အပိုင်း (၇)
အတန်ကြာသည့်အခါ ဝန်ထမ်းတစ်ဦးက လင်ယိကို မေးလိုက်သည်။
“လူကြီးမင်းလင်၊ အခု ဘာလုပ်နေတာလဲ မသိဘူး။”
လင်ယိက သူ့လက်ထဲတွင် ရှိနေသည့် ဂိမ်းထိန်းချုပ်စက်အား ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းပြရင်း ပြန်ပြောလိုက်သည်။
“ဂိမ်းဆော့နေတာ။”
ဤသည်ကို အခွင့်ကောင်းယူပြီး ဝန်တမ်းတစ်ဦးက မေးလိုက်သည်။
“ကျွန်တော်တို့ ဝင်ကြည့်လို့ရလား မသိဘူး။”
သူတို့၏ ရည်ရွယ်ချက်မှာ ဧည့်သည်များ၏ နေ့စဉ်လူနေမှုပုံရိပ်များကို ဖမ်းယူရိုက်ကူး၍ ရှိုးအတွက် လိုအပ်သော ရိုက်ကွက်များကို စုဆောင်းရန်ပင်။
လင်ယိက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဝင်ခဲ့လေ၊ ပတ်ကြည့်လို့ ရပါတယ်။”
ထိုသို့ပြောရင်း သူက လမ်းဖယ်ပေးလိုက်သည်။
ကင်မရာသမားက ပစ္စည်းများယူရင်း ချက်ချင်း ဝင်သွားလိုက်၏။
နောက်ခဏတွင်တော့ သူတို့အားလုံး မှင်တက်သွားကြရသည်။
သူတို့ရှေ့တွင် ပရော်ဖက်ရှင်ဂိမ်းဆော့သူများ၏ ဂိမ်းခန်းများထက်ပင် ပိုပြီး အထင်ကြီးစရာကောင်းသည့် ပစ္စည်းအစုံအလင်ဖြင့် ဂိမ်းခန်းတစ်ခန်း ရှိလို့နေ၏။
တခြားအရာများကို မပြောတော့နှင့်။ ဤမျှ ကြီးမားလှသည့် ဂိမ်းခန်းတစ်ခန်းတည်းဖြင့်ပင် လူတိုင်း၏ မျက်လုံးများအား ကျိန်းစပ်သွားစေနိုင်သည်။
ဂိမ်းဝါသနာအိုးဖြစ်သည့် ဝန်ထမ်းတစ်ဦးက စိတ်လှုပ်ရှားနေသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့။
“လူကြီးမင်းလင်၊ ဒီဂိမ်းခန်းက ခင်ဗျားကိုယ်တိုင် စီစဉ်ထားတာလား။”
လင်ယိက အနီးနားရှိ ဂိမ်းစားပွဲကို လေးတွဲ့တွဲ့နှင့် အမှီပြုလိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ဗီလာမှာ အခန်းတွေ အရမ်းများနေတာနဲ့ တစ်ခန်းကို ဂိမ်းခန်းအဖြစ် ပြောင်းလိုက်တာ။”
ဝန်ထမ်းတစ်ဦးက တုန်ရီစွာနှင့် မေးလာရှာသည်။
“ဒီဂိမ်းခန်းကို ပြင်ဆင်ဖို့ ဘယ်လောက်ကုန်ကျခဲ့လဲ မသိဘူး။”
လင်ယိက ခေတ္တခဏမျှ စဉ်းစားလိုက်ကာ ပြန်ဖြေလိုက်သည်။
“သိပ်တော့မများပါဘူး။ မီလီယံဝက်လောက်ပဲ။”
အစပိုင်းတွင်တော့ သူက ယွမ် ၃၀၀,၀၀၀ ကို သုံးခဲ့ပြီး နောက်ပိုင်းတွင်တော့ ယွမ် ၂၀၀,၀၀၀ တန်ရှိ ပစ္စည်းကိရိယာများကို ထပ်မံဖြည့်တင်းခဲ့ခြင်း။
ဝန်ထမ်း: “…..”
ခင်ဗျားက ဘာလို့ သာမန်ကာလျှံကာ ပြောနေရတာလဲ။
ထိုစဉ် လင်ယိက ဂိမ်းထိန်းချုပ်စက်တစ်ခုကို ကမ်းပေးလိုက်ပြီး:
“မင်းဆော့ချင်ရင် တစ်ပွဲလောက် ဆော့ကြည့်လို့ရတယ်။”
ဝန်ထမ်းဖြစ်သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် ဝိုင်းစက်လာခဲ့သည်။
“တ…တကယ်လား။”
လင်ယိက သဘောထားကြီးစွာပင် ပြောလိုက်သည်။
“ဒါပေါ့။”
ထိုအခါမှသာ ဝန်ထမ်းဖြစ်သူက ဂိမ်းထိန်းချုပ်စက်ကို အားတက်သရောနှင့် လှမ်းယူလိုက်တော့သည်။
[“ဒီမှာ ဘယ်သူက မနာလိုဖြစ်နေတာလဲ။ အိုး…ငါပဲကိုး။”]
[“ဗီလာမှာ အခန်းအများကြီးရှိနေလို့ တစ်ခန်းကို ဂိမ်းခန်းအဖြစ် ပြောင်းလိုက်တာ။ သိပ်တော့မများပါဘူး၊ မီလီယံဝက်လောက်ပဲ။”]
[“အားးးးးး၊ ငါရော ဘယ်အချိန်ကျမှ ဒီလိုဘဝမျိုးကို နေထိုင်ရမှာလဲ။”]
[“လင်ယိက ချမ်းသာချင်ယောင်ဆောင်နေတာလို့ ပြောခဲ့တဲ့သူတွေ ဘယ်ရောက်ကုန်ကြပြီလဲ။ အခုကျတော့ ဘာလို့ ဘာမှမပြောတော့တာလဲ။”]
[“ဟားဟား၊ ဘယ်သူက ဘာပြောရဲတော့မှာလဲ။ သူတို့က မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီလေ။ လင်ယိက ချမ်းသာရုံတင်မဟုတ်ဘူး။ စိတ်ကူးလို့ မရလောက်အောင်ကို ချမ်းသာတာ။”]
[“အားလုံး ခဏစောင့်ကြ။ ခဏနေကျရင် hater တွေ ရောက်လာကြလိမ့်မယ်။”]
ထင်ထားသည့်အတိုင်း နောက်တစ်ခဏမှာတော့ လင်ယိကို မကောင်းပြောသည့် မှတ်ချက်များက တက်လာပြန်သည်။
[“ချမ်းသာတော့ရော ဘာဖြစ်လဲ။ အရင်က လုပ်ခဲ့တာတွေကို ဖျက်ပစ်လို့ ရမှာမလို့လား။”]
[“ဟုတ်တယ်၊ လင်ယိ ချမ်းသာတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒါက ဘာအဓိပ္ပာယ်မှ မရှိဘူး။”]
[“ရယ်စရာကောင်းလိုက်တာ။ လင်ယိက သူ့ပုံရိပ်ကို ပြန်ကောင်းအောင်လုပ်ဖို့ အကောင့်တုတွေကို ဘယ်လောက်တောင် ပေးပြီး ငှားထားတာလဲ။”]
ဖျော်ဖြေရေးလောကအတွင်း၌ လင်ယိ၏ပုံရိပ်က လွန်စွာ ဆိုးဝါးနေခဲ့လေရာ တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း သူ့ကို ဝေဖန်သူများစွာ ရှိနေဆဲပါပင်။ လင်ယိအတွက် ပြောပေးရန် ကြိုးစားနေသည့် မှတ်ချက်များမှာလည်း မကောင်းသောမှတ်ချက်တို့ဖြင့် လွှမ်းမိုးခံလိုက်ရသည်။
