းထက်တောင် ချစ်စရာကောင်းနေခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ လင်ယိ၏နှလုံးသားက အရည်ပျော်ကျသွားတော့သည်။

သူက နူးညံ့စွာ ပြောလိုက်သည်။

"ဖေဖေလေးတို့နှစ်ယောက် အစီအစဉ်တစ်ခုမှာ အတူတူပါရမှာ။ တခြားကလေးတွေလည်း ပါဦးမှာပဲ။ ပြီးတော့ အဲ့ဒါကို TV မှာလည်းပြမှာ။"

ဟော့မျန်မျန်က သိပ်ပြီးမတုံ့ပြန်ဘဲ လင်ယိကိုသာ စိုက်ကြည့်နေခဲ့သည်။

ထို့ကြောင့် လင်ယိက စိတ်ရှည်လက်ရှည် ထပ်ရှင်းပြလိုက်လေသည်။

"ဖေဖေလေးတို့ နေရာတွေအများကြီးကို သွားရမှာ—ပန်းတွေ၊ မြက်ခင်းတွေ၊ တောင်တန်းတွေ၊ စမ်းချောင်းလေးတွေကိုပါ မြင်ရမှာနော်..."

ထိုအချိန်တွင် ဟော့မျန်မျန်က ရုတ်တရက် ကလေးအသံလေးဖြင့် ပြောလာသည်။

"မှိုတွေ~"

လင်ယိက ရယ်မောလိုက်လေ၏။

"ဟုတ်တာပေါ့! ဖေဖေလေးတို့ ခြင်းတောင်းလေးကိုင်ပြီး မှိုသွားရှာလို့တောင်ရတယ်။"

သိပ်မကြာသေးခင်က ဟော့မျန်မျန်သည် ရုပ်ပြစာအုပ်ထဲမှ မှိုပုံလေးတစ်ပုံကို မြင်ထားခြင်းဖြစ်သည်။

ယခုအချိန်မှာတော့ သူ၏မျက်လုံးလေးများက စိတ်ဝင်စားမှုများဖြင့် တလက်လက်တောက်ပနေ၏။

လင်ယိက ဆက်ပြောလိုက်သည်။

"တခြားတိရိစ္ဆာန်လေးတွေကိုလည်း မြင်ရဦးမှာ—ယုန်လေးတွေ၊ လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေ၊ အစုံပဲ..."

သူ ပြောလေလေ၊ ဟော့မျန်မျန်၏မျက်လုံးလေးများက ပိုမိုတောက်ပလာလေဖြစ်ပြီး နောက်ဆုံးတွင် စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည်။

"သား သွားချင်ပါတယ်!"

ယင်းက သူဖော်ပြဖူးသမျှထဲမှာ အရှင်းလင်းဆုံး စိတ်ခံစားချက်ဖြစ်ပြီး သူက စားပွဲအောက်မှခြေထောက်လေးများကိုတောင် ပျော်ရွှင်စွာ လွှဲယမ်းနေခဲ့သည်။

စားပွဲခြားနေသောကြောင့်သာ မဟုတ်ပါက လင်ယိ ဟော့မျန်မျန်၏ဦးခေါင်းလေးကို ပွတ်သပ်ပေးမိမည်ပင်။

"ဟုတ်ပြီ၊ ဖေဖေလေးတို့ အတူတူသွားကြမယ်!"

ရသစုံရှိုးက နောက်နှစ်ရက်နေမှ စတင်မည်ဖြစ်ရာ လင်ယိ အလျင်မလိုခဲ့ပေ။ သူ ဗီလာမှာ ဘဝ၏စည်းစိမ်ကို ခံစားယစ်မူးနိုင်သေး၏။

ထိုနေ့လယ်မှာ သူမှာထားသော ဂိမ်းပစ္စည်းများ ရောက်လာခဲ့သည်။

ငွေရှိလျှင် အရာရာ အဆင်ချောနေလိမ့်မည်ပင်။

ပါဆယ်ထုပ်များကို မြင်တွေ့လိုက်ရပြီးနောက် လင်ယိတစ်ယောက် မျက်လုံးများအရောင်တောက်လာခဲ့သည်။ သူက အိမ်အကူတစ်ယောက်ကို အခန်းတစ်ခန်းရှင်းခိုင်းလိုက်ပြီး ပစ္စည်းများကို စတင်တပ်ဆင်တော့သည်။

