ဒီနေ့သူ(မ)မငိုခဲ့ဘူး (၂)
"အဖေ! ဘာလို့ မမကို ခက်ခဲအောင်လုပ်နေရတာလဲ။"
အဲလ်ဖော့က မိုင်ယာဘယ်လာ၏ပေါ်ပေါက်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
"...မင်း ဘောင်ကျော်နေပြီ၊ မိုင်ယာဘယ်လာ။"
အယ်လီနာက မိုင်ယာဘယ်လာ့ဘက်လှည့်ကာ ခေါင်းယမ်းပြလိုက်သည်။ သူ(မ) မိုင်ယာဘယ်လာ့အား သူ(မ)တို့အဖေနှင့် အငြင်းမပွားစေလို။ သို့သော်လည်း မိုင်ယာဘယ်လာက အယ်လီနာ၏ကန့်ကွက်မှုကို လျစ်လျူရှုကာ သူ(မ)စိတ်ထဲရှိတဲ့အတိုင်း ထုတ်ပြောခဲ့သည်။
"မမက မင်းသားကို တကယ်ချစ်တာ! သူတို့ကို ပျော်ရွှင်တဲ့ဆက်ဆံရေးရစေဖို့အတွက် ဆုတောင်းပေးလိုက်လို့မရဘူးလား။"
"အိမ်ရှေ့စံမင်းသားနဲ့ ဆက်ဆံရေးတစ်ခုရှိနေရင် စိတ်အေးအေးနေရမယ်လို့ ထင်နေတာလား။ သူ(မ) တော်ဝင်မိသားစုကို လက်ထပ်ချင်တယ်ဆိုရင် အယ်လီနာ ဘယ်လောက်ပဲချစ်ချစ် အရေးမပါဘူး၊ အိမ်ရှေ့စံမင်းသား အလိုရှိမရှိဆိုတာပဲ အရေးကြီးတယ်။"
အဲလ်ဖော့၏အသံက အေးစက်နေ၏။ အယ်လီနာ သူ(မ)အဖေ၏အမူအရာကိုလည်း သိပေသည်။ သူက သူရဲကောင်းမိသားစုမှဖြစ်ပြီး အိမ်တော်ထက် ထီးနန်းအတွက် တိုက်ခိုက်ရသူဖြစ်၏။ ယခုအခိုက်အတန့်တွင် အဲလ်ဖော့က အယ်လီနာ၏အဖေအဖြစ် ပြောနေခြင်းမဟုတ်ဘဲ တစ်နေ့နေ့မှာ ဧကရာဇ်ဖြစ်လာမည့် ကာလိုင်း၏အမှုထမ်းတစ်ဦးအဖြစ် ပြောနေခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် အယ်လီနာ စိတ်မကောင်းဖြစ်နေမိခြင်းပင်...
မိုင်ယာဘယ်လာက ဒေါသတကြီးပြောခဲ့သည်။
"ဒါဆို အဖေက မမရဲ့နှလုံးသားက ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့စိတ်ကသာ အရေးအကြီးဆုံးလို့ ပြောနေတာလား။ သူတို့တွေ အချင်းချင်းမချစ်ကြဘူးဆိုရင် အခုလိုဆက်ဆံရေး ရှိလာပါ့မလား။ သူ(မ)က မိသားစုကို ပြောပြချင်နေခဲ့တာ!"