ဂိမ်းခန်းထဲတွင်မူ ဝန်ထမ်းများက ခေတ္တခဏမျှ လှည့်ပတ်ကြည့်ရှုအပြီးတွင် အင်တင်တင်ဖြင့် ထွက်သွားကြတော့သည်။
အကြောင်းကိုဆိုရသော် သူတို့က လင်ယိနှင့် ဟော့မျန်မျန်တို့အား ရိုက်ကူးရေးလုပ်မည့်နေရာသို့ ခေါ်သွားရမည်ဖြစ်ကာ ဆက်ပြီး အချိန်ဆွဲနေ၍ မဖြစ်ပေ။
ထို့ကြောင့် သူတို့အုပ်စုက အထုပ်အပိုးများ ပြင်ဆင်ရန်အတွက် ဒုတိယထပ်ကို တက်သွားခဲ့ကြသည်။
ပထမဆုံးအနေနှင့် သူတို့က ဟော့မျန်မျန်၏ အခန်းထဲသို့ ဝင်သွားကြသည်။
သူ့အခန်းကို ချစ်စရာကောင်းအောင် ပြင်ဆင်ထားသည်ဖြစ်ရာ ဝန်ထမ်းများအားလုံးက ဝင်လိုက်သည်နှင့် နွေးထွေးစွာ ပြုံးမိသွားကြရသည်။
လင်ယိက ဟော့မျန်မျန်ကို မေးလိုက်သည်။
“မျန်မျန်၊ အထုပ်အပိုးတွေ ကူပြင်ပေးရဦးမလား။”
ဟော့မျန်မျန်က သူ့ကိုယ်သူ လုပ်နိုင်ကြောင်းပြသည့်အနေဖြင့် ခေါင်းယမ်းပြလိုက်သည်။
ထို့နောက် သူက အခန်းထောင့်သို့ လမ်းလျှောက်သွားကာ ခရီးဆောင်အိတ်သေးသေးလေးတစ်လုံးကို သွားယူလာသည်။
သူက အိတ်ကို ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီး ဇစ်ဖွင့်ကာ စတင်ထုပ်ပိုးတော့သည်။
ထုပ်ပိုးနေစဉ်တစ်လျှောက်လုံး၌ ဟော့မျန်မျန်က တိတ်ဆိတ်နေခဲ့ပြီး အင်မတန်လိမ္မာသည့်ဟန် ပေါက်နေခဲ့၏။
သူက စနစ်တကျ ရှိသူလည်း ဖြစ်သည်။ ပထမဆုံးအနေနှင့် ရေချိုးခန်းထဲမှ သွားတိုက်တံနှင့် တဘက်ကို သွားယူပြီးနောက် သူ အကြိုက်ဆုံး ရုပ်ပြစာအုပ်ကို ယူလာကာ ပစ္စည်းများအားလုံးကို ခရီးဆောင်အိတ်လေးထဲသို့ သေသေသပ်သပ်လေး စီထည့်တော့သည်။
ပြီးမှ သူက အဝတ်အစားများကို စတင်ထုပ်ပိုးနေ၏။ သူသည် အဝတ်ဗီရိုရှိရာသို့ လျှောက်သွားလိုက်ပြီး ခြေဖျားထောက်လျက် သူကြိုက်သည့် အဝတ်အစားအနည်းငယ်ကို ယူလာခဲ့သည်။
သူ လမ်းလျှောက်နေစဉ်၌ သူ့ဆံပင်ဖျားလေးများက လှုပ်ယမ်းနေသဖြင့် အင်မတန်ကို ဖျစ်ညှစ်ချင်ဖွယ်ရာပင်။