သိပ်မကြာခင် ဂိမ်းကစားသည့်အခန်းကို ပြင်ဆင်လို့ပြီးသွား၏။

လင်ယိတစ်ယောက် ကျေနပ်စွာဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

အခု ဒါက၊ ဒါကမှ ဘဝပဲ!

ထိုကဲ့သို့အရာများကို တစ်ခါမှမမြင်ဖူးသော ဟော့မျန်မျန်က စူးစမ်းလိုစိတ်ဖြင့် လိုက်ကြည့်နေခဲ့သည်။

လင်ယိက ရယ်မောလိုက်လေ၏။

"ကစားချင်လား။"

၎င်းတို့တွေ အချိန်တစ်ခုလောက် အတူတူရှိဖူးသောကြောင့် ဖြစ်နိုင်၏၊ ဟော့မျန်မျန်က သူနှင့်မစိမ်းတော့ဘဲ သူ့စကားကို ပို၍တုံ့ပြန်လာတတ်သည်။

သူက ရှားရှားပါးပါးဆိုသလို အသံတိတ်ခေါင်းညိတ်ပြလိုက်သည်။ ပုံမှန်အားဖြင့် ဟော့မျန်မျန်က အခြားမည်သူနှင့်မှ အရောတဝင်မနေတတ်ချေ။

လင်ယိက ပြုံးလိုက်သည်။

"မင်းက အရမ်းငယ်သေးတယ်။ အရွယ်ရောက်တော့မှ အတူတူကစားကြမယ်လေ၊ ဟုတ်ပြီလား။"

ဟော့မျန်မျန်က ထပ်ပြီးခေါင်းညိတ်ပြလာခဲ့သည်။

ပန်ဒါဝတ်စုံလေးကို ဝတ်ထားသောကြောင့် ဦးထုပ်ပေါ်မှနားရွက်လေးများက သူ၏လှုပ်ရှားအတိုင်း လွှဲယမ်းနေခဲ့သည်။

သူက ပန်ဒါပေါက်စလေးနှင့် အလွန်တူပြီး ချစ်စရာကောင်းလွန်းသောကြောင့် စကားနှင့်တောင် မဖော်ပြနိုင်ချေ။

လင်ယိ မထိန်းနိုင်ဘဲ သူ၏ဦးခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

ဟော့မျန်မျန်က မျက်တောင်ခတ်လိုက်သော်လည်း မငြင်းဆန်ဘဲ ဝမ်းဗိုက်လေးကိုလှန်ပေးထားသော ကြောင်ပေါက်လေးနှယ် သူ့ကို ပွတ်သပ်ခွင့်ပေးထားခဲ့သည်။

အိမ်အကူတစ်ယောက်က သစ်သီးများ၊ အအေးများနှင့်ရောက်လာပြီး တံခါးနားကနေ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အေးခဲသွားလေ၏။

သူ(မ) မှင်တက်သွားခဲ့သည်။

သခင်လေးက သူ့ဦးခေါင်းလေးကိုပွတ်သပ်ဖို့ လူကြီးလင်ကို တကယ်ခွင့်ပြုထားတာလား။

ဟော့မိသားစုဝင် အရင်းခေါက်ခေါက်များတောင် သူ့အနားကို မည်သူမှမကပ်နိုင်ခဲ့ကြပေ။

အကယ်၍ ၎င်းတို့တွေ အနားကပ်ဖို့ အတင်းကြိုးစားပါက သူက ရန်လိုတတ်သလို စိတ်တိုဒေါသထွက်ခြင်းမျိုး ပြုလုပ်လိမ့်မည်ပင်။

ထို့ကြောင့် မိသားစုဝင်များက လာလည်သည့်အခါတိုင်း ခဏသာနေတတ်ပြီး အဝေးကနေသာ စောင့်ရှောက်ပေးခဲ့ကြသည်။

ယခု... ဤအရာက?