အဲလ်ဖော့က မိုင်ယာဘယ်လာ့အား စိတ်ဝင်စားသောအမူအရာဖြင့် ကြည့်နေပြီးနောက် အယ်လီနာ့ဘက်သို့ လှည့်လာခဲ့သည်။
"အမှန်ပဲလား။ သူကရော လက်ထပ်ဖို့ကို စိတ်ဝင်စားတာလား။"
"...ဟုတ်ပါတယ်။ မင်းသားက တစ်ရက်ရက်မှာ အိမ်တော်ကိုလာခဲ့မယ်လို့လည်း ပြောခဲ့ပါတယ်။"
မိုင်ယာဘယ်လာသည် ၎င်းအား မသိသေးသည့်အတွက် အယ်လီနာ့ဘက်သို့ လှည့်ကြည့်လိုက်၏။ အခိုက်အတန့်တစ်ခုလောက်ထိ အဲ့လ်ဖော့နှင့် မိုင်ယာဘယ်လာတို့၏မျက်လုံးများက သူ(မ)ကိုသာ အာရုံစိုက်ထားကြသည်။
"သူက မိသားစုကို ကိုယ်တိုင်လာနှုတ်ဆက်ချင်တယ်လို့ ပြောပါတယ်။"
မိုင်ယာဘယ်လာ အံ့အားသင့်သွား၏။ ထို့နောက် သူ(မ)ကိုယ်သူ(မ) ပြန်လည်စုစည်းကာ အဲလ်ဖော့အား အောင်ပွဲခံသလိုလေသံဖြင့် ပြောလိုက်သည်။
"တွေ့လား၊ ပြောသားပဲ။ သူက ဘာဖြစ်လို့ သူ(မ)ကိုမလိုချင်ရမှာလဲ။
အယ်လီနာ မိုင်ယာဘယ်လာ၏စကားတို့ကို ဂရုမထားဘဲ အဲလ်ဖော့ကိုလှည့်ကြည့်လိုက်သည်။ သူ(မ) အခြားကိစ္စတစ်ခုကို ပိုပြီးသိချင်နေ၏။
"အဖေ့ရဲ့အမြင်ကရော? တကယ်လို့ ကျွန်မ အိမ်ရှေ့စံမင်းသားနဲ့ တကယ်လက်ထပ်ရတော့မယ်ဆိုရင်?"
ဤသည်မှာ မင်းမျိုးမင်းနွယ်တစ်ယောက်ကို လက်ထပ်ခြင်းမဟုတ်ဘဲ ဧကရာဇ်မိသားစုနှင့် လက်ထပ်ခြင်းဖြစ်၏။ အဲလ်ဖော့၏အတွေးက အလွန်အရေးကြီးသည်။ သူသာ ကန့်ကွက်မည်ဆိုပါက အယ်လီနာ မည်မျှဆန္ဒပြနေပါစေ၊ သူ(မ) ကာလိုင်းကို လက်ထပ်လို့မရနိုင်ပေ။ ဤသည်မှာ မင်းမျိုးမင်းနွယ်များကြား မိသားစုခေါင်းဆောင်၏ အာဏာတစ်ရပ်ပင်။
အဲ့လ်ဖော့က တုံ့ဆိုင်းမှုမရှိ ပြန်လည်ဖြေကြားခဲ့သည်။
"ငါမပြောခဲ့ဘူးလား။ ဒီမင်္ဂလာပွဲက မင်းသားအလိုရှိတဲ့ဟာဆိုရင် ဆက်ပြီးလုပ်နိုင်တယ်။ ဒါက အမှုထမ်းတစ်ယောက်ရဲ့ တာဝန်ပဲ။"
ကံကောင်းစွာဖြင့် သူက မကန့်ကွက်သော်လည်း အယ်လီနာ၏ခံစားချက်များကတော့ အဆုံးသတ်မရှိသော အောက်ခြေသို့ နစ်မြုပ်သွားခဲ့ရ၏။ အဲလ်ဖော့က သူ့သမီး၏ပျော်ရွှင်မှု၊ ကာလိုင်းက မည်သို့သောလူမျိုးဖြစ်ကြောင်း သို့မဟုတ် သူက သူ(မ)ကို ကောင်းကောင်းဆက်ဆံရဲ့လား စသည်တို့ကို စိတ်မဝင်စားပေ။ ကာလိုင်းမှာ ဆိုးသွမ်းသောကိုယ်ရည်ကိုယ်သွေးရှိနေလျှင်တောင် သူက ဤလက်ထပ်ပွဲကို သဘောတူလိမ့်မည်။ သူ(မ) ဤလူကို အလိုရှိမရှိအား ဂရုမစိုက်ဘဲ ယခုအခိုက်အတန့်မှာ သူ(မ)၏အဖေက သစ္စာရှိသော သူရဲကောင်းတစ်ဦးသာ။
"အခု စကားပြောလို့ပြီးပြီဆိုတော့ မမနဲ့ကျွန်မနဲ့ ပြန်သွားပါတော့မယ်။"
အဲလ်ဖော့က ၎င်းတို့ကိုသွားလို့ရပြီဟု မပြောသေးသော်လည်း မိုင်ယာဘယ်လာ၏မှတ်ချက်က ယူဆချက်မြင့်မားလွန်းသည်။ သူက စိတ်ပျက်စွာဖြင့် ပြောလိုက်၏။
"မိုင်ယာဘယ်လာ၊ ဒါက အဖေ့ရှေ့မှာ ပြုမူတဲ့ပုံစံလား။ ဒီလိုမျိုးသာ ထပ်လုပ်ရင် မင်း ဒုက္ခရောက်တော့မယ်။"
"...ဟမ့်။"
မိုင်ယာဘယ်လာက နှာမှုတ်ကာ အယ်လီနာ့အား လက်ကနေဆွဲခေါ်၍ ရုံးခန်းထဲမှထွက်လာခဲ့ကြသည်။
တစ်နေရာအရောက်တွင် အယ်လီနာ လုံးဝကို စိတ်ခံစားချက်များနှင့် လွှမ်းမိုးခံလိုက်ရလေသည်။ သူ(မ) ပြောစရာများပျောက်ရှနေ၏။ ၎င်းက ဟယ်လင်ဖန်တီးခဲ့သော ကောလာဟလများနှင့် ယှဥ်လို့တောင်မရနိုင်ဘဲ ချွန်ထက်သောဓားသွားက သူ(မ)ရင်ထဲ နက်နက်ရှိုင်းရှိုင်းစိုက်ဝင်ကာ သူ(မ)ကို အပိုင်းပိုင်း စုတ်ဖြဲချင်နေသည့်နှယ်။ ယခုအချိန်ထိ သူ(မ)၏ရည်ရွယ်ချက်က မိသားစုကို ကာကွယ်ရန်ဖြစ်သည်...
ယခု ထိုရည်ရွယ်ချက်ကို ငြင်းပယ်ခံလိုက်ရသလို ခံစားနေရ၏။ စိုးရိမ်စိတ်ကြောင့် မိုင်ယာဘယ်လာက လမ်းခုလတ်တွင်ရပ်ကာ အယ်လီနာ့ဘက် လှည့်လာသည်။
"မမ အဆင်ပြေရဲ့လား။"
"...ပြေပါတယ်။"
သူ(မ)စကားနှင့် ဆန့်ကျင်ဘက်၊ အယ်လီနာ အနည်းငယ်တုန်ယင်နေခဲ့သည်။
"မမ၊ ငိုနေတာလား။"
အယ်လီနာ ခေါင်းယမ်းလိုက်၏။ ချက်ချင်းဆိုသလို သူ(မ)ထက်အရပ်ပုသော မိုင်ယာဘယ်လာ့ကို ဆွဲဖက်လိုက်သည်။ အယ်လီနာ သူ(မ)ညီမလေး၏အနွေးဓာတ်ကို ပြင်းပြင်းပြပြလိုအပ်နေလေသည်။
"...မမ မငိုပါဘူး။"
သူ(မ)၏နှလုံးသား၌ ဓားချက်ပေါင်း သိန်းသန်းချီနေချိန်မှာတောင် သူ(မ) မငိုခဲ့ပေ... ထို့ကြောင့် ယနေ့ သူ(မ)၏မျက်ရည်များကို ကျခွင့်မပေးနိုင်ချေ။
...