သူ့အဝတ်အစားများကို သူကိုယ်တိုင် ယူလာရုံသာမက ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ ညီညီညာညာ ခေါက်ရင်း ခရီးဆောင်အိတ်ထဲသို့ ထည့်နေတော့သည်။ တွန့်နေသည့်နေရာများကို သူ့လက်ကလေးနှင့် ချောမွေ့အောင် ဖြန့်ပြီး အပြည့်အဝ အာရုံစူးစိုက်နေလျက်သား။
[“အား၊ ငါတော့ ကလေးလေးတစ်ယောက် အဝတ်ခေါက်နေတာကို မျက်တောင်တောင်မခတ်ဘဲ ငေးနေမိပြီ။”]
[“ချစ်စရာကောင်းရင် အားလုံးကို အနိုင်ရနိုင်တယ်။”]
[“ဒီကလေးလေးရဲ့ ပါးလေးက အရမ်းနူးညံ့နေမှာပဲ။ ငါ တို့ထိကြည့်ချင်လိုက်တာ။”]
[“ကြည့်ပါဦး၊ လင်ယိက သူ့ကလေးနဲ့ကျ အရမ်း အေးဆေးတည်ငြိမ်တာပဲ။ ကလေးထုပ်ပိုးနေတဲ့အချိန်မှာ သူကတော့ ဘေးကနေပဲ အားပေးနေတာ။”]
[“ဘာလို့ ရုတ်တရက်ကြီး လင်ယိကို မနာလိုဖြစ်လာရတာလဲ။”]
ထိုအခိုက်အတန့်တွင် လင်ယိကတော့ ဆိုဖာပေါ်တွင်သာ ပျင်းရိပျင်းတွဲ ထိုင်နေခဲ့သည်။ သူက လက်တစ်ဖက်ဖြင့် သူ့ခေါင်းကို ထောက်ထားကာ ဟော့မျန်မျန် ပစ္စည်းထုပ်ပိုးနေသည်အား ခပ်တည်တည်နှင့် စောင့်ကြည့်နေလိုက်သည်။
ဝန်ထမ်းတစ်ဦးက အခွင့်ကောင်းယူ၍ သူ့ကို အင်တာဗျူးလာ၏။
“လူကြီးမင်းလင်၊ ကလေးရှိတာက ခင်ဗျားဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ပြောင်းလဲစေတယ်လို့ ထင်လား။ တစ်ခါတလေ ပင်လည်းပင်ပန်းသလို၊ ပျော်စရာလည်းကောင်းတယ်လို့ရော ခံစားရလား။”
ထိုမေးခွန်းမှာ မိဘများ၏ ကိုယ်ကျိုးမငဲ့သောအချစ်ကဲ့သို့ လေးနက်သည့် အကြောင်းအရာဆီ ဆက်သွားရန်အတွက် ထုတ်လုပ်ရေးအဖွဲ့က ပြင်ဆင်ထားခြင်းပင်။
သို့ပေသည့် လင်ယိကတော့ ဇာတ်ညွှန်းကို မလိုက်နာဘဲ အံ့အားသင့်စွာဖြင့်သာ ပြန်ဖြေလိုက်သည်။
“ပင်ပန်းတာလား။ ကျွန်တော့်ရဲ့ ကလေးကို ကြည့်လေ။ ဘာမှစိုးရိမ်စရာမှမလိုတာ။
ဝန်ထမ်း: “…..”
ကျွန်တော်တို့ ဒီစကားဝိုင်းကို ဆက်ပြောလို့ရော ရပါ့မလား။
ဝန်ထမ်းက ဇွဲမလျှော့ဘဲ ဆက်ပြီး မေးလာပြန်သည်။
“ဒါပေမဲ့ တစ်ခါတလေမှာတော့ ခင်ဗျား ပင်ပန်းတယ်လို့ မခံစားရဘူးလား။”
လင်ယိက အမှန်အတိုင်းသာ ပြောလိုက်၏။
“လုံးဝမခံစားရပါဘူး။ ပြီးတော့ ကျွန်တော်တို့မှာ အိမ်တော်ထိန်းနဲ့ အစေခံတွေ ရှိတယ်လေ။”
ဝန်ထမ်း: “…..”
ခင်ဗျားကတော့ အမုန်းတရားတွေ ပွားအောင် လုပ်နေတာပဲ။
[“ဟားဟား၊ ဝန်ထမ်း ဘယ်လောက် စိတ်ပျက်သွားလဲဆိုတာကို ငါတောင် ခံစားလို့ရတယ်။”]
[“အဟင့်၊ ငါ့အိမ်မှာတော့ အိမ်တော်ထိန်းတွေ၊ အစေခံတွေ မရှိဘူး။”]
စကားဝိုင်းကို ဆက်သွား၍မရတော့ရာ ဝန်ထမ်းက နောက်ဆုတ်ပေးလိုက်ရသည်။
လင်ယိမှာတော့ ဟော့မျန်မျန် ထုပ်ပိုးနေသည်ကိုသာ ဆက်ကြည့်နေလိုက်သည်။ ရံဖန်ရံခါလည်း လက်မထောင်ပြနေလျက်။
“ကလေး၊ မင်းက အရမ်းတော်တယ်။”
ထိုချီးကျူးစကားကြောင့် ဟော့မျန်မျန်က ပါးချိုင့်ကလေးများ ပေါ်လာသည်ထိ ရှက်ပြုံးလေးပြုံးလိုက်သည်။
[“သေစမ်း၊ ဒီအဖိုးတန်လေးက ပြုံးလိုက်ရင် ပိုတောင် ချစ်စရာကောင်းသေးတယ်။”]
[“အားးးး၊ ကိုယ်တိုင် မမွေးရဘဲနဲ့ အမေတစ်ယောက်လို ခံစားချက်တွေ ဝင်နေပြီ။”]
[“မျန်မျန်က သူ့ပထွေးကို တကယ်သဘောကျတဲ့ပုံပဲ။ တခြားသူတွေကို ဘာတုံ့ပြန်မှုမှ မပေးပေမဲ့ လင်ယိကိုတော့ ပြုံးပြနေတယ်။”]
[“ငါထင်တာတော့ မျန်မျန်က အော်တစ်ဇင်နည်းနည်းရှိမယ် ထင်တယ်။”]
[“ငါလည်း သတိထားမိတယ်။ ဒါမှမဟုတ် သူ့ဆီမှာ OCD ရှိတာများလား။”]
[Note: OCD - Obsessive Compulsive Disorder (အစွဲအလမ်းလွန်ကဲပြီး တစ်ခုခုကို ထပ်တလဲလဲပြုမူတက်သောရောဂါ)]
[“အိုး၊ မဖြစ်ဘူး။ ကလေးက လင်ယိလိုလူမျိုးနဲ့ နီးနီးကပ်ကပ်ရှိနေရင် မကောင်းတာတွေ လွှမ်းမိုးခံလိုက်ရမှာ မဟုတ်ဘူးလား။”]
[“အမှန်ပဲ၊ ဖျော်ဖြေရေးနယ်ပယ်မှာ လင်ယိရဲ့ နာမည်က အရမ်းဆိုးတာ။ ကလေးအပေါ် သက်ရောက်စေရင် ဘယ်လိုလုပ်မလဲ။”]
[“ငါထင်တာတော့ မင်းတို့က အစိုးရိမ်လွန်နေတာပဲ။ ကလေးက လင်ယိအနားမှာ ဘယ်လောက်တောင် စိတ်အေးလက်အေးရှိနေမှန်း မင်းတို့မတွေ့ကြဘူးလာ။ သူ အခုလေးတင် ပြုံးတောင်ပြုံးပြလိုက်သေးတယ်လေ။”]
[“လင်ယိက ပထွေးကောင်းပုံစံ ပေါက်အောင်လို့ ကင်မရာရှေ့မှာ ကလေးကို အတင်းတွန်းအားပေးနေတာလည်း ဖြစ်နိုင်တာပဲလေ။”]
[“ဒါကတော့ တကယ်ကြီး ကြံဖန်တွေးတတ်တာပဲ။ ဒီလိုကလေးလေးမျိုးက မင်း အတင်းအကျပ် လုပ်ခိုင်းရင်တောင် လုပ်ပေးပါ့မလား။”]