သိပ်မကြာခင် လင်ယိက ကစားရန် နေရာယူလိုက်သည်။

သူက သစ်သီးတချို့စားရင်း ဂိမ်းစက်ကိုယူ၍ ဇွန်ဘီဂိမ်းကို ကစားလိုက်သည်။

ဟော့မျန်မျန်က ဂိမ်းများအကြောင်း နားမလည်သော်လည်း အခန်းထဲကနေ ထွက်မသွားခဲ့ချေ။

ထိုအစား သူက လင်ယိဘေးမှာထိုင်ကာ လက်ထဲမှာ ရုပ်ပြစာအုပ်လေးကို ကိုင်ထားခဲ့သည်။

လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်က ကြီးမားနူးညံ့သော သားရေဆိုဖာပေါ်ထိုင်ကာ ကိုယ့်အလုပ်ကို ဟန်ချက်ညီညီလုပ်ဆောင်နေခဲ့ကြသည်။

လင်ယိတစ်ယောက် ဂိမ်းထဲ လုံးဝနစ်မြုပ်သွားလေ၏။

ထိပ်တန်းအရည်အသွေးရှိသော ပစ္စည်းများကြောင့် အရာအားလုံးက ချောမွေ့နေခဲ့သည်။

ရုပ်ထွက်များကလည်း အံ့သြစရာကောင်းလောက်အောင် ကြည်လင်နေပေ၏။

ဖန်သားပြင်ကြီးပေါ်မှာ သူ၏ဇာတ်ကောင်က ဇွန်ဘီများကို ဘယ်ပြန်ညာပြန် နှိမ်နင်းနေခဲ့သည်။

ထို့နောက် ဇွန်ဘီတစ်ကောင်က ခေါင်မိုးပေါ်ကနေ ခုန်ချလာပြီး သူ့ဇာတ်ကောင်ကို သေအောင်ကိုက်သတ်လိုက်လေသည်။

သတိလက်လွတ်ဖြစ်သွားသော လင်ယိတစ်ယောက် ရုတ်တရက် ဆဲရေးလိုက်မိ၏။

"ချီးပဲကွာ!"

ထို့နောက် သူ အေးခဲသွားခဲ့သည်။

အိုး၊ သွားပြီ။

သူက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ ဟော့မျန်မျန်က သူ့ကို ဝိုင်းစက်နေသော အပြစ်ကင်းစင်သည့်မျက်လုံးလေးများဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။

နှစ်ဦးသား အကြည့်ချင်းဆုံသွားခဲ့ကြသည်။

လင်ယိ: "..."

အပြစ်ရှိစိတ်များက သူ့ကို ရုတ်တရက် လွှမ်းခြုံလာခဲ့သည်။

သူက အလိုလိုလက်ဆန့်၍ ကလေးငယ်၏နားရွက်များကို အုပ်လိုက်သော်လည်း တော်တော်ကြီးကိုမှ အချိန်နှောင်းသွားခဲ့လေပြီ။

သူက အမြန်ပြောလိုက်၏။

"မှားပြောမိသွားတာ။ ကလေးတွေက အဲ့လိုလိုက်မပြောရဘူးနော်၊ ဟုတ်ပြီလား။"

ဟော့မျန်မျန်က နားမလည်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။

လင်ယိက ပြုံးပြလိုက်ပြီး ချော့မြှူလိုက်လေ၏။ "မျန်မျန်က ဘာမှမကြားလိုက်ဘူး၊ ဟုတ်တယ်နော့်?"

ဟော့မျန်မျန်: "..."

သူ သေချာပေါက် ကြားလိုက်ရတယ်လေ။

သို့သော် လင်ယိ၏ မျှော်လင့်တကြီးအကြည့်များကြောင့် သူက ခေါင်းလေးညိတ်ပြလိုက်လေသည်။

ဟုတ်ပြီလေ၊ မကြားသလို ဟန်ဆောင်ပေးလိုက်ပါ့မယ်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment