အပိုင်း (၂)
လင်ယိ ဝတ္ထုထဲကူးပြောင်းလာသည်မှာ ၂၄ နာရီမပြည့်သေးသော်လည်း ဤကမ္ဘာနှင့် လုံးဝအသားကျနေလေပြီ။
သူက ထိုနေ့ညမှာ နောက်ကျသည်အထိ ဂိမ်းများကစားခဲ့ပြီး နောက်တစ်နေ့တွင် မနက် ၁၀ နာရီအထိ အိပ်ခဲ့သည်။ ထို့နောက်တွင် သူက တစ်ရေးပြန်မှေးခဲ့ပြီး နောက်ဆုံးတော့ ဖြည်းဖြည်းချင်းမှ ထလာခဲ့သည်။
အတိတ်ဘဝမှာ သူက အလွန်ဖိအားများသော ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း၌ လုပ်ကိုင်ခဲ့သည်။ ယင်းက အပြိုင်အဆိုင်များသော လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်ပြီး ယခုလို ပျင်းရိစွာအိပ်စက်ဖို့ အချိန်မရှိရုံသာမက အခြေခံကျသော စားချိန်၊ သောက်ချိန်၊ အိပ်စက်ချိန်များကိုတောင် လုယူခံခဲ့ရသည်။
သူ သေသည်အထိ အလုပ်ကြိုးစားပြီးရင်း ကြိုးစားခဲ့ရသလို မည်သည့်အရာကိုမှ ပျော်ရွှင်ခံစားဖို့ အခွင့်အရေးမရှိခဲ့ပေ။
ယခု ကံကြမ္မာက သူ့ကို ဒုတိယအခွင့်အရေးပေးလာခဲ့ရာ သူ ၎င်းကို ဖြုန်းတီးပစ်စရာအကြောင်းမရှိချေ။ သူ စိတ်ကြိုက်သောက်စားကာ သူ့အတိတ်ဘဝမှာ လွဲချော်ခဲ့သောအရာများကို ပျော်ရွှင်ခံစားမည်ဖြစ်၏။
ထို့အပြင် သူ့မှာ ပုံမှန်မုန့်ဖိုးပေးတတ်သော ချမ်းသာသည့်ခင်ပွန်းတစ်ယောက်လည်းရှိသည်။
သူ့အတွက် မည်သည့်အရာ လိုအပ်သေးသနည်း။ ဤသည်မှာ ပြည့်စုံသောဘဝပင်!
နောက်ဆုံးတော့ ၁၁ နာရီကျော်တော့မှ လင်ယိတစ်ယောက် ပျင်းရိလေးတွဲစွာဖြင့် ဖိနပ်ပါးကိုစီး၍ အောက်ထပ်ကိုဆင်းလာခဲ့သည်။
ယခုက မတ်လဖြစ်ရာ သိပ်မပူသလို သိပ်လည်းမအေးသည့် အပြည့်စုံဆုံးရာသီဥတုဖြစ်သည်။
သူက အဖြူရောင်တီရှပ်ကို ဂျာကင်အပါးလေးထပ်ကာ ချောင်ချောင်ချိချိဘောင်းဘီအပွလေးနှင့် တွဲဝတ်ထား၏။ သူ့ကိုကြည့်ရသည်မှာ သိပ်ကိုအေးဆေးပြီး လွတ်လပ်ပေါ့ပါးနေသည်။
သူ အောက်ထပ်ကိုရောက်သောအခါ အိမ်တော်ထိန်းက မေးလာခဲ့သည်။
"လူကြီးမင်းလင်၊ နေ့လယ်စာ ဘာများသုံးဆောင်ချင်ကာသလဲ။ ကျွန်တော် မီးဖိုချောင်ကို ညွှန်ကြားလိုက်ပါ့မယ်။"
ဗီလာ၌ စာဖိုမှူးသုံးယောက်က အမြဲရှိသောကြောင့် လင်ယိစားချင်တာမှန်သမျှကို အချိန်မရွေးပြောနိုင်ပေသည်။ လင်ယိက ထိုအချက်ကို အလွန်ကျေနပ်နေသည်။ ခဏတာစဥ်းစားပြီးနောက် သူက ပြောလိုက်၏။
"ပင်လယ်စာပြင်ပေးပါ။"
သူ အလုပ်များပြီးနောက် သူ့ကိုယ်သူအတွက် ပင်လယ်စာစားတော်ပွဲကြီးတည်ခင်းရန် အမြဲ အိပ်မက်မက်ခဲ့ရသော်လည်း တစ််ခါမှ အခွင့်အရေးမရခဲ့ပေ။ အဆုံးသတ်မှာတော့ သူက ထိုဆန္ဒကိုမဖြည့်ဆည်းနိုင်ခင် သေဆုံးခဲ့ရသည်။
သူ အရင်ဘဝက ခံစားခွင့်မရခဲ့သောအရာများကို ပြန်လည်ဖြည့်ဆည်းရန် ပင်လယ်စာနှင့်စတင်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
"ဟုတ်ကဲ့ပါ၊ လူကြီးမင်းလင်။"
အိမ်တော်ထိန်းက ချက်ချင်းဆိုသလို မီးဖိုချောင်ထဲသို့ သွားခဲ့သည်။
ဘာမှလုပ်စရာမရှိသည့် လင်ယိက ဧည့်ခန်းဆီသို့လျှောက်သွားလိုက်ပြီး ဆိုဖာပေါ် သက်တောင့်သက်သာလှဲကာ TV ဖွင့်လိုက်သည်။
သူ လိုင်းရွေးနေစဥ် မျက်လုံးထောင့်ကနေ လှုပ်လှုပ်ရှားရှားဖြစ်နေသော တစ်စုံတစ်ခုကို မြင်လိုက်ရသည်။
သူ စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်ရာ ဟော့မျန်မျန်က ကြမ်းပြင်ပေါ်ထိုင်၍ ခြေအိတ်များကိုချွတ်နေကြောင်း တွေ့လိုက်ရလေ၏။
ကလေးငယ်က အကောင်းဆုံးကြိုးစားနေခဲ့သော်လည်း သူ၏လက်ကလေးများက အလွန်သေးငယ်ပြီး အားနည်းနေသည်။ သူက ခြေအိတ်ကို လက်နှစ်ဖက်လုံးဖြင့်ဆုပ်ကိုင်၍ သူ့ခန္ဓာမှာရှိသည့် ခွန်အားအလုံးစုံကိုသုံး၍ အစွမ်းကုန်ချွတ်နေခဲ့သော်လည်း ချွတ်လို့မရခဲ့ပေ။
အဆုံးသတ်မှာ သူက ဟန်ချက်ပျက်သွားပြီး ဖက်ထုပ်လေးကဲ့သို့ ညင်သာစွာ လဲကျသွားခဲ့သည်။
ဟော့မျန်မျန်က လဲကျသွားသောကြောင့် ကြောင်အမ်းသွားပုံပင်။
သူက မျက်နှာသေလေးဖြင့် ပြန်ထထိုင်လိုက်ပြီး အဘယ့်ကြောင့်လဲကျသွားမှန်းကိုတောင် မသိခဲ့ပေ။ သူ၏ဦးခေါင်းပေါ်မှ ဆံပင်ဖွာဖွာလေးကတောင် ရှုပ်ထွေးမှုနှင့် ကူကယ်ရာမဲ့မှုတို့ကို ဝမ်းနည်းစွာထုတ်ဖော်ပြနေသလိုပင်။
"ခွီ—ဟားဟားဟားဟား!"
လင်ယိတစ်ယောက် အနှီမြင်ကွင်းကြောင့် မရယ်ဘဲမနေနိုင်ခဲ့ပေ။
ဟော့မျန်မျန်ခမျာ မည်သည့်အရာက ရယ်စရာကောင်းနေကြောင်း နားမလည်ဘဲ သူ၏ဖေဖေလေးကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။
လင်ယိက ထရပ်ကာ သူ့ဆီလျှောက်သွားလိုက်ပြီး အပြုံးတစ်ပွင့်နှင့်အတူ သူ့အရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်သည်။
"ဘာလုပ်နေတာလဲ။"
ဟော့မျန်မျန်က သူ့ခြေထောက်မှ ခြေအိတ်များကို လက်ညှိုးထိုးပြလိုက်သည်။
လင်ယိက နားမလည်ချင်ယောင်ဆောင်လိုက်၏။
"ခြေအိတ်တွေက ဘာဖြစ်လို့လဲ။"
ဟော့မျန်မျန်က ၎င်းတို့ကိုချွတ်သလို လှုပ်ရှားပြလိုက်ပြီးနောက် နှုတ်ခမ်းများကို တင်းတင်းစေ့ကာ မျက်ဝန်းနက်ကလေးများဖြင့် လင်ယိကို မော့ကြည့်လိုက်သည်။
လင်ယိက ရူးချင်ယောင်ဆောင်နေဆဲပင်။
"ဘာလုပ်ချင်လို့လဲ။"
အနည်းငယ် စိတ်ပူပန်လာသော ဟော့မျန်မျန်က နောက်ဆုံးတော့ ပါးစပ်ဖွင့်ဟကာ ပြောလိုက်သည်။
"ချွတ်၊ ချွတ်~"
စကားမပြောတာကြာသောကြောင့် သူ၏အသံလေးက အနည်းငယ်အက်ရှနေသော်လည်း နူးညံ့ကာ ကလေးဆန်သောအသံလေးက အသန့်စင်ဆုံးသော သံစဥ်လေးကဲ့သို့ပင်။
လင်ယိက အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်၏။ ထိုကလေးငယ်ကို အမှန်တကယ်စကားပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူက ကလေးကို စနေရုံမျှသာ။
မီးဖိုချောင်မှ ထွက်လာခဲ့သော အိမ်တော်ထိန်းမှာ ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် မျက်ရည်ကျလုနီးပါးဖြစ်သွားလေ၏။
သ-သခင်လေးက တကယ် စကားပြောခဲ့တာလား!
ဤမျှလိမ္မာသောကလေးငယ်က ပုံမှန်ဆို စကားတစ်ခွန်းမှမပြောခဲ့သော်လည်း နောက်ဆုံးတော့ သူ၏နှုတ်ကို ဖွင့်ဟလာခဲ့လေပြီ!
အိမ်တော်ထိန်းက လင်ယိကို စိတ်ခံစားချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
လူကြီးမင်းလင်က သခင်လေးအပေါ်မှာ တကယ်ပဲ လွှမ်းမိုးနိုင်စွမ်းရှိတာများလား။
လင်ယိက ကလေးရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်သည်။
"ဖေဖေလေးကို ကူပြီးချွတ်ပေးစေချင်တာလား။"
ဟော့မျန်မျန်က ခေါင််းညိတ်ပြလိုက်ပြီးနောက် ပြဿနာတက်နေသော သူ၏ခြေအိတ်များကို ငုံ့ကြည့်လိုက်သည်။ သူ မည်မျှကြိုးစားနေပါစေ ၎င်းတို့ကို မချွတ်နိုင်သဖြင့် ရွေးချယ်စရာမရှိဘဲ အကူအညီတောင်းလိုက်ရသည်။
လင်ယိ၏အကူအညီနှင့် ခြေအိတ်များကို အလွယ်တကူချွတ်နိုင်ခဲ့လေ၏။
ဟော့မျန်မျန်တစ်ယောက် မှင်တက်နေသောအကြည့်ဖြင့် အားထုတ်စရာမလိုဘဲ လွယ်လွယ်ကူကူချွတ်လိုက်နိုင်သော ခြေအိတ်တို့ကို စိုက်ကြည့်နေခဲ့သည်။
ဘာဖြစ်လို့ သူကိုယ်တိုင်ကျ မချွတ်နိုင်ရတာလဲ! သူ ခက်ခက်ခဲခဲ ကြိုးစားခဲ့တာပဲကို!
ထိုအချိန်မှာပင် နေ့လယ်စာ အဆင်သင့်ပြင်ပြီးဖြစ်ရာ လင်ယိက ထမင်းစားခန်းဆီသို့သွားလိုက်သည်။
စားပွဲအပြည့်ခင်းထားသော ဟင်းလျာများကို မြင်လိုက်ရသောအခါ သူ၏မျက်နှာက ပျော်ရွှင်မှူများဖြင့် ဝင်းပသွားခဲ့သည်။
ဒါကမှ ဘဝပဲ!
စားပွဲပေါ်တွင် ပင်လယ်စာများ အပြည့်ဖြစ်ပြီး အားလုံးက ကမ္ဘာအရပ်ရပ်မှ တင်သွင်းလာသော ထိပ်တန်းအဆင့် အရည်အသွေးရှိပေ၏။
အဆီတဝင်းဝင်းနှင့် ဆော်လမွန်ငါးအသားလွှာများ၊ လျှာပေါ်ပျော်ဝင်သွားမည့် ငါးဥများ၊ အလွန်လတ်ဆတ်သော ပုစွန်များ—ဟင်းလျာတိုင်းက သွားရည်ယိုချင်စရာအတိပင်။
အရသာကိုမြှင့်တင်ရန်အတွက် အမဲသားလိပ်နှင့် အမဲအူကဲ့သို့ ဟော့ပေါ့အတွက်ပါဝင်ပစ္စည်းများလည်း ရှိပေ၏။
တပွက်ပွက်ဆူနေသော ဟော့ပေါ့အိုးကို စားပွဲအလယ်မှာ နေရာချထားပြီး ပါဝင်ပစ္စည်းများကို အိုးထဲထည့်ကာ ပြုတ်ရန်အသင့်ဖြစ်နေလေပြီ။
လင်ယိက ထိုင်လိုက်ပြီး ဦးစွာ ဆော်လမွန်ငါးအသားလွှာကို ညှပ်ယူလိုက်ပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် စိတ်ကျေနပ်စွာဖြင့် မျက်လုံးများကို မှိတ်ချလိုက်လေ၏။
ချမ်းသာသည့်မိသားစုဆိုသည့်အတိုင်း ဤဆော်လမွန်က သူစားဖူးသမျှထဲမှာ အကောင်းဆုံးပင်။
သူက ငါးဥနှင့် ပုစွန်များကို မြည်စမ်းလိုက်ပြီးနောက် အသားလွှာများကို အိုးထဲပစ်ထည့်လိုက်သည်။
ထမင်းစားပွဲတစ်ခုလုံးက ပျော်ရွှင်စရာကောင်းနေခဲ့၏။
သိပ်မကြာခင် ဟော့မျန်မျန်လည်း စားပွဲသို့ရောက်လာခဲ့သည်။
အိမ်အကူတစ်ယောက်က သူ၏ပန်းကန်လုံးလေးကို ချပေးကာ စားသောက်ဖို့အတွက် အကူအညီလိုမလို တိတ်တဆိတ်မေးမြန်းခဲ့သည်။
ဟော့မျန်မျန်က ခေါင်းယမ်းပြလိုက်ပြီး သူ့ဘာသာသူစားတတ်ကြောင်း ညွှန်ပြလိုက်၏။ သူက သူ၏ဇွန်းအသေးလေးကို ကောက်ယူကာ ဆန်ပြုတ်အနည်းငယ်ကိုခပ်၍ သူ့ပါးစပ်ဆီသို့ ဖြည်းဖြည်းချင်း ခွံ့လိုက်သည်။
စားပွဲ၏အခြားတစ်ဖက်မှ လင်ယိက အမဲအူတချို့ကိုယူ၍ အချဉ်ရည်ထဲနှစ်လိုက်ပြီး သူ့ပါးစပ်ထဲထည့်ကာ ကျေနပ်စွာအသံပြုလိုက်သည်။
ကောင်းလိုက်တာ!
ဟော့မျန်မျန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူ၏ဆန်ပြုတ်ကိုသာ ဆက်သောက်လိုက်သည်။ သိပ်မကြာခင် လင်ယိက နောက်ထပ် ပုစွန်တစ်ကောင်ကိုစားလိုက်ပြီး ထပ်မံ၍ ကျေနပ်သောအသံ ထွက်လာပြန်၏။
ဟော့မျန်မျန်: "..."
သူက လင်ယိအရှေ့မှ ဟင်းပွဲများကိုကြည့်လိုက်ပြီးနောက် သူ့ပန်းကန်ထဲမှ ဟင်းသီးဟင်းရွက်နှင့် အသားများပါသော ဆန်ပြုတ်ကို ငုံ့ကြည့်လိုက်သည်။
အဘယ့်ကြောင့်မှန်းမသိသော်လည်း ဆန်ပြုတ်က အရသာမရှိတော့သလို ရုတ်တရက် ခံစားလိုက်ရ၏။
လင်ယိက ဆက်လက်စားသောက်နေရင်း စားပွဲ၏တစ်ဖက်မှအသေးလေးက သူ့ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေပြီး တံတွေးမျိုချနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
လင်ယိ: "???"
သူက ဟော့မျန်မျန်၏ပန်းကန်လုံးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နားလည်သွားလေ၏။
ကလေးက ငယ်သေးသောကြောင့် အစာကြေလွယ်သောအစားအစာများကိုသာ စားရသည်။ ထို့အပြင် အမွှေးအကြိုင်၊ အရသာအမှုန့်များကို အနည်းငယ်သာထည့်ရသဖြင့် အရသာရှိမည်မဟုတ်။
လင်ယိက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"စားကြည့်ချင်လား။"
ဟော့မျန်မျန်၏မျက်လုံးများက ချက်ချင်း တောက်ပသွားလေ၏။ သူက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး လင်ယိကို မျှော်လင့်တကြီးစိုက်ကြည့်နေခဲ့သည်။
သူက စကားပြောခဲသော်လည်း မည်သူကမှ ထိုကဲ့သို့အကြည့်မျိုးကို ခံနိုင်ရည်ရှိမည်မဟုတ်။
လင်ယိကလည်း ခြွင်းချက်မဟုတ်ခဲ့ချေ။
သူက ပုစွန်တစ်ကောင်ကို အခွံခွာလိုက်ပြီး သေးသေးလေးစီဖဲ့ကာ ကလေးငယ်၏ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။
"ရပြီ၊ စားကြည့်ကြည့်။"
ဟော့မျန်မျန်က ချက်ချင်း တစ်ဖဲ့ကိုကော်ယူ၍ ပါးစပ်ထဲထည့်လိုက်သည်။ အကြိမ်အနည်းငယ်ဝါးပြီးနောက် အရသာကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သူ၏မျက်လုံးလေးများက ပိုလို့တောင် တောက်ပလာခဲ့သည်။
လင်ယိ သူ့ကိုကြည့်နေရင်း မပြုံးဘဲမနေနိုင်ခဲ့ပေ။
ချစ်စရာကောင်းလိုက်တာ။
သိပ်မကြာခင်အချိန်အတွင်း ဟော့မျန်မျန်က သူ့ပန်းကန်လုံးများထဲမှ ပုစွန်အားလုံးကို စားလို့ကုန်သွားခဲ့သည်။ ထို့နောက် အကောင်ပေါက်လေးတစ်ကောင်ကဲ့သို့ လင်ယိကို မျှော်လင့်တကြီးကြည့်နေပုံအရ နောက်ထပ်စားချင်နေသေးကြောင်း ရှင်းလင်းနေပေ၏။
လင်ယိက ရယ်မောလျက် ထပ်ပေးလိုက်သည်။ သို့သော် ကလေးက ငယ်သေးသဖြင့် အစာအိမ်က မခံနိုင်မည်စိုး၍ အနည်းငယ်သာပေးခဲ့သည်။
သို့တိုင် ဟော့မျန်မျန်က ပျော်ရွှင်နေခဲ့ပြီး အရင်ကထက် ပိုစားကာ တစ်ချိန်လုံး တက်ကြွနေခဲ့သည်။
၎င်းတို့၏အပြန်အလှန်ဆက်ဆံမှုကို စောင့်ကြည့်နေခဲ့သော အိမ်တော်ထိန်းမှာမူ မေးရိုးကြီး ကြမ်းပြင်ထက်ပြုတ်ကျလုနီးပါးအထိ ဖြစ်သွားခဲ့ရသည်။
သူက သခင်လေးဘေးမှာ အချိန်အတော်ကြာရှိနေခဲ့သော်လည်း တစ်စုံတစ်ယောက်နှင့် ယခုလိုတရင်းတနှီးပြုမူသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်၏။
သူခန့်မှန်းတာ မှန်ပေသည်—လူကြီးမင်းလင်က သခင်လေးအပေါ် လွှမ်းမိုးမှုကြီးမားလောက်သည်!
လင်ယိက အိမ်တော်ထိန်း၏အတွေးများကို မသိရှာပေ။ သူက ပျော်ရွှင်စွာဖြင့် စားသောက်နေခဲ့ပြီး ဗိုက်ထဲ ပြည့်အင့်လာတော့မှ ရပ်တန့်ခဲ့သည်။
သူလည်း မတတ်နိုင်ချေ။ အစားအစာများက သိပ်ကိုကောင်းလွန်းနေသောကြောင့် တစ်ခုခုချန်ခဲ့လိုက်လျှင် လေးစားမှုမရှိသလို ဖြစ်နေမည်ပင်။
သူက အစားအသောက်အနည်းငယ်ကို ဟော့မျန်မျန်ကိုတောင် ခွဲပေးခဲ့သေးသည်။
ယခု အလွန်ဗိုက်ပြည့်နေသဖြင့် လှုပ်ရှားဖို့ပျင်းရိနေသော လင်ယိက ကုလားထိုင်အနောက်ကိုမှီကာ အစာခြေရင်း စည်းစိမ်ခံနေခဲ့သည်။
မမျှော်လင့်စွာဖြင့် ဟော့မျန်မျန်ကလည်း သူ့ကိုတုပကာ သူ၏ထိုင်ခုံအနောက်လေးကို ပျင်းရိလေးတွဲစွာမှီလိုက်သော်လည်း သူ၏ခြေထောက်လေးများက တိုလွန်းသဖြင့် ကြမ်းပြင်ကိုမထိဖြစ်နေပြီး သူမှီလိုက်တိုင်း သူ၏တင်ပါးလေးက အရှေ့သို့ ရွေ့ရွေ့လာခဲ့သည်။
ထိုသို့ဆိုလျှင်တောင် အရှေ့သို့ရွေ့သွားသည့်အချိန်တိုင်း သူက အနောက်ကိုပြန်တိုးနေပြီး သံသရာလည်နေခဲ့သည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်က စားပွဲမှာ အချိန်အကြာကြီး ထိုပုံစံအတိုင်း ထိုင်နေခဲ့ကြသည်။
နောက်ဆုံးမှာတော့ ဗီလာအပြင်ဘက်မှာ ခိုအနည်းငယ်ပျံသန်းသွားပြီး ယင်းက ဟော့မျန်မျန်၏အာရုံစိုက်မှုကို ဖမ်းစားသွားခဲ့သည်။ သူက ၎င်းတို့ကို အခိုက်အတန့်တစ်ခုလောက် စိုက်ကြည့်နေခဲ့ပြီးနောက် သူ၏ထိုင်ခုံပေါ်ကနေဆင်းကာ တံခါးနားကိုသွား၍ ခြံဝင်းထဲမှခိုလေးများကို ကြည့်နေခဲ့သည်။
လင်ယိက ထမင်းစားပွဲတွင် အချိန်တစ်ခုကြာအောင် ထိုင်နေပြီးမှ နောက်ဆုံးမှာ အကြောဆန့်လိုက်သည်။
သူက ဗိုက်ပြည့်သွာပြီး အိပ်ငိုက်လာခဲ့၏။
အခုက တစ်ရေးအိပ်ဖို့ အချိန်ကောင်းပဲ!
သူက လှေကားထစ်များဆီသို့ ပျင်းပျင်းရိရိနှင့် လျှောက်သွားလိုက်သည်။
ထိုစဥ် အိမ်တော်ထိန်းက သူ့ဆီချဥ်းကပ်လာပြီး လေးလေးစားစား မေးလာခဲ့သည်။
"လူကြီးမင်းလင်၊ ကျွန်တော် စကားနည်းနည်းလောက် ပြောလို့ရမလား။"
လင်ယိက ခေါင်းညိတ်လိုက်၏။
"ပြောပါ။"
အိမ်တော်ထိန်းက ပြောလိုက်သည်။
"လူကြီးမင်းလင် အားတယ်ဆိုရင် သခင်လေးနဲ့ နည်းနည်းလောက်ပိုပြီး အချိန်ဖြုန်းပေးလို့ရနိုင်မလား။"
လင်ယိက ပဟေဠိဖြစ်သွား၏။
"ဘာဖြစ်လို့လဲ။"
အိမ်တော်ထိန်းက ပြန်ဖြေခဲ့သည်။
"သူက လူကြီးမင်းလင်နားမှာဆို ပိုပြီးစိတ်အေးလက်အေးရှိပုံပေါ်ပြီး ပိုပြီးတော့လည်း တက်ကြွလာပါတယ်။ သူက လူကြီးမင်းလင်ကို တကယ်သဘောကျတဲ့ပုံပါပဲ။"
လင်ယိ: "???"
ဒီလိုခန့်မှန်းချက်က ဘယ်ကနေရောက်လာရတာတုန်း။
သူက တံခါးနားမှ ဟော့မျန်မျန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ကလေးငယ်က ဝင်ပေါက်မှာ ငုတ်တုတ်လေးထိုင်လျက် လက်တစ်ဖက်ဖြင့် မေးထောက်ထားရင်း ခြံဝင်းထဲရှိမြက်ခင်းပြင်ပေါ်မှ ခိုများကို အာရုံစူးစိုက်စွာ ငေးကြည့်နေခဲ့သည်။
ခန္ဓာကိုယ်သေးသေးလေးနှင့် ထိုနေရာတွင် ထိုင်နေပုံက လုံးဝန်းသောမုန်လာဥလေးတစ်လုံးကဲ့သို့ ဖြစ်နေပြီး ပိုလို့တောင်ချစ်စရာကောင်းနေခဲ့သည်။
လင်ယိက အိမ်တော်ထိန်းဘက်သို့ ပြန်လှည့်ကြည့်လိုင်သည်။
"သူ ကျွန်တော့်ကိုသဘောကျတယ်လို့ ဘယ်လိုကြောင့်ထင်တာလဲ။"
သူက ဟော့မျန်မျန်၏ ဖေဖေလေးမျှသာဖြစ်ပြီး ဟော့မျန်မျန်၏အဖေအရင်းနှင့်လည်း စီးပွားရေးအရ လက်ထပ်ထားခြင်းဖြစ်၏။ သူ ဟော့မျန်မျန်နှင့် ရင်းနှီးလွန်းပါက ပြဿနာများဖြစ်လာနိုင်သည်မဟုတ်လော။
အိမ်တော်ထိန်းက အခိုင်အမာ ပြောလိုက်သည်။
"ကျွန်တော် မှားစရာအကြောင်းမရှိပါဘူး။ လူကြီးမင်းလင်၊ ကျေးဇူးပြုပြီး အဲ့ဒါကို စဉ်းစားပေးပါ။ သခင်လေးက ငယ်ငယ်လေးကတည်းက ကစားဖော်မရှိဘဲ တစ်ယောက်တည်း ဖြစ်နေခဲ့ရတာ။ သူ အမြဲတမ်း ဒီလိုပဲဖြစ်နေမှာကို ကျွန်တော် တကယ်စိတ်ပူမိတယ်။ အဲ့ဒါကြောင့် လူကြီးမင်းလင်ရဲ့အဖော်ပြုမှုနဲ့ သူ ပိုပြီး ပွင့်လင်းလာမယ်၊ ပိုပြီးပျော်ရွှင်လာမယ်လို့ မျှော်လင့်မိပါတယ်။"
အိမ်တော်ထိန်း၏စကားများက စစ်မှန်ပေသည်။ သူက ဟော့မျန်မျန်ကို သူ၏မြေးကဲ့သို့ အမှန်တကယ်ဂရုစိုက်ပေးပြီး ဟော့မျန်မျန်၏အခြေအနေ တိုးတက်မှုမရှိသည်ကို မြင်တွေ့နေရသောအခါ သူကလည်း ကျန်သောဟော့မိသားစုဝင်များကဲ့သို့ စိုးရိမ်ပူပန်နေခဲ့၏။
အိမ်တော်ထိန်း၏မျက်နှာထက်မှ မျှော်လင့်နေသောအကြည့်ကြောင့် လင်ယိ နောက်ဆုံးတော့ ခေါင်းညိတ်လိုက်ရသည်။
"ကောင်းပါပြီ၊ ကျွန်တော် စဥ်းစားကြည့်လိုက်ပါမယ်။"
အိမ်တော်ထိန်းက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
၎င်းတို့၏စကားဝိုင်းပြီးနောက် လင်ယိက အပေါ်ထပ်သို့တက်သွားပြီး နေ့ခင်းဘက် တစ်ရေးတစ်မောအိပ်စက်အနားယူခဲ့သည်။ သုံးနာရီကျော်တော့မှ ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် နိုးလာခဲ့၏။
"..."
သူက အိပ်ချင်မူးတူးဖြင့် ဖုန်းကိုလှမ်းယူလိုက်ပြီး ခေါ်ဆိုသူ ID နေရာမှာ 'Agent' ဟုပြနေသည်ကို မြင်လိုက်ရသည်။
သူက တုံ့ဆိုင်းမှုမရှိဘဲ ဖုန်းချပစ်လိုက်သည်။
မူလကိုယ်၏မှတ်ဉာဏ်များအရ ဤ 'Agent' ဆိုသောလူက လူကောင်းမဟုတ်ကြောင်း သူသိပေ၏။
လင်ယိ ဖုန်းချလိုက်ပြီးနောက် မမျှော်လင့်စွာဖြင့် တစ်ဖက်လူက ထပ်မံခေါ်လာခဲ့သည်။
လင်ယိက ဒေါသထွက်စွာဖြင့် အေးစက်နေသောလေသံနှင့် ဖုန်းကိုင်လိုက်လေသည်။
"မြန်မြန်ပြော။"
Agent က သူ၏ရုတ်ခြည်းခက်ထန်မှုကြောင့် ကြောင်အမ်းသွား၏။ သူ အသိစိတ်ပြန်ကပ်လာဖို့ အခိုက်အတန့်တစ်ခုလောက် ကြာသွားပြီးမှ အော်ပြောလိုက်သည်။
"ဘယ်လိုလုပ်ပြီး ငါ့ကို အခုလိုလေသံနဲ့ ပြောရဲရတာလဲ!"
လင်ယိမှာ အနှိုးခံလိုက်ရသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပြီး သူ၏အသံက ပိုလို့တောင်အေးစက်လာခဲ့သည်။
"ဘာလို့ မပြောရဲရမှာလဲ။"
"..."
"မင်း ငါ့ကိုစောင့်နေလိုက်! ငါ မင်းကို တည်နေရာပို့လိုက်မယ်၊ အလုပ်ကိစ္စ ပြောစရာရှိတယ်။ မင်း အဲ့ကိုရောက်ရင် မင်းရဲ့သဘောထားအကြောင်း ကောင်းကောင်း ဆွေးနွေး—"
တစ်ဖက်လူ စကားတောင်မဆုံးသေးခင် လင်ယိတစ်ယောက် ဖုန်းချပစ်လိုက်လေသည်။
ဖုန်းချပြီးနောက် သူက ခုတင်ပေါ်မှာ ခဏလောက်ထိုင်နေခဲ့ပြီး နိုးနိုးကြားကြားဖြစ်လာတော့မှ ဖြည်းဖြည်းချင်းပြင်ဆင်၍ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
သူ အောက်ထပ်သို့ရောက်သောအခါ တံခါးနားမှာထိုင်နေဆဲဖြစ်သော ဖက်ထုပ်လေးကို တွေ့လိုက်ရလေ၏။
သူ ထိတ်လန့်သွားခဲ့သည်။
ဟော့မျန်မျန်က ထိုနေရာမှာ တစ်ချိန်လုံး ထိုင်နေခဲ့သည်လော?!
လင်ယိက သူ့ဆီလျှောက်သွားလိုက်သည်။
သေချာပေါက်ဆိုသလို ကလေးငယ်က ခြံဝင်းထဲမှခိုများကို ကြည့်နေဆဲပင်။
ခဏအကြာတွင် သူ အနည်းငယ်အိပ်ငိုက်လာပုံရပြီး မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ရာ သူ၏မျက်တောင်ရှည်လေးများက ပျော့ပျောင်းစွာလှုပ်ခတ်သွားခဲ့သည်။
ရွှေရောင်သန်းသော နေရောင်ခြည်တို့က သူ့အပေါ်ထိုးနေရာ နတ်သားလေးတစ်ပါးနှင့်တောင် တူနေခဲ့သည်။
လင်ယိက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကလေးငယ်၏ပါးဖောင်းဖောင်းလေးတစ်ဖက်ကို လက်ညှိုးလေးနှင့်ထိုးလိုက်သည်။
"အိပ်ငိုက်နေတာလား။ အနားယူချင်လား။"
ဟုတ်တယ်—ကလေးတစ်ယောက်ကို ကျီစယ်ရတာ အစပိုင်းမှာခက်ပေမဲ့ နောက်ပိုင်းမှာ ပိုလွယ်သွားပြီ။
အချိန်အတော်ကြာ ရပ်တန့်နေပြီးနောက် ဟော့မျန်မျန်က လက်ဆန့်ကာ အတို့ခံလိုက်ရသော သူ၏ပါးလေးကို အုပ်လိုက်သည်။
ဘာ-ဘာဖြစ်သွားတာလဲ။ သူ အတို့ခံလိုက်ရတာလား။
လင်ယိက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကလေးက အလွန်ရယ်ရ၏။
ဟော့မျန်မျန်တစ်ယောက် မည်သည့်အရာကရယ်စရာကောင်းမှန်း နားမလည်ဖြစ်နေပြီး လင်ယိကိုသာ စိုက်ကြည့်နေခဲ့သည်။
ထို့နောက် လင်ယိက ထပ်ပြောလိုက်၏။
"ဟုတ်ပါပြီ၊ အခု သွားအိပ်လိုက်ဦးလေ။"
ဟော့မျန်မျန်က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်ပြီး ထရပ်ကာ အထဲသို့ပြန်ဝင်သွားခဲ့သည်။
သူက လမ်းလျှောက်သွားရင်း နူးညံ့သောလက်ကလေးများဖြင့် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်၏။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူက အနောက်ပြန်လှည့်ကာ လင်ယိကို ကြည့်လာခဲ့၏။ သူ့ပါးလေး အတို့ခံလိုက်ရသည့်ကိစ္စကို တွေးနေဆဲဖြစ်မည့်ပုံပင်။
***
Aurora Novel Translation Team