များမကြာမီမှာပင် မှတ်ချက်များထဲ၌ နောက်ထပ် ငြင်းခုံမှုများ ဖြစ်ပွားလာတော့သည်။
မည်သို့ပင်ဆိုစေ လင်ယိက ဖျော်ဖြေရေးလောက၌ ကောင်းကောင်းမရပ်တည်နိုင်ခဲ့သလို သူ့ကို ထောက်ခံပေးမည့် ပရိသတ်များလည်း မရှိပေ။
ထုတ်လုပ်ရေးအဖွဲ့က လင်ယိကို ဖိတ်ကြားခဲ့ခြင်းမှာလည်း သူ့မကောင်းသတင်းကို အသုံးချကာ လူစိတ်ဝင်စားအောင် လုပ်ရန်သာ။
အတန်ကြာသည့်အချိန်တွင် ဖခင်နှင့် သားဖြစ်သူတို့က ထုပ်ပိုး၍ ပြီးသွားကြလေပြီ။ လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်က သူတို့၏ ခရီးဆောင်အိတ်များကို ဆွဲလျက် ထုတ်လုပ်ရေးအဖွဲ့၏ ကားရှိရာသို့ ဦးတည်လိုက်ကြ၏။
ယနေ့နေရောင်ခြည်က အတော်လေး ပြင်းထန်လှသည်။ လင်ယိက သူကိုယ်တိုင်လည်း မျက်မှန်တပ်ရုံမက ဟော့မျန်မျန်ကိုပါ တစ်လက်တပ်ပေးလိုက်သည်။
ဟော့မျန်မျန်က သူ့လက်ကလေးဖြင့် နှာခေါင်းပေါ်သို့ ကျရောက်လာသည့် ပစ္စည်းသစ်ကို ထိတွေ့ကြည့်နေ၏။
ထို့နောက် သူ၏ ဝတုတ်တုတ် လက်လေးကို မြှောက်ကြည့်လိုက်ရာ မှောင်မည်းနေမှန်း သိလိုက်ရသည်။
သူက စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုခုကို ရှာတွေ့သွားဟန်ဖြင့် လင်ယိကို ကြည့်လာပြီး:
“အနက်ရောင်~”
လင်ယိ ရယ်လိုက်သည်။
“ဟုတ်တယ်၊ သား နေကာမျက်မှန် တပ်ထားလို့လေ။ အဲဒါကြောင့် အမြင်က မှောင်နေတာ။”
ဟော့မျန်မျန်က မျက်မှန်တပ်ထားလျက် ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ သူက ကစားစရာအသစ်လေးနှင့် အသားကျအောင် ကြိုးစားနေလေ၏။
တိတ်ဆိတ်ငြိမ်သက်ပြီး လိမ္မာဟန်ပေါက်သည့် သူ့ပုံစံလေးမှာ နေကာမျက်မှန်တပ်ထားသည့်ကြားမှ ထင်မှတ်မထားလောက်အောင် ကြည့်ကောင်းနေပြီး ဆွဲဆောင်မှုရှိနေသည်။
[“အားးးးး၊ မျန်မျန်လေးက ချစ်စရာကောင်းလွန်းတယ်ကွယ်။ မွ~”]
[“ဒါက နေကာမျက်မှန်လေးပါပဲ၊ ငါလည်း ဝယ်ပေးနိုင်ပါတယ်။ ဒီတော့ အဲဒီလိုချစ်စရာကောင်းတဲ့ ကလေးမျိုးကို ဘယ်ကနေ မွေးစားလို့ရမလဲ။”]
***
Aurora Novel Translation Team