နေ့ရက်များက လျင်မြန်စွာကုန်ဆုံးသွား၏။ ကာလိုင်းနှင့် အယ်လီနာတို့ တရားဝင်ကြေညာလိုက်သည့်အတွက် ပြောင်းလဲမှုများစွာ ရှိလာခဲ့သည်။ နောက်တစ်ခါထပ်ပြီး အယ်လီနာမှာ အမျိုးမျိုးသောပါတီများသို့ တက်ရောက်ရန်
ဖိတ်ကြားခံခဲ့ရပြီး သူ(မ)နှင့် အဆက်အသွယ်မရှိသောသူများကလည်း သူ(မ)အား စတင်ဆက်သွယ်ခဲ့ကြ၏။ သူ(မ) ဒဲရက်ဆီပို့လိုက်သောစာက ယခုအချိန်ဆို ရောက်သွားလောက်ပြီဖြစ်ရာ သူ၏ပြန်စာအား သူ(မ)မျှော်နေမိသည်။
သို့သော်လည်း ယခု ထိုကိစ္စကိုအာရုံစိုက်ဖို့က မဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ယနေ့က ကာလိုင်း ဘလေဆယ်အိမ်တော်သို့ လာရောက်မည်နေ့ဖြစ်သောကြောင့်ပင်။ အိမ်တော်၏ထောင့်တိုင်းမှာ အစေခံများရှိနေ၏။ အဲလ်ဖော့က သူရဲကောင်းများကိုတွေ့ရန် မသွားခဲ့သလို မိုင်ယာဘယ်လာကလည်း သူ(မ)၏အကောင်းဆုံးဂါဝန်ကို ဝတ်ဆင်ထားသည်။ မည်သူကမှ ထုတ်မပြောကြသော်လည်း ၎င်းတို့အားလုံး အိမ်ရှေ့စံမင်းသားရောက်လာမည်အား မျှော်လင့်နေကြပေသည်။
နောက်ဆုံးတွင် နာရီက ချိန်းထားသောအချိန်ကို ညွှန်ပြနေလေပြီ။ ဆူဆူညံညံအသံများကို ကြားနေရပြီးနောက် အိမ်တော်ထဲသို့ဝင်လာသော ရင်းနှီးနေသည့် အနက်ရောင်ရထားလုံးတစ်စီးကို အယ်လီနာ မြင်လိုက်ရ၏။ အိမ်တော်ဝင်ပေါက်၌ ရထားလုံးကရပ်သွားပြီး ကာလိုင်းက ထိုထဲကနေဆင်းလာခဲ့သည်။
"အာ!"
အစေခံတချို့က အံ့သြသွားကြစဥ် တချို့က ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေခဲ့ကြသည်။
သူက အရပ်ရှည်ကာ တောင့်တင်းသော ခန္ဓာကိုယ်အချိုးအစားရှိ၏။ သူ၏မျက်နှာက ခံ့ညားသောပန်းပုရုပ်ထုပမာ၊ မျက်ဝန်းပြာများတွင် အေးစက်မှုတို့ ကိန်းဝပ်နေပေသည်။ သူက အဖက်ဖက်မှ ပြည့်စုံနေပြီး သူ၏ဂုဏ်သရေက အမျိုးသမီးများ၏စိတ်ဝိညာဥ်ကို ဖမ်းစားလိုက်နိုင်၏။ ဘလေဆယ်အစေခံများမှာ အယ်လီနာနှင့် မိုင်ယာဘယ်လာတို့အား မြင်သားကျနေပြီဟု ထင်ခဲ့သော်လည်း ကာလိုင်းကတော့ မတူပေ။ ကာလိုင်းရောက်လာသောအခါ အယ်လီနာ သူ့ဆီကို လှမ်းလာခဲ့လိုက်သည်။
"ကြိုဆိုပါတယ်။"
ကာလိုင်းက သူ(မ)နှုတ်ဆက်လာသောအခါ ပြန်လည်နှုတ်ဆက်လိုက်၏။
"နေကောင်းတယ်မဟုတ်လား။"
***
Aurora Novel Translation Team